← Chapters

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း ၅၂၇ - အရိပ်ထဲမှ ကြံစည်မှုနှင့် မန္တန်အဆောင်စမ်းသပ်မှုများ

အင်္ကျီလက်များ တဖျပ်ဖျပ်လွင့်ကာ ဒေါသတကြီး ထွက်ခွာသွားသော ဆရာချိုး၏ ကျောပြင်ကို ကျိယွမ်က ဂရုမစိုက်တော့ပေ။

သူမသည် ခန်းမဆောင်သခင်ထံမှ ညွှန်ကြားချက်များ ရရှိထားပြီးဖြစ်သည်။ မန္တန်အဆောင်ဟောင်းများအားလုံးကို ဖယ်ရှားရမည်ဖြစ်ပြီး တစ်စုံတစ်ယောက်က မကျေနပ်မှုများ ပြသလာပါက သူမကသာ အပြစ်အားလုံးကို ယူထားပြီး သူမထံ လာရောက်ဖြေရှင်းခိုင်းရန် ဖြစ်ပေသည်။

'ကြည့်ရတာ ခန်းမဆောင်သခင်က ခန်းမဆောင်ထဲက တချို့ကိစ္စတွေကို ငြီးငွေ့နေတာ ကြာပြီမလို့ ဒီအခွင့်အရေးကို အသုံးချပြီး ကပ်ပါးကောင်တွေကို ရှင်းထုတ်ပစ်ချင်နေတာပဲ'

ကျိယွမ်သည် ခန်းမဆောင်သခင်နှင့် အတူရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ သူမ၏ ရည်ရွယ်ချက်များကို အနည်းနှင့်အများဆိုသလို ရိပ်မိနေပါ၏။ ဤလုပ်ရပ်ကို ကျိယွမ်ကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေသည်။ ဆရာချိုးနှင့် ပူးပေါင်းနေသူများကို သူမ တစ်ခါမှ ကြိုက်နှစ်သက်ခဲ့ခြင်း မရှိပေ။

အကယ်၍ ခန်းမဆောင်သခင်ကသာ သူတို့ကို ရတနာခန်းမဆောင်မှ မောင်းထုတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားပါက သူမသည်လည်း သီးသန့် အောင်ပွဲခံပွဲလေးတစ်ခုပင် ကျင်းပမိမည်သာ။

သို့သော် ဤသည်မှာ မဖြစ်နိုင်ကြောင်းကို ကျိယွမ် သိထားပါ၏။ ခန်းမဆောင်သခင်သည် သံယောဇဉ်ကြီးသူတစ်ဦး ဖြစ်ပေသည်။ ဆရာချိုးကဲ့သို့သော သူများသည် ခန်းမဆောင်သခင်နောက်သို့ အစောပိုင်းကတည်းက လိုက်ပါလာခဲ့ကြသူများဖြစ်ပြီး ရတနာခန်းမဆောင်၏ တိုးတက်မှုအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပေးခဲ့ကြသူများ ဖြစ်လေသည်။

သူတို့က ကြီးမားလှသော ပြစ်မှုတစ်ခုခုကို မကျူးလွန်သရွေ့ ခန်းမဆောင်သခင်က သူတို့ကို အလွန်ဆုံး ဆူပူကြိမ်းမောင်းရုံသာ ပြုလုပ်မည်ဖြစ်ပြီး နှင်ထုတ်ပစ်မည်တော့ မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်း အရာအားလုံးသည် ကျိယွမ် တွေးထားသည့်အတိုင်းပင် ဖြစ်လာခဲ့တော့သည်။ ဆရာချိုးက ခန်းမဆောင်သခင်ထံ သွားရောက်တွေ့ဆုံသောအခါ သူမသည် တံခါးပိတ်ကျင့်ကြံနေကြောင်း ပြောကာ ငြင်းပယ်လိုက်၏။

အကြံအိုက်သွားသောအခါ သူသည် အသိစိတ်လွတ်သွားပြီး ခန်းမဆောင်သခင်၏ တံခါးပိတ်ကျင့်ကြံရေးခန်းထဲသို့ အတင်းဝင်ရောက်ရန် ကြိုးစားခဲ့လေတော့သည်။ နောက်ဆုံးတွင် သူ့ကို ဒုတိယခန်းမဆောင်သခင် နှစ်ဦးက ဖမ်းဆီးထိန်းချုပ်လိုက်ရပြီး ထိုဆူညံသံများက ခန်းမဆောင်သခင်ကို လန့်နိုးသွားစေကာ သူမ၏ ကျင့်ကြံခြင်းကိုပင် အနှောင့်အယှက် ဖြစ်သွားစေခဲ့ပေသည်။

