အခန်း ၅၃၄
Vol. 54 Ch. 534
အခန်း ၅၃၄ - လျှို့ဝှက်ချက်များနှင့် ရုတ်တရက် အပြောင်းအလဲ
ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်၏ စကားများကို ကြားသောအခါ ယန္တရားတစ်ထောင် အလုပ်ရုံ၏ အလုပ်ရုံသခင်သည် အနည်းငယ် တုန်ရီသွားပြီးနောက် သူ၏ရင်ထဲတွင် ဝမ်းသာပီတိများ လျှံတက်လာလေတော့သည်။ သခင်လေးယွီသည် ရတနာခန်းမဆောင်ကို သိသိသာသာ မကျေမနပ်ဖြစ်နေကြောင်း သူ နားလည်လိုက်၏။ ဤလူကသာ အရေးယူရန် ဆုံးဖြတ်လိုက်သရွေ့ ယန္တရားတစ်ထောင် အလုပ်ရုံ လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းက ချက်ချင်း ပြေလည်သွားနိုင်ပေသည်။
သို့သော်ငြားလည်း သူက သတိထားကာ "သခင်လေးယွီ... ရတနာခန်းမဆောင်ရဲ့ ခန်းမဆောင်သခင်က သာမန်လူမဟုတ်ဘူးလို့ ကျွန်တော် ကြားဖူးတယ်။ သူက အထက်ကမ္ဘာက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မယားငယ်လို့ ပြောကြတယ်ဗျ။ ဒါ့အပြင် ချန်းလန်မြို့မှာ စည်းကမ်းတွေလည်း ရှိသေးတယ်... ကုန်သွယ်ရေးလုပ်ငန်းတွေအကြား စီးပွားရေးယှဉ်ပြိုင်မှုကို ခွင့်ပြုထားပေမဲ့ အကြမ်းဖက်ပဋိပက္ခတွေကိုတော့ ခွင့်မပြုထားပါဘူး။ ပြီးတော့ ရတနာခန်းမဆောင်ရဲ့ ခန်းမဆောင်သခင်က မြို့စားမင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ပြောကြတယ်။ ဒါကြောင့် သူ စည်းကမ်းဖောက်ဖျက်ရင်တောင် မြို့စားမင်းက သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့အတွက် ကျွန်တော်တို့တွေ ဘယ်သူကမှ သူ့ကို ဘာမှလုပ်လို့မရဘူးဖြစ်နေတာပါ"
"အထက်ကမ္ဘာက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မယားငယ် ဟုတ်လား"
ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်သည် အံ့အားသင့်စွာဖြင့် ခေတ္တရပ်တန့်သွားပြီး သူ့နောက်တွင် ရပ်နေသော အဘိုးအိုတစ်ဦးကို လှည့်ကြည့်လိုက်လေ၏။
"သခင်လေး... ရတနာခန်းမဆောင်ရဲ့ ခန်းမဆောင်သခင် နာမည်က မော့ဟုန်ယွင်လို့ ခေါ်ပါတယ်" အဘိုးအိုက ပြန်ဖြေလိုက်သည်။
"မော့မိသားစုက လူတစ်ယောက်လား"
လူငယ်သည် အတော်လေး အံ့အားသင့်သွားပုံရတော့သည်။ အထက်ကမ္ဘာတွင် မော့မိသားစုသည် သူတို့၏ ကုန်းရှုမိသားစုနှင့် မယှဉ်နိုင်သော်လည်း သိပ်ပြီး အမည်မသိသည့် မိသားစုတော့ မဟုတ်ပေ။ မော့မိသားစုတွင် တတိယ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ဘိုးဘေးတစ်ဦး ရှိသည်ဟု ဆိုကြ၏။ အကယ်၍ ထိုသူကသာ နေရာလွတ်လျှို့ဝှက်ချက်၏ အနည်းငယ်မျှကို နားလည်သဘောပေါက်ပြီး စတုတ္ထ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပါက သူတို့ ကုန်းရှုမိသားစုနှင့် ယှဉ်နိုင်သည့် ဖြစ်နိုင်ခြေက မရှိသည်တော့ မဟုတ်ပေ။
သို့သော်လည်း...
