← Chapters

အခန်း ၅၃၅

Vol. 54 Ch. 535

အခန်း ၅၃၅

Vol. 54 Ch. 535

အခန်း ၅၃၅ - သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာစွမ်းအင်နှင့် နက်နဲလှသော ယင်ကျောက်စိမ်းခန္ဓာကိုယ်

အနက်ရောင်အလင်းတန်း၏ စွမ်းအားက အလွန့်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ရတနာခန်းမဆောင်၏ ဝင်္ကပါကပင်လျှင် ထိုစွမ်းအားကို အပြည့်အဝ မတောင့်ခံနိုင်ခဲ့ပေ။

ချက်ချင်းပင် ချန်းလန်မြို့ရှိ ရေတွက်၍မရနိုင်သော ကျင့်ကြံသူပေါင်းများစွာက ထိုမငြိမ်သက်မှုကို ခံစားလိုက်ကြရလေ၏။

"ဘာကြီးလဲဟ။"

"ရတနာခန်းမဆောင်ဘက်က လာနေတာပဲ။"

"ရတနာခန်းမဆောင်မှာ ဘာတွေဖြစ်နေတာလဲ။"

"ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါကြီးပါလား။"

"ဒီခံစားချက်က... မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ တူနေတယ်။ မိစ္ဆာတစ်ကောင်က ချန်းလန်မြို့ထဲကို ခိုးဝင်လာတာများလား။"

...

မရေမတွက်နိုင်သော ကျင့်ကြံသူများ တုန်လှုပ်ချောက်ချားနေကြချိန်တွင် ယန္တရားတစ်ထောင် အလုပ်ရုံဘက်၌မူ အလုပ်ရုံသခင်နှင့် သူ၏လူများက ဝမ်းသာအားရ ပြုံးရွှင်နေကြတော့သည်။

"အောင်မြင်သွားပြီ။ သခင်လေးယွီ... ရတနာခန်းမဆောင်ထဲက သူလျှိုက အဆောင်ပြားကို အောင်အောင်မြင်မြင်နဲ့ ဖွင့်ပြီး ဖောက်ခွဲလိုက်နိုင်ပြီဗျ။"

"ကောင်းတယ်။ အခု အဲဒီဘက်ကို သွားကြတာပေါ့။ အဲ့ဒီမော့မျိုးနွယ်စုက မိန်းမ ဘယ်လိုလူစားမျိုးလဲဆိုတာ ငါသိချင်လှပြီ။"

သပ်ရပ်သေသပ်စွာ ဝတ်ဆင်ထားသော လူငယ်လေးက ခေါင်းတစ်ချက် ညိတ်လိုက်၏။

ထို့နောက် သူသည် ကောင်းကင်ယံသို့ တစ်လှမ်းချင်း တက်လှမ်းသွားကာ ရတနာခန်းမဆောင်ရှိရာဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလေတော့သည်။

ချန်းလန်မြို့တစ်မြို့လုံးကို ကောင်းကင်ပျံသန်းခြင်း တားမြစ်သည့် ဝင်္ကပါတစ်ခုဖြင့် ဖုံးလွှမ်းထားသော်လည်း ထိုကန့်သတ်ချက်က သူ့အပေါ် မည်သို့မျှ သက်ရောက်မှုရှိပုံမပေါ်ပေ။

သခင်လေး၏နောက်မှ ကပ်၍လိုက်ပါလာသော အဘိုးအိုနှစ်ဦးထံမှလည်း လျှို့ဝှက်ဆန်းကြယ်လှသော အရှိန်အဝါများ ဖြာထွက်နေတော့၏။

သူတို့နှစ်ဦးသည်လည်း ကောင်းကင်ယံသို့ တက်လှမ်းကာ သခင်လေး၏နောက်မှ လိုက်ပါသွားကြလေသည်။

ထိုသူများနှင့်မတူဘဲ ယန္တရားတစ်ထောင် အလုပ်ရုံသခင်နှင့် သူ၏လက်အောက်ငယ်သားများမှာမူ မြို့၏ဝင်္ကပါများအောက်တွင် ချုပ်နှောင်ခံထားရဆဲဖြစ်၏။ ကောင်းကင်သို့ မပျံသန်းနိုင်ကြသဖြင့် ရတနာခန်းမဆောင်ဆီသို့ မြေပြင်မှသာ အပြေးအလွှား သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ယန္တရားတစ်ထောင် အလုပ်ရုံအပြင် မြို့တွင်းရှိ အခြားသောအင်အားစု အများအပြားသည်လည်း ဆူညံမငြိမ်သက်မှုများ စတင်ဖြစ်ပေါ်ရာအရပ်ဆီသို့ အပြေးအလွှား သွားရောက်နေကြလေသည်။

မြို့လယ်ခေါင်ရှိ ခမ်းနားထည်ဝါလှသော မြို့စားမင်းအိမ်တော်အတွင်း၌ပင် သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ နက်ရှိုင်းကျယ်ပြန့်လှသော တည်ရှိမှုတစ်ခုက ဖြည်းညင်းစွာ လှုပ်ရှားနိုးကြားလာတော့၏။

"ဒါ... တကယ်ပဲ မိစ္ဆာစွမ်းအင်ပါလား။"