ထိုသို့ဖြစ်လင့်ကစား ခန်းမဆောင်သခင်က ပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်ခဲ့ခြင်း မရှိပေ။ သူမက သူ့ကို ဆူပူကြိမ်းမောင်းရုံသာ ပြုလုပ်ခဲ့ပြီး အမှားကို သိမြင်လာစေရန် တံခါးပိတ်နေထိုင်ရန်သာ အမိန့်ပေးခဲ့ပြီး အခြား မည်သည့်ပြစ်ဒဏ်မျှ ထပ်မံချမှတ်ခဲ့ခြင်း မရှိပေ။ ထို့အပြင် မန္တန်အဆောင်ဟောင်းများကို ဖယ်ရှားရမည်ဟူသော အချက်ကိုလည်း ထပ်မံ အတည်ပြုပြောကြားခဲ့လေ၏။ သူမ၏ ဆုံးဖြတ်ချက်က ပြတ်သားနေပြီဖြစ်ရာ မည်သူကမျှ ပြောင်းလဲနိုင်မည် မဟုတ်တော့ပေ။

ထိုမျှလောက် ကြီးမားသော ဆူပူမှုကြီး ဖြစ်ပွားပြီးနောက် အခြားသော မန္တန်အဆောင်ဆရာများသည် ဤကိစ္စကို ဆုံးဖြတ်ပြီးသွားပြီဖြစ်ကြောင်း နားလည်သွားကြလေသည်။ ၎င်းကို ပြောင်းလဲရန် သူတို့ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သူတို့အနေဖြင့် တိတ်ဆိတ်စွာ နေထိုင်ကာ စောင့်ကြည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သေချာသည်ကတော့ မကျေနပ်မှုများ ရှိနေသည့်နေရာတိုင်းတွင် အခြားသူ၏ ဒုက္ခကို ဝမ်းသာအားရ ဖြစ်နေသူများလည်း ရှိစမြဲပင်။ အထူးသဖြင့် ဆရာချိုးနှင့် အချိန်ကြာမြင့်စွာကတည်းက သဘောထားကွဲလွဲနေခဲ့ကြသော ဆရာဝမ်နှင့် အခြားသူများကဲ့သို့သော သူများပင် ဖြစ်၏။ သူ အရှက်ကွဲကာ အပြစ်ပေးခံရသည်ကို မြင်လိုက်ရခြင်းက သူတို့အတွက်တော့ တိတ်တဆိတ် ကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့လေတော့သည်။

"အဲဒီ သောက်ကျိုးနည်းမိန်းမ... ငါ့ကိုများ ဒီလိုဆက်ဆံရဲတယ်ပေါ့လေ"

သီးသန့် ကျင့်ကြံရေးဂူတစ်ခုအတွင်း၌ ဆရာချိုး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး ကျိန်ဆဲလိုက်လေတော့သည်။

လူအများကြီးရှေ့တွင် ဒုတိယခန်းမဆောင်သခင် နှစ်ဦး၏ ဖမ်းချုပ်ခံရပြီး မြေပြင်ပေါ်သို့ ဖိချခံလိုက်ရခြင်းကို တွေးမိလေတိုင်း သူ၏ ရင်ဘတ်ထဲတွင် လောင်ကျွမ်းနေသော ဒေါသမီးတောက်ကြီးက ပိုမိုကြီးထွားလာလေတော့၏။ သူ၏ သက်တမ်းတစ်လျှောက်လုံး ဤမျှလောက် အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

"ဆရာ... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ခန်းမဆောင်က ကျွန်တော်တို့ရဲ့ မန္တန်အဆောင်တွေ အားလုံးကို ဖယ်ရှားပစ်လိုက်တာဆိုတော့ ကျွန်တော်တို့ရဲ့ ဝင်ငွေ တော်တော်များများ ဆုံးရှုံးသွားတော့မှာပေါ့"

တပည့်တစ်ဦးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

သူသည် မန္တန်အဆောင်ပညာရပ်ကို အထူးပြုလေ့လာနေသော ဆရာချိုး၏ တပည့်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏ ဝင်ငွေအများစုမှာ မန္တန်အဆောင်ရောင်းရငွေမှ ရရှိသော ဝေစုများသာ ဖြစ်ပေသည်။ ယခု မန္တန်အဆောင်ဟောင်းများကို ဖယ်ရှားလိုက်ပြီဖြစ်ရာ သူသည် ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်လေ၏။

သို့သော် သူ၏ စိုးရိမ်ပူပန်မှုက ဆရာချိုးအား ပို၍ပင် ဒေါသထွက်သွားစေတော့သည်။

"မင်းက ဘာဖြစ်လို့ ပြာယာခတ်နေရတာလဲ။ ဒါက ခဏတဖြုတ်ပါကွ။ ငါတို့မန္တန်အဆောင်တွေကို ထပ်ပြီး မတင်တော့ဘူးလို့ ပြောထားတာမှ မဟုတ်တာ။ မင်းတို့ထဲက တစ်ယောက်ယောက်သာ အသုံးကျမယ်ဆိုရင် ငါ ခုနကလိုမျိုး အရှက်ခွဲခံရမှာ မဟုတ်ဘူး"

ဆရာချိုး၏ အော်ဟစ်လိုက်မှုကြောင့် တပည့်များအားလုံး နောက်သို့ တွန့်ဆုတ်သွားကြပြီး ထပ်မံ၍ စကားမပြောရဲကြတော့ပေ။ သို့သော် သူတို့၏ စိတ်ထဲတွင်တော့ ခနဲ့တဲ့တဲ့ တွေးနေမိကြလေ၏။

