အခန်း ၅၃၂
Vol. 54 Ch. 532
အခန်း ၅၃၂ - ရုတ်တရက် ချမ်းသာလာခြင်း၊ အမည်းရောင်အဆောင်
"မိတ်ဆွေလု... ဒါက ဒီလအတွက် ရှင်ရမယ့် ဝိညာဉ်ကျောက်တုံး ဝေစုပါ"
ရတနာခန်းမဆောင်၏ သခင်မက သိုလှောင်အိတ်ငယ်လေးတစ်ခုကို လုချင်းထံသို့ ကမ်းပေးလိုက်လေ၏။
"ဒီလောက် မြန်မြန်လား... တစ်လတောင် မပြည့်သေးဘူး မဟုတ်ဘူးလား" လုချင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ကျွန်မတို့ ရတနာခန်းမဆောင်က လတိုင်းရဲ့ အစမှာ ဝိညာဉ်ကျောက်တုံးတွေကို ပုံမှန်ခွဲဝေပေးလေ့ရှိပါတယ်... ဒီနေ့က အဲဒီနေ့နဲ့ အံကိုက်ဖြစ်နေလို့ပါ" ခန်းမဆောင်သခင်က ရှင်းပြလိုက်၏။
"ဪ... နားလည်ပါပြီ"
လုချင်းက သဘောပေါက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ သိုလှောင်အိတ်ကို လက်ခံလိုက်တော့သည်။
"လဝက်ကျော်လေးအတွင်းမှာတင် ကျွန်မတို့ အဆောင်ပေါင်း တစ်သောင်းကျော် ရောင်းခဲ့ရပါတယ်... အဲဒီအထဲမှာ ရွှေအမြုတေအဆင့် အဆောင်က နှစ်ထောင်ပါ၊ အခြေတည်အဆင့် အဆောင်က ရှစ်ထောင်ကျော် ပါ... ကျွန်မတို့ရဲ့ အရင်သဘောတူညီချက်အရ အမြတ်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ရှင် ရမှာပါ"
"စုစုပေါင်း တွက်ကြည့်မယ်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲလောက် ကျသင့်ပါတယ်"
"ရှင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မလို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေက ရှင့်အတွက် သိပ်အသုံးဝင်မှာမဟုတ်ဘူးလေ... ဒါကြောင့် အဆင်ပြေအောင်လို့ ကျွန်မသဘောနဲ့ကျွန်မ စုစုပေါင်းပမာဏကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေအဖြစ် ပြောင်းပေးလိုက်ပါတယ်... အတိအကျဆိုရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာပါ၊ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး"
ခန်းမဆောင်သခင်က ရှင်းလင်းစွာ ပြောပြလိုက်၏။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာလား"
ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လုချင်းမှာ ကြက်သေသေသွားတော့သည်။
သူက သိုလှောင်အိတ်အတွင်းသို့ သူ၏ ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်လိုက်ရာ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည့် ဝိညာဉ်ကျောက်တုံးပုံကြီးကို မြင်လိုက်ရသောအခါ၌ သူ့ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေ၏။
"ပမာဏက ကျွန်မတို့ အစက ခန့်မှန်းထားတာထက် နည်းနည်းလေး လျော့နေပါတယ်... မိတ်ဆွေလုအနေနဲ့ စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်" ခန်းမဆောင်သခင်က တောင်းပန်သည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ကျွန်တော် နည်းနည်းလေးမှ စိတ်ပျက်မနေပါဘူး၊ တကယ်တော့ ဒီပမာဏက ကျွန်တော် မျှော်လင့်ထားတာထက်တောင် အများကြီး ပိုနေပါသေးတယ်"
လုချင်းမှာ ရိုးသားစွာ ပြောလိုက်ခြင်းဖြစ်၏။ သူသည် ဤမျှလောက် ရုတ်တရက်ကြီး ဝင်ငွေကောင်းလာမည်ဟု တကယ့်ကို မမျှော်လင့်ထားခဲ့ပေ။
သေချာစဉ်းစားကြည့်ပြီးနောက်တွင်တော့ သူ သဘောပေါက်သွားတော့သည်။
လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း သူသည် နေ့စဉ်နေ့တိုင်း အဆောင်များကို မပျက်မကွက် ကြိုးစားပမ်းစား ရေးဆွဲနေခဲ့၏။
