အခန်း ၅၂၄
Vol. 53 Ch. 524
အခန်း ၅၂၄ - ပူးပေါင်းခြင်းနှင့် ကံကြမ္မာကိုဖတ်ရှုနိုင်သော နတ်ဘုရားစွမ်းရည်
ရတနာခန်းမဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ လွှမ်းမိုးနေလေ၏။
လုချင်း နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်သည် သူ့အား ဖိအားပေးခြင်းမရှိဘဲ စိတ်ရှည်လက်ရှည်ဖြင့်သာ စောင့်ဆိုင်းနေတော့သည်။
သူမအနေဖြင့် ပါရမီရှင်များကို အလိုရှိနေပြီး လုချင်းကို ခန်းမဆောင်နှင့် ပူးပေါင်းစေချင်သည့် ဆန္ဒအပြည့်အဝ ရှိနေသော်ငြား ဤကိစ္စမှာ အတင်းအကျပ် ဖိအားပေး၍မရဘဲ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ရမည်ကို ကောင်းစွာ နားလည်ထားပါ၏။
လုချင်း၏ ဇာစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပြီး အစွမ်းထက်လှသော အမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်းမှာလည်း ထင်ရှားနေပေသည်။ ထို့ကြောင့် သူ၏ နောက်ခံသမိုင်းကြောင်းမှာ ရိုးရှင်းနိုင်ဖွယ် မရှိချေ။
ရတနာခန်းမဆောင်တွင် နက်ရှိုင်းလှသော အမြစ်တွယ်မှုများနှင့် ကြီးမားကျယ်ပြန့်လှသည့် အရင်းအမြစ်များ ရှိနေသော်ငြား ရန်သူများကို ပေါ့ပေါ့ဆဆ ဖန်တီးလိုသောဆန္ဒမျိုး သူတို့ထံ၌ မရှိခဲ့ပေ။
လုချင်းသည်လည်း သူ၏ ရွေးချယ်စရာများကို အမှန်တကယ် ချိန်ဆတွေးတောနေလေတော့သည်။
အစပိုင်း၌ မိုးကြိုးမန္တန်အဆောင်များကို ရောင်းချရသည့် သူ၏ အဓိကရည်ရွယ်ချက်မှာ ရတနာခန်းမဆောင်၏ အာရုံစိုက်မှုကို ရယူရန်သာ ဖြစ်ခဲ့၏။ ကုန်ကျစရိတ် သက်သာစွာဖြင့် မိုးကြိုးမန္တန်အဆောင်များကို ထုတ်လုပ်ပြီး ဝိညာဉ်ကျောက်တုံးများ ရှာဖွေစုဆောင်းရန်အတွက် သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု တည်ဆောက်နိုင်ရန် သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့မိသောအရာမှာ ခန်းမဆောင်ဘက်မှ သူ မှန်းဆထားခဲ့သည်ထက် များစွာပို၍ အာရုံစိုက်လာခဲ့ခြင်းပင် ဖြစ်၏။
သူတို့သည် သူ့အား မန္တန်အဆောင်ခေါင်းဆောင် ရာထူးကိုပင် ကမ်းလှမ်းလာခဲ့ကြသည် မဟုတ်ပါလော။
အစောက ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် ဆရာချိုးဆိုသူက သူ့အပေါ် အဘယ်ကြောင့် ရန်လိုမှုများ ပြသနေခဲ့သနည်း ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
မန္တန်အဆောင်ခေါင်းဆောင် ဆိုသည့် ရာထူးသည် ထိုသူ၏ ရည်မှန်းချက် ဖြစ်နေခဲ့ပုံရ၏။
အချိန်အနည်းငယ် ကြာပြီးနောက်၌ လုချင်းသည် ခေါင်းကိုမော့ကာ ခန်းမဆောင်သခင်အား ကြည့်လိုက်၏။
"ခန်းမဆောင်သခင်... ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် သဘောတူလိုက်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ ဘယ်လို အကျိုးခံစားခွင့်တွေ ရနိုင်မလဲ"
ခန်းမဆောင်သခင်က ပြုံးလိုက်လေသည်။
သူ ဤသို့ မေးခွန်းထုတ်လာခြင်းမှာ စိတ်ဝင်စားသွားပြီဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ပေ၏။
သူမက ချက်ချင်းပင် ဆိုလိုက်တော့၏။ "အကျိုးခံစားခွင့်အတွက်ကတော့ မိတ်ဆွေလု နစ်နာစေမှာ မဟုတ်တာမလို့ စိတ်ချထားလိုက်ပါ။ အားလုံးကို ဆွေးနွေးညှိနှိုင်းလို့ ရပါတယ်။ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးနိုင်ဖို့ ကျွန်မနဲ့အတူ သီးသန့်ခန်းလေးထဲကို လိုက်ခဲ့ပေးပါလား"
