← Chapters

အခန်း ၅၁၇

Vol. 52 Ch. 517

အခန်း ၅၁၇

Vol. 52 Ch. 517

အခန်း ၅၁၇ - စည်ကားလှသော မသေမျိုးမြို့တော်၊ နေထိုင်ရန် မလွယ်ကူလှပေ

ချန်းလန်မြို့တော်သည် ရှောင်ချန်းနယ်မြေထဲတွင် အစည်ကားဆုံးသော မြို့တော်များထဲမှ တစ်ခု ဖြစ်၏။

မြို့လယ်ခေါင်တွင် ကြယ်စင်မြို့တော်၏ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်တစ်ခု ရှိနေလေ၏။ သို့သော်လည်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းရန် ကြီးမားလှသော စွမ်းအင်များ လိုအပ်သောကြောင့် အချိန်အကန့်အသတ်ဖြင့်သာ အသက်သွင်းနိုင်သည်။ သို့ဖြစ်၍ ထိုစင်မြင့်မှာ အချိန်အများစုတွင် ငြိမ်သက်နေလေ့ရှိ၏။

ဤနေ့တွင်တော့ နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်မှာ မြို့တစ်မြို့လုံးမှ မြင်တွေ့နိုင်လောက်အောင် တောက်ပသော အလင်းရောင်များ ရုတ်တရက် ဖြာထွက်လာခဲ့တော့သည်။ အလင်းရောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မြို့တွင်းရှိ ကုန်သည်အများအပြားမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့၏။

"အပြင်ဘက်က ကျင့်ကြံသူတစ်ယောက် ချန်းလန်မြို့တော်ကို ရောက်လာတာလား"

"မြန်မြန်လုပ်ကြ။ အဲဒီကို အခုချက်ချင်း သွားပြီး... ဧည့်သည်ကို ငါတို့ဆိုင်ဆီ ခေါ်လာရမယ်ကွ"

"ပြီးခဲ့တဲ့တစ်ခေါက်က ကျန့်ဝေ့စားသောက်ဆိုင်က ငါတို့ကို ကျော်တက်သွားခဲ့တာ။ ဒီတစ်ခါတော့ သူတို့ကို ထပ်ပြီး အောင်မြင်ခွင့်မပေးနိုင်ဘူး"

"မြန်မြန်လုပ်၊ ဆိုင်ထဲမှာရှိတဲ့ မှော်ရတနာတွေအားလုံးကို ထုတ်ထားကြ။ ငါတို့ဆီကို ဧည့်သည်ကြီး တစ်ယောက် ရောက်လာနိုင်တယ်"

"ပြီးတော့ သက်တမ်းကုန်ခါနီး ဆေးလုံးတွေ... သိုလှောင်ခန်းထဲက သွားယူခဲ့ကြ။ အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်လာတော့မယ်"

အော်ဟစ်သံများ လွှမ်းမိုးနေသည့်ကြားမှ လူအုပ်ကြီးမှာ နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်ဆီသို့ အပြေးအလွှား သွားရောက်ကြလေတော့သည်။ မည်သို့ပင်ဆိုစေ ကြယ်စင်များကို ဖြတ်သန်းခရီးသွားနိုင်သော ကျင့်ကြံသူများမှာ စွမ်းအားကြီးမားရုံသာမက သာမန်အားဖြင့် ချမ်းသာကြွယ်ဝသူများလည်း ဖြစ်ကြပေသည်။ ထို့ကြောင့် သူတို့သည် အကောင်းဆုံးသော ဖောက်သည်များဖြစ်မည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

"ဒါက ရှောင်ချန်းနယ်မြေဆိုတာလား"

နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်ပေါ်တွင် ရပ်နေရင်း လုချင်းသည် သူ့ပတ်ဝန်းကျင်ရှိ အလွန်တရာ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကို ခံစားမိလိုက်ချိန်တွင် ခေတ္တမျှ မိန်းမောသွားခဲ့လေ၏။

