အခန်း ၅၁၂
Vol. 52 Ch. 512
အခန်း ၅၁၂ - နောက်ဆုံးတော့လည်း ထွက်ခွာခြင်း
အဘိုးကျန်း၏ နာရေးကိစ္စကို သူ၏ ဆန္ဒအတိုင်းပင် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးသာ ကျင်းပပေးခဲ့လေသည်။ အစီအစဉ်အားလုံးကို ရိုးရှင်းစွာသာ ပြင်ဆင်ခဲ့၏။ နောက်ဆုံးတွင်တော့ သူ၏ နောက်ဆုံးဆန္ဒနှင့်အညီ ရှောင်ယန်၏ အဘိုးနှင့် မိဘများ၏ မြေပုံနံဘေး၌သာ ဂူသွင်းမြှုပ်နှံပေးခဲ့တော့သည်။
နာရေးပြင်ဆင်နေစဉ်ကာလအတွင်း လုချင်းနှင့် ရှောင်ယန်တို့ နှစ်ဦးစလုံးမှာ အဘိုးအို၏ နံဘေးတွင် ညလုံးပေါက် အစောင့်အရှောက်အဖြစ် နေပေးခဲ့ကြလေ၏။ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးက နာရေးစောင့်ပေးရသည်အထိ၊ ထိုအထဲမှ တစ်ဦးက ကောင်းကင်အောက်တွင် အသန်မာဆုံးသူတစ်ယောက် ဖြစ်နေခဲ့သည်ကြောင့် အဘိုးကျန်းသည်သာလျှင် မရေမတွက်နိုင်သော ကမ္ဘာလောကများထဲတွင် ဤမျှကြီးကျယ်သော ဂုဏ်ပြုမှုကို ရရှိခဲ့သည့် တစ်ဦးတည်းသော သာမန်လူသား ဖြစ်တန်ကောင်းပေသည်။
နာရေးပြီးဆုံးသွားသော နေ့ရက်များတွင်တော့ လုချင်းမှာ သိသိသာသာကို တိတ်ဆိတ်ငြိမ်သက်လာခဲ့တော့၏။ တစ်ခါတစ်ရံတွင် သူသည် ကောင်းကင်ကြီးဆီသို့ တွေဝေစွာ ငေးမောကြည့်နေတတ်ပြီး အမည်မသိ နေရာဒေသများဆီသို့ စိတ်အာရုံတို့ လွင့်မျောနေတတ်လေသည်။
ယနေ့တွင်တော့ သူသည် ဆရာဖြစ်သူနှင့် စစ်တုရင်ကစားရန် တောင်ခါးပန်းမှ ခြံဝင်းဆီသို့ လာရောက်ခဲ့သည်။ ရုတ်တရက် သမားတော်ကြီးချန်က စကားစလာ၏။
"အားချင်း၊ မင်း ခုတလော စိတ်ထဲမှာ တစ်ခုခုများ ရှိနေလို့လား"
လုချင်း အနည်းငယ် လန့်သွားခဲ့သည်။ သူ သတိပြန်ဝင်လာသောအခါ သူ၏ မကြာသေးမီက အခြေအနေများသည် ဆရာဖြစ်သူ၏ အမြင်မှ မလွတ်ကင်းနိုင်ခဲ့ကြောင်းကို သဘောပေါက်သွားလေ၏။ ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက်၌ သူသည် ပွင့်ပွင့်လင်းလင်းပင် ပြောပြရန် ဆုံးဖြတ်လိုက်တော့သည်။
"ဆရာ၊ ဒီတပည့် ခုတလော ကိစ္စတစ်ခုကို စဉ်းစားနေခဲ့တာပါ"
"ဘာကိစ္စကများ မင်းကို ဒီလောက်တောင် အနှောင့်အယှက် ပေးနေရတာလဲ"
"ကျွန်တော် ဒီကမ္ဘာကြီးကနေ ထွက်သွားပြီးတော့... အပြင်ဘက်ကမ္ဘာတွေကို စွန့်စားပြီး သွားချင်လို့ပါ"
"အပြင်ဘက်ကမ္ဘာတွေကို စွန့်စားပြီး သွားချင်တယ် ဟုတ်လား"
သမားတော်ကြီးချန်၏ လက်များမှာ လေထဲတွင်ပင် ရပ်တန့်သွားခဲ့၏။ ထို့နောက် စစ်တုရင်ရုပ်ကို သေတ္တာထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်ပြီး လုချင်းအား မော့ကြည့်လာလေသည်။
"မင်း ဆိုလိုချင်တာက... မင်း ဒီကမ္ဘာကနေ ထွက်သွားချင်တယ်ပေါ့"
လုချင်းသည် ယခင်ကတည်းက အခြားသော ကမ္ဘာလောကများ ရှိနေကြောင်းကို ဆရာဖြစ်သူအား ပြောပြဖူးသောကြောင့် သူသည် ဤကိစ္စအတွက် လုံးဝပြင်ဆင်မထားခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။
"ဟုတ်ပါတယ်" လုချင်းက ခေါင်းညိတ်ပြလိုက်သည်။
"ဆရာ၊ ကျွန်တော် စုစည်းထားတဲ့ ဝိညာဉ်စွမ်းအား ရွှေအမြုတေက တော်တော်လေး ထူးခြားပါတယ်ဗျ။ သူ့ရဲ့ စွမ်းအားကလည်း အရမ်းကို အစွမ်းထက်တယ်။ အခုအချိန်မှာ ဒီကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအင်က ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို ဆက်ပြီးတိုးတက်ဖို့အတွက် လုံလောက်မှု မရှိတော့ဘူးဗျ။ ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက တိုးတက်မှုမရှိဘဲ ရပ်တန့်နေတာ ဆယ်နှစ်တောင် ကျော်ခဲ့ပါပြီ။ ကောင်းကင်တာအိုစည်းချက်တွေ ထပ်ပြီးမထွက်လာဘူးဆိုရင်၊ ဝိညာဉ်စွမ်းအင်တွေသာ နောက်တစ်ကြိမ် အသွင်ပြောင်းလဲတာမျိုး မရှိတော့ဘူးဆိုရင် ကျွန်တော့်အတွက် အဆင့်တက်ဖို့ အခွင့်အရေး လုံးဝမရှိတော့ပါဘူး။ ကောင်းကင်တာအိုစည်းချက်တွေ ပြန်ပေါ်လာရင်တောင် ဝိညာဉ်စွမ်းအင် မလုံလောက်တာကြောင့် သိပ်မကြာခင်မှာပဲ ကျွန်တော့်ကျင့်ကြံခြင်းက နောက်ထပ် အတားအဆီးတစ်ခုနဲ့ ထပ်ဆုံရဦးမှာပါပဲဗျ"
"အင်း ငါနားလည်ပါပြီ..."
