အခန်း ၅၂၁
Vol. 53 Ch. 521
အခန်း ၅၂၁ - ရတနာခန်းမဆောင်သခင်၏ ဆုံးဖြတ်ချက်နှင့် တရားဝင် သွားရောက်တွေ့ဆုံခြင်း
ဆရာဝမ်က ဆွဲဆောင်မှုရှိသော အမျိုးသမီးချောလေးကို လက်ညှိုးထိုးပြလိုက်သောအခါ သူမ၏ စိတ်အာရုံများမှာ တုန်လှုပ်မှုကြောင့် ဗလာကျင်းနေဆဲပင် ဖြစ်၏။ အစောပိုင်းက ဆရာဝမ်နှင့် အခြားသူများ၏ စကားဝိုင်းကို သူမ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ အထူးသဖြင့် မိုးကြိုးအဆောင်သည် ဆရာအဆင့် အဆောင်သခင်တစ်ဦး၏ လက်ရာဖြစ်နိုင်ကြောင်း ကြားလိုက်ရသောအခါ သူမ၏ ခေါင်းထဲတွင် မိုးချုန်းသံများကဲ့သို့ အူဝေသွားတော့၏။
သူမ ပေါ့ပေါ့ပါးပါး လက်ခံယူလိုက်သော အဆောင်သည် ဤမျှ နက်နဲသော ဇာစ်မြစ်ရှိနေမည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။
"ကျိယွမ်.. ဒီကျောက်စိမ်းအဆောင်ကို လက်ခံခဲ့တာ မင်းလား"
ရတနာခန်းမဆောင်သခင်၏ အကြည့်များက ဆွဲဆောင်မှုရှိသော အမျိုးသမီးချောလေးထံသို့ ကျရောက်သွားလေသည်။ အခြားသူများကလည်း သူမကို လှည့်ကြည့်လိုက်ကြ၏။ ခန်းမဆောင်သခင်၏ အကြည့်ကို ခံစားလိုက်ရသောအခါ အမျိုးသမီးချောလေးမှာ တုန်ရီသွားပြီး အလျင်အမြန်ပင် သတိပြန်လည်လာတော့သည်။ သူမက စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်၏။
"ခန်းမဆောင်သခင်.. ဒီမိုးကြိုးအဆောင်ကို ဒီနေ့ ကျွန်မ လက်ခံခဲ့တာ မှန်ပါတယ်။ ရောင်းခဲ့တဲ့သူက ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက်ပါ"
"ရွှေအမြုတေအဆင့် ကျွမ်းကျင်သူလား"
ခန်းမဆောင်သခင်၏ မျက်လုံးများက အတွေးများဖြင့် တောက်ပသွားတော့သည်။ သူမက မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး သူမ၏ ဝိညာဉ်အာရုံကို ရတနာခန်းမဆောင်အတွင်းရှိ အစီအရင်ထဲသို့ ဖြန့်ကျက်လိုက်ကာ တစ်စုံတစ်ခုကို အာရုံခံနေပုံရလေသည်။ အတန်ကြာပြီးနောက် သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ လူတိုင်း၏ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာတော့သည်။ ယင်းမှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးချောလေးနှင့် လုချင်းတို့ စကားပြောနေသည့် မြင်ကွင်းပင် ဖြစ်၏။
"ဒီရွှေအမြုတေအဆင့် ကျွမ်းကျင်သူလား"
"ဟုတ်ပါတယ်ရှင့်" အမျိုးသမီးချောလေးက ရိုသေစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒီသခင်လေးက အဆောင်တစ်ခုကို ရောင်းချင်တယ်လို့ အစကတည်းက ပြောခဲ့တာပါ။ မှော်ပစ္စည်းတစ်ခုနဲ့ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ဒါက ရွှေအမြုတေအဆင့်ရဲ့ ရှားပါးတဲ့ မိုးကြိုးအမျိုးအစား အဆောင်ဖြစ်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါကြောင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀နဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်တော့ ဘဏ္ဍာတိုက်ဆီအသွားမှာ ဆရာဝမ်နဲ့ ဆုံခဲ့ပါတယ်။ သူက အဆောင်က သာမန်ပစ္စည်း မဟုတ်ဘူးဆိုတာကို ချက်ချင်းသိသွားလို့ စစ်ဆေးဖို့အတွက် ယူသွားခဲ့တာပါ"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀ပဲလား"
ထိုဈေးနှုန်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဈေးများနေ၍ မဟုတ်ဘဲ အလွန်တရာ နည်းပါးလွန်းနေသောကြောင့်ပင်။ ဆရာဝမ်နှင့် အခြားသူများက ဤအဆောင်သည် ဆရာအဆင့် အဆောင်သခင်တစ်ဦး၏ လက်ရာဖြစ်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဤကဲ့သို့သော အဆောင်မျိုးသည် ရှားပါးသော တန်ဖိုးရှိပေ၏။ စုဆောင်းရန်အတွက်သာမကဘဲ လေ့လာရန်နှင့် နားလည်သဘောပေါက်ရန်အတွက်ပါ ပို၍ အရေးကြီးလှလေသည်။ အထူးသဖြင့် အခြားသော အဆောင်ဖန်တီးသူများအတွက် ဤအရာသည် ရှားပါးသော အခွင့်အရေးတစ်ခုပင် ဖြစ်ပါ၏။
အကယ်၍ တစ်စုံတစ်ဦးသည် ဆရာတစ်ဦး၏ နည်းစနစ်များမှ အသိအမြင် အနည်းငယ်မျှကိုပင် ရယူနိုင်မည်ဆိုပါက ကြီးမားလှသော အကျိုးကျေးဇူးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော အဆောင်မျိုးကို လေလံတင်ရောင်းချမည်ဆိုပါက ကြမ်းခင်းဈေးနှုန်းမှာ အလွယ်တကူပင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်သွားမည်မှာ ကျိန်းသေပေါက်ပင်တည်း။
သို့တိုင် ကျိယွမ်က ၎င်းကို ၁၂၀တည်းဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုနေသည်မဟုတ်ပါလော။
"ခန်းမဆောင်သခင်.. ကျွန်မက တမင်တကာ ဈေးနှိမ်ခဲ့တာ မဟုတ်ပါဘူးရှင့်" အမျိုးသမီးချောလေးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဒါက ဆရာတစ်ယောက်ရဲ့ လက်ရာမှန်း ကျွန်မ တကယ်ကို မသိခဲ့လို့ပါ။ ကျွန်မ ပေးခဲ့တဲ့ ဈေးနှုန်းက ခန်းမဆောင်ရဲ့ လမ်းညွှန်ချက်တွေနဲ့ အတိအကျကို ကိုက်ညီနေပါတယ်။ သူ့ကို လေလံတင်ဖို့ အပ်ချင်လားလို့တောင် မေးခဲ့ပါသေးတယ်၊ ဒါပေမဲ့ သူက ငြင်းခဲ့ပါတယ်ရှင့်"
ခန်းမဆောင်သခင်သည် ရတနာခန်းမဆောင်၏ ဂုဏ်သတင်းကို အရာအားလုံးထက် ပို၍ တန်ဖိုးထားပြီး မရိုးသားသော အပေးအယူများကို သည်းခံမည်မဟုတ်ကြောင်း သူမ ကောင်းကောင်းကြီး သိထားလေသည်။
"ကိစ္စမရှိပါဘူး။ ဆရာချိုးနဲ့ တခြားသူတွေတောင် အဆောင်ရဲ့ နက်နဲမှုကို ပထမအကြိမ် မြင်ရုံနဲ့ မသိခဲ့ကြတာပဲလေ။ မင်း မသိတာလည်း နားလည်ပေးလို့ ရပါတယ်။ ပြီးတော့ ရောင်းတဲ့သူက ဈေးနှုန်းကို သဘောတူတယ်ဆိုရင် လိမ်လည်လှည့်စားမှုလို့ ခေါ်လို့မရဘူးပေါ့"
ခန်းမဆောင်သခင်က လက်ဝှေ့ယမ်းကာ ကျိယွမ်ကို အပြစ်တင်မည့် အရိပ်အယောင်မပြပေ။ သူမသည် ဂုဏ်သတင်းကို ဦးစားပေးသော်လည်း စီးပွားရေးလုပ်ငန်းတစ်ခုသည် အမြတ်အစွန်းကို အဓိကထားရမည်သာ။
တစ်ဖက်လူက ဈေးနှုန်းကို သဘောတူပြီးဖြစ်ရာ မလျော်ကန်သော လုပ်ရပ်ဟု သတ်မှတ်၍ မရနိုင်ပေ။
သို့သော်...