"မော့မိသားစုက လူတစ်ယောက်က ငါတို့ ကုန်းရှုမိသားစုရဲ့ စီးပွားရေးကို ဝင်စွက်ဖက်ရဲတဲ့အထိ ဘယ်အချိန်ကစပြီး ရဲတင်းသွားရတာလဲ"
"မော့မိသားစုက သာမန်မိသားစုဝင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ ကုန်းရှုမိသားစုကို ရန်စဖို့ ဘယ်တော့မှ ရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယန္တရားတစ်ထောင် အလုပ်ရုံက သခင်မရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတစ်ခုသာသာပဲ ဖြစ်နေတာမလို့ပါ။ အလုပ်ရုံက ကုန်းရှုမိသားစုရဲ့ အမည်ခံကို တရားဝင် ဘယ်တုန်းကမှ မသုံးခဲ့တဲ့အတွက် သာမန်လူတွေက ကျွန်တော်တို့ကို ကြောက်ရမယ်ဆိုတာ မသိကြတာ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး မော့ဟုန်ယွင်ကို ဟယ်ဟွမ်ဂိုဏ်းက အကြီးအကဲတစ်ယောက်ကလည်း မျက်စိကျနေတယ်လို့လည်း ပြောကြပါတယ်။ ရွှေအမြုတေအဆင့်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို သူ ရောက်သွားတာနဲ့ အဲ့မော့ဟုန်ယွင်ကို မယားငယ်အဖြစ် သိမ်းပိုက်တော့မှာပါ။ ဒါကြောင့်လည်း အဲ့မော့ဟုန်ယွင်က အခုလို ရမ်းကားနေတာ မဆန်းပါဘူး"
"သူက ဟယ်ဟွမ်ဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့ မျက်စိကျတာကို ခံခဲ့ရတယ်ပေါ့လေ ဟုတ်လား... ဒါဆိုရင် ဘာလို့ သူက အောက်ကမ္ဘာမှာ ရှိနေသေးတာလဲ" ယခုတော့ ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်မှာ တကယ့်ကို အံ့အားသင့်သွားလေပြီပင်။
"သူက အဲဒီအကြီးအကဲနဲ့ သဘောတူညီချက်တစ်ခုခု လုပ်ခဲ့တယ်လို့တော့ ကောလာဟလတွေ ထွက်နေပါတယ်။ အဲ့အကြီးအကဲက သူ့ကို လွတ်လပ်ခွင့် အနှစ်ငါးဆယ် ပေးခဲ့တာပါ။ အချိန်စေ့သွားရင်တော့ ဟယ်ဟွမ်ဂိုဏ်းကို သူ့သဘောဆန္ဒအလျောက် သွားရမှာပါ" အဘိုးအိုက ရှင်းပြလိုက်လေ၏။
"သြော်... နားလည်ပြီ။ ဒါကြောင့်လည်းပဲ သူက ဒီလောက်ထိ ရမ်းကားရဲတာကိုး။ သူ့ရဲ့ သွေးကြောဆက်နွှယ်မှုမှာ ထူးခြားတဲ့အရာတစ်ခုခု ရှိနေတဲ့ပုံပဲ။ အဲ့လိုမှမဟုတ်ရင် အဲဒီအကြီးအကဲကလည်း ဒီလို စည်းကမ်းချက်တွေကို ဘယ်တော့မှ လက်ခံခဲ့မှာ မဟုတ်ဘူးလေ" လူငယ်က ရုတ်တရက် သဘောပေါက်သွားသလို ခေါင်းညိတ်လိုက်တော့သည်။
ယန္တရားတစ်ထောင် အလုပ်ရုံ၏ အလုပ်ရုံသခင်နှင့် အနီးအနားရှိ အခြားသူများမှာ ထိုစကားများကို ကြားသောအခါ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားလေ၏။ ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်သည် အထက်ကမ္ဘာမှ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးနှင့် တကယ်ကို နက်ရှိုင်းသော ဆက်နွှယ်မှု ရှိနေခဲ့သည်ပင်။
"ကျွန်တော်လည်း ဒီလိုပဲ ယုံကြည်ပါတယ်... ဟယ်ဟွမ်ဂိုဏ်းက အမြဲတမ်း ဗိုလ်ကျစိုးမိုးတတ်တယ်။ တကယ်လို့ မော့ဟုန်ယွင်သာ တစ်နည်းနည်းနဲ့ ထူးခြားမှုမရှိဘူးဆိုရင် ဂိုဏ်းဆီ အစောကြီးကတည်းက ရောက်ပြီးနေလောက်ပါပြီ၊ အပေးအယူလုပ်ဖို့အတွက်လည်း အခွင့်အရေးတောင် ရခဲ့မှာ မဟုတ်ဘူး" အဘိုးအိုက ရိုသေစွာ ပြောဆိုလေသည်။
