← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အပိုင်း (၄၀၅)

ထိုအသံကြားလျှင်ကျုံးရှန်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ထွက်ပေါ်လာကာ လက်သီးကို ညင်သာစွာ ဆုပ်နယ်လျက် ယာဉ်တံခါးကို တည်ငြိမ်စွာဖြင့် ဆက်လက်ကြည့်ရှုနေသည်။

"ကောင်းတယ်... ဒီအာကာသယာဉ်ရဲ့ ကာကွယ်ရေးစွမ်းရည်က...တကယ့်ကို အံ့သြစရာပဲ... နည်းပညာရဲ့ စွမ်းအားကို ငါ အထင်သေးမိသွားတယ်"

"တံခါးပြုလုပ်ဖို့ ဖွဲ့စည်းထားတဲ့ သတ္တုကပဲ ထူးဆန်းတဲ့ နက်နဲမှု ရှိနေပြီ"

"ဒါဆို ငါ့ရဲ့ လက်သီး နောက်တစ်ချက်ကို ကောခံနိုင်ရည်ရှိလောက်မလားပဲ"

ကျုံးရှန်သည် တစ်ကိုယ်တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် စွမ်းအားများကို ပြန်လည် စုစည်းလိုက်ပြီး ယာဉ်တံခါးဆီသို့ လက်သီးတစ်ချက် ထပ်မံ ပစ်သွင်းလိုက်ပြန်သည်။

"ဝုန်း... "

ယခုတစ်ကြိမ်တွင်မူ အာကာသယာဉ်တစ်ခုလုံး တစ်ချက် တုန်ခါသွားကာ ပိုင်ချွမ်းစီရင်စု တစ်ခုလုံးပါ လိုက်ပါတုန်ခါသွားပြီး ယာဉ်တံခါးပေါ်၌ ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ ကျုံးရှန်သည် လူတစ်ကိုယ်စာ ဝင်ဆံ့သော အပေါက်ကြီးတစ်ခု ဖြစ်သွားစေရန် ထိုးဖောက်လိုက်ခြင်းဖြစ်သည်။ သူ၏လက်သီးစွမ်းအားသည် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အထွတ်အထိပ် တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှလှသော်လည်း ယာဉ်တံခါးကို ဖောက်ထွင်းနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့အပြင် ယာဉ်တံခါးသည် အပေါက် ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် အပေါက်ကြီးသည် နှေးကွေးစွာဖြင့် အလိုလျောက် ပြန်လည် ပြုပြင်လာသည်။ ထိုအချိန်တွင်ကျုံးရှန်၏ အနောက်ဘက်မှ ပြင်းထန်သော လေပြင်းအချို့ ရုတ်တရက် တိုက်ခတ်လာပြီး မျက်နှာအမူအရာ ကင်းမဲ့သည့် ယူနီဖောင်း ဝတ်ဆင်ထားသော လူအချို့ ထွက်ပေါ်လာသည်။ ထိုလူများသည် စိတ်ခံစားချက် အနည်းငယ်မျှ ပြသခြင်း မရှိဘဲ သံမဏိလက်သီးများကို ရက်စက်စွာ ဝှေ့ယမ်းကာ ကျုံးရှန်ကို ဖမ်းဆီးထိန်းချုပ်ရန် ကြိုးစားလာကြသည်။

ကျုံးရှန်သည် ခေါင်းလှည့်မကြည့်ဘဲ ခြေတစ်ဖက်ကို မြှောက်ကာ ကိုယ်ကိုလှည့်၍ ဘေးတိုက် ကန်လိုက်သည်။ အနောက်ဘက်မှတိုးဝင်လာသောထို လူများအားလုံး လွင့်စင်သွားကြသည်။ ထိုသူများသည် လူစစ်စစ်များ မဟုတ်ကြဘဲ အာကာသယာဉ်နှင့် တူညီသော သတ္တုများဖြင့် ဖွဲ့စည်းထားသည့် ဇီဝ စက်ရုပ်တစ်မျိုးဖြစ်ကြောင်း ကျုံးရှန်သိရှိထားပြီးဖြစ်သည်။

ဇီဝစက်ရုပ်များကို ကန်ထုတ်လိုက်ပြီးသည်နှင့် ကျုံးရှန်သည် တဖြည်းဖြည်း ပိတ်ဆို့လာနေသော အပေါက်ကြီးမှတစ်ဆင့် ယာဉ်မောင်းခန်းထဲသို့ အလျင်အမြန်ဝင်ရောက်သွားသည်။ ယာဉ်မောင်းခန်း တစ်ခုလုံး၏ အပြင်အဆင်သည် အလွန် ရိုးရှင်းလှကာ မောင်းနှင်ရေးခုံ အနည်းငယ်သာ ရှိပြီး ခုံတိုင်းအပေါ်၌ သေးငယ်သော သတ္တုပြားလေးတစ်ခု ရှိနေသည်။ ကျုံးရှန် ခုံတစ်ခု အနီးသို့ လျှောက်သွားလိုက်ကာ သတ္တပြားကို လက်ပေါ်သို့ ကပ်လိုက်သည်။ ထိုအခါ မြောက်မြားစွာသော အချက်အလက်များသည် သူ၏သိစိတ်အာရုံအတွင်းသို့ ဝင်ရောက်လာ၏။

