အခန်း ၅၂၈
Vol. 53 Ch. 528
အခန်း ၅၂၈ - ရေပန်းစားလွန်းလှသဖြင့် အာရုံစိုက်ခံလာရခြင်း
ဝုန်း
ဧရာမ မိုးကြိုးသွားကြီးတစ်ခုက ကောင်းကင်ယံမှ သက်ဆင်းကျရောက်လာရာ ခြံဝင်းအတွင်းရှိ လူအတော်များများ လက်တွဲဖက်ထားမှသာ လုံးပတ်တစ်ခုလုံးကို ပတ်မိနိုင်မည့် ကျောက်တိုင်ကြီးတစ်ခုမှာ အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။
ဤမြင်ကွင်းက အဆောင်အား အသက်သွင်းလိုက်သည့် အခြေတည်အဆင့် ကျင့်ကြံသူအပါအဝင် စုရုံးကြည့်ရှုနေကြသော လူအုပ်ကြီးကိုပါ အံ့ဩမှင်သက်သွားစေခဲ့၏။
ထိုခြံဝင်းအတွင်းရှိ ကျောက်တိုင်များမှာ အထူးသန့်စင်ထားသော သံမဏိပြာကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိထားသင့်ပေသည်။
ဤပစ္စည်းက မယုံနိုင်လောက်အောင် မာကျောခိုင်ခံ့လှပြီး အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုပင်လျှင် ခြစ်ရာထင်အောင် လုပ်နိုင်ဖို့ရန် အတော်လေး ရုန်းကန်ရမည်သာ။
သို့သော်လည်း ယခုအခါတွင်မူ အဆောင်တစ်ခုတည်းမှ ထွက်ပေါ်လာသော မိုးကြိုးစွမ်းအင်ကြောင့် ထိုကျောက်တိုင်မှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ရလေပြီပင်။
ဤမျှလောက်သော စွမ်းအားမျိုးက အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေ၏။
"ဒါက ရွှေအမြုတေအဆင့် အဆောင်တစ်ခုရဲ့ စွမ်းအားအစစ်ပေါ့လေ..."
အဆောင်ကို ကိုင်ဆောင်ထားသော အခြေတည်အဆင့် ကျင့်ကြံသူမှာ အနည်းငယ် တုန်ယင်သွားတော့၏။
ထိုတိုက်ခိုက်မှုကို အသက်သွင်းလိုက်ခြင်းက သူ၏ ဝိညာဉ်စွမ်းအားတစ်ဝက်နီးပါးကို ကုန်ဆုံးသွားစေခဲ့သော်ငြား ယင်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားကတော့ အတိုင်းမသိ ကြီးမားလွန်းလှပေသည်။
အကယ်၍ သူသာ ထိုမိုးကြိုးသွား၏ ပစ်ခတ်မှုကို ခံလိုက်ရပါက အနည်းငယ်မျှ ရှပ်ထိသွားလျှင်ပင် ပြာကျသွားနိုင်လောက်သည်ဟု သူခံစားမိလေသည်။
ဤသည်က အမှန်တကယ်ပင် သတ်ဖြတ်နိုင်သော လက်နက်တစ်ခုဖြစ်ပေ၏။ ဤသည်ကပင် ရွှေအမြုတေအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင် ဖြစ်တော့သည်။
ထိုအခြေတည်အဆင့် ကျင့်ကြံသူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
၎င်းမှာ ရွှေအမြုတေအဆင့် အဆောင်တစ်ခုကို သူပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းပင်။ အတိတ်ကာလများကဆိုလျှင် ထိုမျှ အဆင့်မြင့်သော ပစ္စည်းများကို ထိတွေ့ရန်ပင် သူအရည်အချင်း မမီခဲ့ချေ။
ရတနာခန်းမဆောင်က အဆောင်အသစ်များကို စတင်မိတ်ဆက်လိုက်မှသာ ဤစွမ်းအားကို ကိုယ်တွေ့ကြုံရန် အခွင့်အရေးရလာခြင်းဖြစ်သည်။
သို့သော် ထိုအတွေ့အကြုံက ရွှေအမြုတေအဆင့်၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူ့အား ရှင်းလင်းပြတ်သားစွာ နားလည်သွားစေတော့၏။
ဤသေမင်းတမန် လက်နက်များထဲမှ တစ်ခုကို သူ မဖြစ်မနေ ရယူရပေမည်။
ထိုသို့ အစွမ်းထက်သော အဆောင်မျိုးက သူ့အား ကာကွယ်ပေးမည်ဆိုလျှင် လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေရာ၌ သူ၏ ယုံကြည်မှုများကလည်း အဆမတန် မြင့်တက်လာမည်သာ။
သူ၏ ယာယီအဖော်များက သူ့ကို သစ္စာဖောက်ခဲ့လျှင်တောင်မှ သူ ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ချေ။
ထိုအတွေးနှင့်အတူ အခြေတည်အဆင့် ကျင့်ကြံသူသည် သွားကို တင်းတင်းကြိတ်လိုက်ကာ မေးလိုက်သည်။
"ဒီမိုးကြိုးအဆောင်ကို ဝယ်ဖို့ ဝိညာဉ်ကျောက်တုံး ဘယ်နှတုံး ပေးရမလဲ"