အပြင်ဘက်တွင် ပရမ်းပတာဖြစ်နေချိန်၌ ရတနာခန်းမဆောင်အတွင်းတွင်လည်း အခြေအနေများက လုံးဝကို ဖရိုဖရဲဖြစ်နေလေပြီပင်။

အထူးသဖြင့် မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်ရာနေရာနှင့် အနီးဆုံးတွင်ရှိနေခဲ့သော ဆရာချိုးမှာမူ ယခုအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပုံရသည်။

အဆောင်ပြားအတွင်းမှ အရာများ ပေါက်ကွဲထွက်ပေါ်လာမှသာ သူ မည်သည့်အရာကို လွှတ်ပေးလိုက်မိပြီဆိုသည်ကို အပြည့်အဝ နားလည်သဘောပေါက်သွားတော့၏။

ယခုအခါ သူ့နှလုံးသားထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး ယန္တရားတစ်ထောင် အလုပ်ရုံ၏ ထောင်ချောက်ထဲသို့ သူကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဤစွမ်းအားများကို မြို့တွင်း၌ ကိုယ်တိုင်ကိုယ်ကျ လွှတ်ပေးခဲ့မိသူဖြစ်ရာ အရာအားလုံး ငြိမ်သက်သွားသည့်အခါ၌ သူသည်သာ တာဝန်အယူရဆုံးသူ ဖြစ်လာပေလိမ့်မည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများတွင် အလွန့်ကို လျင်မြန်သော နှုန်းဖြင့် တွေးတောဆင်ခြင်နိုင်စွမ်း ရှိကြ၏။ မျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာပင် ဆရာချိုးက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။

သူသည် နောက်သို့ အရှိန်ဖြင့် ဆုတ်ခွာလိုက်ပြီး ရတနာခန်းမဆောင်အပြင်ဘက်သို့ တည့်မတ်စွာ ထွက်ပြေးသွားတော့၏။

ရှုပ်ထွေးကာ ပရမ်းပတာဖြစ်နေချိန်တွင် သူ မြို့ထဲမှ လွတ်မြောက်အောင် ပြေးမှရမည်သာ။

ချန်းလန်မြို့အပြင်ဘက်သို့ ရောက်သွားပါက ရွှေအမြုတေအလယ်အလတ်အဆင့်ရှိသော သူ၏အစွမ်းအစဖြင့် ဤကျယ်ပြောလှသောကမ္ဘာကြီး၏ မည်သည့်နေရာတွင်မဆို ခိုလှုံရာတစ်ခုကို ရှာဖွေနိုင်မည်မှာ သေချာပေါက်ပဲပင်။

ထိုအချိန်တွင် သူဂရုစိုက်မိသည်မှာ ကိုယ့်အသက်ကိုယ် ကယ်တင်ရန်သာ ဖြစ်၏။ သူ၏ တပည့်များနှင့် မယားငယ်များကိုတော့ လုံးဝမေ့လျော့ထားပြီး သူ၏ခေါင်းထဲတွင် တစ်ချက်လေးပင် တွေးမနေတော့ချေ။

ဆုတ်ခွာနေစဉ်တွင် ဆရာချိုး၏ အကြည့်များက ကြောင်အမ်းနေသော အစောင့်တစ်ဦးအပေါ်သို့ ကျရောက်သွားလေ၏။

သူ၏မျက်နှာထားက ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။ စိတ်ဆန္ဒအရိပ်အယောင်တစ်ခုနှင့်အတူ သူသည် အစောင့်ထံသို့ လွန်းပျံယာဉ်ပုံစံ ဝိညာဉ်လက်နက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

သူ အဆောင်ပြားကို ဖွင့်လိုက်သည်ကို မြင်ခဲ့သော တစ်ဦးတည်းသောသူမှာ ဤအစောင့်သာဖြစ်သည်။

သူ့ကို သတ်လိုက်နိုင်သမျှ ကာလပတ်လုံး သူသည် နောက်ပိုင်းတွင် အရာအားလုံးကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ငြင်းဆိုနိုင်မည် မဟုတ်ပါလော။

"ဒုက္ခပဲ။"

ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသော မိစ္ဆာစွမ်းအင်များကြောင့် ခေတ္တမျှ ကြောင်အမ်းနေခဲ့သော အစောင့်မှာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က သူ၏နှလုံးသားကို ဖောက်ထွင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရချိန်တွင် သတိပြန်ဝင်လာတော့၏။

ထိုအခါမှသာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည့် ဝိညာဉ်လက်နက်တစ်ခုက ဥက္ကာပျံတစ်ခုကဲ့သို့ သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။

သူ့တွင် တွေးတောနေရန် အချိန်မရှိတော့ပေ။ သူ၏ ခွန်အားအားလုံးကို လက်ထဲရှိ ဓားဆီသို့ ပို့လွှတ်လိုက်ပြီး ကာကွယ်ရန်အတွက် ဓားကို မြှောက်လိုက်တော့၏။

ဘုန်း...