သူ မတတ်နိုင်ခဲ့ပေ။

ဤနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန်အမင်းကိုမှ များပြားလွန်းလှပေ၏။ ဤနေရာသည် ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်၏ သန့်စင်မှုနှင့် သိပ်သည်းဆမှာ သူ၏ မူလကမ္ဘာထက် အနည်းဆုံး ဆယ်ဆခန့်လောက်ထိ ပို၍ပင် များပြားနေလေတော့သည်။

"ဒီလို ပတ်ဝန်းကျင်မျိုးနဲ့ဆိုရင် ထျန်းယွမ်ကမ္ဘာလောကကြီးကို မရောက်နိုင်သေးရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရဖို့ မျှော်လင့်ချက်ရှိသေးတာပဲ"

လုချင်း၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့၏။ မျှော်လင့်ထားသည့်အတိုင်းပင် အပြင်ကမ္ဘာကြီးမှာ အမှန်တကယ်ကို အံ့မခန်းဖြစ်ပြီး အကွေ့အကောက်တိုင်းတွင် အံ့ဩဖွယ်ရာများဖြင့် ပြည့်နှက်နေပေသည်။

အစပိုင်းကတော့ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ မည်သို့ အမြန်သွားရမည်ကို သူ တွေးတောနေခဲ့မိသည်ပင်။

သို့သော် ယခုတော့ အလောတကြီး လုပ်ရန် မလိုအပ်တော့ဟု ထင်ရပေသည်။ အရင်က လုချင်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို သုံးခဲ့ရသည့်အတွက် နာကျင်နေခဲ့မိ၏။ သို့သော် ယခုတော့ အရာအားလုံးက တန်သည်ဟု သူ ခံစားလိုက်ရတော့၏။

နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ၏ အမွေအနှစ်ကို ရရှိခဲ့ရုံသာမက ဤမျှ ကြွယ်ဝသော ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံခွင့် ရခဲ့ခြင်းမှာ လုံးဝကို တွက်ခြေကိုက်လွန်းလှပေသည်။

"ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေလဲ"

ရှောင်လီနှင့် ဝူရှင်းတို့သည်လည်း သူတို့ကို ဝန်းရံထားသော ဝိညာဉ်စွမ်းအင်များကြောင့် ထပ်တူပင် အံ့သြမှင်သက်သွားကြလေသည်။ ဤမြို့တွင်းရှိ စွမ်းအင်များသည် မြင့်မြတ်သောတောင်တော်ပေါ်ရှိ သီးသန့် ကျင့်ကြံခြင်း အခန်းများထက်ပင် များစွာ ပို၍သိပ်သည်းနေလေ၏။

အားချင်း အဘယ်ကြောင့် အပြင်ထွက်ရန် ဤမျှလောက် စိတ်အားထက်သန်နေရသည်မှာ မဆန်းတော့ပေ။ ဤကဲ့သို့သော အခြေအနေများဖြင့် ကျင့်ကြံခြင်းတွင် လျင်မြန်သော တိုးတက်မှုကို မတွေ့ရလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

"တာအိုမိတ်ဆွေ... အဆင်ပြေရဲ့လား"

သူတို့သုံးယောက် ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့သြမှင်သက်နေစဉ် အခြားကျင့်ကြံသူများမှာတော့ နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်ပေါ်မှ ဆင်းသက်သွားကြလေပြီပင်။

စင်မြင့်ကို ကြီးကြပ်ရန် တာဝန်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက လုချင်းတစ်ယောက် ရှိမြဲနေရာတစ်နေရာတည်းတွင်သာ ရပ်တန့်နေသည်ကို သတိပြုမိသွားပြီး နေရာရွှေ့ပြောင်းခြင်း၏ ဒဏ်ကြောင့် ရုန်းကန်နေရသည်ဟု ထင်မှတ်သွားခဲ့၏။ ထို့ကြောင့် စိုးရိမ်တကြီးဖြင့် ညင်သာစွာ မေးမြန်းလိုက်သည်ပင်။

"ဪ...ဒီဝမ်ပေ့ အဆင်ပြေပါတယ်ဗျ။ ချန်ပေ့ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ"