အာကာသယာဉ်သည် လူ့ခန္ဓာကိုယ်၏ အသိစိတ်ဖြင့် ထိန်းချုပ်ရခြင်း ဖြစ်ဟန်ရှိသည်။ အသိစိတ်သည် နတ်ဘုရားအာရုံနှင့် ဆင်တူလှပြီး ယခုလက်ခံရရှိလိုက်သော အချက်အလက်များအရ အနှီအာကာသယာဉ်သည် အမှန်တကယ်ပင်ကမ္ဘာမြေမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို ကမ္ဘာမြေဟူသည် အပြိုင်ကမ္ဘာတစ်ခုမဟုတ်ဘဲ ကျုံးရှန်၏ ယခင်ဘဝမှ ကမ္ဘာမြေပင် ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တည်ရှိရာ စကြာဝဠာနှင့် ကမ္ဘာမြေ တည်ရှိရာ စကြာဝဠာ အတိုင်းအတာများကြား၌ အချိန်ရေစီးကြောင်းတစ်ခု ရှိနေသည်။

ထို အချိန်ရေစီးကြောင်း၏အတိုင်းအတာသည် ကမ္ဘာနှစ်ခု၏ အချိန်စီးဆင်းမှုနှုန်း လုံးဝ ခြားနားလှကြောင်း ဖော်ပြနေသည်။ သီအိုရီအရ နယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ်သည် ကျုံးရှန် ကူးပြောင်းလာပြီးနောက် နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ့်သုံးသန်းအကြာ ကမ္ဘာမြေပြည်ထောင်စုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာမြေသားများသည် ကြယ်စုတန်းများအပြင်ဘက်သို့ စောစီးစွာကတည်းကပင် ထွက်ခွာသွားခဲ့ပြီဖြစ်ကာ အင်ဒရိုမီဒါ ကြယ်စုတန်းအတွင်း၌ ထူးခြားသော သတ္တုတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုသတ္တုသည် ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာကာ သတ်မှတ်ထားသော ပမာဏရှိသည့် ဂမ္မာရောင်ခြည်များကိုအသုံးပြုမှသာ ပုံသဏ္ဌာန် ပြောင်းလဲစေနိုင်သည်။ သတ္တုသည် စကြာဝဠာအဆင့် အက်တမ်အလွှာရှိ စွမ်းအားမြင့်တိုက်ခိုက်မှုများကိုပင် ခုခံကာကွယ်နိုင်စွမ်း ရှိပြီး ပျက်စီးမှုများ ပေါ်ပေါက်လာလျှင် အလိုလျောက် ပြန်လည် ပြုပြင်နိုင်စွမ်းရှိသည်။ ထို့အပြင် စကြာဝဠာအဆင့်ရှိ နေရာကူးပြောင်းမှု လှိုင်းများကို ခံနိုင်ရည်ရှိရုံသာမက စကြာဝဠာ၏ ဟင်းလင်းပြင် နယ်နိမိတ်များကို ချိုးဖျက်ကာ အခြားစကြာဝဠာများကို စူးစမ်းလေ့လာနိုင်သောကြောင့်အာကာသယာဉ်အဖြစ်ဖန်တီး၍ အချိန် ရေစီးကြောင်းကိုဆန်တက်ကာ စူးစမ်းလေ့လာရန် စေလွှတ်ခံရခြင်းဖြစ်သည်။

သို့ဖြင့် ခက်ခဲကြမ်းတမ်းသော အန္တရာယ်များကို ဖြတ်ကျော်ပြီးနောက်တွင် အာကာသယာဉ်၏ စွမ်းအင်ဗဟိုချက်၌ အရည်ပျော်ပျက်စီးမှု ဖြစ်ပေါ်ကာ ဓာတ်ရောင်ခြည် အများအပြား ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ်သည် လွန်ခဲ့သော နှစ်ပေါင်း သန်းရှစ်ဆယ်ခန့်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ပျက်ကျလာခဲ့သည်။ ယာဉ်သည်

စွမ်းအင်ဗဟိုချက်ပျက်စီးသွားသော်လည်း ဉာဏ်ရည်တုစနစ်သည် ဆက်လက်တည်ရှိနေသေး၏။

ထို့ကြောင့် ကျုံးရှန်၌ ဝင်ရောက်ခွင့် အာဏာ မရှိသေးဘဲ အာကာသယာဉ်ကို ထိန်းချုပ်၍ မရသေးချေ။ သူ၏ စွမ်းအားဖြင့် နယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ်ကို ဖျက်ဆီးပစ်ရန်သည် ခက်ခဲသောကိစ္စ မဟုတ်သော်လည်း ယင်းကို မောင်းနှင်ရန် ကြိုးစားခြင်းမှာမူ အိပ်မက်မက်နေခြင်းနှင့် ခြားနားမှု မရှိပေ။ ယခင်ဘဝမှ ကမ္ဘာမြေသည် နှစ်ပေါင်း သန်းတစ်ရာကျော် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် စကြာဝဠာအဆင့် နည်းပညာများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ကမ္ဘာမြေသည် သီးခြားတည်ရှိနေသော စကြာဝဠာကမ္ဘာတစ်ခု ဖြစ်ကာ မြောက်မြားစွာသော ဟင်းလင်းပြင် အလွှာများ မရှိသလို ကမ္ဘာမြေပါဝင်သည့်ကြယ်စင်စုတန်းများမှလွဲ၍ အခြားကွဲလွဲထွက်နေသောကမ္ဘာများလည်း မရှိချေ။ အဆင့်အတန်းအရ ဆိုရလျှင် ကမ္ဘာမြေတည်ရှိရာ စကြာဝဠာသည် မဟာကမ္ဘာကြီးထက် များစွာ သာလွန်ပြီး မဟာကမ္ဘာပြင်ပရှိ စကြာဝဠာများနှင့် တူညီသောအဆင့်အတန်းတွင်ရှိနေသည်။ ကမ္ဘာမြေသားများသည် စကြာဝဠာအဆင့် နည်းပညာများကို ပိုင်ဆိုင်ထားကြသဖြင့် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်သော စူးစမ်းလေ့လာရေးယာဉ်များကို ဖန်တီးနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

အနှီနယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ် ပျက်ကျခဲ့သည်မှာလည်း နှစ်ပေါင်း သန်းရှစ်ဆယ် ရှိသွားခဲ့ပြီဖြစ်သည်။ အကယ်၍ ကမ္ဘာမြေ၌ အရာအားလုံး အဆင်ပြေနေမည်ဆိုပါက ယခုအချိန်တွင် စကြာဝဠာအဆင့်ထက် သာလွန်သော နည်းပညာများကို ပိုင်ဆိုင်ထားပြီး အခြားစကြာဝဠာများကိုပင် စတင် သိမ်းပိုက်နေလောက်မည် ဖြစ်သည်။ နည်းပညာ၏ အဆုံးသတ်သည် အဆုံးမရှိခြင်းကို ကိုယ်စားပြုသည်။

စည်းမျဉ်းနိယာမများ၏ အထက်၌ ပိုမိုမြင့်မားသောစည်းမျဉ်းနိယာမများ အမြဲတမ်း ရှိနေမည်ဖြစ်ကာ သိပ္ပံပညာသည် ထိုစည်းမျဉ်းနိယာမများကို အကျဉ်းချုံ့ခြင်း၊ အသုံးပြုခြင်း၊ ပြောင်းလဲခြင်းနှင့် ဖန်တီးခြင်း ပင်ဖြစ်သည်။ ထိုရှုထောင့်မှ ကြည့်မည်ဆိုပါက သိပ္ပံပညာ၏ အန္တိမရည်ရွယ်ချက်သည် ကျင့်ကြံခြင်းနှင့် တူညီနေ၏။

ကျုံးရှန်သည် ကမ္ဘာမြေ၏‌ ယခုကဲ့သို့တိုးတက်မှု အပေါ် အမှန်တကယ်အံ့အားသင့်မိသွားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆို၏သော် စကြာဝဠာအဆင့် အချိန်လိုင်း ကမောက်ကမဖြစ်မှုသည် မဟာကမ္ဘာကြီး၏ အချိန်တာအိုစည်းမျဉ်းနိယာမများကဲ့သို့ ချိန်ညှိရန် မလွယ်ကူပေ။ ယခုလက်ရှိ ကျုံးရှန်အတွက်မူ ယင်းသည် မဖြစ်နိုင်လုနီးပါးကိစ္စပင် ဖြစ်ကာ သူ၏ ကျင့်စဉ်အဆင့် ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိသွားမှသာ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

ကျုံးရှန်သာ ကောင်းကင်အရှင်အဆင့်သို့ရောက်ရှိပါက ကောင်းကင်တာအိုအထက်ရှိ စွမ်းအားများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး စကြာဝဠာအဆင့်ရှိ စွမ်းအားများ ရှိလာပေမည်။ ထိုအဆင့်သို့ ရောက်ရှိမှသာ စကြာဝဠာအဆင့် အချိန်လိုင်းများကို တဖြည်းဖြည်း နောက်ကြောင်းပြန်လှည့်နိုင်မည် ဖြစ်သည်။ ထိုစွမ်းအားအဆင့်အတန်းသို့ ရောက်ရှိသွားပါက သီအိုရီအရ နောက်ကြောင်းပြန်လှည့်၍ မရနိုင်သောအရာ ဟူ၍ ရှိတော့မည်မဟုတ်ချေ။

စွမ်းအား လုံလောက်စွာ ကြီးမားနေသရွေ့ မဟာကမ္ဘာများကို ဖန်တီးခြင်းနှင့် စကြာဝဠာများကို ဖန်တီးခြင်းသည်ကြီးမားသော ကိစ္စများ ဖြစ်တော့မည်မဟုတ်ပေ။ ကျုံးရှန်သည် သူတော်စင်အဆင့် ၃သာ ရှိနေသေးသော်လည်း သူ၏ ထိုးထွင်းနားလည်မှုအဆင့်သည် မဟာကမ္ဘာကြီးအတွင်း၌ မရှိတော့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သို့သော်ဝမ်းနည်းစရာကောင်းစွာဖြင့် သူသည်ယာယီအားဖြင့် စူးစမ်းလေ့လာရေးယာဉ်၏ ထိန်းချုပ်ခွင့်အာဏာကို မရရှိသေးသဖြင့် စကြဝဠာအဆင့် အချိန်လိုင်းနောက်ပြန်လှည့်ခြင်းကို မလေ့လာနိုင်သေးချေ။

