← Chapters

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း ၅၂၂ - ဖိတ်ခေါ်ခြင်းနှင့် သံသယများ

"တစ်ယောက်ယောက်က ကျွန်တော့်ကို တွေ့ချင်လို့တဲ့လား"

လုချင်းသည် ခဏတာမျှ အံ့အားသင့်သွားပြီးနောက် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို ချက်ချင်းပင် ရိပ်စားမိသွားလေ၏။ ရတနာခန်းမဆောင်ဘက်မှ လူတွေ ရောက်လာလေပြီလောဟု သူ တွေးလိုက်မိတော့သည်။

"ခဏလေးစောင့်ပါ၊ ကျွန်တော် အခုချက်ချင်း ဆင်းလာခဲ့မယ်"

ထို့နောက် သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ရှောင်လီနှင့် ဝူရှင်းတို့ကို ခေါ်ဆောင်၍ တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ဆီသို့ ထွက်လာခဲ့လေ၏။ ထိုနေရာသို့ ရောက်ရှိသွားသောအခါ လူတစ်စု နေရာယူထိုင်ကာ စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ရတော့သည်။

ထိုအထဲတွင် သူ ယခင်က တွေ့ဆုံဖူးခဲ့သော ခရမ်းရောင်ဝတ်ရုံတိုလေးကို ဆင်မြန်းထားသည့် ရင်ခုန်ချင်စရာ မိန်းမလှလေးလည်း ပါဝင်နေလေ၏။ သူမသည် ရတနာခန်းမဆောင်၏ ကိုယ်စားလှယ်ပင် ဖြစ်သည်။

လုချင်း တစ်ခဏချင်းပင် သဘောပေါက်သွားတော့၏။ ရတနာခန်းမဆောင်ဘက်မှ တုံ့ပြန်မှုတွေ စတင်လာပြီပင်။

ယခု လတ်တလော သိလိုသည်မှာ သူတို့က မိတ်ဆွေအဖြစ် ရောက်လာသလား၊ ရန်သူအဖြစ် ရောက်လာသလား ဆိုသည်ပင်။

လုချင်းသည် သတိကြီးစွာ ထားလိုက်လေ၏။

သူ့ဘက်မှ ရတနာခန်းမဆောင်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိနေသော်ငြား တစ်ဖက်လူများကလည်း ထိုသို့တူညီသောဆန္ဒမျိုး ရှိချင်မှရှိမည် မဟုတ်ပါလော။

အကယ်၍ သူတို့က ပြဿနာလာရှာခြင်းဆိုလျှင်ကော မည်သို့လုပ်မည်နည်း။

ထို့ကြောင့် သူသည် လိုအပ်သော နိုးကြားသတိရှိမှုကို မလျှော့တမ်း ထိန်းသိမ်းထားလိုက်တော့သည်။

တိတ်ဆိတ်ငြိမ်သက်စွာပင် လုချင်းသည် သူ၏ ဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်ပြီး ထိုလူစုအား အကဲခတ်ကြည့်လိုက်၏။

"သခင်လေး"

ထိုမိန်းမလှလေးသည် လုချင်းကို မြင်မြင်ချင်းပင် နေရာမှ မတ်တတ်ထရပ်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေတော့သည်။

"ကျိယွမ်... သူက မင်းဆီကို မိုးကြိုးမန္တန်အဆောင် ရောင်းသွားတဲ့ ရွှေအမြုတေအဆင့် သခင်လေးဆိုတာလား"

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ဆရာဝမ်က မေးမြန်းလိုက်ပြီး သူကိုယ်တိုင်လည်း နေရာမှ ချက်ချင်း ထရပ်လိုက်လေ၏။

"ရတနာခန်းမဆောင်က ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲကိုး။ ကျွန်တော့်ဆီကို ဘာကိစ္စများရှိလို့ လာကြတာလဲဗျ။ ကျွန်တော်ရောင်းလိုက်တဲ့ မိုးကြိုးမန္တန်အဆောင်မှာ ပြဿနာ တစ်စုံတစ်ရာများ ရှိနေလို့လား"

လုချင်းက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်တော့သည်။

သူ၏ အကြည့်တို့က ဆရာဝမ်အပေါ်သို့ ကျရောက်သွားပြီးနောက် သူ၏ မြင်ကွင်းထဲတွင် သတင်းအချက်အလက်အချို့ ပေါ်ထွက်လာလေ၏။ ရတနာခန်းမဆောင်၏ အကဲဖြတ်ဆရာတစ်ယောက် ဖြစ်ပြီး လူအနည်းငယ်သာ လာကြကာ သူတို့ထဲတွင် အမြင့်ဆုံးကျင့်ကြံဆင့်မှာ ရွှေအမြုတေအဆင့်လောက်သာ ရှိသည်။ ဆိုလိုသည်မှာ သူတို့ထံတွင် ရန်လိုသည့် ရည်ရွယ်ချက် မရှိလောက်ပေ။