သူ အဆင်သင့်ဖြစ်နေခဲ့ပြီပင်။ သူ၏ ဝိညာဉ်ကျောက်တုံးများအားလုံးကို ပေးရမည်ဆိုလျှင်တောင် ထိုအဆောင်ကို သူ ဝယ်ယူမည်သာ။
ထို့အပြင် မြေဆွဲအားအဆောင်ကိုလည်း သူ မဖြစ်မနေ လိုအပ်သေးပါ၏။
ဤလျှို့ဝှက်နယ်မြေ စူးစမ်းလေ့လာရေးမှာ ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်ချေ။ ၎င်းက တစ်နေ့တွင် သူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိ၊ မရှိကို အဆုံးအဖြတ်ပေးနိုင်လေသည်။
ဈေးနှုန်း မည်မျှပင် ကြီးမြင့်နေပါစေ၊ တန်ဖိုးရှိမည်မှာတော့ အသေအချာပဲပင်။
ထိုသို့ မေးပြီးနောက်၌ အခြေတည်အဆင့် ကျင့်ကြံသူမှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေမိတော့၏။
သူသည် နှစ်ကာလများစွာ ခြိုးခြံချွေတာကာ ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို စုဆောင်းထားနိုင်ခဲ့သော်လည်း အမှန်တကယ် ရွှေအမြုတေအဆင့် အဆောင်တစ်ခုကို ဝယ်ယူရန်ကား မလုံလောက်သေးချေ။ အထူးသဖြင့် ဝူရှန့်ခန်းမဆောင် သို့မဟုတ် ယန္တရားတစ်ထောင် အလုပ်ရုံကဲ့သို့သော နေရာမျိုးများမှ ဝယ်ယူရန်ဆိုလျှင် ပို၍ပင် ဝေးကွာလှလေသည်။
ရတနာခန်းမဆောင်၏ အဆောင်သစ်များသည် အရည်အသွေးမြင့်မားသော်လည်း ဈေးနှုန်းသင့်တင့်ကြောင်းနှင့် ပထမဆုံး ဝယ်ယူသူ ငါးဦးကို လျှော့ဈေးပေးမည်ဟု လှပသော အရောင်းသမလေးက ပြောခဲ့သောကြောင့်သာ ဤအခွင့်အရေးကို သူ ရဲရဲဝံ့ဝံ့ စိတ်ကူးယဉ်ရဲခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ဤမျှ ဈေးကြီးသော ပစ္စည်းမျိုးကို သူ စဉ်းစားရဲမည်ပင် မဟုတ်ချေ။
"ဒီမိုးကြိုးအဆောင်က မိုးကြိုးဓာတ် တိုက်ခိုက်ရေး အဆောင်တစ်ခုပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ သာမန် ရွှေအမြုတေအဆင့် အဆောင်တွေထက် နည်းနည်းလေး ပိုမြင့်ပါတယ်။
ဒီရတနာခန်းမဆောင်မှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာနဲ့ ရောင်းချပါတယ်။
ဒါပေမဲ့ ချန်ပေ့က ဒီနေ့ အဆောင်သစ်ကို လာဝယ်တဲ့ ပထမဆုံး ဖောက်သည်ဖြစ်တာမလို့ ၉၀ ရာခိုင်နှုန်း လျှော့ဈေးရဖို့ အရည်အချင်းပြည့်မီပါတယ်ရှင့်။
ဒါကြောင့် ဒါကို အိမ်ယူသွားဖို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ပဲ ပေးချေဖို့ လိုပါလိမ့်မယ်"
ထိုစကားများကို ကြားလိုက်ရချိန်တွင် အခြေတည်အဆင့် ကျင့်ကြံသူမှာ ဆွံ့အမှင်သက်သွားလေတော့သည်။
ဘေးနားတွင် ရပ်ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် တအံ့တဩဖြင့် မှင်သက်သွားကြ၏။
ထို့နောက် ခြံဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူတိုင်းက သူမ နောက်ပြောင်နေခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် ကြိုးစားနေသည့်အလား လှပသော အမျိုးသမီးကျင့်ကြံသူလေးကို ပြူးကြည့်နေကြတော့သည်။
၎င်းမှာ ဈေးနှုန်းမြင့်မားလွန်းနေသောကြောင့် မဟုတ်ဘဲ ယုံနိုင်စရာမရှိလောက်အောင် နည်းပါးလွန်းနေသောကြောင့်ပင် ဖြစ်၏။
"မင်း... မင်းပြောတာ ဒီမိုးကြိုးအဆောင်က... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ပဲ ကျသင့်တယ်ပေါ့"
အသက်ရှူကြိမ် အနည်းငယ်မျှ ကြာပြီးနောက်တွင် အခြေတည်အဆင့် ကျင့်ကြံသူမှာ သတိပြန်လည်လာပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများအပြည့်ဖြင့် ထစ်အစွာ မေးလိုက်လေ၏။
သူ၏ တုံ့ပြန်မှုက နားလည်ပေးနိုင်စရာပင် ဖြစ်သည်။ အရောင်းသမလေး၏ စကားများက အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းနေပေ၏။
