← Chapters

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း ၅၂၅ - တစ်ပြိုင်နက်တည်း အာရုံခွဲဝေခြင်းနှင့် ရူးသွပ်ဖွယ်ရာ ဖန်တီးမှု

ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်က တရားဝင် ကြေညာလိုက်ပြီးနောက် လုချင်း၏ အဆင့်အတန်းသည် ခန်းမဆောင်၏ အထက်တန်းအလွှာများရှေ့တွင် တရားဝင် အတည်ပြုပြီးသား ဖြစ်သွားလေ၏။

ထို့နောက်ပိုင်း ဖြစ်ပေါ်လာသမျှ အရာအားလုံးသည် များစွာ ပို၍ရိုးရှင်းသွားတော့သည်။ အခြားသူများအနေဖြင့် တစ်စုံတစ်ရာ တွေးတောနေခဲ့လျှင်ပင် ခန်းမဆောင်သခင်၏ ရှေ့မှောက်၌ မည်သူမျှ ထုတ်ဖော်မပြရဲကြပေ။

သို့ဖြစ်၍ ညစာစားပွဲမှာ သဟဇာတဖြစ်စွာပင် ဆက်လက်လည်ပတ်သွားလေတော့၏။ အထက်တန်းအဆင့်ရှိ အဖွဲ့ဝင်များစွာသည် လုချင်းကို ဝမ်းမြောက်စကားများ ဆိုကြပြီး သူနှင့် ရင်းနှီးကျွမ်းဝင်မှု ရယူရန် စိတ်အားထက်သန်နေခဲ့ကြသည်။

ဆရာချိုးပင်လျှင် သူ၏ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် တည်ငြိမ်သွားကာ အနည်းဆုံးတော့ အပြင်ပန်းတွင် ဘာမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လျက် လုချင်းအား ဂုဏ်ပြုစကားများ ပါဝင်ပြောဆိုခဲ့လေ၏။

မကြာမီမှာပင် ညစာစားပွဲသည် ရွှင်လန်းတက်ကြွသော လေထုအလယ်တွင်ပဲ ပြီးဆုံးသွားတော့သည်။

ထို့နောက် လုချင်းသည် အစေခံမိန်းကလေးတစ်ဦး၏ လမ်းညွှန်မှုဖြင့် သူအတွက် သတ်မှတ်ပေးထားသော ကျင့်ကြံရေးဂူသို့ ရောက်ရှိလာခဲ့လေသည်။

"လုချန်ပေ့... ဒါက ချန်ပေ့ရဲ့ ကျင့်ကြံရေးဂူပါ။ လိုအပ်တာ တစ်ခုခုရှိရင် ကျေးဇူးပြုပြီး ကျွန်မတို့ကို အသိပေးပါ။ လိုအပ်တဲ့ စီစဉ်မှုတွေကို လုပ်ပေးပါ့မယ်" အစေခံမိန်းကလေးက ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

လုချင်းက ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပါပြီ... မင်း သွားလို့ရပြီ"

အစေခံမိန်းကလေး ထွက်သွားသည်နှင့် တစ်ပြိုင်နက် လုချင်းသည် ဂူ၏ မန္တန်ဝင်္ကပါကို အသက်သွင်းလိုက်ပြီး သူ၏ နေရာထိုင်ခင်းအသစ်ကို စတင်စစ်ဆေးလိုက်တော့သည်။

ထိုစဉ် ရှောင်လီနှင့် ဝူရှင်းတို့သည် သူ၏ ဝတ်ရုံအတွင်းမှ တွားသွားထွက်ပေါ်လာကြ၏။ ညစာစားပွဲတွင် မျက်လုံးပေါင်းများစွာ ရှိနေခဲ့သောကြောင့် အစောပိုင်းက သူတို့ကို ပေါ်ထွက်လာခွင့် မပြုခဲ့ခြင်းပင်။

ထို့အပြင် သူတို့အတွက် ဖန်တီးပေးထားသော ဖုံးကွယ်ခြင်း မန္တန်အဆောင်များနှင့် သူ၏ ကိုယ်ပိုင် အရှိန်အဝါ အကာအကွယ်တို့ကြောင့် သာမန် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် တကူးတက လိုက်လံမရှာဖွေပါက သူတို့ကို အာရုံခံမိနိုင်မည် မဟုတ်ပေ။

သေချာသည်မှာ သူ့ထံတွင် ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ နှစ်ကောင်ရှိနေသည့်အချက်က အလွန်တရာ အကဲခတ်ကောင်းသူများ၏ အာရုံစိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကိုမူ လုချင်း ကောင်းစွာ သတိပြုမိထားပါ၏။

မည်သို့ပင်ဖြစ်စေ နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းစင်မြင့်ကို သူ ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ရှောင်လီနှင့် ဝူရှင်းတို့သည် အချိန်တိုလေးအတွင်း ပေါ်ထွက်လာခဲ့ဖူးသည် မဟုတ်ပါလော။

