အခန်း (၄၀၁-၄၀၂)
Vol. 41 Ch. 401-402
အပိုင်း (၄၀၁)
"မင်းကို ရှာတွေ့ပြီ..."
ကျုံးရှန်၏ အကြည့်များသည် မီးရှူးတိုင်တစ်ခုအလား တောက်ပနေကာ မြေကြောတစ်ခုလုံးကို ဖြတ်သန်းကြည့်ရှုလိုက်လျှင် မီးတောက်အမှတ်အသား ချန်ရစ်ခဲ့သော သဲလွန်စများမှတစ်ဆင့် မြေကြော၏ အနက်ရှိုင်းဆုံးနေရာတွင် တင်ပျဉ်ခွေ၍ ကျင့်ကြံနေသော စစ်မှန်သော ဖီးနစ်ကို ရှာတွေ့သွားသည်။
ကျုံးရှန် လက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင် လျှင် နန်ယန်စီရင်စုတစ်ခုလုံးသို့ လေပြေတစ်ခုဖြတ်သန်းတိုက်ခတ်သွားသည်။ ထိုအခါ လေပြေ တိုက်ခတ်သွားသော နေရာတိုင်းရှိ ဒေါသဖြစ်စေမှုကိုမြှင့်တင်ပေးသော မီးတောက်အမှတ်အသားများ အားလုံး လုံးဝ ပျောက်ကွယ်သွားကာ သက်ရှိအားလုံးသည် ဒေါသထွက်စွာတိုက်ခိုက်နေသောအခြေအနေမှ သတိပြန်လည်လာကြသည်။ ထိုအရာအားလုံးကိုလုပ်ပြီးသောအခါ ကျုံးရှန်သည် သူ၏ စိတ်နှလုံးစွမ်းအားများကို ဆင့်ခေါ်လိုက်ပြီး ပေတစ်သောင်းမြင့်မားသော ဧရာမတောင်ကြီးတစ်တောင်အဖြစ် ပြောင်းလဲသွားစေကာ နန်ယန်စီရင်စု၏ ဗဟိုချက်တွင် ဖိနှိပ်ထားလိုက်သည်။
ထိုနေရာသည် နန်ယန်စီရင်စုတစ်ခုလုံးရှိ မြေကြောများ အားလုံး၏ အဓိကဆုံမှတ်ဖြစ်ကာ မီးဝိညာဉ်မြေကြောများ အများဆုံးရှိသော နေရာလည်း ဖြစ်သည်။ ဧရာမတောင်ကြီးသည် ကောင်းကင်ပေါ်မှ ကျဆင်းလာကာ မီးဝိညာဉ်မြေကြောများ၏အဓိက ဆုံချက်ပေါ်တွင် ဖိနှိပ်ချလိုက်သည်။ ထိုအခါ မီးဝိညာဥ်မြေကြောများအားလုံး ငြိမ်သက်သွားကာ ကြမ်းတမ်းခက်ထန်နေသော မီးဝိညာဉ်စွမ်းအားများ လျော့ကျသွားပြီး အသေအကြေ တိုက်ခိုက်နေကြသော သက်ရှိအားလုံးသည်လည်း လက်နက်ချ ရပ်တန့်သွားကြသည်။
ကစဉ့်ကလျားဖြစ်နေသော နန်ယန်စီရင်စုသည် စတင်၍ ပြန်လည် ကောင်းမွန်လာပြီးအစိမ်းရောင် မိုးဖွဲဖွဲလေးများ ရွာသွန်းလာကာ စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မိုးရေစက်များ ကျဆင်းသည့် နေရာတိုင်းတွင် အပင်များ အရူးအမူး ကြီးထွားလာကြကာ မြေပြင်သည် မူလအခြေအနေသို့ ပြန်လည် ပြုပြင်ခံလိုက်ရပြီး ကြမ်းတမ်းသော မြေအောက်ချော်ရည်ပူများပျောက်ကွယ်သွားသည်။ သို့ဖြင့် အချိန်တိုအတွင်းနန်ယန်စီရင်စုနေရာတိုင်းတွင် စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များရှိသည့် ရှုခင်းများပြန်လည် ဖြစ်တည်လာတော့သည်။
ကျုံးရှန် လက်ခုပ်တစ်ချက်တီးလိုက်လျှင် ထို မိုးရေများ ချက်ချင်း ရပ်တန့်သွားသည်။ ထို့နောက်တွင် သူ၏ အကြည့်များသည် နေရာတစ်ခုသို့ စူးစိုက်သွားပြီး ထိုနေရာသို့ ကြယ်ပျံတစ်စင်းအလား လျှပ်တစ်ပြက် ပျံသန်းသွားလိုက်သည်။ သူသည် မြေပြင်ကို ပြင်းထန်စွာ ဖောက်ဝင်သွားပြီး မြေအောက်သို့ တိုက်ရိုက် ထိုးဆင်းသွားကာ မိုင်ပေါင်းထောင်ချီအထိ ဆက်လက် တိုးဝင်သွားသည်။
ထိုအခါ သူ၏ ပတ်ဝန်းကျင်သည် မီးစွမ်းအင်များဖြင့် ပူပြင်းလာတော့သည်။
နန်ယန်စီရင်စု၏ အနက်ရှိုင်းဆုံး မြေကြော။
ထိုနေရာ၏ အပူချိန်သည် နေမင်းနှင့်ပင် နှိုင်းယှဉ်နိုင်ကာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို အလွယ်တကူ အရည်ပျော်သွားစေနိုင်စွမ်း ရှိနေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အစစ်အမှန် တားမြစ်နယ်မြေများထဲမှ တစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရသည်။ သို့သော် ကျုံးရှန်သည် ချွင်းချက်တစ်ခု ဖြစ်ကာ ထိုနေရာသို့ လွတ်လပ်စွာ ရောက်ရှိလာပြီး မြေအောက်ချော်ရည်ပူများအကြားတွင် ရပ်တန့်လိုက်သည်။ ပူပြင်းသော ချော်ရည်များနှင့် မြေအောက်မီးတောက်များ၏ လောင်ကျွမ်းမှုသည် သူ၏ ဆံပင်တစ်မျှင်ကိုပင် ထိခိုက်စေခြင်းမရှိဘဲ နွေးထွေးသော ခံစားမှုကိုသာ ပေးစွမ်းလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်သည် မဟာကမ္ဘာ ကောင်းကင်တာအိုအဆင့်သို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။ မဟာကမ္ဘာကြီး ပေါက်ကွဲသွားခြင်း သို့မဟုတ် ယင်းနှင့် ဝင်တိုက်မိလျှင်ပင် ကျုံးရှန်ကို အနည်းငယ်မျှ ထိခိုက်စေနိုင်မည် မဟုတ်ချေ။
