← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အပိုင်း (၄၀၃)

"ဝေါင်း..."

ရွှေနဂါးကြီးသည် ကောင်းကင်ယံတွင် ပျော်ရွှင်ဝမ်းမြောက်မှုအပြည့်ဖြင့် ဟိန်းဟောက်သံများကို ထုတ်ဖော်နေသည်။

ဥမှ ပေါက်ဖွားလာနိုင်ခြင်းသည် သူ့အတွက်မူ ကြီးမားလှသော ဝမ်းသာစရာနှင့် ကံတရားအခွင့်အရေးပင် ဖြစ်သည်။ ယင်းသည် ကောင်းကင်ယံတွင် အားပါးတရ ဟိန်းဟောက်နေသဖြင့် ကျယ်လောင်လှသော နဂါးဟိန်းသံသည် ကျုံးရှန်၏သူတော်စင်ကမ္ဘာထဲ၌ ပဲ့တင်ထပ်တုန်ဟီးနေတော့သည်။ စိတ်နှလုံးကွန်ရက် ချိတ်ဆက်ထားခြင်းကြောင့် ကျုံးရှန်သည် ယင်း၏ ဝမ်းမြောက်မှုသည် အစစ်အမှန်ဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

စစ်မှန်သော နဂါး၏ စိတ်နေသဘောထားသည် အလွန်ပင် ဖြူစင်ကာ မွေးကင်းစ ကလေးငယ်တစ်ဦးနှင့် မည်သို့မျှခြားနားခြင်းမရှိချေ။

"ကဲ... ဆော့မနေနဲ့... ဆင်းလာခဲ့တော့..."

ကျုံးရှန်သည် အနည်းငယ် ပြုံးလိုက်ကာ ကောင်းကင်ယံတွင် ပျံသန်းနေသော ပုံရိပ်ကို ညင်သာစွာ ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ၏ စကားဆုံးသည်နှင့် ကောင်းကင်ယံရှိ ရွှေနဂါးသည် ဆက်လက် ပျံသန်းခြင်း မပြုတော့ဘဲလိမ္မာယဉ်ကျေးစွာဖြင့် အောက်သို့ ပြန် ဆင်းသက်လာကာ ကျုံးရှန်၏ ဘေးနားတွင် ရပ်လိုက်သည်။ ထိုအခါ ရွှေနဂါးသည် အသက် ၁၆နှစ်ခန့်ရှိသော လူငယ်လေးတစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။ သူ့၌ ချောမောသောရုပ်ရည်၊ ကျောက်စိမ်းရောင်အသားအရည်နှင့် ခေါင်းပေါ်တွင် ဆံပင်ထုံးလေး ထုံးထားပြီး နဖူးထက်တွင်မူ သေးငယ်သော နဂါးဦးချိုနှစ်ခု ရှိနေသည်။

ရွှေနဂါးလေးသည် အသက်အရွယ် ငယ်ရွယ်ပုံပေါ်သော်လည်း သူ၏ အရှိန်အဝါကမူ ဖုန်းချင်းအာအောက် နိမ့်ကျမှုမရှိဘဲ ပြင်းထန်သောဖိအားများထုတ်လွှတ်နေသည်။သူ၏မျက်ဝန်းအစုံသည် စိတ်ဝိညာဉ်ကိုပင် ဖမ်းစားနိုင်သည့် အလင်းတန်းများ ဖြင့် တောက်ပနေကာ ယင်းသည် ကျုံးရှန်ကို ကြည်ညိုလေးစားစွာဖြင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။

"သခင့်ကို ဂါရဝပြုပါတယ်..."

"ကျွန်တော့်ကို အသစ်တစ်ဖန် မွေးဖွားပေးတဲ့ သခင့်ကို အထူးကျေးဇူးတင်ပါတယ်..."

ကျုံးရှန်သည် ခေါင်းညိတ်လိုက်ကာ လက်တစ်ချက်ဝေ့ယမ်းလိုက်သည်။

"ထတော့ ကလေး..."

"မင်းမှာ နာမည် မရှိသေးဘူးမလား..."

"ဒီနေ့က မင်း မွေးဖွားတဲ့နေ့ဆိုတော့ ငါ မင်းကို နာမည်တစ်ခု ပေးမယ်..."

"မင်းရဲ့ နာမည်ကို လုံပုဟွေ လို့ အမည်တွင်စေ..."

ကျုံးရှန်သည် စစ်မှန်သော နဂါးလေးကို နာမည်တစ်ခု ပေးလိုက်သည်။

"လုံပုဟွေ..."

နာမည်ပေးခြင်းခံရသော ရွှေနဂါးလေး လုံပုဟွေသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

"နာမည်ကောင်းပဲ...တကယ့်ကို နာမည်ကောင်းပဲ..."

"နာမည်ပေးသနားတဲ့အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်..."