"အားချင်း... ဒါက ရတနာခန်းမဆောင်က မင်းအတွက် ပြင်ဆင်ပေးထားတဲ့ ကျင့်ကြံရေးဂူလား။ ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက တည်းခိုခန်းက အခန်းတွေထက်တောင် အများကြီး ပိုပြီးကြွယ်ဝနေတာပဲ" ရှောင်လီသည် ခုန်ထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ကာ အံ့ဩတကြီး ရေရွတ်လိုက်လေတော့သည်။

ဝူရှင်းကလည်း အလားတူပင် တုံ့ပြန်လိုက်ပြီး ဂူအတွင်း၌ စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေလေပြီပင်။

"မဆိုးပါဘူး" လုချင်း အတော်လေး ကျေနပ်သွားတော့၏။

တည်းခိုခန်းရှိ အခန်းသည်ပင်လျှင် သူ၏ ကျင့်ကြံဆင့် တန့်နေမှုကို ဖြေလျှော့ပေးနိုင်ရန် လုံလောက်စွာ ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။ ယခု ဂူမှာမူ ကျင့်ကြံခြင်း ပတ်ဝန်းကျင်အရ အဆပေါင်းများစွာ ပို၍ကောင်းမွန်နေလေ၏။

ဤအရာနှင့်ဆိုလျှင် ရွှေအမြုတေအဆင့်၏ စတုတ္ထ အသွင်ပြောင်းလဲခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် သူ ယူရမည့်အချိန်မှာ သိသိသာသာကို တိုတောင်းသွားတော့မည်ပင်။ ဤအချက်တစ်ခုတည်းကပင် ရတနာခန်းမဆောင်နှင့် ပူးပေါင်းရန် သူ၏ ဆုံးဖြတ်ချက်မှာ အလွန်တန်ဖိုးရှိကြောင်းကို သူ့အား ခံစားရစေတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိအချိန်၌ သူ အလိုအပ်ဆုံးအရာမှာ ကျင့်ကြံရန်အတွက် ကောင်းမွန်သော နေရာတစ်ခု ဖြစ်သောကြောင့်ပင်။

"ဒါပေမဲ့ ဒီလို အကျိုးကျေးဇူးတွေ ရထားပြီးမှတော့ ငါ့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို ပြရမယ့်အချိန် ရောက်ပြီပေါ့"

လုချင်းသည် ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ ရယူတတ်သူမျိုး မဟုတ်ပေ။ ခန်းမဆောင်သခင်က သူ့အပေါ် မည်မျှလောက်အထိ ရက်ရောစွာ ဆက်ဆံခဲ့သည်ကို ကြည့်ပြီး ထိုကျေးဇူးကို ပြန်၍ပေးဆပ်ရန် သူ သဘာဝကျကျပင် ရည်ရွယ်ထားပါ၏။

ရှောင်လီနှင့် ဝူရှင်းတို့ကို ဂူထဲတွင် ကျင့်ကြံရန် ချန်ထားခဲ့ပြီးနောက်၌ လုချင်းသည် အပြင်သို့ထွက်ကာ ခန်းမဆောင်သခင်အား သွားရောက်ဂါရဝပြုလိုက်တော့သည်။

"မိတ်ဆွေလု... ရှင်က အခု မန္တန်အဆောင်တွေ စပြီး ဖန်တီးချင်တယ်လို့ ပြောလိုက်တာလား" ခန်းမဆောင်သခင်သည် အံ့အားသင့်သွားဟန် ရှိသည်။

လုချင်း လာသည်ကို မြင်သောအခါ၌ သူ တစ်ခုခု တောင်းဆိုလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့၏။ မန္တန်အဆောင် ဖန်တီးခြင်းကို ချက်ချင်းစတင်ရန် သူ တောင်းဆိုလာလိမ့်မည်ဟုတော့ သူမ မျှော်လင့်မထားခဲ့မိပေ။

"မိတ်ဆွေလု... အဲဒါက နည်းနည်းလေးများ လောလွန်းမနေဘူးလား။ ရှင် အခုမှ ရောက်ခါစပဲ ရှိသေးတာလေ။ အသားကျဖို့အတွက် ရက်နည်းနည်းလောက်တော့ အချိန်ယူလို့ ရပါတယ်"

သို့သော် လုချင်းက ခေါင်းခါပြလိုက်၏။ "မလိုပါဘူး။ ကျွန်တော်က တစ်ခုခုလုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ရင် အချိန်ဆွဲလေ့မရှိဘူးဗျ"

"ခန်းမဆောင်သခင်က ကျွန်တော့်ကို ဒီလောက်တောင် ရက်ရက်ရောရော ဆက်ဆံပေးထားမှတော့ ခင်ဗျားရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို အမြန်ဆုံး ဖြေလျှော့ပေးချင်လို့ပါ"

"ဒါနဲ့ ခန်းမဆောင်သခင်... အခုတလော ကျွန်တော်တို့ ရတနာခန်းမဆောင်က ဘယ်လို မန္တန်အဆောင်အမျိုးအစားတွေကို အဓိကထားပြီး ရောင်းချနေတာလဲဗျ"

"ခဏလေး စောင့်ပါ... တစ်ယောက်ယောက်ကို ခေါ်ပြီးတော့ ရှင့်ကို ရှင်းပြခိုင်းလိုက်ပါ့မယ်"