သမားတော်ကြီးချန်မှာ လုချင်း၏ စကားများကြောင့် ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတော့၏။ လုချင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားပြီးကတည်းက သူသည် မိမိတပည့်၏ ကျင့်ကြံခြင်းအဆင့် မည်မျှအထိ နက်ရှိုင်းနေသလဲဆိုသည်ကို မခန့်မှန်းနိုင်တော့ပေ။
လုချင်းတစ်ယောက် ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်တိုင်အောင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်ကို သူ လုံးဝမသိခဲ့ရချေ။ လုချင်း၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ကာ သမားတော်ကြီးချန်သည် မိမိ၏တပည့်က အဘယ်ကြောင့် ဤကမ္ဘာလောကမှ ထွက်ခွာပြီး ပိုမိုကျယ်ပြန့်သော ကမ္ဘာများကို စူးစမ်းလေ့လာချင်နေရသနည်းဆိုသည်ကို နောက်ဆုံးတွင်တော့ နားလည်သဘောပေါက်သွားလေတော့သည်။
သူ၏ ဤတပည့်သည် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
သူ စတင်ကျင့်ကြံသည့် အချိန်မှစ၍ သူ၏ တိုးတက်မှုနှုန်းမှာ ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလောက်အောင် အံ့မခန်း မြန်ဆန်လွန်းလှ၏။ ပါရမီရှင်ဟု ခေါ်ဆိုကြသော သူများထက်ပင် အဆပေါင်းများစွာ သာလွန်လွန်းနေခဲ့သည်။ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက်တွင် သူ၏ တိုးတက်မှုက ပို၍ပင် အဟုန်ပြင်းပြင်း မြင့်တက်လာခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူသည် ရွှေအမြုတေ အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကောင်းကင်အောက်တွင် အသန်မာဆုံးသူတစ်ယောက် ဖြစ်လာခဲ့၏။
ခေတ်တစ်ခေတ်တွင် တစ်ယောက်သာ ပေါ်ထွန်းတတ်သည့် ဤမျှထူးချွန်လှသော ပါရမီရှင်တစ်ဦးက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့ရသည်ဆိုလျှင်...
အမှန်တကယ်တော့ လုချင်းက ဤမျှကြာရှည်စွာ သည်းခံနေနိုင်ခြင်းကပင် သူ၏ တာအိုနှလုံးသား မည်မျှအထိ ခိုင်မာသည်ကို ပြသနေခြင်းပင် ဖြစ်ပေ၏။ ထိုအချက်ကို တွေးမိပြီးနောက် သမားတော်ကြီးချန်က မေးလိုက်သည်။
"ဒါပေမဲ့... ဒီကမ္ဘာကနေ ထွက်သွားဖို့ဆိုတာ မလွယ်ဘူးမလား။ တခြားကမ္ဘာကို သွားဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ ကိစ္စကြီးဖြစ်ရမယ်"
"ကျွန်တော် အရင်က သတ်ခဲ့ဖူးတဲ့ တခြားကမ္ဘာက ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက် ချန်ထားရစ်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ... အပြင်ဘက်ကမ္ဘာတော်တော်များများရဲ့ ကြယ်တာရာ တည်နေရာတွေကို မှတ်တမ်းတင်ထားတဲ့ ကောင်းကင်မြေပုံတွေ ပါပါတယ်ဗျ။ အဲဒီမြေပုံတွေက ကျင့်ကြံသူတွေကို ကြယ်တာရာတွေကြားထဲ ဖြတ်သန်းသွားလာနိုင်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်ဆီမှာ ကြယ်တာရာဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်တဲ့ လေဟာနယ်ဖြိုခွင်း လှေပျံတစ်စင်းလည်း ရှိပါသေးတယ်ဗျ။ အဲ့ဒါကြောင့် ဆရာ စိတ်ပူစရာ မလိုပါဘူးဗျ"
"ဒီတော့ အားချင်း... မင်းက ဒီကိစ္စကို အချိန်အတော်ကြာကတည်းက စီစဉ်နေခဲ့တာပေါ့" သမားတော်ကြီးချန်က ဆိုလေ၏။
"ဟုတ်ပါတယ်။ အရင်တုန်းက ကျွန်တော် မထွက်သွားခဲ့တာက ရှောင်ယန်ကြောင့်ပါ။ ဒါပေမဲ့ အခု သူလည်း ရွှေအမြုတေအဆင့်ကို တက်လှမ်းသွားပြီဆိုတော့ ဒီကမ္ဘာမှာ သူ့ကို ခြိမ်းခြောက်နိုင်မယ့်သူဆိုလို့ လက်ချိုးရေလို့ရတဲ့ အနည်းအကျဉ်းလောက်ပဲ ရှိတော့တာလေ။ ဒါကြောင့် ကျွန်တော်လည်း စိတ်အေးအေးချမ်းချမ်းနဲ့ ထွက်သွားလို့ ရပါပြီဗျ" လုချင်းက ခေါင်းညိတ်ပြလိုက်သည်။