ယင်းသည် ထပ်မံ၍ ဦးညွှတ် အရိုအသေပေးလိုက်ပြန်သည်။

လုံပုဟွေသည် ယခုမှ မွေးဖွားလာခြင်းဖြစ်သော်လည်း သူတော်စင်အဆင့် ၆ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် လုံပုဟွေ ဟူသော နာမည်တွင် ကိန်းဝပ်နေသည့် ကံကြမ္မာနှင့် အနာဂတ် ဖြစ်တည်မှုများကို အာရုံခံ သိရှိနိုင်လေသည်။ ထိုနာမည်သည် အချုပ်အနှောင်များကို ချိုးဖျက်ပြီး အသစ်တစ်ဖန် လမ်းပြောင်းလဲပေးနိုင်ခြင်းဟု အဓိပ္ပာယ်ရကာ ကြီးမားသောကံအခွင့်အလမ်းများကိန်းဝပ်နေသည်။

ကျုံးရှန်သည် လုံပုဟွေ၏ နားလည်သဘောပေါက်မှုကိုမြင်လျှင် ခပ်ဖျော့ဖျော့ အပြုံးလိုက်မိသည်။ ထို့နောက်တွင် သူသည် ဖုန်းချင်းအာဘက်ကို လှည့်၍ ပြောလိုက်သည်။

"ဖုန်းချင်းအာ... နောင်ဆို လုံပုဟွေက မင်းနဲ့အတူ ကျင့်ကြံလိမ့်မယ်..."

"မင်းတို့တွေ ကောင်းကောင်းမွန်မွန် သဟဇာတဖြစ်အောင် နေထိုင်ကြပြီး နဂါးနဲ့ ဖီးနစ် စုံလင်တဲ့ အနေအထား ဖြစ်လာအောင် ကြိုးစားကြ..."

"ဒါပေမဲ့ သံယောဇဉ် ကိစ္စကတော့ မင်းတို့ချင်းပဲ ပျိုးထောင်ကြရမယ်... ငါကတော့ နည်းနည်းမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး..."

သူ၏ မျက်နှာထက်တွင် အေးချမ်းတည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည်။

နဂါးနှင့် ဖီးနစ် စုံလင်ခြင်းသည် အလွန်ပင် နှစ်လိုဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ နဂါးနှင့် ဖီးနစ်တို့သည် အမြင့်မားဆုံးသော ထိပ်တန်း နတ်ဘုရားသားရဲများ ဖြစ်သဖြင့်သူတို့နှစ်ဦး ပေါင်းစည်းသွားခြင်းသည် အကောင်းဆုံးသော မင်္ဂလာနိမိတ်ပင် ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်သည် သူတစ်ပါးကို အတင်းအကျပ် ပေါင်းစည်းပေးသည့် ကိစ္စမျိုးကို ပြုလုပ်မည် မဟုတ်ပါချေ။

ထိုကဲ့သို့သော ကိစ္စရပ်များသည် သဘာဝအတိုင်း ဖြစ်တည်လာခြင်းဖြင့်သာ အကောင်းဆုံးဖြစ်သည်။ နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင်ကို သူတော်စင်နိုင်ငံအတွင်း ကျင့်ကြံ ကြီးထွားခွင့်ပေးခြင်းသည် သူတော်စင်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အလွန်တရာ ကြီးမားသော အကျိုးကျေးဇူး ရှိစေသည်။ နဂါးနှင့် ဖီးနစ်တို့၏ အရှိန်အဝါသည် သူတော်စင်နိုင်ငံတစ်ခုလုံး၏ ကံကြမ္မာကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာစေလိမ့်မည်ဖြစ်သည်။

ကံကြမ္မာအရှိန်အဝါ ပိုင်ဆိုင်ခြင်းသည် အလတ်စားကမ္ဘာတစ်ခုမှ မဟာကမ္ဘာကြီးတစ်ခုအဖြစ် တက်လှမ်းရန် လိုအပ်သောအခြေခံအချက်များထဲမှ တစ်ခု ဖြစ်သည်။မဟာကမ္ဘာအောက်ရှိ ကမ္ဘာများသည် မဟာကမ္ဘာစွမ်းအားများအပြင် ထူးခြားဆန်းပြားလှသော ကံကြမ္မာအရှိန်အဝါ ဝိသေသလက္ခဏာများကိုလည်း ပိုင်ဆိုင်ထားကြရသည်။ သာမန် သူတော်စင်နိုင်ငံအတွင်းရှိ သက်ရှိများသည်ကံကြမ္မာအရှိန်အဝါနှင့်

ကောင်းကင်မြေကြီး၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်သည့် ဖြစ်နိုင်ခြေ မရှိကြချေ။

အဘယ်ကြောင့်ဆိုသော် သူတော်စင်နိုင်ငံတစ်ခုလုံးသည် ဖန်တီးရှင် သတ်မှတ်ထားသော ကမ္ဘာ့နိယာမစည်းမျဉ်းများအတိုင်း စက်ရုပ်ဆန်ဆန် လည်ပတ်နေကြရသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ကမ္ဘာမျိုးသည် ဆန်းသစ်သော ဖြစ်နိုင်ခြေများ ချို့တဲ့လှပြီး ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရန် ကံကြမ္မာအရှိန်အဝါ မရှိချေ။

