← Chapters

ခြိမ်းခြောက်ခြင်း၏ အကျိုးဆက် ( ၂ )

Vol. 2 Ch. 16

ခြိမ်းခြောက်ခြင်း၏ အကျိုးဆက် ( ၂ )

Vol. 2 Ch. 16

“ အဖြူရောင်ဆေးလုံးတွေကို ဘယ်လိုရောင်းလဲ ”

“ အဖြူရောင်ဆေးလုံးတွေကို တစ်နေ့ ငါးလုံးပဲရောင်းတယ်။ ဒီနေ့စာအတွက် နှစ်လုံးတော့ကျန်သေးတယ်။ တစ်လုံးကို ဝိညာဉ်ကြေးပြားဆယ်ပြားကျမယ် ”

ဆိုင်ရှင်သည် မျက်ခုံးမွှေးနှစ်ဖက်ကိုပင့်၍ ရွှီချင်းအား လှမ်းကြည့်လိုက်သည်။ ရွှီချင်းသည် ယမန်နေ့က မြွေကြီးနှင့် တိုက်ခိုက်ခဲ့သော လူငယ်လေးမှန်း သူ သိသွားသည့်အတွက်ကြောင့်ပေလော၊ သူ့ပုံစံက ရွှီချင်းကို သိနေဟန်တူသည်။

စျေးနှုန်းကို ကြားပြီးနောက် ရွှီချင်းသည် စိတ်ထဲမှတွက်ချက်ထားပြီးသား ဖြစ်သော်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။

ဤနှစ်အနည်းငယ်အတွင်း သူ စုဆောင်းထားခဲ့သော ငွေကြေးသည် အလွန်ဆုံး ဝိညာဉ်ကြေးပြား နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိသည်။ သို့သော် သူ့လက်မောင်းရှိ သန္ဓေပြောင်းအမှတ်မှ စူးရှသော နာကျင်မှုသည် ချီတုံချတုံဖြစ်နေသော သူ့စိတ်များကို လွင့်စဉ်သွားစေသည်။ သူသည် သားရေအိတ်ရှုံ့ကလေးထဲမှ ဝိညာဉ်ကြေးပြားနှစ်ဆယ်ပြားကို ထုတ်ယူကာ ဆိုင်ရှင်ကို ပေးလိုက်သည်။

ဆိုင်ရှင်သည် ညာလက်ဖြင့် ဝိညာဉ်ကြေးပြားများကို လှမ်းယူလိုက်ပြီး ဗီရိုထဲမှ အိတ်တစ်အိတ်ကို ရွှီချင်းအား ပစ်ပေးလိုက်သည်။

ရွှီချင်းသည် အိတ်ကို ဖမ်း၍ ဖွင့်ကြည့်လိုက်ရာ အဖြူရောင်ဆေးလုံးနှစ်လုံးကို တွေ့လိုက်ရသည်။ သို့သော် သူ၏မျက်ခုံးမွှေးနှစ်ခုက တွန့်ကွေးသွားပြန်သည်။

ထိုဆေးလုံးနှစ်လုံး၏ အပေါ်ယံမျက်နှာပြင်မှာ အစိမ်းရောင်သန်းနေသည်။ ယင်းသည် အရည်အသွေး အပြောင်းအလဲကြောင့်ဖြစ်ပြီး လတ်ဆတ်နေခြင်းမရှိသည်မှာ သိသာလှသည်။ ထိုဆေးလုံးနှစ်လုံးထံမှ ဆေးရနံ့များလည်း ထွက်ပေါ်နေခြင်း မရှိပေ။ အရည်အသွေးနိမ့်ဆေးလုံးများသာ ဖြစ်ဟန်တူသည်။

“ စခန်းထဲက အဖြူရောင်ဆေးလုံးမှန်သမျှကတော့ ဒီအတိုင်းပဲ။ ဒီမှာ အရည်အသွေးကောင်းတဲ့ ဆေးလုံးတွေ မရှိဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်နေရင်တောင် ဆေးအာနိသင်နည်းနည်းပါးပါး ရှိပါသေးတယ်။ မင်း စိတ်အေးလက်အေးထားပြီး သုံးလို့ရတယ် ”

ဆိုင်ရှင်သည် ရွှီချင်း၏မျက်နှာအမူအရာကိုမြင်၍ ကောက်ကျစ်သောအပြုံးဖြင့် ပြောလိုက်သည်။

