အခန်း ၅၃၀
Vol. 53 Ch. 530
အခန်း ၅၃၀ - အသက်ရှင်သန်ရန် ဝှက်ဖဲနှင့် စိုးရိမ်ပူပန်မှုများ
"လုချန်ပေ့က ကိုယ်တိုင်လာပေးရတယ်လို့ရှင်၊ ဘယ်လိုလုပ်ပြီး ချန်ပေ့ကို ဒီလောက်ထိ ဒုက္ခပေးရဲမှာလဲ။ ကျွန်မကိုယ်တိုင် လာယူသင့်တာပါ"
သိုလှောင်အိတ်ကို ကမ်းပေးလာသော လုချင်းကို ကြည့်ကာ ကျိယွမ်က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ဒုက္ခမများပါဘူးဗျာ။ ကျွန်တော်လည်း တံခါးပိတ်ကျင့်ကြံတာ ပြီးသွားလို့ အကြောအချဉ်လေး လျှော့ရအောင် ထွက်လာတာပါ"
လုချင်းက ပြုံးလိုက်သည်။
"ဒါနဲ့ မိန်းကလေးကျိယွမ်... စောစောက ခင်ဗျား မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်တယ်။ အခက်အခဲတစ်ခုခုများ ကြုံနေရလို့လား"
"ချန်ပေ့ သတိထားမိသွားတာလား"
ကျိယွမ်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့၏။
မည်သို့ပင်ဆိုစေ လုချင်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။
ဤမျှ အကဲခတ်စွမ်းရည်ရှိခြင်းက မထူးဆန်းလှပေ။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ကျိယွမ်က မသေချာသည့် လေသံဖြင့် ပြောလိုက်လေသည်။
"တကယ်တော့လေ ခန်းမဆောင်သခင်က ရှင်ကျင့်ကြံနေတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒီကိစ္စကို ရှင့်ဆီ မပြောဖို့ မှာထားတာပါ။ ဒါပေမဲ့ အခု ရှင်က တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီဆိုတော့လည်း ကြိုတင်ပြင်ဆင်ထားလို့ရအောင် သိထားသင့်တယ်လို့ ထင်ပါတယ်"
"ဪ...အဲ့ဒီကိစ္စက ကျွန်တော်နဲ့လည်း သက်ဆိုင်နေတာလား"
လုချင်း မျက်ခုံးပင့်လိုက်၏။
"ဟုတ်ပါတယ် ချန်ပေ့။ ကျွန်မတို့ ရတနာခန်းမဆောင်က ရှင်ဖန်တီးထားတဲ့ အဆောင်တွေကို စပြီးရောင်းချကတည်းက အဲဒါတွေက အရမ်းကို ရေပန်းစားသွားပြီး ချန်းလန်မြို့တော်တစ်ခုလုံးမှာ ဂယက်ရိုက်သွားခဲ့တာလေ။ အဲဒါကြောင့် တခြား ကုန်သည်အဖွဲ့အစည်းတွေနဲ့ အင်အားစုတွေက အတော်လေးကို စောင့်ကြည့်လာကြတယ်။ မကြာသေးခင်ကဆို အပြင်ဘက် အင်အားစုတွေဆီက သူလျှိုတော်တော်များများ ဝင်ရောက်စွက်ဖက်ပြီး သတင်းနှိုက်ဖို့ ကြိုးစားလာကြတယ်လေ။ ဒုတိယခန်းမဆောင်သခင်တွေက သူတို့ရဲ့ ကြိုးစားမှုတွေကို တားဆီးနိုင်ခဲ့ပေမဲ့လည်း ခန်းမဆောင်ထဲက လေထုကတော့ အတော်လေးကို ပျက်ယွင်းသွားတယ်လေ။ လူတော်တော်များများက ဂနာမငြိမ်ဖြစ်နေကြပြီး စိုးရိမ်ပူပန်နေကြတယ်"
"သြော်... တခြားအင်အားစုတွေ နောက်ဆုံးတော့ စလှုပ်ရှားလာကြပြီပေါ့"
ဤစကားကို ကြားသောအခါ၌ လုချင်းက ခေါင်းအနည်းငယ်ညိတ်ပြလိုက်လေသည်။
"ချန်ပေ့က သိပ်အံ့သြပုံမရဘူးနော်"
လုချင်း၏ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ၌ ကျိယွမ်က မနေနိုင်ဘဲ မေးလိုက်တော့၏။
"အံ့သြစရာမှ မရှိတာ။ ကျွန်တော်တို့ ရောင်းလိုက်တဲ့ အဆောင်သစ်တွေက ဈေးလည်းချိုတော့ အဆောင်ဈေးကွက်ရဲ့ နေရာတော်တော်များများကို သိမ်းပိုက်လိုက်နိုင်တာလေ။