မဟာကမ္ဘာကြီးများတွင် အချုပ်အနှောင်ကင်းလွတ်သော ကောင်းကင်အရှင်သခင် ကျွမ်းကျင်သူများပေါ်ထွက်လာနိုင်ခြင်းမှာ ထိုကံကြမ္မာအရှိန်အဝါကြောင့်ပင် ဖြစ်သည်။ ကြီးမားသော ကံကြမ္မာအရှိန်အဝါ ပိုင်ဆိုင်သူများသည် ခက်ခဲသော အချုပ်အနှောင်များနှင့် ကောင်းကင်မြေကြီး၏ စည်းမျဉ်းနိယာမများကို ချိုးဖျက်ကာ မဟာကမ္ဘာကို ကျော်လွန်နိုင်ကြသည်။ နဂါးနှင့် ဖီးနစ် ဟူသော နတ်ဘုရားသားရဲကြီးနှစ်ကောင် ရှိနေသဖြင့် ကျုံးရှန်သည် မိမိ၏ သူတော်စင်နိုင်ငံသည်လည်း မကြာမီအချိန်အတွင်း သက်ရှိအားလုံး၏ ကံကြမ္မာလိုင်းများကို စတင် ဖန်တီးလာနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျုံးရှန်သည် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် ဖုန်းချင်းအာနှင့် လုံပုဟွေတို့၏ ကိစ္စကို ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများထံ အကြောင်းကြားလိုက်ကာ သူတော်စင်နိုင်ငံအတွင်းမှ ထွက်ခွာခဲ့တော့သည်။

....

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်။

ကျုံးရှန် ဆက်လက်ရှာဖွေရန်အတွက် အခြား နတ်ဘုရားကံတရားအခွင့်အရေးများ ကျန်ရှိနေသေးလေသည်။ ဥပမာအားဖြင့် ဝမ်ရှန့်နတ်ဘုရားပုံစံငယ်ကမ္ဘာမှရရှိခဲ့သည့် ထူးဆန်းသော ကမ္ဘာပြင်ပ ပျံသန်းရေးယာဉ် ကဲ့သို့ အရာမျိုးဖြစ်သည်။ ယင်းသည် အခြားကမ္ဘာ သို့မဟုတ် အခြားစကြာဝဠာမှ ဆင်းသက်လာသော အရာတစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။

ကျုံးရှန်သည် ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားလိုက်ကာ ဟင်းလင်းပြင် အလွှာများကို ဖြတ်ကျော်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ သာမန် စီရင်စုတစ်ခု၏ ကောင်းကင်ယံထက်သို့ နေရာကူးပြောင်းလိုက်သည်။ သူရောက်ရှိသွားသည့်နေရာကို ပိုင်ချွမ်းစီရင်စုဟု ခေါ်တွင်ပြီး စီရင်စုနယ်မြေတစ်ခုလုံးတွင် ရာနှင့်ချီသော မြစ်ကြီးများ ဖြတ်သန်းစီးဆင်းနေသည်။ ပိုင်ချွမ်းစီရင်စု၏ ထူးခြားချက်မှာ မြစ်ချောင်းများစွာသည် မိုင်ပေါင်းသန်းချီ ကျယ်ဝန်းသော စီရင်စုနယ်မြေတစ်ခုလုံးတွင် ယှက်သန်းစီးဆင်းနေခြင်းဖြစ်သည်။

ထိုအချက်မှလွဲ၍ ဤနေရာသည် သာမန်မျှသာ ဖြစ်ပြီး မည်သည့် အစွမ်းထက်သော ဧကရာဇ် သို့မဟုတ် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူမျှ မရှိချေ။ ရှားပါးသော အမွေအနှစ်များ၊ ရှေးဟောင်းဂိုဏ်းများနှင့် တန်ဖိုးကြီးမားသော ကျင့်ကြံခြင်းအရင်းအမြစ်များလည်း မရှိဘဲစီရင်စုနယ်မြေတစ်ခုလုံးသည် သာမန်ကာလျှံကာမျှသာ ဖြစ်သည်။ ထို့အပြင် ယခုအချိန်အထိပင် စီရင်စုအတွင်း၌ မည်သည့် အင်အားကြီးအဖွဲ့အစည်း ဂိုဏ်းမျှ မရှိသေးခြင်းဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး ကစဉ့်ကလျား ဖြစ်နေပြီ ဖြစ်သော်လည်း ပိုင်ချွမ်းစီရင်စုကို မည်သည့်အဖွဲ့အစည်းမျှ မက်မောခြင်း မရှိသလို ကြီးမားသော စစ်ပွဲများနှင့် သတ်ဖြတ်မှုများလည်း ဖြစ်ပွားခြင်း မရှိပေ။ ထို့ကြောင့် ယခုကဲ့သို့ စစ်မက်ဖြစ်ပွားရာ ခေတ်ပျက်ကြီးအတွင်း၌ ပိုင်ချွမ်းစီရင်စုသည် ထောင့်တစ်နေရာတွင် အေးချမ်းစွာ ဖြင့်ဘေးရန်ကင်းလွတ်စွာ နေနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်အရ သာမန်ဖြစ်ခြင်းတွင်လည်း သာမန်ဖြစ်ခြင်း၏ အကျိုးကျေးဇူး ရှိနေကြောင်းဖော်ပြနေသည်။