"ကောင်းပါပြီ" လုချင်းက ကျေနပ်စွာပင် သဘောတူလိုက်၏။
ရတနာခန်းမဆောင်က အမှန်တကယ် မည်မျှလောက်အထိ ရက်ရောနိုင်မည်နည်း ဆိုသည်ကို သူကိုယ်တိုင်လည်း သိချင်နေခဲ့သည် မဟုတ်ပါလော။
လုချင်းတစ်ယောက် ခန်းမဆောင်သခင်၏ နောက်မှနေ၍ သီးသန့်ခန်းဆီသို့ လိုက်ပါသွားသည်ကို မြင်သောအခါ ဆရာချိုး၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားတော့သည်။
ထိုလူငယ်လေးအား မန္တန်အဆောင်ခေါင်းဆောင်အဖြစ် ခန့်အပ်မည့်ကိစ္စမှာ သေချာသလောက် ရှိသွားပြီဖြစ်ကြောင်း ထိုအခိုက်အတန့်တွင် သူ သိလိုက်လေ၏။
ခန်းမဆောင်သခင်သည် အမြဲတမ်း ရက်ရောတတ်သူဖြစ်ပြီး စစ်မှန်သော ပါရမီရှင်များအတွက် ဆုလာဘ်များ ချီးမြှင့်ရာတွင် မည်သည့်အခါမျှ တွန့်တိုလေ့မရှိပေ။ သူမ ကမ်းလှမ်းမည့် ဆုလာဘ်များကို ငြင်းဆန်နိုင်သူဆိုသည်မှာ ခပ်ရှားရှားသာဖြစ်မည်ဟု သူ ယုံကြည်ထားလေသည်။
သို့တိုင်အောင် ထိုရာထူးအတွက် အချိန်အတော်ကြာအောင် သူ မည်သို့မည်ပုံ အကြံအစည်များချကာ ကြိုးပမ်းခဲ့ရသည်ကို တွေးမိသောအခါ၌ လူငယ်လေးတစ်ယောက်၏ လက်တွင်းသို့ လုယူခံလိုက်ရခြင်းအပေါ် ဆရာချိုးတစ်ယောက် မည်သို့မျှ စိတ်မချမ်းသာနိုင်အောင် ဖြစ်ရတော့၏။
ပို၍ဆိုးရွားသည်မှာ ယနေ့တွင် သူသည် ထိုလူငယ်လေးအား အကြီးအကျယ် စော်ကားမိခဲ့ခြင်းပင်။ နောင်တစ်ချိန်တွင် ထိုလူငယ်လေး၏ လက်အောက်၌ သူ ဒုက္ခရောက်ရနိုင်ဖွယ် ရှိနေလေပြီဖြစ်၏။
ထိုအတွေးကြောင့် ဆရာချိုး၏ မျက်နှာမှာ ပို၍ပင် မှုန်ကုပ်သွားလေတော့သည်။
ထိုစဉ်မှာပင် ဆရာဝမ်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့၏။ "ကြည့်ရတာ ငါတို့ရဲ့ ရတနာခန်းမဆောင်က မကြာခင်မှာ မန္တန်အဆောင်ခေါင်းဆောင်အသစ်တစ်ယောက် ရတော့မယ့်ပုံပဲ။ ငါကတော့ လက်ဆောင်လေးတစ်ခု ပြင်ပြီး မန္တန်အဆောင်ပညာရပ်နဲ့ ပတ်သက်လို့ သူ့ဆီကနေ လမ်းညွှန်မှုတွေ နှိမ့်နှိမ့်ချချနဲ့ တောင်းခံရမယ်။ အခြေအနေကိုတောင် နားမလည်ဘဲ ခွေးရူးလို ဟောင်နေတဲ့ တချို့လူတွေနဲ့တော့ မတူဘူးပေါ့လေ။ အခုတော့ သူတို့ခင်မျာ တောင်းပန်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်တော့ဘူးပေါ့။ လမ်းညွှန်မှုတောင်းခံဖို့ဆိုတာ အဝေးကြီးဖြစ်သွားရှာပြီ"
"ဟွန့်" ဆရာချိုး၏ မျက်နှာမှာ ပို၍ပင် အကျည်းတန်သွားတော့သည်။ သူသည် အင်္ကျီလက်ကို အေးစက်စွာ ခါရမ်းလိုက်ရင်း လှည့်ထွက်သွားလေတော့၏။
တစ်ဖက်တွင်မူ ဆရာဝမ်မှာ အတော်လေး ကျေနပ်နေခဲ့လေသည်။
မကြာသေးမီက ချိုးရုံ၏ မောက်မာမှုတို့မှာ တရိပ်ရိပ် မြင့်တက်နေခဲ့သည် မဟုတ်ပါလော။
ယခုတော့ ဟန်ဆောင်မှုများအားလုံး ကွာကျသွားပြီဖြစ်ရာ ဘာကိုမျှ ထိန်းချုပ်ထားရန် မလိုအပ်တော့ပေ။
သို့သော် သူ၏ အစောကစကားများမှာ သက်သက်မဲ့ ပြောလိုက်ခြင်းတော့ မဟုတ်ချေ။ လက်ဆောင်တစ်ခု ပြင်ဆင်ပြီး လုချင်းထံမှ မန္တန်အဆောင်လမ်းစဉ်အတွက် လမ်းညွှန်မှု တောင်းခံရန် သူ အမှန်တကယ်ပင် ရည်ရွယ်ထားခြင်း ဖြစ်ပါ၏။
'မိတ်ဆွေလုက ဘယ်လိုရတနာမျိုးကို သဘောကျလောက်မလဲ မသိဘူး...'
...