ရွှေအမြုတေအဆင့် စွမ်းအားနှစ်ခုသည် ပေါက်ကွဲအားပြင်းထန်စွာဖြင့် တိုက်မိသွားကြလေရာ ထိုနယ်မြေတစ်ဝိုက်တွင် မှော်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားတော့သည်။

အကယ်၍သာ ရတနာခန်းမဆောင်ကို အစွမ်းထက်လှသော ဝင်္ကပါများဖြင့် ကာကွယ်ထားခြင်း မရှိပါက ထိုတိုက်ခိုက်မှုတစ်ခုတည်းကပင် အနီးနားရှိ အရာအားလုံးကို ပြားပြားဝပ်သွားစေနိုင်ပေလိမ့်မည်။

သို့တိုင် အခြေခံဝင်္ကပါများဖြင့်သာ ကာကွယ်ထားသော အားနည်းသည့် အဆောက်အအုံအများအပြားမှာမူ ရိုက်ခတ်မှုဒဏ်ကြောင့် ပြိုလဲသွားခဲ့ရလေသည်။

အကြမ်းပတမ်း တိုက်မိမှုများကြားတွင် လူတစ်ယောက် လွင့်ထွက်သွားကာ တစ်ဝက်တစ်ပျက် ပြိုကျနေသော နံရံတစ်ခုနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားတော့၏။

သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာများ ရရှိထားပြီး သူ၏ အရှိန်အဝါကလည်း သိသိသာသာ လျော့ကျသွားလေပြီပင်။ ထိုအစောင့်မှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့ပါ၏။

"ထင်တဲ့အတိုင်းပါပဲလား... ရွှေအမြုတေအလယ်အလတ်အဆင့်ဆိုတာ အရမ်းကို အစွမ်းထက်လွန်းတယ်။ ငါက ပထမ အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာဆိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။"

အစောင့်၏ မျက်နှာက ရှုံးနိမ့်မှုများကြောင့် ဖြူရော်နေလေ၏။ သူသည် ဆရာချိုးကို ယှဉ်နိုင်မည့် အခွင့်အရေး မရှိကြောင်းကို ကောင်းစွာ သိနေခဲ့သည်။

သို့သော် တစ်ဖက်လူ၏ သာမန်တိုက်ခိုက်မှုတစ်ခုကပင် ထိုမျှ ပြင်းထန်သော ဒဏ်ရာများကို ရရှိစေနိုင်သည်ဆိုသောအချက်က သူ့ကို ကြောက်ရွံ့မှုများ ပြည့်နှက်သွားစေခဲ့တော့သည်။

"မင်း အသက်ရှင်နေသေးတယ်ပေါ့။"

သူ၏ တိုက်ခိုက်မှုအပြီးတွင် အစောင့်က အသက်ရှူနေသေးသည်ကို မြင်လိုက်ရသောအခါ ဆရာချိုးက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

သူ တိုက်ပွဲမဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း သူသန့်စင်ထားသော ဝိညာဉ်လက်နက်က အဆင့်နိမ့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို တစ်ချက်တည်းဖြင့် သုတ်သင်နိုင်လောက်အောင် အစွမ်းထက်သင့်ပေသည်။

စိတ်အနှောင့်အယှက်ဖြစ်သွားသော ဆရာချိုး၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က ပိုပို၍ပင် ပြင်းထန်လာတော့၏။

သူ ထွက်ပြေးနေသော်လည်း လက်သင်္ကေတတစ်ခုကို လုပ်လိုက်သေးရာ လွန်းပျံယာဉ်ပုံစံ ဝိညာဉ်လက်နက်က လေထဲတွင် လည်ပတ်သွားပြီး ဒဏ်ရာရနေသော အစောင့်ဆီသို့ တစ်ဖန် ပြန်၍ ပစ်လွှတ်လိုက်ပြန်လေသည်။

"ပြီးသွားပြီ။"

ဒီတစ်ကြိမ်တွင်မူ အစောင့်၌ ခုခံရန် ခွန်အားမကျန်တော့ပေ။

ဝိညာဉ်လက်နက် နီးကပ်လာသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရုံမှတစ်ပါး သူ ဘာမျှမတတ်နိုင်တော့ချေ။

သို့သော် သေမင်းနှင့် နီးကပ်နေပြီဟု သူ ထင်လိုက်ချိန်လေးမှာပင်...

တိုးညင်းသော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာလေ၏။ "ရပ်လိုက်စမ်း။"

ထို့နောက် သူ့ကို တုန်လှုပ်သွားစေသည်မှာ အစွမ်းထက်လှသော လွန်းပျံယာဉ် ဝိညာဉ်လက်နက်က သူ့ထံမှ သုံးပေခန့်အကွာတွင် ရပ်တန့်သွားခြင်းပင်ဖြစ်၏။

မည်မျှပင် တုန်ခါနေစေကာမူ၊ မည်မျှပင် လိမ်ကောက်နေစေကာမူ ယင်းဝိညာဉ်လက်နက်မှာတော့ ရှေ့သို့ ဆက်၍ မသွားနိုင်တော့ပေ။

"ဘာကြီးလဲ။"

အံ့အားသင့်သွားသော အစောင့်က ဆရာချိုးရှိရာဆီသို့ လှည့်ကြည့်လိုက်လေသည်။

ထို့နောက်တွင်တော့ သူသည် ပို၍ပင် အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့၏။

