အခန်း ၅၂၀
Vol. 52 Ch. 520
အခန်း ၅၂၀ - မိုးကြိုးအဆောင်၏ လျှို့ဝှက်ချက်၊ ဆရာသခင်အဆင့် အဆောင်သခင်
"အားချင်း.. အားချင်း.. နင်လုပ်တဲ့ အဆောင်တွေက တန်ဖိုးရှိလိုက်တာ။ တစ်ခုတည်းနဲ့တင် ဝိညာဉ်ကျောက်တုံးတွေ အများကြီးရတယ်နော်။ ဘာလို့ ထပ်မလုပ်တာလဲ။ ဒါဆိုရင် ခဏလေးအတွင်းမှာ ငါတို့ ချမ်းသာသွားပြီ မဟုတ်ဘူးလား"
ရတနာခန်းမဆောင်ထဲမှ ထွက်ထွက်ချင်းပင် ရှောင်လီ၏ စိတ်လှုပ်ရှားနေသော အသံလေးမှာ လုချင်း၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွားတော့လေ၏။
သတ္တဝါလေးမှာ အလွန်ကို အံ့အားသင့်လျက်ရှိနေသည်။ အားချင်း ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်သော အဆောင်တစ်ခုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ဖြင့် ရောင်းရလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားခဲ့ပေ။ ဤနှုန်းအတိုင်းသာဆိုလျှင် နောက်ထပ် အနည်းငယ်မျှ ထပ်ရောင်းလိုက်သည်နှင့် သူတို့ ချက်ချင်းပင် ဓနဥစ္စာအမြောက်အမြားကို စုဆောင်းမိသွားမည် မဟုတ်ပါလော။
"လောစရာမလိုပါဘူး" လုချင်းက သာယာစွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။ "ဒီနေ့က အခြေအနေကို စမ်းသပ်ကြည့်ရုံသက်သက်ပဲ။ ရှေ့လျှောက် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
ယနေ့ သူ၏ အဓိကရည်ရွယ်ချက်မှာ ရတနာခန်းမဆောင်သည် စီးပွားရေးအရောင်းအဝယ်ကိစ္စများတွင် လူပြောသူပြောများသကဲ့သို့ တကယ်ပဲ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိကို သိရှိလိုခြင်းသာ။ ယခု မြင်တွေ့ရသလောက်တော့ သူ၏အမြင်မှာ အတော်လေး ကောင်းမွန်နေခဲ့ပါ၏။
သူတို့တွေ ဒါကို ဘယ်လောက်ကြာမှ သတိထားမိမလဲ ဆိုတာကို စောင့်ကြည့်ရုံပဲ ကျန်တော့တယ်...
လုချင်းက စိတ်ထဲမှ ကြိတ်တွေးလိုက်လေ၏။
……
လုချင်းနှင့် ရှောင်လီတို့ စကားစမြည် ပြောဆိုနေချိန်တွင်..
ရတနာခန်းမဆောင်၏ အခြားတစ်နေရာ၌မူ..
ဆရာဝမ်သည် သူ၏လက်ထဲမှ မိုးကြိုးအဆောင်ကို ကြည့်ရင်း မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်းများ အပြည့်အနှက် ရှိနေတော့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရွှေအမြုတေအဆင့် အဆောင်တစ်ခုကို ဖန်တီးဖို့ သာမန် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းလေးတစ်ခုကို ဘယ်လိုလုပ် သုံးလို့ရမှာလဲ။ ပြီးတော့ ဖျက်ဆီးအားပြင်းတဲ့ မိုးကြိုးအဆောင်မျိုးကိုလေ…ဒီလောက် စွမ်းအားကြီးမားတဲ့ အဆောင်စွမ်းအင်ကို သူက ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေတာလဲ"
"ဆရာဝမ်.. ဘာဖြစ်လို့လဲရှင့်။ အဆောင်မှာ တစ်ခုခု မှားနေလို့လား"
ဆရာဝမ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးချောလေး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အလျင်အမြန်ပင် မေးလိုက်တော့လေ၏။
ဤတစ်ကြိမ်တွင် သူမ အမှားများ လုပ်မိလေပြီလော။
မိုးကြိုးအဆောင်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေခြင်းလော။
"ပြဿနာက အကြီးကြီးပဲ"