ရွှေအမြုတေအဆင့် မိုးကြိုးအဆောင်တစ်ခုက ဝိညာဉ်ကျောက်တုံး နှစ်ဆယ်တည်းလော။
မည်သူကများ ထိုအရာကို ယုံကြည်နိုင်ပါမည်နည်း။
"ဟုတ်ပါတယ် ချန်ပေ့။ ချန်ပေ့ ကြားတာ မှန်ပါတယ်။ ချန်ပေ့က ၉၀ ရာခိုင်နှုန်း လျှော့ဈေး ရတဲ့အတွက် မိုးကြိုးအဆောင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ပဲ ကျသင့်တာပါ။
ဒါပေမဲ့ ဒီလျှော့ဈေးက ပထမဆုံး ဝယ်ယူတဲ့ အဆောင်တစ်ခုအတွက်ပဲ အကျုံးဝင်တာပါရှင့်။
နောက်ထပ် ထပ်ဝယ်ချင်သေးတယ်ဆိုရင်တော့ ဈေးနှုန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
ပြီးတော့ လောလောဆယ်မှာ တစ်ယောက်ကို အများကြီးဝယ်ခွင့်မပြုထားသေးပါဘူးရှင့်။ ဘယ်အဆောင်အမျိုးအစားမဆို အရေအတွက်တစ်ခုစာပဲ ဝယ်ခွင့်ပြုထားပါတယ်ရှင့်"
လှပသော ကျင့်ကြံသူလေးက ရှင်းပြလိုက်သည်။
ထိုသို့သော ကန့်သတ်ချက်များမှာ အခြားသူများက စနစ်ကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ဖို့ ပြန်လည်ရောင်းချခြင်းမှ ကာကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းမှာ အထင်အရှားပင်။
အတည်ပြုချက် ရရှိပြီးနောက်တွင်တော့ အခြေတည်အဆင့် ကျင့်ကြံသူမှာ အတိုင်းမသိ ဝမ်းသာလုံးစို့သွားလေတော့၏။
လျှော့ဈေးက အဆောင်တစ်ခုအတွက်သာ အကျုံးဝင်သည်ဆိုလျှင်တောင် သူ့အတွက်တော့ ဧရာမ အခွင့်အရေးကြီးတစ်ခု ဖြစ်နေဆဲပင်တည်း။
အခြားသူတစ်ယောက်က သူ့အရင် လျှော့ဈေးကို ယူသွားမည်ကို စိုးရိမ်သည့်အလား သူက တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ချက်ချင်း ပြောလိုက်တော့၏။
"ငါ မိုးကြိုးအဆောင်တစ်ခုဝယ်မယ်"
"ကောင်းပါပြီ ချန်ပေ့။ တခြားအဆောင်တွေရော ဝယ်ချင်သေးလားရှင့်"
"မြေဆွဲအားအဆောင်ကရော ဘယ်လောက်လဲ"
"ကျွန်မတို့ဆီက အသစ်ရောက်ထားတဲ့ အခြေတည်အဆင့် အဆောင်တွေ အားလုံးက ဈေးနှုန်း တူတူပါပဲ။ တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်စီပါ"
"အခြေတည်အဆင့် အဆောင်တွေအားလုံးက နှစ်ဆယ်စီ ဟုတ်လား"
ထိုကျင့်ကြံသူမှာ နောက်တစ်ဖန် အံ့ဩသွားရပြန်သော်လည်း တွေဝေမနေခဲ့ချေ။
"ဒါဆိုရင် မြေဆွဲအားအဆောင် တစ်ခုရယ်၊ သက်စောင့်အဆောင် တစ်ခုနဲ့ မီးတောက်အဆောင်တစ်ခုကိုလည်း ယူမယ်..."
အလွန်လျင်မြန်စွာပင် သူသည် သူ၏ ဝိညာဉ်ကျောက်တုံးများအားလုံးနီးပါးကို အကုန်ခံကာ အဆောင် စုစုပေါင်း ခုနစ်ခုတောင် ဝယ်ယူလိုက်တော့သည်။
ရွှေအမြုတေအဆင့် မိုးကြိုးအဆောင်မှလွဲ၍ ကျန်သည်များမှာ အခြေတည်အဆင့် အဆောင်များသာ ဖြစ်ပေသည်။
တကယ်တမ်းတွင် သူသည် နောက်ထပ် ရွှေအမြုတေအဆင့် အဆောင်တစ်ခုကို ဝယ်ယူချင်ခဲ့သော်လည်း သူ၏ ငွေကြေးက ခွင့်မပြုခဲ့ချေ။
ထိုအခိုက်အတန့်တွင် အတိတ်က ဝိညာဉ်ကျောက်တုံးများကို ပို၍ မစုဆောင်းမိခဲ့ခြင်းအတွက် အလွန်ကိုပဲ နောင်တရနေမိတော့၏။
အကယ်၍ သူသာ စုဆောင်းခဲ့မည်ဆိုလျှင် ရတနာခန်းမဆောင်မှ စတင်ရောင်းချနေသော အဆောင်အမျိုးအစားတိုင်းကို သူဝယ်ယူနိုင်ခဲ့မည်သာ။
စိတ်လှုပ်ရှားမှုနှင့် နောင်တရမှုတို့ ရောယှက်စွာဖြင့် သူ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေကြသော အခြားကျင့်ကြံသူများသည် ချက်ချင်းပင် ရှေ့သို့ တိုးလာကြကာ ကျက်သရေရှိလှသော အရောင်းသမလေးကို ဝိုင်းရံလိုက်ကြလေတော့သည်။
"ငါလည်း မိုးကြိုးအဆောင် တစ်ခု လိုချင်တယ်"
"ငါကတော့ သက်စောင့်အဆောင် တစ်ခုနဲ့ မီးတောက်အဆောင် တစ်ခု ယူမယ်"
"အဆောင်တစ်မျိုးကို တစ်ခုစီသာ ပေးလိုက်ပါတော့"
...