တခြားအင်အားစုတွေကလည်း ကျွန်တော်တို့တွေ ဈေးကွက်ကို သိမ်းယူသွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ။ သူတို့ မလှုပ်ရှားဘူးဆိုမှပဲ အဲ့ဒါက ထူးဆန်းနေမှာဗျ။ ဒါနဲ့ ခန်းမဆောင်သခင်ကရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောသေးလဲ"
လုချင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ခန်းမဆောင်သခင်ကတော့ ကျွန်မတို့ကို မစိုးရိမ်ဖို့ ပြောပါတယ်။ သူ့ဆီမှာ တန်ပြန်ဖြေရှင်းဖို့ နည်းလမ်းရှိပြီးသားတဲ့။ ကျွန်မတို့လုပ်ရမှာက အထဲမှာပဲနေပြီး အပြင်ကို လျှောက်မသွားဖို့ပါပဲ။ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချန်ပေ့ကို ဒုက္ခမပေးဖို့လည်း သေချာမှာထားပါတယ်"
"သူ့မှာ အစီအစဉ်ရှိပြီးသားဆိုရင်တော့ ကျွန်တော်လည်း စိတ်အေးရတာပေါ့။ ကောင်းပြီလေ... အဆောင်တွေလည်း ပေးပြီးပြီဆိုတော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းဂူကိုပဲ ပြန်တော့မယ်"
ထိုသို့ပြောပြီးသည်နှင့် လုချင်းက လှည့်ကာ ပြန်ရန် ပြင်လိုက်တော့သည်။
"ချန်ပေ့... ဒီလောက်မြန်မြန် ပြန်တော့မလို့လား"
ကျိယွမ်မှာ မှင်သက်သွားရ၏။
လုချင်းက အကြောအချဉ်လျှော့ရန် ထွက်လာသည်ဟု ခုလေးတင် ပြောခဲ့သည် မဟုတ်ပါလော။
"ဟုတ်တယ်။ ကျွန်တော် နည်းနည်းပါးပါး လမ်းလျှောက်မလို့ပဲ။ ဒါပေမဲ့ အခုချိန်က သိပ်မသင့်တော်ဘူးထင်တယ်။ အဲ့တော့ ကျင့်ကြံတာကိုပဲ ပြန်ဆက်လုပ်တာ ကောင်းတယ်လေ"
ထို့နောက်တွင်တော့ ထွက်ခွာသွားသော လုချင်းကို ကြည့်ရင်း ကျိယွမ်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ရစ်ခဲ့လေသည်။ သူမခင်မျာ သူ့ကို မြင်ရလေလေ၊ ပို၍ နားလည်ရခက်လေလေ ဖြစ်လာတော့၏။
...
လုချင်းသည် ဂူထဲသို့ ပြန်ရောက်သည်နှင့် ကျင့်ကြံခြင်းကို ပြန်ပြီးစတင်ရန်အတွက် ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်တော့သည်။ အပြင်ဘက်မှ ရှုပ်ထွေးမှုများတွင် သူ ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိချေ။ ရတနာခန်းမဆောင်က သူ၏ အဆောင်များဖြင့် ဈေးကွက်ကို လွှမ်းမိုးချင်သည်ဆိုလျှင် အန္တရာယ်များကိုပါ တာဝန်ယူရမည်မှာ သဘာဝပင် ဖြစ်ပေ၏။ ထို့အပြင် သူ စုံစမ်းထားသော အချက်အလက်များအရ ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်မှာ သာမန်လူတစ်ယောက် မဟုတ်ချေ။ ဤမျှ သေးငယ်သော မုန်တိုင်းလေးတစ်ခုက သူမ၏ ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေမည် မဟုတ်ပေ။
သို့တိုင်အောင် လုချင်းသည် ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ဖို့တော့ ဆုံးဖြတ်လိုက်သည်။ ရှောင်ချန်းကမ္ဘာသည် သေးငယ်သော ကမ္ဘာတစ်ခုသာ ဖြစ်သော်ငြား အစွမ်းထက်သော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေဆဲပင်။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူအများစုမှာ ထျန်းယွမ်ကမ္ဘာလောကကြီးသို့ သွားရောက်ကျင့်ကြံနေကြပြီ ဖြစ်သည်။ သို့သော် ဤကမ္ဘာရှိ အင်အားကြီး အဖွဲ့အစည်းအချို့တွင် အခြေချနေထိုင်သော သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူများ မရှိဘူးဆိုသည်ကိုတော့ လုချင်း လုံးဝ မယုံကြည်ပေ။ အကယ်၍ ပဋိပက္ခများ ဖြစ်ပွားလာပါက သူ့ကိုယ်သူ ကာကွယ်နိုင်ရန် သေချာမှုရှိဖို့ လိုအပ်ပေ၏။
အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ လုချင်းသည် သူ၏ ဝှက်ဖဲများကို ပြန်၍ ဆန်းစစ်လိုက်သည်။
ယခုအခါ၌ သူ၏ အကြီးမားဆုံးသော ခွန်အားမှာ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှ လာခြင်းဖြစ်ပြီး ၎င်းက သူ့အား အဆင့်တူ ကျင့်ကြံသူများထက် များစွာ သာလွန်သော စွမ်းအားကို ပေးစွမ်းနိုင်ပေသည်။ ထို့နောက်တွင်တော့ သူ ကျွမ်းကျင်ထားသော နတ်ဘုရားစွမ်းရည် နှစ်ခုနှင့် သူ ပိုင်ဆိုင်ထားသည့် ဝိညာဉ်လက်နက် အချို့ပင် ဖြစ်၏။ ကောင်းကင်ဖြိုခွင်း ဓားငယ် နှင့် အရောင်ငါးသွယ် ဓာတ်ကြီးငါးပါး လက်ဖဝါးကဲ့သို့သော အစွမ်းထက်သည့် သိုင်းပညာရပ်များလည်း ရှိနေသေးသည်။
ဤနတ်ဘုရားစွမ်းရည်များနှင့် သိုင်းပညာရပ်များသည် သူ၏ ကျင့်ကြံခြင်းများနှင့်အတူ သိသိသာသာ အားကောင်းလာခဲ့ပြီပင်။ ဤဝှက်ဖဲများဖြင့် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရလျှင်ပင် သူ ကြောက်ရွံ့နေမည် မဟုတ်ချေ။
သို့သော် ဤအရာများဖြင့်သာ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရန်ကား အလွန့်ကိုမှ ဖြစ်နိုင်ခြေနည်းပါးလှပေ၏။ ရွှေအမြုတေအဆင့်နှင့် သန္ဓေသားဝိညာဉ်အဆင့်ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေသည် မည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ၊ လုံလောက်သော ကျင့်ကြံမှုမရှိဘဲနှင့်တော့ ထိုကွာဟချက်ကို ပေါင်းကူးပေးနိုင်မည် မဟုတ်ပေ။
အရင်တစ်ခါ ကြယ်စင်မြို့တော်တွင် ရှိစဉ်က လျှို့ဝှက်ဆန်းကြယ်သော သန္ဓေသားဝိညာဉ် အဆင့်ရှိ အင်အားကြီးသူတစ်ဦးထံမှ သူ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ထိုသူက သူ့ကို အထင်သေးခဲ့ခြင်းနှင့် လေဟာနယ်ဖြိုခွင်းလှေပျံ၏ အံ့အားသင့်ဖွယ် နေရာရွှေ့ပြောင်းနိုင်စွမ်းတို့ကြောင့်သာပင်။
သို့မဟုတ်ပါက သူ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ချေ။ ယခု ရှောင်ချန်းကမ္ဘာထဲတွင်မူ လေဟာနယ်ဖြိုခွင်း လှေပျံ၏ နေရာရွှေ့ပြောင်းနိုင်စွမ်းမှာ ကန့်သတ်ခံထားရလေပြီဖြစ်၏။ ၎င်းက ယခင်ကကဲ့သို့ လျင်မြန်စွာ အသက်ဝင်နိုင်တော့မည် မဟုတ်ပေ။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ နတ်ဝိညာဉ် တုံ့ပြန်မှုအမြန်နှုန်းအရဆိုလျှင် လေဟာနယ်ဖြိုခွင်း လှေပျံသည်ပင် သူ၏ လွတ်မြောက်မှုကို အာမခံချက်ပေးနိုင်တော့မည် မဟုတ်ချေ။
"ငါက ရွှေအမြုတေအဆင့်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပြီဆိုတော့ ငါ့ရဲ့ ကျင့်ကြံခြင်းက ကာလတိုအတွင်းမှာ ထပ်ပြီးအဆင့်တက်နိုင်ဦးမှာ မဟုတ်ဘူး။ ပိုပြီး သေချာတဲ့ ဝှက်ဖဲတစ်ခုကို ပြင်ဆင်ထားမှ ဖြစ်မယ်"
သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်ရာ၌ သူ့ကိုယ်သူ ကာကွယ်ရန် မည်သည့် နည်းလမ်းများကို အားထားနိုင်မည်နည်းဟု လုချင်း စဉ်းစားခန်း ဝင်နေတော့သည်။
သိုင်းပညာရပ်များ၊ နတ်ဘုရားစွမ်းရည်များ၊ ရတနာများ၊ အစီအရင်များ၊ အဆောင်များ...
