အခန်း ၅၁၆
Vol. 52 Ch. 516
အခန်း ၅၁၆ - အမွေအနှစ်တစ်ခု ရရှိခြင်းနှင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ
"မင်းက တာအိုမိတ်ဆွေ လုချင်းဆိုတာလား၊ မဆိုးပါဘူးကွာ။ မြို့ဝင်ကြေးက တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ ဒါမှမဟုတ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရမယ်။ မင်းရဲ့ ဝိညာဉ်သားရဲလေးနှစ်ကောင်ကလည်း မိစ္ဆာအမြုတေအဆင့်တွေဆိုတော့ သူတို့အတွက်ပါ ပေးရမယ်ကွ။ အဲ့တော့ အဆင့်နိမ့်နဲ့ ပေးမှာလား၊ အလယ်အလတ်အဆင့်နဲ့ ပေးမှာလား"
ခပ်ဝဝအဘိုးအိုက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။ သို့သော်လည်း လုချင်း၏ မူလကမ္ဘာအမည်ကိုဖြစ်စေ၊ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ လာရောက်ရသည့် အကြောင်းရင်းကိုဖြစ်စေ ထပ်မံစစ်မေးခြင်းတော့ မရှိခဲ့ချေ။
"ကျွန်တော် ဝမ်ပေ့က အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးနဲ့ပဲ ပေးပါ့မယ် ချန်ပေ့"
မြို့ဝင်ကြေးအဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံး ပေးရမည်ဟု ကြားလိုက်ရရုံဖြင့် လုချင်း၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားတော့သည်။ ခက်ခဲကြမ်းတမ်းလှသော ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ပြီးနောက်၌ သူ၏လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ကျန်ရှိတော့၏။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများမှာ ကုန်ဆုံးသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်စာမျှသာ ကျန်ရှိတော့လေသည်။ မြို့ထဲသို့ ဝင်ရောက်ရန်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံး ကုန်ကျလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ မည်သို့ပင်ဆိုစေကာမူ ရင်ထဲတွင် နှမြောတသဖြစ်နေသော်လည်း လုချင်းက ဘာမှထပ်မပြောတော့ဘဲ ဝိညာဉ်ကျောက်တုံး သုံးတုံးကို ရိုသေစွာ ထုတ်ယူ၍ ကမ်းပေးလိုက်လေတော့သည်။
"အဲ့ဒီလောက်ကြီးလည်း နှမြောမနေပါနဲ့ကွာ။ ရှောင်ချန်းနယ်မြေထဲကို ဝင်ချင်တယ်ဆိုရင် မင်းအနေနဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးရလိမ့်မယ်။ တစ်ကြိမ် နေရာရွှေ့ပြောင်းဖို့အတွက် စွမ်းအင်တွေ အများကြီး ကုန်ကျတယ်ကွ။ မင်းဆီကနေ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ကောက်ခံတာကတင် အတော်လေး ဈေးသက်သာနေပြီလို့တောင် ဆိုရမယ်"
ခပ်ဝဝအဘိုးအိုက ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို အိတ်ထဲသို့ ကောက်ထည့်ရင်း ပြုံးကာ ပြောလိုက်ပြီးနောက် ကျောက်စိမ်းအဆောင်ပြား သုံးပြားကို ထုတ်ယူလိုက်လေ၏။
"ဒီကျောက်စိမ်းအဆောင်တွေက မင်း ဝင်ခွင့်ရကြောင်းနဲ့ နေရာရွှေ့ပြောင်းနိုင်တဲ့ အထောက်အထားပဲ။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက မြို့လယ်ခေါင်မှာရှိတယ်။ မှတ်ထားရမှာက မြို့ထဲမှာ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ ခွင့်မပြုဘူး။ ရှောင်ချန်းနယ်မြေထဲ ရောက်သွားပြီးတဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ငါနဲ့မဆိုင်တော့ဘူး"
ရှောင်ချန်းနယ်မြေဆိုသည်မှာ လုချင်း ဝင်ရောက်ရန် ရည်ရွယ်ထားသော ကမ္ဘာငယ်လေး၏ အမည်ပင်ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ချန်ပေ့"