ဤကျင့်ကြံသူအားလုံးသည် အဆောင်သစ်များ၏ စွမ်းအား မည်မျှကြီးမားကြောင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးပြီပင်။
ပို၍ အရေးကြီးသည်မှာ ထိုအဆောင်များ၏ ဈေးနှုန်းသည် အခြားသော ကုန်သည်များမှ ရောင်းချသော အဆင့်တူ အဆောင်များထက် များစွာ သက်သာနေခြင်းပင် ဖြစ်၏။
ရတနာခန်းမဆောင်သည် ဤအဆောင်များကို ပထမဆုံးအကြိမ် မိတ်ဆက်ရောင်းချခြင်းဖြစ်သောကြောင့်သာ ဤမျှ သက်သာသော ဈေးနှုန်းဖြင့် ပေးနေခြင်းဖြစ်ကြောင်းကို သူတို့အားလုံး နားလည်ထားကြလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ဈေးနှုန်းက ဤမျှ ဆက်လက် သက်သာနေမည်လားဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြချေ။
အကယ်၍ သူတို့သာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက နောက်တစ်ကြိမ် ထပ်ရနိုင်တော့မည် မဟုတ်ပေ။
ထိုသို့သော စိတ်ကူးများဖြင့် အဆောင်များ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်ကျောက်တုံး အိတ်များကို ခါချကာ တတ်နိုင်သမျှ ဝယ်ယူကြလေတော့သည်။
အချို့ဆိုလျှင် အိမ်သို့ အပြေးအလွှားပြန်ကာ ဝိညာဉ်ကျောက်တုံးများ ထပ်မံ ချေးငှားပြီးနောက်၌ ပိုမိုဝယ်ယူရန် ပြန်၍ရောက်ရှိလာကြသည်အထိပင်။
ဤသို့ဖြင့် တစ်ရက်တည်းအတွင်းမှာပင် လုချင်း သန့်စင်ထားသော ရာနှင့်ချီသည့် အဆောင်များထဲမှ တစ်ဝက်ကျော်သည် ရောင်းထွက်သွားခဲ့လေပြီဖြစ်၏။
"မိတ်ဆွေလုရဲ့ အဆောင်တွေ ကုန်ခါနီးနေပြီလို့ မင်း ပြောချင်တာလား"
ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်မှာ ကျိယွမ်၏ အစီရင်ခံစာကို ကြားပြီးနောက်၌ သိသိသာသာကို အံ့အားသင့်သွားခဲ့လေသည်။
"ဟုတ်ပါတယ် ခန်းမဆောင်သခင်။ လုချန်ပေ့ သန့်စင်ထားတဲ့ အဆောင်တွေက အရည်အသွေး အရမ်းကောင်းပြီး ကျွန်မတို့ရဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ပါ ပေါင်းစပ်လိုက်တော့ စမ်းသပ်ကြည့်တဲ့ ကျင့်ကြံသူတိုင်း အားလုံးနီးပါး ဝယ်သွားကြတာပါ။
ဝိညာဉ်ကျောက်တုံး မလောက်ဘူးဆိုတာ သိသွားလို့ အပြေးအလွှား ပြန်ချေးပြီးတော့တောင် အဆောင်တွေ လာဝယ်ကြတဲ့ ကျင့်ကြံသူတချို့ကိုတောင် ကျွန်မ တွေ့ခဲ့ပါသေးတယ်။
ကျွန်မတို့သာ တစ်ယောက်ကို အဆောင်အမျိုးအစားတိုင်းရဲ့တစ်ခုစာစီပဲ ဝယ်ခွင့်ရှိမယ်ဆိုပြီး ကန့်သတ်ချက် မထားခဲ့ဘူးဆိုရင် လုချန်ပေ့ရဲ့ ရာနဲ့ချီတဲ့ အဆောင်တွေ အားလုံး ဒီနေ့မှာတင် ရောင်းကုန်သွားမှာပါ။