တစ်နေ့လျှင် အဆောင်ငါးရာရေးဆွဲရာ ရွှေအမြုတေအဆင့်အတွက် တစ်ရာနှင့် အခြေတည်အဆင့်အတွက် လေးရာဖြစ်လေသည်။ စုစုပေါင်းအားဖြင့် အဆောင် တစ်သောင်းကျော်သွားပြီး ၎င်းတို့အနက် နှစ်ထောင်ကျော်မှာ ရွှေအမြုတေအဆင့်များ ဖြစ်ကြသည်။
ရတနာခန်းမဆောင်၏ ဈေးနှုန်းသတ်မှတ်ချက်ကိုလည်း သူ ကောင်းကောင်းသိထားပါ၏။ ရွှေအမြုတေအဆင့် အဆောင်တစ်ခုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာဖြင့် ရောင်းချရာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးနှင့် ညီမျှလေ၏။ အခြေတည်အဆင့် အဆောင်များမှာမူ တစ်ခုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ဖြင့် ရောင်းချခြင်း ဖြစ်သည်။
သူတို့၏ သဘောတူညီချက်အရ အရောင်းတစ်ကြိမ်စီ၏ ငါးဆယ်ရာခိုင်နှုန်းကို သူ ရရှိမည်ဖြစ်၏။ ဆိုလိုသည်မှာ ရွှေအမြုတေအဆင့် အဆောင်တစ်ခု ရောင်းရတိုင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးရရှိပြီး အခြေတည်အဆင့် အဆောင်တစ်ခု ရောင်းရတိုင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရရှိမည်ပင်။
ယခု တွေးကြည့်လိုက်သောအခါ၌ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာ၏ အများစုမှာ ရွှေအမြုတေအဆင့် အဆောင်များမှ ရရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းသွားလေပြီပင်။
"ချန်းလန်မြို့က ကျင့်ကြံသူတွေက မထင်မှတ်ထားလောက်အောင်ကို ချမ်းသာကြတာပဲ" လုချင်းမှာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
"မိတ်ဆွေလုကတော့လေ… ရှင်က ရှင်ကိုယ်ရှင် လျှော့တွက်နေတာပါ" ခန်းမဆောင်သခင်က အပြုံးဖြင့် ပြောလိုက်၏။ "ရှင့်ရဲ့ အဆောင်တွေက အရည်အသွေးကောင်းတဲ့အပြင်ကိုမှ ဈေးနှုန်းကလည်း သင့်တင့်တယ်လေ... တကယ့်ကို ရှားပါးရတနာတွေပေါ့ရှင်"
"ကျင့်ကြံသူတိုင်းက အသက်ကယ်နိုင်မယ့် နည်းလမ်းတွေကို လိုချင်ကြတာချည်းပါပဲ... အရင်တုန်းကဆို ချန်းလန်မြို့မှာ အရည်အသွေးမြင့် အဆောင်တွေရဲ့ ဈေးနှုန်းက အမြဲတမ်း မြင့်လွန်းနေခဲ့တာလေ... သာမန် ကျင့်ကြံသူအများစုက လိုချင်ကြပေမဲ့ မတတ်နိုင်ခဲ့ကြဘူး"
"ဒါပေမဲ့ ရှင့်ရဲ့ အဆောင်တွေ ထွက်လာတော့ ထူးခြားတဲ့ အရည်အသွေးရော၊ တတ်နိုင်တဲ့ ဈေးနှုန်းပါ ရှိနေတော့... သတင်းတွေ ပျံ့သွားတာနဲ့ တစ်ပြိုင်နက် ကျင့်ကြံသူတွေက အလုအယက်ကို လာဝယ်ကြတော့တာပေါ့၊ ချန်းလန်မြို့မှာ ကျင့်ကြံသူ သောင်းနဲ့ချီပြီး ရှိနေတာဆိုတော့ ဒီလောက် အရောင်းသွက်တာက သိပ်တော့ မဆန်းပါဘူး"
"မြို့ကြီးတွေဆီကို သတင်းတွေ ပျံ့သွားပြီဆိုရင်တော့ ဝယ်လိုအားက ဒီ့ထက်ပိုပြီး မြင့်တက်လာဦးမယ်ဆိုတာ ကျိန်းသေပေါက်ပဲလေ"
နောက်ဆုံးတွင် လုချင်း နားလည်သွားသော်လည်း သူ၏ ရင်ထဲတွင်တော့ တုန်လှုပ်နေဆဲပင်။
မကြာသေးမီအချိန်ကဆိုလျှင် သူသည် တည်းခိုခန်းတစ်ခုတွင် တည်းခိုရန်အတွက်ပင် ပူပန်နေရလောက်အောင် ပိုက်ဆံပြတ်လပ်နေခဲ့သူဖြစ်ခဲ့ပါ၏။
သို့ပေသိ ယခုအခါတွင်တော့ ရုတ်တရက်ကြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာကို ရရှိခဲ့လေပြီပင်။ ၎င်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်းနှင့် ညီမျှလေ၏။
ဤသည်က ရုတ်တရက် ချမ်းသာလာခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ပင်။
မြို့ထဲရှိ အခြားကုန်သည်အဖွဲ့အစည်းများ အဘယ်ကြောင့် ဂနာမငြိမ်ဖြစ်နေကြသည်ကိုလည်း ယခုမှ သူ နားလည်သွားလေပြီဖြစ်၏။