''ငါ မင်းကို တွေ့ပြီးပြီ... ပုန်းမနေနဲ့တော့...''
ကျုံးရှန်သည် ခြေထောက်အောက်ရှိ မြေကြောကို စိုက်ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သို့သော် သူ၏အောက်ဘက်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိသေးချေ။
"သေချင်ယောင် ဆောင်နေတာလား..."
"ဂုဏ်သရေရှိမြင့်မြတ်လှတဲ့ စစ်မှန်တဲ့ ဖီးနစ်က သေချင်ယောင် ဆောင်တတ်နေပါလား..."
"ကောင်းပြီ... ဒါဆိုလည်း ငါကိုယ်တိုင် ဆွဲထုတ်ရတာပေါ့..."
ကျုံးရှန်သည် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ အောက်ဘက်ရှိ မြေကြောဆီသို့ လက်ဆန့်ထုတ်၍ ပြင်းထန်စွာ ဖမ်းဆုပ်လိုက်လျှင် ကျုံးရှန်၏ ပြင်းထန်သောစွမ်းအားကြောင့် ပြတ်တောက်ပျက်စီးသွားသည်။ ထို့နောက် သူ၏လက်သည် မြေကြော၏ အောက်ဘက်တွင် ပုန်းကွယ်နေသည့် သူတော်စင်နိုင်ငံတစ်ခု ဆီသို့ ဆက်လက်တိုးဝင်သွားသည်။ ထိုသူတော်စင်နိုင်ငံသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အထပ်တစ်ထောင် ကမ္ဘာငယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ မြေကြောထဲတွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေခြင်း ဖြစ်သည်။
ကျုံးရှန်၏လက်သည် ကမ္ဘာငယ်၏ အတားအဆီးကို တိုက်ရိုက် ဖောက်ထွင်းသွားကာ ထိုအထဲတွင် ပုန်းအောင်း ကျင့်ကြံနေသော ဖီးနစ်ကို ဖမ်းယူလိုက်သည်။
"အရှင်က ဘယ်သူလဲ..."
ဖီးနစ်၏ လူ့အသွင်သည် အနီရောင် ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး၏ ပုံစံ ဖြစ်ပြီး သူမ၏ ရုပ်ရည်သည် တိုင်းပြည်ကိုပင် မှောက်မှားစေနိုင်လောက်အောင် လှပလှ၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းမြင်ရသော မီးတောက်များ ဖြင့်လွှမ်းခြုံထားကာ ထိုမီးတောက်များသည် အရောင်အဆင်း မရှိဘဲ တွန့်လိမ်နေသော လေဟာနယ်မှတစ်ဆင့်သာ မြင်တွေ့နိုင်သည်။
ကျုံးရှန်သည် သူမ၏ အမေးစကားကို ပြန်မဖြေဘဲ လက်ဝါးအကြားတွင် ခိုင်မာစွာဖြင့်သာ ဆုပ်ကိုင်ထားခဲ့သည်။ ဖီးနစ်သည် မည်သည့် နတ်ဘုရားစွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက်စေကာမူ သူ၏ဆုပ်ကိုင်မှုသည် အနည်းငယ်မျှ တုန်လှုပ်သွားခြင်းမရှိဘဲ သူမကို ပေါ့ပါးစွာဖြင့် ဖမ်းချုပ်ဆုပ်ထားကာ အနောက်သို့ ဆွဲယူလိုက်သည်။ ထိုအခါ စစ်မှန်သော ဖီးနစ်သည် သူမ၏ အစစ်အမှန် ဖီးနစ်သဏ္ဌာန်သို့ ပြောင်းလဲသွားပြီး အဆက်မပြတ် အော်မြည်လာကာ ကျုံးရှန်၏ လက်ဝါးအချုပ်အနှောင်ထဲမှ တိုးဝှေ့ထွက်ပြေးရန် ကြိုးစားလာသည်။
သို့သော်လည်း မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။ ကျုံးရှန်၏ လက်ဝါးသည် ထိုက်တောင်ကြီးအလား တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ လက်ဝါးထဲရှိ ဖီးနစ်သည် တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဆုံးတွင် လက်ဝါးတစ်ဖက် အရွယ်အစားသို့ ပြောင်းလဲသွားသည်။
သူသည် လက်ဝါးကို ညင်သာစွာ ဖြန့်လိုက်လျှင် သေးငယ်သွားသော ဖီးနစ်လေးသည် ဘယ်ညာ ပြေးလွှားနေကာ ထွက်ပြေးရန် လုံးဝ လက်မလျှော့သေးသည်ကို တွေ့လိုက်ရသည်။ ကျုံးရှန်သည် လက်ဝါးကို ဖြန့်ထားသော်လည်း ဖီးနစ်သည် ထွက်ပြေး၍မရဘဲ မမြင်ရသော အတားအဆီးတစ်ခုအတွင်းပိတ်လှောင်ခံထားရလေသည်။
"တကယ်ကို ဆူညံတဲ့ ငှက်လေးပဲ..."