လုချင်းသည် ကျောက်စိမ်းအဆောင်များကို ရိုသေစွာ လှမ်းယူလိုက်ပြီး အဘိုးအိုကို ထပ်၍ဦးညွှတ်ဂါရဝပြုလိုက်ကာ ရှောင်လီနှင့် ဝူရှင်းတို့ကို ခေါ်ဆောင်၍ မြို့ထဲသို့ ဝင်ရောက်သွားလေတော့၏။
ထွက်ခွာသွားသော လုချင်း၏ ကျောပြင်ကို ကြည့်ရင်း အဘိုးအို၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်ပေါ်သွားခဲ့၏။
"သာမန် အလယ်အလတ် ရွှေအမြုတေအဆင့်၊ တတိယအသွင်ပြောင်းခြင်းလို့ ထင်ရပေမဲ့ သူ့ဘေးမှာ မိစ္ဆာအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင် ပါလာတယ်။ ပြီးတော့ အဲဒီဝိညာဉ်သားရဲ နှစ်ကောင်စလုံးက သူတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတွေကို ဆောင်ထားတဲ့ပုံပဲ။ သူတို့ရဲ့ ကျင့်စဉ်အဆင့်က အဆင့်နိမ့် မိစ္ဆာအမြုတေအဆင့် ပထမအသွင်ပြောင်းခြင်းလောက်ထိတော့ ရိုးရှင်းမဲ့ပုံမပေါ်ဘူး။ ဒီလူငယ်လေးက တခြားကမ္ဘာကြီးတစ်ခုခုက မြင့်မြတ်တဲ့ မျိုးနွယ်စုတစ်ခုရဲ့ တိုက်ရိုက်အမွေဆက်ခံသူများလား၊ ဒါမှမဟုတ် သန္ဓေသားဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ သွေးသားဆက်ခံသူကများ ကိုယ့်ကိုကိုယ် သွေးဆူအောင်လို့ အတွေ့အကြုံရှာထွက်လာတာများလား"
သူက ခေတ္တမျှ စဉ်းစားခန်းဖွင့်နေပြီးနောက် ခေါင်းခါယမ်းလိုက်ကာ တွေးတောခြင်းကို ရပ်တန့်လိုက်လေ၏။ လက်ရှိ သူ၏ တာဝန်မှာ တံခါးစောင့်တစ်ယောက်မျှသာ ဖြစ်တော့သည်။ အသစ်ရောက်လာသူများသည် တစ်ဖက်ကမ်းမှ မိစ္ဆာကောင်များ မဟုတ်သရွေ့တော့ သူတို့၏ နောက်ခံသမိုင်းကြောင်းကို သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
လုချင်းသည် တခြားကမ္ဘာကြီးမှ မသေမျိုးဂိုဏ်းတစ်ခု၏ တပည့်ပင်ဖြစ်စေ၊ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ရိုက်ဆင်းသက်လာသူပင်ဖြစ်စေ၊ တခြားကမ္ဘာတစ်ခုခုမှ အလိုရှိနေသော ရာဇဝတ်ကောင်ပင် ဖြစ်နေပါစေ ထိုအရာများက သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။
မည်သို့ပင်ဆိုစေ ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ပြဿနာကြီးကြီးမားမား ဖန်တီးနိုင်စွမ်း မရှိပေ။ တစ်စုံတစ်ရာ တကယ်ဖြစ်လာခဲ့လျှင်တောင် အခြားသူတစ်ယောက်ယောက်က ဖြေရှင်းပေးလိမ့်မည်သာ။ သူ၏ တစ်ခုတည်းသော တာဝန်မှာ မြို့တံခါးကို စောင့်ကြပ်ပြီး မြို့ဝင်ကြေး ကောက်ခံရန်သာ ဖြစ်၏။
ကျန်သည့်ကိစ္စများကို အခြားသူများသာ ပူပန်ကြပါစေတော့။
မည်သို့ပင်ဖြစ်စေ သူ အသက်ရှင်ရန် နှစ်ပေါင်းများစွာ မကျန်တော့ချေ။ ကျန်ရှိနေသော အချိန်လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်သည်ကသာ အကောင်းဆုံး ဖြစ်လေတော့၏။
...
"သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ငါ့ရဲ့ ရုပ်ဖျက်ထားမှုကို အလွယ်တကူ မဖောက်ထွင်းနိုင်ဘူးပဲ"
တစ်ဖက်တွင်တော့ မြို့ထဲသို့ ရောက်ရှိသွားသော လုချင်းမှာ သက်ပြင်းတစ်ချက်ကို ချလိုက်နိုင်လေတော့၏။ သူသည် မဝင်ရောက်မီကပင် သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ပထမဆုံးအချက်မှာ သူ၏ ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားခြင်းပင်။
သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပေသည်။
အကယ်၍သာ ထိုအရာကို တစ်စုံတစ်ယောက်က သိရှိသွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်ပေ။