"ဟမ့်... ဟယ်ဟွမ်ဂိုဏ်းဖြစ်တော့ကော ဘာဖြစ်လဲ။ ငါတို့ ကုန်းရှုမိသားစုက သူတို့ကို ကြောက်ရမယ်လို့ ထင်နေတာလား။ သူတို့က ဒီလိုမျိုး ဝင်စွက်ဖက်ရဲတယ်ဆိုရင် အဲဒီလက်ကို ခုတ်ပစ်မယ့်သူက ငါပဲ ဖြစ်လိမ့်မယ်။ သူက အဲ့ဒီအကြီးအကဲရဲ့ မယားငယ်သာသာပဲလေ... ဘယ်လိုလုပ် ဒီလောက်ထိ မိုက်ရိုင်းရဲရတာလဲ။ သူ့ရဲ့ ကျောထောက်နောက်ခံကိုယ်တိုင် လာရင်တောင်မှ ငါတို့ ကုန်းရှုမိသားစုရှေ့မှာ အာဏာပြရဲမှာ မဟုတ်ဘူး။ ရှင်းပေါ်... သူ့ကို ငါ့ဆီ ခေါ်လာခဲ့။ ငါတို့ ကုန်းရှုမိသားစုရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ခိုးယူရဲတဲ့ အဲဒီအရှက်မရှိတဲ့ မိန်းမက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါကြည့်ချင်တယ်"
ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်က ခပ်အေးအေး နှာမှုတ်လိုက်ပြီး သူ့နောက်တွင် ရပ်နေသော အစေခံအိုကြီးကို အမိန့်ပေးလိုက်၏။
"သခင်လေး... ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး... မော့ဟုန်ယွင်ကို ဖမ်းဖို့က လွယ်ကောင်းလွယ်နိုင်ပေမဲ့ ချန်းလန်မြို့ရဲ့ မြို့စားမင်းကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ သူက နန်ကုန်းမိသားစုဝင် တစ်ယောက်ပါ" အခြားအကြီးအကဲတစ်ဦးက အလျင်အမြန် အကြံပေးလိုက်သည်။
"နန်ကုန်း မိသားစုဝင်တစ်ယောက် ဟုတ်လား" လူငယ်က မျက်မှောင်ကြုတ်လိုက်တော့၏။ ကုန်းရှုမိသားစုနှင့် နန်ကုန်းမိသားစုသည် မဟာမိတ်များ လုံးဝမဟုတ်ပေ။
"ဟုတ်ပါတယ်... သူက နန်ကုန်းမိသားစုရဲ့ 'ယွမ်' မျိုးဆက်က ဖြစ်ပြီး သူကိုယ်တိုင်လည်း သန္ဓေသားဝိညာဉ်အဆင့်မှာ ရှိနေပါတယ်။ ဒါ့အပြင် သူက ချန်းလန်မြို့ရဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီးကိုလည်း ထိန်းချုပ်ထားပါတယ်။ တကယ်လို့ သူသာ ဝင်စွက်ဖက်မယ်ဆိုရင် ကျွန်တော်နဲ့ အကြီးအကဲရှင်း ပူးပေါင်းရင်တောင်မှ သူ့ကို တားနိုင်မှာ မဟုတ်ပါဘူး"
ဤစကားကို ကြားသောအခါ၌ လူငယ်သည် နှုတ်ဆိတ်သွားတော့လေ၏။ အကယ်၍သာ ၎င်းသည် အမှန်တကယ်ဖြစ်နေပါက ဤအခြေအနေသည် အတော်လေးကို ပြဿနာများပေသည်။
"သခင်လေးယွီ စိတ်ပူနေစရာ မလိုပါဘူး... ဒီအစေခံအိုကြီးမှာ ရတနာခန်းမဆောင်ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လို့ရမယ့် အစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒီလောက်ဆို မြို့စားမင်းတောင် ဝင်ပါဖို့ အကြောင်းပြချက် ရှိမှာမဟုတ်ပါဘူး" ယန္တရားတစ်ထောင် အလုပ်ရုံ၏ အလုပ်ရုံသခင်သည် အခွင့်အရေးကို အလျင်အမြန်ပင် ဆုပ်ကိုင်ကာ ဝင်ပြောလိုက်တော့၏။
"ဪ... ခင်ဗျားမှာ အစီအစဉ်ရှိတယ်ပေါ့လေ။ ပြောစမ်းပါဦး... တကယ်လို့ အဲဒါကသာ တကယ်အလုပ်ဖြစ်မယ်ဆိုရင် ခင်ဗျားရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ ငါစဉ်းစားကြည့်ပေးမယ်"
လူငယ်က သူ့ကို လှမ်းကြည့်လိုက်လေ၏။
အလုပ်ရုံသခင်၏ ရင်ထဲတွင် ဝမ်းသာမှုများ ပေါက်ကွဲထွက်လာတော့သည်။ ဤသည်မှာ သူစောင့်မျှော်နေခဲ့သော အခိုက်အတန့်ပင်။
"ဒီလိုပါ... ကျွန်တော် အရာအားလုံးကို ကြိုတင်စီစဉ်ပြီးသားပါ။ ရတနာခန်းမဆောင်ထဲမှာ မိစ္ဆာစွမ်းအင်တွေ ထည့်သွင်းထားတဲ့ အမည်းရောင်အဆောင်တစ်ခုကို မြှုပ်နှံထားပြီးပြီ။ မိစ္ဆာစွမ်းအင်တွေ ပေါက်ကွဲထွက်လာတာနဲ့ ရတနာခန်းမဆောင်က မိစ္ဆာကျင့်ကြံသူတွေကို လက်ခံကူညီပေးထားတယ်လို့ အများက မြင်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ မြို့စားမင်းတောင် သူတို့ကို ကာကွယ်ပေးရဲမှာ မဟုတ်တော့ပါဘူး..."