ခန်းမဆောင်သခင်သည် စိတ်ပိုင်းဆိုင်ရာ အမိန့်တစ်ခုကို ပေးပို့လိုက်ပြီးနောက်၌ မကြာမီမှာပင် ခရမ်းရောင်ဝတ်ရုံတိုလေးကို ဆင်မြန်းထားသော မိန်းမပျိုတစ်ဦး ဝင်ရောက်လာခဲ့၏။ သူမမှာ လုချင်းကို တစ်ချိန်က ဧည့်ခံခဲ့ဖူးသော ရင်ခုန်ချင်စရာ မိန်းမလှလေးပင် ဖြစ်တော့သည်။

"ကျိယွမ်က ကျွန်မတို့ရဲ့ မန္တန်အဆောင် အရောင်းအဝယ်တွေနဲ့ ပတ်သက်ပြီး အတော်လေးကို ရင်းနှီးကျွမ်းဝင်မှု ရှိပါတယ်။ သူက ရှင့်ကို အားလုံး ရှင်းပြပေးပါလိမ့်မယ်" ခန်းမဆောင်သခင်က ဆိုလိုက်သည်။

"ကျေးဇူးပါပဲဗျ" လုချင်းက ယဉ်ကျေးစွာ ပြောလိုက်၏။

"ဒီလောက်လည်း ယဉ်ကျေးနေစရာ မလိုပါဘူးရှင်။ သခင်လေး သိချင်တာ ဘာများလဲရှင့်" ကျိယွမ်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ မန္တန်အဆောင်တွေထဲမှာ ဘယ်ဟာက အရောင်းရဆုံးလဲ၊ ဘယ်အဆင့်က လူကြိုက်အများဆုံးလဲ၊ ပြီးတော့ အကျိုးအမြတ် ဘယ်လောက်ရလဲဆိုတာ သိချင်လို့ပါ"

ကျိယွမ်သည် ပြန်ပြီးစဉ်းစားရန် ခေတ္တရပ်တန့်သွားလေ၏။ "ရတနာခန်းမဆောင်မှာ လူကြိုက်အများဆုံး မန္တန်အဆောင်တွေကတော့ ကုသခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ အဆောင်တွေပါပဲ"

"အဲဒီအထဲမှာ အခြေတည်အဆင့် အဆောင်တွေက ရောင်းအားအကောင်းဆုံးပဲ။ အဓိကအကြောင်းရင်းကတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေက မန္တန်အဆောင်တွေကို အများဆုံး လိုအပ်နေကြလို့ပါ"

"ပြီးတော့ ဆရာဝမ်နဲ့ အခြားသူတွေက အဲဒီအဆင့်ကို ဖန်တီးရာမှာ အထူးကျွမ်းကျင်ကြတယ်လေ"

"ရွှေအမြုတေအဆင့်အထက် အဆောင်တွေနဲ့ ပတ်သက်လို့တော့ အဲဒါတွေကို ဖန်တီးနိုင်တဲ့ မန္တန်အဆောင်ဆရာ ကျွန်မတို့ဆီမှာ အရမ်းနည်းပါတယ်။ ကုန်ကျစရိတ်ကလည်း မြင့်ပြီးတော့ ထုတ်လုပ်မှုနှုန်းကလည်း နည်းပါတယ်။ ဒါကပဲ ကျွန်မတို့ရဲ့ အဆင့်မြင့်အဆောင်တွေကို ပိုပြီး ဈေးကြီးသွားစေတာပါရှင့်"

"ဒါကြောင့်လည်းပဲ အဆင့်မြင့်အဆောင်တွေအတွက်ဆိုရင် ကျင့်ကြံသူအများစုက ဝူရှန့်ခန်းမဆောင် ဒါမှမဟုတ် ယန္တရားတစ်ထောင် အလုပ်ရုံဆီကနေ ဝယ်ယူဖို့ ရွေးချယ်ကြပါတယ်" ကျိယွမ်က အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြလိုက်တော့သည်။

"ဘာလို့လဲဆိုတော့ ဝူရှန့်ခန်းမဆောင်နဲ့ ယန္တရားတစ်ထောင် အလုပ်ရုံ နှစ်ခုစလုံးမှာ မန္တန်အဆောင်ဆရာတွေ အထိုင်တကျ ရှိနေလို့ပဲ။ သူတို့ရဲ့ အဆင့်မြင့်အဆောင်တွေက အရည်အသွေး ကောင်းမွန်ရုံတင်မကဘဲ ထုတ်လုပ်မှုစရိတ်လည်း သက်သာတာမလို့ ဈေးနှုန်းပိုင်းမှာ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားတာပါ" ခန်းမဆောင်သခင်က ဖြည့်စွက်ပြောလိုက်၏။

ဤအချက်သည် လုချင်းအား သူမ ဤမျှလောက်အထိ တန်ဖိုးထားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင်။ အဆင့်မြင့် မန္တန်အဆောင်ဆရာများမှာ ရှောင်ချန်းကမ္ဘာတွင် အလွန်ကိုမှ ရှားပါးလှပြီး စစ်မှန်သော မန္တန်အဆောင်ဆရာများမှာ သန်းတစ်ထောင်တွင် တစ်ယောက်သာ ရှိလောက်သည်အထိ ရှားပါးပေသည်။

