အခန်း ၅၂၉
Vol. 53 Ch. 529
အခန်း ၅၂၉ - ရွှေအမြုတေ၏ စတုတ္ထအဆင့် အသွင်ပြောင်းခြင်း၊ စွမ်းအားများ မြင့်တက်လာခြင်း
"ဆရာကျော့... အဲဒါက ဘာသဘောကို ဆိုလိုတာလဲ"
ထိုမေးခွန်းက တောင့်တင်းကြံ့ခိုင်သော မျက်နှာနီနီ အကြီးအကဲထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
"ဒီအဆင့်နိမ့် အဆောင်တွေရဲ့ ဖန်တီးမှုနည်းလမ်းက ပါရမီပါလွန်းပေမဲ့ ဖန်တီးသူရဲ့ အဆောင်ပညာရပ် ကျွမ်းကျင်မှုကိုတော့ ရှင်းရှင်းလင်းလင်း ပြပေးနေတယ်လေ။ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ရဲ့ စွမ်းရည်က ကျုပ်နဲ့တောင် ယှဉ်နိုင်လောက်တယ်"
ဆရာကျော့က ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။
"ဒါပေမဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းထဲကို အစီအရင် မန္တန်တွေကို အတင်းအဓမ္မ ထွင်းထုရတာက စံသတ်မှတ်ထားတဲ့ အဆောင်ဖန်တီးတာထက် ပိုပြီး အားစိုက်ထုတ်ရတယ်လေ"
"ဒါကြောင့် ကျုပ် တကယ့်ကို နားမလည်နိုင်ဖြစ်နေရတာပေါ့။ ဂုဏ်သိက္ခာရှိတဲ့ မန္တန်အဆောင် ဆရာသခင်တစ်ယောက်က ဘာလို့များ သူတို့ရဲ့ လမ်းကြောင်းကနေ သွေဖည်ပြီး ဒီလို အကျိုးမရှိတဲ့ ကိစ္စမျိုးကို သွားလုပ်ရတာလဲ"
"ဒါက တကယ့်ကို သူတို့ရဲ့ အဆင့်အတန်းနဲ့ မတန်ဘူးလေ"
ဆရာကျော့၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုအရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
သူ၏ အမြင်တွင်မူ ရတနာခန်းမဆောင်အတွက် အလုပ်လုပ်ပေးနေသော မန္တန်အဆောင် ဆရာသခင်သည် ကိုယ့်ကိုကိုယ် နှိမ့်ချနေပြီး မန္တန်အဆောင် ဆရာသခင်အားလုံး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ယူဆထားခြင်း ဖြစ်သည်။
သို့သော် မျက်နှာနီနီ အကြီးအကဲကမူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူကတော့ ထိုသို့ အပြည့်အဝ မရှုမြင်ခဲ့ချေ။
သူ၏ အတွေးတွင်မူ ဤမန္တန်အဆောင် ဆရာသခင်မျိုးသည် သူတို့ကဲ့သို့သော ကြီးမားသည့် စီးပွားရေးလုပ်ငန်းစုကြီးများအတွက် ကွက်တိလိုအပ်နေသူပင် ဖြစ်သည်။ မိမိကိုယ်ပိုင် စွမ်းအင်ကို အကုန်ခံကာ အမြတ်အစွန်းရရှိစေရန် ကုန်ကျစရိတ်နည်းသော အဆောင်များကို ဖန်တီးပေးလိုသူမျိုးပင်တည်း။
ထိုသို့သော မန္တန်အဆောင် ဆရာသခင်မျိုးက ရွှေမှုန်များထက်ပင် ပို၍ ရှားပါးလှပေ၏။
ကံမကောင်းစွာဖြင့် မန္တန်အဆောင် ဆရာသခင်အများစုမှာ မောက်မာကြပြီး စိတ်နေစိတ်ထား မြင့်မားကြကာ သူတို့၏ ဂုဏ်ပုဒ်ကို ဂုဏ်ယူဝင့်ကြွားတတ်သောကြောင့် ဤသို့သော အရာမျိုးကို မည်သည့်အခါမျှ အောက်ကျခံ လုပ်ဆောင်ကြမည် မဟုတ်ချေ။
မျက်နှာနီနီ အကြီးအကဲက ဆရာကျော့အား မသိမသာ အကဲခတ်လိုက်သော်လည်း ဤအတွေးများကိုတော့ ဖွင့်မပြောရန် ရွေးချယ်လိုက်လေသည်။
"ဒါဆို ဆရာကျော့ရဲ့ အမြင်အရ ကျုပ်တို့ ဒီအကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်သင့်လဲ"
"လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ကျုပ်တို့ရဲ့ ဖောက်သည်တွေက သိသိသာသာကို ကျသွားခဲ့တယ်လေ"
"ကျုပ်တို့ရဲ့ အဆောင်တွေ အရောင်းမသွက်တာတင် မကဘူး ဝိညာဉ်လက်နက်တွေနဲ့ ဆေးလုံးတွေတောင် အရောင်းအဝယ် သိသိသာသာကို ကျသွားတယ်"
"ရေတိုမှာတော့ ပြဿနာ မဖြစ်နိုင်သေးပေမဲ့ ရတနာခန်းမဆောင်ကသာ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့..."