ရွှီချင်းသည် လွန်စွာ သတိထားသွားပြီး ချက်ချင်း မသောက်သေးပေ။ သူ အိမ်ပြန်ရောက်သည့်အခါ ခေါင်းဆောင်လဲ့ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်၍ သူသည် ဆေးလုံးများကို ထုတ်ပိုးကာ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုစဉ် သူ့မျက်ဝန်းများထဲ စူးရှသော အလင်းတစ်ချက် ဝင်းလက်သွားပြီး သူ့ခန္ဓာကိုယ်က ဘေးသို့ ဆတ်ခနဲ လှုပ်ရှားသွားသည်။

သူ ရှောင်တိမ်းလိုက်သည့်အချိန်မှာပင် မူလက သူ ရပ်နေခဲ့သောနေရာတွင် လက်တစ်ဖက် ရောက်လာပြီး လေကိုသာ ဖမ်းဆုပ်မိသွားလေ၏။

ရွှီချင်းသည် အေးတိအေးစက်ကြည့်လိုက်သောအခါ အစောပိုင်းက မိန်းကလေးအား ကြိမ်းမောင်းနေခဲ့သော မြင်းမျက်နှာနှင့်လူသည် လက်ကိုရုတ်ကာ သူ့အား အံ့အားသင့်နေသည့်အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

တချိန်တည်းမှာပင် ထွားကျိုင်းသောခန္ဓာကိုယ်နှင့် ရတနာမုဆိုးသည် ထွက်ပေါက်ကို ပိတ်ရပ်၍ ရွှီချင်းအား စူးရှစွာ ကြည့်နေသည်။ ထို့နောက် သူသည် ဝါကျင့်ကျင့်သွားများပေါ်အောင် ပြုံးလိုက်သည်။

“ သွေးအရိပ်အဖွဲ့က ဖက်တီးရှန် နဲ့ မြင်းလေးတို့ပဲ ”

“ ဒီကလေးက ခေါင်းဆောင်လဲ့ခေါ်ခဲ့တဲ့ကလေးဖြစ်မယ်။ မိုးကြိုးအဖွဲ့နဲ့ သွေးအရိပ်အဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြဲရန်စောင်နေကြတာ။ ဒီတော့ မင်းတို့ကိစ္စထဲ ငါဝင်ပါမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါလဲ စီးပွားရေးလုပ်နေရသေးတာဆိုတော့ မင်းတို့ သိပ်ကြာလို့မရဘူးနော် ”

ဆိုင်ထဲရှိ တခြားလူများသည်လည်း ထိုအဖြစ်အပျက်ကြောင့် စိတ်ဝင်စားသွားကြသည်။ သူတို့က လှမ်းကြည့်ပြီးနောက် ခပ်တိုးတိုး ပြောဆိုနေကြလေသည်။

အထက်ပါစကားကို ပြောခဲ့သူသည် မထူးခြားသော မျက်နှာအသွင်အပြင်ရှိသည့် ဆိုင်ရှင်ဖြစ်ပေသည်။ ထိုအခိုက် အပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာများသည်လည်း ထိုပွဲကို သတိထားမိလိုက်ပြီး ဆိုင်ထဲကို စိတ်ဝင်စားသည့်မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

“ စိတ်မပူပါနဲ့။ သိပ်မကြာပါဘူး ”

မြင်းမျက်နှာနှင့်လူက ပြုံး၍ ပြောသည်။ ထို့နောက် သူသည် ရွှီချင်းကို ကောက်ကျစ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ ကလေး၊ ငါက ချိုကြီးစပါးအုံးမြွေအများကြီးကို သတ်ဖူးတယ်။ ဒီတော့ မင်းကို ဒုက္ခရောက်အောင် မလုပ်ချင်ဘူး။ မင်း မပေးရင်တော့ မင်းရဲ့ လည်ပင်းကို လှီးပြီးတော့ မင်းအလောင်းကနေ အဖြူရောင်ဆေးလုံးတွေ ယူသွားရမှာပဲ ”