"သြော်... နားလည်ပါပြီ" လုချင်းက တွေးတောစွာ ရေရွတ်လိုက်၏။

"မိတ်ဆွေလုမှာ အကြံဉာဏ်တစ်ခုခုများ ရှိနေလို့လား" ခန်းမဆောင်သခင်က မေးလိုက်သည်။

လုချင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ရိုးရိုးသားသားပြောရရင် ကျွန်တော့်ရဲ့ မန္တန်အဆောင် အမွေအနှစ်က တော်တော်လေးကို ထူးခြားတယ်ဗျ"

"ကျွန်တော် ဖန်တီးတဲ့အခါမှာ မန္တန်အက္ခရာ ဝင်္ကပါတွေကို ထွင်းထုရေးဆွဲတာကိုပဲ ပိုပြီး အာရုံစိုက်ပါတယ်။ ဒါကြောင့် မန္တန်အဆောင်ရဲ့ ပါဝင်ပစ္စည်း အရည်အသွေးက အရမ်းကြီး မြင့်မားနေဖို့ မလိုပါဘူး။ ရလဒ်အနေနဲ့ ကျွန်တော့်အဆောင်တွေရဲ့ ကုန်ကျစရိတ်က ပိုပြီး သက်သာလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တစ်ခုခုလုပ်လို့ ရနိုင်မလား"

"ရှင် တကယ်ပြောနေတာလား" ခန်းမဆောင်သခင်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

လုချင်းက ခေါင်းညိတ်ပြလိုက်၏။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် စနောက်နေမှာမဟုတ်ပါဘူးဗျ"

"ရှင့်ရဲ့ မန္တန်အဆောင်စွမ်းရည်က ဒီလောက်ထိ နက်နဲလိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားခဲ့မိဘူး" ခန်းမဆောင်သခင်သည် အမှန်တကယ်ပင် ဝမ်းမြောက်သွားတော့သည်။

မူလက လုချင်း၏ ကျွမ်းကျင်မှုသည် မိုးကြိုးမန္တန်အဆောင်တစ်ခုတည်း၌သာ ကန့်သတ်ထားသည်ဟု သူမ ယူဆထားခဲ့၏။ မန္တန်အဆောင်ဆရာတစ်ဦးအနေဖြင့် အဆောင်အမျိုးအစား အနည်းငယ်တွင်သာ အထူးပြုကျွမ်းကျင်နေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် ယခုကြည့်ရသည်မှာ လုချင်းသည် ကျယ်ပြန့်လှသော မန္တန်အဆောင် အမျိုးအစားများစွာကို ဤမျှ ထိရောက်စွာဖြင့် ဖန်တီးနိုင်စွမ်း ရှိနေပုံရ၏။ ၎င်းသည် ရတနာခန်းမဆောင်အတွက် ကြီးမားလှသော သတင်းကောင်းတစ်ခုပင် ဖြစ်တော့သည်။

"ဒါက ဖြစ်နိုင်ခြေတွေ အများကြီးကို ဖွင့်ပေးလိုက်တာပဲ။ ကျွန်မ အခုချက်ချင်း အစီအစဉ်ဆွဲဖို့ လိုနေပြီ" ခန်းမဆောင်သခင်သည် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူမ၏ စိတ်ထဲတွင် ရေတွက်မရနိုင်သော အစီအစဉ်များစွာ ပေါ်ပေါက်လာလေတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့ သူမသည် လုချင်းဘက်သို့ ပြန်လှည့်လာခဲ့၏။ "ဒါနဲ့ မိတ်ဆွေလု... ရှင်က ဘယ်လို မန္တန်အဆောင်အမျိုးအစားတွေကို ဖန်တီးရာမှာ အတော်ဆုံးလဲ"

"ကျွန်တော် တော်တော်များများကို လေ့လာထားပါတယ်ဗျ။ မန္တန်အဆောင် အမျိုးအစားအများစုကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့် ကန့်သတ်ချက်တွေကြောင့် လောလောဆယ်မှာတော့ ရွှေအမြုတေအဆင့်အထိပဲ ဖန်တီးနိုင်ပါသေးတယ်ဗျ" လုချင်းသည် ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

"မန္တန်အဆောင် အမျိုးအစားအများစုကို ဖန်တီးနိုင်တယ် ဟုတ်လား" ခန်းမဆောင်သခင်သည် တစ်ဖန် အံ့အားသင့်သွားပြန်တော့၏။

ထို့နောက် သူမ၏ ရင်တွင်း၌ ဝမ်းသာမှုများ ပြည့်လျှံလာလေသည်။

လုချင်း ယူဆောင်လာပေးသော အံ့အားသင့်စရာများသည် ပို၍ပို၍ ကောင်းမွန်လာခဲ့သည် မဟုတ်ပါလော။

"ဒါက ကျွန်မတို့ သေချာ ဂရုတစိုက်အစီအစဉ်ဆွဲဖို့ လိုအပ်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ လောလောဆယ်တော့ မိတ်ဆွေလုအနေနဲ့ ကြိုတင်ပြီးတော့ မန္တန်အဆောင်တချို့ကို ဖန်တီးဖို့ ပြင်ဆင်ထားပေးလို့ ရမလား"