"အဲ့ဒီရွှေအမြုတေအဆင့် ကျွမ်းကျင်သူက ဒီလိုအဆောင်မျိုးကို ဒီလောက်ဈေးနည်းနည်းလေးနဲ့ ရောင်းချင်တယ်ဆိုတော့... သူက ဒါရဲ့ တကယ့်တန်ဖိုးကို မသိလို့များလား" ခန်းမဆောင်သခင်က မတွေးတောဘဲမနေနိုင်တော့ကာ ရေရွတ်လိုက်သည်။
"ဖြစ်နိုင်ခြေများတယ်။ မဟုတ်ရင် အဆောင်သခင်တစ်ယောက် ဖန်တီးထားတဲ့ အဆောင်ကို ဘယ်လိုလုပ် ဒီလောက်ထိ ပေါ့ပေါ့ပါးပါးနဲ့ ရောင်းပါ့မလဲ" ဆရာချိုးကလည်း သဘောတူလိုက်၏။
"အားလုံးပဲ.. အဲဒါက အဓိကအချက် မဟုတ်ဘူး" ဆရာဝမ်က အလျင်အမြန် ဝင်ပြောလိုက်သည်။ "အဓိကအချက်က ဒီအဆောင်ရဲ့ ဖန်တီးမှုနည်းလမ်းက အရမ်းကို ထူးခြားနေတာပဲ။ ကျုပ်တို့သိထားတဲ့ အဆောင်သခင်တွေရဲ့ သီးသန့်နည်းစနစ်တွေနဲ့ လုံးဝကို ကွာခြားနေတယ်လေ"
လူတိုင်းမှာ နေရာမှာတင် တောင့်သွားကြပြီးနောက် အသိစိတ်ဝင်လာကာ သူတို့၏ ခန္ဓာကိုယ်များပင် တုန်ရီသွားကြတော့သည်။ ခန်းမဆောင်သခင်၏ မျက်လုံးများက တောက်ပသွားပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
"ဆရာဝမ်..ရှင် ပြောချင်တာက ဒီအဆောင်ကို ဖန်တီးခဲ့တဲ့သူက အသစ်ပေါ်ထွက်လာတဲ့ အဆောင်သခင်တစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား"
"အသစ်ပေါ်ထွက်လာတာ မဟုတ်ရင်တောင်.. သူက ကျုပ်တို့ တစ်ခါမှ မကြားဖူးတဲ့ ဆရာတစ်ယောက် ဖြစ်ရမယ်။ ဖန်တီးမှုနည်းစနစ်က အရမ်းကို ဆန်းသစ်တယ်။ တခြားကျောင်းတော်တွေနဲ့ မသက်ဆိုင်ဘဲ သူ့ဘာသာ သီးခြားစနစ်တစ်ခုကို ဖန်တီးထားသလိုမျိုးပဲ။ ဒီလူက တခြားကမ္ဘာက အဆောင်သခင် တစ်ယောက် ဖြစ်နိုင်တယ်လို့ ကျုပ် သံသယရှိတယ်။ ခန်းမဆောင်သခင်.. ဒါက ရတနာခန်းမဆောင်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်"
ဆရာဝမ်က လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်၏။
သူသည် မိုးကြိုးအဆောင်ကို လေ့လာရာတွင် အချိန်အများဆုံး ပေးခဲ့သူဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ အာဏာအရှိဆုံး သူတစ်ဦးလည်း ဖြစ်လေသည်။
ဤစကားကို ကြားသောအခါ ခန်းမဆောင်သခင်မှာ တိတ်ဆိတ်သွားပြီး စဉ်းစားခန်းဝင်နေစဉ် လက်ချောင်းလေးများကို ခေါက်နေခဲ့၏။
ဆရာဝမ်၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ သဘာဝကျကျပင် နားလည်ထားသည်။ အကယ်၍ တခြားကမ္ဘာမှ အဆောင်သခင်တစ်ဦး အမှန်တကယ် ပေါ်လာခဲ့ပါက ၎င်းသည် သူတို့အတွက် ထူးကဲသော အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။ ရတနာခန်းမဆောင်သည် ရှောင်ချန်းကမ္ဘာတွင် အင်အားကြီးမားသော်လည်း ထိပ်တန်း ကုန်သည်အဖွဲ့များထဲတွင်သာ ပါဝင်ပါ၏။
သို့သော် အဆောင်ရောင်းချမှု ကဏ္ဍတွင်မူ သူတို့၏ အရောင်းအဝယ်များသည် ပြိုင်ဘက်အဖွဲ့အစည်း အတော်များများ၏ နောက်တွင် အမြဲတမ်း ကျန်ရစ်နေခဲ့သည်။ အဓိက အကြောင်းရင်းမှာတော့ သူတို့ကိုယ်ပိုင် အဆောင်သခင် မရှိခြင်းကြောင့်ပင်။ သူတို့၏ အဆင့်မြင့် အဆောင်များသည် ပြိုင်ဘက်များနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေခဲ့သည်။
သို့သော် အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်သော အဆောင်သခင်ကိုသာ စုဆောင်းနိုင်မည်ဆိုပါက သူတို့၏ အားနည်းချက်ကို ပြင်ဆင်နိုင်မည်ပင်။ အနာဂတ်တွင် သူတို့သည် အခြားသော ထိပ်တန်းအဖွဲ့အစည်းများကိုပင် လုံးဝ ကျော်တက်သွားနိုင်ချေ ရှိနေပါ၏။