လုချင်းသည် ထိုသည်ကို တွေးတောလိုက်ပြီးနောက်၌ အနည်းငယ်စိတ်သက်သာရာရသွားတော့သည်။ ရတနာခန်းမဆောင်မှ လူများ လာရောက်ရသည့် အဓိကရည်ရွယ်ချက်ကို အတိအကျ မသိရသေးသော်ငြား အနည်းဆုံးတော့ သူတို့က ပြဿနာလာရှာရန် လာကြခြင်း မဟုတ်ကြောင်းကိုတော့ သေချာသွားလေပြီပင်။

"မိတ်ဆွေ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ မိုးကြိုးမန္တန်အဆောင်က ဘာပြဿနာမှ မရှိပါဘူး။ အဲဒါက ရွှေအမြုတေအဆင့် အဆောင်ပါပဲ... ကျုပ်တို့က တခြားကိစ္စလေးတစ်ခုရှိလို့ လာခဲ့ကြတာပါ"

ဆရာဝမ်က ချက်ချင်း ရှင်းပြလိုက်သည်။

"ဪ... ကျွန်တော် ဘာများ ကူညီပေးရမလဲဗျ"

လုချင်းက မေးမြန်းလိုက်၏။

"ဒီမိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့တဲ့သူရဲ့ နောက်ခံအကြောင်းလေးကို ကျုပ်တို့ ပိုပြီး သိချင်လို့ပါ။ တကယ်လို့ သူ ဘယ်မှာရှိလဲဆိုတာကို မိတ်ဆွေသိမယ်ဆိုရင် ကျုပ်တို့ဆီမှာ အရေးကြီးကိစ္စလေးရှိလို့ သူ့ဆီ သွားချင်ပါတယ်။ သေချာတာပေါ့... ကျုပ်တို့က ဒီအတိုင်း အလကားသက်သက် အကူအညီတောင်းတာမျိုး မဟုတ်ပါဘူး။ ဒါက ရတနာခန်းမဆောင်ရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်လေးတစ်ခုပါ။ မိတ်ဆွေ လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောလိုက်ရင်း ဆရာဝမ်က လက်ဟန်ပြလိုက်ရာ နောက်ပါအစေခံတစ်ဦးသည် တစ်ပေခန့် အရွယ်အစားရှိသည့် ပိုးသားသေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ရှေ့သို့ထွက်လာပြီး လုချင်းထံသို့ ရိုသေလေးစားစွာဖြင့် ကမ်းပေးလိုက်လေတော့သည်။

သခင်လေးတဲ့လား

လုချင်းသည် ဆရာဝမ်၏ ရိုသေလေးစားမှု အပြည့်ပါဝင်နေသော အပြောအဆိုနှင့် အမူအရာတို့ကို စူးရှစွာ သတိပြုမိလိုက်ပါ၏။ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိုသေတ္တာကိုတော့ လှမ်းမယူခဲ့ပေ။

ထို့အစား သူက တည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။

"ဒီမိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့တဲ့ ချန်ပေ့ကို ဘာကိစ္စရှာနေကြတာလဲဆိုတာကို ကျွန်တော် သိခွင့်ရှိမလား။ သူက ကျွန်တော့်အပေါ်မှာ ကျေးဇူးကြီးမားတဲ့သူမို့လို့ သူ့ရဲ့တည်နေရာကို ကျွန်တော်က သာမန်ကာလျှံကာ လျှောက်ပြောပြလို့ မဖြစ်ဘူးလေ"

ဆရာဝမ်သည် ခဏတာ တွေဝေသွားပြီးနောက်၌ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်တော့၏။ မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့မှောက်ရှိ လူငယ်လေးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ဤသို့သော ပုဂ္ဂိုလ်မျိုးသည် လူအမိုက်အမဲများ ဖြစ်ခဲလှပြီး လိမ်လည်ပြောဆိုခြင်းက ပြဿနာများကိုသာ ပိုမိုရှုပ်ထွေးသွားစေနိုင်သည် မဟုတ်ပါလော။

"ပွင့်ပွင့်လင်းလင်း ပြောရရင်လေ... ခန်းမဆောင်သခင်က မိတ်ဆွေရောင်းသွားတဲ့ မိုးကြိုးမန္တန်အဆောင်ကို တွေ့သွားပါတယ်။ သူက အဲဒီအဆောင်ရဲ့ လက်ရာမြောက်မှုကို အရမ်းကို အံ့အားသင့်သွားပြီးတော့ အဲဒီချန်ပေ့ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး မန္တန်အဆောင်ပညာရပ်နဲ့ ပတ်သက်လို့ လမ်းညွှန်မှု ခံယူချင်လို့ပါတဲ့"

မန္တန်အဆောင်ပညာရပ်အတွက် လမ်းညွှန်မှု ခံယူချင်လို့ ဟုတ်လား

လုချင်းသည် ပို၍ပင် သေချာသွားတော့၏။ ဤလူစုထံမှ ယခုလေးတင် သူ ရရှိထားသော သတင်းအချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ယုံကြည်ချက်က ပို၍ပင် ခိုင်မာသွားလေတော့သည်။