"ဝူရှန့်ခန်းမဆောင်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်"
"ဒီအဘိုးကြီးရဲ့ အမြင်အရတော့ ကျုပ်တို့တွေ ထိတ်လန့်စရာလည်းမလိုသလို တည်ငြိမ်မှု ပျက်ပြားစရာလည်း မလိုပါဘူး"
ဆရာကျော့က ခေါင်းသာ ခါလိုက်လေသည်။
"ဒီလိုနည်းနဲ့ ကုန်ကျစရိတ်နည်းတဲ့ အဆောင်တွေကို ဖန်တီးတာက အဆောင်ပညာရပ်မှာ ထူးခြားတဲ့ ကျွမ်းကျင်မှု လိုအပ်တယ်။ မန္တန်အဆောင် ဆရာသခင်အစစ်အမှန်တစ်ယောက်မှပဲ လုပ်နိုင်တဲ့ အရာမျိုးပါ"
"ဒါတင်မကဘူး... အဲဒါက စွမ်းအင်တွေ အများကြီးကို ပိုပြီး ကုန်ခမ်းစေတယ်လေ"
"အခု ရတနာခန်းမဆောင်က ရောင်းချနေတဲ့ အဆင့်နိမ့် အဆောင်အများကြီးက အချိန်အကြာကြီး စုဆောင်းထားတာ ဖြစ်ရမယ်"
"အဲဒီလိုဆိုရင်တောင် တစ်ယောက်တည်းက ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလေ"
"ဒါကြောင့် ရတနာခန်းမဆောင်က ဒါကို ကြာကြာဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး"
"မကြာခင်မှာပဲ သူတို့ ဈေးတင်ရတာကို လုပ်ရင်လုပ်၊ မဟုတ်လည်း ပစ္စည်းထောက်ပံ့မှု လျှော့ချရတာတွေ လုပ်ရလိမ့်မယ်လို့ ကျုပ်တော့ ယုံကြည်တယ်"
"သူတို့အနေနဲ့ ဒီလောက် ပြင်းထန်တဲ့ အရှိန်ကို ဆက်ထိန်းထားနိုင်စရာ အကြောင်းမရှိဘူး"
"ဆရာကျော့ ပြောချင်တာက အခုလောလောဆယ် ကျုပ်တို့ ဘာမှလုပ်စရာ မလိုသေးဘဲ စောင့်ပဲစောင့်ကြည့်နေရဦးမှာပေါ့လေ" မျက်နှာနီနီ အကြီးအကဲက စဉ်းစားဟန်ဖြင့် မေးလိုက်၏။
"ဟုတ်တယ်" ဆရာကျော့က ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုဆိုရင်လည်း ဆရာကျော့ရဲ့ အကြံဉာဏ်အတိုင်း ကျုပ်တို့တွေ လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့"
မျက်နှာနီနီ အကြီးအကဲသည် ဆရာကျော့၏ ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှု ရှိနေဆဲပင် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူကား ရှောင်ချန်းကမ္ဘာတစ်ခုလုံးတွင် ထိပ်တန်းငါးဦးစာရင်းဝင် ကျော်ကြားသော မန္တန်အဆောင် ဆရာသခင်တစ်ဦး ဖြစ်ပေ၏။
အဆောင်ပညာရပ်နှင့် ပတ်သက်လာပါက သူ့ထက် ပို၍ အခွင့်အာဏာရှိရှိ ပြောဆိုနိုင်သူမှာ ခပ်ရှားရှားပင်။
သို့သော် စောင့်ကြည့်ရန် ရွေးချယ်ခြင်းက လုံးဝ ဘာမှမလုပ်ဘဲ နေမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ချေ။
မျက်နှာနီနီ အကြီးအကဲသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်တွင် ကျောက်စိမ်းယပ်တောင်ကို ကိုင်ဆောင်ထားသည့် မျက်နှာဖြူဖြူ သက်လတ်ပိုင်းလူထံသို့ လှည့်လိုက်တော့၏။
"အိမ်တော်ထိန်းရှန်... ရတနာခန်းမဆောင်က အဲ့ဒီမန္တန်အဆောင် ဆရာသခင်အသစ်က ဘယ်သူလဲ၊ ဘယ်ကလာတာလဲဆိုတာ စုံစမ်းကြည့်ပါ"
မျက်နှာနီနီ အကြီးအကဲသည် ဤသို့ ရုတ်တရက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်အပေါ် အလွန်ကိုမှ စိတ်ဝင်စားနေခဲ့မိပါ၏။
သူတို့၏ မာနကို ဘေးဖယ်ထားကာ ရတနာခန်းမဆောင်ဈေးကွက်ကို သိမ်းပိုက်နိုင်စေရန်အတွက် ဤမျှများပြားသော အဆင့်နိမ့် အဆောင်များကို ကြိုးစားပမ်းစား ထုတ်လုပ်ပေးလိုသည့် မန္တန်အဆောင် ဆရာသခင်မျိုးမှာ သူ၏အမြင်တွင် တကယ့်ကို ရှားပါးလှပေ၏။