သူ၏ ပိုင်ဆိုင်မှုအားလုံးကို တစ်ခုချင်းစီ စဉ်းစားကြည့်ပြီးနောက်၌ ရုတ်တရက် သူ၏ မျက်လုံးများက တောက်ပသွားတော့လေ၏။
"အစီအရင်တွေနဲ့ အဆောင်တွေ...တကယ်လို့ ငါသာ အဲဒီအရာကို နားလည်သဘောပေါက်ပြီး တွက်ချက်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်"
ထို့နောက် သူသည် ထပ်မံ နှောင့်နှေးမနေတော့ဘဲ တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ ထူးခြားသော နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီး နက်ရှိုင်းသော တွေးတောဆင်ခြင်မှု အခြေအနေထဲသို့ ဝင်ရောက်သွားလေတော့သည်။ သူ၏ အာရုံစိုက်မှုများမှာတော့ ကြယ်စင်မြို့တော်တွင် သူ ရရှိခဲ့သော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ၏ အမွေအနှစ်ပေါ်ကိုပင် အပြည့်အဝကျရောက်နေပါ၏။ သူ၏ ကျင့်ကြံခြင်း အဆင့်တက်သွားမှုနှင့်အတူ လုချင်း၏ နတ်မျက်စိစွမ်းရည်မှာလည်း ပို၍ အားကောင်းလာခဲ့ပေပြီပင်။ ယခုအခါ သူသည် အဆင့်မြင့် ရတနာများကို ပိုမိုလျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ရုံသာမက သူ၏ တွက်ချက်မှု အမြန်နှုန်းမှာလည်း သိသိသာသာကို တိုးတက်လာခဲ့လေသည်။
သူသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အများစု နားလည်သဘောပေါက်ထားပြီး ဖြစ်သော်လည်း အပြည့်အဝ နားလည်နိုင်ရန်ကား လိုအပ်နေသေး၏။ ကြယ်စင်မြို့တော်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို နေရာလွတ် နိယာမများအား ကျွမ်းကျင်သော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက တည်ဆောက်ထားခဲ့ခြင်းဖြစ်ရာ ၎င်းမှာ အလွန်ကိုမှ နက်နဲရှုပ်ထွေးလှပြီး နားလည်ရန် ခက်ခဲလှပေ၏။ သူ၏ ထူးခြားသော နတ်မျက်စိစွမ်းရည်နှင့် ထူးကဲသော ကျင့်ကြံခြင်းလမ်းစဉ် ရှိသော လုချင်းကဲ့သို့သော သူသာလျှင် ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးစားနိုင်မည်သာ။ အခြားသော မည်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူမျှ အသိအမြင် တစ်စွန်းတစ်စကိုပင် ရရှိနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နေရာရွှေ့ပြောင်းခြင်း တာအိုသည် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ အများစုပင် လက်လှမ်းမမီနိုင်သော အရာဖြစ်နေသောကြောင့်ပင်တည်း။ သို့ဖြစ်၍ ရွှေအမြုတေအဆင့်ရှိသူ တစ်ယောက်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
...
လုချင်း ကျင့်ကြံနေစဉ်အတွင်း အချိန်များ ကုန်လွန်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ချန်းလန်မြို့တော်မှာလည်း စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။ ရတနာခန်းမဆောင်၌ အဆောင်များ ပြတ်လပ်သွားမည် သို့မဟုတ် ဈေးနှုန်းများ မြှင့်တင်လိုက်မည်ကို မျှော်လင့်ကာ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသော ကုန်သည်အဖွဲ့အစည်းများနှင့် အင်အားစုများသည် ယခုအခါ တုန်လှုပ်ချောက်ချားနေကြလေပြီပင်။ နေ့ရက်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ အဆောင်သစ်များမှာတော့ ရာနှင့်ချီ၍ ဆက်လက် ရောင်းချနေရဆဲပင်။ သို့သော် ရတနာခန်းမဆောင်တွင် ပစ္စည်းပြတ်လပ်သွားမည့် အရိပ်အယောင်ကိုတောင် မတွေ့ရသလို ဈေးနှုန်းမြှင့်တင်မည့် အရိပ်အယောင်လည်း မရှိချေ။