ဆရာဝမ်၏ ပထမဆုံး စကားတစ်ခွန်းကြောင့်ပင် သူမ၏ နှလုံးသားလေးမှာ တုန်ရီသွားရတော့သည်။ သို့သော် သူ၏ နောက်ထပ်စကားများကတော့ သူမကို ဆွံ့အသွားစေခဲ့လေ၏။
"ဒီအဆောင်ကို အရမ်းညံ့တဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတာ.. သာမန် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းသက်သက်ပဲ။ ဒါပေမဲ့ သူက ရွှေအမြုတေအဆင့် အဆောင်တစ်ခုရဲ့ စွမ်းအားကိုတောင် ခံနိုင်ရည်ရှိနေတယ်လေ။ ပြီးတော့ ရိုးရိုးအဆောင်တစ်ခုလည်း မဟုတ်ဘူး.. အဖျက်စွမ်းအား ကြီးတဲ့ မိုးကြိုးအမျိုးအစား အဆောင်ဖြစ်နေတာလေ။ ဒါက သာမန်ယုတ္တိတန်မှုတွေကို လုံးဝ ဆန့်ကျင်နေတယ်။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
မိုးကြိုးအဆောင်ကို ကိုင်ထားသော သူ၏ လက်များမှာ အနည်းငယ် တုန်ရီနေသည်။ အဆောင်ပညာရပ်အပေါ် သူ၏ နားလည်သဘောပေါက်ထားမှုများသည် ကြီးမားလှသော တုန်လှုပ်ချောက်ချားမှုကြီးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ရှိနေတော့သည်။
ထိုစဉ် ဆွဲဆောင်မှုရှိသော မိန်းမချောလေးမှာတော့ မှင်သက်နေလေ၏။ အတန်ကြာမှ သူမက သတိထားကာ မေးလိုက်သည်။
"ဒါဆို ဆရာဝမ် ပြောချင်တာက.. ဒီမိုးကြိုးအဆောင်က အတုမဟုတ်ဘူး၊ တကယ့် ရွှေအမြုတေအဆင့် မိုးကြိုးအဆောင်အစစ်လို့ ဆိုလိုတာလား"
"အစစ်ဆိုတာကတော့ သေချာတယ်။ ဒါပေမဲ့ ဖန်တီးထားတဲ့ နည်းလမ်းကတော့ လုံးဝကို ပုံမှန်မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဖန်တီးထားတာလဲဆိုတာကို ငါ နားမလည်နိုင်အောင် ဖြစ်နေရတယ်လေ။ ယုတ္တိဗေဒအရဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းက ဒီလောက် ကြီးတဲ့ အဆောင်စွမ်းအင်ကို ခံနိုင်ရည်မရှိနေရမှာလေ..."
ဆရာဝမ်သည် မိုးကြိုးအဆောင်ကို စူးစိုက်ကြည့်ရင်း သူ၏ နားလည်ရခက်နေမှုများကို အထပ်ထပ်အခါခါ ရေရွတ်နေတော့သည်။
သို့သော် မိန်းမချောလေးကတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေ၏။
အတုမဟုတ်လျှင် တော်ပါပြီလေ။
အကယ်၍သာ အတုတစ်ခုအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀ ပေးလိုက်ရမည်ဆိုပါက ကပ်ဘေးဆိုက်ပြီဟုသာ ဆိုရပေမည်။ အလုပ်ပြုတ်မည် မဟုတ်လျှင်တောင် ပြစ်ဒဏ်ပေးခံရမည်မှာ သေချာပြီး လစာအဖြတ်ခံရကာ နှစ်ပေါင်းများစွာ အလကား အလုပ်လုပ်ပေးရမည့် ကိန်းဆိုက်ပေလိမ့်မည်။
ဆရာဝမ်၏ အံ့သြတုန်လှုပ်နေမှုများကိုတော့ သူမ သိပ်ပြီး ဂရုမစိုက်အားပေ။
သူမမှ အဆောင်ပညာရပ်ကို နားမလည်ဘဲလေ။ နည်းပညာပိုင်းဆိုင်ရာတွေကိုတော့ ကျွမ်းကျင်သူတွေပဲ ခေါင်းကိုက်ခံပါစေတော့။
"ကျိယွမ်.. ဒီအဆောင်က အရမ်းကို ထူးခြားတယ်။ ဘဏ္ဍာတိုက်ထဲကို အခုချက်ချင်း မပို့လိုက်နဲ့ဦး။ ငါ အရင်ဆုံး လေ့လာချင်သေးတယ်"
တစ်ယောက်တည်း ရေရွတ်နေပြီးနောက်၌ ဆရာဝမ်က ရုတ်တရက် ခေါင်းမော့လာကာ မျက်လုံးများ အရောင်တောက်လျက် ပြောလိုက်သည်။
"ရပါတယ်ရှင်.. ဆရာဝမ်အနေနဲ့ သေချာ မှတ်တမ်းတင်ထားသရွေ့ ပြဿနာမရှိပါဘူးရှင့်"