အခြေခံအားဖြင့်တော့ ချန်းလန်မြို့ရှိ အဆောင်ဈေးကွက်တစ်ခုလုံးကို ရတနာခန်းမဆောင်က လက်ဝါးကြီးအုပ်လိုက်ခြင်းပင် ဖြစ်၏။
တစ်စုံတစ်ယောက်၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ခြင်းသည် ၎င်းတို့၏ ဆွေမျိုးကို သတ်ဖြတ်ခြင်းနှင့် တူပေသည်။ အခြားစီးပွားရေးလုပ်ငန်းများ စိုးရိမ်ပူပန်နေကြသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ၌ လုချင်းက မေးလိုက်သည်။ "ခန်းမဆောင်သခင်... လွန်ခဲ့တဲ့ ရက်ပိုင်းတုံးက မိန်းကလေး ကျီယွမ် ပြောပြတာအရဆို မြို့ထဲက တခြားကုန်သည်တွေက ရတနာခန်းမဆောင်ကို ပစ်မှတ်ထားနေကြတယ်လို့ ကြားရတယ်၊ အန္တရာယ်တစ်ခုခုများ ရှိနိုင်မလား"
"ဒါတွေက အသေးအဖွဲ ကလိမ်ကကျစ်အကြံအစည်တွေပါပဲ၊ စိုးရိမ်စရာတော့ မရှိပါဘူး" ခန်းမဆောင်သခင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "ကျွန်မက ချန်းလန်မြို့ရဲ့ မြို့စားမင်းနဲ့ အဆက်အသွယ်နည်းနည်းပါးပါး ရှိပါတယ်... ဘယ်သူ့ကိုမှ စည်းကျော်ခွင့်ပြုမှာ မဟုတ်ပါဘူး"
"ကျွန်မတို့ လုပ်နေတာက အဆောင်ရောင်းတာလေ... ဒါက သာမန်စီးပွားရေးတစ်ခုပါပဲ၊ အဲဒီကုန်သည်တွေ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူတို့လုပ်နိုင်တာ ဘာမှမရှိပါဘူး"
"ဒါပေမဲ့လည်း သတိထားတာကတော့ အကောင်းဆုံးပါပဲ" တစ်ဖက်လူက ယုံကြည်မှုအပြည့်ဖြင့် ပြောနေသော်လည်း လုချင်းက အကြံပြုလိုက်လေသည်။
ငွေကြေးသည် လူတို့၏ စိတ်ကို လှုပ်ရှားစေနိုင်ပေ၏။ သူတို့သည် လူများစွာ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီဖြစ်ရာ မည်သူကမျှ အဆင်အခြင်မဲ့သော လုပ်ရပ်များကို မလုပ်ဘူးဟု အာမခံရန် ခက်ခဲလှ၏။
"စိတ်မပူပါနဲ့ မိတ်ဆွေလု... ကျွန်မ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်"
ခန်းမဆောင်သခင်က ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်နေဆဲပင်။
အနည်းငယ် စကားစမြည်ပြောပြီးနောက်၌ ခန်းမဆောင်သခင်သည် နှုတ်ဆက်၍ ထွက်ခွာသွားတော့လေ၏။
လုချင်း၏ အဆောင်များကြောင့် ဤလတွင် ရတနာခန်းမဆောင်သည် ကြီးမားလှသော အမြတ်အစွန်းများကို ရရှိခဲ့ပေသည်။ ဝိညာဉ်လက်နက်များနှင့် ဆေးလုံးများ ရောင်းချရမှုကလည်း အလုံးစုံ မြင့်တက်လာခဲ့ရာ သူမအဖို့ အလုပ်များစရာတွေ အများကြီး ရှိနေသေးပါ၏။
"ဒီလို စည်ကားသိုက်မြိုက်တဲ့နေရာမျိုးမှာ ဝိညာဉ်ကျောက်တုံးတွေကို ဒီလောက်ထိ လွယ်လွယ်ကူကူနဲ့ ရှာလို့ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒီလောက်ဆိုရင်တော့ ထျန်းယွမ်ကမ္ဘာလောကဆီ သွားဖို့ အချိန်မရွေး ထွက်ခွာလို့ ရပြီပဲ"
ခန်းမဆောင်သခင် ထွက်သွားပြီးနောက် လုချင်းသည် သူ၏ ကျင့်ကြံခြင်းဂူထဲသို့ ပြန်ဝင်လာခဲ့၏။ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်နေတော့သည်။
အမှန်ပင် ဤဝင်ငွေဖြင့် သူ့နှင့် ရှောင်လီတို့ ထျန်းယွမ်ကမ္ဘာလောကသို့ ဝင်ရောက်ရန် လုံလောက်သွားလေပြီပင်။
လုချင်း ယခင်က သိရှိထားချက်အရ ထျန်းယွမ်ကမ္ဘာလောကတွင် နေထိုင်ခွင့်ရလိုသော မည်သည့် ပြင်ပကျင့်ကြံသူမဆို၊ တစ်ဦးလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ညီမျှလေ၏။
လုံလောက်သော ဝိညာဉ်ကျောက်တုံးများ စုဆောင်းရန် အချိန်များစွာ ယူရလိမ့်မည်ဟု သူ အစက ထင်ထားခဲ့မိသည်။ သို့သော် တစ်လပင်မပြည့်မီ အချိန်အတွင်း ထိုပစ်မှတ်ကို ပြည့်မီရုံသာမက အဆပေါင်းများစွာပင် ကျော်လွန်သွားခဲ့လေပြီ။
