အခန်း ၅၁၅
Vol. 52 Ch. 515
အခန်း ၅၁၅ - ကျယ်ပြောလှသော ကမ္ဘာလောကကြီးနှင့် ကြယ်တာရာ ကောင်းကင်ယံရှိ ဧရာမမြို့တော်ကြီး
"သခင်"
လုချင်း၏ အသိစိတ် လီဟော်ဒယ်အိုးအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ယန်က ချက်ချင်း ရှေ့ထွက်လာလေသည်။
လုချင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားပြီးကတည်းက ယန်သည် သူ၏အပေါ်ထားရှိသော သဘောထားကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ နောက်ဆုံးတွင်တော့ လုချင်းအား "သခင်" ဟုပင် စတင် ခေါ်ဝေါ်လာခဲ့တော့သည်။
အစပိုင်းတွင် လုချင်းအနေဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားခဲ့ရသော်လည်း ယန်က အတင်းအကြပ် တောင်းဆိုနေသည်ကို မြင်သောအခါ နောက်ဆုံးတွင် ထိုအတိုင်းသာ ခေါ်ခွင့်ပြုလိုက်လေသည်။
"မိစ္ဆာကျင့်ကြံသူကရော ဘယ်လိုနေလဲ" လုချင်းက မေးလိုက်၏။
"သူ အိပ်နေတယ်။ ဒီနှစ်တွေအတွင်း အဲ့ဒီမိစ္ဆာကောင်လေးက ကောင်းကင်မိစ္ဆာ စွမ်းအင် မရှိတာကြောင့် အချိန်အတော်များများ အိပ်မောကျနေတာကများတယ်လေ။ စွမ်းအင်ကုန်ခမ်းမှုကို လျှော့ချဖို့ အိပ်ငိုက်နေတဲ့အနေအထားနဲ့ပဲ သူ နေနေတယ်လေ" ယန်က ပြန်ဖြေလိုက်သည်။
"အင်းပါ" လုချင်းက ခေါင်းအနည်းငယ်ညိတ်လိုက်၏။ မိစ္ဆာကျင့်ကြံသူအတွက် မိစ္ဆာစွမ်းအင် ပြတ်လပ်နေစေခြင်းမှာ လုချင်းဘက်မှ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားခြင်း ဖြစ်၏။
သူသည် ထိုကောင်နှင့် ပတ်သက်၍ အမြဲတမ်း နက်ရှိုင်းသော သတိထားမှုမျိုးကို စွဲကိုင်ထားခဲ့သည်။ သူကိုယ်တိုင် ကျွန်ပြုခြင်း ဝိညာဉ်အမှတ်အသားကို ထည့်သွင်းထားခဲ့သော်လည်း ထိုအချက်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။
ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံး သူသည် မိစ္ဆာကျင့်ကြံသူ၏ အနှစ်သာရများ လွင့်စင်ပျောက်ကွယ်မသွားစေရန် အလုံအလောက်မျှသာဖြစ်သော မိစ္ဆာစွမ်းအင်အနည်းငယ်ကို ရံဖန်ရံခါမှသာ ကျွေးမွေးခဲ့၏။ ၎င်းအား စွမ်းအားအစစ်အမှန်များကို ရယူသုံးစွဲခွင့် တစ်ခါမျှ မပေးခဲ့ချေ။
စိတ်ကူးတစ်ခုနှင့်အတူ လုချင်း၏ လက်ထဲတွင် အလင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ၎င်းအထဲ၌ မည်းနက်နေသော လက်တစ်ဖက်ကို ထုပ်ပိုးထားလေသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်လက်နက် ဟင်းလင်းပြင်၏ ထောင့်တစ်နေရာ၌ ကွေးကွေးလေး အိပ်ပျော်နေသော မိစ္ဆာကျင့်ကြံသူကို သူ၏ ရှေ့မှောက်သို့ ရွှေ့ပြောင်းလိုက်လေတော့သည်။
"ဘယ်သူလဲ"
ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်သွားကာ မိစ္ဆာကျင့်ကြံသူခင်မျာ ချက်ချင်း နိုးလာခဲ့၏။
သို့သော် လုချင်းကို မြင်လိုက်ရသောအခါ၌ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဟန်များ ပြန့်နှံ့သွားတော့သည်။