ဒါတောင်မှ အခုဆို အခုတစ်ရာတောင် မကျန်တော့ပါဘူးရှင့်။
မနက်ဖြန် အရောင်းအတွက် လောက်ပါ့မလားလို့တောင် ကျွန်မ စိုးရိမ်မိပါတယ်"
ကျိယွမ်က သူမ၏ အစီရင်ခံစာကို ဖြည်းဖြည်းနှင့် ဂရုတစိုက် တင်ပြလိုက်လေသည်။
"အဆောင်သစ်တွေက ပထမဆုံးနေ့မှာတင် ဒီလောက်ထိ ရောင်းကောင်းလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး"
ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်သည် စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုများ ရောယှက်လျက် နားထောင်နေတော့၏။
သူမ၏ မူလခန့်မှန်းချက်အရဆိုလျှင် အပြင်ဘက်မှ ကျင့်ကြံသူများက အဆောင်သစ်များကို စတင်လက်ခံလာရန် အနည်းဆုံး ရက်အနည်းငယ်ကြာအောင် စဉ်ဆက်မပြတ် မိတ်ဆက်ရောင်းချရမည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။
သူမ မျှော်မှန်းထားသည်ထက် အခြေအနေများက ဤမျှ ချောမွေ့စွာ တိုးတက်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
"ခန်းမဆောင်သခင်၊ ကျွန်မတို့ နောက်ထပ် ဘာလုပ်သင့်လဲ။ အဆောင်တွေရဲ့ ဈေးနှုန်းကို မြှင့်လိုက်ရမလား"
ကျိယွမ်က မေးလိုက်သည်။
"လုံးဝ မမြှင့်ရဘူး"
ခန်းမဆောင်သခင်က ခေါင်းခါလိုက်သည်။
"အခုချိန်မှာ ငါတို့ရဲ့ အကြီးမားဆုံး အားသာချက်က ဈေးနှုန်းပဲ။
တကယ်လို့ ငါတို့သာ ဈေးနှုန်းကို မြှင့်လိုက်မယ်ဆိုရင် ဝူရှန့်ခန်းမဆောင်နဲ့ ယန္တရားတစ်ထောင် အလုပ်ရုံတို့နဲ့ ဘာမှကွာခြားတော့မှာ မဟုတ်ဘူး။
ပိုဆိုးတာက ငါတို့ရဲ့ အရောင်းအဝယ်တွေလည်း သိသိသာသာကို ကျသွားနိုင်တယ်လေ။
ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ အဆောင်တွေက အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းတွေကို အသုံးပြုထားတာဆိုတော့ တချို့ကျင့်ကြံသူတွေက အဲဒါကို ဂရုစိုက်ကြတယ်လေ"
"ဒီအတိုင်းဆိုရင် ကျွန်မတို့ဆီမှာ ကျန်နေတဲ့ အဆောင်တွေက မနက်ဖြန်အတွက် လောက်ငှမှာ မဟုတ်တော့ဘူးရယ် ခန်းမဆောင်သခင်။ လုချန်ပေ့ကို ဆက်ပြီး သန့်စင်ပေးဖို့ တောင်းဆိုရလိမ့်မယ်။
ဒါပေမဲ့ စောစောက သူ့ရဲ့ ကျင့်ကြံခြင်းဂူဆီကို ကျွန်မ သွားတုံးက ဧည့်သည်တွေ မနှောင့်ယှက်ရဆိုတဲ့ ဆိုင်းဘုတ်တစ်ခု အပြင်မှာ ချိတ်ထားတာ တွေ့ခဲ့ရတယ်ရှင့်။
သူ ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ အချိန်မှာ ရောက်နေမှာစိုးလို့ ကျွန်မလည်း မနှောင့်ယှက်ရဲခဲ့ဘူး"
"မိတ်ဆွေလုက တံခါးပိတ်ကျင့်ကြံနေတာပဲ..."