ခန်းမဆောင်သခင်က အတွေးများနေသည်ကို မြင်သောအခါ အခြားသူများက တိတ်ဆိတ်စွာ နေပြီး သူမ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြလေသည်။ ပုံမှန်အားဖြင့် ဆရာဝမ်နှင့် ထိပ်တိုက်တွေ့လေ့ရှိသော ဆရာချိုးပင်လျှင် သူမ၏ စဉ်းစားခန်းကို အနှောင့်အယှက်ဖြစ်စေရန် ဝင်မပြောရဲချေ။ သူမသည် ဆဌမအဆင့် အသွင်ပြောင်းခြင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း သူမ၏ နောက်ခံမှာ အလွန်ကိုမှ လျှို့ဝှက်ဆန်းကြယ်လှပေ၏။
သူမသည် တစ်ခါက ထျန်းယွမ်ကမ္ဘာလောကကြီးမှ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်လုပ်တော် ဖြစ်ခဲ့ဖူးသည်ဟု ကောလာဟလများ ရှိခဲ့လေသည်။ ထို့ကြောင့် သူမသည် ခန်းမဆောင်တွင် အသန်မာဆုံး ကျင့်ကြံသူ မဟုတ်သော်လည်း မည်သူကမျှ သူမ၏ အမိန့်ကို မဖီဆန်ရဲကြပေ။ အတန်ကြာပြီးနောက်၌ ခန်းမဆောင်သခင်က နောက်ဆုံးတွင် စကားဆိုလိုက်တော့၏။
"ဒါတွေအားလုံးက ထင်ကြေးပေးတာတွေချည်းပါပဲ။ ဒီအဆောင်ကို ဖန်တီးခဲ့တဲ့သူက တကယ်ပဲ အဆောင်သခင် တစ်ယောက် ဟုတ်၊ မဟုတ်ဆိုတာကို ကျုပ်တို့ သေချာ မသိရသေးဘူး။ ဆရာတစ်ယောက်ရဲ့ လက်ရာ ဖြစ်တယ်ဆိုရင်တောင်မှ အဲဒီဆရာက ရှောင်ချန်းကမ္ဘာမှာ နေတယ်ဆိုတာကို ကျုပ်တို့ သေချာ မပြောနိုင်ဘူးလေ။ အဆောင်က အပြင်ဘက်ကနေ ရောက်လာနိုင်ခြေ အများကြီးရှိတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က ရှေးဟောင်းအပျက်အစီး တစ်ခုခုကနေ တွေ့လာတာလည်း ဖြစ်နိုင်တယ်လေ။ အဲဒီရွှေအမြုတေအဆင့် ကျွမ်းကျင်သူက သူ့ရဲ့ တန်ဖိုးကို မသိတဲ့ပုံပဲ။ အဲ့တာကြောင့်မလို့ပဲ ဝိညာဉ်ကျောက်တုံး ၁၂၀လောက်နဲ့ ရောင်းသွားခဲ့တာလေ"
"အပျက်အစီးတွေဆီက ရလာတယ်ဆိုတာကတော့ မဖြစ်နိုင်သလောက်ပဲ" ဆရာဝမ်က ဖြည့်စွက်ပြောလိုက်၏။ "ကျုပ် ဒါကို သေချာ လေ့လာကြည့်ပြီးပါပြီ။ ရှေးဟောင်းအဆောင်တွေမှာ အမြဲတမ်း ကပ်ငြိနေတတ်တဲ့ ရှေးဟောင်းအရိပ်အယောင် လုံးဝ မရှိဘူး။ အတွင်းက မိုးကြိုးမန္တန်တွေက အရမ်းကို တက်ကြွနေသေးတော့ မကြာသေးခင်ကမှ ဖန်တီးထားတာ ကျိန်းသေပဲ။ တကယ်တော့ လွန်ခဲ့တဲ့ တစ်လအတွင်းမှာ ဖန်တီးထားတာလို့ ကျုပ် ခန့်မှန်းမိတယ်"
"လွန်ခဲ့တဲ့ တစ်လအတွင်းလား"
ခန်းမဆောင်သခင်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီသွားတော့၏။ အကယ်၍ ၎င်းသာ အမှန်ဖြစ်ပါက ဖန်တီးသူသည် ဤကမ္ဘာတွင် မရှိလျှင်တောင် အနီးအနားရှိ ကမ္ဘာငယ်တစ်ခုတွင် ရှိနေရမည်ပင်။ ဤအသိတရားကို ရရှိလိုက်သောအခါ ခန်းမဆောင်သခင်သည် နောက်ဆုံးတွင် သူမ၏ ဆုံးဖြတ်ချက်ကို ချလိုက်တော့လေ၏။
"တကယ်လို့ အဆောင်သခင်အသစ်တစ်ယောက် တကယ်ပဲ ပေါ်လာခဲ့တယ်ဆိုရင်.. ဒါက ကျွန်မတို့ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဆရာဝမ်..ရှင့်အမြင်အရ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆောင်သခင်ကို ဘယ်လို ရှာဖွေနိုင်မလဲ"
"အဆောင်ကို ရောင်းချသွားတဲ့ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူက အဓိကပဲ။ သူ့ဆီကနေ အဆောင်ရဲ့ ဇာစ်မြစ်ကိုသာ ကျုပ်တို့ သိရမယ်ဆိုရင် ကျန်တာတွေက သူ့အလိုလို လိုက်လာပါလိမ့်မယ်"