သူသည် ခဏမျှ စဉ်းစားခန်းဝင်သွားပြီးနောက် ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ကာ ပြင်ပမှ ခိုးနားထောင်ခြင်းများကို တားဆီးနိုင်မည့် အကာအကွယ်အစီအရင်တစ်ခုကို ဖန်တီးလိုက်တော့၏။

"သခင်လေး... ဘာတွေ လုပ်နေတာလဲ"

မိန်းမလှလေးက အလန့်တကြား မေးလိုက်သည်။ သူမ၏ အနောက်ရှိ နောက်ပါများကလည်း ချက်ချင်းပင် တင်းမာသွားကြပြီး သတိဝီရိယ ကြီးမားသွားကြတော့သည်။

သို့ရာတွင် ဆရာဝမ်ကမူ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ သူသည် လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်ပြီး အခြားသူများကို အေးဆေးတည်ငြိမ်စွာ နေကြရန် အချက်ပြလိုက်သည်။

"အားလုံးကို တောင်းပန်ပါတယ်။ ခင်ဗျားတို့က မိုးကြိုးမန္တန်အဆောင်အပေါ် ဒီလောက်တောင် အလေးအနက်ထားနေကြတော့ ကျွန်တော့်အနေနဲ့ သတိထားပြီး လှုပ်ရှားရတော့တာပေါ့"

လုချင်းက ပြုံးလျက် ပြောလိုက်သည်။

"နားလည်ပေးလို့ ရပါတယ်။ ဒါဆို ကျုပ်တို့ကို အဲဒီချန်ပေ့နဲ့ တွေ့အောင် ခေါ်သွားပေးမယ်လို့ ဆိုလိုတာလား"

ဆရာဝမ်က မေးလိုက်၏။

"မပြောနိုင်သေးဘူး။ ကျွန်တော် ခင်ဗျားတို့ရဲ့ ခန်းမဆောင်သခင်နဲ့ အရင်ဆုံး တွေ့ရလိမ့်မယ်။ ပြီးမှပဲ အဲဒီချန်ပေ့ဆီကို ခေါ်သွားသင့်၊ မသင့် ဆိုတာကို ဆုံးဖြတ်လို့ရမယ်"

လုချင်းသည် သူကိုယ်တိုင် ထိုမိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဝန်မခံသေးဘဲ ဤအခြေအနေတစ်ခုကို အရင်ဆုံး ဖန်တီးလိုက်လေတော့သည်။

ထိုအခါ၌ ဆရာဝမ်၏ မျက်မှောင်တို့ကုတ်သွားရလေ၏။ ဤလူငယ်လေးသည် သူတို့၏ စိတ်အားထက်သန်နေမှုများကို အကဲခတ်မိသွားပြီး အကျိုးအမြတ်တစ်စုံတစ်ရာအတွက် အပေးအယူလုပ်ရန် ခန်းမဆောင်သခင်နှင့် တိုက်ရိုက်တွေ့ဆုံလိုခြင်း ဖြစ်ကြောင်းကို သူ ရိပ်စားမိသွားတော့သည်။

အစောက လက်ဆောင်ကို သူ လက်မခံခဲ့သည်မှာလည်း မဆန်းပေ။ သူ၏ရင်တွင်း၌ ပိုမိုကြီးမားသော ရည်မှန်းချက်များ ရှိနေသည်မှာ ရှင်းလင်းနေလေပြီပင်။

လုချင်း၏ လောဘကို ခံစားမိသောအခါ ဆရာဝမ်၏ ရင်ထဲတွင် မနှစ်မြို့မှုများ တစ်ဖျပ်ဖျပ် လှုပ်ခတ်သွားပါ၏။ သူသည် ချက်ချင်းပင် ငြင်းဆန်လိုက်ချင်သော်လည်း ခန်းမဆောင်သခင်၏ ညွှန်ကြားချက်များကို သတိရသွားသောကြောင့် သူ၏ ဒေါသကို မြိုသိပ်ထားလိုက်ရတော့သည်။

သူက အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း "ကောင်းပါပြီ... ကျုပ်တို့ရဲ့ ခန်းမဆောင်သခင်က အရည်အချင်းရှိတဲ့သူတွေကို အမြဲတမ်း ကြိုဆိုလေ့ရှိပါတယ်။ မိတ်ဆွေလို ထူးချွန်တဲ့သူတစ်ယောက်နဲ့ တွေ့ရလို့ရှိရင် သူလည်း အရမ်းကို ဝမ်းသာနေမှာပါ"

ကျင့်ကြံသူတစ်ဦး၏ အသက်အရွယ်ကို ပြင်ပအသွင်အပြင်ကို ကြည့်ရုံဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသော မကောင်းဆိုးဝါးကြီးများစွာသည် လူငယ်များ၊ သို့မဟုတ် ကလေးငယ်များအသွင်ဖြင့်ပင် နေထိုင်တတ်ကြသည် မဟုတ်ပါလော။