ခန်းမဆောင်သခင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှ ပြောလိုက်သည်။
"ဒါက ငါ့ဘက်က တွက်ဆမှု မှားယွင်းသွားတာပဲ။ သေသေချာချာ ပြောရမယ်ဆိုရင် သူ့ကို ဒီလောက်စောစောကြီး သွားမနှောင့်ယှက်သင့်သေးဘူး။
ဒါပေမဲ့ အခု အဆောင်သစ်တွေက အရှိန်အဟုန် ရနေပြီဆိုတော့ အဲဒီအရှိန်အဟုန်ကို အဆုံးရှုံးခံလိုက်တာက ဉာဏ်ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူးလေ။
ဟင်းးးးး ကောင်းပြီလေ... မိတ်ဆွေလု နားလည်ပေးနိုင်မလားဆိုတာ ကြည့်ဖို့ ငါကိုယ်တိုင် သွားပြီး တောင်းပန်လိုက်ပါ့မယ်"
ထိုသို့ပြောပြီးသည်နှင့် ခန်းမဆောင်သခင်သည် လုချင်း၏ ကျင့်ကြံခြင်းဂူဆီသို့ တိုက်ရိုက် ထွက်ခွာသွားလိုက်တော့သည်။
အကြိမ်အနည်းငယ်မျှ ခေါ်လိုက်ပြီးနောက်တွင် လုချင်းသည် တရားမှတ်နေသည့် အခြေအနေမှ နိုးထလာခဲ့၏။
အဆောင်သစ်များ မည်မျှ ရောင်းကောင်းနေကြောင်း သတင်းကို ကြားလိုက်ရသောအခါ၌ သူသည် ဝမ်းသာအားရဖြင့် အံ့ဩသွားခဲ့ရသည်။
"မိတ်ဆွေလု... အခြေအနေကတော့ အဲဒီအတိုင်းပါပဲရှင်။ ရှင် သန့်စင်ထားတဲ့ အဆောင်တွေက မျှော်လင့်မထားလောက်အောင်ကို ရေပန်းစားနေပါတယ်ရှင့်။
ခန်းမဆောင်မှာ ပစ္စည်းပြတ်လုနီးပါး ဖြစ်နေပြီမို့လို့ ရှင့်ဆီက နောက်ထပ်တစ်သုတ် လိုအပ်လာလို့ပါ။
ဒါက ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစီအစဉ်ဆွဲမှုကြောင့်ပါပဲ။ ရှင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ရှင်"
ခန်းမဆောင်သခင်က ရိုးသားပွင့်လင်းစွာ ပြောဆိုလိုက်သည်။
လုချင်းက ပြုံးလိုက်၏။
"ခန်းမဆောင်သခင်က ဘာလို့များ ဒီလိုစကားတွေ ပြောနေရတာလဲ။ အဆောင်တွေကို လူကြိုက်များတာက ကောင်းတဲ့ကိစ္စပဲလေ။ ကျွန်တော်တို့ ဝမ်းသာရမှာပေါ့။ ဒါပေမဲ့..."
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလာ၏။
"ကျွန်တော်က တစ်ရက်ကို အများဆုံး အဆောင် ငါးရာလောက်ပဲ သန့်စင်ပေးနိုင်မယ်ဗျ။ ကျန်တဲ့အချိန်တွေကို ကျင့်ကြံဖို့အတွက် လိုတာမလို့ပါ။ ဒါကို ခင်ဗျား နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ငါးရာဆိုရင် လုံလောက်တာထက်တောင် ပိုနေပါပြီရှင်"
ခန်းမဆောင်သခင်က အလျင်အမြန် ပြန်ဖြေလိုက်လေသည်။ သူမ၏ စိတ်ထဲတွင်မူ ပို၍ပင် တုန်လှုပ်သွားရ၏။
သူ့စကားများအရဆိုလျှင် တစ်ရက်ကို ငါးရာဆိုသည်မှာ လုချင်း၏ စွမ်းဆောင်ရည် အပြည့်အဝပင် မဟုတ်သေးသည်များလော။ သူက ကျင့်ကြံရန်အတွက်တောင် အချိန်ကို ဖဲ့ပေးနိုင်သေးသည်ပေါ့။
"ဒါဆို မနက်ဖြန်ကစပြီး မိန်းကလေး ကျိယွမ်ကို မနက်တိုင်းမှာ အဆောင်တွေ လာယူခိုင်းလိုက်ပါ။ မကြာခင်မှာပဲ ကျွန်တော် သန့်စင်တာကို စလုပ်လိုက်ပါ့မယ်"
"ဒါဆိုရင် ကျွန်မကို ခွင့်ပြုပါဦး"
ခန်းမဆောင်သခင် ထွက်ခွာသွားပြီးနောက် လုချင်းသည် သူ၏ဂူဆီသို့ ပြန်သွားကာ ဝိညာဉ်ကျောက်စိမ်းများကို ထုတ်ယူ၍ အဆောင်များ စတင်သန့်စင်လိုက်တော့သည်။
အမှန်အတိုင်းဆိုရလျှင် ခန်းမဆောင်သခင်၏ သတင်းက သူ့ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ပေ၏။
အဆောင်များ ရောင်းကောင်းလေလေ၊ သူသည်လည်း ဝိညာဉ်ကျောက်တုံးများ စုဆောင်းရ ပိုမြန်လေလေပင်။