"ရတာပေါ့။ ဒါပေမဲ့ ကျွန်တော် အများကြီးဖန်တီးရမယ်ဆိုရင်တော့ ဝိညာဉ်ကျောက်စိမ်းက အလုံအလောက် မရှိဘူးဗျ"

"ဒါက လွယ်ပါတယ်။ ရှင့်ရဲ့ ဂူဆီကို ဝိညာဉ်ကျောက်စိမ်းတစ်သုတ်လာပို့ဖို့ ကျိယွမ်ကို ကျွန်မ ခိုင်းလိုက်မယ်။ တကယ်လို့ ရှင် အခြားပစ္စည်းတွေ လိုအပ်တယ်ဆိုရင်လည်း ကျိယွမ်ကို တိုက်ရိုက်သာ ပြောလိုက်ပါ"

"သြော်... ပြီးတော့ ကျိယွမ်၊ အခုကစပြီး နင့်ရဲ့ တစ်ခုတည်းသော တာဝန်က မိတ်ဆွေလုကို အလုပ်အကျွေးပြုဖို့ပဲ။ ဧည့်ခန်းမဆောင်မှာ အလုပ်လုပ်ဖို့ မလိုတော့ဘူး"

"ဟုတ်ကဲ့ပါ ခန်းမဆောင်သခင်" ကျိယွမ်မှာ လွန်စွာ ဝမ်းမြောက်သွားတော့၏။

မျက်စိပါသူတိုင်းသည် ယခုအခါ လုချင်းက ခန်းမဆောင်သခင်၏ အချစ်တော် ဖြစ်နေကြောင်းကို မြင်တွေ့နိုင်လေ၏။ ထိုသူ၏နောက်သို့ လိုက်ရခြင်းသည် ဧည့်သည်များကို နှုတ်ဆက်ရန် ဧည့်ခန်းမဆောင်တွင် နေရခြင်းထက် များစွာ ပို၍ အလားအလာကောင်းမွန်လှပေသည်။

"မိန်းကလေးကျိယွမ်... အခုကစပြီး မင်းရဲ့ အကူအညီတွေကို အားကိုးရတော့မယ်နော်" လုချင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

"အဲ့လိုမျိုး မပြောပါနဲ့ သခင်လေးရယ်။ နောင်ကျ တစ်ခုခုလိုအပ်ရင် အမိန့်သာပေးလိုက်ပါ" ကျိယွမ်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။

"ဒါဆိုရင် ခန်းမဆောင်သခင်ကို ထပ်ပြီး ဒုက္ခမပေးတော့ပါဘူး... ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ခန်းမဆောင်သခင်မှာ စိတ်အားထက်သန်မှုများဖြင့် တက်ကြွနေဆဲဖြစ်သည်ကို မြင်သောအခါ၌ သူမတွင် စီစဉ်ရမည့် အစီအစဉ်များစွာ ရှိနေဦးမည်ဟု လုချင်း ခန့်မှန်းမိလိုက်လေ၏။ ထို့ကြောင့် သူသည် အလိုက်တသိပင် နှုတ်ဆက်ထွက်ခွာလာခဲ့တော့သည်။

ထိုစဉ် ကျိယွမ်သည် သူ့နောက်မှ လိုက်ပါလာခဲ့၏။ "လုချန်ပေ့... ကျွန်မ အခု ရတနာသိုလှောင်ခန်းကို သွားပြီးတော့ ချန်ပေ့ လိုအပ်တဲ့ ဝိညာဉ်ကျောက်စိမ်းတွေကို သွားယူလိုက်ပါ့မယ်"

"ကောင်းပြီ" လုချင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဖြည့်စွက်ပြောလိုက်၏။ "အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်းတွေ ယူလာဖို့ မလိုပါဘူးဗျ။ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် ကျောက်စိမ်းတချို့ဆိုရင်ပဲ လုံလောက်ပါပြီ"

"ဟုတ်ကဲ့ပါရှင့်" ကျိယွမ်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။

လုချန်ပေ့သည် အခြားသူများနှင့် မည်မျှကွာခြားကြောင်းကို ရင်တွင်း၌ သူမ မတွေးဘဲ မနေနိုင်ခဲ့ပေ။

ခန်းမဆောင်ရှိ မန္တန်အဆောင် ဖန်တီးသူအများစုသည် မန္တန်အဆောင်များ ဖန်တီးသောအခါ သူတို့လက်လှမ်းမီနိုင်သမျှ အဆင့်မြင့်ပစ္စည်းများအားလုံးကို အမြန်ဆုံး တောင်းခံလေ့ရှိကြ၏။ ထိုသို့သော အကြောင်းပြချက်များအောက်တွင် လူများက မိမိတို့၏ ကိုယ်ပိုင်အိတ်ကပ်များကို ဖြည့်တင်းတတ်ကြသည့် ဖြစ်ရပ်များ မကြာခဏ ရှိခဲ့လေသည်။

ခန်းမဆောင်သခင် ချမှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများသာ မရှိပါက ရတနာသိုလှောင်ခန်းမှာ အချိန်ကြာမြင့်စွာကတည်းက ပြောင်သလင်းခါသွားလောက်ပြီ ဖြစ်သည်။

သို့သော် လုချင်းကရော...