ပိုင်ချွမ်းစီရင်စုသည် အချို့သော စီရင်စုများကဲ့သို့ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မတတ် တိုက်ခိုက်ကြပြီး တစ်စစီ ပျက်စီးသွားခြင်းမျိုး မရှိခြင်းသည် အမှန်တကယ်ကိုပင် ကံကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ နေရာအနှံ့အပြားတွင် စီရင်စုတစ်ခုလုံး ကာကွယ်ရေးအစီအရင်များ မရှိသော နေရာတိုင်း၌ စုတ်ပြတ်သတ်စွာ ဖျက်ဆီးခံနေရ သောကြောင့်ဖြစ်သည်။ ထိုစီရင်စုများတွင် ကောင်းကင်နှင့်မြေကြီး ကစဉ့်ကလျားဖြစ်မှုအတွင်း မည်မျှ များပြားသော သာမန်လူသားများ၊ ကျင့်ကြံသူများနှင့် သက်ရှိများ သေဆုံးသွားသည်ကို မည်သူမျှမသိနိုင်ချေ။

လူအများစုသည် အချင်းချင်း ရန်ငြိုးကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ စွမ်းအားကြီး ကျွမ်းကျင်သူများ၏ တိုက်ပွဲအရှိန်အဝါ ရိုက်ခတ်မှုကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော အဓိပ္ပာယ်မဲ့သေခြင်းများ။

ထိုအရာများနှင့် နှိုင်းယှဉ်ပါက ပိုင်ချွမ်းစီရင်စုသည် အလွန်ပင် ကံကောင်းသည်ဟု ဆိုရမည်။ ကျုံးရှန် ယခုတစ်ကြိမ် ရှာဖွေလိုသော အရာသည် ဤသာမန် ပိုင်ချွမ်းစီရင်စုအတွင်း၌ ရှိနေခြင်း ဖြစ်၏။ သူသည် လက် တစ်ချက် လှန်လိုက်ကာ ရက်စက်ကြမ်းကြုတ်သော ပုံသဏ္ဌာန်ရှိသည့် လက်ဝါးအရွယ်အစားခန့် ပျံသန်းရေးယာဉ်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုသည်မှာ ဝမ်ရှန့်ကမ္ဘာငယ်မှ ရရှိခဲ့သော ပုံစံငယ်လေး ဖြစ်သည်။ ယင်းသည် အပြင်ပန်းသဏ္ဌာန်သာ တူညီပြီး ယာဉ်ပျံအတွင်းရှိ ဗဟိုပင်မစနစ်ကိုမူ ပုံတူကူးယူနိုင်ခြင်း မရှိခဲ့ချေ။ ကျုံးရှန်သည် ယခင်က နိုအာချပ်ပြားပျံဖြင့် အနှီအာကာသယာဉ်ကို စကင်န်ဖတ်ခဲ့ဖူးသည်။

ယင်း၏ အတွင်းပိုင်းသည် စက်ယန္တရားများဖြင့် တည်ဆောက်ထားပြီး မူလ ကုန်ကြမ်းပစ္စည်းကို မသိရသော်လည်း ပုံစံငယ်လေးကိုမူ အလိုလျောက် ပြန်လည် ပြုပြင်နိုင်စွမ်းရှိသောအရည်အသွေးမြင့် သတ္တုဖြင့် ပြုလုပ်ထားသည်။ သို့သော်အာကာသယာဉ်၏ ပင်မထိန်းချုပ်စနစ်သည် ပျောက်ဆုံးနေခဲ့ကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ပင်လျှင် ပုံတူမကူးနိုင်သော အသိဉာဏ်စနစ်မျိုးဖြစ်နေသည်။ ထိုအချက်က အနှီအာကာသယာဉ်၏ မူလကိုယ်ထည်အပေါ် ကျုံးရှန် ပိုမို စိတ်ဝင်စားလာရခြင်းဖြစ်သည်။

ထိုကဲ့သို့သော အာကာသယာဉ်အသေးစားများသည် စူးစမ်းလေ့လာရေးယာဉ်သာ ဖြစ်ရန် ရာခိုင်နှုန်း ကိုးဆယ်ခန့် သေချာနေသည်။ သို့သော် ကျုံးရှန်တွင် အာကာသယာဉ်ပျံ၏ စွမ်းအားသည် နိုအာချပ်ပြား၏ သမိုင်းယဉ်ကျေးမှုထက်ပင် ပိုမို အစွမ်းထက်နိုင်ကြောင်း ခံစားချက်တစ်ခု ရှိနေသည်။ ယင်းသည် နည်းပညာမြင့်မားစွာထွန်းကားနေသော စကြာဝဠာမှ ထွက်ပေါ်လာသည့် ပြောင်မြောက်သော လက်ရာတစ်ခု ဖြစ်နိုင်ပေသည်။

အပိုင်း (၄၀၄)