သူ၏ အစီအစဉ်ကို ပြောပြပြီးသွားသောအခါ၌ ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်၏ မျက်နှာသည် ဝမ်းသာအားရမှုဖြင့် လင်းလက်သွားတော့လေ၏။ ပြီးနောက်၌ သူက လက်ခုပ်တီးကာ ရယ်မောလိုက်တော့သည်။
"ဟား... ဒါက အရမ်းကောင်းတဲ့ အစီအစဉ်ပဲ။ မိစ္ဆာတွေကို နှိမ်နင်းတာက မှန်ကန်တဲ့ကိစ္စဆိုတော့ ဘယ်သူမဆို လုပ်နိုင်တယ်လေ။ နန်ကုန်းမိသားစုက လူတောင်မှ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို ပွင့်ပွင့်လင်းလင်း ကာကွယ်ပေးရဲမှာ မဟုတ်ဘူး။ ကောင်းပြီလေ... ခင်ဗျားပြောတဲ့အတိုင်းသာ လုပ်လိုက်။ ဟယ်ဟွမ်ဂိုဏ်းက အကြီးအကဲရဲ့ မျက်နှာသာပေးတာကို ခံရတဲ့ အဲ့ဒီအမျိုးသမီးက ဘာများထူးခြားနေလဲဆိုတာကို ငါလည်း သိချင်မိသား"
"ဒါဆိုရင် ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"
သူ၏အမှားများအတွက် ပြန်လည်ပေးဆပ်ရန် စိတ်အားထက်သန်နေသော အလုပ်ရုံသခင်သည် တစ်ခဏမျှပင် အချိန်မဆွဲရဲတော့ဘဲ အစီအစဉ်ကို ကိုယ်တိုင်ကြီးကြပ်ရန် အပြေးအလွှား ထွက်သွားလေတော့သည်။ မကြာမီမှာပင် ယန္တရားတစ်ထောင် အလုပ်ရုံမှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ထွက်ခွာသွားလေ၏။ ရတနာခန်းမဆောင် တည်ရှိရာ လမ်းမဆီသို့ ရောက်ရှိလာသောအခါ၌ ထိုသူ၏ အငွေ့အသက်က ပြောင်းလဲသွားတော့သည်။ သူတို့၏ အသွင်အပြင်သည် ရိုးရိုးရှင်းရှင်း ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွား၏။
ထို့နောက်၌ သာမန် ဈေးဝယ်သူတစ်ဦးဟန်ဆောင်ကာ ရတနာခန်းမဆောင်အတွင်းသို့ သူ ဝင်ရောက်သွားလေ၏။
မကြာမီမှာပင် သူ၏ကျင့်ကြံရေးဂူအတွင်း နက်ရှိုင်းသော နေရာတွင် ရှိနေသော ဆရာချိုးသည် သိမ်မွေ့သော အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရပြီး ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုအဆောင်တွင် ပေါ်လာသော စာကို ဖတ်လိုက်ရသောအခါ၌ ပြင်းထန်သော တုန်လှုပ်မှုတစ်ခုက သူ၏နှလုံးသားကို ကိုင်လှုပ်သွားပြီး အတိုင်းမသိ ဝမ်းသာပီတိများက လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာတော့၏။ ကံကောင်းထောက်မစွာဖြင့် သူသည် အကြံအစည်ကြီးမားသူဖြစ်ရာ ဝမ်းသာမှုကို ဖိနှိပ်ထားနိုင်ခဲ့ပြီး သူ၏မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မပေါ်စေရန် ထိန်းချုပ်ထားနိုင်ခဲ့သည်။
သူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ရှီထို... အပြင်သွားပြီး တစ်ယောက်ယောက်ဆီကနေ ငါ့အတွက် ပစ္စည်းတစ်ခု သွားယူပေးစမ်း"
"ဟုတ်ကဲ့ပါ ဆရာ" ရှီထိုအမည်ရှိ တပည့်ဖြစ်သူက ရိုသေစွာ အမိန့်ခံယူပြီးနောက်၌ ကျင့်ကြံခြင်းဂူထဲမှ ထွက်ခွာသွားတော့သည်။
ဆရာချိုးသည် ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်မှ သူ၏အမှားများကို ပြန်လည်သုံးသပ်ရန်အတွက် ဂူအတွင်း တစ်လတိတိ တံခါးပိတ်နေထိုင်ရန် ပြစ်ဒဏ်ပေးခံထားရသော်လည်း သူ၏တပည့်များမှာမူ အလားတူ ပြစ်ဒဏ်မျိုးကို မခံရဘဲ လွတ်လပ်စွာ သွားလာခွင့် ရှိနေသေးသည်။ မကြာမီမှာပင် ရှီထို ပြန်ရောက်လာပြီး သူ့ဆရာအား သိုလှောင်ရေးအိတ်တစ်ခုကို ကမ်းပေးလိုက်လေ၏။
"ဆရာ... ဒါက ဆရာပြောတဲ့သူဆီက ပစ္စည်းပါ"
"ကောင်းပြီ... မင်း သွားလို့ရပြီ" ဆရာချိုးသည် အိတ်ကိုယူကာ လက်ယမ်းပြလိုက်တော့သည်။