ထိုစကားများသည် ရွှီချင်း၏အကြည့်ကို ပို၍ပင် အေးစက်သွားစေသည်။ သူသည် ထိုလူ၏လည်ပင်းကိုကြည့်၍ ထွက်ပေါက်ကို ပိတ်ထားသော ဖက်တီးအား လှမ်းကြည့်လိုက်သည်။ အပြင်ဘက်မှာလည်း လူအတော်များများ ရှိနေသည်ကို သူ သတိထားမိလိုက်ပြီး အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။

ထိုလူနှစ်ယောက်၏ ဝိညာဉ်အငွေ့အသက်များက နိမ့်ကျခြင်းမရှိဘဲ ဒုတိယအဆင့်ပတ်ချာလည် ရှိပေမည်။ သူတို့ထဲမှတစ်ယောက်ကို သူ ရင်ဆိုင်နိုင်ပါသော်လည်း အသက်ရှူချိန်ဆယ်ကြိမ်အတွင်း အနိုင်ရပါမည်ဟု ကံသေကံမ မပြောနိုင်ချေ။

သို့သော်လည်း ထိုလူနှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်လာလျှင် သူ့အနေဖြင့် သူတို့ကို သတ်ပစ်နိုင်စွမ်းရှိမည် ဖြစ်ပါသော်လည်း အချိန်ကြာသွားပေမည်။

ယင်းအပြင် ဤနေရာသည် စခန်းအတွင်းပိုင်းတွင် ရှိသည်။ တိုက်ပွဲစလိုက်သည်နှင့် ထိုလူများ၏ တခြားအဖွဲ့ဝင်များက သူတို့ကို လာရောက်ကူညီကြမည်မှာ သေချာသည်။

သူ့မျှော်လင့်ချက်အားလုံးကို ခေါင်းဆောင်လဲ့ ရောက်ရှိလာမည့်အချိန်အပေါ် မူတည်၍ အလောင်းအစား မလုပ်လိုပေ။ ယင်းသည် သူ့စရိုက်မဟုတ်ပေ။ သူ၏ကံကြမ္မာအား တခြားလူများအပေါ် မှီခိုထားရသည်ကို သူ သဘောမကျပေ။

သို့ဖြစ်၍ ရွှီချင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် မြင်းမျက်နှာနှင့်ရတနာမုဆိုး၏လည်ပင်းကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူညာလက်က အိတ်ထဲရှိ အဖြူရောင်ဆေးလုံးနှစ်လုံးကို ယူကာ တွေဝေတွန့်ဆုတ်မနေဘဲ ပစ်ပေးလိုက်သည်။ ထိုလူသည် ဆေးလုံးကို ဖမ်းပြီးနောက် ဖက်တီးကို လှည့်ကြည့်၍ သဘောကျစွာ ရယ်မောလိုက်သည်။

သူ၏အဖော်ဖက်တီးရှန်သည်လည်း ရယ်မောကာ ထွက်ပေါက်ကို ဖယ်ပေးလိုက်သည်။ ထို့နောက် ရွှီချင်းသည် ခေါင်းပင်လှည့်မကြည့်တော့ဘဲ ချက်ချင်း ထွက်ခွာသွားသည်။

ဆိုင်ထဲမှာရှိနေသော လူများဖြစ်စေ၊ ဆိုင်အပြင်ရှိ လူများဖြစ်စေ ထိုဖြစ်ရပ်သည် သာမန်သာဖြစ်သည်ဟု တွေးနေကြသည်။ နိုင်ရာစားနိယာမကြောင့် အားနည်းသူသည် မည်သည့်အချိန်တွင် ဦးညွှတ်ရမည်ကို သိထားရမည်မှာ သဘာဝပင်။ ယင်းသည် အသက်ရှင်သန်နိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေ၏။

မိန်းကလေးသည်လည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အစောပိုင်းက သူမ ချွေးများ စီးကျလာရပါသော်လည်း ပြဿနာ ပြေလည်သွားပြီးနောက် အလုပ်ဆက်လုပ်လုပ်လိုက်သည်။

ဖက်တီးရှန်နှင့် မြင်းလေးတို့သည် အော်ကြီးဟစ်ကျယ် ရယ်မောကာ အဝေးသို့ ဆက်လျှောက်သွားသည်။

အဝေးသို့ လျှောက်သွားကာ ပျောက်ကွယ်သွားဟန်တူသော အရိပ်တစ်ရိပ်သည် ထိုလူနှစ်ယောက်၏ နောက်သို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် လိုက်နေသည်ကို တစ်ယောက်မှ သတိမထားမိကြပေ။