"မင်း ဆိုလိုတာက... မင်း ရှောင်ယန်ကို ခေါ်မသွားဘူးပေါ့" သမားတော်ကြီးချန်က အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်၏။
"ရှောင်ယန်က သူ့ရဲ့ အတိဒုက္ခကို ကျော်ဖြတ်ပြီးခါစပဲ ရှိပါသေးတယ်ဗျ။ လာမယ့် ဆယ်စုနှစ်တွေက သူ့ရဲ့ အခြေခံကို ခိုင်မာအောင် လုပ်ဖို့နဲ့ ကျင့်ကြံခြင်းကို ပိုပြီးသန့်စင်ဖို့အတွက် အရမ်းကို အရေးကြီးတယ်လေ။ သူ အပြင်ထွက်ပြီး စွန့်စားဖို့ အချိန်အခါ မဟုတ်သေးပါဘူးဗျ။ နောက်ပြီး ကျွန်တော်သွားမယ့် ကမ္ဘာက ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ဝပ်တွားနေတဲ့ ကျားတွေနဲ့ ပြည့်နှက်နေတဲ့... အင်အားကြီး ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတဲ့နေရာမျိုးပါ။ ရှေ့ဆက်ရမယ့်လမ်းကလည်း မသေချာဘူးလေ။ ကျွန်တော်ကိုယ်တိုင်တောင်မှ ရှောင်ယန်ကို အမြဲတမ်း ဘေးကင်းအောင် ကာကွယ်ပေးနိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် တစ်ယောက်တည်း အရင်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်လို့ အနာဂတ်မှာ ကျွန်တော် အပြင်ဘက်ကမ္ဘာမှာ ခြေကုပ်ယူနိုင်ပြီဆိုရင်တော့ သူ့ကို ခေါ်လာဖို့ စဉ်းစားမှာပါဗျ"
လုချင်းက သူ၏ အစီအစဉ်အပြည့်အစုံကို ချပြလိုက်လေ၏။ ကြယ်တာရာဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ရသည်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။
အမည်မသိ အန္တရာယ်ပေါင်းများစွာကလည်း ရှိနေသေးသည် မဟုတ်ပါလော။
လုချင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော်လည်း ရှောင်ယန်ကိုတော့ မလိုအပ်သော အန္တရာယ်များထဲသို့ ဆွဲမသွင်းချင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမက သူနှင့်မတူညီပါချေ။ သူမသည်လည်း အလွန်ကြီးမားသော စွမ်းအားများရှိသည့် ထိပ်တန်းအဆင့် ရွှေအမြုတေကို စုစည်းနိုင်ခဲ့သော်လည်း ဤကမ္ဘာလောက၏ ကန့်သတ်ချက်များထံသို့တော့ မရောက်ရှိသေးပေ။ သူမအနေဖြင့် ဤနေရာတွင်ကျန်ရစ်ကာ တံခါးပိတ်ကျင့်ကြံနေမည်ဆိုလျှင်ပင် သူမ၏ စွမ်းအားများက သိသိသာသာကို တိုးတက်လာနိုင်သေးသည်ပင်။
"ဒါလည်း အကြောင်းပြချက် ခိုင်လုံပါတယ်လေ... ဒါပေမဲ့ ရှောင်ယန်ကို နားချဖို့ကတော့ လွယ်မှာမဟုတ်ဘူးနော်"
သမားတော်ကြီးချန်က နောက်ပြောင်လိုက်၏။ ထိုကောင်မလေး လုချင်းအပေါ် မည်မျှအထိ သံယောဇဉ်ကြီးမားကြောင်းကို သူ အသိဆုံးပင်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် သူမအစ်ကိုဖြစ်သူကို မတွေ့ရတော့မည်ကို သူမသာ သိသွားခဲ့ပါက အကြီးအကျယ် သောင်းကျန်းတော့မည်မှာ ကျိန်းသေပေါက်ပဲပင်။
"ကျွန်တော် သူ့ကို သေချာလေးနားချမှာပါ။ အခု သူလည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဆိုတော့... သူလည်း နားလည်လောက်မှာပါ"
သူ ဤသို့ပြောလိုက်သော်လည်း ရှောင်ယန်ရှေ့တွင်ရပ်ကာ သူမမျက်လုံးထဲမှ မျှော်လင့်တကြီး ကြည့်နေသော အရိပ်အယောင်များကို မြင်လိုက်ရသောအခါ၌ ကောင်းကင်အတိဒုက္ခကိုပင် မျက်တောင်မခတ်ဘဲ ရင်ဆိုင်နိုင်စွမ်းရှိသည့် တုန်လှုပ်ခြင်းကင်းမဲ့သော လုချင်းတစ်ယောက် တကယ်တမ်းကျတော့ ရင်ထဲတွင် အနည်းငယ်မျှ စိုးရိမ်ပူပန်နေခဲ့မိတော့သည်။
"ကိုကို... ညီမလေးကို အရေးကြီးတာ ပြောစရာရှိတယ်ဆို။ ဘာများလဲဟင်" ရှောင်ယန်က လုချင်းအား မျှော်လင့်တကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။
"အာ... အင်း... ရှောင်ယန်၊ ဒီလိုပါ..."