ကျုံးရှန်၏ ယခင်ဘဝမှ ကမ္ဘာမြေသည်လည်း နည်းပညာယဉ်ကျေးမှု လမ်းစဉ်အတိုင်း သွားခဲ့ခြင်း ဖြစ်သဖြင့် ထိုကဲ့သို့သော အရာမျိုးဖြစ်သည့် အာကာသယာဥ်ကို အထူးပင် စိတ်ဝင်စားနေမိခြင်းဖြစ်သည်။ ကျုံးရှန်သည် ပိုင်ချွမ်းစီရင်စု အထက်ကောင်းကင်ယံ၌ ရပ်နေခဲ့ကာ သူ၏ အကြည့်များသည် မီးရှူးတိုင်အလား စီရင်စုနယ်မြေတစ်ခုလုံးသို့ ဖြတ်သန်းသွားသည်။ သူ့တွင် ဝမ်ရှန့်ကမ္ဘာငယ်လေးမှ အာကာသယာဉ်တည်နေရာကို ကိုးကားစရာ ရှိသော်လည်း ဆိုးရွားသည်မှာ နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

မြေပြင်ကြီးသည် အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး ပင်လယ်သည် လယ်ကွင်းပြင် ဖြစ်သွားခဲ့သဖြင့် တိကျသော တည်နေရာကို ရှာဖွေရန် အားစိုက်ထုတ်မှုအချို့ လိုအပ်နေ သေးသည်။ ထိုအချိန်တွင် အိုင်တစ်ခုအတွင်း၌ ထူးဆန်းသော အားလှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။ ကျုံးရှန်၏ နတ်ဘုရားအာရုံသည် အလွန်တရာ အားကောင်းသော်လည်း ထိုနယ်မြေကို ဖြတ်သန်းသွားသောအခါ အနည်းငယ် ဝေဝါးသွားလေသည်။

အိုင်လေးသည် ဝမ်ရှန့်ကမ္ဘာငယ်လေးတွင် အာကာသယာဉ်ပုံစံငယ်ကို သူ ရှာတွေ့ခဲ့သော နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေခြင်းဖြစ်သည်။ ကျုံးရှန်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ကာ နောက်တစ်စက္ကန့်တွင် အိုင်၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာသည်။ အိုင်၏ မိုင်ပေါင်းသောင်းချီ ပတ်လည်အတွင်း မည်သည့် ကျင့်ကြံသူ သို့မဟုတ် သက်ရှိမျှ မရှိချေ။

ကျုံးရှန်ခံစားမိလိုက်သော အားလှိုင်းသည် အလွန်ပင် ထူးခြားလှပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် တစ်ခါမျှ မရှိခဲ့ဖူးသော အရာ ဖြစ်သည်။ သူ လက်ကို ဆန့်ထုတ်၍ အိုင်ကို ဖမ်းဆုပ်ဟန်ပြုလိုက်လျှင် အိုင်အတွင်းမှ ရေများ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားကာ ဧရာမ ရေလုံးကြီးတစ်ခု ဖြစ်သွားပြီး အိုင်တစ်ခုလုံး ချက်ချင်း ခန်းခြောက်သွားသည်။ ထိုအခါ အိုင်အောက်ခြေရှိ ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေသော အရိုးစုများ ပေါ်ပေါက်လာကာမြောက်မြားစွာသောသက်ရှိများ သေဆုံးခဲ့ကြောင်းဖော်ပြနေသည်။

ကျုံးရှန် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လျှင် ရွှံ့နွံအားလုံးသည်လည်း ကောင်းကင်သို့ ပျံတက်သွားကာ ဧရာမ ရွှံ့လုံးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ အိုင်၏ အောက်ခြေတွင် ကိုယ်ထည်တစ်ခုလုံး ငွေဖြူရောင်တောက်ပနေပြီး ကြမ်းကြုတ်သော ပုံသဏ္ဌာန်ရှိသော အာကာသယာဉ်တစ်စင်း ကို တွေ့လိုက်ရသည်။ ထိုယာဉ်ကိုမြင်လျှင် ကျုံးရှန်သည် လေထဲမှ ဆင်းသက်လိုက်ကာ အာကာသယာဉ်၏ ဘေးနားသို့ ရောက်ရှိသွားသည်။

သူသည် ယာဉ်၏ကိုယ်ထည်ကို ခပ်ဖွဖွလေး ပွတ်သပ်ကြည့်လိုက်လျှင် အေးစက် ချောမွေ့ကာ နူးညံ့လှသည့်ခံစားချက်ကိုရရှိလိုက်သည်။ ထိုအချိန်တွင် နတ်ဘုရားအာရုံနှောင့်ယှက်မှုကြောင့် ဖြစ်ပေါ်လာသော ဝေဝါးသည့် ခံစားချက်သည် ပိုမို ထင်ရှားလာကာ စွမ်းအားလှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အာကာသယာဉ်ကို ပတ်၍ လမ်းလျှောက်လိုက်လျှင် အာကာသယာဉ်၏ ဘေးဘက်တွင် ဂြိုဟ်တစ်ခု၏ သင်္ကေတအမှတ်အသားကို တွေ့လိုက်ရသည်။