သူသည် ခန်းမဆောင်သခင်၏ အချစ်တော်ဖြစ်ပြီး သူ လိုချင်သည့် မည်သည့် ရှားပါးပစ္စည်းကိုမဆို တောင်းဆိုကာ အလွယ်တကူ ရယူနိုင်သူတစ်ဦး ဖြစ်နေသော်ငြား သူက အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်စိမ်းများကိုသာ တောင်းဆိုခဲ့သည် မဟုတ်ပါလော။

ဤအချက်က ကျိယွမ်အား လုချင်းအပေါ် အသစ်တဖန် လေးစားကြည်ညိုမှုများ ဖြစ်ပေါ်လာစေတော့၏။

လုချင်းဘက်တွင်မူ ရတနာခန်းမဆောင်၏ အသေးအဖွဲအကြံအစည်များနှင့် အတွင်းရေးများအကြောင်းကို သူ မသိခဲ့ပေ။ သိခဲ့လျှင်ပင် သူက စိတ်ဝင်စားမည် မဟုတ်။

လုချင်း၏ သဘာဝအရတော့ သူသည် အခြားသူများ၏ ကမ်းလှမ်းမှုများကို လက်ခံရင်းနှင့် တစ်ဖက်လူအား ခေါင်းပုံဖြတ်တတ်သည့် လူစားမျိုး မဟုတ်ပေ။

"လုချန်ပေ့... ကျွန်မ ဝိညာဉ်ကျောက်စိမ်းတွေ ယူလာခဲ့ပါပြီ။ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး" မကြာမီမှာပင် ကျိယွမ်သည် ရတနာသိုလှောင်ခန်းမှ ပြန်ရောက်လာပြီး သိုလှောင်အိတ်တစ်လုံးကို ကမ်းပေးလိုက်လေ၏။

"ဒီလောက်အများကြီးလား" လုချင်း အံ့အားသင့်သွားတော့သည်။

သူသည် သိုလှောင်အိတ်ကို စစ်ဆေးရန် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုလိုက်ပြီး အတွင်း၌ ဝိညာဉ်ကျောက်စိမ်း ဒါဇင်ကျော် ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားတော့၏။ အားလုံးမှာ အဆင့်အတန်းမြင့်မားစွာဖြင့် သန့်စင်ထားခြင်းပင်။ အဆင့်နိမ့် ကျောက်စိမ်းပင်လျှင် သူ ပုံမှန်အသုံးပြုနေကျထက် ပိုမိုကောင်းမွန်သော အရည်အသွေး ရှိနေလေ၏။

ဤကျောက်စိမ်းပမာဏတစ်ခုတည်းကပင် ကြီးမားသော ကြွယ်ဝမှုတစ်ခုနှင့် တန်ဖိုးညီမျှနေပေသည်။

"အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်စိမ်းတွေက ကျွန်မတို့ရဲ့ မန္တန်အဆောင် ဖန်တီးသူတွေကြားမှာ သိပ်ပြီး ဝယ်လိုအား မရှိဘူးလေ။ ဆရာချိုးနဲ့ အခြားသူတွေက မန္တန်အဆောင်တွေ ဖန်တီးဖို့အတွက် အဆင့်မြင့်ကျောက်စိမ်းတွေကိုပဲ ပုံမှန်အသုံးပြုလေ့ရှိကြတယ်"

"သူတို့ရဲ့ တပည့်တွေ ဒါမှမဟုတ် အလုပ်သင်တွေကပဲ လေ့ကျင့်ဖို့အတွက် အဆင့်နိမ့် ကျောက်စိမ်းတွေကို သုံးကြတာပါ။ ဒါကြောင့် ရတနာသိုလှောင်ခန်းထဲမှာ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် အမျိုးအစားတွေကို အတော်လေး သိုလှောင်ထားတာ ရှိတယ်လေ။ အဲ့တာကြောင့် ကျွန်မလည်း အားလုံးကို ယူချလာခဲ့လိုက်တာပါ" ကျိယွမ်က ရှင်းပြလိုက်၏။

"သူတို့က တကယ့်ကို ဇိမ်ကျကျနဲ့နေကြတာပဲ" ရတနာခန်းမဆောင်၏ ကြွယ်ဝမှုအပေါ် တစ်ဖန် အံ့မခန်းဖြစ်သွားရင်း လုချင်းက တီးတိုးရေရွတ်လိုက်တော့သည်။

သူ၏ မူလကမ္ဘာလောကကြီးတွင် သူ အသုံးပြုခဲ့သော ဝိညာဉ်ကျောက်စိမ်းများကို အရည်အသွေးမြင့်မားသည်ဟု ယူဆထားကြပြီး ဖြစ်လေ၏။ သို့သော် ဤနေရာတွင်မူ အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းများကို အလုပ်သင်များ၏ လေ့ကျင့်ရေးအတွက်သာ ဖယ်ထားကြလေသည်။ ကွာဟချက်မှာ အလွန်တရာကိုမှ ကြီးမားလွန်းလှပါ၏။