'ဆရာက ရွှေအမြုတေအဆင့် ပဉ္စမအသွင်ပြောင်းခြင်းကိုတောင် ရောက်နေတာတောင်မှ ခွေးတစ်ကောင်လို ဖိချုပ်ခံလိုက်ရတာလေ။ ကျွန်တော်တို့က အခြေတည်အဆင့်လေးတွေပဲ ရှိသေးတာ၊ ဘာများ သွားလုပ်ပေးနိုင်မှာလဲ'

ဒေါသများကို ပေါက်ကွဲပစ်လိုက်ပြီးနောက် ဆရာချိုးသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့တော့သည်။ သူသည် လက်ရှိအခြေအနေကို စတင်သုံးသပ်ကြည့်လိုက်၏။

ခန်းမဆောင်သခင်ထံသို့ သူ၏ အတင်းဝင်ရောက်မှုသည် စဉ်းစားဆင်ခြင်ဉာဏ်မဲ့သော လုပ်ရပ်တစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ သဘောထားကို စမ်းသပ်ရန် နည်းလမ်းတစ်ခုပင် ဖြစ်၏။ လုဟု အမည်ရသော ထိုကောင်လေး ပေါ်လာကတည်းက ခန်းမဆောင်သခင်က သူမ၏ အချိန်ကြာမြင့်စွာ လိုက်ပါလာခဲ့ကြသော လက်အောက်ငယ်သားများအပေါ် ဆက်ဆံပုံ ပြောင်းလဲသွားသည်ကို သူ သတိထားမိခဲ့သည်။ အစောပိုင်းက ထိုလုကောင်လေးကို သူ စော်ကားမိခဲ့ခြင်းက သူ၏ အန္တရာယ်အငွေ့အသက်ကို ပို၍ပင် နက်ရှိုင်းသွားစေခဲ့ပေသည်။

ယခု သူ၏ မန္တန်အဆောင်များအားလုံး ရုတ်တရက် ဖယ်ရှားခံလိုက်ရချိန်တွင် သူ၏ နှလုံးသားထဲရှိ အချက်ပေးခေါင်းလောင်းသံများက ဆူညံစွာ မြည်ဟည်းနေတော့သည်။ အစောပိုင်းက သူ၏ ပေါက်ကွဲမှုသည် ဒေါသကြောင့် ဖြစ်သည်ဆိုသော်လည်း အများစုမှာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပေ၏။ ခန်းမဆောင်သခင်၏ ရပ်တည်ချက်ကို စမ်းသပ်ရန် တွက်ချက်ထားသော လှုပ်ရှားမှုတစ်ခုပင် ဖြစ်လေတော့သည်။

သို့သော် ထိုမိန်းမယုတ်က ဤမျှအထိ တင်းမာပြီး လူအများရှေ့တွင် သူ့ကို အရှက်ခွဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ကောင်းပြီလေ... မိန်းမယုတ်။ မင်းက ဒီလောက်အထိကရုဏာမဲ့နိုင်တယ်ဆိုမှတော့ ငါ့ကိုလည်း ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။ ငါ ရတနာခန်းမဆောင်မှာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာ၊ အကျိုးဆောင်ဖူးတဲ့သူဆိုရင် ငါပဲ ရှိတာ။ အခုကျမှ ငါ့ကို ကျောခိုင်းတယ်ပေါ့လေ။ ကြိတ်ဆုံလည်းပြီးရော မြည်းကို သတ်ပစ်တဲ့သဘောပေါ့။ ကောင်းပြီ... ငါ့ဆီက သစ္စာရှိမှုကိုတော့ မမျှော်လင့်နဲ့တော့"

ဆရာချိုး၏ မျက်နှာမှာ မှောင်မိုက်သွားလေတော့၏။ သူသည် သူ၏ သိုလှောင်အိတ်ထဲသို့ လက်နှိုက်ကာ သပ်ရပ်စွာ ပြုလုပ်ထားသော ဆက်သွယ်ရေးမန္တန်အဆောင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ၎င်း၏ မျက်နှာပြင်ကို ဖြည်းညှင်းစွာ ပွတ်သပ်နေမိတော့သည်။

ဆရာချိုးတစ်ယောက် အကြံအစည်များ ကြံစည်နေစဉ်တွင် ရတနာခန်းမဆောင်၏ လုပ်ငန်းဆောင်တာများမှာမူ မည်သည့်ထိခိုက်မှုမျှ မရှိဘဲ ဆက်လက်လည်ပတ်နေသည်။ မကြာမီမှာပင် လုချင်း ရေးဆွဲထားသော မန္တန်အဆောင်များသည် စင်များပေါ်တွင် အပြည့်အဝ နေရာယူသွားခဲ့ပေပြီပင်။ ချန်းလန်မြို့အတွင်းရှိ အခြားသော ခန်းမဆောင်ခွဲများကပင် မန္တန်အဆောင်သစ်များ၏ တစ်စိတ်တစ်ပိုင်းကို စတင်ရောင်းချနေကြလေ၏။

ခန်းမဆောင်အဝင်ဝများတွင် မန္တန်အဆောင်သစ်များ ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာချက်များကို ကပ်ထားလေသည်။ ချန်းလန်မြို့ရှိ အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်းများထဲမှ တစ်ခုအနေဖြင့် ရတနာခန်းမဆောင်သို့ နေ့စဉ်လာရောက်သူ အရေအတွက်မှာ လွန်စွာများပြားလှပေ၏။