"နားလည်ပါပြီ ဒုတိယခန်းမဆောင်သခင်"
အိမ်တော်ထိန်းရှန်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။
"အဲ့ဒီမန္တန်အဆောင် ဆရာသခင်ရဲ့ သရုပ်မှန်ကို ရှာတွေ့တာနဲ့ ဒီအဘိုးကြီးကိုလည်း အကြောင်းကြားပါဦး။ ကျုပ်လည်း ဒီလုပ်ဖော်ကိုင်ဖက် လက်မှုပညာရှင်အကြောင်း တော်တော်လေးကို စိတ်ဝင်စားနေမိတယ်"
ဆရာကျော့သည် အဆောင်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် လေ့လာလိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားတော့၏။
ရတနာခန်းမဆောင်မှ ဤအဆောင်သစ်များတွင် အသုံးပြုထားသော ဖန်တီးမှုနည်းလမ်းမှာ အတော်လေးကို ထူးခြားလှပြီး သူရင်းနှီးကျွမ်းဝင်နေသော ပုံစံများနှင့် လုံးဝကို ကွဲပြားခြားနားနေပေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော မန္တန်အဆောင် ဆရာသခင်အစစ်အမှန်ကား မည်သူဖြစ်ကြောင်းကို သူ အလွန်ပင် သိချင်နေမိတော့သည်။
...
ဝူရှန့်ခန်းမဆောင်က စောင့်ကြည့်ရန် ရွေးချယ်ခဲ့သော်လည်း ချန်းလန်မြို့တော်ရှိ အခြားသော ထိပ်တန်းကုန်သည်အိမ်တော်တစ်ခုဖြစ်သည့် ယန္တရားတစ်ထောင် အလုပ်ရုံကမူ ကွဲပြားသော ချဉ်းကပ်မှုမျိုးကို လုပ်ဆောင်ခဲ့လေသည်။
"ရတနာခန်းမဆောင်က အဲဒီစုန်းမ ဘာတွေကြံစည်နေလဲဆိုတာ စုံစမ်းစမ်း"
"ဝိညာဉ်ကျောက်စိမ်းတွေကို အလကားပေးရုံသက်သက်နဲ့တော့ သူ ဒီလောက်ကြီး ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မှာမဟုတ်ဘူး မဟုတ်လား"
"ပြီးတော့ အဲဒီအဆောင်သစ်တစ်သုတ်ကို ဘယ်သူ ဖန်တီးခဲ့တာလဲဆိုတာကိုပါ စစ်ဆေးကြည့်။ လိုအပ်ရင် သူ့ကို ဆွဲထုတ်လာခဲ့"
"နောက်တစ်လဆိုရင် သုံးနှစ်တစ်ကြိမ် စာရင်းစစ်ဆေးတာ ရောက်တော့မယ်"
"အထက်ကနေ လာပြီးစစ်ဆေးမယ့် သခင်က ငါတို့ရဲ့ အလုပ်ရုံ ဘယ်လောက်ထိ လူသူကင်းမဲ့နေလဲဆိုတာကို တွေ့သွားရင် အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ငါတို့ထဲက ဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အမိန့်များကို ဆက်တိုက်ဆိုသလို အော်ဟစ်ထုတ်ပြန်လိုက်လေသည်။
သူ၏ လက်အောက်ငယ်သားများ ထွက်ခွာသွားပြီးနောက်တွင် သူသည် သူ့ရှေ့ရှိ အဆောင်များကို စိုက်ကြည့်နေစဉ် သူ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် မည်းမှောင်နေတော့၏။
နီးကပ်လာသော စာရင်းစစ်ဆေးမှုကြောင့် သူ လုံလောက်အောင် ပြဿနာတက်နေခဲ့ပြီးဖြစ်ရာ ယခုအခါတွင် ရတနာခန်းမဆောင်ကပါ အဆိုးဆုံး အချိန်အခါ၌ ဤအကွက်ကို ရွှေ့လာခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ အထက်မှ သခင်သာ ရောက်ရှိလာပြီး ယန္တရားတစ်ထောင် အလုပ်ရုံကြီး လူသူကင်းမဲ့ကာ ကျရှုံးနေသည်ကို တွေ့မြင်သွားပါက သူ၏ အလုပ်ရုံသခင် ရာထူးမှာလည်း မြဲနိုင်တော့မည် မဟုတ်ချေ။
"ကျိန်စာသင့်မယ့် မိန်းမ... ဘာလို့ အခုလို အချိန်ကြီးမှ လာလုပ်ရတာလဲ"
သူ၏ မျက်လုံးများက အေးစက်သော ရန်လိုမှုများဖြင့် တောက်ပနေလေတော့သည်။
...