"အချည်းနှီး ကြိုးစားမနေနဲ့တော့..."
ကျုံးရှန်သည် ပေါ့ပါးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ကျုံးရှန်၏ စကားကို ကြားသောအခါ ဖီးနစ်သည် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ကာ လူ့အသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အနှီကျင့်ကြံသူတွင် ဆက်သွယ်ပြောဆိုရန် ဆန္ဒရှိနေသဖြင့် သူမ၌ အခွင့်အရေး ရှိနေသေးဟု တွေးတောလိုက်ခြင်းဖြစ်သည်။
"အရှင်..."
"အရှင်က ဘယ်သူလဲ..."
"ကျွန်မနဲ့ အရှင်က အရင်က ရန်ငြိုးမရှိခဲ့သလို အခုလည်း ရန်ငြိုးရန်စမရှိပါဘူး... ဘာကြောင့်များ ကျွန်မကို လာဖမ်းရတာလဲ..."
ဖီးနစ်မလေးသည် ကျယ်လောင် ကြည်လင်သောအသံဖြင့် မေးမြန်းလိုက်၏။
"မင်းကို ဘာလို့ ဖမ်းရတာလဲ ဟုတ်လား..."
"သေချာတာပေါ့... မင်းကို ငါ့လက်အောက်ခံ လုပ်ခိုင်းဖို့လေ..."
ကျုံးရှန်သည် သူ၏ ရည်ရွယ်ချက်ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိခဲ့ချေ။
အကြွင်းမဲ့ စွမ်းအားရှေ့တွင် မည်သို့သော ဖုံးကွယ်မှုမျိုးမဆို မလိုအပ်သောကြောင့်ဖြစ်သည်။ ကျုံးရှန်၏ ပွင့်လင်းသော စကားကို ကြားသောအခါ ဖီးနစ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤပုဂ္ဂိုလ်သည် အလွန် ရဲတင်းလှကာ ဖီးနစ်ကို အိမ်မွေးတိရစ္ဆာန်လုပ်ရန် ဖမ်းဆီးမည်ဟု ကြွေးကြော်ရဲသည်။
စစ်မှန်သော နဂါးနှင့် ကောင်းကင်ဖီးနစ်တို့သည် မရေမတွက်နိုင်သော ကမ္ဘာများတွင် ထိပ်တန်းအဆင့် သက်ရှိများ ဖြစ်ကြကာ ယခင်က မည်သူမျှ စော်ကားရန် မရဲဝံ့ကြချေ။ သို့သော် သူမရှေ့မှလူသားကမူ အလွန် ရဲတင်းလွန်းလှပေသည်။
"သတ်ချင် သတ်လိုက်... စော်ကားတာကိုတော့ လက်မခံနိုင်ဘူး..."
"ငါက စစ်မှန်တဲ့ ဖီးနစ်ပဲ... မင်းကို လုံးဝ ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူး..."
ဖီးနစ်သည် သွားကို တင်းတင်းကြိတ်ကာ ခေါင်းမာသော အမူအရာကို ပြသလိုက်သည်။
ကျုံးရှန်သည် ထိုစကားကို ကြားသော်လည်း ဂရုစိုက်ခြင်းအလျဥ်းမရှိဘဲ ရုတ်တရက် သူ၏ သူတော်စင်နိုင်ငံထဲသို့ ဝင်ရောက်လိုက်သည်။
"လက်အောက်ခံတယ်..မခံဘူးဆိုတာက မင်းသဘောအတိုင်း မဟုတ်ဘူး..."