လုချင်းသည် မိမိကိုယ်မိမိ ငြိမ်သက်သွားအောင် ခေတ္တမျှ အချိန်ယူလိုက်ပြီးမှ သူ၏ အစီအစဉ်များကို ဖြည်းညင်းစွာ ရှင်းပြလိုက်တော့၏။
"အဓိကကတော့ အဲဒါပါပဲ။ ကိုကို ဒီကမ္ဘာကနေ ခဏလောက် ထွက်သွားပြီးတော့ ကျင့်ကြံဖို့အတွက် ပိုပြီးအားကောင်းတဲ့ ကမ္ဘာတစ်ခုကို သွားရှာချင်လို့ပါ"
အားလုံးကို ပြောပြပြီးသွားသော်လည်း လုချင်းမှာတော့ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေမိဆဲပင်။
"ဒါလေးပဲလား။ ကိုကိုက တစ်ခုခု အကြီးအကျယ်တွေများ ပြောမလို့လားလို့ ညီမလေးက ထင်နေတာ"
သူ့ကို အံ့အားသင့်သွားစေသည်က ရှောင်ယန်မှာ အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ခြင်း မရှိသည့်အပြင် ပုံမှန်မဟုတ်ဘဲ အလွန်ကို တည်ငြိမ်နေခဲ့ခြင်းပင် ဖြစ်၏။
"ညီမလေး စိတ်မဆိုးဘူးလား" လုချင်းက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်၏။
"ဘယ်ဆိုးပါ့မလဲ" ရှောင်ယန်က ခေါင်းခါပြလိုက်သည်။ "ကိုကို ဘာမှမပြောရင်တောင် ညီမလေး နည်းနည်းတော့ ရိပ်မိနေပါတယ်"
"ဒီနှစ်တွေတစ်လျှောက်လုံး ကိုကိုက ညီမလေးရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး အများကြီး ပိုပြီး တင်းကျပ်လာခဲ့တယ်။ အဲဒီတုန်းကတည်းက ကိုကို တစ်ခုခုအတွက် ပြင်ဆင်နေတယ်လို့ ညီမလေး ခံစားမိခဲ့တယ်။ ဒါပေမဲ့ ကိုကိုက မပြောတော့လည်း ညီမလေး မမေးခဲ့တာပါ။ အခုတော့ ညီမလေး သိပါပြီ... အစ်ကို့ရဲ့ ကျင့်ကြံခြင်းက အတားအဆီးတစ်ခုနဲ့ ဆုံနေလို့ဆိုတာကိုလေ။ ကိုကို တိုးတက်မှုမရှိတာ ဆယ်နှစ်ကျော်နေပြီပဲ။ ပြီးတော့ ကိုကို စောစောစီးစီး ထွက်မသွားခဲ့တဲ့ အကြောင်းရင်းက... ညီမလေး အတိဒုက္ခကို ကျော်ဖြတ်နိုင်မယ့်အချိန်ကို စောင့်နေခဲ့လို့မလား"
"ရှောင်ယန်..."