တပည့်ဖြစ်သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် အိတ်ပေါ်ရှိ အသေးစား ကန့်သတ်ချက်ကို စိတ်အားထက်သန်စွာဖြင့် ချိုးဖျက်လိုက်ပြီး သူ၏ အာရုံကို အတွင်းသို့ ပို့လွှတ်လိုက်လေ၏။ နောက်တစ်ခဏတွင်တော့ အတွင်းရှိ ဝိညာဉ်အာနိသင်များ လျှံကျလုမတတ် ပြည့်နှက်နေသော ဝိညာဉ်ကျောက်တုံးလေးများ၏ အစုအဝေးကို ခံစားလိုက်ရသောအခါ၌ သူ့မျက်နှာပေါ်ရှိ အတိုင်းမသိ ဝမ်းသာပီတိကို မထိန်းချုပ်နိုင်တော့ပေ။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ဒီလိုလွယ်လွယ်လေးနဲ့ ရသွားတာပဲ"
အိတ်ကို ကိုင်ထားသော သူ၏လက်များပင် အနည်းငယ် တုန်ရီနေတော့သည်။ သူသည် ရတနာခန်းမဆောင်တွင် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သော်လည်း သူစုဆောင်းထားသမျှ ဝိညာဉ်ကျောက်တုံးများအားလုံး ပေါင်းလျှင်ပင် ဤပမာဏနှင့် နီးစပ်နိုင်မည်မဟုတ်ပေ။
ဤအခွင့်အရေးတစ်ခုတည်းက သူ့ကို ဤမျှကြီးမားသော စည်းစိမ်ဥစ္စာကို ရရှိစေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ ဝမ်းသာပီတိဖြစ်နေစဉ်မှာပင် သူ့လက်ထဲရှိ အထူးဆက်သွယ်ရေးအဆောင်က ထပ်မံ၍တုန်ခါလာပြန်၏။ ၎င်းကို စစ်ဆေးကြည့်လိုက်သောအခါ၌ သူ၏မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"သူတို့က ချက်ချင်း လှုပ်ရှားချင်တာလား... ဒီလောက်မြန်မြန်ကြီးလား"
ဆရာချိုး တွေဝေသွားလေသည်။ သူတို့၏ သဘောတူညီချက်အရတော့ ပြင်ဆင်မှုများအားလုံး ပြီးစီးသည်အထိ စောင့်ဆိုင်းပြီးမှသာ အရေးယူဆောင်ရွက်ရမည်ပင်။
ယခုတော့ တစ်ဖက်လူက စောစောစီးစီး လှုပ်ရှားချင်နေသည်လော။
သူ့မှာ သေချာသော ထွက်ပေါက်တစ်ခုကိုပင် မပြင်ဆင်ရသေးချေ။ ဤကိစ္စ ပေါ်ပေါက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ရတနာခန်းမဆောင်တွင် ဆက်နေ၍မရနိုင်တော့ကြောင်းကို သူ ကောင်းကောင်း သိထားပါ၏။ ထို့အတူ ချန်းလန်မြို့ကလည်း သူ ဆက်နေ၍ရမည့် နေရာမဟုတ်တော့ပေ။ သူ၏ မူလအစီအစဉ်မှာ သူ၏ထွက်ပေါက်ကို သေချာအောင် လုပ်ပြီးမှသာ လှုပ်ရှားရန်ဖြစ်သည်။
သူ အတန်ကြာ တွေဝေနေပြီးနောက်တွင် သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံးများ အပြည့်ပါသော အိတ်ကို တစ်ချက်ကြည့်လိုက်ရာ ရုတ်တရက် သူ့မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက လက်ခနဲ ဖြစ်သွားလေတော့၏။
ဤအရာများသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြစ်သည်။
အကယ်၍ သူသာ ဤအခွင့်အရေးကို လက်လွှတ်ခံလိုက်ပါက ဤမျှများပြားသော ပမာဏကို ရရှိမည့် အခွင့်အရေးမျိုး နောက်ထပ်တစ်ကြိမ် ကြုံတွေ့ရမည် မဟုတ်တော့ပေ။ တစ်ဖက်တွင်လည်း ဤပမာဏဖြင့် သူသည် အထက်ကမ္ဘာသို့ ခရီးသွားရန်နှင့် သူ၏ ရွှေအမြုတေကို သန့်စင်ရန်အတွက် ဝိညာဉ်ဆေးလုံးတစ်လုံး ဝယ်ယူရန် လုံလောက်သော အရင်းအနှီး ရရှိမည်ပင်။ နောင်တစ်ချိန်တွင် အဆင့်မြင့် ရွှေအမြုတေကို ရရှိရန်၊ ရွှေအမြုတ နှောင်းပိုင်း အဆင့်ကို ဖြတ်ကျော်ရန်၊ သို့မဟုတ် သန္ဓေသားဝိညာဉ်၏ လျှို့ဝှက်ချက်များကိုပင် တွေ့မြင်နိုင်ရန် မျှော်လင့်ချက်အနည်းငယ်ပင် ရှိလာနိုင်ပေ၏။
ထိုအတွေးနှင့်အတူ ဆရာချိုး၏ တွေဝေမှုများ ပျောက်ကွယ်သွားတော့သည်။ အရာအားလုံးကို သိမ်းဆည်းပြီးနောက်တွင်တော့ သူသည် သူ၏တရားထိုင်ရာ အခန်းထဲမှ ထွက်လာလိုက်ကာ ကျင့်ကြံခြင်းဂူ၏ အဝင်ဝဆီသို့ ဦးတည်သွားတော့လေ၏။
"ဆရာ... ဘယ်သွားမလို့လဲ။ ခန်းမဆောင်သခင်က ဆရာ့ကို ဂူထဲကနေ တစ်လတိတိ ထွက်ခွင့်မရှိဘူးလို့ ပြောထားတယ် မဟုတ်လား" တပည့်တစ်ဦးက သူ့ကိုမြင်သောအခါ၌ ချက်ချင်း သတိပေးလေသည်။