ကြေညာချက်ကို မြင်လိုက်ရသောအခါ ကျင့်ကြံသူများမှာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။

"ဈေးနှုန်းသက်သာပြီး စွမ်းအားပြည့်ဝတဲ့ မန္တန်အဆောင်အသစ်တွေ ရောက်နေပြီတဲ့။ နေ့စဉ် ပထမဆုံး ဝယ်ယူသူ ငါးဦးကို ၉၀ ရာခိုင်နှုန်း လျှော့ဈေးပေးသွားမယ်ဆိုပဲဟ တကယ်ကြီးလား"

ဆိုင်းဘုတ်ကို ဖတ်လိုက်ရသော ကျင့်ကြံသူတစ်ဦးမှာ အံ့အားသင့်စွာဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်သွားမိလေတော့သည်။

"တကယ်ပဲ မန္တန်အဆောင်အသစ်တွေ ရောင်းပေးနေတာလား၊ ပြီးတော့ ပထမဆုံး ဝယ်တဲ့ ငါးယောက်က ၉၀ ရာခိုင်နှုန်း လျှော့ဈေးရမှာ သေချာလား"

"ဟုတ်ပါတယ် ချန်ပေ့"

ဧည့်ကြိုကောင်တာမှ ချစ်စရာကောင်းသော အမျိုးသမီး ကျင့်ကြံသူလေးက နွေးထွေးစွာ ပြုံးပြရင်း ဖြေလိုက်သည်။

"ကျွန်မတို့ ရတနာခန်းမဆောင်က မကြာသေးခင်ကမှ မန္တန်အဆောင်ဆရာသခင်တစ်ယောက်ကို အသစ်ခန့်အပ်ထားပါတယ်။ သူ့ရဲ့ မန္တန်အဆောင်တွေက ဈေးနှုန်းသက်သာပြီးတော့ အရည်အသွေးလည်း အရမ်းကောင်းပါတယ်ရှင့်။ သာမန်မန္တန်အဆောင်တွေထက် အနည်းဆုံး သုံးပုံတစ်ပုံလောက်ကို ဈေးသက်သာပါတယ်။ စွမ်းအားကလည်း သာမန်မန္တန်အဆောင်အများစုထက် သာလွန်ပါတယ်ရှင့်။ စိတ်ဝင်စားရင် ကိုယ်တိုင် ဝင်ကြည့်လို့ ရပါတယ်နော်"

"ဟေ... မန္တန်အဆောင်ဆရာသခင်အသစ်က ပိုအစွမ်းထက်တဲ့ မန္တန်အဆောင်တွေကို ဈေးပိုပြီးသက်သက်သာသာနဲ့ ရေးဆွဲပေးတယ်ပေါ့လေ"

အခြေတည်အဆင့်၏ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာလည်း စိတ်ဝင်စားသွားတော့သည်။

သူသည် ကောင်းကင်ဘုံက ပေးအပ်သော အခွင့်အရေးတစ်ခုခုနှင့် ကြုံတွေ့ရလိုသော မျှော်လင့်ချက်ဖြင့် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းလေ့လာရန် အစီအစဉ် ရှိနေခဲ့သည်။ ဤသို့ လာရောက်ခြင်းမှာ သူ၏ ကြိုတင်ပြင်ဆင်မှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကိုယ်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အစွမ်းထက်သော လက်နက်အချို့ လိုအပ်နေခြင်းကြောင့်ပင်။

မူလကတော့ ရတနာခန်းမဆောင်မှ အရည်အသွေးကောင်းမွန်သော ဝိညာဉ်လက်နက် အနည်းငယ်ကို ဝယ်ယူပြီးနောက် ယုံကြည်စိတ်ချရသော မန္တန်အဆောင်အချို့ကို ဝယ်ယူရန် ဝူရှန့်ခန်းမဆောင်သို့ ဝင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရတနာခန်းမဆောင်သည် ဝိညာဉ်လက်နက်များနှင့် ပတ်သက်၍ နာမည်ကြီးသော်လည်း ၎င်း၏ မန္တန်အဆောင်များမှာမူ ဈေးကြီးလွန်းခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည် မဟုတ်ပါလော။

ဝူရှန့်ခန်းမဆောင် သို့မဟုတ် ယန္တရားတစ်ထောင် အလုပ်ရုံတို့နှင့် နှိုင်းယှဉ်ပါက အဆင့်တူ မန္တန်အဆောင်များသည် ဤနေရာတွင် ဈေးအနည်းငယ် ပိုများတတ်ပေသည်။ ယခု မန္တန်အဆောင်အသစ်များသည် ဝူရှန့်ခန်းမဆောင်တွင် ရောင်းချနေသော မန္တန်အဆောင်များထက် ပိုမိုဈေးသက်သာကြောင်း ကြားလိုက်ရသောအခါ၌ သူသည် အလွန်ပင် စိတ်ဝင်စားသွားလေတော့၏။ အကယ်၍ ဤအမျိုးသမီးဝန်ထမ်းလေးက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပါက သူ နောက်တစ်နေရာသို့ သွားစရာ လိုတော့မည် မဟုတ်ပေ။