သူမ၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ကာ လုချင်းမှာ ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။ အတန်ကြာပြီးနောက် သူသည် လက်လှမ်းကာ ကောင်မလေး၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း ရှုပ်ထွေးနေခဲ့လေ၏။
"အစ်ကို့ရဲ့ အဖိုးတန် ညီမလေးက တကယ့်ကို အရွယ်ရောက်လာခဲ့ပြီပဲ။ ဒါ အစ်ကို့အမှားပါ... ကိုကိုက ညီမလေးကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံနေမိခဲ့တယ်"
အမှန်တကယ်ပင် ရှောင်ယန်မှာ ယခုအခါတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း. လုချင်း၏ ရင်ထဲတွင်တော့ သူမက စကားနားထောင်တတ်သော ညီမလေးတစ်ယောက်သာ ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် အကြိမ်ကြိမ်အခါခါ သူမအား ကလေးတစ်ယောက်လိုပင် မသိစိတ်ကနေ ဆက်ဆံနေမိခဲ့၏။ ယခုတော့ ထိုအတွေးအခေါ်ကို ပြောင်းလဲပစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားလေတော့သည်။
"ကိုကို... ကိုကိုသွားမယ့် ကမ္ဘာက... ညီမလေးတို့ ကမ္ဘာနဲ့ အများကြီး ဝေးလားဟင်" ရှောင်ယန်က မေးလိုက်၏။
"ဝေးတာပေါ့။ အထူးပျံသန်းရေး ဝိညာဉ်လက်နက်တွေသာ မရှိဘူးဆိုရင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင်မှ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ပြီး အဲဒီကိုရောက်ဖို့အတွက် ဆယ်စုနှစ်တွေအများကြီး... ဒါမှမဟုတ် ရာစုနှစ်တစ်ခုကျော်လောက်တောင် အချိန်ယူရလိမ့်မယ်"
"အဲဒီလောက်တောင် ဝေးတာလား..." ရှောင်ယန်မှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
သူမသည် ယခုအခါ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ အမြန်နှုန်းမှာလည်း အလွန်ကို ထူးကဲလှပေသည်။ သူမသာ ဤကမ္ဘာလောကရှိ ကျယ်ပြန့်လှသော ပြည်နယ်အားလုံးကို ဖြတ်ကျော်သွားလာမ ဆိုလျှင်ပင် အများဆုံး ရက်အနည်းငယ်သာ အချိန်ယူရမည်ဖြစ်၏။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိသည့် ထိုအစွမ်းထက် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများတောင်မှ ကြယ်တာရာများကို ဖြတ်ကျော်ရန် ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များစွာ အချိန်ယူရမည်ဆိုလျှင်...
ထိုနေရာက မည်မျှအထိ ခန့်မှန်း၍မရနိုင်လောက်အောင် ဝေးကွာနေမည်နည်း။
"စိတ်မပူပါနဲ့။ အစ်ကို့ဆီမှာ လေဟာနယ်ဖြိုခွင်း လှေပျံတစ်စင်းရှိပါတယ်။ အဲ့ဒါကြောင့်မလို့ ကြယ်တာရာဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ဖို့က သိပ်မခက်တော့တာလေ။ ဒါ့ပြင် အဲဒီလောက်လည်း အချိန်ကြာမှာ မဟုတ်တော့ဘူးပေါ့။ အားလုံးသာ ချောချောမွေ့မွေ့ ဖြစ်မယ်ဆိုရင် ကိုကို အဲဒီကမ္ဘာကို အများဆုံး နှစ်အနည်းငယ်အတွင်း ရောက်နိုင်မှာပါ"
"နှစ်အနည်းငယ်ပဲလား" ရှောင်ယန်၏ မျက်လုံးများက အရောင်လဲ့သွားသည်။ "ဒါဆို ကိုကို အနာဂတ်မှာ ပြန်လာချင်တယ်ဆိုရင်လည်း အချိန်အကြာကြီး မယူရဘူးပေါ့နော်"
"ဒါပေါ့။ အဲဒါကြောင့်ပဲ ကိုကို ဒီတစ်ခေါက် ညီမလေးကို ခေါ်မသွားတာလေ။ ကိုကို အဲဒီမှာ ခြေကုပ်ယူနိုင်ပြီး ဘေးကင်းတယ်လို့ သေချာပြီဆိုတာနဲ့ ညီမလေးကို လာခေါ်မှာပါ"
"အင်းပါ ညီမလေး အိမ်ကနေပဲ ကိုကို ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်" ကောင်မလေးက ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြရင်း သိသိသာသာကို စိတ်သက်သာရာရသွားပုံပေါ်လေတော့သည်။
အမှန်အတိုင်းပြောရလျှင် အစ်ကိုဖြစ်သူက အခြားကမ္ဘာတစ်ခုသို့ သွားမည်ဟု သူမ ပထမဆုံး ကြားလိုက်ရချိန်တွင်တော့ စိုးရိမ်ပူပန်မှုကို မတားဆီးနိုင်ခဲ့ပေ။
ကျယ်ပြန့်လှသော ကြယ်တာရာကောင်းကင်ကြီးထဲတွင် သူ မည်သည့်အချိန်မှ ပြန်ရောက်လာမည်ကို မည်သူက သိနိုင်မည်နည်း။
သူမသည် ထိုခံစားချက်ကို မြိုသိပ်ထားခဲ့ပြီး အစ်ကိုဖြစ်သူ သတိမထားမိစေရန် အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားခဲ့ခြင်းသာ ဖြစ်၏။ သို့သော် အသွားအပြန် ခရီးစဉ်က ဆယ်နှစ်ပင် မကြာဘူးဆိုလျှင်တော့ ထိုကိစ္စက လုံးဝကို အခြားတစ်ကဏ္ဍ ဖြစ်သွားပြီပင်။ သူမအနေဖြင့် တံခါးပိတ်ကျင့်ကြံခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ဝင်လိုက်မည်ဆိုလျှင် ထိုအချိန်ပမာဏက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားနိုင်ပေသည်။
"ကိုကို... ဘယ်တော့လောက် ထွက်သွားဖို့ စီစဉ်ထားလဲဟင်"
"နောက်ရက်နည်းနည်းလောက်နေမှပါ။ ကိုကို မသွားခင် ညီမလေးနဲ့အတူ နောက်ထပ် ရက်နည်းနည်းလောက် အချိန်ဖြုန်းချင်သေးတယ်လေ"
လုချင်း၏ စိတ်အခြေအနေမှာ အလွန်ကို ရွှင်လန်းသွားခဲ့ရသည်။ သူ အခက်ခဲဆုံးဟု ထင်ထားခဲ့သော အပိုင်းဖြစ်သည့် ရှောင်ယန်နှင့် နှုတ်ဆက်ရမည့်ကိစ္စက ဤမျှလွယ်ကူစွာ ပြီးဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ သူ ပို၍ပင် မျှော်လင့်မထားမိခဲ့သည်မှာ သူ အနားချရ အခက်ခဲဆုံးဖြစ်မည်ဟု ထင်ထားခဲ့သူက တကယ်တမ်းတွင် အလွယ်ကူဆုံး ဖြစ်နေခဲ့ခြင်းပင်။ ရှောင်လီနှင့်ကျမှသာ သူ ပြဿနာတက်ရလေတော့သည်။
"မရဘူး။ ငါကော နင်နဲ့လိုက်ခဲ့မယ်"
လုချင်းက ဤကမ္ဘာလောကမှ ထွက်ခွာရန် စီစဉ်နေကြောင်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်လီက တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ပြောချလိုက်သည်။ သူမ၏ လေသံမှာ အလွန့်ကို ပြတ်သားလှပြီး ငြင်းဆန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။
"ရှောင်လီ...ငါ သွားမယ့် ကမ္ဘာက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေနဲ့ ပြည့်နေတာလေ။ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေတောင် အဲဒီမှာ ပေါတယ်ကွ..."
"ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ နင်နဲ့ လိုက်ခဲ့မှာပဲ"
လုချင်းက သူမအား နားချရန် ကြိုးစားလိုက်သော်လည်း ရှောင်လီက သူ့စကားတစ်ခွန်းကိုမျှ နားမထောင်ဘဲ ဖြတ်ပြောလိုက်လေ၏။
ထို့နောက် လုချင်းက သူမအား မည်မျှပင် အကျိုးအကြောင်းပြကာ ရှင်းပြရန် ကြိုးစားစေကာမူ ရှောင်လီကတော့ သူမ သူ့နောက်သို့ လိုက်မည်ဆိုသည့် စကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ပြောနေတော့သည်။ နောက်ဆုံးတွင်တော့ ရှောင်ယန်ကပင် ဝင်ရောက်ဖျန်ဖြေပေးရလေတော့သည်။
"ကိုကို... ဘာလို့ ရှောင်လီကို ခေါ်မသွားရတာလဲ"
"ဒါပေမဲ့..."
"ရှောင်လီရဲ့ မိဘတွေက အရင်ကျင့်ကြံခြင်းခေတ်တုန်းက သေသွားခဲ့တာမဟုတ်ဘဲ နတ်ဆိုးဧကရာဇ်နဲ့တူတူ ဒီကမ္ဘာကနေ ထွက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ကိုကို တစ်ခါက ပြောဖူးတယ်မလား။ တကယ်လို့ ကိုကိုသာ ရှောင်လီကို ခေါ်သွားမယ်ဆိုရင် သူ့ရဲ့ မိဘတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတချို့တလေကို တွေ့ကောင်းတွေ့နိုင်တယ်လေ"
ထိုစကားကို ကြားသောအခါ လုချင်းလည်း တွေဝေသွားတော့၏။ လွန်ခဲ့သောနှစ်များစွာက ရှောင်လီ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူမ၏ ဇာစ်မြစ်နှင့် ပတ်သက်သည့် သံသယများကို သူ ပြောပြခဲ့ဖူးလေသည်။ ယခု ရှောင်ယန်က ထိုကိစ္စကို ပြန်ပြောလိုက်သောအခါ၌ ထိုဖြစ်နိုင်ခြေကို သူ ပြန်သတိရသွားတော့၏။
ရှောင်လီ၏ မျက်လုံးများကလည်း မျှော်လင့်ချက်များဖြင့် တောက်ပနေလျက် သူ့အား ကြည့်နေခဲ့သည်။ သူမ၏ စိတ်အားထက်သန်နေသော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ လုချင်းမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းညိတ်ပြလိုက်တော့သည်။
"ကောင်းပြီလေ။ ဒါပေမဲ့ ရှောင်လီ... မင်းရဲ့ မိဘတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါတွေအားလုံးက ငါ့ရဲ့ ခန့်မှန်းချက်တွေချည်းပဲနော်။ အဲဒီတုန်းက သူတို့ တကယ်ပဲ ဒီကမ္ဘာကနေ ထွက်သွားခဲ့သလားဆိုတာကို ငါတို့ သေချာမသိရသေးဘူး။ ပြီးတော့ အရင်ကျင့်ကြံခြင်းခေတ်ဆိုတာကလည်း လွန်ခဲ့တဲ့ နှစ်သောင်းချီက ကိစ္စလေ။ သူတို့ တကယ်ပဲ ထွက်သွားခဲ့တယ်ဆိုရင်တောင်မှ အခုလို လိုက်ရှာရတာက သမုဒ္ဒရာထဲ အပ်ကျတာကို ရှာရသလိုမျိုး ဖြစ်နေလိမ့်မယ်။ သူတို့ရဲ့ သဲလွန်စလေးတစ်ခုကို ရှာတွေ့ဖို့တောင်မှ အခွင့်အရေးက အရမ်းကို နည်းလွန်းတယ်။ အဲဒါအတွက် မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်နော်"
"ငါ နားလည်ပါတယ်။ ငါက နင်နဲ့အတူ လိုက်ခဲ့ချင်ရုံလေးပါ" ရှောင်လီက လေးနက်စွာဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ကောင်းပြီလေ။ နောက်ရက်နည်းနည်းလောက်နေရင် မင်းလည်း ငါနဲ့ လိုက်ခဲ့တော့" လုချင်းက အနည်းငယ် လက်မြှောက်အရှုံးပေးလိုက်ရသည့်ဟန်ဖြင့် ဆိုလေသည်။