ဝူရှန့်ခန်းမဆောင်နှင့် ယန္တရားတစ်ထောင် အလုပ်ရုံတို့သာမက မြို့တော်အတွင်းရှိ အခြားသော အင်အားစုများစွာကလည်း စတင် လှုပ်ရှားလာကြလေပြီပင်။
ရတနာခန်းမဆောင်၏ မကြာသေးမီက လုပ်ရပ်များသည် ချန်းလန်မြို့တော်၏ ကာလကြာရှည် တည်ငြိမ်နေမှုကို နှောင့်ယှက်လိုက်ပြီး ၎င်း၏ နက်ရှိုင်းသော အစိတ်အပိုင်းများအထိ ရိုက်ခတ်မှုများ ပေးပို့ကာ မမြင်ရသော လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့ပေသည်။
သို့သော် ဤအရာအားလုံးကို စတင်လှုပ်ရှားစေခဲ့သူ လုချင်းကမူ လုံးဝကို သတိမထားမိဘဲ ရှိနေဆဲပင်တည်း။
ဤရက်ပိုင်းများအတွင်း သူသည် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
နေ့စဉ် ပြီးစီးသွားသော အဆောင်များကို ကျိယွမ်ထံ လွှဲပြောင်းပေးခြင်းမှလွဲ၍ ကျန်အချိန်များတွင် သူ၏ ကျင့်ကြံခြင်းဂူထဲမှ ထွက်ခဲလှပေ၏။
ထိုအစား ကျန်ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ကာ တံခါးပိတ်ကျင့်ကြံခြင်းအပေါ်၌သာ အလုံးစုံ အာရုံစိုက်ထားခဲ့လေသည်။
ထိုသို့သော တစ်စိုက်မတ်မတ်အားထုတ်မှုအောက်တွင် သူသည် အဆင့်တက်ရန် ပို၍ပို၍ပင် နီးကပ်လာသလို ခံစားနေရတော့၏။
နောက်ဆုံးတွင်တော့ နံနက်ခင်းတစ်ခု၌ နက်ရှိုင်းစွာ ကျင့်ကြံနေစဉ် လုချင်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားလေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားကြီးတစ်ခုက သူ့ကိုယ်တွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး ကျင့်ကြံခြင်းဂူအတွင်း ပြည့်နှက်နေသော သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များကို လောဘတကြီး စုပ်ယူမျိုချလိုက်လေသည်။
နောက်တစ်ခဏတွင်တော့ အစွမ်းထက်သော အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ရိုက်ခတ်လာကာ ပတ်ဝန်းကျင် လေဟာနယ်ကိုပါ လှိုင်းထသွားစေတော့၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ဖုံးကွယ်ခြင်း အစီအရင်ဖြင့် ကာကွယ်ထားသော ဂူအတွင်းတွင် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
သို့မဟုတ်ပါက ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ မြင့်တက်လာမှုက ရတနာခန်းမဆောင်တစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေမည်မှာ ကျိန်းသေပေါက်ပင်တည်း။
ထိုသို့ဖြစ်လင့်ကစား ထိုအနှောင့်အယှက်က ရှောင်လီနှင့် ဝူရှင်းတို့ကို သူတို့၏ ကျင့်ကြံခြင်းမှ လန့်နိုးသွားစေခဲ့ပါ၏။
"အားချင်း အဆင့်တက်နေတာလား"
ရှောင်လီက လုချင်းထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် အငွေ့အသက်ကို အာရုံခံမိပြီး ဝမ်းသာအားရ ပြုံးလိုက်လေသည်။
ဝူရှင်း၏ အမြီးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေတော့၏။
သူတို့နှစ်ဦးစလုံး သူ့ကို မနှောင့်ယှက်ရဲကြသဖြင့် တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလိုက်ကြလေသည်။
လုချင်းသည် သားရဲကြီးတစ်ကောင်နှင့် တူနေပေ၏။
ကံကောင်းစွာဖြင့် ရတနာခန်းမဆောင်က သူ့အတွက် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် သင့်လျော်သော အဆင့်မြင့် ကျင့်ကြံခြင်းဂူတစ်ခုကို ပြင်ဆင်ပေးထားခဲ့ခြင်းပင် ဖြစ်၏။