ယင်းအပေါ်တွင် ဘာသာစကား နှစ်မျိုးဖြင့် အာကာသယာဉ်၏ နံပါတ်ကုဒ်ကို ရေးသားထားကာ ထိုဘာသာစကား နှစ်မျိုးလုံးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ လူများ မသိကြချေ။ သို့သော် ကျုံးရှန်သည်မူ ထိုစကားနှစ်မျိုးလုံးကို သိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဘာသာစကားထဲမှ တစ်မျိုးမှာ တရုတ်ဘာသာစကား ဖြစ်ပြီး နောက်တစ်မျိုးသည် အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။

နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်။

အနှီအာကာသယာဉ်သည် ကမ္ဘာမြေမှ ဆင်းသက်လာခြင်းပေလော။

သို့မဟုတ် ကမ္ဘာမြေ၏ ပြိုင်တူစကြာဝဠာမှရောက်ရှိလာခြင်းပေလော။

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း တစ်သန်းတစ်သောင်းမျှသာ ရှိသေးသော်လည်း စူးစမ်းလေ့လာရေးယာဉ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် လွန်ခဲ့သော နှစ်သန်းပေါင်းဆယ်ဂဏန်းခန့်ကတည်းကပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤနယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်၏နောက်ကွယ်တွင် မည်သို့သောအကြောင်းတရားများရှိနေနိုင်မည်နည်း။

ကျုံးရှန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ ယာဉ်တံခါး တည်ရှိရာနေရာကို ရှာဖွေလိုက်သည်။ သူသည် နတ်ဘုရားအာရုံဖြင့် အက်ကြောင်းတစ်ခုခုကို ရှာဖွေရန် ကြိုးစားလိုက်သော်လည်း အကြွင်းမဲ့ ဟာကွက်မရှိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အာကာသယာဉ်တစ်ခုလုံး၏ နည်းပညာစွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သာမန် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများပင်လျှင် အာကာသယာဉ်ကို အနည်းငယ်မျှ ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။

သို့သော် ကျုံးရှန်သည် ယာဉ်တံခါးဘေးတွင် ရိုးရှင်းသော စနစ်ပါဝင်သည့် ရင်းနှီးသောအရာတစ်ခုကို တွေ့ရှိလိုက်သည်။ ထိုအရာမှာလက်ဝါးရာ ပုံသဏ္ဌာန် ရှိနေသော လေးထောင့်ပုံစံ ဘောင်ကွက် လေးဖြစ်သည်။ သူသည် မိမိ၏ လက်ဝါးကို ယင်းအပေါ်သို့ ညင်သာစွာ တင်လိုက်လျှင် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ လက်ဝါးပြင်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။

ထို့နောက်တွင် စိတ်ခံစားချက် အပြည့်ပါဝင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

[မျိုးရိုးဗီဇ နှိုင်းယှဉ်မှု ပြီးဆုံးပါပြီ။]

[မျိုးရိုးဗီဇ ဇစ်မြစ် - ကမ္ဘာမြေ၊ လူသား] [အဆင့်သုံး ဧည့်သည် လာရောက်ခွင့် အာဏာကို ရရှိပါသဖြင့် အာကာသယာဉ်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။]

ထိုအသံသည် အာကာသယာဉ်၏ ထိန်းချုပ်မှုစနစ်မှ ထွက်ပေါ်လာခြင်း ဖြစ်ဟန်ရှိသည်။ သို့သော်လည်း အေးစက်စက်နှင့်စက်ရုပ်ဆန်သော ခံစားချက်မျိုး မရှိဘဲ စစ်မှန်သော လူသားတစ်ဦးနှင့် ထပ်တူထပ်မျှ တူညီလှသည်။ နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်၏ စနစ်တွင် ကိုယ်ပိုင် စိတ်ခံစားချက်နှင့် စိတ်ဆန္ဒများ ရှိနေသည့်အလားပင်ထင်ရသည်။

ထိုအချက်မှ အနှီနယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်သည် နိုအာချပ်ပြားပျံထက် များစွာ သာလွန်လှကြောင်းဖော်ပြနေသည်။ ယာဉ်တံခါးသည် ဖြည်းညင်းစွာ ပွင့်လာကာ ယာဉ်ကိုယ်ထည်၏ ဘေးတစ်ဖက်တစ်ချက်စီသို့ ချောမွေ့စွာ ရွေ့လျားသွားသည်။ ကျုံးရှန်သည် ယာဉ်အတွင်းပိုင်းသို့ ခုန်ဝင်လျှင် ဝင်ပေါက်နေရာသည် အဖြူရောင်သတ္တုဖြင့် ပြုလုပ်ထားသော အလုံပိတ်အခန်းတစ်ခု ဖြစ်နေသည်ကိုသတိထားမိလိုက်သည်။