အထူးငှားရမ်းထားသော အကဲဖြတ်နှင့် အဆောင်ဖန်တီးမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဆရာဝမ်သည် ရတနာခန်းမဆောင်တွင် မြင့်မားသော ရာထူးတစ်ခုကို ရရှိထားပြီး အခွင့်ထူးအချို့ကိုလည်း ပိုင်ဆိုင်ထားလေသည်။ သူ မိုးကြိုးအဆောင်ကို ဆက်လက်လေ့လာလိုခြင်းမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပေ။
ထို့ပြင် ရတနာခန်းမဆောင်သည် ပစ္စည်းများကို သိုလှောင်ရုံသို့ မသွင်းမီ အကဲဖြတ်သူများက အမြဲတမ်း စစ်ဆေးလေ့ရှိသည် မဟုတ်ပါလော။
"ကောင်းပြီ.. မင်းပဲ မှတ်တမ်းလုပ်ထားလိုက်"
ထိုသို့ပြောပြီးသည်နှင့် ဆရာဝမ်သည် မိုးကြိုးအဆောင်ကို ကိုင်လျက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဤမျှ အဆင့်နိမ့်လှသော ကုန်ကြမ်းပစ္စည်းကို အသုံးပြုကာ ရွှေအမြုတေအဆင့် စွမ်းအားကို မည်သို့မည်ပုံ စီးဆင်းစေခဲ့သနည်းဆိုသည်ကို ဖော်ထုတ်ရန် သူ အလွန်တရာ စိတ်အားထက်သန်နေတော့၏။ သူ၏ နေအိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဆရာဝမ်သည် အချိန်မဆွဲတော့ဘဲ အချပ်ပြားပုံစံ မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ဤအရာသည် သူ၏ သီးသန့် ကိရိယာတစ်ခုဖြစ်ပြီး သူ၏ လျှို့ဝှက်ပညာရပ်များနှင့် ပေါင်းစပ်လိုက်သောအခါ အခြားသော မှော်ပစ္စည်းများ၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိလေသည်။ ၎င်းသည် ရတနာခန်းမဆောင်တွင် သူ အကဲဖြတ် မဟာသခင်တစ်ဦးအဖြစ် လေးစားခံရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်၏။
သူက ဝိညာဉ်စွမ်းအားဖြင့် ထိုကိရိယာကို အသက်သွင်းလိုက်ရာ အလင်းရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် မိုးကြိုးအဆောင်ကို စတင်၍ ခွဲခြမ်းစိတ်ဖြာတော့သည်။ ဤတစ်ကြိမ်တွင် ကိရိယာ၏ အကူအညီဖြင့် အဆောင်ကို မထိခိုက်စေဘဲ အတွင်းဘက်ရှိ ဂါထာမန္တန်များ၏ ဖွဲ့စည်းပုံကို နောက်ဆုံးတွင် သူ မြင်တွေ့နိုင်ခဲ့လေပြီပင်။
သို့သော် သူ မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ မျက်လုံးများမှာ ယခင်ကထက်ပင် ပို၍ ပြူးကျယ်သွားရတော့၏။
"မဖြစ်နိုင်ဘူး.. တစ်ယောက်ယောက်က မန္တန်အစီအရင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းထဲမှာ အပြစ်အနာအဆာကင်းကင်း ပေါင်းစပ်ပြီးတော့ တိတိကျကျကို စီစဉ်ထားတာပဲ။ ကုန်ကြမ်းပစ္စည်းရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်နေတဲ့ စွမ်းအင်တွေကို ခံနိုင်ရည်ရှိရုံတင်မကဘဲ ပြီးပြည့်စုံတဲ့ တည်ငြိမ်မှုလည်း ရှိနေသေးတယ်"
ဆရာဝမ်သည် ပို၍ နက်နက်ရှိုင်းရှိုင်း လေ့လာမိလေလေ၊ ပို၍ အံ့အားသင့်လာရလေလေ ဖြစ်လာ၏။ အဆောင်ပညာရပ်တွင် အလွန်တရာ အောင်မြင်မှုရရှိထားသူတစ်ဦးအနေဖြင့် ဤအရာသည် မည်မျှ ခက်ခဲကြောင်းကို သူ အပြည့်အဝ နားလည်ထားပါ၏။
"ဒီအဆောင်ကို ဖန်တီးခဲ့တဲ့သူက အနည်းဆုံးတော့ ဆရာသခင်အဆင့် အဆောင်သခင် တစ်ယောက်ဖြစ်ရမယ်။ မဟုတ်ဘူး၊ မဟာသခင်အဆင့်တောင် ဖြစ်နေနိုင်တယ်"
ဤအတွေးက သူ့ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားစေပြီး သူ၏ မျက်လုံးများမှာ အံ့သြကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့၏။
"ဒါကို အထက်လူကြီးတွေဆီ အကြောင်းကြားမှ ဖြစ်မယ်"
...