သူသည် ဖြည်းညင်းစွာ ပြောဆိုလိုက်ပြီး စိတ်နှလုံးမျိုးစေ့ တစ်စေ့ကို ထုတ်လွှင့်လိုက်ကာ ဖီးနစ်ပေါ်သို့ ကျဆင်းသွားစေလိုက်သည်။
စိတ်နှလုံးမျိုးစေ့သည် သူမ၏နှလုံးသားနေရာအတွင်းသို့နစ်ဝင်သွားပြီး အရူးအမူး အမြစ်တွယ်လာလျှင် ကျုံးရှန်သည် သူ၏ စိတ်နှလုံးကွန်ရက်ဖြင့်ချိတ်ဆက်လိုက်သည်။ ထိုအခါ ကျုံးရှန်သည် ဖီးနစ်နှင့် ပတ်သက်သမျှ အရာအားလုံးကို လက်ခုပ်ထဲမှ ရေအလား သိရှိသွားလေသည်။ ယခုအချိန်တွင် နတ်ဘုရားသားရဲတစ် ကောင်၏ဂုဏ်သိက္ခာကိုစော်ကားခံရမှုကြောင့် ဖီးနစ်၏ ဒေါသသည် ကောင်းကင်ယံကိုပင် ထိုးဖောက်သွားတော့မည့်အလား ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိနေသည်။
ထိုပြင်းထန်သည့် ဒေါသစွမ်းအားများသည် စိတ်နှလုံးစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ချိတ်ဆက်မှုမှတစ်ဆင့် စိတ်နှလုံးကွန်ရက်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။ သို့ဖြင့် ဖီးနစ်၏ စိတ်နှလုံးချိတ်ဆက်မှုဇယားတွင် များပြားလှသော နျန်းဘီဒင်္ဂါးများ စတင် ဖြစ်ပေါ်လာ၏။ ယခုအခါ ကျုံးရှန်၏ စိတ်နှလုံးကွန်ရက် အချိတ်အဆက်များထဲတွင် ကောင်းကင်အရှင်အဆင့်အထွတ်အထိပ်ရှိသည့် ဤဖီးနစ်သည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူ ဖြစ်လာသည်။
သူမ၏ နာမည်သည် ဖုန်းချင်းအာ ဟုခေါ်ပြီး မည်သည့်ဇစ်မြစ်မှဆင်းသက်လာသည်ကို မသိရဘဲ လွန်ခဲ့သော နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် ဝမ်ရှန့်မဟာကမ္ဘာကြီး မွေးဖွားပြီး သိပ်မကြာမီအချိန်၌ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ နန်ယန်စီရင်စုသည် သူမ ရောက်ရှိလာမှုကြောင့် မီးဝိညာဉ်မြေကြောများ စတင် စုစည်းလာကာ မီးစွမ်းအင်ကျင့်စဉ်များကို လေ့လာကျင့်ကြံရန် အသင့်တော်ဆုံး နေရာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂သန်းခန့်က သူမသည် ဥမှပေါက်ဖွားလာကာ နန်ယန်စီရင်စု၏ မီးဝိညာဉ်မြေကြောထဲတွင် ပုန်းအောင်း ကျင့်ကြံနေခဲ့သည်။
သို့ဖြင့်နှစ်ပေါင်းများစွာကျင့်ကြံပြီးမှသာ ကောင်းကင်အရှင် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျုံးရှန်သာ သူမကို ဖမ်းဆီးခြင်း မပြုခဲ့လျှင် ဖုန်းချင်းအာသည် မကြာမီတွင် ထာဝရအရှင်အဆင့်သို့ တက်လှမ်းနိုင်ချေ ရှိပေသည်။ သူမ၏ အကြံအစည်သည် ထာဝရအရှင်အဆင့်သို့ တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးမှ ထွက်ခွာကာ ပိုင်ရွှီနယ်မြေ ထဲသို့ သွားရောက်၍ စကြာဝဠာကို စူးစမ်းလေ့လာရန် ဖြစ်သည်။
"အကြောင်းတရားတိုင်းမှာ အကျိုးတရားဆိုတာ ရှိတယ်... မင်းရဲ့ ဝဋ်လည်မှုက ငါပဲ..."
ကျုံးရှန်သည် တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။
စိတ်နှလုံးကွန်ရက်ကို တည်ဆောက်ပြီးနောက် ကျုံးရှန်သည် ထိုမှတစ်ဆင့် သူမ၏ စိတ်နှလုံးထဲသို့ တိုက်ရိုက် ချိတ်ဆက်နိုင်သွားပြီဖြစ်သည်။ သို့ဖြင့် သူသည် သူမ၏ စိတ်နှလုံးထဲရှိ အတွေးများကို စတင် ပြုပြင်ပြောင်းလဲလိုက်သည်။ ကျုံးရှန်သည် ပန်းပုထုသကဲ့သို့ပင် မကြိုက်နှစ်သက်သော ပုံစံများကို ဖျက်ပစ်ကာ သူလိုအပ်သော ပုံစံများကို ထည့်သွင်းလိုက်သည်။
ထိုပြောင်းလဲမှုသည် အမြဲတမ်းပုံ သေဖြစ်သွားမည်ဖြစ်ပြီး ပြန်လည် ၍ပြုပြင် မရနိုင်တော့ချေ။ ကျုံးရှန်၏ ပြုပြင်ပြောင်းလဲမှုများ ပြီးဆုံးသွားပြီးနောက် ဖုန်းချင်းအာ၏ မျက်နှာအမူအရာသည် အစပိုင်းတွင် ငြင်းဆန်မှုရှိခဲ့သော်လည်း နာခံမှုအဖြစ် ပြောင်းလဲသွားကာ ကျူးကျီ နှင့် ကျွမ်းလီ တို့ကဲ့သို့ ကိုးကွယ်မှုအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါမှ ကျုံးရှန်သည် အချုပ်အနှောင်ကို ရုပ်သိမ်းလိုက်ကာ လက်ဝါးပေါ်မှ ဖုန်းချင်းအာကို လွှတ်ပေးလိုက်သည်။
အပိုင်း (၄၀၂)
ဖုန်းချင်းအာသည် လက်ဝါးပြင်အချုပ်အနှောင်မှလွတ်မြောက်လာလျှင် ကျုံးရှန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
"ဖုန်းချင်းအာ သခင်ကို နှုတ်ဆက်ပါတယ်..."