"သခင်"
"ခင်ဗျားက ထျန်းယွမ်ကမ္ဘာလောကကြီးက လာတာလို့ ပြောခဲ့တဲ့အပြင် တစ်ချိန်တုန်းက ကောင်းကင်မည်း မိစ္ဆာအရှင်သခင်ရဲ့ လက်အောက်က မိစ္ဆာစစ်သူကြီး ၁၀၈ ဦးထဲက တစ်ယောက်လို့လည်း ပြောခဲ့တာကို ငါ မှတ်မိတယ်"
လုချင်းက ဟန်ဆောင်ပန်ဆောင် နှုတ်ဆက်စကားဆိုခြင်းမျိုး မလုပ်တော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။
မိစ္ဆာကျင့်ကြံသူမှာ ခဏတာမျှ မှင်သက်သွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် သခင်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော့်ရဲ့ အရင်ဘဝမှာ မိစ္ဆာအရှင်သခင်ရဲ့ လက်အောက်က မိစ္ဆာစစ်သူကြီးတွေထဲက တစ်ယောက် တကယ်ပဲ ဖြစ်ခဲ့ပါတယ်"
"အဲ့ဒီလိုဆိုရင် ခင်ဗျား ထျန်းယွမ်ကမ္ဘာလောကကြီးနဲ့ တော်တော်လေး ရင်းနှီးကျွမ်းဝင်မှာပေါ့၊ ဟုတ်တယ်မလား" လုချင်းက ဆက်မေးလိုက်သည်။
"ဟုတ်ပါတယ် သခင်"
လုချင်းသည် အဘယ်ကြောင့် ထျန်းယွမ်ကမ္ဘာလောကကြီးကို ရုတ်တရက် စိတ်ဝင်စားလာရသနည်းဟု စိတ်ရှုပ်ထွေးသွားသော်လည်း မိစ္ဆာကျင့်ကြံသူက ဤသည်မှာ သူ၏ တန်ဖိုးကို သက်သေပြရန် ရှားပါးသော အခွင့်အရေးတစ်ခုအဖြစ် မြင်ကာ လျင်မြန်စွာ ပြန်ဖြေလိုက်လေ၏။
"ကျွန်တော်က လူဝင်စားမှုနဲ့ သားအိမ်ရဲ့ လျှို့ဝှက်ချက်တွေကြောင့် မှတ်ဉာဏ်တချို့ ပျောက်ဆုံးသွားပေမယ့် ထျန်းယွမ်ကမ္ဘာလောကကြီးနဲ့ ပတ်သက်တာ အများစုကိုတော့ မှတ်မိနေပါသေးတယ်"
"ကောင်းပြီ။ ဒါဆို ထျန်းယွမ်ကမ္ဘာလောကကြီးအကြောင်း ခင်ဗျားသိသမျှ အကုန်ပြောပြ... အထူးသဖြင့် အင်အားကြီး အုပ်စုတွေရဲ့ ခွဲစတမ်းတွေနဲ့ အပြင်လူတစ်ယောက်အနေနဲ့ အဲ့ဒီထဲကို ဘယ်လို ဝင်ရောက်နိုင်မလဲဆိုတာကိုပေါ့"
"ဘာ... မဟုတ်မှလွဲရော... သခင်က ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ဖို့ ရည်ရွယ်ထားတာလား"
လုချင်း၏ စကားကြောင့် မိစ္ဆာကျင့်ကြံသူ၏ နှလုံးသားမှာ အံ့သြတုန်လှုပ်မှုဖြင့် ခုန်ပေါက်သွားတော့သည်။
သူ ထိုဖြစ်နိုင်ခြေကို တွေးတောကြည့်လိုက်သော်လည်း ယုံကြည်ရန် အတော်လေး ခက်ခဲနေဆဲပင်။ မည်သို့ပင်ဖြစ်စေ ထျန်းယွမ်ကမ္ဘာလောကကြီးသည် လုချင်း ဆင်းသက်လာခဲ့သော အလွန် သေးငယ်ပြီး ခေါင်ဖျားလှသည့် ကမ္ဘာငယ်လေးနှင့် အလွန်တရာ ကွာဝေးလွန်းလှပေသည်။
သူ အိပ်ပျော်နေသည်မှာ သိပ်မကြာသေးသည်ဖြစ်ရာ လုချင်းတစ်ယောက် ထျန်းယွမ်ကမ္ဘာလောကကြီးအနီးသို့ ရုတ်တရက်ကြီး မည်သို့များ ရောက်ရှိလာနိုင်မည်နည်း။
သို့သော် အံ့သြတုန်လှုပ်နေသည့်တိုင် မိစ္ဆာကျင့်ကြံသူမှာ တွေဝေနှောင့်နှေးခြင်း မပြုရဲချေ။
ခဏတာ စဉ်းစားပြီးနောက် သူက စတင်ပြောပြလာလေ၏။
"ထျန်းယွမ်ကမ္ဘာလောကကြီးက တာ့ယွမ်မသေမျိုးပိုင်နက်ထဲက အစွမ်းအထက်ဆုံး ကမ္ဘာတွေထဲက တစ်ခုပါ..."