"ဆရာဝမ်.. ကျွန်မတို့ကို အခုချက်ချင်း တွေ့ချင်ရလောက်အောင် ဘယ်လို အရေးကြီးကိစ္စတွေ ရှိနေလို့လဲ"
နာရီဝက်ခန့် ကြာပြီးနောက် ကျယ်ဝန်း၍ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျယ်ကြီးတစ်ခုအတွင်းဝယ် ထူးခြားသော အလှတရားနှင့် နက်နဲသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက နွေးထွေးစွာ စကားဆိုလိုက်လေသည်။
သူမအပြင် အခန်းထဲတွင် အခြားသော အင်အားကြီးမားသည့် ပုဂ္ဂိုလ်များလည်း ရှိနေကြပြီး တစ်ဦးစီမှာ ပြင်းထန်လှသော ကျင့်ကြံခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။ အခန်း၏ အလယ်ဗဟိုတွင်မူ ဆရာဝမ်နှင့်အတူ စောစောက လုချင်းကို ဧည့်ခံခဲ့သော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးချောလေး ကျိယွမ်တို့က ရိုသေကျိုးနွံစွာ စောင့်ဆိုင်းနေကြသည်။
ကျိယွမ်မှာမူ တွေဝေရှုပ်ထွေးနေဆဲပင်။
ခန်းမဆောင်သခင်က သူမကို အဘယ်ကြောင့် ဤမျှ ရုတ်တရက် ဆင့်ခေါ်ရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ပေ။ ယခု ရတနာခန်းမဆောင်၏ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ စုရုံးနေသည်ကို မြင်လိုက်ရသောအခါ၌ သူမ၏ စိုးရိမ်ပူပန်မှုများက ပို၍သာ နက်ရှိုင်းလာတော့၏။
"ဟုတ်တယ် ဆရာဝမ်.. ခင်ဗျား ရုတ်တရက်ကြီး အမြန်စုဝေးခိုင်းတဲ့အချိန်မှာ ကျုပ်က တံခါးပိတ်ကျင့်ကြံပြီး အရေးကြီးတဲ့ အဆောင်ရတနာတစ်ခုကို ဖန်တီးနေတာလေ။ တကယ်လို့ ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးဆိုရင်တော့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်နော်"
ထိုအချိန်တွင် အရပ်ပုပုနှင့် ပိန်ပိန်ပါးပါး လူလတ်ပိုင်းတစ်ဦးကလည်း ဆရာဝမ်နှင့် မသင့်မြတ်သည့် လေသံမျိုးဖြင့် ဝင်ပြောလိုက်သည်။
"သေချာပေါက် အရေးကြီးတာပေါ့။ မဟုတ်ရင် ခန်းမဆောင်သခင်ကိုတောင် အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားကို ခေါ်လိုက်ရတာက.. ဆရာချိုး၊ ဆရာကျောက်နဲ့ တခြားသူတွေကို သက်သေအဖြစ်နဲ့ ကျုပ်ပြောတာတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေ မဟုတ်ဘူးဆိုတာကို အတည်ပြုပေးဖို့အတွက်ပဲ"
ဆရာဝမ်က တည်ငြိမ်စွာပင် ပြန်၍တုံ့ပြန်လိုက်၏။
"ခင်ဗျားက ကျုပ်ကို သက်သေလုပ်ခိုင်းတယ်ပေါ့"
ဆရာချိုးမှာ အံ့အားသင့်သွားတော့သည်။
သူနှင့် ဤအဘိုးကြီးမှာ ရတနာခန်းမဆောင်ရှိ အကဲဖြတ်သူများပင် ဖြစ်ကြသည်။
သူတို့ နှစ်ဦးစလုံးမှာ အဆောင်ပညာရပ်ကို လေ့လာလိုက်စားကြသူများ ဖြစ်သောကြောင့် သူတို့ကြားတွင် ပြိုင်ဆိုင်မှုများလည်း ရှိနေခဲ့သည်။ အမြဲလိုလို အနည်းငယ် အဆင်မပြေဖြစ်လေ့ရှိ၏။