"အဲဒီလိုဆိုရင်လည်း ဝင်ကြည့်လိုက်တာ မမှားပါဘူးလေ"

ထိုသို့ပြောပြီးနောက် အခြေတည်အဆင့် ကျင့်ကြံသူသည် ခေါင်းညိတ်ပြလိုက်သည်။

"ဒီဘက်ကို ကြွပါ ချန်ပေ့"

ပြုံးရွှင်နေသော ဧည့်ကြိုလေးက လက်ဟန်ဖြင့် ပြသလိုက်သည်။

"ကျွန်မတို့က မန္တန်အဆောင်တွေရဲ့ အစွမ်းကို အပြည့်အဝ စမ်းသပ်ကြည့်နိုင်မယ့် အထူးနေရာတစ်ခုကို ပြင်ဆင်ပေးထားပါတယ်ရှင့်"

သူမ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများဖြင့် ပြည့်လျှံနေတော့သည်။ ပထမဆုံး အရောင်းကို အောင်မြင်အောင် လုပ်နိုင်သူတိုင်းကို ဆုငွေအမြောက်အမြား ပေးမည်ဟု ခန်းမဆောင်သခင်က ကတိပေးထားသည် မဟုတ်ပါလော။

အကယ်၍ ဤကျင့်ကြံသူကသာ ဝယ်ယူလိုက်ပါက ဤလအတွက် သူမ၏ ဝိညာဉ်ကျောက်တုံး ဝင်ငွေမှာ အဆမတန် တိုးတက်သွားမည်ပင်။

"ရတနာခန်းမဆောင်က မန္တန်အဆောင်အသစ်တွေ ထုတ်နေတာလား။ ပြီးတော့ သာမန်မန္တန်အဆောင်တွေထက်လည်း အများကြီး ဈေးသက်သာတယ်ပေါ့လေ"

ရှေ့ခန်းမဆောင်ရှိ ဖောက်သည်အများအပြားသည် ထိုစကားဝိုင်းကို ကြားသွားကြပြီး စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။

ထိုအခြေတည်အဆင့် ကျင့်ကြံသူက မန္တန်အဆောင်များကို စမ်းသပ်ရန် သွားရောက်နေသည်ကို မြင်သောအခါ၌ အခြားသူအတော်များများကလည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။ သဘာဝကျစွာပင် ရတနာခန်းမဆောင်မှ မည်သူကမျှ သူတို့ကို တားဆီးခြင်း မရှိခဲ့ပေ။

ဤသည်မှာ သူတို့အလိုရှိဆုံးသော အခြေအနေပင် ဖြစ်ပေသည်။ ဧည့်သည်များ စူးစမ်းလိုစိတ် ပိုများလေလေ၊ မန္တန်အဆောင်အသစ်များကို ကြော်ငြာရန် အခွင့်အရေး ပိုများလေလေပင် ဖြစ်တော့၏။

ထို့အပြင် သူတို့ ယုံကြည်ချက် အပြည့်ရှိထားပါ၏။ တစ်စုံတစ်ယောက်ကသာ ဤမန္တန်အဆောင်အသစ်များ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ပြီး ဈေးနှုန်းသက်သာမှုကို မြင်တွေ့သွားပါက ငြင်းဆန်နိုင်သူ အနည်းငယ်သာ ရှိလိမ့်မည်ပင်။

လှပသော အမျိုးသမီး ကျင့်ကြံသူလေး၏ လမ်းညွှန်မှုအောက်တွင် အခြေတည်အဆင့် ကျင့်ကြံသူသည် ထူထဲသော သစ်သားတိုင်များ၊ ကျောက်တိုင်များဖြင့် ပြည့်နှက်နေသည့် ကျယ်ဝန်းသော ခြံဝင်းတစ်ခုဆီသို့ မကြာမီ ရောက်ရှိသွားလေတော့သည်။

ထိုစဉ် စူးစမ်းလိုစိတ်များဖြင့် လိုက်ပါလာသော ကျင့်ကြံသူအုပ်စုကြီးတစ်စုလည်း ရှိနေလေ၏။ အခြေတည်အဆင့် ကျင့်ကြံသူကတော့ ထိုကြည့်ရှုသူများကို ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူများစွာ ရှိနေခြင်းက သူ့ကို ပို၍ လုံခြုံသည်ဟုပင် ခံစားရစေပါ၏။ အနည်းဆုံးတော့ ဤသို့ဆိုလျှင် ရတနာခန်းမဆောင်မှ ထောင်ချောက်တစ်ခုခု ဆင်ထားမည်ကို သူ စိတ်ပူစရာ မလိုတော့ပေ။

"ချန်ပေ့... ဒီမှာကတော့ ကျွန်မတို့ ရောင်းချပေးမယ့် မန္တန်အဆောင်အသစ်တွေပါ။ ရွှေအမြုတေအဆင့်က နှစ်ခုရှိပြီး အခြေတည်အဆင့်က ငါးခု ရှိပါတယ်။ ဘယ်ဟာကို အရင်ဆုံး စမ်းသပ်ကြည့်ချင်ပါလဲရှင့်"