"ကောင်းပြီ။ ဒါဆို ရှင်ပဲ ဒီကိစ္စကို တာဝန်ယူလိုက်ပါ။ ဒါပေမဲ့ မှတ်ထားပါ.. သူ့ကို အထက်တန်းကျကျ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။ ခန်းမဆောင်ရဲ့ ဂုဏ်သတင်းကိုတော့ မထိခိုက်စေနဲ့။ တကယ်လို့ အဲဒီအဆောင်သခင်ရဲ့ တည်နေရာကို ရှင် တကယ်ပဲ သိလာခဲ့မယ်ဆိုရင် ကျွန်မကိုယ်တိုင် သွားရောက်ပြီး ဂါရဝပြုပါ့မယ်"
ခန်းမဆောင်သခင်က ကိစ္စကို ပြတ်သားစွာ အဆုံးသတ်လိုက်သည်။
"ခန်းမဆောင်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်"
ဆရာဝမ်မှာ အလွန်ပင် ဝမ်းမြောက်သွားပြီး ချက်ချင်းကို အလွန်ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်လိုက်တော့၏။ အခြားသူများအားလုံးကမူ မနာလိုမှုများဖြင့်သာ ကြည့်နေကြလေ၏။ ဆရာချိုးမှာတော့ သူ၏ အတွင်းစိတ်ထဲ၌ မနာလိုမှုများ တစ်ဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။ ဤကိစ္စသာ အောင်မြင်သွားပါက ဆရာဝမ်သည် ခန်းမဆောင်သခင်၏ မျက်စိရှေ့တွင် ကြီးမားလှသော ကုသိုလ်ကို သေချာပေါက် ရရှိမည်ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။ ဆုလာဘ်ကလည်း သေချာပေါက် ရက်ရောပေလိမ့်မည်။
ဒီအဘိုးကြီးက ဘာလို့ ဒီလောက်ထိတောင် ကံကောင်းနေရတာလဲ။
ဆရာချိုးက စိတ်ထဲမှ ကြိတ်ကာ သွားကြိတ်လိုက်သည်။ သူသည် ဆရာဝမ်နှင့် ကာလကြာရှည် ပြိုင်ဆိုင်မှုတစ်ခု ရှိထားပြီး ယခုအခါတွင်တော့ သူ နောက်ကောက်ကျသွားပုံရပါ၏။ သို့သော် သူ၏ နှလုံးသားမှာ မနာလိုမှုများဖြင့် ကိုက်ခဲနေသော်ငြား ဆရာချိုးသည် ယင်းကို အနည်းငယ်မျှပင် ထုတ်ဖော်ပြသဝံ့ခြင်း မရှိသလို ကိစ္စကို ဖျက်ဆီးရန်အတွက် မကောင်းသောကြံစည်မှုတစ်ခုခုကိုပင် တွေးတောဝံ့ခြင်း မရှိပေ။
သူသည် ခန်းမဆောင်သခင်၏ စိတ်နေသဘောထားကို အလွန်ကိုမှ ရင်းနှီးကျွမ်းဝင်ထားပါ၏။
သူမသည် သူတို့နှင့် ဆက်ဆံရာတွင် ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်မှုရှိကာ သူတို့၏ အတွင်းရေး ပြိုင်ဆိုင်မှုများကို သည်းခံခြင်း၊ ထောက်ပံ့အားပေးခြင်းများပင် ပြုလုပ်လေ့ရှိသော်လည်း ၎င်းမှာ စည်းမျဉ်းများကို မချိုးဖောက်သရွေ့သာ ဖြစ်သည်။
တစ်စုံတစ်ဦးကသာ စည်းလွန်သွားပြီး သူမ သတ်မှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်မိပါက အကျိုးဆက်များမှာ ပြင်းထန်လှပေသည်။ တစ်ချိန်က စည်းမျဉ်းများကို ချိုးဖောက်ကာ ခန်းမဆောင်၏ ဂုဏ်သတင်းကို ညစ်နွမ်းစေခဲ့သူ တစ်ဦး ရှိခဲ့ဖူး၏။ ထိုသူသည် ယခုတိုင် ရတနာခန်းမဆောင်၏ မြေအောက်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး နေ့စဉ်နှင့်အမျှ ညှဉ်းပန်းနှိပ်စက်ခံနေရဆဲဖြစ်ကြောင်း ကောလာဟလများတောင် ရှိလေသည်။ ထို့ကြောင့် ဆရာချိုး၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေလျှင်ပင် ဤအချိန်တွင် ၎င်းကို ထုတ်ဖော်ပြသဝံ့ခြင်း မရှိပေ။
ထို့ပြင် သူကိုယ်တိုင်လည်း မိုးကြိုးအဆောင်ကို ဖန်တီးခဲ့သူနှင့် ပတ်သက်၍ အတော်လေးကိုပဲ သိချင်စိတ် ပြင်းပြနေမိပါ၏။
ဤမျှ သပ်ရပ်ကောင်းမွန်သော အဆောင်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိသူမှာ မည်သူဖြစ်မည်နည်း။
...