ဝိညာဉ်ကျောက်တုံးများကို မြန်မြန် စုဆောင်းနိုင်လေလေ၊ ထျန်းယွမ်ကမ္ဘာလောကဆီသို့ မြန်မြန် ဝင်ရောက်နိုင်လေလေ ဖြစ်ပေသည်။
၎င်းက သူ့အတွက်တော့ အလွန်ကောင်းမွန်သော တိုးတက်မှုတစ်ရပ်ပင်ဖြစ်၏။
အဆောင်များ သန့်စင်ခြင်းနှင့် ပတ်သက်၍မူ ၎င်းမှာ သူ အစပြုလုပ်ဆောင်ရန် ခက်ခဲသော အလုပ်တစ်ခုတော့ မဟုတ်ချေ။
ထို့အပြင် သူ အဆောင်များကို သန့်စင်သည့်အခါ ဝိညာဉ်ခွဲဝေခြင်း အနုပညာကို အသုံးပြုခဲ့ရာ ၎င်းက သူ၏ ဝိညာဉ်နှင့် စိတ်ဆန္ဒကို ချိန်ညိပေးသကဲ့သို့လည်း ဖြစ်စေခဲ့ပါ၏။
ဒုတိယမြောက်နေ့ကား လျင်မြန်စွာပင် ဆိုက်ရောက်လာခဲ့၏။
ကျိယွမ် ခန့်မှန်းထားသည့်အတိုင်းပင် သတင်းစကားများက တစ်ဆင့်စကားတစ်ဆင့်နားဖြင့် စတင် ပျံ့နှံ့နေပြီ ဖြစ်သည်။
ယခင်နေ့ကထက်ပင် ပိုမိုများပြားသော ကျင့်ကြံသူများသည် အဆောင်များ ဝယ်ယူရန် ရတနာခန်းမဆောင်သို့ ရောက်ရှိလာကြလေတော့၏။
ကံကောင်းထောက်မစွာဖြင့် လုချင်း သန့်စင်ပေးထားသော အဆောင်သစ် ငါးရာ ထပ်မံ ဖြည့်တင်းထားခြင်းကြောင့်သာ ဝယ်လိုအားကို ကောင်းကောင်းကြီး ဖြည့်ဆည်းပေးနိုင်ခဲ့လေသည်။
နောက်ဆက်တွဲ ရက်များတွင်လည်း အဆောင်များလာရောက်ဝယ်ယူသည့် ကျင့်ကြံသူများ၏ စီးဆင်းမှုမှာ နှေးကွေးသွားမည့် အရိပ်အယောင်မျှ မတွေ့ရချေ။
အမှန်တကယ်တွင် အဆောင်သစ်များ၏ လူကြိုက်များမှုက ရတနာခန်းမဆောင်ရှိ ဝိညာဉ်လက်နက်များနှင့် ဆေးလုံးများကဲ့သို့သော အခြားကုန်ပစ္စည်းများ၏ အရောင်းအဝယ်ကိုပါ ပို၍ကောင်းမွန်လာစေခဲ့ပါ၏။
အချိန်တိုလေးအတွင်းမှာပင် ရတနာခန်းမဆောင်သည် ဝိညာဉ်ကျောက်တုံး ဓနဥစ္စာများကို မြောက်မြားစွာ ရှာဖွေနိုင်ခဲ့လေတော့သည်။
ဤသို့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုအဆင့်က ချန်းလန်မြို့တော်အတွင်းရှိ အမြင်စူးရှသော လူပုဂ္ဂိုလ်များ၏ သတိပြုမိခြင်းကို မခံရဘဲနှင့်တော့ မနေခဲ့ချေ။
အထူးသဖြင့် ရတနာခန်းမဆောင်နှင့် ယှဉ်ပြိုင်နေကြသော အခြားစီးပွားရေးလုပ်ငန်းများက ပို၍ပင် သတိပြုမိကြလေ၏။
ယင်းတို့ထဲတွင် သူတို့၏ အကြီးမားဆုံး ပြိုင်ဘက်နှစ်ခုဖြစ်သည့် ဝူရှန့်ခန်းမဆောင်နှင့် ယန္တရားတစ်ထောင် အလုပ်ရုံတို့လည်း ပါဝင်ပေသည်။
ဝူရှန့်ခန်းမဆောင်၏ လျှို့ဝှက်အခန်းတစ်ခုအတွင်းတွင် လူအချို့မှာ ခန့်ညားတည်ကြည်စွာ ထိုင်နေကြပြီး သူတို့အားလုံး၏ အကြည့်များက သူတို့ရှေ့ရှိ စားပွဲပေါ်တွင် ချထားသော အဆောင်အချို့ကို စူးစိုက်ကြည့်နေကြ၏။
ထိုနေရာတွင်ရှိနေသော မည်သည့် ကျင့်ကြံသူမဆို ထိုအရာများကို ချက်ချင်း မှတ်မိနိုင်ပေမည်။ ၎င်းတို့မှာ ရတနာခန်းမဆောင်တွင် တောမီးလောင်သကဲ့သို့ တဟုန်းဟုန်းရောင်းချနေရသော အဆောင်သစ်များပင် ဖြစ်ပါ၏။
"ဒီအရာလေးတွေကြောင့် ငါတို့ဆီ ပြီးခဲ့တဲ့ရက်တွေက ဖောက်သည်တွေ မလာသလောက် ဖြစ်သွားရတာပေါ့လေ။ ဝူရှန့်ခန်းမဆောင်က ဒါတွေကြောင့် လူသူကင်းမဲ့လုနီးနီး ဖြစ်သွားရတာလား"
ဖရိုဖရဲ မုတ်ဆိတ်နှင့် ဆံပင်များရှိသော တောင့်တင်းကြံ့ခိုင်သည့် မျက်နှာနီနီ အကြီးအကဲတစ်ဦးက ထူးခြားမှုမရှိသော ကျောက်စိမ်းအဆောင်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။
သူ၏ အာရုံခံစားမှုအရ ဤအဆောင်များသည် အထူးတလည် အစွမ်းထက်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေခြင်း မရှိချေ။