မိစ္ဆာကျင့်ကြံသူ၏ ရှင်းပြမှုကြောင့် ဤကျယ်ပြောလှသော ကမ္ဘာလောကကြီးအကြောင်း လုချင်း တဖြည်းဖြည်း ပို၍ ရှင်းလင်းစွာ မြင်သာလာခဲ့တော့သည်။
၎င်း၏ ပြောပြချက်အရ တာ့ယွမ်မသေမျိုးပိုင်နက်သည် တစ်ချိန်က တာ့ယွမ်မသေမျိုးမင်းဆက်၏ ပိုင်နက်နယ်မြေ ဖြစ်ခဲ့ပေသည်။ ထျန်းယွမ်ကမ္ဘာလောကကြီးမှာ ထိုပိုင်နက်အတွင်းရှိ အင်အားအကြီးမားဆုံး ကမ္ဘာများအနက်မှ တစ်ခုဖြစ်ပြီး မသေမျိုးမင်းဆက်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့လေ၏။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကျော်က ထိုပိုင်နက်အတွင်း ကြီးမားသော တော်လှန်ပုန်ကန်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ရာ တာ့ယွမ်မသေမျိုးမင်းဆက်ကို ပြိုလဲသွားစေခဲ့သည်။ အင်အားအကြီးမားဆုံးသော ကမ္ဘာအများအပြားက လွတ်လပ်ရေး ကြေညာကာ ကိုယ်ပိုင် အစိုးရအဖွဲ့များ ဖွဲ့စည်းခဲ့ကြပြီး မင်းဆက်ကို ဆက်လက် အသိအမှတ်ပြုခြင်း မရှိကြတော့ချေ။
ထျန်းယွမ်ကမ္ဘာလောကကြီးမှာလည်း ထိုကဲ့သို့သော ကမ္ဘာများထဲမှ တစ်ခု ဖြစ်ပေသည်။ သို့တိုင်အောင် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း ငြိမ်းချမ်းမှုနှင့်တော့ အလှမ်းဝေးနေဆဲ ဖြစ်လေ၏။
အဖွဲ့အစည်းပေါင်းများစွာက ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်ခဲ့ကြပြီး အကြီးစား ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုမှာတော့ ဖြောင့်မတ်သောလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့အကြားပင် ဖြစ်လေသည်။
နောက်ဆုံးတွင် အင်အားစုနှစ်ခုစလုံးမှာ အနိုင်အရှုံး မပေါ်ဘဲ အခြေအနေတစ်ရပ်တွင် ရပ်တန့်သွားကြရာ မည်သူကမျှ တစ်ဖက်ကို အနိုင်မယူနိုင်ခဲ့ကြချေ။
"အဲ့ဒီအချိန်တုန်းက ကျွန်တော်က ဖြောင့်မတ်တဲ့ကျင့်ကြံသူတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံနေရလို့ ထွက်ပြေးဖို့အတွက် ကောင်းကင်မိစ္ဆာ ဝင်စားမှုသိုင်းကို သုံးခဲ့ရတယ်"
"အဲ့ဒီတုန်းက နှစ်ဖက်စလုံးက အင်အားချင်း မျှတနေခဲ့တာ။ မိစ္ဆာအရှင်သခင်တွေနဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်က ထိပ်တန်း သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေက သိမ်မွေ့တဲ့ မျှတမှုတစ်ခုကို ထိန်းထားကြပြီးတော့ ခဲယဉ်းမှပဲ လှုပ်ရှားလေ့ရှိကြတယ်လေ"
"ဒါပေမဲ့ အလယ်အလတ်နဲ့ အောက်ခြေအဆင့်တွေကြားမှာတော့ ပဋိပက္ခတွေက အမြဲတမ်း ဖြစ်နေခဲ့တာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း လျှို့ဝှက်နယ်မြေ စူးစမ်းရှာဖွေရေးတစ်ခုမှာ ချုံခိုတိုက်ခိုက်ခံရလို့ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ကောင်းကင်မိစ္ဆာ ခန္ဓာကိုယ်ခွဲထုတ်ခြင်းသိုင်းကို သုံးပြီး ဝင်စားခဲ့ရတာ"
"အလယ်အလတ်နဲ့ အောက်ခြေအဆင့်တွေ..."
လုချင်းက တွေးတောလိုက်ပြီးနောက် မေးလိုက်၏။
"ခင်ဗျားက သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူလို့ ပြောခဲ့တယ် မဟုတ်လား။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် အလယ်အလတ်အဆင့်လို့ သတ်မှတ်ခံရတာလား"
"ဟုတ်ပါတယ် သခင်။ တာ့ယွမ်မသေမျိုးပိုင်နက်ထဲမှာ သတ္တမမြောက် အတိဒုက္ခအဆင့်နဲ့ အထက်မှာရှိတဲ့ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေကိုပဲ ထိပ်တန်းအဆင့်လို့ သတ်မှတ်ကြတာပါ"
"အဲ့ဒီတုန်းက ကျွန်တော်က သန္ဓေသားဝိညာဉ်အဆင့်ရဲ့ ပထမ အတိဒုက္ခအဆင့်မှာပဲ ရှိသေးပြီးတော့ မိစ္ဆာအရှင်သခင်လက်အောက်က မိစ္ဆာစစ်သူကြီး ၁၀၈ ယောက်ထဲမှာဆို ကျွန်တော့်အဆင့်က တော်တော်လေးကို နိမ့်ပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လုချင်း၏ နှလုံးသားမှာ တုန်လှုပ်သွားရလေတော့သည်။