လွန်ခဲ့သည့် ခဏလေးကမှ ထွက်ပြေးနေခဲ့သော ဆရာချိုးသည် ယခုအခါ အကြောက်တရားများဖြင့် မျက်နှာရှုံ့မဲ့လျက် နေရာတွင် တောင့်တောင့်ကြီး ရပ်တန့်နေလေပြီပင်။

မှိန်ဖျော့ဖျော့ အဝါရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး လုံးဝကို ချိတ်ပိတ်ထားလေသည်။ သူသည် လက်ချောင်းလေးမျှပင် လှုပ်ရှား၍ မရနိုင်တော့ပေ။

"ခုနက ဘာတွေဖြစ်သွားတာလဲဆိုတာ တစ်ယောက်ယောက်များ ကျွန်တော့်ကို ပြောပြနိုင်မလား။"

လူရိပ်တစ်ခုက တဖြည်းဖြည်း ချဉ်းကပ်လာပြီး ကောင်းကင်ယံသို့ လှည့်ပတ်တက်သွားသော အနက်ရောင် မိစ္ဆာစွမ်းအင်အလင်းတန်းကို ကြည့်လိုက်၏။ ထိုအခိုက်၌ သူ၏ မျက်နှာထားက တည်ကြည်လေးနက်နေတော့သည်။

"ခေါင်းဆောင်လု။"

လုချင်း၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ၌ အစောင့်မှာ အလွန်အမင်းကိုပဲ ဝမ်းသာသွားလေတော့သည်။

သူက ချက်ချင်းပင် လှမ်းအော်လိုက်၏။ "အဲ့ဒါ ဆရာချိုးရဲ့ လက်ချက်ပဲ။ သူ အမည်းရောင် အဆောင်ပြားတစ်ခုကို သုံးလိုက်တာကို ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာပါ။ အဲဒါကြီး ကွဲကြေသွားပြီးတာနဲ့ ချက်ချင်းပဲ အဲဒီမိစ္ဆာအလင်းတန်း ပေါက်ကွဲထွက်လာတာဗျ။"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဆရာချိုး၏ မျက်လုံးများထဲ၌ တုန်လှုပ်မှုနှင့် ဒေါသတို့ ပြည့်နှက်သွားလေတော့သည်။

အကယ်၍ ယခု အစောင့်ကို သတ်လိုက်နိုင်လျှင်ပင် အသုံးဝင်တော့မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိလိုက်လေပြီပင်။

သူ့ကို ပို၍ ကြောက်လန့်သွားစေသည်မှာ သူသည် ရွှေအမြုတေ ဆဋ္ဌမအဆင့် အသွင်ပြောင်းခြင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အမည်မသိ စွမ်းအားတစ်ခု၏ လုံးလုံးလျားလျား ချိတ်ပိတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

သူ၏ အမြုတေအတွင်းရှိ စွမ်းအားများကို မည်မျှပင် ထုတ်လွှတ်စေကာမူ သူသည် ရုန်းထွက်နိုင်ခြင်း မရှိတော့ချေ။

"သူလား... ဒီကောင်လေးလား။ မဖြစ်နိုင်တာ။ သူက တတိယ အသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်ရတာလဲ။"

ထိုဖိနှိပ်ထားသော စွမ်းအားမှာ လုချင်းထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဆရာချိုး ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

ယင်းကြောင့်ပင် ထိုအချက်ကို သူ လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေရခြင်းတည်း။

တတိယ အသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ဆဋ္ဌမ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေသော သူ့လို သခင်တစ်ယောက်ကို တကယ်ကြီး ဖိနှိပ်ထားနိုင်သည်လော။

"ဒီကိစ္စတွေ အားလုံးကို ဖန်တီးခဲ့တာ ခင်ဗျားလား။"

သူ၏ ချိတ်ပိတ်မှုအောက်တွင် တောင့်တောင့်ကြီး ရပ်နေရသော ဆရာချိုးဘက်သို့ လုချင်းက လှည့်ကြည့်လိုက်၏။

အပြင်ပန်းသွင်ပြင်ကို ကြည့်ရုံဖြင့် ဤလူသည် ယုတ်မာသော စရိုက်ရှိသူဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။

သို့သော် ရတနာခန်းမဆောင်အတွင်း၌ပင် ဤမျှ ကြီးမားသော ပြဿနာကို ဖန်တီးရဲလိမ့်မည်ဟုမူ သူ လုံးဝ မထင်ထားခဲ့ချေ။

လွန်ခဲ့သည့် ခဏလေးကမှ လုချင်းသည် သူ၏ ကျင့်ကြံရာ လိုဏ်ဂူထဲတွင် အဆောင်များ ပြုလုပ်ရင်း အာရုံစူးစိုက်နေခဲ့ခြင်း ဖြစ်သည်။

သူ ထွက်မသွားမီ ခန်းမဆောင်သခင်ကို အထောက်အကူပြုမည့် အရာအချို့ကို ချန်ထားရစ်ရန် သူ မူလက ရည်ရွယ်ထားခဲ့သည်။

သို့သော် ရုတ်တရက် အပြင်ဘက်မှ အန္တရာယ်၏ အရိပ်အယောင်တစ်ခုကို သူ ခံစားလိုက်ရ၏။

လိုဏ်ဂူ၏ ကာကွယ်ရေးဝင်္ကပါကို ဖွင့်ကာ အပြင်သို့ ထွက်လာချိန်တွင် အစောင့်မှာ အသတ်ခံရလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အလိုလိုပင် သွားရောက် ကယ်တင်လိုက်ခြင်း ဖြစ်သည်။