"ဘာလဲ... ငါ ဘယ်သွားသွား မင်းဆီကနေ ခွင့်ပြုချက်တောင်းရမှာလား" ဆရာချိုး၏ မျက်နှာက မှုန်ကုပ်သွားတော့၏။
"ဒီတပည့်က မဝံ့ရဲပါဘူးဗျာ"
တပည့်ဖြစ်သူက ချက်ချင်း တိတ်ဆိတ်သွားပြီး ထပ်မမေးရဲတော့ပေ။ ထိုအခြေအနေကို မြင်သောအခါ အခြားသူများကလည်း ပါးစပ်ပိတ်ထားကြပြီး သူတို့၏ဆရာ ဂူထဲမှ ထွက်ခွာသွားသည်ကိုသာ ကြည့်နေကြလေတော့သည်။
အပြင်သို့ရောက်ပြီးနောက်၌ ဆရာချိုးသည် အချိန်မဖြုန်းတော့ချေ။ သူ၏တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် နည်းစနစ်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်ပြီး လုချင်း၏ ကျင့်ကြံခြင်းဂူဆီသို့ လျင်မြန်စွာ သွားနေစဉ် သူ၏အငွေ့အသက်များကို ဖိနှိပ်ထားလိုက်၏။
ရွှေအမြုတေအဆင့်၏ ဆဋ္ဌမအသွင်ပြောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဆရာချိုး၏ ဖုံးကွယ်ခြင်းနည်းစနစ်မှာ သဘာဝကျကျပင် အစွမ်းထက်လှသည်။ လမ်းတစ်လျှောက်တွင် သူဖြတ်ကျော်လာခဲ့သော အစေခံမလေးများ သို့မဟုတ် အကူအညီပေးသူများထဲတွင် မည်သူကမျှ သူရှိနေမှန်းပင် မသိကြပေ။ သေချာသည်မှာ ဤသည်က ရတနာခန်းမဆောင်၏ လက်ရှိ စည်ကားသိုက်မြိုက်နေမှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ လူတိုင်းလိုလို၏ အာရုံစိုက်မှုက အရှေ့ဘက်ခန်းမဆောင်ဆီသို့သာ ရောက်ရှိနေသဖြင့် ဆရာချိုးအတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးနေတော့၏။
မကြာမီမှာပင် သူသည် လုချင်း၏ နေအိမ်အနီးရှိ လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ရောက်ရှိသွားတော့၏။ သိသိသာသာပင် သူ၏ကိုယ်ပိုင်ဂူထက် များစွာသာလွန်နေသော ကျင့်ကြံခြင်းဂူကို စိုက်ကြည့်နေစဉ် ဆရာချိုး၏ မျက်နှာမှာ ခါးသီးသော မနာလိုမှုများဖြင့် ရှုံ့တွသွားတော့သည်။
လုချင်း၏ နေထိုင်သည့်နေရာသည် သန္ဓေသားဝိညာဉ်အဆင့်ရှိ ကျင့်ကြံခြင်းဂူတစ်ခုဖြစ်ပြီး ဆရာချိုး၏ကိုယ်ပိုင်ဂူထက် အဆင့်တစ်ဆင့်လောက်တောင် လုံးဝကို ပိုမြင့်မားနေပါ၏။ ထိုနေရာက သူရသင့်သော နေရာတစ်ခုဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ဘယ်ကနေဘယ်လို ထွက်လာမှန်းမသိသော နာမည်မရှိသည့် ကောင်လေးတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရလေသည်။
"လူငယ်လေး... မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တော့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့။ အရမ်းကို မောက်မာလွန်းပြီး ဆင်ခြင်ရကောင်းမှန်း မသိတဲ့အတွက်ပေါ့။ ဒီမြို့ထဲက အင်အားစု အများကြီးရဲ့ အကျိုးစီးပွားတွေကို အကျိုးဆက်မရှိဘဲနဲ့ မင်း ဝင်စွက်ဖက်နိုင်မယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား။ ဒီကံကြမ္မာကို မင်းကိုယ်တိုင်ကပဲ ဖန်တီးခဲ့တာပဲ"
သူ၏ရင်ထဲတွင် ခါးသီးသော နာကြည်းမှုများနှင့်အတူ ဆရာချိုးသည် သူ၏သိုလှောင်ရေးအိတ်ထဲမှ အမည်းရောင်အဆောင်တစ်ခုကို ထုတ်ယူလိုက်တော့၏။
ထိုအဆောင်ကို အစွမ်းထက်သော ကန့်သတ်ချက်များဖြင့် ချိတ်ပိတ်ထားသဖြင့် ဂါထာမန္တန်အက္ခရာများနှင့် ဝင်္ကပါလမ်းစဉ်ကို ကျွမ်းကျင်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးမှသာ ၎င်းကို ဖြေလျှော့နိုင်မည်ပင်။ ထို့ကြောင့်လည်း ယန္တရားတစ်ထောင် အလုပ်ရုံသည် ဆရာချိုးကို လာဘ်ထိုးရန်အတွက် ဤမျှလောက်အထိ ကြိုးပမ်းအားထုတ်ခဲ့ပြီး ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရခြင်း ဖြစ်လေသည်။