"လစဉ် ထောက်ပံ့ကြေးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀ပါ။ မန္တန်အဆောင်တွေနဲ့ ဝိညာဉ်လက်နက်တွေ ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ကျွန်မတို့ ခန်းမဆောင်ဘက်ကနေ ထောက်ပံ့ပေးပါမယ်။ ရောင်းချလို့ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတော့ ထက်ဝက်စီ ခွဲယူကြတာပေါ့။ ဒါ့အပြင် ရှင်က ကျွန်မတို့ဆီကနေ ပစ္စည်းတွေ ဒါမှမဟုတ် ရတနာတစ်ခုခု ဝယ်ယူချင်တယ်ဆိုရင်လည်း ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေး ရပါလိမ့်မယ်။ မိတ်ဆွေလု... ဒီသတ်မှတ်ချက်တွေကိုရော သဘောကျရဲ့လား"
ဤသည်မှာ အခြားတစ်ဖက်ရှိ သီးသန့်ခန်းအတွင်း၌ ခန်းမဆောင်သခင်က လုချင်းအား ပြောဆိုနေခြင်း ဖြစ်လေသည်။
လုချင်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း ရင်တွင်း၌မူ အတော်လေး သဘောကျနေခဲ့၏။ ခန်းမဆောင်သခင်၏ သတ်မှတ်ချက်များမှာ အံ့မခန်း ရက်ရောလွန်းလှကြောင်းကို သူ ဝန်ခံရပေမည်။
လစဉ်ရရှိမည့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀ဆိုသည်မှာပင်လျှင် ကြီးမားသော ကြွယ်ဝမှုတစ်ခု ဖြစ်နေလေပြီပင်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများနှင့် တွက်ကြည့်မည်ဆိုပါက သုံးထောင်တိတိပင် ရှိလေသည်။
သူ၏ မူလကမ္ဘာလောကကြီးတွင် လုချင်းမှာ ရွှေအမြုတေအဆင့် ပြင်ပလူနှစ်ဦး၏ အမွေအနှစ်အားလုံးကို ရရှိခဲ့သည့်အပြင် နောက်ဆုံးရတနာလေးတစ်ခုမကျန် လိုက်လံရှာဖွေခဲ့စဉ်ကပင် ဤပမာဏကို မမီခဲ့ချေ။
ယခုမူ ၎င်းမှာ ခန်းမဆောင်၏ လစဉ်ထောက်ပံ့ကြေးမျှသာ ဖြစ်၏။ သူ မန္တန်အဆောင်များ ဖန်တီးရောင်းချပါက ရရှိလာမည့် အကျိုးအမြတ်ဝေစုကို ထည့်မတွက်ထားသေးပေ။
သို့တိုင်အောင် လုချင်းက ချက်ချင်း သဘောမတူခဲ့ပေ။
ထိုအစား သူက ပြုံးလိုက်ပြီး မေးလိုက်တော့သည်။ "ဒီလို ရက်ရောလွန်းတဲ့ သတ်မှတ်ချက်တွေကြောင့် ကျွန်တော်တောင် ဘာလုပ်ရမှန်း မသိတော့ဘူး ခန်းမဆောင်သခင်။ ဒါပေမဲ့ ကျွန်တော် တစ်ခုလောက် မေးပါရစေ... အပြန်အလှန်အနေနဲ့ ကျွန်တော့်ဘက်က ဘာတွေ ပြန်ပေးရမလဲဗျ"
ခန်းမဆောင်သခင်သည် သူ၏ တည်ငြိမ်နေသော အမူအရာကို သတိပြုမိလိုက်ပြီး ရင်တွင်း၌ ခေါင်းညိတ်လိုက်လေ၏။
သူမ ပြုလုပ်လိုက်သော ကမ်းလှမ်းမှုမှာ သန္ဓေသားဝိညာဉ်အဆင့်၏ စဦးပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကိုပင် သွေးဆောင်နိုင်စွမ်း ရှိပေ၏။
သို့သော် လုချင်းမှာတော့ မည်သို့မျှ တုန်လှုပ်ခြင်း မရှိပေ။ ၎င်းက သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနေခြင်းပင် ဖြစ်၏။ သို့ဖြစ်၍ လုချင်း၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း သူမ၏ ယုံကြည်ချက်ကို ပို၍ခိုင်မာသွားစေတော့သည်။
အကယ်၍ သူသာ နိမ့်ကျသော ဇာစ်မြစ်မှလာသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ပါလျှင် ချက်ချင်းပင် သဘောတူလိုက်ပြီ ဖြစ်၏။
"မိတ်ဆွေလုအနေနဲ့ ဘာမှ ထပ်ပေးစရာ မလိုပါဘူး။ ကျွန်မတို့ ရတနာခန်းမဆောင်က ပါရမီရှင်တွေကို အမြဲတမ်း ရှာဖွေလေ့ရှိပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာ လျှောက်လှမ်းနေသူတွေကို အရမ်းကို လေးစားပါတယ်။ ရှင့်ရဲ့ မန္တန်အဆောင်ပညာ ကျွမ်းကျင်မှုနဲ့ဆိုရင် ကျွန်မတို့ရဲ့ မန္တန်အဆောင်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သဘောတူပေးရုံနဲ့တင် လုံလောက်နေပါပြီ"