သို့မဟုတ်ပါက သူ၏ လောဘတကြီး စုပ်ယူမှုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သူ စွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်နှင့်အမျှ သူ၏ အငွေ့အသက်မှာ တဖြည်းဖြည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေတော့သည်။
ထိုကြီးမားလှသည့်ဖိအားထုကြီးက ရှောင်လီနှင့် ဝူရှင်းတို့ကို နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားစေခဲ့ပါ၏။
"အားချင်းက ဘယ်အဆင့်ကို တက်လှမ်းတော့မှာလဲ။ သူ့ရဲ့ အငွေ့အသက်က ဘာလို့ ဒီလောက်ထိတောင် ကြောက်စရာကောင်းနေရတာလဲ"
အကောင်ပေါက်လေးနှစ်ကောင်သားမှာ တအံ့တဩဖြင့် စိုက်ကြည့်နေကြတော့၏။
သူတို့နှစ်ဦးစလုံးသည် အဆင့်မြင့် မိစ္ဆာအမြုတေများကို စုစည်းမိပြီး ပထမ အသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုချင်း၏ အဆင့်တက်ခြင်းမှ အကြွင်းအကျန် ဖိအားကို ခံနိုင်ရည်ရှိရန် ခက်ခဲနေဆဲပင်။
လုချင်း၏ အဆင့်တက်ခြင်းမှာ တစ်နာရီ၏ လေးပုံတစ်ပုံမျှ အချိန်ယူခဲ့ရသည်။
နောက်ဆုံးတွင် အစွမ်းထက်သော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့၏။ ခဏအကြာတွင် သူ့အတွင်းမှ စုပ်ယူမှုမှာ ပို၍ပင် ပြင်းထန်လာခဲ့ပြီး ဂူတစ်ခုလုံးရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များတစ်ခုလုံးကို အပြည့်အဝ မျိုချပစ်လိုက်တော့သည်။
ထိုအချိန်ရောက်မှသာ ရှောင်လီနှင့် ဝူရှင်းတို့၏ နှလုံးသားများကို တုန်လှုပ်စေခဲ့သော ဖိအားများ တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင်တော့ လုချင်းမှာ လုံးဝကို ပြန်၍ရုတ်သိမ်းသွားလေတော့သည်။
နောက်ဆုံး စွမ်းအင်အရိပ်အယောင်ကို အပြည့်အဝ ပြန်ပြီးရုတ်သိမ်းလိုက်ချိန်တွင် လုချင်းသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေ၏။
အဆုံးအစမရှိသော ကြယ်တာရာ ကောင်းကင်ယံကဲ့သို့သော သူ၏အကြည့်များထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေပြီး ဝိညာဉ်ကို ညို့ယူဖမ်းစားနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှပေ၏။
သို့သော် ထိုမြင်ကွင်းမှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး လုချင်းက လျင်မြန်စွာ ဖိနှိပ်ထားလိုက်လေသည်။
သူ့ပတ်ဝန်းကျင်ရှိ အငွေ့အသက်ပင်လျှင် ပြောင်းလဲသွားခဲ့ပြီး မကြာမီမှာပင် သူသည် ပုံမှန်နှင့် ဘာမျှမကွာခြားတော့ဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အလယ်အလတ် ရွှေအမြုတေ၏ တတိယ အသွင်ပြောင်းခြင်းအဆင့်အဖြစ်သာ အပေါ်ယံတွင် ဖုံးကွယ်ထားလိုက်တော့၏။
"အားချင်း... အခုလေးတင် အဆင့်တက်သွားတာလားဟင်"
လုချင်း နိုးလာသည်ကို မြင်သည်နှင့် ရှောင်လီက ချက်ချင်း ပြေးလာကာ မေးလိုက်သည်။
"အင်း... နှစ်တွေအများကြီး အဆင့်မတက်နိုင်ဘဲ ဒုံရင်းက ဒုံရင်းဖြစ်နေခဲ့ရတာလေ၊ နောက်ဆုံးတော့လည်း ဒီနေ့ အဆင့်တက်သွားနိုင်ခဲ့ပြီ"
လုချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေ၏။
အတိတ်ကာလက သူ၏ ကျင့်ကြံခြင်းသည် ချောမွေ့လျင်မြန်ခဲ့ပြီး သူ၏ မူလကမ္ဘာတွင် သူ့ကို ယှဉ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ မူလကမ္ဘာရှိ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်မှုက သူ၏ ကျင့်ကြံခြင်းအရှိန်နှင့် အမီမလိုက်နိုင်ခဲ့ပေ။