သို့ရာတွင် ဆရာဝမ်သည် လုချင်း၏ ဝိညာဉ်အရှိန်အဝါအတွင်းမှ ရှင်သန်နုပျိုမှုကို ခံစားသိရှိနိုင်ပါ၏။ ဆိုလိုသည်မှာ ဤလူငယ်လေး၏ ကျင့်ကြံချိန်မှာ သိပ်မကြာသေးကြောင်းကို ညွှန်ပြနေပြီး နှစ်၂၀၀ထက်တော့ သေချာပေါက် နည်းပါးလိမ့်မည်ပင်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများအကြားတွင် ဤမျှနုပျိုနေခြင်းသည် မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ သူ၏ ရွှေအမြုတေသည် အလယ်အလတ်အဆင့် အရည်အသွေးမျှသာ ဖြစ်နေဦးတော့၊ သူ့ကို စစ်မှန်သော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ဆဲပင်။ ဤမျှ အလားအလာကောင်းသော လူငယ်ပါရမီရှင်မျိုးကို ခန်းမဆောင်သခင်ကိုယ်တိုင်ကပင် အလုပ်ခန့်လိုချင် ခန့်လိုပေလိမ့်မည်။

ထို့အပြင် ယမန်နေ့က သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ဤရွှေအမြုတေအဆင့် လူငယ်လေးသည် ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင်နှင့်အတူ ခရီးသွားလာနေခြင်း ဖြစ်ကြောင်း သိထားရ၏။ ထိုသည်မှာ သူ၏ နောက်ခံနှင့် အဆင့်အတန်းက သာမန်မဟုတ်ကြောင်း ရှင်းလင်းနေလေသည်။ ထို့ပြင် မိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့သည့် သခင်ကြီးနှင့် သူ၏ စစ်မှန်သော ဆက်ဆံရေးကို မသိရသေးသည့်အတွက် လောလောဆယ်တွင် ဆရာဝမ်အနေဖြင့် မည်သည့် ပဋိပက္ခကိုမျှ ဖန်တီးလိုခြင်း မရှိပေ။

ထို့နောက် လုချင်းသည် ဆရာဝမ်နှင့် သူ၏ လူစုနောက်သို့ လိုက်ပါသွားကာ ရတနာခန်းမဆောင်ဆီသို့ တစ်ဖန် ဦးတည်သွားကြလေတော့၏။

သူက ခန်းမဆောင်သခင်နှင့် တွေ့ဆုံလိုကြောင်း တောင်းဆိုလိုက်ပြီးနောက် ဆရာဝမ်၏ အမူအရာ သိမ်မွေ့စွာ ပြောင်းလဲသွားသည်ကို သူ သဘာဝကျကျပင် သတိပြုမိလိုက်သည်။ သို့ရာတွင် သူ တတ်နိုင်သည်က ဘာမျှမရှိပေ။

တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ထဲတွင် လူတွေ အလွန်များပြားနေသဖြင့် ထိလွယ်ရှလွယ်သော ဆွေးနွေးမှုများပြုလုပ်ရန် အဆင်မပြေနိုင်သည် မဟုတ်ပါလော။

သူ၏ လျှို့ဝှက်ချက်များကို အခြားသူများ ကြားသိသွားစေရန် သူ လုံးဝ အလိုမရှိခဲ့ပေ။

"မိတ်ဆွေလု... ကျေးဇူးပြုပြီး ကြွပါ၊ ခန်းမဆောင်သခင်က အထဲမှာ စောင့်နေပါတယ်"

ရတနာခန်းမဆောင်၏ ဝင်ပေါက်သို့ ရောက်သောအခါ၌ ဆရာဝမ်က ယဉ်ကျေးစွာဖြင့် လမ်းညွှန်ပြသလိုက်၏။ လမ်းလျှောက်လာစဉ်အတွင်း လုချင်း၏ နာမည်ကို သူ သိရှိထားခဲ့ပြီ ဖြစ်သည်။

"ကျေးဇူးပါပဲ"

ထို့နောက်၌ လုချင်းသည် ရတနာခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားလေ၏။ ထိုနေရာရှိ ပထမထပ် ခန်းမဆောင်အတွင်းတွင်မူ ကြိုတင်အကြောင်းကြားထားခြင်း ခံရသော ခန်းမဆောင်သခင်သည် ဆရာချိုးနှင့် အခြားသူများနှင့်အတူ စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် ဆရာချိုး၏ မျက်နှာထက်၌ကား ရှင်းလင်းစွာပင် စိတ်မရှည်မှုများ အထင်းသား ပေါ်လွင်နေခဲ့၏။ "တတိယ အသွင်ပြောင်းလဲခြင်းအဆင့်မှာ ရှိနေတဲ့ သာမန် ရွှေအမြုတေအဆင့်လောက်ကို ငါတို့က ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုရမယ်တဲ့လား။ အဓိပ္ပာယ်မရှိလိုက်တာ"