ထိုလူရိပ်၏မျက်ဝန်းများသည် ဝံပုလွေတစ်ကောင်က သားကောင်အား စူးစူးရဲရဲ ကြည့်နေသည့်ပမာ ထိုလူနှစ်ယောက်အား အာရုံစိုက်နေလေသည်။ ထိုလူရိပ်သည် ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး ကောင်းကင်ကြီး မှောင်မည်းလာခဲ့သည်။

ဖက်တီးရှန်နှင့် မြင်းလေးတို့သည် စခန်းထဲရှိ နေရာများစွာကို လှည့်ပတ်သွားလာခဲ့ပြီး တစ်နေ့ခင်းလုံး ကုန်လွန်သွားသည့်တိုင် သူတို့နောက်မှ လိုက်ပါနေသော လူရိပ်ကို သတိမထားမိပေ။

ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေသော အခါမှသာ သူတို့နှစ်ဦး ခွဲခွာလိုက်ကြ၏။

ဖက်တီးကျန်းကြီးသည် မီးပုံပွဲသို့ ထွက်သွားပြီး မြင်းလေးသည် ရမ္မက်ရောင်လွှမ်းနေသော မျက်နှာဖြင့် ငှက်မွှေးရွက်ဖျင်တဲများထဲမှ တစ်လုံးထံသွားရန် စခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

မြင်းလေးသည် စခန်းအပြင်ဘက်ရှိ အမှောင်ထုထဲသို့ ရောက်တော့မည့်အခိုက် သူ့နောက်မှ ဝှစ်ခနဲ လေတိုးသံတစ်သံကို ကြားလိုက်ရသည်။

သို့ဖြစ်၍ မြင်းလေးသည် ချက်ချင်း သတိထား၍ လှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ပေ။ သူ သိသိသာသာ မျက်နှာပျက်သွား၏။ သူ နောက်ကျလွန်းသွားခဲ့လေပြီ။

သူ့နောက်မှ လက်သေးသေးလေးတစ်ဖက်က ဆတ်ခနဲ ဝင်ရောက်လာကာ သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်လိုက်သည်။ တချိန်တည်းမှာပင် ချွန်ထက်သော ဓားမြှောင်တစ်လက်က နှောင့်နှေးနေခြင်းမရှိဘဲ သူ့လည်မျိုကို အတင်းအကြပ် လှီးဖြတ်သွားသည်။

ဖောက် …

သွေးစိမ်းများ ဖွာခနဲ ပန်းထွက်လာသည်။ မြင်းလေး၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ ရုန်းကန်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ့ပါးစပ်ကို ပိတ်ထားသည့် လက်သေးသေးလေးက လွန်စွာ အားကြီးလွန်းလှသည်။ ထို့နောက် မြင်းလေး၏ခန္ဓာကိုယ်ကြီးသည် နောက်သို့ တရွတ်တိုက် ဆွဲခံလိုက်ရပြီး မည်မျှပင် သူ ရုန်းကန်နေပါစေ အချည်းနှီးပင်။

သူ့ခြေထောက်များသည် မြေပြင်သို့ အားအင်ချည့်နဲ့စွာ ထိနိုင်ပြီး အမှောင်ထုထဲသို့ ဆွဲခေါ်ခြင်းကို မဟန့်တားနိုင်ပေ။

နောက်ဆုံး၌ သူ၏အဆုံးသတ်သည် ကြက်ကလေးတစ်ကောင် အသတ်ခံရသည့်အလား ချောင်တစ်ချောင်ထဲ ဆွဲခေါ်သွားခြင်းသာ ခံလိုက်ရပေသည်။

ယခုအချိန်တိုင်အောင် သူ့ပါးစပ်ကို ပိတ်ထားသော လက်ကလေးသည် အနည်းငယ်မျှ အားလျော့သွားခြင်း မရှိချေ။ လက်ကလေးပိုင်ရှင်သည် အချိန်အတော်ကြာအောင် စောင့်ကြည့်ပြီး မြင်းလေးတွင် ရုန်းကန်ရန် အားများမရှိတော့သောအခါမှသာ လက်ကို ဖြေလျော့လိုက်သည်။ ထို့နောက် သူသည် မြင်းလေး၏ ပျော့ခွေနေသော ခန္ဓာကိုယ်အား မြေပြင်ပေါ် ဝုန်းခနဲ ပစ်ချလိုက်သည်။