ထို့ကြောင့် သူ မရောက်လာမီကပင် ပြီးပြည့်စုံသော ရွှေအမြုတေ၏ မွေးရာပါ စွမ်းရည်ဖြစ်သော 'ပုံသဏ္ဌာန်မဲ့၊ အဆုံးမရှိ ပြောင်းလဲခြင်း' ကို အသက်သွင်းထားခဲ့သည်။ သူသည် သူ၏ ရွှေအမြုတေ၏ စွမ်းအားကို ဖိနှိပ်ထားကာ အလယ်အလတ်အဆင့်တစ်ခုအဖြစ်သာ မြင်တွေ့ရစေရန် ဖန်တီးထားခဲ့လေသည်။ ထိုအချိန်မှာပင် ရှောင်လီနှင့် ဝူရှင်းတို့၏ မိစ္ဆာအမြုတေများပေါ်တွင်လည်း အဆောင်တစ်ခုစီကို ရေးဆွဲပေးထားခဲ့၏။ ထိုအဆောင်များသည် ပြီးပြည့်စုံသော ရွှေအမြုတေ၏ အမြဲတစေ ပြောင်းလဲနေသော သဘာဝမှ ကွန့်မြူးဖန်တီးထားသည့် သူ၏ ကိုယ်ပိုင် ဖန်တီးမှုများပင်။ ထိုအဆောင်များသည်လည်း ကျင့်စဉ်အဆင့်ကို ဖုံးကွယ်နိုင်ပြီး အငွေ့အသက်များကိုပါ ပြောင်းလဲပေးနိုင်စွမ်း ရှိလေသည်။
ယခုတော့ အားလုံးက ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ပြီးပြည့်စုံသော ရွှေအမြုတေမှ သူ နားလည်သဘောပေါက်ထားသည်များမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေသည်။ သန္ဓေသားဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲလှပေ၏။
ထိုသို့ဖြစ်ရခြင်းမှာ အဘိုးအိုက သူတို့၏ အငွေ့အသက်များကို စူးစမ်းရန် ဝိညာဉ်အာရုံကိုသာ အသုံးပြုခဲ့သောကြောင့်လည်း ပါဝင်ပေလိမ့်မည်။ အကယ်၍သာ သူက ဝိညာဉ်စွမ်းအားကို တိုက်ရိုက်အသုံးပြုကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ရွှေအမြုတေနှင့် မိစ္ဆာအမြုတေများကို စစ်ဆေးခဲ့မည်ဆိုပါက လုချင်းမှလွဲ၍ ရှောင်လီနှင့် ဝူရှင်းတို့၏ အဆင့်မြင့် မိစ္ဆာအမြုတေများမှာ ချက်ချင်းပင် ပေါ်လွင်သွားမည်သာ။
သို့သော်လည်း တစ်စုံတစ်ယောက်၏ အမြုတေကို ဝိညာဉ်စွမ်းအားဖြင့် တိုက်ရိုက်စူးစမ်းခြင်းမှာ ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။ မည်သည့်ကျင့်ကြံသူကမျှ ထိုသို့ ကျူးကျော်ဝင်ရောက်မှုကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထျန်းယွမ်ကမ္ဘာလောကကြီးသည်လည်း ဤကဲ့သို့သော ဓလေ့ထုံးတမ်းများကို သေချာပေါက် ချိုးဖောက်မည် မဟုတ်ချေ။
သို့မဟုတ်ပါက သာမန်ကျင့်ကြံသူတစ်ဦးကို စော်ကားမိခြင်းက ကိစ္စမရှိလှသော်လည်း တစ်နေ့နေ့တွင် အခြားကမ္ဘာကြီးတစ်ခုမှ တပည့်တစ်ဦးကိုဖြစ်စေ၊ သန္ဓေသားဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးကိုဖြစ်စေ စော်ကားမိသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။
၎င်းမှာ အကြောင်းပြချက်မရှိဘဲ ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
လုချင်းက ထိုအချက်ကို ကောင်းစွာ နားလည်ထားသောကြောင့်သာ ရှောင်လီနှင့် ဝူရှင်းတို့၏ အမြုတေများပေါ်တွင် ဖုံးကွယ်ခြင်းအဆောင်များကို ရဲရဲဝံ့ဝံ့ ရေးဆွဲရဲခဲ့ခြင်း ဖြစ်၏။ အဘိုးအိုက တစ်စုံတစ်ရာ ပုံမှန်မဟုတ်သည်ကို အာရုံခံမိခဲ့လျှင်တောင် သူတို့ကို အနီးကပ် စစ်ဆေးဝံ့မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများကြားတွင် မိမိကိုယ်ကို နှိမ့်ချနေထိုင်ပြီး မိမိတို့၏ စွမ်းအားကို ဖုံးကွယ်ထားလိုသူများ များပြားလှပေ၏။ ခိုးဝင်လာသော မိစ္ဆာကျင့်ကြံသူများ မဟုတ်သရွေ့တော့ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ချေ။ အရာအားလုံးက လုချင်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့လေသည်။ အဘိုးအိုက တစ်စုံတစ်ရာကို သတိပြုမိခဲ့သော်လည်း သူတို့ကို ပြဿနာမရှာဘဲ ဖြတ်သန်းခွင့်ပြုခဲ့ပါ၏။