"သခင် ထာဝစဉ် မသေမျိုးဖြစ်ပြီး အဓွန့်ရှည်ပါစေ..."
သူမ၏ ရိုကျိုးသောအမူအရာကိုမြင်လျှင် ကျုံးရှန် ခေါင်းညိတ်လိုက်သည်။
"ထတော့... နောက်ဆို မင်းလည်း ငါ့ရဲ့ လက်အောက်ခံတွေထဲက တစ်ယောက်ပဲ..."
"မင်းက ငါ့ရဲ့ သူတော်စင်နိုင်ငံကို စောင့်ရှောက်ပြီး နတ်ဘုရားသားရဲအဖြစ် တာဝန်ယူရမယ်..."
သူသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ကာ ရွှေရောင် ဥကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဖုန်းချင်းအာသည် ထိုဥကြီးကို မြင်သောအခါ မျက်လုံးများ အရောင်လင်းသွားသည်။
"သခင်... သခင့်ဆီမှာ စစ်မှန်တဲ့ နဂါးဥ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."
"ဒါကို စစ်မှန်တဲ့ နဂါးအဖြစ် ဥဖောက်ပြီး ကျွန်မနဲ့အတူ ဒီကမ္ဘာကို စောင့်ရှောက်ခိုင်းမယ်ဆိုရင် နဂါးနဲ့ ဖီးနစ် စုံလင်တဲ့ အနေအထားကို ဖန်တီးနိုင်ပြီး သခင့်သူတော်စင်ကမ္ဘာရဲ့ ကံကြမ္မာကို တဖြည်းဖြည်း တိုးလာစေနိုင်တယ်..."
ကျုံးရှန်သည် ဖုန်းချင်းအာစကားကိုကြားလျှင် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... ဒါက စစ်မှန်တဲ့ နဂါးဥပဲ..."
"ငါက ဒါကို ဥဖောက်ပြီး ဒီကမ္ဘာထဲမှာ ကြီးထွားလာအောင် လုပ်ဖို့ ပြင်ဆင်နေတာ..."
"နောက်ဆုံးမှာ နဂါးနဲ့ ဖီးနစ် စုံလင်တဲ့ အနေအထားကို ဖန်တီးနိုင်ရင် ငါ့ရဲ့ သူတော်စင်နိုင်ငံက တဖြည်းဖြည်းနဲ့ မဟာကမ္ဘာကြီးအဖြစ် ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရလာလိမ့်မယ်...…"
သူသည် မိမိ၏ ရည်ရွယ်ချက်ကို ပွင့်လင်းစွာဖြင့် ပြောပြလိုက်သည်။
ယခုအခါ ဖုန်းချင်းအာသည် သူ၏ စိတ်နှလုံးပြုပြင်ပြောင်းလဲမှုကို ခံထားရပြီ ဖြစ်သဖြင့် ကျုံးရှန်အပေါ် အကြွင်းမဲ့ကိုးကွယ်မှုနှင့် ယုံကြည်မှုမျိုး ရှိနေလေသည်။ ကျုံးရှန်သည် သူမ၏ သွေးကြောများကို ဖျက်ဆီးခိုင်းလျှင်ပင် ဖုန်းချင်းအာသည် တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိမ့်မည် ဖြစ်သည်။ ကျုံးရှန်သည် နဂါးဥကို မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်ကာ ယင်းထဲတွင် ပါဝင်သော စိတ်ဆန္ဒကို ခံစားကြည့်လိုက်သည်။
ထို့နောက် နဂါးဥအတွင်း၌ စိတ်နှလုံးမျိုးစေ့ စိုက်ပျိုးလိုက်ကာ အမြစ်တွယ်လာစေရန် စတင်လုပ်ဆောင်လိုက်သည်။ ပထမဦးစွာ နဂါးဥထဲရှိ အသိစိတ်မရှိသေးသော စိတ်ဆန္ဒကို စိတ်နှလုံးကွန်ရက်ထဲသို့ ထည့်သွင်းလိုက်သည်။ စိတ်နှလုံးကွန်ရက် ချိတ်ဆက်မှု အောင်မြင်သွားလျှင် ကျုံးရှန်သည် ကွန်ရက်၏ စွမ်းအားများ စုစည်းရာ စိတ်နှလုံးရေကန်ထဲမှ များပြားလှသော စိတ်နှလုံးစွမ်းအားများကို ထုတ်ယူလိုက်သည်။
သို့ဖြင့် စိတ်နှလုံးကွန်ရက် ချိတ်ဆက်မှုမှတစ်ဆင့် နဂါးဥထဲသို့ စိတ်နှလုံးစွမ်းအားများ စတင်ထည့်သွင်းပေးတော့သည်။ထိုအခါ နဂါးဥတစ်ခုလုံး ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ စိတ်နှလုံးကို တုန်လှုပ်စေသော နဂါးစွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်များသည် သူတော်စင်နိုင်ငံထဲရှိ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာသူတော်စင်များကိုပင် စိုးရိမ်ထိတ်လန့်သွားစေလေ၏။