သို့ဖြစ်ရာ ထိုအဘိုးကြီးက သူ့ကို သက်သေအဖြစ် တောင်းဆိုလိုက်သောအခါ သူ အမှန်တကယ်ပင် အံ့သြသွားခဲ့ရသည်။ သို့သော် ပထမဆုံး အံ့အားသင့်သွားပြီးနောက် ဆရာချိုး၏ မျက်နှာပေါ်တွင် ရယ်မောချင်စရာကောင်းသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"စိတ်ဝင်စားစရာပဲ.. ဒါဆို လူတွေအများကြီးကို စုဝေးစေလောက်တဲ့အထိ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"ဟုတ်တယ်.. ကျုပ်မှာလည်း လုပ်စရာကိစ္စတွေ အများကြီးရှိတယ်။ ဆရာဝမ်.. ပြောစရာရှိရင်လည်း မြန်မြန်ပြောပါ" မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးကလည်း စိတ်မရှည်စွာဖြင့် ဖြည့်စွက်ပြောလိုက်သည်။
"ကျုပ် တင်ပြချင်တဲ့ ကိစ္စကတော့ ဒီအဆောင်နဲ့ ပတ်သက်ပါတယ်"
လူတိုင်းက သူ့ကို မြန်မြန်ပြောရန် တိုက်တွန်းနေကြသည်ကို မြင်သောအခါ၌ ဆရာဝမ်ကလည်း အချိန်ဆွဲမနေတော့ဘဲ မိုးကြိုးအဆောင်ကို တိုက်ရိုက်ပင် ထုတ်ပြလိုက်တော့သည်။
"အဆောင်လား"
မျက်လုံးအားလုံးက ဆရာဝမ်၏ လက်ထဲရှိ ပစ္စည်းလေးဆီသို့ ချက်ချင်းပင် ကျရောက်သွားကြ၏။
"ဒီအဆောင်က လုံးဝကို သာမန်ပါပဲ။ ဒီလောက်ထိ အုတ်အော်သောင်းနင်း ဖြစ်နေဖို့ တန်လို့လား" ဆရာချိုးက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။
အခြားသူများကလည်း သိသိသာသာကို သံသယဖြစ်နေကြ၏။
အမှန်တော့ ဆရာဝမ် ပြသလိုက်သော အဆောင်လေးမှာ ပြိုင်ဘက်ကင်း ရတနာတစ်ခုနှင့် တူမနေဘဲ သာမန်မျှသာ ဖြစ်နေသည် မဟုတ်ပါလော။
ကျိယွမ်တစ်ယောက်သာလျှင် အတွင်းစိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။
ဤအရာသည် လွန်ခဲ့သော အချိန်ခဏလေးကမှ သူမ လက်ခံရယူခဲ့သော မိုးကြိုးအဆောင်ဖြစ်ကြောင်း သူမ မှတ်မိလိုက်လေ၏။
"ဆရာချိုး.. ခင်ဗျားကိုယ်တိုင် စစ်ဆေးကြည့်ပြီး ဘယ်လို လျှို့ဝှက်ချက်တွေ ပါနေလဲဆိုတာကို ကြည့်လိုက်ပါလား" ဆရာဝမ်က အဆောင်၏ လျှို့ဝှက်ချက်များကို တိုက်ရိုက် မရှင်းပြတော့ဘဲ ပိန်ပိန်ပါးပါး လူလတ်ပိုင်းထံသို့ ကမ်းပေးလိုက်သည်။
ဆရာချိုးက ခေတ္တမျှ တုံ့ဆိုင်းနေခဲ့မိ၏။ သို့သော် ခန်းမဆောင်သခင်နှင့် ဒုတိယခန်းမဆောင်သခင်တို့ နှစ်ဦးစလုံး ရှိနေသောကြောင့် ဤပြိုင်ဘက်အိုကြီးသည် ဤနေရာတွင် လှည့်ကွက်တစ်ခုမျှ သုံးရဲမည်မဟုတ်ဟု တွေးလိုက်ပြီး ကျောက်စိမ်းအဆောင်ကို လက်ခံလိုက်လေသည်။
"ခင်ဗျားကို ဒီလောက်ထိ ဟန်ဆောင်ကောင်းအောင် လုပ်ပေးနိုင်တဲ့ အဆောင်က ဘယ်လိုမျိုးလဲဆိုတာ ကျုပ်ကိုယ်တိုင် ကြည့်ကြည့်ရသေးတာပေါ့"
အဆောင်ကို ယူကာ အရှိန်အဝါကို ခေတ္တမျှ ခံစားကြည့်ပြီးနောက်တွင် သူက အသံထွက်ကာ ရယ်မောလိုက်တော့သည်။
"ဆရာဝမ်..ခုတလော အဆောင်တွေ ဖန်တီးတာ များသွားလို့ ခင်ဗျားခေါင်းမကောင်းတော့တာလား။ ဒါက အခြေခံ ရွှေအမြုတေအဆင့် အဆောင်တစ်ခုထက် မပိုဘူးလေ။ ဟုတ်တယ်.. ရှားပါးတဲ့ မိုးကြိုးအမျိုးအစားဆိုပေမဲ့ အရင်ကလည်း မိုးကြိုးအဆောင်တွေကို ကျုပ်တို့ မြင်ဖူးတာပဲ။ အဆင့်မြင့် ရွှေအမြုတေ မိုးကြိုးအဆောင်တွေကိုတောင် ကျုပ်တို့ စုဆောင်းထားတာတွေ ရှိသေးတယ်လေ။ ဒီအတွက်နဲ့များ ကျုပ်တို့အားလုံးကို စုဝေးခိုင်းရတယ်လို့ပဲကွာ.. ခင်ဗျား အသက်ကြီးပြီး သတိမေ့နေပြီလို့တော့ မပြောနဲ့နော်"