မိုးကြိုးမန္တန်အဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းဖြင့် ဖန်တီးထားကြောင်းကို သိလိုက်ရသောအခါ၌ ဆရာဝမ်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်မှာ အဆန်းတော့ မဟုတ်ချေ။

ဤကမ္ဘာလောကကြီးတွင် ဖြုန်းတီးပစ်ရန်အတွက် အရည်အသွေးပြည့်မီသော အရင်းအမြစ်များစွာ ရှိနေသောကြောင့် ၎င်း၏ ဖန်တီးသူများသည် ပစ္စည်းအရည်အသွေးအပေါ် မှီခိုလာကြပြီး အကောင်းဆုံး အကျိုးသက်ရောက်မှုရရှိရန်အတွက် မန္တန်အက္ခရာ ဝင်္ကပါများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်းအပေါ် အာရုံစိုက်မှု နည်းပါးသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

နောက်ဆုံးတော့လည်း ဆင်းရဲနွမ်းပါးမှုက တိုးတက်မှုကို မွေးဖွားပေးတာပဲ

လုချင်းမှာ သူ့ဘာသာ မတွေးဘဲ မနေနိုင်တော့ချေ။

"လုချန်ပေ့... ကျွန်မ လုပ်ပေးရမယ့်အရာ တခြားတစ်ခုခုများ ရှိသေးလား" ကျိယွမ်က မေးလိုက်၏။

"လောလောဆယ်တော့ မရှိသေးပါဘူး။ တစ်ခုခုလိုအပ်ရင် မင်းကို လာရှာလိုက်ပါ့မယ်။ ဪ... ရော့၊ ဒီကျောက်စိမ်းအဆောင် နှစ်ခုကို ယူထားလိုက်" လုချင်းသည် ကျောက်စိမ်းအဆောင် နှစ်ခုကို ကမ်းပေးလိုက်သည်။

ကျိယွမ်က ၎င်းတို့ကို လှမ်းယူလိုက်ပြီး တစ်ခုမှာ ဆက်သွယ်ရေးအဆောင်ဖြစ်ကာ အခြားတစ်ခုမှာမူ အံ့ဩစရာကောင်းလှစွာပင်‌ေ ရွှေအမြုတေအဆင့် မိုးကြိုးမန္တန်အဆောင် ဖြစ်နေကြောင်း တွေ့လိုက်ရတော့၏။

"လုချန်ပေ့... ဒါက..." ကျိယွမ်သည် ကျောက်စိမ်းအဆောင်များကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ အနည်းငယ် တွေဝေသွားလေသည်။

"သိမ်းသာထားလိုက်ပါ။ ဆက်သွယ်ရေးအဆောင်က နောင်ကျရင် မင်းကို ဆက်သွယ်ဖို့အတွက်ပါ။ မိုးကြိုးမန္တန်အဆောင်ကတော့ မင်းကိုမင်း ကာကွယ်ဖို့အတွက်ပေါ့" လုချင်းက ရှင်းပြလိုက်၏။

"ဒါပေမဲ့ ဒါက အရမ်းကိုတန်ဖိုးကြီးလွန်းတယ်လေ" ကျိယွမ်၏ လက်များက တုန်ယင်နေတော့သည်။

မိုးကြိုးမန္တန်အဆောင်တစ်ခုသည်ပင် မယုံနိုင်လောက်အောင် တန်ဖိုးကြီးမားလှပြီး သူမ၏ လပေါင်းများစွာစာ လစာနှင့် တန်ဖိုးညီမျှလေ၏။

ရတနာခန်းမဆောင်တွင် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးသည့်တိုင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ရွှေအမြုတေအဆင့်အဆောင်တစ်ခုကို သူမ တစ်ခါမျှပင် မဝယ်ရက်ခဲ့ချေ။

"ကိစ္စမရှိပါဘူး။ ဒီလိုအရာလေးတွေကို ဖန်တီးဖို့က ကျွန်တော့်အတွက် သိပ်ပြီး အားစိုက်ထုတ်စရာ မလိုပါဘူးဗျ။ ယူသာထားလိုက်ပါ" လုချင်းက လက်ကိုဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ကျိယွမ်မှာ တွေဝေငေးမောလျက်သားဖြင့် ထွက်သွားပြီးနောက်၌ လုချင်းသည် သူ့ဂူသို့ ပြန်လာလိုက်ပြီး အနှောင့်အယှက် တစ်စုံတစ်ရာ မရှိစေရန် ကာကွယ်ရေး ဝင်္ကပါများအားလုံးကို အသက်သွင်းလိုက်လေတော့၏။

ပြီးနောက်၌ သူသည် သိုလှောင်အိတ်အပေါ် သူ၏ ဝိညာဉ်အာရုံကို စူးစိုက်လိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်း အနည်းငယ်ကို ဆွဲထုတ်လိုက်သည်။

"စမ်းသပ်မှုတစ်ခုအနေနဲ့ မန္တန်အဆောင်တစ်သုတ်ကို စပြီး ဖန်တီးလိုက်ကြရအောင်... အဲဒီလှုပ်ရှားမှုကိုလည်း ငါ စမ်းကြည့်လို့ ရတာပဲ..."