သူ့ရှေ့မှ ဖရိုဖရဲ အခြေအနေမှာ ဆရာချိုး၏ လက်ချက်ဖြစ်လိမ့်မည်ဟုတော့ သူ တစ်ခါမျှ မတွေးတောမိခဲ့ပေ။

လုချင်းက ကောင်းကင်ယံသို့ လှည့်ပတ်တက်နေသော အနက်ရောင် အလင်းတန်းကြီးကို မော့ကြည့်လိုက်လေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် မည်သည့်အရာဖြစ်ကြောင်းကို သူ မှတ်မိလိုက်ပါ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ လီဟော်ဒယ်အိုးထဲတွင် ဤစွမ်းအင်မျိုးကို ကျင့်ကြံသော သက်ရှိတစ်ကောင် ရှိနေသည် မဟုတ်ပါလော။

ဤသည်က မိစ္ဆာစွမ်းအင်ပဲပင်။

မိစ္ဆာကျင့်ကြံသူများ အသုံးပြုသော စွမ်းအားတစ်ခုပင် ဖြစ်၏။

ထို့ပြင် ဤမိစ္ဆာစွမ်းအင်သည် အလွန့်ကိုမှ သန့်စင်ပြီး အစွမ်းထက်လှပေသည်။

၎င်း၏ အရင်းအမြစ်မှာ သာမန် မိစ္ဆာသတ္တဝါတစ်ကောင်ထံမှ ဖြစ်နိုင်မည် မဟုတ်ချေ။

အနည်းဆုံးတော့ ၎င်းသည် သန္ဓေသားဝိညာဉ်အဆင့် သို့မဟုတ် ထိုအဆင့်ထက် ကျော်လွန်သော အရာတစ်ခုဖြစ်ရပေမည်။

"ဒီလိုဖြစ်လာလိမ့်မယ်လို့ထင်သား... ငါ့ရဲ့ တာအိုနှလုံးသား စပြီးတုန်လှုပ်လာတာကို ခံစားလိုက်ရကတည်းက ငါ စောစောလေး ထွက်သွားခဲ့သင့်တာ။ အခုတော့ ထွက်သွားဖို့က လွယ်တော့မှာ မဟုတ်ဘူးထင်တယ်။"

ဆရာချိုး၏ သူရဲဘောကြောင်ပြီး ကိုယ်ကျိုးရှာတတ်သော စရိုက်ကြောင့် သူ တစ်ယောက်တည်းတော့ ဤသို့လုပ်ရဲမည် မဟုတ်ပေ။

သူ့နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်မှာ သေချာလှသည်။

ထိုသူက ဤသို့လှုပ်ရှားရန် ရဲတင်းနေသည်ကို ကြည့်လျှင် သူတို့သည် ကြိုတင်ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ထားခဲ့သည်မှာ ကျိန်းသေပေါက်ပဲပင်။

ဤမိစ္ဆာစွမ်းအင်လှိုင်းက ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းက လတ်တလော အန္တရာယ် မပြုနိုင်သေးချေ။

လုချင်းကို စိုးရိမ်စေသည်မှာ နောက်ဆက်တွဲ ဖြစ်လာမည့် အရာများသာ ဖြစ်၏။

ဤကိစ္စက ဤမျှ ရိုးရိုးရှင်းရှင်းဖြင့် ပြီးဆုံးသွားမည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ဤအတွေးများ သူ၏ခေါင်းထဲတွင် ဖြတ်ပြေးသွားစဉ် လုချင်းက သူ၏ စိတ်ဝိညာဉ်အာရုံကို ဖွင့်လှစ်လိုက်လေ၏။

ခဏအကြာတွင်တော့ အစွမ်းထက်သော ပုံရိပ်အချို့ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

သူတို့မှာ ရတနာခန်းမဆောင်၏ ခန်းမဆောင်သခင်နှင့် သူမ၏ အခြွေအရံများပင် ဖြစ်သည်။

"မိစ္ဆာစွမ်းအင်လား။ ပြီးတော့... ဆရာချိုး။"

ကောင်းကင်ယံသို့ ထိုးတက်နေသော အနက်ရောင်အလင်းတန်းကြီးကို မြင်လိုက်ရချိန်တွင် ခန်းမဆောင်သခင်နှင့် အခြားသူများမှာ မှင်သက်သွားကြလေတော့သည်။

ဆရာချိုးကို တစ်နေရာတည်းတွင် ချိတ်ပိတ်ထားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ တုန်လှုပ်မှုက ပို၍ပို၍ နက်ရှိုင်းသွားလေ၏။

"မိတ်ဆွေလုလု... ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။" ခန်းမဆောင်သခင်က ချက်ချင်းပင် မေးမြန်းလိုက်တော့သည်။

"ကျွန်တော်ကိုယ်တိုင်လည်း သေချာတော့ မသိဘူးဗျ။ ဒါပေမဲ့ ဒီအစောင့်ကတော့ အဲဒီအကြောင်း တစ်ခုခု သိနေတဲ့ပုံပဲ။"