လုချင်း၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ရှေ့မှောက်ရှိ အမျိုးသမီးအား အသစ်တဖန် လေးစားမှုများဖြင့် ကြည့်လိုက်လေတော့သည်။
သူ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝနီးပါး ချမှတ်ပြီးခဲ့ပြီ ဖြစ်၏။
သို့တိုင် သူက လေးလေးနက်နက်ပင် ဆက်ပြောလိုက်သည်။ "ခန်းမဆောင်သခင်က တကယ့်ကို သဘောထားကြီးလွန်းပါတယ်။ ကျွန်တော် လုချင်းတောင် အံ့အားသင့်ရတဲ့အထိပါပဲ။ ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြချင်တဲ့ ကိစ္စလေးတစ်ခု ရှိနေတယ်။ ရှောင်ချန်းကမ္ဘာကို ကျွန်တော် လာရတဲ့ ရည်ရွယ်ချက်က လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ ထျန်းယွမ်ကမ္ဘာလောကကြီးဆီ ဝင်ရောက်ခွင့် ရှာဖွေဖို့ပါ။ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းမိသွားတာနဲ့ တစ်ပြိုင်နက် ကျွန်တော် ဒီမှာ အကြာကြီး နေဖြစ်မှာ မဟုတ်ဘူးဗျ"
"ဒါကြောင့်ကိုး။ အဲဒီကိစ္စအတွက် ရှင် စိုးရိမ်နေစရာ မလိုပါဘူး မိတ်ဆွေ" ခန်းမဆောင်သခင်က ပြုံးလျက် ပြန်ဖြေလေသည်။ "ရှောင်ချန်းကမ္ဘာကို ရောက်လာကြတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေထဲမှာ ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို မဝင်ချင်တဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ။ ဒါက သဘာဝပါပဲ... ရှင် ထိမ်ချန်ထားစရာ မလိုပါဘူး။"
"တကယ်လို့ တစ်နေ့နေ့ကျရင် ရှင်ထွက်သွားချင်တယ်ဆိုရင်လည်း အချိန်မရွေး ထွက်သွားလို့ရပါတယ်။ ကျွန်မတို့ ရတနာခန်းမဆောင်က ရှင့်ကို ဘယ်တော့မှ တားဆီးနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရှင်က ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ချင်တယ်ဆိုရင် အချိန်တန်တဲ့အခါ ရှင့်အတွက် အခြားလမ်းကြောင်းတစ်ခုကို ကျွန်မ ကမ်းလှမ်းပေးနိုင်ကောင်း ကမ်းလှမ်းပေးနိုင်လိမ့်မယ်"
"ဟင်... အဲဒါက ဘယ်လို လမ်းကြောင်းမျိုးများလဲဗျ" လုချင်းသည် များစွာ စိတ်ဝင်စားသွားလေတော့သည်။
သူကိုယ်တိုင်ရော၊ ရှောင်လီနှင့် ဝူရှင်းတို့အတွက်ပါ ဝင်ရောက်ခွင့်ကို ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူရန် သူ စီစဉ်ထားခဲ့၏။ ထိုသို့ဆိုလျှင် ငွေကြေးပမာဏ အမြောက်အမြား ကုန်ကျမည်ပင်။ အကယ်၍ အခြားနည်းလမ်းတစ်ခုသာ ရှိနေမည်ဆိုပါက သူသည် လွန်စွာပင် သိချင်နေမိတော့သည်။
"အဲဒါကိုတော့ လောလောဆယ် လျှို့ဝှက်ထားပါရစေဦး။ အချိန်တန်လာရင် ရှင် အလိုလို သိလာရမှာပါ"
ခန်းမဆောင်သခင်သည် နောက်ထပ် အသေးစိတ်ကို ရှင်းပြခြင်း မရှိတော့ချေ။
လုချင်းလည်း ကောင်းစွာ သဘောပေါက်လိုက်လေ၏။
တန်ဖိုးပေးဆပ်ရန် မလိုအပ်ဟု သူမက ဆိုသော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် သူ၏ အနာဂတ်စွမ်းဆောင်ရည်အပေါ်၌သာ မူတည်နေမည်ပင်။ သို့သော် ၎င်းမှာ တရားမျှတမှု ရှိပေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ ကမ်းလှမ်းထားသော အခြေအနေများမှာ အလွန်ကိုမှ ရက်ရောလွန်းနေသည် မဟုတ်ပါလော။
လုချင်းက ရိုးသားပွင့်လင်းစွာပင် ပြန်ပြောလိုက်သည်။ "ခန်းမဆောင်သခင်က ကျွန်တော့်ကို ဒီလောက်တောင် အလေးအနက်ထားပေးမှတော့ ကျွန်တော်ကလည်း ရိုသေလေးစားစွာနဲ့ပဲ လက်ခံပါ့မယ်"
"ဒါဆိုရင် ကျွန်မတို့ရဲ့ ရတနာခန်းမဆောင်ကနေ မိတ်ဆွေလုကို ကြိုဆိုခွင့်ပြုပါ" ခန်းမဆောင်သခင်က ပြုံးလျက် ဆိုလိုက်လေ၏။
သေချာသည်မှာ ရတနာခန်းမဆောင်ရှိ မန္တန်အဆောင်ခေါင်းဆောင် ရာထူးဆိုသည်မှာ သေးငယ်သောကိစ္စရပ် မဟုတ်ပေ။