လှပသော အမျိုးသမီး ကျင့်ကြံသူလေးသည် ကျောက်စိမ်းမန္တန်အဆောင်များ တန်းစီထားသော ဗန်းတစ်ခုကို ကိုင်ကာ ရှေ့သို့ ထွက်လာခဲ့လေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုမန္တန်အဆောင်များသည် ထူးခြားမှုမရှိဟု ထင်ရသော်လည်း ၎င်းတို့ထံမှ ထွက်ပေါ်နေသော သိမ်မွေ့သည့် ဖိအားတစ်ခုက လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

"ရွှေအမြုတေအဆင့် မန္တန်အဆောင်တွေကိုတောင် စမ်းသပ်ခွင့်ပေးထားတာလား"

အခြေတည်အဆင့် ကျင့်ကြံသူမှာ သိသိသာသာကို အံ့အားသင့်သွားပြီးနောက် တုံ့ဆိုင်းသွားလေသည်။

"ဒီတိုင်း စမ်းသပ်ကြည့်ရုံနဲ့ ပိုက်ဆံတောင်းမှာတော့ မဟုတ်ဘူးမလား"

"စိတ်ချပါ ချန်ပေ့၊ ဒီက မန္တန်အဆောင်တွေ အားလုံးကို အခမဲ့ စမ်းသပ်ခွင့် ပြုထားပါတယ်။ စိတ်ကြိုက်သာ အသုံးပြုကြည့်ပါရှင်"

ထိုစကားကို ကြားလိုက်ရမှသာ ကျင့်ကြံသူမှာ စိတ်သက်သာရာရသွားတော့သည်။ ကြည့်ရှုသူ အများအပြား ရှိနေသဖြင့် ရတနာခန်းမဆောင်မှ ကတိဖျက်မည် မဟုတ်ကြောင်း သူ ယုံကြည်လေ၏။ သို့သော် သူသည် ရွှေအမြုတေအဆင့် မန္တန်အဆောင်များထဲမှ တစ်ခုကို ချက်ချင်း မရွေးချယ်ခဲ့ပေ။ ယင်းအစား အဝါရောင်အလင်းတန်းလေး ထွက်ပေါ်နေသော မန္တန်အဆောင်တစ်ခုကို ကောက်ယူလိုက်လေတော့သည်။

"ချန်ပေ့... ဒါကတော့ အခြေတည်အဆင့် မြေကြီးဓာတ်မန္တန်အဆောင်ဖြစ်တဲ့ မြေဆွဲအားမန္တန်အဆောင်ပဲ ဖြစ်ပါတယ်။ ဒါကို အသက်သွင်းလိုက်တာနဲ့ ချန်ပေ့ရဲ့ပတ်ဝန်းကျင် ပေပေါင်းဒါဇင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ နေရာတစ်ဝိုက်မှာ အစွမ်းထက်တဲ့ မြေကမ္ဘာသွေးကြော သံလိုက်စက်ကွင်းတစ်ခုကို ဖန်တီးပေးမှာပါ။ ရန်သူတွေကို မြေဆွဲအားနဲ့ ဖိနှိပ်ခြေမွပစ်နိုင်ရုံတင်မကဘဲ အဲ့စက်ကွင်းအတွင်းမှာ ချန်ပေ့ရဲ့ လှုပ်ရှားမှုကိုလည်း မြှင့်တင်ပေးနိုင်ဦးမှာပါ။ ဒါတင်မကသေးဘူးနော် ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးသွက်လက်စေဦးမှာပါရှင့်။ ဒီတော့ ဒါက တိုက်ပွဲအစပိုင်းမှာ ရန်သူအုပ်စုကြီးကို ရင်ဆိုင်ဖို့အတွက် အရမ်းကောင်းတဲ့ မန္တန်အဆောင်တစ်ခုပါပဲရှင်"

လှပသော အမျိုးသမီး ကျင့်ကြံသူလေးသည် မန္တန်အဆောင်တစ်ခုချင်းစီ၏ စွမ်းရည်များကို ကောင်းစွာ ကျက်မှတ်ထားခဲ့ပုံရပေသည်။ ကျင့်ကြံသူက မြေကြီးအရောင် မန္တန်အဆောင်ကို ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူမက အသေးစိတ် ရှင်းပြလာတော့၏။

"အုပ်စုလိုက် တိုက်ခိုက်တာတွေကို ပြန်ပြီးရင်ဆိုင်တဲ့အချိန်မှာ အသုံးဝင်တဲ့ မြေဆွဲအားမန္တန်အဆောင် ဟုတ်လား"

အခြေတည်အဆင့် ကျင့်ကြံသူမှာ အံ့ဩမှင်သက်သွားလေတော့သည်။

သူ သွားရောက်စူးစမ်းမည့် လျှို့ဝှက်နယ်မြေတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသော အန္တရာယ်မှာ မီးတောက် ပုရွက်ဆိတ် ဟုခေါ်သော သားရဲတစ်မျိုးပင် ဖြစ်၏။ တစ်ကောင်ချင်းစီ ဆိုလျှင်တော့ အားနည်းလှပြီး မည်သည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူမဆို အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။ သို့သော် သူတို့၏ အန္တရာယ်မှာ အရေအတွက်အပေါ်တွင် မူတည်နေပါ၏။ သူတို့သည် အုပ်စုဖွဲ့ နေထိုင်တတ်သော သတ္တဝါများ ဖြစ်ကြသည်။ အကယ်၍ အနှောင့်အယှက်ပေးမိပါက ထောင်သောင်းချီသော အုပ်စုကြီးက ဒီရေလှိုင်းကြီးအလား ဆင်းသက်လာမည်ပင်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် တင်ပါးနှင့် ဖနောင့်တစ်သားတည်းကျအောင် ထွက်ပြေးရမည်သာ။