လုချင်းက လက်တစ်ချက် ခါယမ်းလိုက်ရာ အဆောင်တစ်ခုက ဒဏ်ရာရနေသော အစောင့်ဆီသို့ လွင့်ပျံသွားလေ၏။

မျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာပင် အစောင့်၏ ဒဏ်ရာများက သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် စတင်သက်သာလာတော့သည်။

သူ၏ အားနည်းနေသော အရှိန်အဝါကလည်း တဖြည်းဖြည်း အားကောင်းလာလေ၏။

ထိုသို့ဖြင့် အချိန်တိုလေးအတွင်းမှာပင် သူသည် မတ်တတ်ပြန်ရပ်နိုင်သွားလေပြီပင်။ ထို့နောက် သူက လုချင်းကို ရိုသေစွာ ဦးညွှတ်လိုက်ရင်း နှလုံးသားထဲမှ လှိုက်လှဲစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်လုကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။"

လုချင်းကတော့ ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းလိုက်၏။ "ယဉ်ကျေးနေစရာ မလိုပါဘူး။ မင်း မြင်ခဲ့ရတာတွေကို ခန်းမဆောင်သခင်ကို ရှင်းပြလိုက်ပါ။"

"ဟုတ်ကဲ့ပါ ခန်းမဆောင်သခင်။ စောစောက ပုံမှန်မဟုတ်တဲ့ မှော်စွမ်းအင် အတက်အကျတစ်ခုကို ခံစားလိုက်ရလို့ လာစစ်ဆေးကြည့်တာပါ။ အဲဒီမှာ ဆရာချိုးက အမည်းရောင် အဆောင်ပြားတစ်ခုကို အသုံးပြုနေတာ တွေ့လိုက်ရပါတယ်။ အဲဒါကြီး ကွဲကြေသွားပြီးတာနဲ့ တစ်ပြိုင်နက်တည်း မိစ္ဆာအလင်းတန်းတွေ ပေါက်ကွဲထွက်လာတော့တာပဲ။ နောက်ကျ ဆရာချိုး ထွက်ပြေးဖို့ ကြိုးစားလာတော့ ကျွန်တော်လည်း သူ့ကို တားဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ကြိုးစားခဲ့ရတာပါ..."

ခန်းမဆောင်သခင်နှင့် အခြားသူများ၏ တင်းမာသော အကြည့်များရှေ့တွင် အစောင့်မှာ ပေါ့ဆစွာ မနေရဲဘဲ ဖြစ်ပျက်ခဲ့သမျှကို အမြန် ပြန်၍ပြောပြလာလေတော့သည်။

ထိုသို့ပြောဆိုရာတွင် သူသည် သူ၏ အခန်းကဏ္ဍကို အနည်းငယ် ချဲ့ကားပြောဆိုခဲ့သည်မှာ သဘာဝပင်။

အစောင့်က ဆရာချိုးကို တားဆီးရန် အသည်းအသန် ကြိုးစားခဲ့ရသဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း အနည်းငယ် ပိုပိုသာသာလေး ပြောဆိုလိုက်လေ၏။

သူ၏ အစီရင်ခံစာကို နားထောင်ပြီးနောက်၌ ရတနာခန်းမဆောင်သခင်နှင့် အခြားသူများက ဆရာချိုးထံသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြတော့သည်။

"ချိုးရုံ... အစောင့်ကျောက် ပြောတာ အမှန်ပဲလား။" ခန်းမဆောင်သခင်က အေးစက်စွာ မေးမြန်းလိုက်၏။

ဤအချိန်တွင် ချိုးရုံ မည်သို့ဖြစ်၍ ချိတ်ပိတ်ခံထားရသနည်းဆိုသည်ကိုပင် မေးမြန်းရန် အချိန်မရှိတော့ချေ။

သို့သော် ဆရာချိုးကမူ နှုတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏မျက်နှာမှာ ပြာနှမ်းကာ မှုန်ကုပ်နေလေသည်။

ထိုအခါ၌ ခန်းမဆောင်သခင်၏ မျက်နှာထားက တည်တင်းသွားတော့၏။

ပါးနပ်လှသော သူမက အမှန်တရားကို ချက်ချင်း သဘောပေါက်သွားလေပြီပင်။

ဒါက ထင်ရှားလှပေသည်။ ရတနာခန်းမဆောင်အတွင်းရှိ မိစ္ဆာစွမ်းအင်များကို လွှတ်ပေးရန် တစ်စုံတစ်ယောက်၏ အမိန့်အရ ချိုးရုံ လှုပ်ရှားခဲ့ခြင်း ဖြစ်ရပေမည်။

"ဘာမှမသိသလို ဟန်ဆောင်နေတာလား။ ပြောစမ်း။ ဘယ်သူက ခင်ဗျားကို ဒီလိုလုပ်ဖို့ အမိန့်ပေးတာလဲ။ မိစ္ဆာပစ္စည်းတွေကို ဖုံးကွယ်ထားတာက ကြီးလေးတဲ့ ပြစ်မှုတစ်ခုဆိုတာ ခင်ဗျားသိရဲ့လား။"

ဒုတိယခန်းမဆောင်သခင်များထဲမှ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။