အများစုမှာ အခြေတည်အဆင့်သာ ဖြစ်ပြီး ၎င်းတို့ထဲမှ အစွမ်းအထက်ဆုံးမှာ ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိပေသည်။
ဤမျှ သာမန်သာဖြစ်သော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် အဆောင်များက သူတို့၏ စီးပွားရေးကို ရပ်တန့်သွားစေသည့် အကြောင်းရင်းဖြစ်သည်ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေမိတော့၏။
"ဒုတိယခန်းမဆောင်သခင်... ခင်ဗျား ဒီအဆောင်တွေကို အထင်မသေးသင့်ဘူး"
ထိုအခိုက်တွင် ကျောက်စိမ်းယပ်တောင်ကို ကိုင်ဆောင်ထားသော မျက်နှာဖြူဖြူနှင့် သက်လတ်ပိုင်းလူတစ်ဦးက ဝင်ပြောလိုက်သည်။
"သူတို့က သာမန်လို့ ထင်ရပေမဲ့ အတွင်းထဲမှာတော့ သိမ်မွေ့တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါနေတယ်ဗျ။
ခုနတင်ကပဲ ဆရာကျော့က သူတို့ကို စစ်ဆေးခဲ့တာလေ။ သူတောင်မှ ဒီလက်ရာတွေကို မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး"
"အဲဒီလိုလား ဆရာကျော့"
တောင့်တင်းကြံ့ခိုင်သော မျက်နှာနီနီ အမျိုးသားက အနီးတွင် တည်ငြိမ်စွာ ထိုင်နေသော ဆံပင်နက်နှင့် အကြီးအကဲတစ်ဦးထံသို့ လှည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်" အကြီးအကဲက ပြန်ဖြေလိုက်သည်။
"ဒီအဆောင်တွေက အဆင့်နိမ့်တဲ့အပြင် ပစ္စည်းကောင်းတွေနဲ့ လုပ်ထားတာလည်း မဟုတ်နေဘူး။ ဒါပေမဲ့လည်း သူတို့ကို ဖန်တီးထားတဲ့နည်းပညာကတော့ တကယ့်ကို ပါရမီပါလွန်းတယ်။
ဂါထာမန္တန် အစီအရင်တွေကို ဝိညာဉ်ကျောက်စိမ်းထဲ အချိုးကျကျနဲ့ပေါင်းစပ်ထားတဲ့ နည်းလမ်းက အနိမ့်ဆုံး အရည်အသွေးရှိတဲ့ ကျောက်စိမ်းကိုတောင်မှ အစွမ်းထက်တဲ့ မန္တန်စွမ်းအားကို သယ်ဆောင်စေနိုင်တဲ့အပြင်ကိုမှ ပုံမှန်အားဖြင့် ခွင့်ပြုနိုင်တာထက်တောင် အများကြီး ပိုတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ထုတ်လွှတ်ပေးနိုင်သေးတယ်လေ။
ဒီလို အံ့သြစရာကောင်းတဲ့ လက်ရာမျိုးကို အမြင့်ဆုံးအဆင့်ရှိတဲ့ မန္တန်အဆောင် ဆရာသခင်တစ်ယောက်ကပဲ ဖန်တီးနိုင်တာပါ"
"မန္တန်အဆောင် ဆရာသခင်လား"
မျက်နှာနီနီ အကြီးအကဲက ရုတ်တရက် နားလည်သွားဟန်ဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။
"အဲဒီလိုကိုး။ ရတနာခန်းမဆောင်က မန္တန်အဆောင် ဆရာသခင်တစ်ယောက်ကို စည်းရုံးနိုင်မယ့် နည်းလမ်းတစ်ခုခုကို ရှာတွေ့ခဲ့တာပဲ ဖြစ်ရမယ်။
ဒီရက်ပိုင်းအတွင်းမှာ မုန်တိုင်းတစ်ခုလို မွှေနှောက်နေတာက အဲ့ဒီအမည်မသိ ဆရာသခင်ပဲပေါ့လေ"
"အဲဒီလို ဖြစ်ဖို့များတယ်"
ဆရာကျော့က ခေါင်းညိတ်လိုက်၏။
"အဆောင်တွေ အားလုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းတွေကိုချည်း အသုံးပြုထားတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း သက်သာစေတယ်လေ။
ဒါကြောင့်လည်း ရတနာခန်းမဆောင်က ဒီလောက်ထိ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်နေတာပေါ့။
ဒါပေမဲ့လည်း ကျုပ် နားမလည်နိုင်သေးတဲ့အရာတစ်ခုတော့ ရှိနေသေးတယ်"
"ဟမ်... အဲဒါက ဘာများလဲ"
"မန္တန်အဆောင် ဆရာသခင်တစ်ယောက်က အဆင့်နိမ့် အဆောင်တွေအများကြီးကို သန့်စင်ဖို့အတွက်နဲ့ ကိုယ့်ကိုကိုယ် ဒီလောက်အထိ နှိမ့်ချပြီးတော့တောင် သူ့ရဲ့ အားထုတ်မှုတွေကို ဘာလို့ ကုန်ဆုံးခံနေရတာလဲ"
……….