"ပထမဆုံး စမ်းသပ်ခံရမှုကတော့ အောင်မြင်သွားပြီ။ နောက်တစ်ဆင့်ကတော့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကနေတစ်ဆင့် ကမ္ဘာငယ်လေးထဲကို ဝင်ရောက်ဖို့ပဲ"
လုချင်းက သူ၏လက်ထဲရှိ ကျောက်စိမ်းအဆောင်ပြားလေးကို ကစားရင်း တွေးလိုက်သည်။
ဤအဆောင်ပြားလေးမှာ ဝင်ခွင့်အထောက်အထားတစ်ခုသာမက ရှောင်ချန်းနယ်မြေသို့ ဝင်ရောက်နိုင်မည့် ဖြတ်သန်းခွင့်လက်မှတ်တစ်ခုလည်း ဖြစ်ပေသည်။ ကြယ်စင်မြို့တော်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါလှသော်လည်း လုချင်းက အကြာကြီးတော့ အချိန်ဖြုန်းမနေခဲ့ပေ။ မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူက ရှောင်လီနှင့် ဝူရှင်းတို့ကို ခေါ်ဆောင်ကာ မြို့လယ်ခေါင်သို့ တိုက်ရိုက် ဦးတည်သွားလေတော့၏။
မကြာမီမှာပင် သူတို့ ထိုနေရာသို့ ရောက်ရှိသွားကြ၏။
ထိုနေရာတွင် ကြီးမားကျယ်ပြန့်သော ဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားသည့် လျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန်များ ထွင်းထုထားသော ဧရာမ ကျောက်စိမ်းစင်မြင့်ကြီးတစ်ခု ရှိနေလေသည်။
ကျောက်စိမ်းစင်မြင့်ရှေ့တွင် အထင်ကြီးလောက်စရာ အငွေ့အသက်များ ထုတ်လွှတ်နေသော လူဆယ်ဂဏန်းကျော်ခန့် စောင့်ဆိုင်းနေကြပြီး ဖြစ်၏။ သက်ကြီးရွယ်အိုများ၏ လမ်းညွှန်မှုအောက်တွင် အတွေ့အကြုံရှာရန် ရောက်ရှိလာပုံရသော လူငယ်ကျင့်ကြံသူ အနည်းငယ်မှလွဲ၍ ကျန်သူအများစုမှာ အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တောင်တန်းကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှသော အငွေ့အသက်များရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုပင် လုချင်း မြင်တွေ့ခဲ့ရပြီး ထိုသူ့ထံမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များကို ခံစားရလေသည်။ တစ်ချိန်တည်းတွင်ပင် လုချင်း၏ ရင်ထဲတွင် တင်းကျပ်သွားရ၏။ ထိုလူသည်လည်း သန္ဓေသားဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ရမည်မှာ ကျိန်းသေပေါက်ပဲပင်။
သဘာဝကျစွာပင် လုချင်း၏ ရောက်ရှိလာမှုက အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ပထမတွင် သူသည် တတိယအသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ကို မြင်သောအခါ သူတို့က သိပ်ပြီး ဂရုမစိုက်ကြချေ။ သို့သော် သူ၏ ရင်ခွင်ထဲရှိ ရှောင်လီလေးနှင့် ပခုံးပေါ်တွင် နားခိုနေသော ဝူရှင်းတို့ကို သတိပြုမိသွားချိန်တွင်တော့ သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြတော့သည်။ မည်သို့ပင်ဆိုစေ ရွှေအမြုတေအဆင့်ရှိသော ဝိညာဉ်သားရဲများမှာ ရှားပါးလှပေ၏။ အထူးသဖြင့် ကျင့်စဉ်အဆင့် သိပ်မမြင့်မားလှဟု ထင်ရသောသူတစ်ဦးက ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင်ကို ခေါ်ဆောင်လာနိုင်ခြင်းမှာ သူ၏ နောက်ခံသမိုင်းကြောင်းက သာမန်မဟုတ်ကြောင်း ထင်ရှားနေပါ၏။
သို့တိုင် မည်သူကမျှ စကားများများစားစား မပြောကြပေ။ သူ့ကို အကဲခတ်ကြည့်ပြီးနောက် သူတို့၏ ကိုယ်ပိုင်ကိစ္စများကိုသာ ဆက်လက်လုပ်ဆောင်နေကြတော့၏။
ထိုအချိန်တွင် ကျောက်စိမ်းစင်မြင့်ထက်၌ ရပ်နေပြီး ခမ်းနားသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသည့် ရွှေအမြုတေအဆင့် လူငယ်လေးတစ်ဦးက လှမ်းပြောလိုက်သည်။