အာရုဏ်တက်ချိန်သို့ ရောက်သော် တရားထိုင်ဖျာပေါ်မှ လုချင်းသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရှင်းလင်းသော အလင်းရောင်တစ်ခု တောက်ပသွားတော့လေ၏။ သူ့ဘေးတွင် ရှောင်လီနှင့် ဝူရှင်းတို့ နှစ်ဦးစလုံးမှာ လဲလျောင်းနေကြပြီး ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်။
"အဆင့်မြင့် အခန်းက တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်အထိ ကျသင့်နေတာ မဆန်းပါဘူးလေ။ ငါသာ ဒီမှာ တစ်လ၊ နှစ်လလောက် ကျင့်ကြံနိုင်မယ်ဆိုရင် စတုတ္ထအဆင့် အသွင်ပြောင်းခြင်းကိုတောင် သေချာပေါက် ချိုးဖျက်နိုင်လိမ့်မယ်"
တစ်ညတာလုံး ကျင့်ကြံပြီးသည့်တိုင် လျော့ပါးသွားခြင်းမရှိသည့် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်ကို ခံစားရင်း လုချင်းမှာ မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိတော့၏။ သူသည် တတိယအဆင့် အသွင်ပြောင်းခြင်း ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်တွင် တစ်ဆို့နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သူ၏ ဇာတိကမ္ဘာရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးသည် သူ၏ အဆင့်ချိုးဖျက်မှုကို မထောက်ပံ့နိုင်သောကြောင့် သူ၏ ကျင့်ကြံခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ တန့်နေခဲ့ရပါ၏။
သို့သော် ဤနေရာတွင်တော့ ဤတည်းခိုခန်း၏ အဆင့်မြင့် အခန်းအတွင်း၌ တစ်ညတာမျှသာ ကျင့်ကြံပြီးနောက် သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သော ပိတ်ဆို့နေမှုတွင် လှုပ်ရှားလာသည့် အရိပ်အယောင်များကို သူ ခံစားနေရပြီပင်။ အကယ်၍ သူသာ ဤနေရာတွင် ဆက်လက်ကျင့်ကြံနေမည်ဆိုပါက စတုတ္ထအဆင့် အသွင်ပြောင်းခြင်းသို့ အမှန်တကယ် ခြေလှမ်းနိုင်ရန် အချိန်ကြာမည်မဟုတ်ပေ။
ပြန်လည်နိုးထစ သူ၏ ဇာတိကမ္ဘာနှင့် ဤရှောင်ချန်းကမ္ဘာတို့ကြား ကွာခြားချက်မှာ သိသာထင်ရှားလှပေ၏။ ထို့ပြင် လုချင်းသည် သေချာစွာ စုံစမ်းစစ်ဆေးပြီးပြီ ဖြစ်သည်။ နှစ်ပေါင်း သောင်းနှင့်ချီတိုင်း ဝိညာဉ်စွမ်းအင် ခန်းခြောက်မှု အလှည့်ကျ ခံစားရသော သူ၏ ဇာတိကမ္ဘာနှင့် မတူဘဲ ရှောင်ချန်းကမ္ဘာသည် ထျန်းယွမ်ကမ္ဘာလောကကြီးနှင့် ချိတ်ဆက်ထားပြီး ထိုကဲ့သို့သော ကပ်ဘေးများကို ရင်ဆိုင်ရခြင်း မရှိပေ။ ထျန်းယွမ်ကမ္ဘာလောကကြီး၌ တစ်စုံတစ်ရာ မှားယွင်းမှု မရှိပါက ဤကမ္ဘာသည် အချိန်အကန့်အသတ်မရှိ အကောင်းဆုံး အခြေအနေတွင် တည်ရှိနေမည်ပင်။
"ဒီမှာ ကျင့်ကြံပြီး အဆင့်ချိုးဖျက်နိုင်တယ်ဆိုပေမဲ့ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ် တွက်ကြည့်ရင်ကျ သိပ်မကိုက်ဘူး။ ဒါကို အရန်အစီအစဉ်တစ်ခုအနေနဲ့ပဲ ထားသင့်တယ်"
လုချင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်လေသည်။ တစ်ရက်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးဖြင့်ဆိုလျှင် ကုန်ကျစရိတ်များက လျင်မြန်စွာပင် တက်လာမည်ဖြစ်၏။ အကယ်၍ သူသာ တစ်လ၊ နှစ်လခန့်လောက် နေမည်ဆိုပါက သူ၏ လက်ဝယ်ရှိ ဝိညာဉ်ကျောက်တုံးများမှာ လောက်ငှတော့မည်မဟုတ်ပေ။