ကျောက်စိမ်းအတွင်းမှ ဝိညာဉ်တုန်ခါမှုကို ခံစားမိသောအခါ လုချင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားတော့သည်။

သူသည် အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်း သုံးခုကို လေထဲသို့ ပင့်မြှောက်လိုက်လေရာ ၎င်းတို့သည် သူ၏ရှေ့မှောက်တွင် ဝဲပျံနေတော့သည်။

ထို့နောက် သူ၏ စိတ်ကို စူးစိုက်လိုက်ပြီး သူ၏ လက်ချောင်းများက လက်သင်္ကေတ အစီအစဉ်တစ်ခုအတွင်းသို့ လျင်မြန်စွာ ရွေ့လျားသွားလေတော့၏။

မြောက်မြားစွာသော မန္တန်အက္ခရာများသည် လေထဲတွင် ပေါ်ထွက်လာပြီး ကျောက်စိမ်းအတွင်းသို့ ငှက်များအလား ပျံသန်းဝင်ရောက်သွားကြလေသည်။

အကယ်၍ ဆရာဝမ် သို့မဟုတ် အခြားသူများသာ ဤအရာကို မြင်တွေ့ခဲ့မည်ဆိုပါက သူတို့အားလုံး အံ့အားသင့်ကာ မှင်သက်သွားကြမည်ပင်။

လုချင်းသည် မန္တန်အဆောင် သုံးခုကို တစ်ပြိုင်နက်တည်း ဖန်တီးနေခြင်းပင် ဖြစ်၏။

ပြီးတော့ သူ ရေးဆွဲနေသော မန္တန်အက္ခရာများကို အကဲခတ်ကြည့်ရသလောက် ၎င်းတို့မှာ ရွှေအမြုတေအဆင့် မိုးကြိုးမန္တန်အဆောင်များမှလွဲ၍ အခြားမဟုတ်ချေ။

သို့သော် မန္တန်အဆောင် သုံးခုကို တစ်ပြိုင်နက်တည်း ဖန်တီးနေသည့်တိုင် သူ၏ အမြန်နှုန်းမှာ များစွာ နှေးကွေးသွားခြင်း မရှိပေ။

၁၅မိနစ်ပင် မပြည့်သေးမီ မိုးကြိုးမန္တန်အဆောင် သုံးခုစလုံးမှာ ပြီးစီးသွားခဲ့ပြီး သူ၏ လက်ထဲသို့ သေသပ်စွာ ကျဆင်းလာတော့၏။

သူတို့၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို အာရုံခံကြည့်ပြီး မည်သည့် အပြစ်အနာအဆာကိုမျှ မတွေ့ရှိရသောအခါ၌ လုချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

"အရမ်းကောင်းတယ်... ဝိညာဉ်ခွဲဝေခြင်းပညာရပ်က တကယ့်ကို နက်နဲတာပဲ။ မန္တန်အဆောင် ဖန်တီးတာလိုမျိုး ရှုပ်ထွေးနက်နဲတဲ့ အလုပ်အတွက်တောင်မှ ငါ့ရဲ့ စိတ်နဲ့ အာရုံစူးစိုက်မှုကို ဘာအနှောင့်အယှက်မှမရှိဘဲ ခွဲဝေခွင့်ပြုပေးတယ်လေ"

အမှန်တကယ်ပင် လုချင်းသည် မန္တန်အဆောင် သုံးခုကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်စွမ်းရှိခြင်းမှာ တတိယသခင်ကြီးထံမှ သူ ရရှိထားခဲ့သော ရုပ်သေးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည့် ဝိညာဉ်ခွဲဝေခြင်းပညာရပ်ကြောင့်ပင် ဖြစ်၏။

၎င်းသည် ဝိညာဉ်မျိုးစေ့များကို ကျင့်ကြံနိုင်ပြီး ဝိညာဉ်ရေးရာ ကိုယ်ပွားများကို ဖန်တီးနိုင်ရုံသာမက မိမိ၏ စိတ်နှင့် ဆန္ဒကို လမ်းကြောင်းများစွာသို့ ခွဲဖြာစေနိုင်ပြီး အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်စေရန်လည်း ခွင့်ပြုပေးလေသည်။

ဤသည်မှာ မန္တန်အဆောင် ဖန်တီးရာတွင် ထိုပညာရပ်ကို လုချင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပင်။

ပြီးတော့ ရလဒ်မှာလည်း မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေခဲ့လေ၏။

ဤနည်းစနစ်နှင့်ဆိုလျှင် သူ၏ မန္တန်အဆောင် ဖန်တီးမှုစွမ်းဆောင်ရည်မှာ ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်ပြီပင်။

ရင်တွင်း၌ လှုပ်ခတ်သွားပြီးနောက်တွင် လုချင်းသည် ဝိညာဉ်ကျောက်စိမ်းအချို့ကို ထပ်မံဆွဲထုတ်လိုက်ပြန်တော့၏။

ယခုတစ်ကြိမ်တွင်မူ သုံးခုတည်းသာ မဟုတ်တော့ပေ။ ကိုးခုတိတိ ဖြစ်လေတော့သည်။

…

All Chapters