လုချင်းသည် အမြန် သတိပြန်ဝင်လာပြီး ထိုလူ့ကို ရိုသေစွာ ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထိုလူ့ထံမှ ဖြာထွက်နေသော အငွေ့အသက်များက သူသည်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ဖော်ပြနေပါ၏။ ထိုအချက်က လုချင်းကို တိတ်တဆိတ် အံ့အားသင့်သွားစေခဲ့သည်။

သူသည် ထျန်းယွမ်ကမ္ဘာလောကကြီးသို့ပင် မရောက်ရှိသေးချေ။ သို့တိုင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဤနေရာတွင် အလွန်အမင်း ပေါများစွာ တွေ့မြင်နေရပေ၏။

သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့်ပင် ထျန်းယွမ်ကမ္ဘာလောကကြီးတွင် အလယ်အလတ်အဆင့်မျှသာ သတ်မှတ်ခံရသည်ဟု ထိုမိစ္ဆာကျင့်ကြံသူ ပြောခဲ့သည်မှာ မဆန်းတော့ချေ။

"ချန်ပေ့... တည်းခိုဖို့ နေရာ လိုအပ်လား။ ကျွန်တော်တို့ ကျန့်ဝေ့စားသောက်ဆိုင်ရဲ့ ဝိညာဉ်ဟင်းလျာတွေက ဘယ်သူနဲ့မှ မယှဉ်နိုင်အောင်ထိ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အကျိုးကျေးဇူးတွေလည်း ပါပါတယ်ခင်ဗျ။ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ဝိညာဉ်ကိုလည်း အာဟာရဖြည့်ပေးတာမို့ ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်နော်။ ကျွန်တော်တို့ရဲ့ ဧည့်ခန်းတွေမှာဆိုရင် အဆင့်မြင့် ဝိညာဉ်စုဆောင်းခြင်း ဝင်္ကပါတွေကိုလည်း တပ်ဆင်ထားတာမို့ ချန်ပေ့ရဲ့ ကျင့်ကြံခြင်း ထိရောက်မှုကိုလည်း နှစ်ဆတိုးစေမှာပါဗျ"

"ချန်ပေ့... ချန်ပေ့... မှော်ရတနာတွေ လိုအပ်နေလား။ ကျွန်တော်တို့ ရွှမ်ချီပန်းပဲဖိုက အဆင့်မြင့် ရတနာတွေကိုပဲ ဖန်တီးတာမို့ ချန်ပေ့ လုံးဝကို ကျေနပ်သွားစေရပါမယ်"

"နတ်မိမယ်လေး... ဒါက ကျွန်တော်တို့ မြောင်တန်ဆေးဆိုင်ရဲ့ ချန်ချွန်းဆေးလုံးလေးပါ။ နုပျိုလှပမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်နော်..."

လုချင်း စင်မြင့်ပေါ်မှ ဆင်းရန် ပြင်ဆင်နေစဉ်မှာပင် လူအုပ်ကြီးတစ်အုပ်က ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိ ပေါ်ပေါက်လာတော့၏။ သူတို့က အသစ်ရောက်လာသော ကျင့်ကြံသူများကို ကပ်တွယ်ကာ မြှောက်ပင့်သော အပြုံးများဖြင့် သူတို့၏ ကုန်ပစ္စည်းအမျိုးမျိုးကို အကြံပြုနေကြ၏။

အလွန်အမင်းကိုပဲ ရင်းနှီးနေသော ထိုမြင်ကွင်းက လုချင်းကို ထပ်မံ၍ အံ့သြမှင်သက်သွားစေခဲ့ပြန်သည်။ သူတို့ထဲတွင် အနိမ့်ဆုံး ကျင့်ကြံသူပင်လျှင် ချီသန့်စင်ခြင်းအဆင့်၌ ရှိနေသည်ဆိုသောအချက်မှလွဲ၍ သူ၏ ယခင်ဘဝက ခေတ်မီကမ္ဘာကြီးသို့ ပြန်လည်ရောက်ရှိသွားသည်ဟုပင် သူ ထင်မှတ်မိသွားနိုင်လေသည်။ သူက လူလတ်ပိုင်း အမျိုးသားဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ချန်ပေ့... ဒီလူတွေက..."