စစ်မှန်သော နဂါးသည် မိစ္ဆာသားရဲပေါင်းတစ်သိန်း၏ ဘုရင် ဖြစ်ကာနဂါးစွမ်းအင်သည် မည်သည့် မိစ္ဆာသားရဲမျိုးနွယ်အပေါ်တွင်မဆို အလွန် ပြင်းထန်သော မွေးရာပါ ဖိနှိပ်နိုင်စွမ်း ရှိသည်။ ကျုံးရှန်သည် စိတ်နှလုံးစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးနေသည်နှင့်အမျှ နဂါးစွမ်းအင်များသည် တဖြည်းဖြည်း ဆူပွက်လာပြီး နဂါးဥအပြင်ဘက်သို့ဖြာထွက်နေသော ရွှေရောင်အလင်းတန်းများသည်လည်း ပိုမို ထင်ရှားလာကာ သူတော်စင်နိုင်ငံထက်ဝက်နီးပါးခန့် လင်းထိန်သွားလေသည်။ ထိုသည်မှာ နဂါးဥသည် မကြာမီ ဥမှပေါက်တော့မည်ကို သွယ်ဝိုက်ညွှန်းဆို နေခြင်းဖြစ်သည်။
နဂါးဥထဲရှိ အသက်စွမ်းအင်နှင့် အသိစိတ်သည် မူလတွင် အလွန်တရာ အားနည်းလှပေသည်။ အကယ်၍ သဘာဝအတိုင်းသာ ထားရှိမည်ဆိုပါက နောက်ထပ် နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် ကြာလျှင်ပင် ဥမှ ပေါက်ဖွားလာနိုင်မည် မဟုတ်ချေ။ သို့သော် ယခုအခါ ကျုံးရှန်၏စိတ်နှလုံးစွမ်းအင်ဖြည့်သွင်းမှုဖြင့် ထိုဖြစ်စဉ်သည် သိသာစွာပင် အလျင်အမြန် တိုတောင်းသွားသည်။
ကျုံးရှန်၏ များပြားလှသော စိတ်နှလုံးစွမ်းအားများသည် နဂါးဥအတွက် အကြီးမားဆုံးသော အားဖြည့်စွမ်းအားတစ်မျိုး ဖြစ်ကာ နဂါးဥကို လျင်မြန်စွာ ကြီးထွားစေရန် လှုံ့ဆော်ပေးနိုင်ရုံသာမက ပေါက်ဖွားလာမှုကိုလည်း အရှိန်မြှင့်တင်ပေးနိုင်သည်။ ယခုအချိန်တွင် နဂါးဥသည် ကျုံးရှန်၏ လှုံ့ဆော်မှုအောက်တွင် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေ၏။ စိတ်နှလုံးမျိုးစေ့ အမြစ်တွယ်ထားမှုကြောင့် နဂါးဥထဲရှိ နဂါးပေါက်လေးသည်လည်း ကျုံးရှန်၏ အမှတ်အသားကို ပိုင်ဆိုင်ထားကာ သူ့အပေါ်အကြွင်းမဲ့ သစ္စာရှိမည်ဖြစ်သည်။
ထိုအချက်သည် သူ၏ အားထုတ်မှုများကို များစွာ သက်သာသွားစေပြီး ဖုန်းချင်းအာကို ဖြေရှင်းသကဲ့သို့ နည်းလမ်းများစွာ အသုံးပြုရန် မလိုအပ်တော့ချေ။ သုံးရက်သုံးည အချိန်ကုန်လွန်သွားသည်။ ထိုကာလအတွင်း ကျုံးရှန်သည် စိတ်နှလုံးစွမ်းအင်များ ထောက်ပံ့ပေးခြင်းကို လုံးဝ ရပ်တန့်ခြင်းမရှိခဲ့ချေ။
များပြားလှသော စိတ်နှလုံးစွမ်းအင်များသည် နဂါးဥအတွင်း ဒီရေအလား တရဟော စီးဝင်သွားကာ သုံးရက်သုံးညတိုင်တိုင် အဆက်မပြတ် ထည့်သွင်းပေးနေခဲ့သည်။ ဥမှထွက်ပေါ်နေသည့် ကြီးမားလှသော နဂါးစွမ်းအင်အရှိန်အဝါများမှ အနှီသတ္တဝါလေးသည် စစ်မှန်သည့် နဂါးမျိုးနွယ်ဖြစ်ကြောင်း သက်သေပြနေသည်။ သူတော်စင်နိုင်ငံအတွင်းရှိ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများအားလုံး ကျုံးရှန်တစ်ယောက် အစစ်အမှန် နဂါးတစ်ကောင်ကို ဥဖောက်နေကြောင်း သိရှိသွားကြပြီဖြစ်သည်။