"မင်းလည်း ရှောင်ချန်းနယ်မြေထဲကို ဝင်ဖို့ လာတာလား။ အချိန်နည်းနည်းတော့ ထပ်စောင့်ရဦးမယ်ကွ။ ဝင်္ကပါက လူသုံးဆယ် ပြည့်မှပဲ အသက်ဝင်မှာမို့လို့လေ"
ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းပြီးနောက် လုချင်း သိလိုက်ရသည်မှာ ကြယ်စင်မြို့တော်ရှိ ဤနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အချိန်မရွေး အသက်သွင်းနိုင်ခြင်း မရှိကြောင်းပင်။ အနည်းဆုံးအားဖြင့် တစ်ကြိမ် အသုံးပြုနိုင်ရန်အတွက် လူသုံးဆယ် ပြည့်အောင် စုရုံးရန် လိုအပ်ပေသည်။
လုချင်းက ဤအစီအစဉ်ကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်ခဲ့၏။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါသည် အသက်သွင်းလိုက်တိုင်း စွမ်းအင်အမြောက်အမြားကို စားသုံးသောကြောင့် လူတစ်ယောက်၊ နှစ်ယောက်အတွက်နှင့် သဘာဝကျကျ အသက်သွင်းပေးလိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုသို့သာ လုပ်ဆောင်ခဲ့ပါက သူတို့ ပေးသွင်းခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများသည် ဝင်္ကပါ လည်ပတ်မှုစရိတ်ကိုပင် ကာမိမည် မဟုတ်ပေ။
ဤအချက်က လုချင်းအတွက် အလွန်ပင် အဆင်ပြေနေလေသည်။ သူသည် အချိန်အနည်းငယ် ပို၍ အချိန်ဆွဲနေနိုင်ရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သံချပ်ကာဝတ် လူငယ်ကို ကျေးဇူးတင်စကား ပြောကြားပြီးနောက်၌ တိတ်ဆိတ်သော ထောင့်တစ်နေရာကို ရှာဖွေကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး စောင့်ဆိုင်းနေစဉ်အတွင်း သူ၏ အသက်ရှူနှုန်းကို တိတ်ဆိတ်စွာ ထိန်းညှိနေလိုက်လေတော့သည်။
ရှောင်လီက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး ဝူရှင်းကတော့ သူ၏ ဝတ်ရုံခေါင်းစွပ်ထဲတွင် ခွေခွေလေး နေနေလေ၏။
ဤကဲ့သို့ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မည်သူကမျှ သူ့အား အာရုံမစိုက်တော့သည်ကို သတိပြုမိသောအခါ လုချင်းက မျက်လုံးများကို တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။
နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သော သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခုက တလက်လက် တောက်ပနေခဲ့ပါ၏။ သေချာသည်မှာ သူက စင်မြင့်ကို စိုက်ကြည့်နေခြင်း မဟုတ်ဘဲ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသော မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လှသည့် ဂါထာမန္တန် ဝင်္ကပါကို စိုက်ကြည့်နေခြင်းပင်။
နေရာရွှေ့ပြောင်းခြင်း စင်မြင့်ပေါ်ရှိ ဂါထာမန္တန်များကို မြင်လိုက်ရသည့် ပထမဆုံးအကြိမ်မှာပင် သူ၏ ဝိညာဉ်မှာ တုန်လှုပ်သွားခဲ့ရသည်။ စွမ်းအားကြီးမားသော ကျင့်ကြံသူများအများအပြား ရှိနေသောကြောင့်သာ သူကိုယ်သူ ထိန်းချုပ်ထားခဲ့ရခြင်း ဖြစ်၏။ ဝင်္ကပါကို သေချာစွာ လေ့လာနိုင်ရန် အကြောင်းပြချက်တစ်ခု မည်သို့ရှာရမည်ကို သူ တွေးတောနေခဲ့မိတာပင်။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းရန် လူအုပ်စုလိုက် လိုအပ်လိမ့်မည်ဟု တွေးမိခြင်းက သူ့အတွက်တော့ ကြီးမားလှသော အခွင့်အရေးကြီးတစ်ခုပင် ဖြစ်တော့သည်။
"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ..."
ထိုလျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန်များကို စိုက်ကြည့်ရင်း သူ၏ နတ်မျက်စိစွမ်းရည်ကို တိတ်ဆိတ်စွာ အသက်သွင်းလိုက်ချိန်တွင် လုချင်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် လောင်ကျွမ်းနေလေ၏။ အချိန်တိုအတွင်းမှာပင် သူ၏ နတ်မျက်စိစွမ်းရည်ကြောင့် နေရာရွှေ့ပြောင်းခြင်း စင်မြင့်ကနေ ကြွယ်ဝသော ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စာကြောင်းအချို့ကလည်း ရုတ်ချည်းပင် မျက်စိရှေ့တွင် ပေါ်လာလေတော့သည်။
[နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့် - နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပါဝင်ပြီး နေရာလွတ်များကို ဖြတ်သန်းပို့ဆောင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် မှော်ရတနာတစ်ခု ဖြစ်သည်။]
[နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများသည် နေရာလွတ် ဥပဒေသများနှင့် သက်ဆိုင်ပြီး ဝင်္ကပါများနှင့် ပတ်သက်၍ နက်ရှိုင်းသော ဗဟုသုတမရှိဘဲ နားလည်သဘောပေါက်ရန် ခက်ခဲသည်။]
[ဤနေရာရွှေ့ပြောင်းခြင်း စင်မြင့်သည် လမ်းညွှန်မှုပေးသော မှော်ရတနာတစ်ခုဖြစ်ပြီး သတ်မှတ်ထားသော နေရာတစ်ခုသို့သာ ပို့ဆောင်ပေးနိုင်သည်။]
[ဤနေရာရွှေ့ပြောင်းခြင်း စင်မြင့်သည် အကွာအဝေးတို ပို့ဆောင်ပေးသော မှော်ရတနာတစ်ခုဖြစ်ပြီး ပို့ဆောင်နိုင်သည့် အကွာအဝေး ကန့်သတ်ချက်ရှိသည်။]
[အမွေအနှစ်ကို ရှာဖွေတွေ့ရှိပါသည်။ ဒေါင်းလုဒ်ဆွဲခြင်းနှင့် ပုံဖော်ခြင်းကို စတင်လိုပါသလား။]
နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်နှာပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာလေ၏။ သူက ဒေါင်းလုဒ်ဆွဲမည်ကို ချက်ချင်း ရွေးချယ်လိုက်တော့သည်။
[ဒေါင်းလုဒ်ဆွဲနေပါသည်... လက်ရှိ လုပ်ဆောင်မှု - ၁%... ၉၈%... ၉၉%...၁၀၀%။]
[ဒေါင်းလုဒ်ဆွဲခြင်း ပြီးဆုံးပါပြီ။ ပုံဖော်လိုပါသလား။]
ထိုအခါ လုချင်းက ပုံဖော်မည်ကို ရွေးချယ်လိုက်၏။
[ပုံဖော်နေပါသည်... လက်ရှိ လုပ်ဆောင်မှု - ၁%... ၉၈%...၉၉%...၁၀၀%။]
[ပုံဖော်ခြင်း ပြီးဆုံးပါပြီ။ စတင် လေ့လာလိုပါသလား။]
လုချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူကမျှ သူ့ကို အာရုံစိုက်နေခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ သူက ရှောင်လီ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ဝိညာဉ်သတင်းပို့လွှတ်ခြင်းဖြင့် ပြောလိုက်သည်။
"ရှောင်လီ ငါ့ကို ကင်းစောင့်ပေးထားဦးနော်။ ပတ်ဝန်းကျင်ကို သတိထားနေပေးပါ"
သူ့စကားအဆုံး၌ ရှောင်လီ၏ နားရွက်လေးများက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက်တွင် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများကြောင့် အားချင်းသည် နက်ရှိုင်းသော နားလည်သဘောပေါက်မှုအခြေအနေတစ်ခုသို့ ဝင်ရောက်တော့မည်ကို ရှောင်လီမှာ ချက်ချင်း သဘောပေါက်သွားလေတော့သည်။ ၎င်းက လှုပ်ရှားခြင်းမရှိဘဲ ဝိညာဉ်သတင်းပို့လွှတ်ခြင်းမှတစ်ဆင့် သိကြောင်း ပြသရန် "အင်း" ဟုသာ တိုးညှင်းစွာ တုံ့ပြန်လိုက်လေ၏။
ထိုအခါမှသာ လုချင်းသည် လေ့လာမည်ကို ရွေးချယ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။ နောက်တစ်ခဏတွင်တော့ နားလည်သဘောပေါက်မှု အသိဉာဏ်များက သူ၏ စိတ်အနက်ရှိုင်းဆုံးနေရာသို့ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာတော့၏။ လုချင်းသည် ထိုအချက်အလက်များကို ကျွမ်းကျင်စွာဖြင့် လက်ခံရယူကာ လျင်မြန်စွာပင် နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားလေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်နေသော လုချင်းက မျက်လုံးများကို ဖွင့်လိုက်လေသည်။
"ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက... တကယ့်ကို အံ့မခန်းပါလားကွာ။ ဝင်္ကပါရဲ့ စွမ်းအားကတစ်ဆင့် နေရာလွတ် ဥပဒေသတွေကို ဆင့်ခေါ်နိုင်ပြီးတော့ နေရာလွတ်ကို ဖြတ်သန်းပို့ဆောင်နိုင်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး"