"အခြေခံ ရွှေအမြုတေအဆင့် အဆောင်"
အခြားသူများက ဆရာဝမ်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်ကြသည်။ အကယ်၍ ဒါက အမှန်သာဆိုလျှင် သူတို့အားလုံးကို ဤသို့ စုဝေးစေခြင်းမှာ တကယ့်ကိုပင် လွန်ကျူးရာကျပေသည်။ လူတိုင်းတွင် ဆောင်ရွက်ရန် အရေးကြီးသော ကိစ္စများရှိကြပြီး သာမန် အဆောင်တစ်ခုအတွက် အချိန်ဖြုန်းခြင်းက အမှန်တကယ်ပင် ယုတ္တိမတန်လှပေ။ အစောပိုင်းက တည်ငြိမ်နေခဲ့သော လူလတ်ပိုင်း အမျိုးသမီးပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်သွားတော့၏။ သို့တိုင် ဆရာဝမ်က သူတို့၏ အကြည့်များအောက်တွင် တည်ငြိမ်နေဆဲပင်။
သူက လေးနက်စွာဖြင့် ပြောလိုက်၏။ "ဟုတ်တယ်။ ဒါက အခြေခံ ရွှေအမြုတေအဆင့် အဆောင်တစ်ခုဆိုပေမဲ့.. သူ့ရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေကတော့ လုံးဝကို မရိုးရှင်းပါဘူး။ ဆရာချိုး.. သေချာလေး ထပ်ပြီး စစ်ဆေးကြည့်ပါလား"
"အတွင်းပိုင်း လုပ်ဆောင်ချက်တွေပေါ့။ ကောင်းပြီလေ.. ခင်ဗျား ဘာတွေ ပြောနေလဲဆိုတာကို ကျုပ် ထပ်ပြီး ကြည့်ပေးရသေးတာပေါ့"
ဆရာချိုးက နှာခေါင်းရှုံ့လိုက်ပြီးနောက် လျှို့ဝှက်ပညာရပ်တစ်ခုကို အသက်သွင်းလိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာပြီးနောက် သူ၏ သူငယ်အိမ်များမှာ အဆောင်၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ စူးစိုက်ကြည့်ရှုလိုက်သည်နှင့် အနည်းငယ် နီရဲလာတော့၏။
သူ စူးစိုက်ကြည့်ရှုနေစဉ် ရေရွတ်လိုက်သည်။ "ဘာမှ မထူးခြားပါဘူး။ သာမန် အဆင့်နိမ့် ရွှေအမြုတေအဆင့် အဆောင်တစ်ခုပဲလေ။ ပြီးတော့ ဖန်တီးထားတဲ့ ကုန်ကြမ်းကလည်း တန်ဖိုးသိပ်မရှိတဲ့ အကြမ်းထည် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်း... နေပါဦး.. အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းလား"
စကားပြောနေရင်း တစ်ဝက်အရောက်တွင် ဆရာချိုးက တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး သူ၏ မျက်လုံးများမှာ အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့လေ၏။
၎င်းသည် ဆရာဝမ် စောင့်ဆိုင်းနေခဲ့သည့် အရာပင်။
ရုတ်ချည်းပင် သူ၏ မျက်နှာပေါ်တွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
"ဘယ်လိုလဲ ဆရာချိုး.. အခုတော့ မြင်ပြီမဟုတ်လား"
သို့သော် ထိုအချိန်တွင် ဆရာချိုး၌ ပြိုင်ဆိုင်မှုအတွက် အချိန်မရှိတော့ပေ။ သူသည် လက်ထဲရှိ အဆောင်ကို သေချာစွာ စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်အနှက် ရှိနေတော့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလို အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းက ရွှေအမြုတေအဆင့် အဆောင်တစ်ခုရဲ့ စွမ်းအားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ.. အထူးသဖြင့် အဖျက်စွမ်းအား ကြီးတဲ့ မိုးကြိုးအမျိုးအစား အဆောင်တစ်ခုကိုလေ"