ထိုကဲ့သို့သော နဂါးဥမျိုးသည် အမှန်စင်စစ်တွင် အစစ်အမှန် နဂါးနှင့် ဖီးနစ်တို့၏ စွန့်ပစ်ခံ ကလေးငယ်များသာ ဖြစ်ကြသည်။ သူတို့သည် မျိုးနွယ်စုထဲတွင် အားအနည်းဆုံးသော တည်ရှိမှုများ ဖြစ်သဖြင့် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးဟူသော မဟာကမ္ဘာထဲတွင် စွန့်ပစ်ခံရခြင်း ဖြစ်သည်။ စကြာဝဠာထဲတွင် ထိုကဲ့သို့ လေလွင့်နေသော နတ်ဘုရားသားရဲဥများ အများအပြား ရှိနေကာ စွမ်းအားကြီးမားသော အကြီးအကဲများ၏ ကာကွယ်မှုကို ဆုံးရှုံးသွားသောသူတို့သည် ကြာရှည်လှသော အချိန်ကာလများအတွင်း စွမ်းအင်လုံလောက်စွာ စုပ်ယူပြီးမှသာသဘာဝအလျောက် ပေါက်ဖွားလာနိုင်ကြသည်။
ထို့ကြောင့်သူတို့သည် အရေအတွက်မများလွန်းဘဲ အနည်းငယ်သာ ရှိကာ အများစုမှာ အခြားသော ကျွမ်းကျင်သူများ၏ တွေ့ရှိခြင်းခံရပြီး ကျင့်ကြံခြင်း အရင်းအမြစ်များအဖြစ် အသုံးပြုခံရလေ့ရှိပေသည်။ ဖုန်းချင်းအာသည် ကံကောင်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အသိစိတ်သည်စောစီးစွာ နိုးထလာခဲ့ကာ ကောင်းကင်နှင့်မြေကြီး ကစဉ့်ကလျားမဖြစ်မီကတည်းကပင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်လောက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သောကြောင့်ဖြစ်သည်။
စစ်မှန်သော နဂါးဥသည်မူ အရင်းအမြစ်အခြေခံများစွာ နိမ့်ပါးလှသဖြင့် အကယ်၍ သဘာဝအလျောက် နိုးထလာမှုကို စောင့်ဆိုင်းရမည်ဆိုပါက အနည်းဆုံး နောက်ထပ် နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် ကြာဦးမည် ဖြစ်သည်။ ထိုသို့မဖြစ်မီ ကောင်းကင်နှင့်မြေကြီး ကစဉ့်ကလျားဖြစ်လာပြီး ဖြစ်ရပ်မျိုးစုံနှင့် ကံတရားအခွင့်အရေးများ ပေါ်ထွက်လာချိန်တွင် အနှီသတ္တဝါလေးသည် ကံပါလာသူတစ်ဦးဦး၏ အားဖြည့်ကျင့်ကြံစရာ အရင်းအမြစ်တစ်ခု ဖြစ်သွားရန် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာနေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် စစ်မှန်သော နဂါးဥတစ်လုံးကို သန့်စင်စုပ်ယူနိုင်ခဲ့မည်ဆိုပါက စစ်မှန်သော နဂါးသွေးမျိုးဆက်၏ အစိတ်အပိုင်းအချို့ကို ပိုင်ဆိုင်သွားမည်ဖြစ်ကာ ကျင့်ကြံရာတွင် ထက်ဝက်မျှ အားစိုက်ရုံဖြင့် အကျိုးသက်ရောက်မှု အပြည့်အဝ ရရှိနိုင်လာမည်ဖြစ်သည်။
ထိုသူသည် မည်သည့် သိုင်းကွက်ကိုမဆို ကျင့်ကြံသည့်အခါ သူ၏စွမ်းအင်များတွင် စစ်မှန်သော နဂါးစွမ်းအားတစ်စွန်းတစ်စ ပါဝင်လာမည်ဖြစ်သည်။ နဂါးစွမ်းအား၏ အရှိန်အဝါကို မည်သည့်တိုက်ခိုက်မှုမျှ အကြွင်းမဲ့ တားဆီးနိုင်မည်မဟုတ်ချေ။ မြွေစိမ်း ဖာဟိုင်၏ တာ့ဝေထျန်းလုံကျင့်စဉ်သည် သာမန်ထက်ထူးခြားသော စွမ်းပကား ရှိနေရခြင်းမှာ ဗုဒ္ဓဘာသာဂိုဏ်း၏ ကောင်းကင်နဂါးထံမှ စစ်မှန်သော နဂါးစွမ်းအားများ ကိန်းဝပ်နေသောကြောင့် ဖြစ်သည်။
ကျုံးရှန်သည် အတိုင်းအဆမရှိလှသော စိတ်နှလုံးစွမ်းအားများကို ထည့်သွင်းပေးပြီးနောက် နောက်ဆုံးတွင် စစ်မှန်သော နဂါးဥ၏ စွမ်းအင်စုပ်ယူမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"ခရက်..."