ကျုံးရှန်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုက်နက် ယာဉ်တံခါးသည် အလိုအလျောက် ပြန်လည် ပိတ်သွားကာ မျက်နှာကျက်မှ ဖြန်းစက်တစ်ခု ပေါ်ထွက်လာပြီး ထူးဆန်းသော အနံ့ရှိသည့် အငွေ့များကို စတင် ဖြန်းပက်တော့သည်။ ကျုံးရှန် နတ်ဘုရား အာရုံဖြင့် စူးစမ်းကြည့်လိုက်သောအခါ ထိုအငွေ့များသည် အလွန်သေးငယ်လှသည့် နာနိုစက်များ ဖြစ်ကြောင်း သိရှိသွားသည်။ ယင်းတို့သည် ကျုံးရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ် စစ်ဆေးနေကြခြင်း ဖြစ်သည်။

[ပိုးသတ်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။]

[အလုံပိတ် အခန်းကို ဖွင့်လှစ်ပေးလိုက်ပါတယ်။]

[ကျေးဇူးပြု၍ အဆင့်သုံး ဧည့်သည်လာရောက်ခွင့် စည်းမျဉ်းများကို လိုက်နာပြီး စနစ်တကျ လေ့လာပါ။သို့မဟုတ်ပါက ကမ္ဘာမြေပြည်ထောင်စု ကြယ်စင်ခရီးသွားလာရေး ဥပဒေအရ သင့်ကို ဖမ်းဆီးပိုင်ခွင့် သို့မဟုတ် သတ်ဖြတ်ပိုင်ခွင့် ရှိပါတယ်။]

အကြောင်းကြားစာ အသံတစ်ခု ပေါ်ထွက်လာပြီး ကျုံးရှန်၏ ရှေ့မှ အဖြူရောင် နံရံကြီးသည် ဖြည်းညင်းစွာ ပွင့်ဟသွားကာ လမ်းခွဲသုံးခွရှိသည့် လမ်းဆုံတစ်ခု ပေါ်လာသည်။ လမ်းတစ်ခုသည် လူနေထိုင်ရာ နယ်မြေသို့ ဦးတည်ထားပြီး နောက်လမ်းတစ်ခုသည် ကုန်လှောင်ရုံသို့ ဦးတည်ထားကာ ကျန်ရှိသော လမ်းတစ်ခုသည်မူ ယာဉ်မောင်းနှင်ရာ နယ်မြေသို့ ဦးတည်နေသည်။ ကျုံးရှန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မောင်းနှင်ရာ နယ်မြေဆီသို့ ဦးတည် လျှောက်လှမ်းသွားလိုက်သည်။

အာကာသယာဉ်သည် သူ၏ မူလကမ္ဘာမြေမှ ဆင်းသက်လာခြင်း ဟုတ်မဟုတ်ကို သူ ရှင်းလင်းစွာ သိရှိလိုသောကြောင့်ဖြစ်သည်။ အကယ်၍ ဟုတ်ခဲ့မည်ဆိုပါက ပြဿနာတစ်ခု ရှိလာမည် ဖြစ်ပြီး ယင်းသည် ကျုံးရှန်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းလာစဉ်တွင် အချိန်နှင့် အာကာသတွန့်လိမ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူ၏ဝိညာဉ်သည် နှစ်ပေါင်း သန်းပေါင်းများစွာကြာအောင် လွင့်မြောနေခဲ့ပြီးမှသာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ပြန်လည်မွေးဖွား ရောက်ရှိလာခြင်း ဖြစ်သည်။

သူ ပြန်လည်မွေးဖွားခြင်း မပြုမီ နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့်အတွင်း ကမ္ဘာမြေ၏ နည်းပညာသည် တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ နောက်ဆုံးတွင် အာကာသယာဉ်တစ်စင်း ယခုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ပေသည်။ သို့သော်ထိုခန့်မှန်းချက်သည် ဖြစ်နိုင်ခြေများထဲမှ တစ်ခုသာ ရှိသေးသည်။

ကျုံးရှန်သည် ယာဉ်မောင်းနှင်ရာ နယ်မြေဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလျှင်လမ်းတစ်လျှောက်ရှိ စင်္ကြံလမ်းများသည် ကောင်းမွန်စွာရှိနေပြီး မည်သည့် ပျက်စီးမှုမျိုးမျှ မတွေ့ရချေ။ အာကာသယာဉ်သည် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများပင်လျှင် ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသောအရာဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဤနေရာတွင် နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့်ကြာအောင် နစ်မြုပ်နေခဲ့ရသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။

နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်သည် စကြာဝဠာအတွင်းရှိ ခန့်မှန်းရခက်သော ဧရာမ သတ္တဝါကြီးများနှင့် တွေ့ဆုံခဲ့ရခြင်းပေလော။

သို့မဟုတ် ယာဉ်အဖွဲ့သားများ အချင်းချင်း သတ်ဖြတ်ကြပြီး စနစ်တစ်ခုလုံး ရပ်ဆိုင်းသွားခြင်းကြောင့် ဤနေရာ၌နစ်မြှုပ်နေရပေလော။