"ဆရာချိုး"
ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ဆရာချိုးတစ်ယောက် ဤမျှတိုင် အံ့အားသင့်နေသည်ကို မြင်သောအခါ၌ အခန်းထဲရှိ အခြားသူများလည်း တောင့်တင်းသွားကြတော့သည်။ ဤအဆောင်သည် တကယ်ပင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ကြောင်းကို သူတို့ စတင်၍ သဘောပေါက်လာကြလေပြီပင်။
"ဆရာချိုး.. ကျုပ်လည်း သေချာစစ်ဆေးကြည့်လို့ ရမလား"
အခြားအကြီးအကဲ တစ်ဦးဖြစ်သည့် အဆောင်ပညာရပ်တွင် ကျွမ်းကျင်သော ဆရာကျောက်ကလည်း သူကြားလိုက်ရသည့် စကားကြောင့် တုန်လှုပ်သွားပြီး မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
ဆရာချိုးက အံ့အားသင့်နေဆဲ အမူအရာဖြင့် မိုးကြိုးအဆောင်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ကမ်းပေးလိုက်၏။
မိုးကြိုးအဆောင်ကို ရရှိပြီးနောက် ဆရာကျောက်သည် ချက်ချင်းပင် သူ၏ ကိုယ်ပိုင် လျှို့ဝှက်နည်းစနစ်များကို အသက်သွင်းကာ စတင်၍ ခွဲခြမ်းစိတ်ဖြာတော့သည်။ ဆရာချိုး၏ အစောပိုင်း တုံ့ပြန်မှုကြောင့် သူသည် မည်သည့်နေရာကို အဓိကထား၍ ကြည့်ရှုရမည်ဆိုသည့် လမ်းကြောင်းတစ်ခုကို ရရှိထားခဲ့သည်။ မကြာမီမှာပင် သူ၏ အမူအရာသည်လည်း အံ့သြမှုများအဖြစ် ပြောင်းလဲသွားတော့လေ၏။
"အနိမ့်ဆုံးအဆင့် ဝိညာဉ်ကျောက်စိမ်းနဲ့ တကယ်ကြီး ဖန်တီးထားပေမဲ့ ရွှေအမြုတေအဆင့် အဆောင်စွမ်းအားကို သယ်ဆောင်ထားနိုင်သေးတယ်ဆိုတာကြီးက... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"လျှို့ဝှက်ချက်က ကျောက်စိမ်းအဆောင်ထဲမှာရှိတဲ့ မန္တန်အစီအရင်မှာ ရှိနေတယ်"
ထိုအချိန်မှာပင် ဆရာဝမ်က ထပ်မံ၍ စကားဆိုလိုက်လေသည်။ လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြ၏။
"ဒီအဆောင်ထဲက မန္တန်အစီအရင်ကို အရမ်းကို ဉာဏ်ကောင်းကောင်းနဲ့ ဆွဲထားတာပဲ။ ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းလေးအတွက် သီးသန့် ဖန်တီးပေးထားသလိုမျိုးဖြစ်နေတာလေ။ မန္တန်အက္ခရာတိုင်းက ကျောက်စိမ်းရဲ့ သဘာဝ ပုံဆောင်ခဲ မျဉ်းတွေနဲ့ အတိအကျကို ကိုက်ညီနေရုံတင်မကဘူး... ကျောက်စိမ်းရဲ့ ဖွဲ့စည်းပုံနဲ့လည်း အပြစ်အနာအဆာတစ်စက်ကလေးမှ မရှိဘဲ ပေါင်းစပ်နေတယ်လေ။ အဲ့တာတွေအားလုံးကို ပေါင်းစပ်လိုက်တော့ သီးခြားရပ်တည်နိုင်တဲ့ ပတ်လမ်းတစ်ခု ဖြစ်လာကော၊ အဲ့တာက အစီအရင်ကို စွမ်းအားကြီးကြီးနဲ့ ထုတ်လွှတ်နိုင်စေသလို အဆောင်ကိုလည်း ကာကွယ်ပေးထားသေးတယ်လေ။ ဒါကြောင့် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းလေး တစ်ခုကတောင် ရွှေအမြုတေအဆင့် မန္တန်အစီအရင်ရဲ့ စွမ်းအားကို ထောက်ပံ့ပေးနိုင်တာပဲ"