သူ၏ မွေးရပ်မြေ ကမ္ဘာတွင်ဆိုလျှင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးတည်းကပင် ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမိန့်ပေး ကွပ်ကဲနိုင်သော ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။
သို့သော် ထျန်းယွမ်ကမ္ဘာလောကကြီးတွင်တော့ ပထမ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ် ကျင့်ကြံသူတစ်ဦးပင်လျှင် အလယ်အလတ်အဆင့်၌သာ ရှိနေခဲ့သည်တဲ့လော။
ပြီးတော့ ထိုမိစ္ဆာကျင့်ကြံသူ အမှုထမ်းခဲ့သော မိစ္ဆာအရှင်သခင်၏ လက်အောက်တွင် သန္ဓေသားဝိညာဉ်အဆင့်ရှိသော မိစ္ဆာစစ်သူကြီး ၁၀၈ ယောက်တောင် ရှိသည်တဲ့လော။
ထိုသို့ဆိုလျှင် သူတို့၏ ကွပ်ကဲမှုအောက်တွင် ရွှေအမြုတေနှင့် အခြေတည်အဆင့် ကျင့်ကြံသူ မည်မျှပင် ရှိနေမည်နည်း။
ထို့ပြင် ၎င်းမှာ မိစ္ဆာအရှင်သခင်တစ်ပါးတည်း၏ အင်အားသာ ဖြစ်လေ၏။ ထျန်းယွမ်ကမ္ဘာလောကကြီး တစ်ခုလုံးတွင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ မည်မျှရှိနေမည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်တော့ချေ။
"ဒါက ထိပ်တန်း မဟာကမ္ဘာလောကကြီးတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ... အဲ့ဒါနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ မွေးရပ်မြေကမ္ဘာက တကယ်ပဲ ဖုန်မှုန့်တစ်မှုန့်လောက်တောင် အရေးမပါတော့ဘူးပဲ"
လုချင်းသည် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားခဲ့ပြီး ကမ္ဘာတစ်ခုအနေဖြင့် နက်နဲလှသော အမွေအနှစ်များကို ပိုင်ဆိုင်ထားခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်းကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေတော့သည်။ တစ်ချိန်က ဤမျှများပြားလှသော ထိပ်တန်း မဟာကမ္ဘာကြီးများကို အုပ်ချုပ်ခဲ့သည့် တာ့ယွမ်မသေမျိုးမင်းဆက်သည် မည်ကဲ့သို့သော အင်အားမျိုး ဖြစ်ခဲ့မည်ကိုပင် သူ စတင်၍ တွေးတောလာမိ၏။
"ငါ ထွက်လာခဲ့လို့ တော်သေးတာပေါ့။ ငါ့ရဲ့ မွေးရပ်မြေမှာသာ ဆက်နေခဲ့မယ်ဆိုရင် ငါ တကယ်ပဲ ရေတွင်းထဲက ဖားသူငယ်ပဲ ဖြစ်နေမှာပဲ"
သူ၏ အတွေးများကို တည်ငြိမ်သွားစေပြီးနောက်၌ လုချင်းက ထပ်မေးလိုက်သည်။
"ဒါဆို ငါ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ချင်ရင်ကော ဘယ်လိုလုပ်ရမလဲ"
ထျန်းယွမ်ကမ္ဘာလောကကြီး၏ အဆုံးအစမရှိသော ကြီးမြတ်ခမ်းနားမှုကို သူ ပထမဆုံး မြင်တွေ့လိုက်ရကတည်းက သူ နားလည်ထားပြီး ဖြစ်ပေသည်။ ကမ္ဘာငယ်လေးတွင် သူ ပြုလုပ်ခဲ့သကဲ့သို့ လှေပျံဖြင့် တိုးဝင်ရန် ကြိုးပမ်းခြင်းမှာ မဖြစ်နိုင်သော ကိစ္စရပ်ပင်တည်း။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ သူ ထိန်းချုပ်နိုင်သော လှေပျံသည် ကမ္ဘာလောက၏ အလွှာပါးကိုပင် ဖောက်ထွင်းနိုင်မည် မဟုတ်ရာ အခြားသော နည်းလမ်းတစ်ခု လိုအပ်ပေလိမ့်မည်။ ထင်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင် မိစ္ဆာကျင့်ကြံသူက တည့်တိုးပင် အဖြေပေးလာလေ၏။
"မဟာကမ္ဘာလောကကြီးတိုင်းက သူ့ဟာသူ ပြီးပြည့်စုံနေပြီးတော့ ဟင်းလင်းပြင် နတ်ဘုရားစွမ်းရည်တွေနဲ့ ဝိညာဉ်လက်နက်တွေနီးပါးအားလုံးကို ပိတ်ဆို့နိုင်တဲ့ အစွမ်းထက် ကမ္ဘာ့အလွှာပါးတစ်ခု ရှိတယ်။ ထိပ်တန်း သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် အထဲကို အတင်းအဓမ္မ ဝင်ရောက်ဖို့ဆိုတာ ခက်ပါတယ်"