သို့ဖြစ်၍ ရတနာခန်းမဆောင်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့မိသည်မှာ ကံကောင်းသွားခြင်းပင် ဖြစ်တော့၏။
အကယ်၍ သူသာ တစ်ယောက်တည်း အဆောင်ရောင်းချရန် ကြိုးစားခဲ့ပါက အန္တရာယ်များပြီး အချိန်လည်း အများကြီး ပေးရမည်သာ။
"အားချင်း... ဘာတွေကြည့်ပြီး ဒီလောက်တောင် ပျော်နေရတာလဲ"
ရှောင်လီက လုချင်း၏ မျက်နှာပေါ်ရှိ မထိန်းချုပ်နိုင်သော အပြုံးကို သတိပြုမိသွားသဖြင့် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
"ရှောင်လီ... ထျန်းယွမ်ကမ္ဘာလောကထဲ ဝင်ဖို့ ဝိညာဉ်ကျောက်တုံးတွေ လုံလောက်သွားပြီ"
"အဲ့လောက်တောင် မြန်တာလား" ရှောင်လီ၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။
ထျန်းယွမ်ကမ္ဘာလောကထဲသို့ ဝင်ရောက်ရန် လူတစ်ဦးလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ လိုအပ်ကြောင်း သူ ကောင်းကောင်းသိထားပါ၏။
၎င်းမှာ ဝင်ကြေးသက်သက်သာ။
ထိုနေရာသို့ ရောက်သည်နှင့် အခြားအပိုကုန်ကျစရိတ်များလည်း ရှိလာမည်မှာ သေချာလှပါ၏။
ထိုစဉ် ဝူရှင်း၏ မျက်လုံးများလည်း ပြူးကျယ်သွားတော့သည်။
"ခန်းမဆောင်သခင်က ခုလေးတင် လာပြီးတော့ ပြီးခဲ့တဲ့လက အဆောင်ရောင်းရတဲ့ အမြတ်ငွေတွေကို လာပေးသွားတာလေ... ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရလာလဲဆိုတာ ခန့်မှန်းကြည့်ကြည့်" လုချင်းက ပြောလိုက်၏။
စိတ်အားထက်သန်နေသော လုချင်းက ရှောင်လီကို စနောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ဘယ်လောက်လဲ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်များလား" ရှောင်လီ၏ မျက်လုံးများက အရောင်လက်သွားလေ၏။
၎င်းနှင့် ဝူရှင်းတို့သည် ဤအချိန်တစ်လျှောက်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့ကြသဖြင့် အပြင်လောကအကြောင်းကို သိပ်မသိကြပေ။
သူတို့သိသည်မှာ လုချင်းသည် နေ့စဉ်နေ့တိုင်း အဆောင်များကို ကြိုးစားပမ်းစား ရေးဆွဲနေသည်ဆိုသောအချက်ပင် ဖြစ်သည်။
သူ၏ စိတ်ခံစားချက်ကို ကြည့်ရသလောက် သူတို့တွေ အမြတ်အစွန်းအတော်လေးကို ရထားပုံပေါ်လေ၏။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ" လုချင်းက ဖြည်းညင်းစွာ ပြောလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ၌ ရှောင်လီမှာ လုံးဝကို ဆွံ့အသွားလေ၏။
ဝူရှင်းမှာလည်း အနည်းငယ်မျှပင် ကွာခြားခြင်းမရှိပေ။ ဖြည်းညင်းစွာ ယိမ်းနွဲ့နေသော သူ၏ အမြီးဖျားလေးမှာ နေရာမှာတင် ရပ်တန့်သွားတော့သည်။
"အား... အားချင်း၊ မင်း ဘာပြောလိုက်တာလဲ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်... နှစ်သိန်းခွဲ ဟုတ်လား"
အတော်ကြာမှသာ ရှောင်လီမှာ အံ့သြတုန်လှုပ်မှုမှ ပြန်၍သက်သာလာတော့၏။ ပြူးကျယ်ကာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ၎င်းက ထစ်အစွာ မေးလိုက်လေသည်။ "အ….အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ ဟုတ်လား"
"ဟုတ်တယ်... နှစ်သိန်းခွဲ၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ပြောင်းရင်တော့ နှစ်ထောင့်ငါးရာပေါ့" လုချင်းက ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။
ရှောင်လီမှာ ထပ်မံ၍ ကြောင်အသွားရပြန်၏။