ထိုသို့မဟုတ်ပါက ယခုအချိန်၌ အချိန်ရေစီးကြောင်းကို ဆန်တက်ကာ စကြာဝဠာအတွင်း လှည့်လည်သွားလာနိုင်မည် ဖြစ်သည်။ ကျုံးရှန်၏ ကျင့်စဉ်အဆင့်သာ သူတော်စင်အဆင့်ကို ချိုးဖောက်ပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါက အာကာသယာဉ်၏ ထိန်းချုပ်မှုစနစ်ကို အကြမ်းနည်းသုံး ဖြေရှင်းရန် ကြိုးစားနိုင် ပေမည်။ ယခုအချိန် ဖြေရှင်းရန် ကြိုးစားပါက အနည်းငယ် ခက်ခဲနေဆဲပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အာကာသယာဉ်၏ ဉာဏ်ရည်တုစနစ်တွင် စည်းကမ်းများစွာချမှတ်ထားသောကြောင့် ဖြစ်သည်။ စွမ်းအားသည် သတ်မှတ်ထားသော အဆင့်တစ်ခုသို့ မရောက်ရှိသေးပါက အကြမ်းဖက် ဖြေရှင်းလျှင်ပင် စနစ်၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်နိုင်ပြီး ကိုယ်တိုင်ဖျက်ဆီးခြင်း လုပ်ငန်းစဉ်ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင်လက်ခံရရှိသော သတင်းအချက်အလက်များအရ ကျုံးရှန်သည် နတ်ဘုရားစိတ်အာရုံကို နှောင့်ယှက်ခဲ့သော အမည်မသိ လှိုင်းဂယက်သည် မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း သိရှိခဲ့သည်။

ထိုအရာမှာ အာကာသယာဉ်၏ ဗဟိုစွမ်းအင် ဖြစ်ကာ ဒျူတီရီယမ်-၇၃၉ စူပါ အက်တမ်စွမ်းအင်မှ ထုတ်လွှတ်သော နျူကလီးယား ဓာတ်ရောင်ခြည်များ ဖြစ်သည်။ ထိုနျူကလီးယားစွမ်းအင်မှ ထုတ်လွှတ်နိုင်သော စွမ်းအားသည် အက်တမ်ဒြပ်ထု၏ ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ ကျုံးရှန် မကူးပြောင်းမီရှိခဲ့သည့် မူရင်း အဏုမြူစွမ်းအင်သည် အက်တမ်ဒြပ်ထု၏ ၁.၃ ရာခိုင်နှုန်း စွမ်းအင်အချိုးအစားသို့သာ ရောက်ရှိသေးသည်။

ထို့ကြောင့် ဒျူတီရီယမ်-၇၃၉ စူပါ အက်တမ်စွမ်းအင်သည် အလွန်အားကောင်းသော ဓာတ်ရောင်ခြည်ထုတ်လွှတ်နိုင်စွမ်း ရှိနေကာ ကျင့်ကြံသူများကိုပင် သက်ရောက်မှု ရှိစေလေသည်။ ကျုံးရှန်၏ နတ်ဘုရားအာရုံ ရေအိုင်ကို ဖြတ်သန်းသွားသည်နှင့် နှောင့်ယှက်ခံရခြင်းသည် ယင်းအက်တမ်ဒြပ်ထု၏ ပြင်းထန်ကြမ်းကြုတ်မှုကို မြင်တွေ့နိုင်ရန် လုံလောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်၏နတ်ဘုရားစိတ်ဝိညာဉ်သည် သာမန်သူတော်စင်အဆင့်ကျင့်ကြံသူများထက် အဆများစွာမြင့်မားသောကြောင့်ဖြစ်သည်။

ထို့အပြင် နယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ် ပျက်ကျခဲ့ရခြင်း၏အဓိက အကြောင်းအရင်းမှာလည်း ထိုစွမ်းအားကြောင့်ဖြစ်သည်။ အာကာသယာဉ်၏ဗဟိုချက်သည် ဒျူတီရီယမ်-၇၃၉ စူပါ အက်တမ်စွမ်းအင်သုံးစွဲမှုများပြားသောကြောင့် အရည်ပျော်ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။ အက်တမ်ဒြပ်ထု ကိုးဆယ်ရာခိုင်နှုန်းအချိုးအစားရှိ နျူကလီးယား ဓာတ်ရောင်ခြည်ကို ထျန်းယွမ်အဆင့်အောက်ရှိ ကျွမ်းကျင်သူများ ရင်ဆိုင် ခုခံကာကွယ်နိုင်စွမ်း မရှိကြဘဲ ရုပ်ခန္ဓာနှင့် နတ်ဘုရားအာရုံ နှစ်ခုလုံး တိုက်စားဖျက်စီးခံရမည်သာ ဖြစ်သည်။

အပိုင်း (၄၀၆)

ကျုံးရှန်သည် ယာဉ်မောင်းခန်းအတွင်း တစ်ပတ်လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း ယာဉ်ပေါ်ပါလာသူများ၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။ ထိုအချက်သည် ထူးဆန်းလှ၏။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေသည် လူသားတို့၏ သက်တမ်းတိုသည့်ကိစ္စကို ဖြေရှင်းနိုင်သော နည်းပညာများ စောစီးစွာကတည်းက ပိုင်ဆိုင်ထားပြီးဖြစ်သည်။

သူတို့သည် ကျင့်ကြံရန် မလိုအပ်ဘဲ နည်းပညာစွမ်းရည်ဖြင့်ပင် သာမန်လူများကို ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်စေနိုင်နေပြီဖြစ်သည်။ ထိုနည်းပညာသည် အလွန်အစွမ်းထက်ကာ လူတိုင်း၏ သက်တမ်းကို ပြောင်းလဲပေးရန် ပြဿနာမရှိပေ။ ထိုလုပ်ငန်းစဉ်သည် မျိုးရိုးဗီဇအလွှာမှတစ်ဆင့် သက်တမ်း၏ အချုပ်အနှောင်များကို ချိုးဖောက်ထားခြင်းဖြစ်သည်။

ကမ္ဘာမြေမှလူများသညိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကဲ့သို့ အသက်စွမ်းအင် မြင့်မားလာစေရန် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုကိုဖြတ်သန်းရန် မလိုအပ်ချေ။ ထိုသတင်းအချက်အလက်အရ နည်းပညာယဉ်ကျေးမှုနှင့် ကျင့်ကြံခြင်းယဉ်ကျေးမှုတို့သည် ကိုယ်ပိုင် အားသာချက် အသီးသီး ရှိနေကြ၏။ အကျဉ်းချုပ်ရသော်ကမ္ဘာမြေ၏ တိုးတက်မှုသည် အံ့မခန်းဖြစ်ကာ လူသားများ၏ အလားအလာသည် အမှန်တကယ်ပင် ကြီးမားလှ‌သည်။

လူသားတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီး မည်သည့် အတွင်းပိုင်း ပဋိပက္ခမျှ မရှိသော အခြေအနေမျိုးရောက်ရှိပါက ဧကန်မုချ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ယခုတစ်ကြိမ် အတွေ့အကြုံသည် နှစ်ပေါင်း သန်းတစ်ရာကျော်ကို ဖြတ်ကျော်လာသော ဆုံတွေ့မှုတစ်ခုဟု ဆိုနိုင်ကာ ကျုံးရှန်သည် နှစ်ပေါင်း သန်းတစ်ရာကျော် အနာဂတ်မှ လာသော အာကာသယာဉ်နှင့် မျှော်လင့်မထားဘဲ ဆုံတွေ့ခဲ့ရသည်။ ထိုဖြစ်စဉ်သည် အချိန်လိုင်းကမောက်ကမဖြစ်မှု ဖြစ်ကာ ကံတရား အကျိုးဆက် ကမောက်ကမဖြစ်မှုမှ ထွက်‌ ပေါ်လာသောရလဒ်လည်း ဖြစ်သည်။

ကျုံးရှန်သည် ယာဉ်တံခါးရှေ့သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာကာ အားယူ၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ ထိုအခါ ယခုတင် ပြန်လည်ပိတ်ဆို့သွားသော ယာဉ်တံခါး၌ ဧရာမ အပေါက်ကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာကာ သူသည် ထိုအပေါက်မှတစ်ဆင့် ယာဉ်မောင်းခန်းမှ ထွက်ခွာလိုက်သည်။ သူ့၌ အာကာသယာဉ်၏ ဝင်ရောက်ခွင့်အာဏာ မရှိသောကြောင့် ထိုကဲ့သို့ ရိုးရှင်းကြမ်းတမ်းသော နည်းလမ်းကို အသုံးပြု၍သာ ယာဉ်မောင်းခန်းအတွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ခြင်းဖြစ်သည်။

ယာဉ်မောင်းခန်းအပြင်ဘက်သို့ ထွက်လာလျှင် တံခါးအပြင်ဘက်၌ သစ္စာရှိစွာ စောင့်ဆိုင်းနေကြသော ဇီဝစက်ရုပ်များကိုတွေ့လိုက်ရသည်။ သူတို့သည် သက်တော်စောင့်များအလား ခံစားချက်မဲ့သောအမူအရာဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေဆဲဖြစ်ကာ အနီရောင် သတိပေး မီးရောင်များသည်လည်း လင်းလက်နေဆဲ ဖြစ်သည်။ ကျုံးရှန်သည် လက်တစ်ချက် ဝှေ့ယမ်းကာ ထိုဇီဝစက်ရုပ်များကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းများထဲသို့ လွှင့်ပစ်လိုက်သည်။

ထိုကောင်များ၏ ရုပ်ခန္ဓာသည် အလွန်အစွမ်းထက်သော်လည်း စည်းမျဉ်းနိယာမများကို နားလည်ထားခြင်းမရှိသောကြောင့်ဟင်းလင်းပြင်ကို ရွှေ့ပြောင်းနိုင်စွမ်း မရှိကြပေ။ သူတို့ကို ရင်ဆိုင်ရသည်မှာ အလွန်ပင် ရိုးရှင်းလွယ်ကူလှသည်။ ဇီဝစက်ရုပ် အစောင့်အကြပ်များ မရှိတော့သဖြင့် ကျုံးရှန်သည် လွတ်လပ်ပေါ့ပါးစွာဖြင့် လမ်းသုံးခွရှိသည့်လမ်းဆုံသို့ ပြန်၍လမ်းလျှောက်လာသည်။

ထို့နောက်တွင် သူသည် လူနေထိုင်ရာ နယ်မြေသို့ သွားသည့်လမ်းကို ရွေးချယ်လိုက်ကာ ထိုယာဉ်သားများ၏ အသုံးအဆောင်ပစ္စည်းများ၌ အသုံးဝင်သော သဲလွန်စများ ရှိ ၊ မရှိ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

....

ထိုအချိန်၌။

ပိုင်ချွမ်းစီရင်စုအတွင်း။

အိုင်၏ အထက်ကောင်းကင်ယံ၌ ဧရာမ ရေလုံးကြီးတစ်ခုနှင့် ရွှံ့လုံးကြီးတစ်ခု ချိတ်ဆွဲထားသည်မှာ ထူးဆန်းနေသဖြင့် ဖြတ်သန်းသွားလာနေသည့် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး သတိထားမိသွားသည်။ သို့သော် ထိုသူတော်စင်အဆင့်ကျင့်ကြံသူသည် အာကာသယာဉ်၏ အနီးသို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ဓာတ်ရောင်ခြည်များကြောင့် သွေးရည်များအဖြစ်သို့ အရည်ပျော်သွားကာ စိတ်ဝိညာဉ်ပင်လွတ်မြောက်သွားခြင်းမရှိချေ။

...