ထိုသည်မှာ သူက ရတနာခန်းမဆောင်အတွင်းမှ လူတစ်ဦးဖြစ်သဖြင့် သူတို့၏အကြံအစည်ဖြစ်မြောက်ရေးအတွက် ပိုမိုလွယ်ကူစေသောကြောင့်သာ မဟုတ်ပေ။ သာမန် ကျင့်ကြံသူတစ်ဦးက ဤအဆောင်ပေါ်ရှိ ချိတ်ပိတ်ထားသည်ကို လုံးဝ ချိုးဖျက်နိုင်မည်မဟုတ်သောကြောင့်လည်း ပါပါ၏။ ရတနာခန်းမဆောင်အတွင်းသို့ ရွှေအမြုတေအဆင့် မန္တန်အဆောင် ဆရာသခင်တစ်ဦးကို ခိုးဝင်ခိုင်းခြင်းက လွန်စွာအန္တရာယ်များလှပေသည်။
ထို့အတွက်ကြောင့်သာ သူတို့သည် လောလောဆယ်တွင် ဆရာချိုး၏ လောဘကို သည်းခံနေခဲ့ရခြင်း ဖြစ်တော့၏။
ထို့နောက် ဆရာချိုးသည် ထိုအဆောင်ကို ပေးခဲ့သူထံမှ ရရှိထားသော လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်။
တဖြည်းဖြည်းချင်း သူသည် အမည်းရောင်အဆောင်ပေါ်ရှိ ကန့်သတ်ချက်အလွှာများကို စတင်ဖယ်ရှားလိုက်တော့၏။ အလွှာတစ်ခုစီကို ဖယ်ရှားလိုက်တိုင်း သူ၏ရင်ထဲသို့ ကြောက်ရွံ့မှုတစ်ခုက တဖြည်းဖြည်း တွားသွားဝင်ရောက်လာခဲ့လေသည်။
"ဒီအရာထဲမှာ ဘာတွေများ ချိတ်ပိတ်ထားတာလဲ"
ဆရာချိုး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာတော့သည်။ သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားတော့မည့်အလား အမည်းရောင်အဆောင်အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို သူ ခံစားနိုင်ပါ၏။
"ဒါက သန္ဓေသားဝိညာဉ်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားတစ်ခုခုနဲ့ ဆက်နွှယ်နေတဲ့ဟာ ဖြစ်ရမယ်"
ရုတ်တရက် သူကိုင်တွယ်နေသည့်အရာ၏ ဖိအားကို သဘောပေါက်သွားသော် သူ၏လက်များကိုပင် ဖောက်ထွင်းလောင်ကျွမ်းစေနိုင်သည်အထိ ပူလောင်နေသော ကန်စွန်းဥတစ်လုံးကို ကိုင်ထားရသကဲ့သို့ ခံစားလိုက်ရတော့သည်။ အမှားတစ်ချက်လုပ်မိပါက သူပါ ထိုအရာနှင့်အတူ တွင်းနက်ကြီးထဲသို့ ဆွဲချခံရနိုင်ပါ၏။ သို့သော် ဤအထိရောက်လာပြီးမှတော့ နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။ သူက အံကိုကြိတ်ကာ ချိတ်ပိတ်ထားသည်ကိုပဲ ဆက်၍ဖြည်ချလိုက်တော့သည်။
သို့သော်ငြားလည်း သူသည် အဆောင်ကို တိုက်ရိုက်ကိုင်ထားရန် မဝံ့ရဲတော့ပေ။ ထိုအစား ၎င်းကို လေထဲတွင် တွဲလောင်းဆိုင်းထားစေပြီး လက်ဟန်သင်္ကေတ အစီအစဉ်များကို လျင်မြန်စွာ ဖွဲ့စည်းကာ ၎င်းတို့ကို အဆောင်ထဲသို့ ပို့လွှတ်လိုက်တော့၏။
ဤနည်းလမ်းက အခြားသူများကို သတိပေးနိုင်သည့် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေမည်ဖြစ်သော်ငြား သူ ဂရုမစိုက်နိုင်တော့ချေ။ ဤအဆောင်ထဲတွင် ချိတ်ပိတ်ထားသောအရာက အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းသည်ဟု သူခံစားနေရလေသည်။ အကယ်၍ ၎င်းသာ ပေါက်ကွဲထွက်လာပါက ဖရိုဖရဲဖြစ်မှုများကို ရှောင်လွှဲ၍မရနိုင်တော့ပေ။ ထိုအချိန်ရောက်လျှင် သူ့ကို ရှာတွေ့သွားခဲ့လျှင်တောင်မှ ရတနာခန်းမဆောင်သည် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အတော်လေးကိုမှ အလုပ်များနေလိမ့်မည်သာ။
သူ၏ လက်ဟန်သင်္ကေတများ မြန်ဆန်လာသည်နှင့်အမျှ ကန့်သတ်ချက်များ ပြေလျော့သွားသည့် အရှိန်ကလည်း မြန်ဆန်လာတော့သည်။ မကြာမီတွင် နောက်ဆုံး အလွှာအနည်းငယ်သာ ကျန်တော့၏။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ ဝိညာဉ်စွမ်းအင်အတက်အကျများသည် အနီးအနားရှိ အစောင့်များ၏ အာရုံကို ဆွဲဆောင်သွားတော့၏။
"ဆရာချိုး... ခင်ဗျား တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား"