သို့တိုင်အောင် အရှေ့တွင် ရပ်နေသည့် ခန်းမဆောင်သခင်ကို မြင်သောအခါ၌ ဆရာချိုးသည် ထိုအတွေးများကို အသံထွက်၍ မပြောရဲခဲ့ပေ။ သူ၏ ရင်တွင်း၌ ဒေါသများတမြေ့မြေ့ လောင်ကျွမ်းနေစဉ်မှာပင် အပြင်ဘက်မှ အလင်းရောင်များ ရုတ်တရက် မှိန်ကျသွားလေ၏။ တည်ငြိမ်ပြီး အေးတိအေးစက်နိုင်လှသောအရှိန်အဝါကို ပိုင်ဆိုင်ထားသည့် မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးသည် အထဲသို့ ခြေလှမ်းကာ ဝင်ရောက်လာတော့သည်။

"ဒါက မိတ်ဆွေလုချင်း ဖြစ်ရမယ်။ တကယ့်ကို ထူးခြားပြောင်မြောက်လိုက်တဲ့ လူငယ်ပါရမီရှင်လေးပဲ"

ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်က သူမ၏မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ဆင်မြန်းကာ ချက်ချင်းပင် နှုတ်ဆက်လိုက်လေ၏။

"ဒီလောက်လည်း မဟုတ်ရပါဘူးဗျာ။ ကျွန်တော် လုချင်းက ခန်းမဆောင်သခင်ကို ဂါရဝပြုပါတယ်"

သူ့ကို အံ့အားသင့်သွားစေသည်မှာ ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်သည် အလွန်ကိုမှ လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။ ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ သူ၏ အာရုံခံစားမှုအရ သူမ၏ ကျင့်ကြံဆင့်သည် အလယ်အလတ် ရွှေအမြုတေအဆင့်၏ ဆဋ္ဌမ အသွင်ပြောင်းလဲခြင်းအဆင့်၌သာ ရှိနေသေးခြင်း ဖြစ်လေ၏။ ဤအချက်က လုချင်းကို များစွာ အံ့အားသင့် မှင်သက်သွားစေတော့သည်။

မည်သို့ပင်ဖြစ်စေ ရတနာခန်းမဆောင်သည် ချန်းလန်မြို့တွင် ကြီးမားလှသော ကုန်သွယ်ရေးအင်အားစုကြီးတစ်ခုဖြစ်ပြီး ကြီးမားလှသော ချမ်းသာကြွယ်ဝမှုများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ရွှေအမြုတေအဆင့်၏ နောက်ဆုံးအဆင့်သို့ပင် မရောက်သေးသူ တစ်ဦးက ဦးစီးဦးဆောင်ပြုနေပါ၏။ ထို့ပြင် ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကိုလည်း ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ ထိုသို့သောသူက ဦးဆောင်နေလိမ့်မည်ဟု သူ လုံးဝကို မျှော်လင့်မထားမိခဲ့။

ထျန်းယွမ်ကမ္ဘာလောကကြီးမှ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် ရတနာခန်းမဆောင်၏ နောက်ကွယ်တွင် ရှိနေသည်ဆိုသော ကောလာဟလများမှာ အမှန်တကယ်ပင် ဖြစ်ပုံရလေ၏။ သို့မဟုတ်ပါက ဆဋ္ဌမ အသွင်ပြောင်းလဲခြင်းအဆင့်သာ ရှိသေးသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် ဤမျှများပြားလှသော အရင်းအမြစ်များကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

"မိတ်ဆွေလု..."

ခန်းမဆောင်သခင်က နွေးထွေးစွာ ပြောလိုက်သည်။

"ကျွန်မက မိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့တဲ့ ချန်ပေ့အပေါ်မှာ အရမ်းကို လေးစားမှုရှိပါတယ်။ ကျွန်မတို့ကို မိတ်ဆက်ပေးဖို့ ဆန္ဒရှိနိုင်မလား။ အကျိုးအမြတ်အတွက်ကတော့ ရှင် စိုးရိမ်နေစရာ မလိုပါဘူး။ ရှင့်ကို မတရားသဖြင့် ဆက်ဆံမှာ မဟုတ်ပါဘူး"

ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကားများ ဆိုပြီးနောက် သူမသည် လိုရင်းကိုသာ တိုက်ရိုက်ပြောချလိုက်တော့သည်။

လုချင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မေးလိုက်လေ၏။ "ခန်းမဆောင်သခင်... ဒီနေရာက ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စကားပြောလို့ရတဲ့ နေရာမျိုးရော ဟုတ်ရဲ့လား"

သူမသည် ခဏမျှ ရပ်တန့်သွားပြီးနောက် ဆရာဝမ်က သူမထံသို့ ကြိုတင်ပေးပို့ထားသော သတင်းစကားကို ပြန်၍သတိရသွားသည်။ ပြီးနောက်မှသာ ဖျော့တော့သော အပြုံးတစ်ခုနှင့်အတူ သူမက ပြန်ဖြေလိုက်၏။

"စိတ်ချပါ... ဒီနေရာမှာ ရှိနေတဲ့သူ အားလုံးက ရတနာခန်းမဆောင်က လူတွေချည်းပါပဲ။ ဘာလျှို့ဝှက်ချက်မှ ပေါက်ကြားသွားစရာ အကြောင်းမရှိပါဘူး"