ဆယ်နှစ်ကျော်ကြာ သူ၏ ကျင့်ကြံခြင်းများ လုံးဝ ရပ်တန့်သွားခဲ့ရာ ကမ္ဘာမှ ထွက်ခွာရန် စွန့်စားရသည့် အခြေအနေသို့ပင် ရောက်ရှိစေခဲ့၏။ အန္တရာယ်များစွာ ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် ထျန်းယွမ်ကမ္ဘာလောကကြီးက အုပ်ချုပ်သော ဒေသသို့ ရောက်ရှိလာခဲ့သည်။
ခရီးစဉ်တွင် ကုန်ဆုံးခဲ့သော အချိန်များအပါအဝင် သူသည် ရွှေအမြုတေ တတိယ အသွင်ပြောင်းခြင်း အထွတ်အထိပ်တွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ပိတ်မိနေခဲ့ခြင်းပင်။
ယနေ့မှသာ သူသည် နောက်ဆုံး၌ အဆင့်တက်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်၏ စတုတ္ထ အသွင်ပြောင်းခြင်းသို့ ခြေလှမ်းနိုင်ခဲ့လေပြီဖြစ်၏။
၎င်းသည် အမှန်တကယ်ပင် ကြမ်းတမ်းခက်ခဲသော လမ်းခရီးတစ်ခု ဖြစ်ခဲ့ပေ၏။
"ဒါဆို အားချင်း... အခုလက်ရှိ စွမ်းအားက ဘယ်လောက်ရှိလဲ။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်တိုက်နိုင်ပြီလား"
ရှောင်လီက မေးလိုက်သည်။
"မင်းကတော့ တကယ် အိပ်မက်မက်ရဲတာပဲကွာ... သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူဆိုတာ ဘယ်လိုအဆင့်လဲ မင်းသိရဲ့လား။ ငါက အခုမှ ရွှေအမြုတေ စတုတ္ထအဆင့်ကို ရောက်ခါစပဲ ရှိသေးတာ။ အဲဒီအဆင့်က လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယှဉ်တိုက်နိုင်မှာလဲ"
လုချင်းက ရယ်မောလိုက်ပြီး ရှောင်လီ၏ လွန်ကျူးသော စိတ်ကူးယဉ်မှုကြောင့် ခေါင်းခါလိုက်ရသည်။
ဤကလေးလေးက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများကို ရွှံ့ဖြင့် လုပ်ထားသည်ဟု ထင်နေသလော။
အမှန်တရားမှာ သန္ဓေသားဝိညာဉ်အဆင့်သည် အခြားအဆင့်များနှင့် အခြေခံအားဖြင့်ကို ကွာခြားလှပေသည်။
ရွှေအမြုတေအဆင့်အတွင်း သတ္တမ အသွင်ပြောင်းခြင်း သို့မဟုတ် ထို့ထက်မြင့်သောအဆင့်သို့ ရောက်ရှိရန် တစ်ဦးတစ်ယောက်၏ ရွှေအမြုတေသည် အထက်တန်းအဆင့် ဖြစ်ရပေမည်။
တစ်နည်းဆိုရသော် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတိုင်းသည် အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည့် အတုမရှိသော ပါရမီရှင်များ ဖြစ်ကြပြီး ကောင်းကင်ဘုံများအကြား တောက်ပသော ပါရမီရှင်များပင် ဖြစ်ကြလေသည်။
ထိုသို့သော ပုဂ္ဂိုလ်များကို အဆင့်နိမ့်သူတစ်ဦးက မည်သို့ စိန်ခေါ်နိုင်ပါမည်နည်း။
ပြီးပြည့်စုံသော ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် လုချင်းပင်လျှင် စတုတ္ထအဆင့်တွင်သာ ရှိနေသေးချိန်၌ ထိုသို့သော အတွေးမျိုးကို မတွေးရဲသေးပါချေ။
ပြီးပြည့်စုံသော ရွှေအမြုတေ ပိုင်ဆိုင်သူများသာ ရောက်ရှိနိုင်သည့် နဝမ အသွင်ပြောင်းခြင်းသို့ ရောက်ရှိကာ ကန့်သတ်ချက်အားလုံးကို ကျော်လွန်နိုင်မည့် တစ်နေ့သို့ ရောက်လာမှသာ သူ အခွင့်အရေး အနည်းငယ် ရရှိနိုင်မည် ဖြစ်ပေ၏။
ရှောင်လီ၊ ဝူရှင်းတို့နှင့် အနည်းငယ် စကားစမြည်ပြောပြီးနောက် ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များ ပြန်၍ပြည့်လာသည်ကို လုချင်း တွေ့လိုက်ရသည်။
သူတို့ကို ဆက်လက် ကျင့်ကြံရန် ညွှန်ကြားလိုက်ပြီးနောက်၌ သူကတော့ အဆင့်တက်ခြင်းမှ ယူဆောင်လာသော အပြောင်းအလဲများကို ခံစားရန် ပြန်ထိုင်လိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် အသွင်ပြောင်းမှုများစွာကို လုချင်း သတိပြုမိလိုက်၏။
သူ၏ ဒျန်ထျန် ချီပင်လယ်အတွင်းတွင် သူ၏ ဝိညာဉ်စွမ်းအား ရွှေအမြုတေသည် ယခုအခါ ကြယ်တစ်ပွင့်ကဲ့သို့ ဖြည်းညင်းစွာ လည်ပတ်နေလေပြီပင်။