နေ့စဉ်နှင့်အမျှ အဆုံးမရှိသော အဆောင်များ ရောင်းချနေရသည်ကို ကြည့်ရင်း အခြားအင်အားစုများမှာ အငြိမ်မနေနိုင်ကြတော့ပေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ချန်းလန်မြို့တော်ရှိ အဆောင်ဈေးကွက်တစ်ခုလုံးကို ရတနာခန်းမဆောင်ကပဲ များမကြာမီ လက်ဝါးကြီးအုပ်သွားတော့မည်ပင်။
ထိုသို့ဖြစ်လာပါက သူတို့အတွက် မည်သည့်နေရာ ကျန်ရှိတော့မည်နည်း။
"ကျုပ်တို့ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်တော့ဘူး"
ဝူရှန့်ခန်းမဆောင်အတွင်းတွင် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော မျက်နှာနီနီ အကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်နေတော့၏။
"ဒီအတိုင်းသာ ဆက်သွားနေရင် ချန်းလန်မြို့တော်ရဲ့ အဆောင်ဈေးကွက်တစ်ခုလုံးကို ရတနာခန်းမဆောင်က ဝါးမျိုသွားလိမ့်မယ်"
"ဒါက ယုတ္တိမရှိဘူး။ အခုဆို သူတို့တွေ အဆောင်တစ်သောင်းနီးပါးလောက်တောင် ရောင်းပြီးလောက်ပြီ။ ဒီလောက်အရေအတွက်အများကြီးကို သူတို့ ဘယ်လိုလုပ်ပြီး ကြိုတင် ပြင်ဆင်ထားနိုင်မှာလဲ"
ဝူရှန့်ခန်းမဆောင်၏ မန္တန်အဆောင် ဆရာသခင်ဖြစ်သူ ဆရာကျော့မှာ အလွန်ပင် ဇဝေဇဝါ ဖြစ်နေတော့သည်။ သူ၏ ခန့်မှန်းချက်အရ ရတနာခန်းမဆောင်သည် အဆောင် တစ်ထောင် သို့မဟုတ် နှစ်ထောင်ခန့် ကြိုတင်ပြင်ဆင်ထားနိုင်လျှင်ပင် အတော်လေးကို ကောင်းမွန်နေပြီ ဖြစ်၏။ သို့သော် ယခုအခါ၌ သူတို့သည် အဆောင် တစ်သောင်းနီးပါးထိ ရောင်းချပြီးဖြစ်သော်လည်း ကုန်ခမ်းသွားမည့် အရိပ်အယောင်တောင် မပြသေးချေ။ သူ့အတွက်တော့ ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
မည်သို့ပင်ဆိုစေ၊ အဆောင် တစ်သောင်းကျော်ဆိုသည်မှာ ၎င်းတို့အားလုံးက အခြေတည်အဆင့်သာ ဖြစ်နေလျှင်တောင်မှ ထုတ်လုပ်ရန်အတွက် ဧရာမ အချိန်ပမာဏတစ်ခု လိုအပ်ပေမည်။ သူ့ကဲ့သို့သော မန္တန်အဆောင် ဆရာသခင်တစ်ယောက်အတွက်ပင် ဤမျှများပြားသော အဆောင်များကို ဖန်တီးရန် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ အချိန်ယူရမည်ပင်။
ထို့အပြင် မည်သည့် မန္တန်အဆောင် ဆရာသခင်ကများ သူတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် အဆင့်နိမ့် အဆောင်များကို သန့်စင်ရန်အတွက် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ အချိန်ဖြုန်းချင်ပါမည်နည်း။
ရူးသွပ်နေသူတစ်ဦးသာ ဤသို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ပေလိမ့်မည်။
မန္တန်အဆောင် ဆရာသခင်များသည် သူတို့ကိုယ်တိုင် ကျင့်ကြံရန် မလိုအပ်ဘူးဟုများ ထင်နေကြသလော။
ထို့အပြင် ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်မှာလည်း နှစ်ပေါင်းများစွာ တိတ်တဆိတ် ပုန်းအောင်းကာ အစီအစဉ်ဆွဲနိုင်မည့်သူမျိုးဟု သူ မထင်မိပေ။ အကယ်၍ သူမတွင်သာ ထိုသို့သော ဝှက်ဖဲမျိုး ရှိခဲ့လျှင် သူမသည် ၎င်းကို ကြာမြင့်စွာကတည်းက အသုံးပြုခဲ့ပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် ဆရာကျော့က မည်မျှပင် ပြင်းပြင်းထန်ထန် တွေးတောစေကာမူ အခြေအနေကို နားလည်နိုင်စွမ်း မရှိတော့ချေ။