ခန်းမဆောင်အတွင်းရှိ ကြီးမားလှသော မန္တန်ဝင်္ကပါ၏ တိတ်ဆိတ်ငြိမ်သက်နေသော စွမ်းအားများကို ခံစားမိသောအခါ လုချင်း သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူသည် စကားကို လှည့်ပတ်ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ဖွင့်ပြောလိုက်တော့၏။

"ခန်းမဆောင်သခင်... ကျွန်တော့်မှာ ဝန်ခံစရာလေးတစ်ခု ရှိပါတယ်။ ကျွန်တော်က ခင်ဗျားတို့ကို နည်းနည်းလေး လမ်းလွဲအောင် လုပ်ခဲ့မိတယ်ဗျ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"

ထိုအခါ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လွင်သွားကြ၏။ ခန်းမဆောင်သခင်တစ်ဦးတည်းသာ တည်ငြိမ်စွာ ရှိနေခဲ့လေသည်။

"ဪ... ရှင်က ဘာကို ဆိုလိုချင်တာလဲ"

"ခင်ဗျားတို့နဲ့ တွေ့ပြီးတဲ့အခါ မိုးကြိုးမန္တန်အဆောင်ကို ဖန်တီးခဲ့တဲ့ ချန်ပေ့ဆီကို ခေါ်သွားပေးမယ်လို့ ကျွန်တော် အစောက ပြောခဲ့တယ်နော်။ တကယ်တမ်းကျတော့ အဲဒီလို ချန်ပေ့ဆိုတာ မရှိပါဘူးဗျ"

ထိုစကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ သိသာထင်ရှားစွာ ပြောင်းလဲသွားကြပြီး ခန်းမဆောင်သခင်၏ မျက်လုံးများပင်လျှင် စူးရှသွားတော့သည်။ ဆရာချိုးသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်တော့၏။

"မင်းက အဆောင်ကို ဖန်တီးတဲ့သူကို မသိဘူးဟုတ်လား။ ကောင်လေး... မင်းက ငါတို့ကို ကစားရဲတယ်ပေါ့လေ"

"တိတ်စမ်း"

ခန်းမဆောင်သခင်သည် လက်ကိုမြှောက်ကာ သူ့စကားကို ဖြတ်တောက်လိုက်သည်။ သူမက လုချင်းကို ကြည့်လိုက်ပြီးနောက်၌ သူမ၏ အမူအရာက တစ်ဖန် ပြန်၍တည်ငြိမ်သွားတော့၏။

"မိတ်ဆွေလု... ရှင့်စကားတွေက ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေတဲ့ပုံပဲနော်။ အဲဒီလို ချန်ပေ့သာ မရှိဘူးဆိုရင် ဒီမိုးကြိုးမန္တန်အဆောင်က ဘယ်ကနေ ရောက်လာတာလဲ"

"ကျွန်တော်ကိုယ်တိုင် ဖန်တီးခဲ့တာပါဗျ"

လုချင်းက တည်ငြိမ်စွာပင် ဖြေလိုက်လေ၏။

"ဘာ..."

ယခုအခါတွင်မူ လူတိုင်း အမှန်တကယ်ပင် မှင်သက်သွားကြလေပြီပင်။ ခန်းမဆောင်သခင်၏ နီစွေးသော နှုတ်ခမ်းအစုံသည်ပင်လျှင် အံ့ဩမှုကြောင့် အနည်းငယ် ဟဟလေး ဖြစ်သွားရတော့သည်။

"မိတ်ဆွေလု... ရှင်က ဒီမိုးကြိုးမန္တန်အဆောင်ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးခဲ့တယ်လို့ ဆိုလိုချင်တာလား"

"ဟုတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ဖန်တီးပြီးတော့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်းရဖို့အတွက် ခင်ဗျားတို့ရဲ့ ရတနာခန်းမဆောင်မှာ လာရောင်းခဲ့တာပါ။ ဒါက ဒီလိုမျိုး အထင်လွဲမှားမှုတွေ ဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့မိပါဘူး"

"အဓိပ္ပာယ်မရှိလိုက်တာ"

ခန်းမဆောင်သခင်က တစ်စုံတစ်ရာ ထပ်မပြောရသေးမီမှာပင် ဆရာချိုးက ဒေါသတကြီးဖြင့် ထပ်မံပေါက်ကွဲလာပြန်လေ၏။

"မင်းလို တတိယ အသွင်ပြောင်းလဲခြင်းအဆင့်မှာပဲ ရှိသေးတဲ့ သာမန် ရွှေအမြုတေအဆင့်က မိုးကြိုးမန္တန်အဆောင်လို ရှုပ်ထွေးနက်နဲလှတဲ့ အဆောင်ကို ဖန်တီးခဲ့တယ်လို့ ပြောရဲတယ်ပေါ့လေ။ ကောင်လေး... မင်း လိမ်မယ်ဆိုရင်တောင်မှ ယုံလောက်စရာလေး ဖြစ်အောင် လိမ်စမ်းပါ။ ငါတို့ကို မန္တန်အဆောင်ပညာရပ်နဲ့ ပတ်သက်ပြီး ဘာမှနားမလည်တဲ့ အရူးတွေလို့ ထင်နေတာလား"