"ချန်းလန်မြို့တော်မှာ ငှားလို့ရတဲ့ ကျင့်ကြံခြင်း ဂူတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်။ ဈေးနှုန်းတွေက ဘယ်လောက်တောင် ကြီးနေမလဲ မသိဘူး"
သို့တိုင် ၎င်းမှာ တွေးမိတွေးရာ အတွေးတစ်ခုမျှသာ။
သာမန် တည်းခိုခန်းတစ်ခု၏ အဆင့်မြင့် အခန်းကိုပင် သူ မတတ်နိုင်ပါက ကျင့်ကြံခြင်း ဂူတစ်ခုကို သူ မည်သို့ တတ်နိုင်မည်နည်း။
"ငါက အရမ်းကို ဆင်းရဲနေတုန်းပဲ... ပြီးတော့ ရတနာခန်းမဆောင်ကလည်း ဘာမှ အကြောင်းမပြန်သေးဘူး။ မိုးကြိုးအဆောင်က သူတို့ မျက်စိကျလောက်တဲ့ အဆင့်မရှိလို့များလား"
သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ယမန်နေ့က မိုးကြိုးအဆောင်ကို ရောင်းချပြီး တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် ရတနာခန်းမဆောင်ထံမှ တုံ့ပြန်မှုတစ်ခုကို သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူသည် နေ့တစ်ဝက်ခန့် စောင့်ဆိုင်းနေခဲ့သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။ ထို့ကြောင့် သူ၏ အစီအစဉ်သည် အစကတည်းက မှားယွင်းနေခဲ့ခြင်းများလားဟု သူ စတင်၍ သံသယဝင်လာတော့၏။
"ငါ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေခဲ့ပုံပဲ... ဘာပဲဖြစ်ဖြစ် ဒါက ထျန်းယွမ်ကမ္ဘာလောကကြီးနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ထားတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲလေ။ ထျန်းယွမ်ဆီက အမွေအနှစ်တွေ အများကြီး ရှိနေတော့ ဒီမှာရှိတဲ့ အဆောင်ပညာ၊ အစဉ်အလာတွေကလည်း အရမ်းကို နက်ရှိုင်းမှာပဲ။ ငါ့ရဲ့ မိုးကြိုးအဆောင်ကို သူတို့ အထင်သေးတာ မဆန်းပါဘူး"
ထိုအတွေးက လုချင်းကို အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။ အခြေအနေကို စမ်းသပ်ရန်နှင့် ရတနာခန်းမဆောင်နှင့် ပူးပေါင်းဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုးကြိုးအဆောင်ကို သူ ရောင်းချခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အဆောင်၏ ဖန်တီးမှု ကုန်ကျစရိတ်မှာ အလွန်နည်းပါးလေ၏။ အကယ်၍ သူသာ ရောင်းချရန်အတွက် အမြောက်အမြား ထုတ်လုပ်မည်ဆိုပါက အချို့သော အကျိုးစီးပွားများကို မလွဲမသွေ ထိခိုက်စေမည်ပင်။
ဤကမ္ဘာသို့ အသစ်ရောက်ရှိလာပြီး နောက်ခံအင်အား မရှိသော လုချင်းသည် ပြဿနာများ ဖန်တီးရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ ဝင်ရောက်ရန်ပင် ဖြစ်၏။ မသင့်တော်သော အဖွဲ့အစည်းများကို ရန်စမိပါက ထိုရည်မှန်းချက်ကို အန္တရာယ်ဖြစ်စေနိုင်သည်ပင်။ ထို့ကြောင့် သူသည် အန္တရာယ်များကို လျှော့ချရန်အတွက် ရတနာခန်းမဆောင်ကဲ့သို့သော အင်အားစုတစ်ခုနှင့် မဟာမိတ်ဖွဲ့ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရသည်မှာ သူ အနည်းငယ် ရိုးအခဲ့ပုံရ၏။ သူ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အားသာချက်ဟု ထင်မှတ်ထားသည့်အရာသည် ရတနာခန်းမဆောင်၏ မျက်လုံးထဲတွင်တော့ ဖော်ပြရလောက်အောင်ပင် တန်ဖိုးမရှိနိုင်ပေ။ သို့မဟုတ် သူတို့က ဤကဲ့သို့သော အမြတ်အစွန်းအနည်းငယ်ကို ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်လေသည်။