၎င်း၏ မျက်လုံးများမှာ ပြူးထွက်နေပြီး ပါးစပ်ကလည်း အဟောင်းသား ပွင့်နေတော့သည်။
အံ့သြမှင်သက်စွာဖြင့် တိတ်ဆိတ်နေပြီးနောက် ၎င်းက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်လေ၏။ "နှစ်သိန်းခွဲတဲ့... အဲဒါဆိုရင် ငါတို့တွေ ထျန်းယွမ်ကမ္ဘာလောကကို အချိန်မရွေး ဝင်လို့ရပြီပေါ့နော်"
"ဒါပေါ့... ငါ အစက ဝိညာဉ်ကျောက်တုံးတွေ လုံလောက်အောင် စုဖို့ အချိန်အတော်ကြာမယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ ဒီလောက်ထိ မြန်မြန်စုမိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးလေ"
"တစ်လမပြည့်ခင်မှာတင် ဒီလောက်ထိအများကြီး ရှာနိုင်တာ... အားချင်း၊ မင်းက တကယ့်ကို အံ့သြစရာကောင်းတာပဲ ပြီးတော့ ချန်းလန်မြို့က ကျင့်ကြံသူတွေကလည်း အရမ်းကို ချမ်းသာကြတာပဲနော်"
"ဟုတ်ပါ့ကွာ၊ သူတို့က တကယ်ချမ်းသာကြတာ" လုချင်းကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်လေ၏။
ဤအချိန်၌ သူ၏ မူလကမ္ဘာလောကတွင် ဝိညာဉ်ကျောက်တုံးများ ရှားပါးလှပုံကို သူ ပြန်တွေးမိသွားသည်။ ရှေးဟောင်းကျင့်ကြံခြင်းခေတ်တွင် ဂိုဏ်းအများစုသည် ဝိညာဉ်ကျောက်တုံးများကို မဟာဗျူဟာမြောက် အရင်းအမြစ်များအဖြစ် သတ်မှတ်ထားကြပြီး အမှန်တကယ် လိုအပ်မှသာလျှင် အသုံးပြုလေ့ရှိကြ၏။
သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများကဲ့သို့သော ထိပ်တန်းစွမ်းအားရှင်များသာလျှင် ၎င်းတို့ကို ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်စွမ်း ရှိကြပေသည်။
သို့သော် ဤရှောင်ချန်းကမ္ဘာတွင်မူ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် လုံးဝဆင်းရဲမွဲတေမနေပါက သူတို့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်စီတော့ ရှိနေတတ်ကြလေသည်။
ဤနေရာကို တာ့ယွမ်မသေမျိုးပိုင်နက်၏ ကြီးပွားတိုးတက်သော အချက်အချာဒေသဟု ခေါ်ဆိုကြသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ ဤနေရာနှင့် နှိုင်းယှဉ်လိုက်ပါက သူ၏ မူလကမ္ဘာလောကမှာ ခေါင်ဖျားသော ဒေသတစ်ခုဟုပင် သတ်မှတ်၍မရနိုင်လောက်အောင် ဖြစ်နေတော့၏။
"အားချင်း... ဒါဆို ငါတို့ ထျန်းယွမ်ကမ္ဘာလောကကို ဘယ်တော့ ထွက်ခွာကြမလဲ" ရှောင်လီက မေးလိုက်၏။
"ငါလည်း အဲဒီကိစ္စကို စဉ်းစားနေတာ" လုချင်းက အနည်းငယ် တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်။
"ငါတို့ ထွက်သွားမယ့်အချိန်ကို နည်းနည်းလောက် နောက်ဆုတ်လိုက်ရင်ရော ဘယ်လိုလဲ" ရှောင်လီက အကြံပြုလိုက်၏။ "မင်းက အဆောင်တွေဆွဲပြီး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှာနိုင်နေတာလေ... အခွင့်အရေးရှိတုန်းလေး အသုံးမချလိုက်ရရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့... ဒီလို အခွင့်ကောင်းမျိုး နောက်ထပ်ရလာမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
လုချင်း၏ တွေဝေမှုမှာလည်း ထိုအတွေးကြောင့်ပင် ဖြစ်၏။
သူ၏ မူလအစီအစဉ်မှာ ဝိညာဉ်ကျောက်တုံးများ လုံလောက်သည်နှင့်တစ်ပြိုင်နက် ထျန်းယွမ်ကမ္ဘာလောကသို့ ချက်ချင်းဝင်ရောက်ရန် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဤခရီးစဉ်တစ်ခုလုံး၏ ရည်ရွယ်ချက်ကလည်း ထိုအရာပင် ဖြစ်သည်မဟုတ်ပါလော။