အတွင်းရှိ ဝိညာဉ်စွမ်းအားများကတော့ အဆင့်မတက်မီကထက် အဆပေါင်းများစွာ ပို၍ သန့်စင်နေပေသည်။
သူ၏ ဒျန်ထျန်နှင့် သွေးကြောများမှာလည်း သိသိသာသာ ကျယ်ပြန့်လာပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းရည်ကို များစွာ တိုးတက်စေခဲ့လေသည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ပတ်သက်၍မူ လုံးဝကို အသွင်ပြောင်းသွားခဲ့ပြီး သူ၏ စွမ်းအားများမှာလည်း အဆမတန် မြင့်တက်လာခဲ့ပါ၏။
လုချင်းသည် လက်တစ်ဖက်ကို မြှောက်ကာ ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်သော် ကြီးမားလှသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့၏။ သူ၏ လက်ဖဝါးထဲတွင် လေထုအက်ကွဲသံများ ထွက်ပေါ်လာပြီး မှေးမှိန်သော မိုးကြိုးသွားများမှာ လက်ခနဲ ဖြစ်သွားရလေသည်။
သူ၏ လက်သီးကို ဝန်းရံထားသော ကမ္ဘာ့နိယာမများမှာ လှိုင်းထကာ ပုံပျက်သွားသကဲ့သို့ ဖြစ်နေပေ၏။
ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် သူသည် အဆင့်မတက်မီကထက် အလွန်ကိုမှ ပို၍ အစွမ်းထက်လာပြီဖြစ်ကြောင်း ခံစားမိလိုက်တော့၏။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတစ်ခုတည်းကပင် အဆင့်မတက်မီက သူ့ကိုယ်သူ ပြန်လည်ယှဉ်ပြိုင်နိုင်လောက်အောင် နီးနီးထိ လုံလောက်နေပြီ ဖြစ်သည်။
အကယ်၍ သူသာ သူ၏ နတ်ဘုရားစွမ်းရည်ဖြစ်သော ခွန်အားကြီးခြင်းကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏ လက်သီးတစ်ချက်ကို ခံနိုင်ရည်ရှိရန် ရုန်းကန်ရမည်ဟု သူ ယုံကြည်ချက်အပြည့်ရှိနေတော့၏။
သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်စွမ်းအား အဆင့်တက်ခြင်းအပြင် အခြားသော အသွင်ပြောင်းခြင်းတစ်ခုကလည်း လုချင်းကို ကြီးမားသော ဝမ်းမြောက်မှုတစ်ခု ယူဆောင်လာပေးခဲ့လေသည်။
သူ၏ ဝိညာဉ်ခွန်အားမှာလည်း တိုးတက်လာခဲ့ပေပြီပင်။
သူ၏ မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနေရာအတွင်းရှိ ဝိညာဉ်အဆောင်သည် နောက်ဆုံးတွင် အလယ်အလတ် ယန် အဆောင်အဆင့်သို့ တက်လှမ်းသွားခဲ့လေပြီဖြစ်၏။
"ပြီးပြည့်စုံတဲ့ ရွှေအမြုတေကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား... အဆင့်တက်သွားတာနဲ့ ဘက်ပေါင်းစုံကနေ အသွင်ပြောင်းသွားတော့တာပဲ"
"ဝိညာဉ်စွမ်းအားဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ဖြစ်ဖြစ် အရာအားလုံးက သိသိသာသာကို တိုးတက်လာတာပဲ"
လုချင်းသည် သူ၏ အသွင်ပြောင်းခြင်းကို ခံစားရင်း ဝမ်းသာပီတိများ ပြည့်နှက်နေတော့၏။
ပုံမှန်အားဖြင့် တတိယ အသွင်ပြောင်းခြင်းမှ စတုတ္ထ အသွင်ပြောင်းခြင်းသို့ အဆင့်တက်ခြင်းက ဤမျှ ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။
သို့သော် သူ ဖန်တီးခဲ့သည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းသည့် ပြီးပြည့်စုံသော ရွှေအမြုတေပင် ဖြစ်သည်။
ရှေ့သို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် အဆင့်တူရှိ သာမန် ကျင့်ကြံသူများ စိတ်ကူးယဉ်နိုင်သည်ထက် များစွာ ကြီးမားသော အသွင်ပြောင်းခြင်းကို ယူဆောင်လာပေးပါ၏။
"ဒါပေမဲ့... ဒီတစ်ခေါက် အဆင့်တက်ပြီးသွားတော့ ဂူထဲက ဝိညာဉ်စွမ်းအင်တွေက သိသိသာသာကို အာနိသင် နည်းသွားပြီပဲ"