ထိုလူက အောက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာ၏။

"သူတို့အားလုံးက ဒေသခံ ကုန်သည်တွေလေ။ မင်း တည်းခိုဖို့နေရာရှာချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ရတနာတွေ၊ ဆေးလုံးတွေ ဝယ်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် သူတို့ကို ရှာလို့ရတယ်။ အလိမ်မခံရအောင်တော့ သတိထားပေါ့ကွာ"

လုချင်းမှာ ချက်ချင်းပင် ပို၍သတိကပ်လိုက်မိတော့၏။ ထိုလူက "အလိမ်မခံရအောင် သတိထား" ဟု ပြောခဲ့ခြင်းမှာ လိမ်လည်ခံရနိုင်ခြေ အမှန်တကယ် ရှိနေသည်ကို ရည်ညွှန်းနေခြင်းပင်။

"သူ့မျက်နှာပေါ်က အမူအရာကို ကြည့်ရတာ ဒါတွေက ပုံမှန်ကိစ္စတစ်ခုလိုပဲ။ ဒီချန်းလန်မြို့တော်က ငြိမ်းချမ်းတဲ့ ခိုကိုးရာနေရာတစ်ခုတော့ မဟုတ်လောက်ဘူး" လုချင်းက စိတ်ထဲမှ တွေးလိုက်၏။

သို့သော်လည်း သူ၏ မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုမျှ ပေါ်လွင်ခြင်းမရှိပေ။ ယင်းအစား လူလတ်ပိုင်း အမျိုးသားကို ရိုသေစွာ ဂါရဝပြုလိုက်ကာ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချန်ပေ့"

ထိုသို့ပြောပြီးနောက် သူက အောက်သို့ ဆင်းသွားလေတော့သည်။ ရှောင်လီနှင့် ဝူရှင်းတို့မှာမူ သူတို့၏ ကိုယ်လုံးကို သေးငယ်အောင် ပြုလုပ်ကာ သူ၏ ဝတ်ရုံထဲသို့ တိုးဝင်သွားကြပြီး သူတို့၏ အငွေ့အသက်များကို လုံးဝ ဖုံးကွယ်ထားလိုက်ကြလေပြီပင်။

လူလတ်ပိုင်း အမျိုးသားက လူအုပ်ထဲတွင် ပျောက်ကွယ်သွားသော လုချင်း၏ ကျောပြင်ကို ကြည့်ကာ ဘာမှထပ်မပြောတော့ဘဲ မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်ပြီး သူ၏ တာဝန်များဆီသို့ ပြန်သွားလိုက်တော့၏။

စင်မြင့်ပေါ်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် လုချင်းသည်လည်း စိတ်အားထက်သန်နေသော ကုန်သည်များ၏ ဝိုင်းရံခြင်းကို သဘာဝကျကျပင် ခံလိုက်ရလေသည်။ သို့သော် သူသည် လုံးဝ ပိုက်ဆံမရှိသူ မဟုတ်သော်ငြား သူ၏ ငွေကြေးအိတ်လေးမှာတော့ အတော်လေး ပေါ့ပါးနေဆဲ ဖြစ်သည်။ သူ လုပ်နိုင်သည်မှာ ကမ်းလှမ်းချက်များကို ယဉ်ကျေးစွာ ငြင်းပယ်ကာ လူအုပ်ထဲမှ တိုးထွက်လာဖို့သာ။

နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်မှ ထွက်ခွာလာပြီးနောက်တွင်တော့ ဤနယ်မြေကို ပိုပြီးနားလည်သဘောပေါက်နိုင်ရန်အတွက် မြို့ကို အရင်လေ့လာဖို့ လုချင်း ဆုံးဖြတ်လိုက်တော့၏။