"တခြား ကုန်သည်အဖွဲ့တစ်ခုခုနဲ့ ငါ့ကံကို စမ်းကြည့်ရတော့မယ်ထင်တယ်"
လုချင်းက သက်ပြင်းချလိုက်၏။ ချန်းလန်မြို့တော်တွင် ရတနာခန်းမဆောင်နှင့် တန်းတူ အင်အားရှိသော အခြား ကုန်သည်အဖွဲ့ နှစ်ခု ရှိလေသည်။ သို့သော် သူတို့၏ ဂုဏ်သတင်းမှာ မကောင်းသောကြောင့် သူတို့ထံသို့ အရင်မသွားခဲ့ခြင်းပင်။ သို့တိုင် ခန်းမဆောင်က တိတ်ဆိတ်နေသောကြောင့် ယခုအခါ သူတို့ကို ထည့်သွင်းစဉ်းစားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ မည်သည့်အဖွဲ့အစည်းကမျှ စိတ်ဝင်စားမှု မပြပါက တစ်ယောက်တည်း ရပ်တည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သေချာသည်မှာ အားလုံးက စိတ်ဝင်စားမှု မပြပါက သူ၏ တစ်ကိုယ်တော် စီးပွားရေးလုပ်ငန်းသည် မည်သူ့အကျိုးစီးပွားကိုမျှ ထိခိုက်မည်မဟုတ်ကြောင်းကိုလည်း ဆိုလိုရာရောက်သည်။ ၎င်းမှာ မကောင်းသော လက္ခဏာတစ်ခုတော့ မဟုတ်တန်ရာ။
ဤအရာအားလုံးကို သေချာစွာ စဉ်းစားပြီးနောက်တွင်တော့ လုချင်းသည် ဝိညာဉ်ကျောက်စိမ်း နှစ်ခုကို ထုတ်ယူကာ နောက်ထပ် မိုးကြိုးအဆောင် နှစ်ခုကို စတင် ဖန်တီးလိုက်တော့၏။
မကြာမီတွင် အဆောင်အသစ်များကို ရေးဆွဲပြီးစီးသွားပြီး ရှောင်လီ၊ ဝူရှင်းတို့နှင့်အတူ အပြင်ထွက်ရန် ပြင်ဆင်နေစဉ် တံခါးဆီမှ အစီအရင် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာတော့သည်။
တစ်စုံတစ်ယောက်က တံခါးလာခေါက်နေခြင်း ဖြစ်သည်။ တည်းခိုခန်း၏ အဆင့်မြင့် အခန်းများကို အစီအရင်များဖြင့် ကာကွယ်ထားပါ၏။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို သေချာစေရန်သာမက ကျူးကျော်ဝင်ရောက်မှု သို့မဟုတ် သူလျှိုလုပ်ခြင်းများကိုပါ တားဆီးရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤအခန်းများကို တတ်နိုင်သူများသည် သာမန်ခွန်အားရှိသော ကျင့်ကြံသူများ မဟုတ်ကြပေ။
ထိုကဲ့သို့သော ကာကွယ်မှုများသာ မရှိပါက ဝိညာဉ်အာရုံကို ပေါ့ပေါ့ပါးပါး ဖြန့်ကျက်လိုက်ရုံဖြင့် ဘေးခန်းများရှိ ဖြစ်ပျက်သမျှကို အလွယ်တကူ သိရှိနိုင်မည်ပင်။ အစီအရင်ကို အသက်သွင်းထားသောအခါ တည်းခိုခန်းဝန်ထမ်းများပင်လျှင် ဝင်ရောက်ခွင့်တောင်းရန် တံခါးအပြင်ဘက်ရှိ သီးသန့် အစီအရင်တစ်ခုကို အသုံးပြုရပါ၏။
လုချင်းက ကာကွယ်ရေး အစီအရင်ကို ပိတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်၏။
ထိုနေရာတွင် တည်းခိုခန်းဝန်ထမ်းက ဖားယားသော အပြုံးတစ်ခုဖြင့် ရပ်နေလေသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်.. အပြင်ဘက်မှာ လူကြီးမင်းကို တွေ့ချင်နေတဲ့ ချန်ပေ့တချို့ ရှိနေပါတယ်ဗျ"
……..