"အပြင်လူတွေအနေနဲ့ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ပတ်လည်မှာရှိတဲ့ ကမ္ဘာငယ်လေး ငါးခုထဲက တစ်ခုခုကနေတစ်ဆင့် နေရာရွှေ့ပြောင်းဝင်္ကပါတွေကို သုံးပြီး ဝင်ဖို့ပါပဲ"
"ကျွန်တော့်ခေတ်တုန်းကတော့ ထျန်းယွမ်ကို ဝန်းရံထားတဲ့ ကမ္ဘာငယ်လေး ငါးခုကို ဒီလို ခွဲခြားထားတယ်။ ဖြောင့်မတ်တဲ့လမ်းစဉ်က ကမ္ဘာငယ်နှစ်ခုကို ထိန်းချုပ်ထားပြီး မိစ္ဆာလမ်းစဉ်ကတော့ တခြားကမ္ဘာနှစ်ခုကို ထိန်းချုပ်ထားပါတယ်။ ကျန်တဲ့တစ်ခုကိုတော့ မိစ္ဆာသားရဲ မျိုးနွယ်စုမဟာမိတ်အဖွဲ့က ထိန်းချုပ်ထားပါတယ်"
"ကျွန်တော် အိပ်ပျော်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို သားအိမ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖြေရှင်းပြီး ထျန်းယွမ်ကမ္ဘာလောကကြီးကနေ မလွတ်မြောက်ခင်ကလည်း အကြိမ်ပေါင်းများစွာ ဝင်စားခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစပြီး အင်အား ချိန်ခွင်လျှာက ပြောင်းလဲသွားသလားဆိုတာကိုတော့ ကျွန်တော်လည်း မသိတော့ဘူး"
သူ စောစောက မြင်တွေ့ခဲ့ရသော ထျန်းယွမ်ကမ္ဘာလောကကြီးကို ဖြည်းညင်းစွာ လှည့်ပတ်နေသည့် ကမ္ဘာငယ်လေး ငါးခုကို လုချင်း ပြန်၍သတိရလိုက်လေသည်။ တစ်ခုချင်းစီမှာ ထူးခြားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။
နှစ်ခုမှာ ဖြောင့်မတ်ပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများကို ဖြာထွက်နေသည်။ ၎င်းတို့၏ ဆန့်ကျင်ဘက်ရှိ အခြားနှစ်ခုမှာတော့ သူ့ကို အလိုလို နေမထိထိုင်မသာ ဖြစ်စေသော အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါများကို ထုတ်လွှတ်နေကြပေသည်။
နောက်ဆုံးတစ်ခုမှာတော့ ဆိုးယုတ်သော စွမ်းအင်များနှင့် ရိုင်းစိုင်းပြီး ထိန်းကျောင်း၍မရသော လွတ်လပ်မှုများ ရောယှက်နေလေ၏။ ၎င်းမှာ မိစ္ဆာသားရဲ မျိုးနွယ်စုများ ထိန်းချုပ်ထားသည့် ကမ္ဘာငယ်လေး ဖြစ်တန်ကောင်းပေသည်။
သို့ဖြစ်၍ မိစ္ဆာကျင့်ကြံသူ မရှိတော့သည့်အချိန်အတွင်း ထျန်းယွမ်ကမ္ဘာလောကကြီး၏ အခြေအနေမှာ သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
"ဒါဆို ငါတို့ ကမ္ဘာငယ်လေးတစ်ခုခုထဲကို ဝင်ပြီး နေရာရွှေ့ပြောင်းဝင်္ကပါကို သုံးလိုက်သမျှ ကာလပတ်လုံး ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်လို့ရပြီပေါ့လေ၊ ဟုတ်လား" လုချင်းက ခေါင်းညိတ်ကာ မေးလိုက်သည်။
သို့သော် သူ့ကို အံ့အားသင့်သွားစေသည်မှာ မိစ္ဆာကျင့်ကြံသူက ခေါင်းခါပြလိုက်ခြင်းပင် ဖြစ်၏။
"အဲ့ဒီလောက်တော့ မရိုးရှင်းပါဘူး သခင်"
"ထျန်းယွမ်ကမ္ဘာလောကကြီးက နှိုင်းယှဉ်လို့မရနိုင်အောင် ကျယ်ပြောပြီး ခမ်းနားကြီးကျယ်ပါတယ်။ သူ့ရဲ့ ကမ္ဘာ့အင်အားက စိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင်ကို ကြီးမားပါတယ်။ အဲ့ဒီအထဲမှာ အဆုံးအစမရှိတဲ့ အခွင့်အရေးတွေနဲ့ အကန့်အသတ်မရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ကိန်းအောင်းနေတယ်လေ"
"ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ ဝိညာဉ်ချီစွမ်းအင်တွေမှာတောင် အဆင့်နိမ့်ကမ္ဘာတွေမှာ တွေ့ရတဲ့ ဝိညာဉ်ချီစွမ်းအင်တွေထက် အများကြီး ပိုအားကောင်းတဲ့ အမျိုးမျိုးသော အံ့ဖွယ် ဂုဏ်သတ္တိတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလို ခမ်းနားထည်ဝါတဲ့ကမ္ဘာလောကကြီးက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရှာဖွေတောင့်တကြတဲ့ ကျင့်ကြံခြင်းအတွက် တကယ့်ကို မြင့်မြတ်တဲ့ နယ်မြေပါပဲ"