"ဟုတ်ပါ့... မိုးကြိုးမန္တန်အဆောင်ကို မင်းဖန်တီးခဲ့တယ်ဆိုရင် မင်းမှာ သက်သေအထောက်အထား တစ်ခုခုများ ရှိလို့လား"

ဆရာကျောက်ကပါ ဝင်ပြောလိုက်သည်။

ခန်းမဆောင်သခင်သည် အံ့အားသင့်မှုများမှ ပြန်လည်သက်သာလာပြီးနောက် ခါးသီးသော အပြုံးတစ်ခုကို ဖန်တီးလိုက်လေ၏။

"မိတ်ဆွေလု... ကျွန်မက ရှင့်ကို မယုံတာမဟုတ်ပါဘူး၊ ဒါပေမဲ့... အဲဒါက ယုံဖို့နည်းနည်းတော့ ခက်ခဲနေလို့ပါ။ မိုးကြိုးမန္တန်အဆောင်ဆိုတာ တကယ့်ကို အပြစ်ဆိုဖွယ်ရာမရှိတဲ့ လက်ရာမြောက်မှုတစ်ခုပါ။ စစ်မှန်တဲ့ မန္တန်အဆောင် မဟာသခင်တစ်ယောက်ပဲ ဒါမျိုးကို ဖန်တီးနိုင်တာလေ။ အဲဒါက ရှင့်လက်ထဲကနေ ထွက်လာတယ်ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလွန်းပါတယ်ရှင့်"

'အပြစ်ဆိုဖွယ်ရာမရှိတဲ့ လက်ရာမြောက်မှု... မဟာသခင်တစ်ယောက်ရဲ့ လက်ရာ... ဟုတ်လား'

ဤတစ်ခေါက်တွင်တော့ လုချင်းတစ်ယောက် မှင်သက်သွားရမည့် အလှည့်သို့ ရောက်လာလေပြီပင်။

မိုးကြိုးမန္တန်အဆောင်အတွက် ဤမျှလောက် ချီးကျူးခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သူ အချိန်နှင့် အားစိုက်ထုတ်မှု အနည်းငယ်မျှသာသုံးကာ ပေါ့ပေါ့ပါးပါး ဖန်တီးခဲ့သည့် အရာတစ်ခုသာ ဖြစ်သည် မဟုတ်ပါလော။

သို့ရာတွင် သူ၏ တစ်ခဏတာ အံ့အားသင့်သွားမှုက ဆရာချိုးကို လုချင်းသည် လူလိမ်တစ်ဦးဖြစ်ကြောင်း ပို၍ပင်သေချာသွားစေတော့သည်။ သူက လှောင်ပြောင်လိုက်လေ၏။

"တွေ့လား... မဖြစ်နိုင်ဘူးလို့ ကျုပ် ပြောသားပဲ။ သူတကယ်ပဲ အဆောင်ကို ဖန်တီးခဲ့တယ်ဆိုရင် ဘာလို့ သက်သေအထောက်အထားကို မပြနိုင်ရတာလဲ။ ဒီကောင်လေးက ရတနာခန်းမဆောင်ကို ညာစားဖို့ ရောက်လာတာ ကျိန်းသေပေါက်ပဲ။ နေဦး... သူ့တစ်ယောက်တည်းဆိုရင် ဒီလောက်သတ္တိရှိမှာ မဟုတ်ဘူး။ သူက တစ်ယောက်ယောက်ရဲ့ နယ်ရုပ်လေးပဲ ဖြစ်ရမယ်။ ခန်းမဆောင်သခင်ကို လှည့်စားဖို့အတွက် အထဲကရော အပြင်ကပါ ပူးပေါင်းလုပ်ဆောင်နေကြတာ နေမှာ"

"ချိုးရုံ... ခင်ဗျား ဘာပြောလိုက်တာ။ ခန်းမဆောင်သခင်ကို လှည့်စားဖို့ ကျုပ်က မိတ်ဆွေလုနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ ခင်ဗျားက ဆိုလိုချင်တာလား"

ဆရာဝမ်သည် မည်သို့မျှ ဆက်လက်ထိန်းချုပ်မထားနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေတော့သည်။

"ကျုပ် အဲဒီလို မပြောပါဘူး... ဒါပေမဲ့ မိုးကြိုးမန္တန်အဆောင်ကို ကျုပ်တို့ဆီ ယူလာတာက ခင်ဗျားလေ... ပြီးတော့ အဲဒါကို မဟာသခင်ရဲ့ လက်ရာပါဆိုပြီး ဖောဖောသီသီ ချီးမွမ်းနေခဲ့တာလည်း ခင်ဗျားပဲလေ။ အခုကျတော့ ဒီအဆောင်က တော်တော်လေးကို မေးခွန်းထုတ်စရာကောင်းတဲ့ နောက်ခံတစ်ခု ရှိနေနိုင်ပုံရတယ်"

ဆရာချိုးက လှောင်ပြောင်လိုက်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ။ အလွယ်တကူ ပေါ်သွားနိုင်တဲ့ အလိမ်အညာတစ်ခုကို ကျုပ်က ဘာလို့ ဖန်တီးရမှာလဲ"

ဆရာဝမ်က ဒေါသတကြီး ပြောလိုက်၏။

"အဲဒါကိုတော့ ကျုပ်လည်း မသိဘူးလေ။ ခင်ဗျား အသက်ကြီးလာလို့ သတိမေ့နေတာကြောင့်လည်း ဖြစ်နိုင်တာပဲ"

"ခင်ဗျား..."