အာကာသယာဉ်အတွင်း၌ ကျုံးရှန်သည် လူနေထိုင်ရာ နယ်မြေအတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ လူနေထိုင်ရာ နယ်မြေသည် အလွန်ရိုးရှင်းပြီး စုစုပေါင်း ယာဉ်တံခါး ခြောက်ပေါက်ရှိကာ နှစ်ခန်းသည်ဗလာဖြစ်နေပြီး ကျန်လေးခန်း၌ သက်ဆိုင်ရာ နာမည်ကတ်များကို ချိတ်ဆွဲထားသည်။ ကျုံးရှန်သည် ပထမဆုံး အခန်းဆီသို့ လျှောက်သွားလိုက်လျှင် နာမည်ကတ်တွင် တရုတ် ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် နာမည်တစ်ခု ရေးသားထားသည်ကိုတွေ့လိုက်ရသည်။

လီမင်ရွှမ်။

ထိုသူသည် တရုတ်လူမျိုးတစ်ဦး ဖြစ်ပုံရကာ ကျုံးရှန်၏ ဇာတိမြေခံတစ်ဦး ဖြစ်သည်။ ကျုံးရှန်သည် လက်သီးတစ်ချက် ပစ်သွင်းလိုက်ကာ ယာဉ်တံခါးကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေပြီး အခန်းအတွင်းသို့ ဝင်လိုက်သည်။ အခန်းအတွင်းပိုင်းသည် အလွန်ရိုးရှင်းလှပြီး အိပ်ခန်းငယ်တစ်ခု နှင့် သတ္တုစားပွဲတစ်လုံးသာ ရှိသည်။

စားပွဲအပေါ်၌ သုံးဘက်မြင် ဓာတ်ပုံဘောင်တစ်ခုကို တင်ထားကာအမျိုးသားနှင့် အမျိုးသမီး စုံတွဲပုံတစ်ပုံ ဖြစ်သည်။ အမျိုးသား၏ ရုပ်ရည်သည် ချောမောခန့်ညားကာ တောင့်တင်းသောခန္ဓာကိုယ်ရှိသည်။ အမျိုးသမီး၏ အချိုးအစားကျနလှသော ခန္ဓာကိုယ်နှင့် လှပသောမျက်နှာရှိကာ လိုက်ဖက်ညီသော စုံတွဲတစ်တွဲဟု ဆိုနိုင်ပေသည်။ အနာဂတ် ကမ္ဘာမြေ၌ ရုပ်ဆိုးသော လူဟူ၍ မရှိတော့ချေ။

မည်သည့် ရုပ်ရည်သွင်ပြင် ချို့ယွင်းချက်မဆို မျိုးရိုးဗီဇနည်းပညာနှင့် ခန္ဓာကိုယ်ပုံစံပြောင်းလဲခြင်းများမှတစ်ဆင့် ချိန်ညှိနိုင်ပြီဖြစ်ကာ ကုန်ကျစရိတ်မှာလည်း အလွန်နည်းပါးလှသည်။ သို့သော် မျက်နှာသွင်ပြင် ပြောင်းလဲခြင်းအတွက် တင်းကျပ်သော မှတ်တမ်းတင်မှုများကို ပြုလုပ်ရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ရုပ်ရည်ဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခြင်းမဟုတ်ဘဲ မျိုးရိုးဗီဇဖြင့် မှတ်တမ်းတင်ထားခြင်း ကြောင့်ဖြစ်သည်။

ကျုံးရှန်သည် သုံးဘက်မြင် ဓာတ်ပုံ၏ အောက်၌ ဘောပင်ပုံစံ ရှိသောအီလက်ထရောနစ် အသုံးအဆောင်တစ်ခုကို တွေ့ရှိလိုက်သည်။ ဘောပင် ခလုတ်ကို ညင်သာစွာ တစ်ချက်နှိပ်လိုက်လျှင် ဗလာစာရွက် အရွယ်အစားရှိသော အလင်းကန့်လန့်ကာတစ်ခု ထွက်ပေါ်လာပြီး ယင်းအပေါ်၌ စာရေးသားခြင်း၊ စာမျက်နှာလှန်ခြင်းနှင့် ပြင်ဆင်ခြင်းများကို အတွေးတစ်ချက်ဖြင့်ပင်ပြုလုပ်နိုင်သွားသည်။ ထိုအရာမှာ လီမင်ရွှမ်၏ နေ့စဉ်မှတ်တမ်းပင် ဖြစ်သည်။

'ကြယ်စင်ခရီးသွားလာရေး ပြက္ခဒိန် နှစ်ပေါင်း ၁၀၀၀၀၉၇၈၃ ခုနှစ်... ဒီနေ့က စူးစမ်းလေ့လာရေးယာဉ် စတင်ထွက်ခွာတဲ့နေ့ပဲ' 'စကြာဝဠာအပြင်ဘက်ကို စူးစမ်းလေ့လာမယ့် သမိုင်းဝင် အချိန်အခါလည်း ဖြစ်တယ်' 'စူးစမ်းလေ့လာရေးယာဉ်ရဲ့ ပထမဆုံးအသုတ် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခွင့်ရတဲ့အတွက် ငါ အရမ်းဂုဏ်ယူမိတယ်' 'စကြာဝဠာအပြင်ဘက်အထိ ယဉ်ကျေးမှုအလင်းရောင်တွေကို ဖြန့်ကြက်နိုင်ဖို့ မျှော်လင့်‌တယ်'