"ဒါကြောင့် သဘာဝအရ မြင့်မြတ်တဲ့နယ်မြေဆိုတာ အလွယ်တကူ ဝင်ရောက်နိုင်တဲ့နေရာမျိုးတော့ မဟုတ်ပါဘူး။ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ချင်တဲ့ အပြင်လူတွေအတွက် ယေဘုယျအားဖြင့် နည်းလမ်းနှစ်ခု ရှိပါတယ်"
"တစ်ခုကတော့ အထဲဝင်ခွင့်နဲ့ နေထိုင်ခွင့် ရဖို့အတွက် ဝိညာဉ်ကျောက်တုံးအများကြီး ပေးဆောင်ရတာပါ။ နောက်တစ်ခုကတော့ ထျန်းယွမ်ကမ္ဘာလောကကြီးထဲက အဖွဲ့အစည်း တစ်ခုခုဆီမှာ လက်ခံခံရဖို့ပါပဲ"
"ဂိုဏ်းတစ်ခုရဲ့ အပြင်စည်းတပည့်အနေနဲ့ဖြစ်စေ၊ ဧည့်သည်တော် အကြီးအကဲအနေနဲ့ဖြစ်စေ ဘယ်လိုအဆင့်အတန်းမျိုးနဲ့မဆို မဟာကမ္ဘာကြီးထဲကို ဝင်ရောက်ခွင့်ရစေပါတယ်။ ဒါပေမဲ့ ဧည့်သည်တော် အကြီးအကဲတစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချို့သော ဂိုဏ်းငယ်လေးတွေအတွက်တောင် အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းတော့ ရှိထားဖို့ လိုပါတယ်"
"ဪ.. ဒီလိုကိုး"
ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ လုချင်းသည် သူ၏ စောစောက အတွေးများမှာ အနည်းငယ် ရိုးအလွန်းနေခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားလေတော့သည်။
အမှန်ပင် ဤမျှနက်နဲသော ကမ္ဘာလောကကြီးကို ဤမျှ လွယ်လင့်တကူ ဝင်ရောက်နိုင်မည် မဟုတ်ချေ။ အကယ်၍သာ ထိုမျှ လွယ်ကူနေမည်ဆိုလျှင် အဆင့်နိမ့် ကမ္ဘာနှင့် အလယ်အလတ်အဆင့် ကမ္ဘာများမှ ကျင့်ကြံသူများသည် ကံကြမ္မာကောင်းများနှင့် အခွင့်အလမ်းများကို ရှာဖွေရန် ကြာမြင့်စွာကတည်းက အုပ်စုလိုက် ဝင်ရောက်လာကြမည်သာ။
ထိုသို့ဆိုပါက ထျန်းယွမ်ကမ္ဘာလောကကြီး၏ မူလအင်အားစုများအနေဖြင့် ထိုကဲ့သို့သော ကျူးကျော်ဝင်ရောက်မှုမျိုးကို မည်သို့သည်းခံနိုင်ပါမည်နည်း။
"ငါ အရင်ဆုံး ကမ္ဘာငယ်လေးတစ်ခုမှာ အခြေချပြီး အဲ့ဒီကနေတစ်ဆင့် မဟာကမ္ဘာကြီးထဲကို ဝင်ဖို့ အခွင့်အရေး ရှာရမယ့်ပုံပဲ"
အစကတည်းက လုချင်းထံ၌ ဝိညာဉ်ကျောက်တုံး များများစားစား မရှိခဲ့သည့်အပြင် ဤနေရာသို့ လာရာလမ်းခရီးတွင် ပို၍ပင် သုံးစွဲခဲ့ရသေးပါ၏။ လက်ရှိတွင် သူ၏ လက်ကျန် ဝိညာဉ်ကျောက်တုံးများမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးနေပြီပင်။
ထျန်းယွမ်ကမ္ဘာလောကကြီးထဲသို့ ဝင်ကြေးပေးရန် လုံလောက်မှု မရှိနိုင်သည်ကတော့ အလွန်ပင် ရှင်းလင်းနေပေ၏။ သို့တိုင်အောင် မည်သို့ပင်ဖြစ်စေ အဖြေရှာရန်အတွက် သူ အရင်ဆုံး အဆက်အသွယ်ရအောင် လုပ်ရပေမည်။
ထို့နောက် လုချင်းသည် ကမ္ဘာငယ်လေးများထဲသို့ မည်သို့ ဝင်ရောက်ရမည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များစွာကို မိစ္ဆာကျင့်ကြံသူအား ဆက်လက် မေးမြန်းခဲ့သည်။ အရာအားလုံးကို ရှင်းလင်းစွာ နားလည်သွားပြီဟု သေချာမှသာ သူသည် မည်းနက်နေသော လက်တစ်ဖက်ကို ပစ်ပေးလိုက်လေတော့သည်။
"ဒီတစ်ခါ ခင်ဗျား ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီမိစ္ဆာလက်က ခင်ဗျားအတွက် ဆုလာဘ်ပဲ"
"ကျေးဇူးတင်ပါတယ် သခင်"
မိစ္ဆာကျင့်ကြံသူက လက်တစ်ဖက်ကို အလွန် ဝမ်းသာအားရ ဖမ်းယူလိုက်၏။
ဤနှစ်များတစ်လျှောက်လုံး လုချင်းသည် လီဟော်ဒယ်အိုးအတွင်းသို့ ခဲယဉ်းမှသာ ဝင်ရောက်လေ့ရှိရာ မိစ္ဆာကျင့်ကြံသူအတွက် မိစ္ဆာစွမ်းအင်တောင်းဆိုရန် အခွင့်အရေး အလွန်နည်းပါးခဲ့လေသည်။
ထို့အပြင် ယန်ကလည်း သူ့ကို အလွန် ရွံရှာမုန်းတီးသဖြင့် သူ၏ကိုယ်စား စကားပါးပေးမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ရလဒ်အနေဖြင့် မိစ္ဆာကျင့်ကြံသူသည် သူ၏ မူလစွမ်းအင် ကုန်ခမ်းမှုကို အနည်းဆုံးဖြစ်စေရန် အိပ်စက်ခြင်းကိုသာ အားကိုးရင်း အတော်လေး သနားစရာကောင်းသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရပေသည်။