ထိုအခါမှသာ မြင်းလေးသည် အသက်မဲ့နေသော လူငယ်၏မျက်နှာကို လရောင်ဖျော့ဖျော့အောက်တွင် မြင်ရပေတော့သည်။

“ ဝူး …. ဝူး … ”

မြင်းလေး၏အကြည့်ထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။ မနက်ခင်းက သူ့ကိုအဖြူရောင်ဆေးလုံးများ ရို့ကျိုးစွာ ပေးခဲ့သော ကလေးသည် သနားညှာတာခြင်းကင်းမဲ့စွာ ပြုမူနေလိမ့်မည်ဟု သူ၏ အဆိုးဝါးဆုံးအိပ်မက်များထဲမှာပင် ထည့်မမက်ခဲ့ဖူးချေ။

မနက်ခင်းက လူငယ်လေး၏ လည်မျိုကို လှီးပစ်မည်ဆိုသော စကားသည် ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်ပြီး အမှန်တကယ် သတ်ဖြတ်မည် မဟုတ်ကြောင်း လူငယ်လေးအား သူ ပြောချင်နေဟန်တူသည်။

သို့သော်လည်း သူ၏လည်မျိုမှ သွေးများ ပန်းထွက်လာကာ သူ စကားမပြောနိုင်တော့ပေ။ သူသည် စိတ်ဓာတ်ကျစွာဖြင့် သူ၏အိတ်များထဲသို့ ဒူးထောက်ကာ ခံစားချက်ကင်းမဲ့စွာ ရှာဖွေနေသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။

ရွှီချင်းသည် ပစ္စည်းများအားလုံးကို အပြင်ထုတ်လိုက်သောအခါ သူ၏အဖြူရောင်ဆေးလုံးနှစ်လုံးနှင့်အတူ နောက်ထပ်ငါးလုံးကိုပါ တွေ့လိုက်ရသည်။ ယင်းအပြင် မြင်းလေးတွင် ဝိညာဉ်ကြေးပြားနည်းနည်းပါးပါးနှင့် တောက်တိုမယ်ရပစ္စည်းများလည်း ရှိနေသေးသည်။

မြင်းလေးသည် ထိုပစ္စည်းများအားလုံးကို ရွှီချင်း သိမ်းဆည်းသွားသည်ကို ကြည့်ပြီးနောက် အပြင်းအထန် ကြောက်လန့်တုန်ရီလာတော့သည်။ ရွှီချင်းသည် အဝတ်စဖြင့်ဖုံးထားသော မြွေခေါင်းကို ဂရုတစိုက်ယူကာ မြွေအစွယ်ဖြင့် မြင်းလေး၏ခန္ဓာကိုယ်အား ကျင်လည်စွာ ထိုးသွင်းလိုက်သည်။

မြင်းလေး၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီလာပြီး ဒဏ်ရာတဝိုက်မှစတင်၍ အရည်ပျော်လာသည်။ အသက်ရှင်လျက် အရည်ဖျော်ခံလိုက်ရသော သည်းခြေခိုက်လုမတတ် နာကျင်ခံစားရမှုသည် သူ့ကို စကားမပြောနိုင်လောက်အောင် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားစေသည်။

ထို့နောက် ရွှီချင်းသည် ဘယ်လက်ဖြင့် မြင်းလေး၏မျက်လုံးများကို ပိတ်ပေးလိုက်သောအခါ မြင်းလေး၏ ကမ္ဘာကြီး ထာဝရ အလင်းပျောက်သွားတော့သည်။

သူ့ခန္ဓာကိုယ်ကြီး အရည်ပျော်ကာ သွေးများ မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။

ရွှီချင်းသည် ပြီးခဲ့သည့်ဖြစ်ရပ်မှ သင်ခန်းစာ ရသွားသည်ဖြစ်၍ အိတ်တစ်အိတ်ကိုထုတ်ကာ မြင်းလေး၏အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို ထည့်၍ လှည့်ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် မြင်းလေး သေသွားသည့်နေရာရှိ အမှောင်ထုထဲမှ လူရိပ်နှစ်ရိပ် ပေါ်လာသည်။