ဂူအတွင်း လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသော ဝိညာဉ်စွမ်းအင်များကို အာရုံခံလိုက်ရင်း လုချင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
ဝိညာဉ်စွမ်းအင်သည် သူ၏ စွမ်းအားများကို သန့်စင်ပေးပြီး ကျင့်ကြံခြင်းကို ခိုင်မာစေရန် ကူညီပေးနေသေးသော်လည်း တိုးတက်မှုအရှိန်မှာတော့ သိသိသာသာ နှေးကွေးသွားခဲ့ပြီပင်။
မှတ်သားထားရမည့်အချက်မှာ ဤကျင့်ကြံခြင်းဂူသည် ရတနာခန်းမဆောင်မှ သေချာ ဂရုတစိုက် စီစဉ်ပေးထားခြင်း ဖြစ်၏။
ရှောင်ချန်းကမ္ဘာတစ်ခုလုံးတွင် ၎င်းကို ထိပ်တန်းအဆင့် ကျင့်ကြံခြင်းဂူတစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။
သို့တိုင်အောင် အဆင့်တစ်ကြိမ် တက်လိုက်ရုံဖြင့် ၎င်း၏ အာနိသင် ကျဆင်းသွားသည်ကို သူ ခံစားနေရပြီ ဖြစ်၏။
သူ ယခင်က သံသယရှိခဲ့သည့်အတိုင်းပင်။
သူ၏ အဆင့်များ မြင့်တက်လာပြီး ကျင့်ကြံခြင်းများ နက်ရှိုင်းလာသည်နှင့်အမျှ ရှောင်ချန်းကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်းနှင့် အသုံးမဝင် ဖြစ်လာမည်ပင်တည်း။
"ဒီအတိုင်းဆိုရင် ဒီက ဝိညာဉ်စွမ်းအင်တွေက ငါ့ကို အလွန်ဆုံး ဆဌမ အသွင်ပြောင်းခြင်းအထိပဲ ရောက်ဖို့ ခွင့်ပြုနိုင်လိမ့်မယ်"
"အဲဒီနောက်ပိုင်းမှာတော့ ငါ့ရဲ့ မူလကမ္ဘာလိုပဲ ဆက်လက်တိုးတက်ဖို့အတွက် ထောက်ပံ့ပေးနိုင်တော့မှာ မဟုတ်ဘူး"
ဤကောက်ချက်ကိုမချမီ လုချင်းသည် တိတ်ဆိတ်စွာ အာရုံခံတွက်ချက်နေခဲ့ခြင်း ဖြစ်၏။
"ကြည့်ရတာ... ငါ သန္ဓေသားဝိညာဉ်အဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် ထျန်းယွမ်ကမ္ဘာလောကကြီးထဲကို ဝင်ကိုဝင်မှဖြစ်မဲ့ပုံပဲ"
ထိုအတွေးနှင့်အတူ သူသည် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုအထဲတွင် ကျိယွမ်ထံသို့ မပေးရသေးသော ယမန်နေ့က သူဖန်တီးထားသည့် အဆောင်များ ပါဝင်လေ၏။
ယခု သူ၏ အဆင့်တက်ခြင်း ပြီးဆုံးသွားပြီဖြစ်သဖြင့် အပြင်ထွက်ကာ ယင်းတို့ကို လွှဲပြောင်းပေးရန် အခွင့်ကောင်းပင် ဖြစ်တော့သည်။
ထို့နောက်၌ ဂူကိုဖွင့်ကာ လုချင်းတစ်ယောက် အပြင်သို့ ထွက်လာခဲ့လိုက်တော့၏။
သူ ခပ်တိုတို ခရီးအကွာအဝေးတစ်ခုကို လမ်းလျှောက်ပြီးသည်နှင့် ခရမ်းရောင် ဝတ်ရုံတိုလေးကို ဝတ်ဆင်ကာ ဆွဲဆောင်မှုရှိသော အလှတရားများ ဖြာထွက်နေသည့် ရင်းနှီးသော ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို တွေ့လိုက်ရတော့၏။ ယင်းမှာ ကျိယွမ်ပင် ဖြစ်လေသည်။
သို့သော် ယခုအခါတွင် တစ်စုံတစ်ခုကြောင့် ဒုက္ခရောက်နေသည့်အလား သူမ၏ မျက်မှောင်များ ကြုတ်ထားသည်ကို မြင်လိုက်ရပေသည်။
"လုချန်ပေ့... တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား"
လုချင်းကို မြင်လိုက်ရသောအခါ ကျိယွမ်၏ မျက်နှာလေးမှာ အံ့ဩဝမ်းသာမှုများဖြင့် လင်းလက်သွားတော့၏။
သူမသည် အဆောင်များလာယူရန် နေ့စဉ် လာရောက်ခဲ့သော်လည်း သူတို့၏ စကားပြောဆိုမှုများမှာ အလွန်တိုတောင်းပြီး ကမန်းကတန်း ဖြစ်ခဲ့ရသည်။
ဤသည်က လုချင်း သူ့သဘောဆန္ဒဖြင့် အပြင်ထွက်လာသည်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
"အင်း... အကြောအချဉ်လေး ဘာလေး လျှော့ရအောင်လို့ ထွက်လာတာပါ။ ဒီမှာ ဒီနေ့အတွက် အဆောင်တွေ"
ထို့နောက်၌ လုချင်းက သိုလှောင်အိတ်ကို သူမထံသို့ ကမ်းပေးလိုက်လေတော့သည်။
..