သို့တိုင်အောင် ရှောင်လီတွင် အရွယ်အစားကို စိတ်ကြိုက်ပြောင်းလဲနိုင်သည့် နတ်ဘုရားစွမ်းရည် ရှိနေကြောင်းကို သူ တွေးမိလိုက်သည်။ ထို့ကြောင့် သူမကို ခေါ်သွားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုတော့ ဖြစ်လာမည်မဟုတ်ပေ။
မူလကတော့ သူသည် ရှောင်လီကို ဤနေရာတွင် ချန်ထားရစ်ကာ ရှောင်ယန်အား အဖော်ပြုပေးရန် ရည်ရွယ်ထားခဲ့သော်လည်း ဤကောင်မလေးက ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
အနီးနားရှိ ဝူရှင်းမှာလည်း ရှောင်လီကို ခွင့်ပြုလိုက်သည်ကို မြင်သောအခါ သူပါ လိုက်သွားနိုင်ရန် အကြံအစည်များ စတင်တွေးတောနေတော့သည်။ ဤတစ်ကြိမ်တွင်တော့ ခေတ္တမျှ စဉ်းစားပြီးနောက် လုချင်းက ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်လေ၏။ သူက တစ်ယောက်ကို ခေါ်သွားမည်ဆိုမှတော့ နှစ်ယောက်ခေါ်သွားခြင်းကလည်း သိပ်ပြီး ကွာခြားမှုမရှိလှပေ။ ထို့အပြင် ဝူရှင်းက သူ၏ ကျေးကျွန်ဝိညာဉ်သားရဲ ဖြစ်သည်။ ဤမျှလောက် ဝေးကွာသော အကွာအဝေးကြီးတွင် ဝိညာဉ်အမှတ်အသားက အလုပ်လုပ်နိုင်ပါဦးမလားဆိုသည်ကိုပင် သူ သေချာမသိချေ။ ထို့ကြောင့် ၎င်းကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ခြင်းက ပို၍ကောင်းပေမည်။
သို့သော်လည်း သူက မူလက ထိုနှစ်ကောင်စလုံးကို ရှောင်ယန်အတွက် အဖော်အဖြစ် ချန်ထားရစ်ခဲ့ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ထိုနှစ်ကောင်စလုံးက သူနှင့်အတူ လိုက်ပါလာမည်ဆိုတော့ သူမအတွက် အနည်းငယ်တော့ စိုးရိမ်ပူပန်မိသွားရပြန်၏။ ၎င်းကို ကြားသောအခါ ရှောင်ယန်က ပြုံးရုံသာ ပြုံးနေခဲ့သည်။
"စိတ်မပူပါနဲ့ ကိုကိုရယ်။ ညီမလေးမှာ အဘိုးချန်နဲ့ ရွာထဲက လူတွေအားလုံး ရှိသေးတာပဲ။ ပြီးတော့ ညီမလေး ပျင်းလာရင်လည်း အစ်မလင်းရွှမ်ဆီသွားပြီး သူနဲ့တူတူ ကျင့်ကြံလို့ ရသေးတာပဲဟာ"
"ဒီကောင်မလေး တကယ့်ကို အရွယ်ရောက်လာပြီပဲ"
လုချင်းက ယခုအခါတွင် သူ့ကိုပင် ပြန်ပြီးနှစ်သိမ့်ပေးနေသော ညီမဖြစ်သူအား ကြည့်ကာ မေတ္တာအပြည့်ဖြင့် သူမ၏ ခေါင်းလေးကို နောက်ဆုံးအကြိမ်အဖြစ် ပွတ်သပ်ပေးလိုက်ပြီး ဘာမျှဆက်မပြောတော့ပေ။
နောက်ရက်များတွင်တော့ လုချင်းက သူ၏ နေ့စဉ်ကျင့်ကြံခြင်း ကိစ္စများမှလွဲ၍ အခြားဘာကိုမျှ မလုပ်တော့ဘဲ ကျန်ရှိနေသော အချိန်အားလုံးကို ရှောင်ယန်နှင့်အတူသာ ကုန်ဆုံးစေခဲ့လေသည်။
သူတို့မောင်နှမနှစ်ယောက် အတူတူ ငါးဖမ်းသွားကြသည်၊ ဆေးဘက်ဝင်အပင်များ သွားခူးကြပြီး အရသာရှိသော အစားအစာမျိုးစုံကို အတူတကွ ချက်ပြုတ်စားသောက်ခဲ့ကြသည်။ အခြေခံအားဖြင့် သူတို့သည် ကလေးဘဝက အတူတကွ လုပ်ဆောင်ခဲ့ဖူးသမျှ အရာအားလုံးကို ပြန်၍အသက်သွင်းနေခဲ့ကြခြင်းပင်။
...
သုံးရက်ကြာပြီးနောက် တောင်ခါးပန်းရှိ ခြံဝင်းအတွင်း၌...