စူးရှသော အက်ကွဲသံတစ်ခုနှင့်အတူ စစ်မှန်သော နဂါးဥ၏ မျက်နှာပြင်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာကာစိတ်နှလုံးစွမ်းအားများကို ဆက်လက်စုပ်ယူခြင်းမရှိတော့ချေ။ ထိုသည်မှာ ဥထဲရှိ စွမ်းအားများ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။
အစစ်အမှန် နဂါးပေါက်ဖွားလာခြင်း။
"ခရက်... ခရက်..."
နဂါးဥ၏ အခွံများသည် အက်ကြောင်းရာတစ်လျှောက် တစ်ခုပြီးတစ်ခု စတင် ကွာကျလာကာ ရွှေရောင်အလင်းအမျှင်တန်းများအဖြစ် ပြောင်းလဲသွားပြီး နဂါးဥအတွင်းသို့ ပြန်လည် ပေါင်းစပ်သွားကြသည်။
ထို့နောက်ရွှေရောင်အလင်းတန်းများသည် နေမင်းအလား မျက်စိကျိန်းလုမတတ် စူးရှတောက်ပလာပြီး အချိန်အတော်ကြာမှသာ အလင်းတန်းများ မှေးမိန်သွားကာ အလင်းလုံးတစ်လုံးအဖြစ် တစ်နေရာထဲတွင် စုစည်းသွားသည်။ ထိုအချိန်တွင် အလင်းလုံးအတွင်းမှ လက်မောင်းလုံးခန့် အရွယ်အစားရှိသော ရွှေရောင် နဂါးလေးတစ်ကောင်ထွက်ပေါ်လာကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။ ရွှေရောင် နဂါးလေးသည် သေးငယ်သော်လည်း ခြေသည်းငါးချောင်းရှိသည့်အစစ်အမှန်ရွှေနဂါးတစ်ကောင်ဖြစ်ကာ နဂါးဦးချို၊ နဂါးအကြေးခွံ၊ နဂါးခြေသည်းများ စသည်ဖြင့် နဂါးတစ်ကောင်၏ အင်္ဂါရပ်အားလုံး စုံလင်စွာ ပါရှိနေသည်။
ယင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကျယ်လောင်စွာဟိန်းဟောက်ပြီး နုပျိုသော်လည်း ရက်စက်ကြမ်းကြုတ်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်သို့ဆက်လက်ပျံသန်းနေသည်နှင့်အမျှ နဂါးလေး၏ ခန္ဓာကိုယ်သည် ပို၍ကြီးထွားလာ၏။ ထိုသို့ဖြစ်ရခြင်းမှာ ကျုံးရှန်ထည့်သွင်းပေးသည့်ကျန်ရှိနေသေးသော စိတ်နှလုံးစွမ်းအားများ၏ လက်ကျန် အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။
ထိုစွမ်းအင်များသည် နဂါးလေးကို လျင်မြန်စွာ ဆက်လက်ကြီးထွားလာစေခြင်း ဖြစ်သည်။ သို့ဖြင့်လက်မောင်းလုံးခန့်ရှိသောနဂါးလေးမှ ပေတစ်သောင်းခန့် ရှည်လျားသော ဧရာမရွှေနဂါးကြီးတစ်ကောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားကာ တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့် မွေးရာပါ ဖိနှိပ်မှုကို အပြည့်အဝခံစားရစေသော ခန့်ညားထည်ဝါသည့်ရွှေနဂါးကြီးဖြစ်လာသည်။ စစ်မှန်သော နဂါးမျိုးနွယ်စုသည် စကြာဝဠာအမြောက်အမြား၊ ကမ္ဘာအဆင့်ဆင့်နှင့် မဟာကမ္ဘာအမြောက်အမြားတွင် ကိုးကွယ်ယုံကြည်မှု အမွေအနှစ်များ ရှိကြ၏။
ကပ်ကမ္ဘာအသင်္ချေများစွာအတွင်း မည်မျှလောက် များပြားသည့် သန့်စင်သော ယုံကြည်ကိုးကွယ်မှုစွမ်းအားများကို စုပ်ယူထားခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။ထို့ကြောင့် ရွှေနဂါး၏ စွမ်းအားသည် အကြွင်းမဲ့ အားကောင်းလှကာ မွေးရာပါ သွေးမျိုးဆက် ဖိနှိပ်မှုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ရခြင်းဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကြား မှတ်တမ်းတင်ထားသော နတ်ဘုရားသားရဲအားလုံးတွင် စစ်မှန်သော နဂါးမျိုးနွယ်စုလောက် သွေးမျိုးဆက် အားကောင်းသည့်သားရဲ မည်သူမျှမရှိချေ။
ဖီးနစ်ငှက်ပင်လျှင် အနည်းငယ် နိမ့်ပါးသောအဆင့်၌ရှိနေသည်။