'တာဝန်တွေကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါ လီနာကို ခေါ်ပြီး အရီယပ်စ် ကြယ်စုတန်းကွင်းဆီမှာ နှစ်ရာပေါင်းများစွာ အနားယူ ပစ်မယ်'

……

'ကြယ်စင်ခရီးသွားလာရေး ပြက္ခဒိန် နှစ်ပေါင်း ၁၀၀၀၁၉၇၈၃ ခုနှစ်... ဒီနေ့ထွက်ခွာလာတာ နှစ်ပေါင်း တစ်သောင်း ပြည့်တဲ့နေ့ပဲ'

'နှစ်ပေါင်း တစ်သောင်းကြာ ခုန်ပျံကူးပြောင်းပြီးနောက်မှာ နောက်ဆုံးတော့ ငါတို့ စကြာဝဠာ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့တယ်'

'ဒီတစ်ကြိမ် တာဝန် သက်တမ်းက ထူးထူးခြားခြား ကြာမြင့်လွန်းတယ်... အိမ်ပြန်ရောက်တဲ့အခါ ရှည်လျားတဲ့ လစာရ ခွင့်ရက်ကို မဖြစ်မနေ လျှောက်ရမယ်'

……

'ကြယ်စင်ခရီးသွားလာရေး ပြက္ခဒိန် နှစ်ပေါင်း ၁၀၀၀၆၉၇၈၃ ခုနှစ်... ဒီနေ့က ထွက်ခွာလာတာ နှစ်ပေါင်း ခြောက်သောင်း ပြည့်တဲ့နေ့ပဲ'

'အာကာသယာဉ်ရဲ့ ချိတ်ဆက်မှု အချက်ပြလှိုင်းတွေက တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာတယ်'

'ညွှန်ကြားရေးယာဉ်ဆီက အချက်ပြလှိုင်းကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က နောက်ဆုံးရရှိခဲ့တာပဲ... ငါတို့က ဇာတိစကြာဝဠာနဲ့ ဝေးကွာလွန်းနေပြီ... အကောင်းဆုံး အက်တမ်ရစ်ပတ် ဆက်သွယ်ရေးနည်းပညာဆိုရင်တောင် ရှည်လျားတဲ့ အကွာအဝေးကို ချိတ်ဆက်ဖို့ ခက်ခဲသွားလောက်ပြီထင်တယ်'

'စကြာဝဠာတွေကြားက ကျယ်ဝန်းမှုက စိတ်ကူးယဉ်တာထက်ကို ကျော်လွန်နေတာပဲ... အချိန်အကြာကြီး အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန် ခုန်ပျံကူးပြောင်းနေရတာက အာကာသယာဉ်ရဲ့ ဗဟိုချက်မှာ ချို့ယွင်းချက်အချို့ ဖြစ်ပေါ်စေပုံရတယ်... အောက်စ် ဆိုတဲ့ကောင် အဲဒါကို ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ'

……

'ကြယ်စင်ခရီးသွားလာရေး ပြက္ခဒိန် နှစ်ပေါင်း ၁၀၁၁၆၉၇၈၃ ခုနှစ်... ဒီနေ့က ထွက်ခွာလာတာ နှစ်ပေါင်း တစ်သန်း တစ်သိန်း ခြောက်သောင်း ပြည့်တဲ့နေ့ပဲ'

'ငါတို့တွေ အိမ်ပြန်မရောက်နိုင်တော့ဘူး ထင်တယ်... ဒါပေမဲ့ ရှေ့မှာတော့ စကြာဝဠာ အချက်ပြလှိုင်းတွေကို နောက်ဆုံးမှာ ထောက်လှမ်းမိခဲ့ပြီ'

'မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ငါတို့တောင်မှ နှစ်သန်းပေါင်းများစွာကို ဖြတ်သန်းလာရတော့ မျိုးရိုးဗီဇတွေမှာ ပြဿနာအချို့ ဖြစ်လာခဲ့တယ်... ငါတို့က အိမ်နဲ့ ဝေးကွာနေတော့ ကိုယ့်ကိုယ်ကိုယ် မကုသနိုင်တော့ဘူး'

'အာကာသယာဉ်ရဲ့ ဗဟိုချက်က ထိခိုက်မှု‌ အတော်များနေပြီ... အခုထိ ပြုပြင်ခဲ့ပေမဲ့ ပိုပိုပြီး မတည်မငြိမ် ဖြစ်လာနေတယ်'

'လွန်ခဲ့တဲ့ရက်အနည်းငယ်က အမည်မသိ ဧရာမ သားရဲကြီးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်... သူတို့တွေအာကာသယာဉ်ကို မဖျက်ဆီးနိုင်ခဲ့ပေမဲ့ အာကာသယာဉ်ကလည်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်... ဗဟိုချက်က တောင့်ခံထားနိုင်ဖို့ မျှော်လင့်ရတာပဲ' 'စကြာဝဠာခရီးစဉ်က အရမ်းကို ရှည်လျားလွန်းတယ်... အချိန်ဖြုန်းဖို့အတွက် ပုံရိပ်ယောင်ဘဝတွေထဲမှာ နစ်မြုပ်နေရတယ်... ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ငါလည်း ပုံရိပ်ယောင်ဘဝပေါင်း သောင်းနဲ့ချီပြီး ခံစားခဲ့ရတော့ နည်းနည်းတောင် ငြီးငွေ့လာပြီ'

……

'ကြယ်စင်ခရီးသွားလာရေး ပြက္ခဒိန် နှစ်ပေါင်း ၁၀၉၁၆၉၇၈၃ ခုနှစ်... သေကုန်ပြီ... အားလုံး သေကုန်ပြီ'

'ငါ့ရဲ့ မျိုးရိုးဗီဇလည်း ပြိုကွဲလုနီးပါး ဖြစ်နေတယ်... ဗဟိုချက်က ပိုပိုပြီး မတည်မငြိမ် ဖြစ်လာလို့ ခုန်ပျံကူးပြောင်းမှု အကြိမ်အရေအတွက်ကို လျှော့ချပြီး လေလွင့်မုဒ်ကို ဖွင့်ထားရုံပဲ တတ်နိုင်တော့တယ်' 'ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ... အဲဒီစကြာဝဠာထဲကို အမြန်ဆုံး ရောက်ရှိဖို့မျှော်လင့်ပါတယ်...'