အကယ်၍ ဤမြေဆွဲအားမန္တန်အဆောင်သည် ရတနာခန်းမဆောင်မှ ပြောသလောက် အမှန်တကယ် အစွမ်းထက်ပါက သူ၏ ခရီးစဉ်အတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပဲပင်။ ထိုအတွေးနှင့်အတူ သူ ဆက်၍ မစောင့်နိုင်တော့ပေ။

သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ သူ၏ လက်ထဲရှိ မန္တန်အဆောင်ထဲသို့ ထည့်သွင်းလိုက်သည်။ နောက်တစ်ခဏတွင်တော့ အဝါရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူ၏ ပတ်လည်တွင် မြေကြီးရောင် အကာအကွယ်တစ်ခု ပေါ်ပေါက်လာခဲ့တော့၏။

ထိုအကာအကွယ်သည် သူ၏ ဆန္ဒကို တုံ့ပြန်ကာ သူ၏ အမိန့်အရ ကျယ်ပြန့်လာခြင်း၊ ကျုံ့ဝင်သွားခြင်းများကို ပြုလုပ်နိုင်ပါ၏။ အမြင့်ဆုံး အကွာအဝေးတွင်မူ လှပသော ကျင့်ကြံသူလေး ရှင်းပြခဲ့သည့်အတိုင်း စက်ကွင်းသည် ပေပေါင်းဒါဇင်ပေါင်းများစွာအထိ ကျယ်ဝန်းသွားလေတော့သည်။

မြေကမ္ဘာသွေးကြော သံလိုက်စက်ကွင်း၏ လွှမ်းမိုးမှုအောက်တွင် အခြေတည်အဆင့် ကျင့်ကြံသူသည် ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးနေသည်ဟု ခံစားလိုက်ရသည်။ ကန့်သတ်ခံထားရသည်ဟု ခံစားရမည့်အစား သူသည် ယခင်ကထက်ပင် ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်နေလေ၏။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အကာအကွယ်အတွင်းရှိ ကြီးမားလှသော သစ်သားတိုင်ကြီးတစ်ခုပေါ်သို့ ဖွဖွလေး ဖိချလိုက်သည်။ ထိုသစ်သားတိုင်ကြီးမှာ လူနှစ်ယောက် ဖက်မှသာ အပြည့်အဝ ပတ်မိနိုင်လောက်အောင်အထိ ထူထဲလှပေ၏။ စွမ်းအားများ မြင့်တက်လာမှုနှင့်အတူ ဆယ်ပေကျော်လောက်ထိ ရှည်လျားသော ထိုသစ်သားတိုင်ကြီးမှာ မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်သွားခဲ့လေတော့သည်။

ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်များ တောက်ပလာပြီးနောက် သူက ထပ်မံ၍ ဖိချလိုက်ပြန်၏။ ထိုအခါ၌ ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ သစ်သားတိုင်ကြီးတစ်ခုလုံး မြေကြီးအောက်သို့ နစ်ဝင်သွားပြီး ၎င်း၏ ထိပ်ပိုင်းမှာ မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားလေတော့၏။

"မယုံနိုင်စရာပဲ"

အခြေတည်အဆင့် ကျင့်ကြံသူမှာ အံ့ဩမှင်သက်သွားလေတော့သည်။

ဤမြေဆွဲအားမန္တန်အဆောင်၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက်ပင် များစွာ သာလွန်နေခဲ့ပေသည်။ ခုနက တစ်ချက်တည်း ရိုက်ချလိုက်ခြင်းမှာ သူ မည်သည့် ဝိညာဉ်လက်နက်မျှ အသုံးမပြုဘဲ အစွမ်းကုန် ရိုက်ချလိုက်သည့် အားနှင့် ခပ်ဆင်ဆင် တူညီနေပါ၏။

ထို့အပြင် ဤမန္တန်အဆောင်က ၎င်း၏ အမြင့်ဆုံး စွမ်းအားသို့ မရောက်သေးကြောင်းကိုလည်း သူ ခံစားသိရှိနိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤမြေဆွဲအားမန္တန်အဆောင်ထဲတွင် ထည့်သွင်းထားသော အခြေခံစွမ်းအားသည် သူ့ကဲ့သို့ အခြေတည်အဆင့်၏ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားထက်ပင် သာလွန်နေပြီဖြစ်၏။

ဝိုး...