အစောင့်တစ်ဦးက စုံစမ်းရန် ရောက်ရှိလာပြီးနောက်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့ဩမှင်သက်သွားတော့သည်။
ဆရာချိုးသည် ခန်းမဆောင်သခင်ဆီမှ တစ်လတိတိ တံခါးပိတ်နေထိုင်ရန် ပြစ်ဒဏ်ပေးခံထားရသည် မဟုတ်ပါလော။
သူက ဘာလို့ ဒီမှာ ရောက်နေရတာလဲ။
အစောင့်ကို ပို၍ အံ့အားသင့်စေသည်မှာ သူ့ရှေ့ရှိ ထူးဆန်းသော မြင်ကွင်းကြောင့်ပင်ဖြစ်၏။
အမည်းရောင်အဆောင်တစ်ခုက လေထဲတွင် ပေါ်လောပေါက်နေပြီး တွန့်လိမ်ကာ နိမိတ်မကောင်းသော အလင်းရောင်များ ထွက်ပေါ်နေလေ၏။
"ဆရာချိုး... ခင်ဗျား ဘာလုပ်နေတာလဲ"
တစ်ခုခုက တော်တော်လေးကို မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အစောင့်က သတိပေးကာ အော်ဟစ်လိုက်တော့သည်။ သို့သော် ဆရာချိုးကတော့ သူ့ကို လုံးဝလျစ်လျူရှုထားလေသည်။ သူ၏လက်များသည် ပိုပိုပြီးမြန်ဆန်စွာဖြင့် ရွေ့လျားနေပြီး လောင်ကျွမ်းနေသော အရှိန်အဟုန်ဖြင့် လက်ဟန်သင်္ကေတများကို ဖွဲ့စည်းနေတော့၏။
အစောင့်သည်လည်း အချိန်မဆွဲတော့ချေ။ သူ၏ ဝိညာဉ်ဓားကို အသက်သွင်းကာ ဆရာချိုးထံသို့ ဓားအလင်းလှိုင်းများကို ထုတ်လွှတ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် လျင်မြန်စွာဖြင့် ဆုတ်ခွာသွားလိုက်ပြီး ခေါင်းလောင်းပုံစံ ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူကာ သူ၏စွမ်းအားကုန်သုံး၍ မြည်စေလိုက်တော့သည်။
ဆရာချိုးသည် ရွှေအမြုတေအဆင့်၏ ဆဋ္ဌမအသွင်ပြောင်းခြင်းရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း ပထမအသွင်ပြောင်းခြင်းအဆင့်ရှိသည့် အငယ်တန်းအဆင့် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ကိုင်တွယ်နိုင်သည်ထက်တော့ အများကြီး သာလွန်နေသေးပါ၏။
အဆင်ခြင်ကင်းမဲ့စွာဖြင့် ဝင်လုံးခြင်းက သူ့ဘဝကို စွန့်ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
အကောင်းဆုံး အစီအစဉ်မှာ အကူအညီတောင်းပြီး အချိန်ဆွဲရန်သာ။
သို့ပေသိ အစောင့်၏ ဓားအလင်းလှိုင်းများက ဆရာချိုးကို ထိမှန်တော့မည့်အချိန်တွင်ပင် ဆရာချိုး၏ ဝတ်ရုံမှ အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာပြီး ဓားစွမ်းအင်အားလုံးကို အလွယ်တကူပင် ပိတ်ဆို့လိုက်တော့သည်။ ၎င်းက သူ့ကို အနည်းငယ်မျှပင် အန္တရာယ်မပေးနိုင်ခဲ့ပေ။
ထိုအချိန်မှာပင် အစောင့်၏လက်ထဲရှိ ခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ၌ လက်ဟန်သင်္ကေတများကို ပြုလုပ်နေသော ဆရာချိုး၏ လက်များက ရုတ်တရက် ရပ်တန့်သွားသည်ကို အစောင့်က မြင်လိုက်ရတော့၏။
ထို့နောက် ဆရာချိုးသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ယခုအခါ မကောင်းဆိုးဝါး အနက်ရောင်အလင်းတန်းများ တလက်လက်တောက်ပနေသော အနက်ရောင်အဆောင်ကို အရှေ့သို့ အကြမ်းပတမ်း တွန်းထုတ်လိုက်လေသည်။ ၎င်း၏ပစ်မှတ်မှာ အခြားမဟုတ်ဘဲ မန္တန်အဆောင် ဆရာသခင် လုချင်း၏ ကျင့်ကြံခြင်းဂူပင် ဖြစ်တော့၏။
အမည်းရောင်အဆောင်သည် လေထဲတွင် ပျံသန်းသွားစဉ် ၎င်း၏ပတ်လည်ရှိ အမှောင်ထုများမှာ ကြီးထွားလာကာ စက်လုံးပုံစံ အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့လေ၏။
လုချင်း၏ဂူ အဝင်ဝသို့ ရောက်ရှိသွားသောအခါတွင်တော့ ၎င်းသည် မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်လာတော့သည်။
နောက်တစ်ခဏတွင်တော့ ကြီးမားလှသော အနက်ရောင် အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို ဖြာထွက်စေလေတော့၏။
…