ဆရာဝမ်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားကာ ထိုစော်ကားမှုအပေါ် သူ၏ ရင်တွင်းမှ အမျက်ဒေါသများ ဆူပွက်လာလေတော့သည်။ ဤသို့ ဗြောင်ကျကျ စွပ်စွဲခံရသည့်အပြင် သူ့ကို သတိမေ့နေသည့် အဘိုးကြီးဟု မျက်နှာချင်းဆိုင် ခေါ်ဆိုခံလိုက်ရသည်ဖြစ်ရာ မည်သို့သော မိမိကိုယ်ကိုယ် ထိန်းချုပ်မှုမျိုးကမျှ သူ၏ ဒေါသကို မြိုသိပ်မထားနိုင်တော့ပေ။

"တော်ကြတော့။ တိတ်စမ်း"

ခန်းမဆောင်သခင်၏ မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ဖြာထွက်လာလေ၏။ ဆရာချိုးရော ဆရာဝမ်ပါ နှစ်ယောက်စလုံး တုန်ယင်သွားကြပြီး ထပ်မံ၍ စကားမဟရဲကြတော့ချေ။

ထိုအချိန်တွင် လုချင်းသည် အခြေအနေအရပ်ရပ်ကို ချိတ်ဆက်တွေးတောနေခဲ့သည်။ သူ၏ မိုးကြိုးမန္တန်အဆောင်က ရတနာခန်းမဆောင်အတွင်း၌ အတော်လေး ဂယက်ရိုက်သွားစေခဲ့ပုံရ၏။

လူတိုင်း၏ တုံ့ပြန်မှုများကို ကြည့်ရသလောက် သူသည် ထိုအဆောင်၏ တန်ဖိုးကို ရှင်းလင်းစွာပင် လျှော့တွက်မိခဲ့လေပြီပင်။ ရတနာခန်းမဆောင်အနေဖြင့် ထိုအဆောင်၏ ထုတ်လုပ်မှုစရိတ် သက်သာသောကြောင့်သာ သူနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု သူ ယူဆထားခဲ့သည်။ သို့ရာတွင် ယခုကြည့်ရသည်မှာ အခြေအနေများက သူ စိတ်ကူးထားသကဲ့သို့ မဟုတ်ကြောင်း သိသာလာတော့၏။

"မိတ်ဆွေလု... ရှင်မြင်တဲ့အတိုင်းပဲ၊ ရှင်ပြောလိုက်တဲ့ စကားတွေကို အခြားသူတွေ လက်ခံဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်မတို့ ရတနာခန်းမဆောင်ရဲ့ အကဲဖြတ်ဆရာတွေတောင်မှ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြတာလေ။ မိုးကြိုးမန္တန်အဆောင်ကို ရှင်ကိုယ်တိုင် ဖန်တီးခဲ့တယ်ဆိုတာကို သက်သေပြနိုင်မယ့် နည်းလမ်းတစ်ခုခုများ ရှင့်ဆီမှာ ရှိနေမလား"

ဆရာနှစ်ဦးကို ပြင်းပြင်းထန်ထန် သတိပေးပြီးနောက်၌ ခန်းမဆောင်သခင်သည် လုချင်းဘက်သို့ ပြန်လှည့်လာကာ သူမ၏ အသံက တစ်ဖန် ပြန်၍နူးညံ့သွားလေ၏။

လုချင်းသည် သူမ၏ တည်ငြိမ်မှုကို မလေးစားဘဲ မနေနိုင်တော့ပေ။

ဤသို့သော အခြေအနေမျိုးတွင်ပင် သူမက ယဉ်ကျေးပျူငှာပြီး တည်ငြိမ်ဟန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သည် မဟုတ်ပါလော။

"သေချာတာပေါ့... မိုးကြိုးမန္တန်အဆောင်ကို ကျွန်တော်ဖန်တီးခဲ့တယ်ဆိုတဲ့ သက်သေကို ခင်ဗျားတို့ လိုချင်တယ်ဆိုရင်တော့ အရမ်းလွယ်ပါတယ်။ ခင်ဗျားတို့ရဲ့ မျက်စိရှေ့ ဒီနေရာမှာတင် တစ်ခုလောက် ကျွန်တော် ဖန်တီးပြပါ့မယ်"

လုချင်းက ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော ဝိညာဉ်ကျောက်စိမ်းတစ်ခု သူ၏ လက်ထဲတွင် ပေါ်လာလေတော့သည်။

….

All Chapters