ဘေးနားရှိ ကျင့်ကြံသူများထံမှ အံ့အားသင့်စွာ ရေရွတ်သံများ ထွက်ပေါ်လာခဲ့တော့သည်။

သူတို့အားလုံးသည် ခြံဝင်းအတွင်းရှိ ထူထဲသော သစ်သားတိုင်ကြီးများကို မှတ်မိကြလေသည်။ ထိုသစ်သားတိုင်များကို သံမဏိသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုသည်မှာ သံမဏိကဲ့သို့ မာကျောကာ အလွန်လေးလံသော ရှားပါးသစ်သားတစ်မျိုး ဖြစ်ပေသည်။

မန္တန်အဆောင်တစ်ခုက ထိုကဲ့သို့သော ပစ္စည်းမျိုးကို မြေကြီးထဲသို့ ဖိအားတစ်ခုတည်းဖြင့် နစ်ဝင်သွားစေရန် လုပ်ဆောင်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေ၏။

အကယ်၍ ထိုစွမ်းအားမျိုးကို လူတစ်ယောက်အပေါ် အသုံးပြုလိုက်မည်ဆိုပါက မည်သို့ဖြစ်သွားမည်နည်း။

ကာကွယ်ရေး ဝိညာဉ်လက်နက်သာ မပါပါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

ထိုမြင်ကွင်းမျိုးကို စိတ်ကူးကြည့်ရုံဖြင့်ပင် ကြည့်ရှုနေသူအများအပြားကို ကြက်သီးမွေးညင်း ထသွားစေတော့သည်။ သို့သော် ထိုကြက်သီးထမှုများ ပျောက်ကွယ်သွားသောအခါ လူအုပ်ကြီးကြားတွင် စိတ်လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာခဲ့လေ၏။

ပြသထားသော ပထမဆုံး မန္တန်အဆောင်တစ်ခုကပင် ဤမျှလောက် စွမ်းအားမျိုး ပြသနိုင်မည်ဆိုလျှင် ကျောက်စိမ်းဗန်းပေါ်တွင် ကျန်ရှိနေသေးသော အခြားမန္တန်အဆောင်များဆိုလျှင် မည်သို့ ရှိမည်နည်း။

အကယ်၍ ၎င်းတို့အားလုံးက ဤမျှ အစွမ်းထက်မည်ဆိုပါက အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်တော့ပေ။

သူတို့အထဲမှ အကင်းပါးသော ကျင့်ကြံသူများသည် ရတနာခန်းမဆောင်က ရဲရင့်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နေကြောင်း အလျင်အမြန် သဘောပေါက်သွားကြတော့သည်။ ကြည့်ရှုသူများမှာ သူတို့၏ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်ထားရပါ၏။

မန္တန်အဆောင်ကို စမ်းသပ်နေခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူအတွက်မူ သူ၏ ခံစားချက်များကို ဖော်ပြနေရန်ပင် မလိုတော့ပေ။ ထိုတိုတောင်းလှသော ကိုယ်တွေ့အတွေ့အကြုံက သူသိရန် လိုအပ်သမျှကို ပြောပြနေပြီပင်။ ဤမြေဆွဲအားမန္တန်အဆောင်က သူ၏ လာမည့်ခရီးစဉ်အတွက် အကောင်းဆုံးသော ကာကွယ်ရေးမန္တန်အဆောင်တစ်ခု ဖြစ်ပေတော့သည်။

"ချန်ပေ့... မြေဆွဲအားမန္တန်အဆောင်က ဘယ်လိုနေလဲဟင်"

လှပသော ကျင့်ကြံသူလေးက ပြုံးလျက် မေးလိုက်သည်။

"အရမ်းကို အစွမ်းထက်တာပဲ၊ အရင်က ငါသုံးဖူးသမျှ မန္တန်အဆောင်တွေထက် အများကြီး ပိုအားကောင်းတယ်"

အခြေတည်အဆင့် ကျင့်ကြံသူက ရိုးသားစွာ ပြန်ဖြေလိုက်၏။

သူသည် မြေဆွဲအားမန္တန်အဆောင်ကို ဗန်းပေါ်သို့ ပြန်တင်လိုက်ပြီးနောက်၌ အစိမ်းဖျော့ရောင် မန္တန်အဆောင်တစ်ခုကို ကောက်ယူလိုက်လေသည်။

"ဒီမန္တန်အဆောင်ကိုတော့ သက်စောင့်မန္တန်အဆောင်လို့ ခေါ်ပါတယ်၊ အခြေတည်အဆင့်ရှိတဲ့ သစ်သားဓာတ်မန္တန်အဆောင်တစ်ခုပါ။ လူတစ်ယောက်ရဲ့ သက်စောင့်စွမ်းအင်တွေကို လျင်လျင်မြန်မြန် ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ကုသရေးမန္တန်အဆောင်တစ်ခုပေါ့။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားရင်တောင် အသက်ရှူနေသရွေ့ ဒီမန္တန်အဆောင်က သက်စောင့်စွမ်းအင်တွေကို ဖြည့်သွင်းပေးပြီး သေမင်းတံခါးဝကနေ ပြန်ဆွဲခေါ်လာပေးနိုင်ပါတယ်"

လှပသော ကျင့်ကြံသူလေးက နောက်တစ်ကြိမ် ရှင်းလင်းပြတ်သားစွာဖြင့် ထပ်မံရှင်းပြလိုက်ပြန်လေတော့သည်။

……..

All Chapters