လုချင်းသည် စိတ်ထဲ၌ အလွန်အမင်း အံ့အားသင့်နေခဲ့၏။ နားလည်ထားရမည့်အချက်မှာ နေရာလွတ် တာအိုသည် အတိုင်းအဆမရှိ နက်ရှိုင်းလှပေသည်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ၎င်း၏ ဥပဒေသများကို စတင်နားလည်သဘောပေါက်ရန်အတွက် ကြီးမားသော နက်ရှိုင်းမှုနှင့် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံများ လိုအပ်လှပါ၏။
သို့သော် ဤနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါသည် ထိုအခက်အခဲများကို ရှောင်ကွင်းသွားနိုင်ခဲ့လေသည်။
ဝင်္ကပါကို တိကျစွာ စီစဉ်နိုင်ပြီး နေရာလွတ် ဥပဒေသများနှင့် ချိတ်ဆက်ရန် ဂါထာမန္တန်များကို အသုံးပြုနိုင်သရွေ့တော့ နေရာလွတ် စွမ်းအားများကို လမ်းကြောင်းပေးကာ နေရာရွှေ့ပြောင်းခြင်းကို ပြီးမြောက်နိုင်မည်သာ။
"လှေပျံက ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်တဲ့ စွမ်းရည်ရှိပေမဲ့ အဲဒီစွမ်းရည်ရဲ့ တစ်ဝက်ကျော်က သူ့ရဲ့ ထူးခြားတဲ့ ဒြပ်စင်ဖွဲ့စည်းမှုတွေကနေ လာတာလေ။ သူ့ရဲ့ အတွင်းပိုင်း ဝင်္ကပါတွေက ဒုတိယအနေနဲ့ အရေးပါတဲ့ အရာတွေပဲ။ ဒါပေမဲ့ ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကျတော့... သူ့ရဲ့ ပို့ဆောင်နိုင်တဲ့ စွမ်းအားက ဝင်္ကပါကိုယ်တိုင်ကနေ ထွက်ပေါ်လာတာပဲ။ တကယ်လို့ ငါသာ ဒါကို အပြည့်အဝ နားလည်နိုင်ခဲ့မယ်ဆိုရင် ဂါထာမန္တန် ဝင်္ကပါတွေနဲ့ ပတ်သက်ပြီး ငါ့ရဲ့ ကျွမ်းကျင်မှုက သေချာပေါက် အများကြီး ပိုပြီးနက်ရှိုင်းလာမှာ ကျိန်းသေပဲ။ ဝိညာဉ်အခြေခံအဆောင်တွေမှာ အလယ်အလတ်အဆင့် ယန်အဆောင်အဆင့်ကိုတောင် ငါ ရောက်သွားနိုင်တယ်"
လုချင်းမှာ အလွန်အမင်း ပျော်ရွှင်နေမိလေ၏။ အစပိုင်းက ဤကဲ့သို့ အဆင့်မြင့် အမွေအနှစ်များနှင့် မကြုံတွေ့ရမီ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ တရားဝင် ဝင်ရောက်ရမည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။ ရှောင်ချန်းနယ်မြေထဲသို့ မခြေချရသေးမီမှာပင် ဤမျှ ကြီးမားသော အကျိုးအမြတ်များကို ရရှိလိမ့်မည်ဟု သူ လုံးဝကို ထင်မှတ်မထားခဲ့မိပေ။
ဤအရာက လုချင်း၏ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို ပို၍ပင် ခိုင်မာသွားစေခဲ့လေတော့သည်။ သူ၏ နတ်မျက်စိစွမ်းရည်ဖြင့်ဆိုလျှင် အခွင့်အရေးများနှင့် ကံကောင်းမှုများ ပြည့်နှက်နေသော ထိုကျယ်ဝန်းလှသည့် ကမ္ဘာကြီးသည် သူ့အတွက်တော့ အမြင့်မြတ်ဆုံးသော နယ်မြေတစ်ခုပင်။
အချိန်အနည်းငယ်ကြာပြီးနောက် လုချင်းက သူ၏ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်ရန် မျက်လုံးများကို ထပ်မံ မှိတ်ထားလိုက်တော့၏။ ဤနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှာ သာမန်ထက်လွန်ကဲစွာ နက်ရှိုင်းလှပြီး ယခင်က သူ ရရှိခဲ့သည်များမှာ အပေါ်ယံ နားလည်သဘောပေါက်မှုသာ ဖြစ်ပေသည်။ အမှန်တကယ် ကျွမ်းကျင်လာရန်အတွက်မူ အလှမ်းဝေးနေဆဲပင်။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းရန် လိုအပ်သော လူအရေအတွက် ပြည့်မီရန် အချိန်မည်မျှ ကြာဦးမည်ကို သူ မသိသောကြောင့် ဤအချိန်ကို အပြည့်အဝ အသုံးချကာ ကျင့်ကြံလေ့လာခြင်းက ပိုကောင်းပေလိမ့်မည်။
"အားချင်းက ဘာတွေများ နားလည်သွားလို့ အခုလောက်တောင် ပျော်နေရတာပါလိမ့်"
လုချင်း၏ ရင်ခွင်ထဲတွင် ခွေခွေလေးနေသော ရှောင်လီသည် သူ တရားထိုင်သည့် အခြေအနေသို့ ပြန်လည်ဝင်ရောက်သွားသည်ကို သတိပြုမိသောအခါ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။ လုချင်းသည် သူ၏ စိတ်ခံစားမှု အတက်အကျများကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သော်လည်း အလွန်ရင်းနှီးပြီး ထက်မြက်သော အလိုအလျောက်သိမြင်နိုင်စွမ်းရှိသည့် ရှောင်လီကိုတော့ လှည့်စား၍ မရနိုင်ချေ။
လုချင်းအပေါ် နားလည်ထားမှုအရ သူသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့မခန်းအရာတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်မှာ ထင်ရှားလှပေ၏။ သို့မဟုတ်ပါက သူ ဤမျှလောက်အထိ ပျော်ရွှင်နေလိမ့်မည် မဟုတ်ပေ။
...