သူတို့သည် ယမန်နေ့က သားရဲစိန်ခေါ်ပွဲကွင်းပြင်တွင် တစ်ယောက်မှ သတိမထားမိခဲ့သော လူနှစ်ဦး ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုဖြစ်ပြီး တခြားတစ်ယောက်သည် သူ၏အစေခံဖြစ်သည်။

အဘိုးအိုသည် မြေပြင်ပေါ်ရှိ သွေးကွက်ကြီးကို ငုံ့ကြည့်လိုက်ပြီးနောက် အတန်ငယ်ဝေးသောနေရာသို့ ရောက်နေပြီဖြစ်သော ရွှီချင်း၏နောက်ကျောကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် လေးစားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ ရွက်ပုန်းသီးလေးပဲ။ လူသတ်တဲ့နေရာမှာ စိတ်ရှည်သည်းခံနိုင်စွမ်းရှိသလို ပြတ်သားတယ်။ ပိုပြီးရှားတာက ရက်ရက်စက်စက်လုပ်တတ်ပေမဲ့ သဲလွန်စလဲ ချန်မထားတတ်ဘူး။ မဆိုးဘူး ”

အဘိုးအိုက ပြောသည်။

ဘေးတွင်ရှိနေသည့် အစေခံ၏မျက်နှာတွင် အံ့အားသင့်သွားသည့်အမူအရာများ ပေါ်လွင်နေ၏။

ထိုအဘိုးအိုနောက်သို့ သူ လိုက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ထိုအဘိုးအိုထံမှ တခြားလူများအား ‘ မဆိုးဘူး ’ ဆိုသည့် ချီးကျူးစကားပြောသံကို လွန်စွာ ကြားရခဲသည်။ ထို့ပြင် အနှီလူငယ်လေးသည် အဘိုးအို၏ အာရုံစိုက်ခြင်းကို နှစ်ကြိမ် ခံလိုက်ရသည်။ သို့ဖြစ်၍ သူသည်လည်း ရွှီချင်း ပျောက်ကွယ်သွားရာဘက်သို့ လှမ်းကြည့်မိလိုက်သည်။

“ စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပဲ ”

အဘိုးအိုသည် ပြုံး၍ နောက်ထပ်မေးခွန်းတစ်ခု လှမ်းမေးလိုက်သည်။

“ သမားတော်ကြီးပိုင် ဘယ်တော့ ပြန်ရောက်မှာတုန်း ”

“ အမှတ်ခုနစ်သခင်ကြီး၊ သမားတော်ကြီးပိုင် စီစဉ်ထားတာအရတော့ တစ်ရက်၊နှစ်ရက်နေရင် ရောက်မှာပါ ”

အစေခံသည် အကြည့်လွှဲ၍ လေးစားစွာ ဖြေလိုက်သည်။

“ သူ ရောက်တော့မှာပဲ။ ဒီတစ်ခေါက်တော့ အဲဒီအဘိုးကြီး သူ့ကို သိမ်းသွင်းနိုင်လောက်မှာပါ။ သောက်ကျစ်ထူမှာ ညံ့ဖျင်းတဲ့စည်းမျဉ်းတွေနဲ့ ပြည့်နေတာ။ ဘာတွေများ အဲဒီအဘိုးကြီး တွယ်တာနေရတာတုံး။ သူသာ ငါ့ချီရွှဲ့ထုံဂိုဏ်းကို လာပူးပေါင်းရင်တော့ သူ ပိုပြီး လွတ်လွတ်လပ်လပ်နေရမှာပဲ ”

အဘိုးအိုသည် ရယ်မော၍ အလွန်ပျော်ရွှင်နေဟန်တူသည်။ ထို့နောက် သူသည် ရွှီချင်း ထွက်ခွာရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“ အဲဒီဝံပုလွေပေါက်လေး ဘာဆက်လုပ်မလဲ ငါတို့ သွားကြည့်ကြတာပေါ့ ”

ဘာသာပြန်သူမှတ်စု။ ခေါင်းဆောင်လဲ့၏နာမည်မှ လဲ့ ဆိုသော စကားလုံးသည် မိုးကြိုးဟု အဓိပ္ပာယ်ရပေသည်။

All Chapters