ထို့ပြင် ချန်းလန်မြို့ကြီးသည် မတည်မငြိမ် ဖြစ်လာနေပြီကိုလည်း သူ ခပ်ရေးရေး ခံစားမိနေပါ၏။
ဤတစ်ကြိမ်တွင် သူသည် လူအများအပြား၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့လေပြီပင်။
ယခုအခါ သူ့အား သေဆုံးသွားစေရန် ဆန္ဒရှိနေသူများလည်း အများအပြား ရှိနေနိုင်ပေ၏။
ထို့ကြောင့် အလုံခြုံဆုံး လုပ်ရပ်မှာ စောစောစီးစီး ထွက်ခွာသွားခြင်းပင်။
သို့တိုင် သူ၏ အဆောင်များသည် ဤမျှလောက်အထိ ရေပန်းစားလာလိမ့်မည်ဟု သူသည်လည်း မမျှော်လင့်ထားခဲ့ပေ။ ယခင်က စိတ်ကူးပင် မယဉ်ဖူးသော စည်းစိမ်ချမ်းသာများကို လွယ်လွယ်ကူကူပင် စုဆောင်းနိုင်လောက်သည်အထိ ရေပန်းစားနေခဲ့လေ၏။
ထိုအကြောင်းကြောင့်ပင် သူသည် ဆုံးဖြတ်ချက်မချနိုင်ဘဲ ယိမ်းယိုင်နေမိတော့သည်။
"မင်းပြောတာလည်း မှန်ပါတယ်... စည်းစိမ်ဥစ္စာက လူ့စိတ်ကို လှုပ်ရှားစေနိုင်တယ်၊ ဒီလိုမျိုး သွေးဆောင်ဖြားယောင်းမှုကြီးရှေ့မှာ ငါ့ရဲ့ တာအိုနှလုံးသားတောင်မှ ယိမ်းယိုင်သွားခဲ့ပြီပဲ" လုချင်းက သက်ပြင်းချလိုက်လေ၏။
တစ်ချိန်က သူ၏ တာအိုနှလုံးသားမှာ မယိမ်းမယိုင် ခိုင်မာလှသည်ဟု သူ ယုံကြည်ထားခဲ့မိသည်။
သို့သော် ယခုအခါတွင်မူ ထိုသို့ဖြစ်ရခြင်းမှာ သူသည် ဤမျှကြီးမားသော သွေးဆောင်ဖြားယောင်းမှုကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသောကြောင့်သာ ဖြစ်ကြောင်း သူ သဘောပေါက်သွားလေပြီပင်။
ယခု သန်းနှင့်ချီသောဝိညာဉ်ကျောက်တုံးများကို စိုက်ကြည့်နေရချိန်တွင်တော့ သူသည် ယိမ်းယိုင်သွားမိကြောင်း ကိုယ်တိုင်သိရှိလိုက်ရ၏။
"မဖြစ်ဘူး... ဝိညာဉ်ကျောက်တုံးတွေ ရှာလို့ရနေတာက အဆုံးသတ်မရှိနိုင်ဘူး၊ လူကြီးလူကောင်းဆိုတာ ပြိုကျလုဆဲဆဲ နံရံအောက်မှာ မရပ်သင့်ဘူး..တကယ်လို့ ချန်းလန်မြို့က ဂနာမငြိမ်ဖြစ်လာနေပြီဆိုရင် ငါတို့ အမြန်ဆုံး ထွက်ခွာသွားတာက အကောင်းဆုံးပဲ"
ဤအတွင်းစိတ် ရုန်းကန်မှုက လုချင်း၏ စိတ်ဆန္ဒကို အားမနည်းသွားစေသည့်အပြင် သူ၏ အသိစိတ်ကိုလည်း ပို၍ပင် ထက်မြက်လာစေကာ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလိုက်လေ၏။
သူ၏ လက်ထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကျော် ရှိနေပြီဖြစ်ရာ အလွန်အချိန်ကြာမြင့်စွာ အသုံးပြုရန်အတွက် လုံလောက်နေပြီ ဖြစ်၏။
၎င်းတို့ကို ကျင့်ကြံခြင်းအတွက် သီးသန့်အသုံးပြုမည်ဆိုလျှင်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နောက်ဆုံးအဆင့် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားစေရန် တွန်းတင်ပေးနိုင်လောက်ပေသည်။
ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်တွင်တော့ လုချင်းက ခေါင်းခါလိုက်လေ၏။ "မလိုဘူး... ငါတို့ ထွက်ခွာဖို့ ပြင်ဆင်သင့်ပြီ"
"ငါတို့ တကယ်ကြီး ထွက်သွားကြတော့မလို့လား" ရှောင်လီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ အနည်းငယ် တွန့်ဆုတ်နေလေ၏။
၎င်းနှင့် ဝူရှင်းတို့သည် ဤကျင့်ကြံခြင်းဂူထဲတွင် ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့ကြပြီး သူတို့၏ တိုးတက်မှုကလည်း အလွန်ပင် မှတ်သားလောက်စရာ ဖြစ်နေခဲ့ပေသည်။
ရှောင်လီမှာ ရွှေအမြုတေအဆင့်၏ ပထမအသွင်ပြောင်းခြင်း ပြီးပြည့်စုံမှုအဆင့်သို့ပင် နီးကပ်နေပြီဖြစ်၏။
အကယ်၍ သူတို့သာ ချန်းလန်မြို့မှ ထွက်ခွာသွားပါက ဤမျှကောင်းမွန်သော ကျင့်ကြံခြင်း အခြေအနေမျိုးကို နောက်တစ်ကြိမ် ပြန်၍ရှာတွေ့နိုင်ပါမည်လားကို မည်သူက ပြောနိုင်မည်နည်း။