နောက်ဆုံးတွင် လုချင်းနှင့် ခန်းမဆောင်သခင်တို့သည် စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြပြီး ဝိညာဉ်သစ္စာအဓိဋ္ဌာန် ပြုလုပ်ကာ မန္တန်အဆောင်ခေါင်းဆောင်အဖြစ် သူ၏ အဆင့်အတန်းအသစ်ကို တရားဝင် အတည်ပြုလိုက်ကြလေတော့သည်။
"မိတ်ဆွေလု... ခရီးပန်းလာတာတွေကို ဖြေဖျောက်နိုင်ဖို့နဲ့ ကြိုဆိုတဲ့အနေနဲ့ ရှင့်အတွက် ညစာစားပွဲတစ်ခု ပြင်ဆင်ထားဖို့ ကျွန်မ အမိန့်ပေးထားပြီးပါပြီ။ ရှင် လိုက်ခဲ့ပေးနိုင်မလား" စာချုပ်ချုပ်ဆိုပြီးနောက် ခန်းမဆောင်သခင်သည် သိသိသာသာပင် စိတ်ကူးတက်ကြွနေခဲ့ပြီး အပြုံးတစ်ခုနှင့်အတူ ဖိတ်ခေါ်လိုက်သည်။
"ကျွန်တော် တည်းခိုခန်းမှာ သွားယူစရာ ပစ္စည်းလေးတချို့ ကျန်နေသေးလို့ ခဏလောက် စောင့်ပေးနိုင်မလားဗျ။ ပြန်ရောက်တာနဲ့ ညစာစားပွဲကို ဝမ်းမြောက်ဝမ်းသာ တက်ရောက်ပါ့မယ်"
ရတနာခန်းမဆောင်၏ မန္တန်အဆောင်ခေါင်းဆောင် ရာထူးသည် သဘာဝကျကျပင် ကိုယ်ပိုင်ကျင့်ကြံရေးဂူတစ်ခုပါ ပါဝင်လာမည်ဖြစ်၏။ ထို့ကြောင့် လုချင်းသည် တည်းခိုခန်းသို့ ပြန်၍ အခန်းအပ်ရန် စီစဉ်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို စပေါ်ငွေအဖြစ် ပေးထားခဲ့သည် မဟုတ်ပါလော။
အကယ်၍ သူ ယနေ့ထက်ကျော်လွန်ပြီး ဆက်နေမည်ဆိုပါက နောက်ထပ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ထပ်မံဖြတ်တောက်ခံရမည်ပင်။
"ကောင်းပါပြီ။ မိတ်ဆွေလု ကိစ္စတွေ ရှင်းလင်းပြီးသွားတဲ့အခါကျ ကျွန်မတို့ အေးအေးဆေးဆေး သောက်ရင်း စကားပြောကြတာပေါ့" ခန်းမဆောင်သခင်က ထိုကိစ္စကို အတင်းအကျပ် မပြောတော့ဘဲ အလွယ်တကူပင် သဘောတူလိုက်၏။
လုချင်း ထွက်သွားပြီးနောက်၌ ဖုံးကွယ်ထားသော မှုန်ဝါးဝါး အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည့် လူရိပ်တစ်ခုသည် ခန်းမဆောင်သခင်၏ အနောက်တွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာတော့သည်။
"သခင်မလေး... ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် ရက်ရောတဲ့ သတ်မှတ်ချက်တွေ ကမ်းလှမ်းရတာလဲ။ သူရဲ့ မန္တန်အဆောင် ဖန်တီးမှုစွမ်းရည်က တကယ့်ကို သေသပ်လှပတယ်ဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်ကတော့ နိမ့်နေတုံးပဲလေ။ သူက အခုထိ တကယ် အစွမ်းထက်တဲ့ မန္တန်အဆောင်တွေကို ဖန်တီးနိုင်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ စစ်မှန်တဲ့ မန္တန်အဆောင် မဟာသခင်တစ်ယောက်နဲ့ ယှဉ်လိုက်ရင် သူက အဝေးကြီး လိုနေပါသေးတယ်" ထိုအရိပ်သဏ္ဌာန်ပိုင်ရှင် ဖူပေါ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေ၏။
သခင်မလေး ကမ်းလှမ်းလိုက်သော သတ်မှတ်ချက်များဖြင့် အတွေ့အကြုံရင့်ကျက်သော မန္တန်အဆောင် မဟာသခင်တစ်ဦးကို အလွယ်တကူပင် အလုပ်ခန့်နိုင်ပေသည်။ သူသည် တတိယ အသွင်ပြောင်းလဲခြင်းအဆင့်၌သာ ရှိသေးသော အလယ်အလတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအပေါ် အဘယ်ကြောင့် ဤမျှ ရက်ရောနေရသနည်း ဆိုသည်ကို အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ချေ။
"ဘာလို့လဲဆိုတော့ သူက အဲဒီတန်ဖိုးနဲ့ ထိုက်တန်လို့ပဲ" ခန်းမဆောင်သခင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ထိုအခါ၌ ဖူပေါ်တစ်ယောက် အံ့အားသင့်ကာ မှင်သက်သွားရတော့သည်။
"ဖူပေါ်... ရှင် ကျွန်မနောက်ကို လိုက်လာတာ နှစ်တွေအကြာကြီး ရှိနေပြီပဲ။ ကျွန်မ လူတစ်ယောက်ကို အကဲဖြတ်တာ မှားဖူးလို့လား"
ဖူပေါ်က ခေါင်းခါပြလိုက်၏။ "မမှားဖူးပါဘူး။ သခင်မလေးက အမြော်အမြင်ကြီးပါတယ်။ တစ်ခါမှ အမှားမလုပ်ခဲ့ဖူးပါဘူး"