ဆရာဝမ်က သူ၏ ခွဲခြမ်းစိတ်ဖြာမှုမှ ရရှိလာသော အသိအမြင်များကို အသေးစိတ် ရှင်းပြလိုက်သည်။ သို့သော် ဤစကားကို ကြားသောအခါ၌ ဆရာချိုးနှင့် ဆရာကျောက်တို့ နှစ်ဦးစလုံးမှာ ပို၍ပင် တုန်လှုပ်သွားကြပုံရ၏။
"ဆရာဝမ်.. ခင်ဗျားပြောတာက တစ်ယောက်ယောက်က ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းလေး တစ်ခုတည်းအတွက် အစီအရင်တစ်ခုကို သီးသန့် ဆွဲထားတယ်လို့ ဆိုလိုတာလား.. ရွှေအမြုတေအဆင့် အဆောင်စွမ်းအင်ကို ခံနိုင်ရည်ရှိအောင်လို့လေ"
"ဟုတ်တယ်။ ဒါကို ဖော်ထုတ်ဖို့ ကျုပ်ဖြင့် အချိန်အတော်လေးကို ယူလိုက်ရတယ်။ ဆရာကျောက်.. ခင်ဗျားသာ ဆက်ပြီး စစ်ဆေးကြည့်မယ်ဆိုရင် ကျုပ်နဲ့ အဖြေတူတူပဲ ထွက်လာမယ်ဆိုတာ သေချာတယ်"
ဆရာဝမ်က ခေါင်းညိတ်လိုက်၏။
"သေချာတာပေါ့.. ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ယုံကြည်ပါတယ်။ ဒါပေမဲ့... ဒါက တကယ်ကို ယုံဖို့ခက်လွန်းနေလို့ပါ။ ဒီလိုအရာမျိုးကို အောင်မြင်ဖို့ဆိုရင် အဆောင်ကို ဖန်တီးတဲ့သူက ကျုပ်တို့ထက် အများကြီး သာလွန်တဲ့ စွမ်းရည်တွေ ရှိနေရမယ်.. အနည်းဆုံးတော့ သူက ဆရာသခင်အဆင့် အဆောင်သခင် တစ်ယောက်ဖြစ်နေရမယ်"
ဆရာကျောက်၏ အသံမှာ မယုံကြည်နိုင်မှုတို့ကြောင့် တုန်ရီနေတော့သည်။
ဆရာသခင်အဆင့် အဆောင်သခင်။
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယခင်က တည်ငြိမ်နေခဲ့သော လူလတ်ပိုင်း အမျိုးသမီးနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များပင်လျှင် သိသိသာသာ တုန်လှုပ်သွားကြတော့၏။
အကယ်၍ သူတို့သည် အစောပိုင်း စကားဝိုင်း၏ အရေးပါမှုကို အပြည့်အဝ နားမလည်ခဲ့သေးလျှင်ပင်...
ဤနောက်ဆုံးစကားကတော့ အရာအားလုံးကို ရှင်းလင်းသွားစေခဲ့ပြီ ဖြစ်၏။
ဆရာသခင်အဆင့် အဆောင်သခင်ဆိုသူများမှာ ရှောင်ချန်းကမ္ဘာတွင် အလွန်တရာကိုမှ ရှားပါးလှပေသည်။ လက်ချိုးရေတွက်၍ပင် ရနိုင်ပါ၏။ သူတို့ တစ်ဦးစီတိုင်းသည် ကြီးမားလှသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားကြပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ မြောက်မြားစွာ၏ အလိုလိုက် အကြိုက်ဆောင်ခြင်းကို ခံရသူများလည်း ဖြစ်ကြသည်။ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများပင်လျှင် သူတို့ကို ရိုသေလေးစားစွာ ဆက်ဆံကြပြီး သူတို့၏ မျက်နှာသာပေးမှုကို ရှာဖွေကြလေသည်။
ယခုမူ ဤအဆောင်သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ လက်ရာဖြစ်သည်ဟု ဆရာဝမ်က ဆိုနေသည်မဟုတ်ပါလော။
"ဆရာဝမ်.. ဒီကျောက်စိမ်းအဆောင်က ဘယ်ကနေ ရောက်လာတာလဲ။ ဒါကို ဖန်တီးခဲ့တဲ့ ကျွမ်းကျင်သူက ဘယ်မှာလဲ"
ဤရတနာခန်းမဆောင်၏ ခန်းမဆောင်သခင် ဖြစ်သော လူလတ်ပိုင်း အမျိုးသမီးက အလျင်စလိုပင် မေးလိုက်တော့၏။
"ဒါကိုတော့ ကျုပ်လည်း မသိဘူး။ ကျိယွမ်ကိုပဲ မေးကြည့်မှ ရလိမ့်မယ်"
ထိုစကားနှင့်အတူ ဆရာဝမ်က လှည့်ကာ ယခုအခါ၌ လုံးဝ မှင်သက်နေပြီဖြစ်သော ကျိယွမ်ကို လက်ညှိုးထိုးပြလိုက်တော့သည်။