ထျန်းယွမ်ကမ္ဘာလောကသည် ရှောင်ချန်းကမ္ဘာထက် ပို၍အားကောင်းသည်ဟု လူတိုင်းက ပြောကြသော်လည်း သူတို့ အမှန်တကယ် မရောက်ရှိသေးသရွေ့တော့ မည်သူကများ အသေအချာ ပြောနိုင်မည်နည်း။
"လူတွေက စည်းစိမ်ကြောင့် သေကြရပြီး ငှက်တွေကတော့ အစားအစာကြောင့် သေကြရတယ်တဲ့၊ လောဘက မင်းရဲ့ အသက်ကို လွယ်လွယ်ကူကူပဲ နုတ်ယူသွားနိုင်တယ်လေ"
"ငါ ခံစားမိနေတယ်... အဆောင်အသစ်တွေ ပေါ်ထွက်လာတာက ချန်းလန်မြို့မှာ လှိုင်းဂယက်တွေ ထနေစေပြီဆိုတာကိုပေါ့"
"တကယ်လို့ အင်အားကြီး အဖွဲ့အစည်းတွေ အချင်းချင်းပဋိပက္ခတွေဖြစ်လာမယ်ဆိုရင်တော့ ငါတို့တွေ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"ဒါကြောင့် စောစောစီးစီး ထွက်သွားတာက ငါတို့ရဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ"
လုချင်းက ခိုင်မာပြတ်သားသော တည်ငြိမ်မှုဖြင့် ပြောလိုက်တော့သည်။
"ကောင်းပြီလေ... အားချင်းပြောတဲ့အတိုင်းပဲ ငါ လုပ်ပါ့မယ်"
တွန့်ဆုတ်နေသော်လည်း ရှောင်လီသည် လုချင်း၏ ဆုံးဖြတ်ချက်ကို သံသယမဝင်သင့်ကြောင်း ကောင်းစွာ သိရှိထားလေ၏။
၎င်းမှာ သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးမှ ခက်ခဲစွာ သင်ယူခဲ့ရသော သင်ခန်းစာတစ်ခုပင်တည်း။
"ဒါဆို ငါတို့ ခုချက်ချင်းပဲ ထွက်သွားကြတော့မလို့လား"
"အဲ့ဒီလောက်အထိတော့ အလျင်စလိုလုပ်ဖို့ မလိုသေးဘူး၊ တကယ်လို့ ငါတို့ အခုချက်ချင်း ပျောက်သွားမယ်ဆိုရင် ခန်းမဆောင်သခင်ကို ရှင်းပြဖို့ ခက်သွားလိမ့်မယ်လေ"
"နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြရအောင်... ရတနာခန်းမဆောင်အတွက် အဆောင်တွေ ထပ်ပြီး ရေးဆွဲဖို့ ငါ အာရုံစိုက်လိုက်ဦးမယ်၊ အနည်းဆုံးတော့ ငါ ကောင်းကောင်းမွန်မွန်နဲ့ နှုတ်ဆက်ထွက်ခွာလို့ ရတာပေါ့"
ထွက်ခွာရန် ဆုံးဖြတ်လိုက်သော်လည်း လုချင်းသည် အကြောင်းကြားခြင်းမရှိဘဲနှင့်တော့ ရုတ်တရက် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ပထမအချက်အနေဖြင့် သူသည် ဝိညာဉ်သစ္စာဆိုထားပြီး ရတနာခန်းမဆောင်၏ သခင်မနှင့် စာချုပ်ချုပ်ဆိုထားခဲ့၏။ ထိုအရာက သူ ဒီအတိုင်း လျစ်လျူရှုပြီး ထွက်သွား၍ရမည့်အရာမျိုး မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် အကယ်၍ သူသာ သတိပေးခြင်းမရှိဘဲ ပျောက်ကွယ်သွားပါက ရတနာခန်းမဆောင်ကို အကြပ်အတည်းဆီ တွန်းပို့သလို ဖြစ်သွားပေလိမ့်မည်။
သူသည် ပြီးခဲ့သောရက်သတ္တပတ်များအတွင်း ခန်းမဆောင်သခင်နှင့် အတူတကွ ကောင်းစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ရာ သူမအတွက် ရှုပ်ထွေးသော ပြဿနာများကို ချန်ထားခဲ့ရန်မှာ မှန်ကန်မည်မဟုတ်ပေ။
"ဒါက အဆင်ပြေပါတယ်... မကြာသေးခင်က ကျင့်ကြံနေရင်းနဲ့ တစ်ခုခု လှုပ်ရှားနေတာကို ငါ ခံစားမိတယ်လေ၊ နောက်ထပ် ရက်နည်းနည်းလောက်သာ အချိန်ရမယ်ဆိုရင် ငါ ပထမအသွင်ပြောင်းခြင်း ပြီးပြည့်စုံမှုအဆင့်ကိုတောင် ရောက်သွားနိုင်တယ်" ရှောင်လီက ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။
"အတော်ပဲ... မင်း အဲဒီအဆင့်ကို ရောက်သွားတာနဲ့ ငါတို့ ထွက်ခွာကြတာပေါ့" လုချင်းက ပြောလိုက်တော့သည်။
…
လုချင်းသည် ကြီးမားလှသော စည်းစိမ်ချမ်းသာများကို ရရှိပြီးနောက် ထွက်ခွာရန် ပြင်ဆင်နေစဉ်...