သို့သော် ဆရာချိုးကမူ အဆုံးအထိတိုင် တိတ်ဆိတ်နေရန် ဆုံးဖြတ်ထားပုံရကာ တစ်ခွန်းမျှ မပြောဘဲ ငြင်းဆန်နေဆဲပင်။

ဒေါသထွက်နေသော ဒုတိယခန်းမဆောင်သခင်က အရေးယူရန်အတွက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

ထိုအချိန်လေးမှာပင် လုချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားတော့၏။ သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေသည်။

ခန်းမဆောင်သခင်နှင့် အခြားသူများကလည်း ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ခံစားလိုက်ရသဖြင့် သူတို့လည်း ခေါင်းမော့ကြည့်လိုက်ကြတော့သည်။

ထို့နောက်တွင်တော့ သူတို့၏ နှလုံးသားများက တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြတော့လေ၏။

သူတို့၏ အထက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ပုံရိပ်သုံးခုက လေထဲတွင် တိတ်ဆိတ်စွာ ပေါလောပေါ်နေလေသည်။

ရှေ့ဆုံးတွင်မူ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်သော်လည်း လှောင်ပြောင်လိုသည့် အမူအရာဖြင့် သူတို့ကို ငုံ့ကြည့်နေတော့၏။

"လေထဲမှာ ပျံသန်းနေတာလား။ မဖြစ်နိုင်ဘူး... ချန်းလန်မြို့က လေထဲမှာ သွားလာလှုပ်ရှားတာကို တားမြစ်ထားတာ မဟုတ်ဘူးလား။" ဒုတိယခန်းမဆောင်သခင်တစ်ဦးက မချိတင်ကဲ ရေရွတ်လိုက်လေသည်။

ခန်းမဆောင်သခင်ကမူ ဘာမျှမပြောသော်လည်း သူမ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေတော့၏။

ကောင်းကင်ယံရှိ ထိုမြင့်မြတ်သော လူငယ်လေးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ နှလုံးသားထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်ဟည်းသွားလေတော့သည်။

သူမ၏ သွေးကြောထဲမှ နက်ရှိုင်းလှသော နေရာတစ်ခုတွင် ဖုံးကွယ်နေသည့် နတ်ဘုရားစွမ်းရည်တစ်ခုက သတိပေးချက်များကို တစ်ခုပြီးတစ်ခု စတင်ပေးပို့လာခဲ့၏။

ဤလူသည် မှန်းဆ၍မရနိုင်လောက်အောင် အန္တရာယ်များကြောင်း သူမ သိလိုက်လေပြီပင်။

"အဠမ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်နေတဲ့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်နဲ့....အဆင့်တက်သွားတာ သိပ်မကြာသေးတဲ့သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်။ ထျန်းယွမ်ကမ္ဘာလောကကြီးရဲ့ မျိုးနွယ်စုကြီး သုံးဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ကုန်းရှု မျိုးနွယ်စုရဲ့ အမွေဆက်ခံသူ... ကုန်းရှုယွီလား။"

လုချင်းက သူ၏ နတ်မျက်စိစွမ်းရည်ကို လျှို့ဝှက်စွာ ဖွင့်ထားသဖြင့် ထိုသူများ၏ အချက်အလက်များက သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသောအခါ၌ အသက်ကို တိတ်တဆိတ် ရှူသွင်းလိုက်မိလေ၏။

အခြေအနေက အမှန်တကယ်ပင် ဆိုးရွားသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်လေပြီပင်။

အပေါ်မှ လူသုံးဦးသည် ကျင့်ကြံခြင်းတွင် ထူးချွန်ရုံသာမက သူတို့၏ နောက်ခံနှင့် ရည်ရွယ်ချက်ကလည်း စိုးရိမ်ဖွယ်ရာကောင်းလှပေသည်။

ချိုးရုံ၏ လုပ်ရပ်များက သူတို့၏ အမိန့်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်များက အတည်ပြုပေးနေပါ၏။

သူတို့၏ အဓိက ပစ်မှတ်မှာ ရတနာခန်းမဆောင်မှလွဲ၍ အခြားမရှိကြောင်း ထင်ရှားလှပေသည်။

"လောဘဆိုတာ တကယ့်ကို အပြစ်တစ်ခုပဲ... ဒီမနက်စောစောကတည်းက ငါ တကယ် ထွက်သွားခဲ့သင့်တာ။" လုချင်း၏ စိတ်ထဲတွင် နောက်တစ်ဖန် သက်ပြင်းချလိုက်မိတော့သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တို့တွေ... ကျွန်မတို့ရဲ့ ရတနာခန်းမဆောင်ကို ရောက်လာတာက တော်တော်လေးကို မမျှော်လင့်ထားတဲ့ ကိစ္စပါပဲ။ ဘယ်လိုကိစ္စတွေကများ ရှင်တို့ကို ဒီအရပ်ကို ခေါ်ဆောင်လာရတာလဲဆိုတာ မေးခွင့်ပြုပါ။"

ခန်းမဆောင်သခင်က ရိုသေစွာ ဦးညွှတ်ပြီး အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်သည်။