အာကာသယာဉ်၏ မူလဇစ်မြစ်နှင့် နောက်ခံအပါအဝင်အရာအားလုံးသည် ပဟေဠိတစ်ခုအလား ဖြစ်နေခဲ့၏။ ကျုံးရှန်သည် နောက်ဆုံးတွင် သူ၏ သိမြင်နားလည်မှုထက် ကျော်လွန်သော ကိစ္စရပ်တစ်ခုနှင့် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။ သို့သော် ထိုအချက်ကပင်ကျုံးရှန်၏ စူးစမ်းလိုစိတ်ကို အောင်မြင်စွာ လှုံ့ဆော်ပေးလိုက်လေသည်။

အထူးသဖြင့် အာကာသယာဉ်သည် သူ၏ မွေးရပ်မြေ ဖြစ်သော ကမ္ဘာမြေနှင့် အကြွင်းမဲ့ ပတ်သက်နေနိုင်ခြေ ရှိသောကြောင့် ကျုံးရှန်ကို ပိုမို အာရုံစိုက်လာစေသည်။ အာကာသယာဉ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့မည်ဆိုပါက စကြာဝဠာများအကြား လွတ်လပ်စွာ ပျံသန်းနိုင်သည့် စွမ်းရည်ကို ချက်ချင်း ပိုင်ဆိုင်သွားနိုင်မည် ဟု ကျုံးရှန် ခံစားမိနေသည်။ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားပြီး မကြာမီအချိန်အတွင်း၌ ကျုံးရှန်သည် အာကာသယာဉ်၏ယာဉ်မောင်းခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

ယာဉ်မောင်းခန်းသည် ပြင်ပလူများ ဝင်ရောက်ခွင့်မပြုသော အလုံပိတ်အနေအထား၌ ရှိနေကာ အပြင်ဘက် ဝင်ပေါက်တံခါးနှင့် တူညီသော အလုံပိတ် ယာဉ်တံခါးတစ်ခု ဖြစ်သည်။ ယာဉ်တံခါဘေးဘက်တွင် လက်ဝါးပုံစံ အာရုံခံကိရိယာတစ်ခု ရှိနေ၏။ ကျုံးရှန်သည် အာရုံခံကိရိယာအပေါ်သို့ လက်ဝါးကို ကပ်လိုက်လျှင် ထုံးစံအတိုင်း အစိမ်းရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

[ဝင်ရောက်ခွင့် အာဏာ မလုံလောက်ပါ။ ဝင်ရောက်ခြင်းကို တားမြစ်ထားပါတယ်။]

ထွက်ပေါ်လာသော အသိပေးသံသည် လူကို စိတ်ပျက်သွားစေသည်။ သို့သော်ကျုံးရှန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်ကာ ယခုကဲ့သို့ ဖြစ်လာမည်ကို စောစီးစွာကတည်းက ကြိုတင် ခန့်မှန်းမိပြီးဖြစ်ပုံရပေသည်။

'ကြည့်ရတာ အကြမ်းနည်းလမ်းကိုပဲ သုံးရတော့မယ်ထင်တယ်'

ကျုံးရှန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ကာ အခြားနည်းလမ်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သို့နှင့်သူသည် အာရုံစူးစိုက်ပြီး ခွန်အားများကို လက်အတွင်းစုစည်းကာ ယာဉ်တံခါးဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဝမ်ထျန်းလက်သီး။

"ဝုန်း"

နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်၏ကိုယ်ထည်သည် အနည်းငယ်မျှ လှုပ်ရှားသွားခြင်းမရှိသော်လည်း ယာဉ်တံခါးအပေါ်၌ လက်သီးရာ ချိုင့်ခွက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ ယာဉ်တံခါး၏ သတ္တုသည် ရုတ်တရက် ပျော့ပျောင်းသွားကာ အပေါ်ရှိ လက်သီးရာချိုင့်ခွက်ကို မူလအတိုင်း ပြန်လည် ပြုပြင်လိုက်သည်။ သို့သော် ကျုံးရှန်၏ ထိုတိုက်ခိုက်မှုသည် ပျားအုံကို တုတ်ဖြင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး အာကာသယာဉ်အတွင်း၌ အနီရောင်အလင်းတန်းများ လင်းလက်လာသည်။

[သတိပေးချက်။ ။ သင်ဟာ ကမ္ဘာမြေပြည်ထောင်စု ကြယ်စင်ခရီးသွားလာရေးဥပဒေ ပုဒ်မ ခုနစ်ကို ချိုးဖောက်ပြီး စူးစမ်းလေ့လာရေးယာဉ်ကို ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခဲ့ပါတယ်။]

[ဒီယာဉ်က သင့်ကို တရားဝင် ဖမ်းဆီးပါမယ်။]

[အဖမ်းမခံဘဲ ခုခံမယ်ဆိုပါက ပွဲချင်းပြီး သတ်ပစ်ပါမယ်။]

ယခုတစ်ကြိမ် ထွက်ပေါ်လာသော အာကာသယာဉ်၏ အသိပေးသံသည် ငြိမ်းချမ်းမှု မရှိတော့ဘဲ အနည်းငယ်ပင် ဒေါသထွက်နေပုံရ၏။

All Chapters