အခြားတစ်နေရာရှိ ကျင့်ကြံခြင်းဂူတစ်ခုတွင်မူ ဆရာချိုးမှာ အတော်လေးကို ဒေါသထွက်နေခဲ့လေပြီပင်။
"ဆရာ... ပြီးခဲ့တဲ့လက ကျွန်တော်တို့ရဲ့ အမြတ်အစွန်းတွေ ထက်ဝက်ကျော်လောက်အထိကို ထိုးကျသွားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ခန်းမဆောင်သခင်က ကျွန်တော်တို့ရဲ့ အဆောင်တွေကို စင်ပေါ်ကနေ ဖယ်ရှားလိုက်လို့ပါ" တပည့်တစ်ဦးက သတင်းပို့လိုက်၏။
"ထက်ဝက်ကျော်လောက်တောင် ဟုတ်လား..."
ဆရာချိုး၏ မျက်နှာထားက မှောင်မိုက်သွားတော့၏။
"ဟုတ်ပါတယ်... အဲဒါတောင်မှ အဆောင်အသစ်တွေ ထွက်လာလို့ ဖောက်သည်တွေ ပိုလာကြလို့သာပေါ့၊ တချို့က ကျွန်တော်တို့ရဲ့ ဝိညာဉ်လက်နက်တွေကို ဝယ်သွားကြသေးတယ်လေ... အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ ဝင်ငွေက ဒီ့ထက်ပိုပြီးတောင် ကျဆင်းသွားဦးမှာပါ"
"ဒါဆို မင်းပြောချင်တာက အဲဒီခွေးကောင်လေးကို ငါက ကျေးဇူးတင်ရမယ်ဆိုတဲ့သဘောလား" ဆရာချိုး၏ အသံမှာ အေးစက်နေလေ၏။
"မ... မဟုတ်ပါဘူး၊ တပည့်က အဲဒီလို မရည်ရွယ်ဝံ့ပါဘူး"
တပည့်ဖြစ်သူမှာ ဆရာဖြစ်သူ၏ အသံကြောင့် တုန်လှုပ်သွားပြီး အကြောက်လွန်ကာ ချက်ချင်းပင် ဒူးထောက်ချလိုက်တော့သည်။
ဆရာချိုးက ကြောက်ရွံ့တုန်လှုပ်နေသော တပည့်ဖြစ်သူကို လျစ်လျူရှုလိုက်ပြီး သူ၏ မျက်နှာမှာ မှုန်ကုပ်နေကာ အတွေးများထဲသို့ နစ်မြုပ်သွားလေ၏။
ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက်၌ သူက ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းက တော်တော် ယုတ်မာတဲ့ မိန်းမပဲ... မင်းက ဒီတံတားကို လုံးဝ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီဆိုမှတော့ ငါတို့ရဲ့ နှစ်ပေါင်းများစွာ ရဲဘော်ရဲဘက်သံယောဇဉ်ကို ငါ မေ့ပစ်လိုက်ရင်လည်း ငါ့ကို အပြစ်မတင်နဲ့တော့"
ထိုသို့ပြောပြီးသည်နှင့် သူ၏ သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်တော့၏။
၎င်းမှာ အမည်းရောင်အဆောင်တစ်ခုဖြစ်ပြီး ချိတ်ပိတ်ထားလျက်ရှိကာ ထူးဆန်းပြီး ရှုပ်ထွေးပွေလီနေသည့်ဂါထာမန္တန်များဖြင့် ဖုံးလွှမ်းထားပေသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ၎င်းထံမှ ဖြာထွက်နေခဲ့၏။
ထိုအမည်းရောင်အဆောင်ကို စိုက်ကြည့်နေစဉ် ဆရာချိုး၏ မျက်လုံးများက အကြံအစည်ဆိုးများဖြင့် နက်ရှိုင်းလာခဲ့တော့၏။ ထို့နောက်တွင်တော့ သူ၏စိတ်က လွန်ခဲ့သော ရက်အနည်းငယ်က သူ တွေ့ဆုံခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ထံသို့ လွင့်မျောသွားလေတော့သည်။
….