သူမ၏ စကားအဆုံးတွင် ထိုမြင့်မြတ်သော လူငယ်လေး၏ မျက်လုံးများက ဖျော့တော့စွာ တောက်ပသွားပြီး သူ၏အကြည့်ကို သူမအပေါ်သို့ စူးစိုက်လိုက်တော့၏။

ခဏလေးအတွင်းမှာပင် သူမ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ အေးစက်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပါ၏။ သူမ၏ လျှို့ဝှက်ချက်တိုင်းက သူ၏ မျက်လုံးအောက်တွင် ဘူးပေါ်သလို ပေါ်သွားသကဲ့သို့ပင်။

"ဒါကြောင့်ကိုး... နက်နဲလှတဲ့ ယင်ကျောက်စိမ်းခန္ဓာကိုယ်၊ ပြီးတော့ သွေးကြောစွမ်းရည်တွေလည်း ပါသေးတယ်။ ဟယ်ဟွမ်ဂိုဏ်းက သတ္တဝါအိုကြီးက မင်းကို အဲ့ဒီလောက်တောင် သဘောကျနေတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ။"

ကုန်းရှုယွီ၏ မျက်လုံးထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး သူက ခေါင်းကို အနည်းငယ် ညိတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

သို့သော် သူ၏ စကားလုံးများကမူ ခန်းမဆောင်သခင်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားစေခဲ့သည်။ သူမ၏ မျက်နှာအမူအရာက မယုံကြည်နိုင်လောက်အောင် ပျက်ယွင်းသွားတော့၏။

"အဲဒီအကြောင်း ရှင်က ဘယ်လိုလုပ်သိနေတာလဲ။ "

သူမက စကားပြောနေရင်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်လိုက်သော်လည်း မျက်နှာပေါ်ရှိ တုန်လှုပ်မှုကိုမူ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ချေ။

လူငယ်လေးက အလွန်အရေးကြီးသော အချက်တစ်ချက်ကို ထိမှန်သွားခဲ့ပြီး အသေအချာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်သည်မှာ ထင်ရှားလှပေ၏။

"ဒါပေမဲ့ ဟယ်ဟွမ်ဂိုဏ်းက သတ္တဝါအိုကြီးက မင်းကို စိတ်ဝင်စားနေတယ်ဆိုတာ အရေးမကြီးပါဘူး။ မင်းက ဟယ်ဟွမ်ဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်နေရင်တောင်မှ မိစ္ဆာတစ်ကောင်ကို လက်ခံထားတာကတော့ သေဒဏ်ပေးထိုက်တဲ့ ပြစ်မှုပဲ။"

"အခု မင်း ကိုယ့်ဘာသာ အေးအေးဆေးဆေး အဖမ်းခံမလား။ ဒါမှမဟုတ် ငါကိုယ်တိုင် လာဖမ်းတာကို ခံချင်တာလား။ ငါကိုယ်တိုင် ဖမ်းရမယ်ဆိုရင်တော့ ထိခိုက်သေဆုံးမှုတွေ ဖြစ်လာရင် ငါ့ကို အပြစ်မတင်နဲ့နော်။"

ကုန်းရှုယွီက လက်ကို နောက်ပစ်လိုက်ရင်း တည်ငြိမ်ပြီး အေးတိအေးစက်လေသံဖြင့် ဆိုလိုက်သည်။

မိစ္ဆာတစ်ကောင်ကို လက်ခံထားတယ်တဲ့လား။

ခန်းမဆောင်သခင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့၏။ သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်ကို သူမ ချက်ချင်း နားလည်သွားလေပြီပင်။

သူမ၏ နှလုံးသားက လေးလံသွားရတော့၏။

သူမက ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်၏။ "သခင်လေး... နားလည်မှုလွဲတာ တစ်ခုခုတော့ ရှိရမယ်။ အဲဒီ မိစ္ဆာအလင်းတန်းက ရုတ်တရက်ကြီး ပေါ်လာတာပါ။ ကျွန်မတို့ ရတနာခန်းမဆောင်က လူတွေလည်း ရှင်တို့လိုပဲ ဘာမှမသိပါဘူး။ ရှင်က ကျွန်မတို့ကို ပြစ်မှုကျူးလွန်တယ်လို့ ဒီလောက်မြန်မြန်ကြီး စွပ်စွဲလိုက်တာက နည်းနည်းလေး... မြန်လွန်းနေတယ်လို့ မထင်ဘူးလား။"

"မြန်တာ၊ နှေးတာက မင်း ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ငါ သိဖို့လိုတာကို ငါ သိပြီးပြီ။ ကြည့်ရတာ မင်းက အေးအေးဆေးဆေး အဖမ်းခံမယ့်ပုံ မပေါ်ဘူးပဲ။ ကောင်းပြီလေ... ဒါကို ငါကိုယ်တိုင်ပဲ ရှင်းရတော့မှာပေါ့။"

ကုန်းရှုယွီ၏ လေသံက သူမ ငြင်းဆိုမည်ကို ကြိုသိနေသည့်အလား တည်ငြိမ်နေဆဲပင်။

သူ၏ အကြည့်များ စူးရှသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖိနှိပ်ထားသော ဖိအားကြီးတစ်ခုက ခန်းမဆောင်သခင်နှင့် သူမ၏ အပေါင်းအပါများအပေါ်သို့ ကျရောက်လာလေတော့သည်။

.....

All Chapters