နာရီဝက်ခန့် ကြာပြီးနောက်

ချန်းလန်မြို့တော်ကို သေချာစွာ လျှောက်ကြည့်ပြီးနောက် လမ်းပေါ်ရှိ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထံမှ အချက်အလက်များ ရယူရန် သူ ကိုယ်တိုင် ဖန်တီးထားသော မှော်ရတနာတစ်ခုကို လဲလှယ်လိုက်ရသဖြင့် လုချင်းမှာ အခက်အခဲတစ်ခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။

"ဒီနေရာက တာ့ယွမ်မသေမျိုးပိုင်နက်ရဲ့ အစည်ကားဆုံး ဒေသတွေထဲက တစ်ခု ဖြစ်နေတာ မဆန်းပါဘူးလေ။ ဒီမှာရှိတဲ့ အရာအားလုံးက ဝိညာဉ်ကျောက်တုံးတွေ လိုအပ်နေတာကိုး"

ချန်းလန်မြို့တော်ရှိ နေထိုင်သူအားလုံးနီးပါးမှာ ကျင့်ကြံသူများ ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။

ထို့ကြောင့် တည်းခိုဖို့အတွက်ဖြစ်စေ၊ အစားအသောက်၊ ဆေးလုံးများ သို့မဟုတ် ဝိညာဉ်လက်နက်များအတွက်ဖြစ်စေ ငွေကြေးလွှဲပြောင်းမှုအားလုံးနီးပါးအတွက် ဝိညာဉ်ကျောက်တုံးများကိုချည်း အသုံးပြုကာ ဆောင်ရွက်ကြလေသည်။ ဒေသတွင်း တည်းခိုခန်းတစ်ခုရှိ ရိုးရှင်းသော အခန်းတစ်ခန်းအကြောင်း မေးမြန်းကြည့်ရာတွင် အခြေခံအကျဆုံး အခန်းတစ်ခန်းပင်လျှင် တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်ကျမည်ပင်။ အဆင့်မြင့် အခန်းများဆိုလျှင်တော့ ယင်းထက် ဆယ်ဆမျှ ပိုမိုကုန်ကျနိုင်ပေ၏။

"ငါ့ရဲ့ မူလကမ္ဘာမှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို မဟာဗျူဟာမြောက် အရင်းအမြစ်တွေအဖြစ်တောင် သတ်မှတ်ခံထားရတာလေ။ ဂိုဏ်းတွေတောင် တစ်ခုတစ်လေလေး သုံးဖို့အရေး တော်တော်ကြီးကို တွန့်ဆုတ်နေရလောက်အောင်အထိ အဖိုးတန်ပေမဲ့လည်း ဒီမှာကျတော့ သာမန် ငွေကြေးတစ်ခုလိုတောင် ဖြစ်နေတာပဲ။ ဒီက ထမင်းကောင်းတစ်နပ်က ငါ့ကမ္ဘာက ဂိုဏ်းတစ်ခုလုံးရဲ့ ကြွယ်ဝချမ်းသာမှုနဲ့တောင် ညီမျှနေဦးမယ်"

လုချင်းမှာ ခါးသက်သက် ပြုံးလိုက်ရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ချေ။ အစပိုင်းက သူသည် ထျန်းယွမ်ကမ္ဘာလောကကြီးသို့ ဝင်ရောက်ရန် လိုအပ်ချက်များကို စုံစမ်းချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ ထိုအရာက ဒုတိယဦးစားပေး ဖြစ်သွားခဲ့လေပြီပင်။

လက်ရှိတွင် အရေးအကြီးဆုံး ကိစ္စမှာ ဝိညာဉ်ကျောက်တုံးအချို့ ရရှိရန် နည်းလမ်းရှာဖွေရေးပင်ဖြစ်၏။

သို့မဟုတ်ပါက သူ၏ လက်ကျန် အနည်းငယ်ဖြင့်ဆိုလျှင် သူရော၊ ရှောင်လီရော၊ ဝူရှင်းပါ လမ်းပေါ်ထွက်ပြီး စားသောက်ရန်ပင် ရုန်းကန်ရမည့်အချိန်မှာ သိပ်မဝေးတော့ပေ။

…..

All Chapters