သူသည် သူမအား သူ၏ ရင်တွင်းအသည်းနှလုံးထဲမှ အမှန်တကယ်ပင် လေးစားကြည်ညိုနေခဲ့ခြင်း ဖြစ်လေ၏။
ထျန်းယွမ်ကမ္ဘာလောကကြီးမှ သူမနောက်သို့ သူ လိုက်ပါလာခဲ့စဉ်က သူတို့၏ ဘဝလက်ကျန်ကို တိတ်ဆိတ်သော ပြည်နှင်ဒဏ်ခံရသည့် ဘဝဖြင့်သာ ကုန်ဆုံးရလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် သူမ၏ ကိုယ်ပိုင်စွမ်းရည်များဖြင့် ရှောင်ချန်းကမ္ဘာတွင် သူမအတွက် နေရာတစ်နေရာကို ဖန်တီးနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။
အပြင်လူများကမူ သူမကဲ့သို့သော အမျိုးသမီးတစ်ဦးသည် ထျန်းယွမ်ကမ္ဘာလောကကြီးမှ အစွမ်းထက်သော အဆက်အသွယ်များကို အားကိုးခြင်းဖြင့်သာ ရတနာခန်းမဆောင်ကဲ့သို့သော ဧရာမ ကုန်သွယ်ရေးလုပ်ငန်းကြီးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြလေ၏။
အစောပိုင်းတွင် လူတစ်ယောက်၏ နာမည်ကို ငှားရမ်းအသုံးပြုခဲ့ခြင်းမှလွဲ၍ ထိုအချိန်မှစကာ အရာအားလုံးကို သူမ၏ ကိုယ်ပိုင်လက်များ၊ သူမ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုနှင့် မဟာဗျူဟာများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းကို သူ တစ်ဦးတည်းကသာ သိရှိထားခဲ့လေသည်။
"ကျွန်မ ကျင့်ကြံနေတဲ့ ကျင့်စဉ်က တော်တော်လေးကို ထူးခြားတယ်ဆိုတာ ရှင်သိပါတယ်... ကျင့်ကြံဆင့် ကွာဟချက် အရမ်းမကြီးမားသရွေ့တော့ လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ နောက်ခံကို ကျွန်မ အမြဲလိုလို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတယ်လေ"
"ဒါပေမဲ့ အခုလေးတင် မိတ်ဆွေလု ကျွန်မရှေ့မှာ ရပ်နေတဲ့အချိန် သူ့ရဲ့ကံကြမ္မာကို လေ့လာဖို့အတွက် လျှို့ဝှက်ပညာရပ်တစ်ခုကို ကျွန်မ သုံးခဲ့တယ်။ ကျွန်မ မြင်လိုက်ရတာက ဘာတစ်ခုမှ ဖုံးကွယ်ထားတာ မရှိသလို လုံးဝကို ရှင်းလင်းနေခဲ့တယ်လေ"
"ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်မ မြင်တွေ့နေရတာတွေက... အတုအယောင်တစ်ခု ဖြစ်နေတယ်ဆိုတဲ့ ပြင်းထန်တဲ့ ခံစားချက်တစ်ခုကိုလည်း ရလိုက်တယ်။ ကျွန်မရှေ့က ကံကြမ္မာက ကျွန်မကို မြင်စေချင်လို့ တမင်တကာကြီးကို ခွင့်ပြုပေးထားသလိုမျိုးပဲ"
"သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ အများကြီး ခရီးရောက်နေတဲ့ ပြိုင်ဘက်ကင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေဆီကပဲ ဒီလိုခံစားချက်မျိုးကို ကျွန်မ ရခဲ့ဖူးတာ။ အခုတော့ သာမန် အလယ်အလတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်ဆီကနေ အဲ့လိုမျိုးကို ရနေတယ်ဆိုတော့..."
"အတိုချုပ်ပြောရရင် အဲ့ဒီမိတ်ဆွေလုရဲ့ အဆင့်အတန်းနဲ့ ဇာစ်မြစ်က လုံးဝကို ရိုးရှင်းမနေဘူး။ ကျွန်မ ခံစားမိတယ်...တကယ်လို့ ကျွန်မတို့သာ သူနဲ့ မဟာမိတ်ဖွဲ့ထားမယ်ဆိုရင် အနာဂတ်မှာ သူက ကျွန်မတို့အတွက် ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်လာနိုင်တယ်"
ခန်းမဆောင်သခင်သည် ဖြည်းညင်းစွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေလေတော့၏။
"ဒါဆိုရင်လည်း" ဖူပေါ်တစ်ယောက် လှုပ်ခတ်သွားရလေသည်။
သူမ၏ ကျင့်စဉ်က မည်မျှ နက်နဲဆန်းကြယ်ကြောင်းကို သူ ကောင်းစွာ သိထား၏။
ထိုအကြောင်းပြချက်ကြောင့်ပင် တစ်စုံတစ်ယောက်က သူမအား ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ရန် တစ်ချိန်က ကြိုးပမ်းခဲ့ဖူးသည် မဟုတ်ပါလော။
သူမ၏ လျှို့ဝှက်ပညာရပ်ကပင် ထိုလူငယ်လေး၏ ကံကြမ္မာကို ထိုးထွင်းမသိမြင်နိုင်ဘူးဆိုတော့...