လုချင်းက ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားပြီး သူ၏ ပခုံးထက်တွင်တော့ ရှောင်လီနှင့် ဝူရှင်းတို့က ရပ်နေကြလေသည်။ သူ၏ ဆရာဖြစ်သူနှင့် ရှောင်ယန်တို့က သူ့နောက်တွင် ရပ်နေကြ၏။ ဆရာဖြစ်သူနှင့် ရှောင်ယန်မှလွဲ၍ လုချင်းသည် သူ ထွက်ခွာမည့်အကြောင်းကို အခြားမည်သူ့ကိုမျှ မပြောပြထားခဲ့ပေ။
"ဆရာ... ဒီတပည့် သွားဖို့ အသင့်ဖြစ်ပါပြီ"
"အင်း။ လမ်းမှာ ဂရုစိုက်သွား။ တခြားကမ္ဘာကို ရောက်တဲ့အခါကျ ပဋိပက္ခတွေကို အတတ်နိုင်ဆုံးရှောင်။ မင်းရဲ့ လုံခြုံရေးကို အရာအားလုံးထက် ပိုပြီး ဦးစားပေး" သမားတော်ကြီးချန်က အကြံပေးစကား ဆိုလေသည်။
"ကျွန်တော် နားလည်ပါပြီ"
"ကိုကို... မြန်မြန်ပြန်လာခဲ့နော်" ရှောင်ယန်က မျက်ရည်လည်ရွဲဖြင့် ပြောလိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် သန်မာဟန်ဆောင်နေခဲ့သော်လည်း ယခု လုချင်းက အမှန်တကယ် ထွက်ခွာသွားတော့မည်ဆိုသောအခါ၌ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။
"စိတ်မပူပါနဲ့။ အနှစ်ငါးဆယ်ထက်တော့ ပိုမကြာစေရပါဘူး။ အခြားကမ္ဘာမှာ ခြေကုပ်ယူနိုင်တာဖြစ်ဖြစ်၊ မယူနိုင်တာဖြစ်ဖြစ် အဲဒီအချိန်ကျရင် ကိုကို ပြန်လာဖြစ်အောင်ပြန်လာခဲ့မှာပါ" လုချင်းက သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း ဆိုလိုက်သည်။
ထိုအရာက သူ မိမိကိုယ်မိမိ သတ်မှတ်ထားသော နောက်ဆုံးအချိန်ကန့်သတ်ချက်ပင် ဖြစ်၏။ အနှစ်ငါးဆယ်ဆိုသည်မှာ ရှည်ကြာသည်ဟု ထင်ရသော်လည်း ရှောင်ယန်နှင့် သူ၏ ဆရာဖြစ်သူကဲ့သို့ ရွှေအမြုတေ ကျင့်ကြံသူများအတွက်တော့ ဘာမှမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသူများပင်လျှင် သက်တမ်းမှာ နှစ်တစ်ထောင်အထိ ရှိကြသည် မဟုတ်ပါလော။
"ဪ... ဟုတ်သားပဲ ဆရာ။ ယွီဟွာဂူထဲမှာ တံခါးပိတ်ကျင့်ကြံဖို့အတွက် ရွှေအမြုတေအဆင့် ရုပ်သေးကိုယ်ပွားတစ်ခုကို ကျွန်တော် ချန်ထားခဲ့ပါတယ်ဗျ။ နောင်တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လာလို့ အကူအညီလိုလာခဲ့ရင် အဲဒါကို ဆင့်ခေါ်နိုင်ပါတယ်ဗျ။ ပြီးတော့ ဒီမှာ...။ ဒီကျောက်စိမ်းအဆောင်က မြင့်မြတ်တဲ့တောင်တော်ပေါ်က ကျွန်တော့်ရဲ့ ဂူခန်းမဆောင်ဆီကို သွားနိုင်တဲ့ ဝင်္ကပါအမှတ်အသားပါ။ ဆရာ အဲဒီမှာ သွားပြီး ကျင့်ကြံချင်တယ်ဆိုရင် ဒါလေးက ဆရာ့ကို အတားအဆီးမရှိ ဝင်ရောက်နိုင်အောင် ကူညီပေးပါလိမ့်မယ်ဗျ"
ထို့နောက် လုချင်းက ကျောက်စိမ်းအဆောင်တစ်ခုကို ဆရာဖြစ်သူထံသို့ ကမ်းပေးလိုက်လေသည်။
"အေးပါကွာ။ ငါနားလည်ပါပြီ" သမားတော်ကြီးချန်က အဆောင်ကို လှမ်းယူရင်း ပြောလိုက်၏။
"ရှောင်ယန်... ကိုကို သွားတော့မယ်နော်"
သူမ၏ ဆံပင်များကို နောက်ဆုံးအကြိမ် ပွတ်သပ်ပေးလိုက်ပြီးနောက် လုချင်းက လှေပျံကို ဆင့်ခေါ်လိုက်ပြီး ရှောင်လီ၊ ဝူရှင်းတို့နှင့်အတူ လှေပေါ်သို့ တက်လှမ်းသွားလေတော့သည်။
ထို့နောက်တွင်တော့ ရှောင်ယန်၏ တွန့်ဆုတ်နေသော အကြည့်များအောက်တွင်ပင် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံသန်းတက်သွားတော့၏။
………..