လုချင်း တိတ်ဆိတ်စွာ ဆက်လက် လေ့လာနေရင်း အချိန်များကလည်း တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့လေသည်။ ထိုအချိန်အတွင်း နေရာရွှေ့ပြောင်းခြင်း စင်မြင့်ပတ်လည်တွင် ကျင့်ကြံသူများ တဖြည်းဖြည်း ပို၍ စုရုံးလာကြတော့၏။ အချို့က စကားစမြည်ပြောဆိုရန် သို့မဟုတ် အဆက်အသွယ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာကြသော်လည်း လုချင်းက ယဉ်ကျေးစွာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ပြီးနောက်၌ ကျန်သူများမှာလည်း သိတတ်စွာဖြင့် အဝေးသို့ ရှောင်ဖယ်သွားကြလေတော့သည်။
ဤနည်းဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင်တော့ ကျောက်စိမ်းစင်မြင့် ပတ်လည်ရှိ လူအရေအတွက်မှာ သုံးဆယ် ပြည့်သွားခဲ့လေပြီပင်။
"အားလုံးပဲ... ကျွန်တော်တို့ လူသုံးဆယ် ပြည့်သွားပါပြီ။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အခု အသက်သွင်းလို့ ရပါပြီ။ ကျေးဇူးပြုပြီး စင်မြင့်ရဲ့ အလယ်ကို ဝင်လာပေးကြပါ"
သံချပ်ကာဝတ် လူငယ်က နောက်ထပ် နေ့ဝက်ခန့် စောင့်ဆိုင်းပြီးနောက် မည်သူမျှ ထပ်မရောက်လာတော့သည်ကို မြင်သောအခါ အုပ်စုကို လှမ်းပြောလိုက်၏။ ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကာ စင်မြင့်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားကြတော့သည်။ ထိုသို့ သွားရောက်စဉ်အတွင်း တစ်ဦးနှင့်တစ်ဦး မရင်းနှီးသူများက တမင်သက်သက် ခပ်ခွာခွာ နေကြလေသည်။
ကံကောင်းထောက်မစွာဖြင့် နေရာရွှေ့ပြောင်းခြင်း စင်မြင့်မှာ လူသုံးဆယ်ကို လက်ခံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်ပြီး သူတို့ကြားတွင် နေရာလွတ်များ ရှိနေစေရန် ခွင့်ပြုထားပါ၏။
ထိုစဉ် လုချင်းကလည်း မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်၏။ သူ၏ ရင်ထဲတွင် တသိမ့်သိမ့် ပျော်ရွှင်နေမိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါနှင့် ပတ်သက်၍ သူ၏ နားလည်သဘောပေါက်မှုမှာ အတော်လေးကို နက်ရှိုင်းလာခဲ့ပြီပင်။
လိုအပ်သော ပစ္စည်းများကို လုံလောက်စွာ စုဆောင်းမိသည်နှင့်တစ်ပြိုင်နက် သူကိုယ်တိုင်ပင် တစ်ခုလောက် ဖန်တီးနိုင်မည်မှာ ကျိန်းသေပေါက်ပဲပင်။
"အားလုံးပဲ... နေရာလွတ် စွမ်းအားက အတိုင်းအဆမရှိ ကြီးပါတယ်။ ဝင်္ကပါရဲ့ ကာကွယ်မှု ရှိနေရင်တောင် ပို့ဆောင်တဲ့ ဖြစ်စဉ်အတွင်းမှာ သက်တောင့်သက်သာ မဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ"
သံချပ်ကာဝတ် လူငယ်က အမိန့်ပေး အဆောင်ပြားတစ်ခုကို ထုတ်ယူခြင်း မပြုမီ သတိပေးစကား ပြောလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားများ အဆောင်ပြားထဲသို့ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် ထိုအဆောင်ပြားမှ ထူးဆန်းသော လှိုင်းဂယက်များ ထွက်ပေါ်လာတော့၏။
တစ်ချိန်တည်းမှာပင် နေရာရွှေ့ပြောင်းခြင်း စင်မြင့်တစ်ခုလုံးမှ အလင်းလှိုင်းများ ဖြာထွက်လာလေသည်။
နောက်တစ်ခဏတွင်တော့ လုချင်းသည် အစွမ်းထက်သော နေရာလွတ် စွမ်းအားလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
ထို့နောက်၌ နေရာလွတ် လေဝဲကတော့ကြီးတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာပြီး သူတို့အားလုံးကို တစ်ပါတည်း မျိုချသွားလေတော့၏။
…