"ကျွန်တော် စကားကျွံသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်မလေး" ဖူပေါ်က ချက်ချင်းပင် ဦးညွှတ်လိုက်လေ၏။
"ရှင်က ကျွန်မအတွက် စိုးရိမ်လို့ ပြောတာဆိုတာ ကျွန်မ သိပါတယ်။ အခု သွားပြီးတော့ ညစာစားပွဲအတွက် ပြင်ဆင်လိုက်ပါဦး။ အရာအားလုံးက ရတနာခန်းမဆောင်ရဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ ထိုက်တန်မှုရှိအောင် သေချာလေး စီစဉ်ပါ" သူမက ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ"
ဖူပေါ် ထွက်သွားပြီးနောက် ခန်းမဆောင်သခင်သည် အချိန်အတော်ကြာသည့်တိုင်အောင် တိတ်ဆိတ်စွာ ရပ်နေခဲ့လေ၏။
ထိုအချိန်ကျမှသာ သူမက တိုးတိတ်စွာ ရေရွတ်လိုက်တော့သည်။ "အဲဒီတုန်းက လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ကံကြမ္မာ ကြိုးမျှင်လေးတစ်ခုကို မြင်တွေ့နိုင်ဖို့အတွက် ကျွန်မရဲ့ သက်တမ်း အနှစ်တစ်ရာကို စတေးခဲ့ရတယ်။ ကံကြမ္မာရဲ့ လမ်းညွှန်မှုနောက်ကို လိုက်ရင်းနဲ့ ရှောင်ချန်းကမ္ဘာကို ရောက်လာခဲ့တာ... နှစ်တွေ အများကြီး ကြာသွားပေမဲ့ ကျွန်မရဲ့ သေခြင်းဒုက္ခကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းကို အခုထိ မရှာတွေ့သေးဘူး။ ဒီနေ့ရောက်မှပဲ... ကျွန်မရဲ့ ကံကြမ္မာထဲက အပြောင်းအလဲတစ်ခုကို ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်။ ကျွန်မရဲ့ ကံကြမ္မာဆိုးကို ချိုးဖျက်ပေးနိုင်မယ့်သူက... ရှင်များ ဖြစ်နေမလား"
...
"အားချင်း... အဲဒီခန်းမဆောင်သခင်က... ထူးဆန်းနေသလိုလိုပဲနော်" လုချင်း ရတနာခန်းမဆောင်ထဲမှ ထွက်လာစဉ် သူ၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာလေ၏။
"ဪ... မင်းလည်း ခံစားမိတာလား" လုချင်းမှာ အနည်းငယ် အံ့အားသင့်သွားတော့သည်။
သို့သော် ရှောင်လီ၏ ထူးခြားလှသော အာရုံခံနိုင်စွမ်းများကို သတိရလိုက်သောအခါ၌ သိပ်တော့ မအံ့ဩမိတော့ချေ။
"ဟုတ်တယ်... သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးနေတဲ့ အရမ်းကို ထူးဆန်းတဲ့ စွမ်းအားတစ်ခုကို ငါ ခံစားမိတယ်။ အဲဒါကိုသာ လွှတ်ထုတ်လိုက်မယ်ဆိုရင် တော်တော်လေးကို ကြောက်စရာကောင်းမှာပဲ" ရှောင်လီ၏ အသံတွင် ရှားပါးလှသော လေးနက်မှုတစ်ခု ပါဝင်နေလေ၏။
"အမှန်ပဲ... ခန်းမဆောင်သခင်က အပြင်ပန်းမှာ မြင်ရသလောက်ကတော့ မရိုးရှင်းဘူး။ ဒါပေမဲ့ အဲဒါက ငါတို့နဲ့မှ မဆိုင်တာ။ သူက ငါတို့ကို ဒုက္ခပေးဖို့ မရည်ရွယ်သရွေ့တော့ အားလုံးက အဆင်ပြေပါတယ်" လုချင်းက ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်တော့သည်။
ဤကမ္ဘာလောကကြီးတွင် လျှို့ဝှက်ချက် မရှိသူဟူ၍ မည်သူရှိမည်နည်း။
အထူးသဖြင့် ရတနာခန်းမဆောင်ကဲ့သို့သော ဧရာမ ကုန်သွယ်ရေးအင်ပါယာကြီးကို စီမံခန့်ခွဲနေသူတစ်ဦးအနေဖြင့် အသက်ရှင်သန်ရန်အတွက် ဖုံးကွယ်ထားသော ဝှက်ဖဲများ ရှိနေခြင်းမှာ လုံးဝကို ပုံမှန်ပင် ဖြစ်၏။
ခန်းမဆောင်နှင့် ပူးပေါင်းရခြင်း၏ သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှပါ၏။ မန္တန်အဆောင်များ ဖန်တီးရန်နှင့် ထျန်းယွမ်ကမ္ဘာလောကကြီးအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် လုံလောက်သော ဝိညာဉ်ကျောက်တုံးများကို လျင်မြန်စွာ စုဆောင်းရန်ပင် ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်ရန် သူ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