မျက်နှာနီနီ အကြီးအကဲမှာလည်း ထပ်တူ ဇဝေဇဝါ ဖြစ်နေသော်လည်း အရာတစ်ခုကိုတော့ သူ သိထားသည်။ သူတို့ ဒီအတိုင်း ထိုင်ပြီး ဘာမှမလုပ်ဘဲ နေ၍မရနိုင်တော့ချေ။ ရတနာခန်းမဆောင်၏ သြဇာလွှမ်းမိုးမှုမှာ သူတို့၏ အဆောင်သစ်များကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမို အားကောင်းလာနေပေသည်။ သူတို့၏ နာမည်ဂုဏ်သတင်းက အခြားသော မြို့ကြီးများသို့ပင် စတင် ပျံ့နှံ့နေသည့် အရိပ်အယောင်များပင် ရှိနေ၏။ အခြားမြို့များမှ ကျင့်ကြံသူများသည် အဆောင်သစ်များကို ဝယ်ယူရန်အတွက် ချန်းလန်မြို့တော်သို့ အဝေးကြီးမှ လာရောက်နေကြကြောင်း သူတို့လူအချို့က သတိပြုမိခဲ့ကြပြီး ဖြစ်သည်။ အခြေအနေများသာ ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် သူတို့၏ ဝူရှန့်ခန်းမဆောင်သည် ရတနာခန်းမဆောင်၏ တိုးတက်မှုအောက်တွင် လုံးဝ ခြေမွခံရတော့မည်ပင်။
"အိမ်တော်ထိန်းရှန်... မင်း ရတနာခန်းမဆောင်က မန္တန်အဆောင် ဆရာသခင်ရဲ့ ဇာစ်မြစ်ကို အခုထိ ရှာမတွေ့သေးဘူးလား"
မျက်နှာနီနီ အကြီးအကဲက မေးလိုက်သည်။
"အဲဒီမန္တန်အဆောင် ဆရာသခင်က မကြာသေးခင်ကမှ အပြင်လောကကနေ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးပြီး ချန်းလန်မြို့တော်ကို ရောက်လာတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ တွေ့ထားပါတယ်။ ဒါပေမဲ့ အဲဒီလူက အရမ်းကို သိုသိုသိပ်သိပ်နေပါတယ်။ ရတနာခန်းမဆောင်ကို ရောက်ကတည်းက သူက လုံးဝကို တသီးတသန့်နေပြီး သူ့ရဲ့ ကျင့်ကြံခြင်းဂူထဲမှာပဲ အချိန်ပြည့် နေနေတာပါ။ ကျွန်တော်တို့ရဲ့ သူလျှိုတွေက သူ့အနားကိုတောင် မကပ်နိုင်ခင်မှာတင် ရတနာခန်းမဆောင်က လူတွေက ရိပ်မိသွားလို့ မောင်းထုတ်ခံလိုက်ရပါတယ်"
ဖြူလျော့လျော့ မျက်နှာနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်သူ အိမ်တော်ထိန်းရှန်က အစီရင်ခံလိုက်လေသည်။
"မကြာသေးခင်ကမှ ရောက်လာတာ ဟုတ်လား။ ဒါဆို ရတနာခန်းမဆောင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်အဆောင်အများကြီးကို ထုတ်လုပ်နိုင်သွားရတာလဲ။ ပြီးတော့ ဈေးကွက်ကိုတောင် ဘယ်လိုလုပ်ပြီး လွှမ်းမိုးနိုင်သွားရတာလဲ"
မျက်နှာနီနီ အကြီးအကဲက အံ့သြတကြီး ရေရွတ်လိုက်လေသည်။
"ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ရတနာခန်းမဆောင် အတွင်းကနေ သတင်းတစ်ခုရဖို့အတွက် ဝိညာဉ်ကျောက်တုံး အများကြီး သုံးခဲ့ရတယ်။ အခု ရောင်းနေတဲ့ အဆောင်တွေကို အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မန္တန်အဆောင် ဆရာသခင်က သူ့ဂူထဲကနေ နေ့တိုင်း ချက်ချင်း သန့်စင်ပေးနေတာလို့ ပြောကြတယ်။ အဲဒီလိုနည်းနဲ့ သူတို့က အဆက်မပြတ် ထောက်ပံ့ပေးနေနိုင်တာတဲ့"
အိမ်တော်ထိန်းရှန်၏ အဖြေက ဆရာကျော့အား ချက်ချင်းပင် ထအော်မိစေတော့၏။
"မဖြစ်နိုင်တာ ရတနာခန်းမဆောင်က တစ်နေ့ကို အဆောင် ရာနဲ့ချီပြီး ရောင်းနေတာလေ။ မန္တန်အဆောင် ဆရာသခင်တစ်ယောက်အတွက်တောင်မှ တစ်ရက်တည်းနဲ့ အဲဒီလောက် ထုတ်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက ရတနာခန်းမဆောင်က တမင်လွှင့်ထားတဲ့သတင်းမှားပဲ ဖြစ်ရမယ်"
မျက်နှာနီနီ အကြီးအကဲကလည်း သဘောတူလိုက်၏။ ၎င်းမှာ လုံးဝ ယုံကြည်နိုင်စရာ မရှိချေ။
သူကိုယ်တိုင် အဆောင်ဖန်တီးခြင်းပညာရပ်ကို အထူးပြုလေ့လာမလိုက်စားသော်ငြား သူ၏ ကျင့်ကြံခြင်းအဆင့်က သူ့အား လုံလောက်သော အသိပညာကို ပေးစွမ်းနိုင်ပေသည်။ တစ်ရက်တည်းနှင့် အဆောင် ရာပေါင်းများစွာကို ဖန်တီးနိုင်သည်ဆိုသည်မှာ..........