ယခု သူ၏ ယခင် ခန္ဓာကိုယ်မှ ဤလက်တစ်ဖက်ကို ပြန်လည်ရရှိပြီဖြစ်ရာ နောက်ဆုံးတွင်တော့ သင့်တင့်သော မိစ္ဆာစွမ်းအင်အချို့ဖြင့် သူ၏ အင်အားများကို ပြန်၍ဖြည့်တင်းနိုင်တော့မည်ပင်။ မိစ္ဆာခန္ဓာကိုယ်၏ လက်တစ်ဖက်ကို ပေးအပ်ပြီးနောက်၌ လုချင်းသည် မိစ္ဆာကျင့်ကြံသူအား ဆက်ပြီး အာရုံမစိုက်တော့ဘဲ လီဟော်ဒယ်အိုးအတွင်းမှ သူ၏ အသိစိတ်ကို ရုတ်သိမ်းကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထံ ပြန်၍ရောက်ရှိသွားလေတော့၏။
သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ရှောင်လီနှင့် ဝူရှင်းတို့ နှစ်ကောင်စလုံးက သူ့ကို စိတ်အားထက်သန်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရ၏။
"အားချင်း... နိုးလာပြီပဲ ငါတို့ အခု သွားလို့ရပြီလား" ရှောင်လီက သူ လှုပ်ရှားလိုက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း မေးလိုက်သည်။
"ရလုနီးနီးပါပဲ။ နည်းနည်းလောက် ထပ်ပြင်ဆင်ပြီးရင် ငါတို့ ထွက်ခွာလို့ ရပြီ" သူက ပြန်ဖြေလိုက်၏။
နောက်ရက်အနည်းငယ်အတွင်း လုချင်းသည် အသေအချာ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ ထို့နောက်မှသာ လှေပျံကို အရှေ့မှ ကျယ်ပြောလှသော ကမ္ဘာလောကကြီးဆီသို့ ဦးတည်မောင်းနှင်သွားလေတော့သည်။
ထျန်းယွမ်ကမ္ဘာလောကကြီးသည် အနီးတစ်ဝိုက်တွင် ရှိနေပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ သူတို့ လက်ရှိ ရောက်ရှိနေသော နေရာနှင့် အတော်လေး ဝေးကွာနေဆဲပင်။ နောက်ထပ် အချိန်အနည်းငယ်အတွင်း လုချင်းသည် လှေပျံကို သူ၏ မွေးရပ်မြေ ကမ္ဘာ၏ ကန့်သတ်ချက်ထက် အဆတစ်ရာ ပိုမြန်သော အမြန်နှုန်းဖြင့် တွန်းအားပေး မောင်းနှင်ခဲ့၏။ ဆယ်ရက်ကျော် ကြာပြီးနောက်မှသာ သူတို့သည် ကမ္ဘာငယ်လေးတစ်ခုအနီးသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြလေသည်။
သူတို့ ချဉ်းကပ်သွားလေလေ ထျန်းယွမ်ကမ္ဘာလောကကြီးမှ ဖြာထွက်နေသော စွမ်းအားများက ပို၍ ပို၍ နက်နဲလာကာ လွှမ်းမိုးနိုင်စွမ်း ရှိလာလေလေပင် ဖြစ်၏။ သူတို့ ကမ္ဘာငယ်လေးတစ်ခုအနီးသို့ ချဉ်းကပ်သွားသောအခါ ၎င်း၏ နယ်နိမိတ်အပြင်ဘက်တွင် ဧရာမ ကုန်းမြေကြီးတစ်ခု မျောလွင့်နေသည်ကို လုချင်း မြင်တွေ့လိုက်ရပြီး ၎င်းမှာ အနည်းဆုံး သူ၏ မွေးရပ်မြေ ကမ္ဘာမှ ပြည်နယ်တစ်ခုစာခန့် အရွယ်အစားရှိပေသည်။
၎င်းကို တောက်ပနေသော ဝင်္ကပါအလင်းရောင်များဖြင့် ဖုံးလွှမ်းထားပြီး မြူခိုးများကြားမှနေ၍ အတွင်းရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများစွာကို သူ မြင်တွေ့နိုင်လေ၏။ ၎င်းသည် ကြယ်တာရာကောင်းကင်ယံတွင် မျောလွင့်နေသော ဧရာမ မြို့တော်ကြီးတစ်ခုပင် ဖြစ်တော့သည်။
"ထျန်းယွမ်ကမ္ဘာလောကကြီးကို လှည့်ပတ်နေတဲ့ ကမ္ဘာငယ်လေး ငါးခုက အခြေခံအားဖြင့် ဝင်ပေါက် ငါးခုပါပဲ။ အဲ့ဒီဝင်ပေါက်တွေထဲက နေရာရွှေ့ပြောင်းဝင်္ကပါတွေကို သုံးမှပဲ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို တရားဝင် ဝင်နိုင်မှာလေ"
"ဒါပေမဲ့ အဲ့ဒီကမ္ဘာငယ်လေးတွေထဲကို ဝင်ဖို့တောင် အဲ့ဒီလောက် မလွယ်ပါဘူး။ အရင်ဆုံး ကမ္ဘာငယ်လေးရဲ့ အထက်မှာရှိတဲ့ ကြယ်တာရာ ကောင်းကင်ယံမြို့တော်မှာ သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့အတွက် စစ်ဆေးမှုနဲ့ ရွေးချယ်မှုတွေကို ဖြတ်သန်းရပါတယ်"