'ဒါပေမဲ့ မွေးရာပါ ဝိညာဉ်နှစ်ခု... ကံကြမ္မာကို ဖတ်ရှုနိုင်တဲ့ နတ်ဘုရားစွမ်းရည်တဲ့လား... အဲဒီ ခန်းမဆောင်သခင်ဆီက လျှို့ဝှက်ချက်တွေက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ'
သူ၏ နတ်မျက်စိစွမ်းရည်ဖြင့် အစောပိုင်းက သူ ခန့်မှန်းသိရှိထားခဲ့သော သတင်းအချက်အလက်များကို လုချင်း ပြန်၍သတိရမိသော် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု လက်ကနဲ ဖြစ်သွားတော့၏။
တည်းခိုခန်းသို့ ပြန်ရောက်သောအခါ၌ လုချင်းသည် သူ ငှားရမ်းထားသော အခန်းအတွက် ငွေရှင်းလိုက်လေသည်။ ကျန်ရှိနေသော စပေါ်ငွေများကို ပြန်ယူပြီးနောက်တွင်တော့ သူသည် ရတနာခန်းမဆောင်သို့ ပြန်လာခဲ့လိုက်တော့၏။
ထိုနေရာရှိ ဧည့်ခန်းမဆောင်အတွင်း၌ ဆရာဝမ်သည် စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်။
"မိတ်ဆွေလု... ခန်းမဆောင်သခင်က ညစာစားပွဲကို ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး မိတ်ဆွေကို လိုက်ပို့ခွင့်ပြုပါ"
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာဝမ်" လုချင်းသည် ဆရာဝမ်နောက်သို့ လိုက်ကာ ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
အတွင်းဘက်တွင်မူ ရှည်လျားသော ကျောက်စိမ်းစားပွဲကြီးတစ်ခု ရှိနေပြီး အရသာရှိလှသော ဟင်းလျာများနှင့် ပြည့်နှက်နေပါ၏။ ခန်းမဆောင်သခင်နှင့် ဆရာကျောက်တို့အပြင် အခြားလူအချို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။
ခန်းမဆောင်၏ တစ်ဖက်တစ်ချက်စီတွင် လက်ယှက်ကာ ရပ်နေကြသော ကျက်သရေရှိလှသည့် အစေခံမိန်းကလေး နှစ်တန်း ရှိနေပါ၏။
"မိတ်ဆွေလု ရောက်လာပြီပဲ... ကျေးဇူးပြုပြီး ထိုင်ပါဦး" ဆရာဝမ်နှင့်အတူ လုချင်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်သခင်က ချက်ချင်းပင် ရှေ့သို့ တက်လာလေသည်။
ကျန်လူများကလည်း သူ့ကို နှုတ်ဆက်ရန် မတ်တတ်ထရပ်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် မန္တန်အဆောင်ခေါင်းဆောင်ထက် မနိမ့်ကျသော ရာထူးများကို ပိုင်ဆိုင်ထားကြသော်ငြား ခန်းမဆောင်သခင်က လုချင်းအား မည်မျှလောက်အထိ တန်ဖိုးထားကြောင်းကို သူတို့ ရှင်းလင်းစွာ မြင်တွေ့နိုင်သောကြောင့် သူ့ကို မျက်နှာသာပေးရန် ဝမ်းမြောက်နေကြခြင်း ဖြစ်သည်။
အထူးသဖြင့် လုချင်းအား ဂုဏ်သရေရှိ နေရာသို့ သူမကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးသည်ကို မြင်သောအခါ လူအများအပြားသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြန်၏။
သူမသည် လုချင်းကို မည်မျှအထိ အလေးအနက်ထားကြောင်းမှာ ယခုအခါ အထင်အရှားပင် ဖြစ်နေလေပြီ။
"အားလုံးပဲ... ဒီနေ့ ညစာစားပွဲကတော့ မိတ်ဆွေလုချင်းကို ဂုဏ်ပြုဖို့အတွက် အထူးကျင်းပတဲ့ပွဲလေးပါ။ မန္တန်အဆောင်ပညာရပ်တွေအပေါ်မှာ သူရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုက တကယ့်ကို အံ့မခန်းပါပဲ... တကယ့်ကို လေးစားချီးကျူးစရာကောင်းလွန်းပါတယ်"
"သူက ကျွန်မတို့ရဲ့ သာမန်ခန်းမဆောင်လေးကို အထင်မသေးဘဲ ကျွန်မတို့ရဲ့ မန္တန်အဆောင်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့အတွက် ကျွန်မတို့ကလည်း အရမ်းကို ဂုဏ်ယူမိပါတယ်။"
"ဒီနေ့ကစပြီး ခန်းမဆောင်အတွင်းမှာရှိတဲ့ မန္တန်အဆောင်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို သူက တာဝန်ယူပါလိမ့်မယ်။ အားလုံးလည်း ဒီအချက်ကို မှတ်သားထားကြမယ်လို့ မျှော်လင့်ပါတယ်" လူတိုင်း နေရာယူပြီးနောက် ခန်းမဆောင်သခင်က လေးနက်စွာ ကြေညာလိုက်လေတော့သည်။
……..