ထို့ပြင် အချို့ဆိုလျှင် ရွှေအမြုတေအဆင့်ပင် ဖြစ်နေသေးပါ၏။ မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော မန္တန်အဆောင် မဟာသခင်ကြီးတစ်ဦးပင်လျှင် ထိုသို့သော စွမ်းဆောင်ရည်မျိုး လုပ်နိုင်မည် မဟုတ်ချေ။
"ကျွန်တော်လည်း အဲဒါကို မယုံကြည်နိုင်ဖြစ်နေရတာပါပဲ" အိမ်တော်ထိန်းရှန်က ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒါကလွဲရင် ရတနာခန်းမဆောင်ဘက်က တခြားဘာသတင်းမှ မပေါက်ကြားပါဘူး။ ကျွန်တော်တို့ အမှန်တရားကို ဖော်ထုတ်လို့ မရသေးပါဘူး"
သူ ဤသတင်းကို ပထမဆုံး ရရှိချိန်ကလည်း သူ၏ ပင်ကိုယ်တုံ့ပြန်မှုက ၎င်းမှာ အမှန်မဖြစ်နိုင်ဟူ၍ပင်။ ထို့ကြောင့် သူ ၎င်းကို ဒုတိယခန်းမဆောင်သခင်ထံ ချက်ချင်း အစီရင်ခံခြင်း မပြုခဲ့ဘဲ ထပ်မံ စုံစမ်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယခု မျှော်လင့်ထားသည့်အတိုင်းပင် ဒုတိယခန်းမဆောင်သခင်နှင့် အခြားသူများကလည်း ဤသတင်းကို အဓိပ္ပာယ်မရှိဟု ယူဆနေကြလေပြီပင်။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မန္တန်အဆောင် ဆရာသခင်နဲ့ ဆက်စပ်နေတာကတော့ ကျိန်းသေပေါက်ပဲ"
မျက်နှာနီနီ အကြီးအကဲက ပြောလိုက်သည်။
"တကယ်လို့ ငါတို့သာ သူ့ကို ဖမ်းနိုင်မယ်ဆိုရင် ရတနာခန်းမဆောင်ရဲ့ ထိုးစစ်တစ်ခုလုံးကလည်း အလိုလို ပြိုကျသွားနိုင်တယ်"
"ဒါပေမဲ့ ဒုတိယခန်းမဆောင်သခင်..."
အိမ်တော်ထိန်းရှန်က သတိကြီးစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေအရ အဲဒီလူက ရတနာခန်းမဆောင်ထဲမှာပဲ လုံးဝကို သီးသန့် နေနေတာပါ။ သူ့ဂူကလွဲရင် သူ ဘယ်မှမထွက်ဘူး၊ ဘယ်သူနဲ့မှလည်း အဆက်အသွယ် မလုပ်ဘူး။ သူ့ကို ဖမ်းဖို့ဆိုရင် ကျွန်တော်တို့ ရတနာခန်းမဆောင်ကို ဝင်စီးမှရလိမ့်မယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင် မြို့စားမင်းကလည်း ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"
မျက်နှာနီနီ အကြီးအကဲ၏ အဆိုပြုချက်မှာ အကောင်အထည်ဖော်ရန် ခက်ခဲလှပေ၏။ တစ်စုံတစ်ဦးကို တိုက်ရိုက် ဖမ်းဆီးရန်မှာ ရတနာခန်းမဆောင်ကို ကာကွယ်ထားသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင် အလွယ်တကူ မဖျက်ဆီးနိုင်သည့် အစွမ်းထက် အစီအရင်များကို ကျော်ဖြတ်ရမည်သာမက ကုန်သည်အဖွဲ့အစည်းများအကြား ဤသို့ ဟိုးလေးတကျော်ဖြစ်မည့်ချိုးဖောက်မှုကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မည်သည့်အခါမျှ ခွင့်လွှတ်မည် မဟုတ်ချေ။ ချန်းလန်မြို့တော်၏ အာဏာပိုင်များက သေချာပေါက် ဝင်ရောက်စွက်ဖက်လာမည် ဖြစ်၏။