လုချင်းသည် လှေပျံကို တဖြည်းဖြည်း အရှိန်လျှော့ချလိုက်ရင်း မိစ္ဆာကျင့်ကြံသူ၏ စကားများကို ပြန်၍သတိရလိုက်ကာ အရှေ့ရှိ ဧရာမ မြို့တော်ကြီးဆီသို့ တည်ငြိမ်စွာ ဦးတည်သွားလေ၏။ သဘာဝကျစွာပင် သူ ရွေးချယ်ခဲ့သည်မှာ ထျန်းယွမ်ကမ္ဘာလောကကြီးအတွင်းရှိ ဖြောင့်မတ်သောလမ်းစဉ် မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားသော ကမ္ဘာငယ်လေးနှစ်ခုအနက်မှ တစ်ခုပင် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ သူ ကျင့်ကြံထားသော သိုင်းကွက်များအားလုံးမှာ ဖြောင့်မတ်သော လမ်းစဉ်၏ မှန်ကန်သော နည်းလမ်းများသာ ဖြစ်သည်။
အကယ်၍ သူသာ မိစ္ဆာကျင့်ကြံသူများ ထိန်းချုပ်ထားသော ကမ္ဘာငယ်လေးတစ်ခုဆီသို့ သွားရောက်ခဲ့ပါက မည်ကဲ့သို့သော ပြဿနာမျိုး ပေါ်ပေါက်လာမည်ကို မည်သူက သိနိုင်ပါမည်နည်း။
လှေပျံက ကြယ်တာရာ ကောင်းကင်ယံ မြို့တော်၏ ခမ်းနားထည်ဝါသော ဂိတ်တံခါးများဆီသို့ ချဉ်းကပ်သွားသောအခါ ရုတ်တရက် တောက်ပသော အဖြူရောင် ဝင်္ကပါအလင်းတန်းတစ်ခုက ဂိတ်တံခါးမှ ပစ်ထွက်လာပြီး လှေပျံဆီသို့ ဦးတည်လာလေ၏။
လုချင်းသည် ထိတ်လန့်သွားခြင်း မရှိဘဲ ၎င်းအား လှေကို လွှမ်းခြုံခွင့် ပြုလိုက်သည်။ ဤသည်မှာ မြို့တော်အတွင်းသို့ ဝင်ရောက်ရန် လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း သူ သိထားခဲ့ပါ၏။
ဤဝင်္ကပါအလင်းတန်းသည် မည်သည့် ရန်လိုမှုမျှ မရှိချေ။ ၎င်း၏ ရည်ရွယ်ချက်မှာ လှေပျံသည် မိစ္ဆာဝိညာဉ်လက်နက် ဟုတ်၊ မဟုတ် စစ်ဆေးရန်သာ ဖြစ်၏။ ထင်ထားသည့်အတိုင်းပင် အချိန်အတန်ကြာ စစ်ဆေးပြီးနောက်၌ ဝင်္ကပါအလင်းတန်းက ဖြည်းညင်းစွာ ပြန်၍ ဆုတ်ခွာသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် မြို့တံခါးရှိ ဝင်္ကပါအတားအဆီးတွင် အပေါက်တစ်ခု ပေါ်လာပြီး လှေပျံကို ဖြတ်သန်းသွားခွင့် ပြုလိုက်သည်။ လုချင်းသည် လှေကို ထိုအပေါက်မှတစ်ဆင့် မောင်းနှင်သွားကာ မြို့တံခါးရှေ့သို့ ဆင်းသက်လိုက်၏။
သူသည် ရှောင်လီ၊ ဝူရှင်းတို့နှင့်အတူ လှေပေါ်မှ ဆင်းလိုက်ပြီးနောက်တွင်တော့ လှေပျံကို ပြန်ပြီး သိမ်းဆည်းလိုက်သည်။ ထို့နောက်မှသာ သူသည် သတ္တဝါလေး နှစ်ကောင်ကို ခေါ်ဆောင်ကာ ဂိတ်တံခါးဆီသို့ ဦးတည်သွားလိုက်တော့၏။
"တာအိုမိတ်ဆွေတို့၊ ခရီးဝေးကနေ လာကြတာပဲ။ ဘယ်ကလာတာလဲ၊ ဘယ်လိုခေါ်ရမလဲလို့ မေးလို့ရမလား"
ဂိတ်တံခါးဝတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးအနောက်၌ ဝဝဖိုင့်ဖိုင့် အဘိုးအိုတစ်ဦး ထိုင်နေ၏။ သူက လုချင်းကို ကြင်နာသောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
သို့သော် အဘိုးအို၏ အရှိန်အဝါမှာ သမုဒ္ဒရာပြင်ကြီးကဲ့သို့ နက်ရှိုင်းနေကြောင်း လုချင်း ခံစားမိလိုက်သည်။ သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးမပြုဘဲ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သူ လုံးဝ ခွဲခြားသိမြင်နိုင်စွမ်း မရှိခဲ့ပေ။
ထိုအချိန်တွင် လုချင်း နားလည်သွား၏။ ထိုလူသည် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ သို့မဟုတ် ၎င်းထက်ပိုမြင့်သော အဆင့်တွင် ရှိနေရမည်ပင်။ သူသည် ပေါ့ဆစွာ မနေရဲတော့ဘဲ ရိုသေလေးစားစွာဖြင့် ချက်ချင်း အရိုအသေပေးလိုက်လေတော့သည်။
"ဒီဝမ်ပေ့က လုချင်းပါ။ ဝေးကွာပြီး ဆင်းရဲတဲ့ ကမ္ဘာငယ်လေးကနေ လာတာပါ။ ဒီနှစ်ကောင်ကတော့ ကျွန်တော်မွေးထားတဲ့ ဝိညာဉ်သားရဲလေးတွေပါ။ ဂါရဝပြုပါတယ် ချန်ပေ့"
"ဂါရဝပြုပါတယ် ချန်ပေ့"
ရှောင်လီနှင့် ဝူရှင်းတို့မှာလည်း အနည်းငယ် စိုးရိမ်ထိတ်လန့်နေလျက် အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြ၏။ သူတို့သည်လည်းပဲ သူတို့ရှေ့ရှိ အဘိုးအိုမှာ မည်မျှတိုင် ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့လည်း ဝေဝါးဝါး ခံစားသိရှိနေကြမိလေသည်။
…