ထို့အပြင် ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်သည် ထျန်းယွမ်ကမ္ဘာလောကကြီးမှ သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်မှုရှိကြောင်း ကာလကြာရှည်စွာ ကောလာဟလများ ထွက်ပေါ်နေခဲ့ပေသည်။ အကယ်၍ သူတို့သည် ပုံမှန် စီးပွားရေး ယှဉ်ပြိုင်မှု၌သာ နေမည်ဆိုလျှင်တော့ ပြဿနာမရှိပေ။ သို့သော် သူတို့သာ စည်းကျော်သွားပါက ထိုသြဇာကြီးမားသော ပုဂ္ဂိုလ်၏ အမျက်ဒေါသကို ခံရနိုင်ပေသည်။ ထိုသို့ဖြစ်လာပါက ဝူရှန့်ခန်းမဆောင်သာမက ချန်းလန်မြို့တော် တစ်ခုလုံးပင် ထိုအကျိုးဆက်များကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"ဒါလုပ်လို့လည်း မရဘူး၊ ဟိုဟာလုပ်လို့လည်း မရဘူးဆိုရင်... ငါတို့က အဲဒီမိန်းမ အဆောင်ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ငါတို့ရဲ့ ဝူရှန့်ခန်းမဆောင်ကို နင်းခြေသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား"
မျက်နှာနီနီ အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ အိမ်တော်ထိန်းရှန်မှာ ဆက်မပြောရဲတော့ချေ။ ဒုတိယခန်းမဆောင်သခင်ဟုန်၏ ဒေါသကြီးမှုမှာ နာမည်ကြီးလှပြီး စကားတစ်ခွန်း မှားလိုက်သည်နှင့် အပြစ်ပေးခံရနိုင်ပေသည်။ ကံကောင်းထောက်မစွာပင် မျက်နှာနီနီ အကြီးအကဲသည် ဒေါသကြီးသော်လည်း အကြောင်းပြချက်မရှိဘဲ ရမ်းကားတတ်သူတော့ မဟုတ်ချေ။ အတန်ကြာ ဒေါသထွက်ပြီးနောက်၌ သူ စတင်၍ တည်ငြိမ်လာတော့သည်။
"အစ်ကိုကြီးက မကြာသေးခင်ကမှ တစ်ခုခုကို ခံစားမိလို့ တံခါးပိတ်ကျင့်ကြံသွားတာ တကယ့်ကို နှမြောစရာပဲ။ သူသာ ဒီမှာရှိနေရင် မြို့စားမင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးအရ ရတနာခန်းမဆောင်ကို ဖိနှိပ်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်လောက်တယ်"
မျက်နှာနီနီ အကြီးအကဲက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လေသည်။ သူသည် ဝူရှန့်ခန်းမဆောင်၏ လောကီရေးရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် တကယ့်ကို မသင့်တော်လှပေ။ ဤအကွေ့အကောက်များက အလွန့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှပါ၏။ အကယ်၍ သူ၏ အစ်ကိုကြီးသာ ရှိနေမည်ဆိုလျှင် ဤအကျပ်အတည်းကို ဖြေရှင်းရန် နည်းလမ်း သေချာပေါက် ရှိမည်ပင်တည်း။ အိမ်တော်ထိန်းရှန်နှင့် ဆရာကျော့တို့မှာလည်း တိတ်ဆိတ်နေကြ၏။ သူတို့လည်း ထိုခံစားချက်ကို သဘောတူကြပေသည်။ ခန်းမဆောင်သခင်သာ ရှိနေလျှင် သူတို့လည်း ဤခက်ခဲသော အခြေအနေသို့ ရောက်ရှိနေမည် မဟုတ်ချေ။
ထိုအခိုက်တွင် အိမ်တော်ထိန်းရှန်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူသည် သူ၏ ဝတ်ရုံထဲမှ ကျောက်စိမ်း ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ အတွင်းရှိ သတင်းစကားကို ဖတ်ရှုပြီးနောက်တွင်တော့ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်လာတော့သည်။
"ဒုတိယခန်းမဆောင်သခင်... ကျွန်တော်တို့ သိပ်စိုးရိမ်စရာ မလိုတော့ဘူး ထင်တယ်"
"ဟမ်... မင်း ဘာပြောတာလဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထက် ပိုပြီး စိုးရိမ်နေတဲ့သူ ရှိနေလို့ပါပဲ။ ယန္တရားတစ်ထောင် အလုပ်ရုံက နောက်ဆုံးတော့ သည်းခံနိုင်စွမ်း ကုန်သွားပြီလေ"
…….