……

နေ့စဉ်မှတ်တမ်းသည် ထိုနေရာ၌ပင် ရုတ်တရက် ရပ်တန့်သွားသည်။

နောက်ဆုံးသော ယာဉ်သား ဖြစ်သည့် လီမင်ရွှမ်သေဆုံးသွားပြီးနောက် စူးစမ်းလေ့လာရေးယာဉ်သည် လေလွင့်မုဒ်ဖြင့် နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် ထပ်မံ လှည့်လည်သွားလာခဲ့ပြီးမှ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ပျက်ကျလာခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ ကျုံးရှန်သည် ထိုမှတ်တမ်းကိုဖတ်ရှုပြီးနောက် အနည်းငယ် သက်ပြင်းချလိုက်မိသည်။ စူးစမ်းလေ့လာရေးယာဉ်သည် အမှန်တကယ်တွင် ကမ္ဘာမြေစကြာဝဠာတစ်ခုလုံး၏ စမ်းသပ်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။

အာကာသယာဉ် စတင်ထွက်ခွာချိန်၌ လူသားများသည် ကမ္ဘာမြေရှိသည့်စကြာဝဠာအပြင်ဘက်ကို စတင် စူးစမ်းလေ့လာနေဆဲသာ ရှိသေးကြောင်း မြင်တွေ့နိုင်၏။ ဤအာကာသယာဉ်သည် အရာအားလုံးကို ရင်းနှီးမြှုပ်နှံထားသော ရဲတင်းသည့် စမ်းသပ်မှုတစ်ခု ဖြစ်ကာ သူ၏မူလရည်ရွယ်ချက်မှာ နည်းပညာ အချက်အလက်များကို စုဆောင်းရန်အတွက် ဖြစ်သည်။ အမှန်စင်စစ်တွင် ခရီးစဉ် စတင်ထွက်ခွာပြီး နှစ်ပေါင်း ခြောက်သောင်းအကြာ၌ အာကာသယာဉ်သည် မူလစကြာဝဠာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကာဌာနချုပ်ကပင် သူတို့ကို စွန့်လွှတ်လိုက်သည့် ဖြစ်နိုင်ခြေ အလွန်များသည်။

သို့ဖြင့်နောက်ပိုင်း၌ အာကာသယာဉ်အသစ်များဖြင့်အဆက်မပြတ် စမ်းသပ်ထွက်ခွာမှုများပြုလုပ်ခဲ့မည်မှာ သေချာပေလိမ့်မည်။ သို့သော် လူမပါသော အာကာသယာဉ်သည် နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် လေလွင့်မျောပါခဲ့ပြီးနောက် နောက်ဆုံးတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ပျက်ကျလာခဲ့လိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခဲ့မည် မဟုတ်ချေ။ နှစ်သန်းပေါင်းဆယ်ချီ၍ စဉ်ဆက်မပြတ် စူးစမ်းလေ့လာပြီးနောက် အာကာသယာဉ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တည်ရှိသည့် နယ်မြေကို ရှာဖွေတွေ့ရှိပြီးသည်ပင်ဖြစ်နိုင်သည်။

အကယ်၍ ဤအချိန်အတွင်း ကမ္ဘာမြေမှ လူသားများ မျိုးသုဉ်းမသွားပါက နည်းပညာသည် ပိုမိုမြင့်မားသည့် အဆင့်သို့ စောစီးစွာကတည်းကပင် ရောက်ရှိနေလိမ့်မည်ဖြစ်ကာ စကြာဝဠာပြင်ပသို့ စူးစမ်းလေ့လာရေးယာဉ်များကို တစ်စိုက်မတ်မတ် စေလွှတ်နိုင်လောက်ပြီဖြစ်သည်။

ကျုံးရှန် သူ၏မေးစေ့ကို ပွတ်သပ်ကာ အတွေးနက်သွားသည်။ အာကာသယာဉ်သည် နှစ်သန်းပေါင်းဆယ်ချီ ရှည်လျားသည့် လေလွင့်မှုနှင့် ဟင်းလင်းပြင်ခုန်ပျံမှုများကို ဖြတ်သန်းပြီးမှ စကြာဝဠာကို ကျော်လွန်၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ပိုင်ရွှီနယ်မြေ၌ စူးစမ်းလေ့လာမည်ဆိုပါက ထိုတိုးတက်မှုနှုန်းသည် စူးစမ်းလေ့လာရေးယာဉ်ထက် ပို၍မြန်ဆန်မည်မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ ကျုံးရှန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက်တွင် နေ့စဉ်မှတ်တမ်းပါဝင်သည့် ဘောပင်ပုံစံအီလက်ထရောနစ်ပစ္စည်းကို မူလနေရာသို့ ပြန်ထားလိုက်ကာ အိပ်ခန်းငယ်ရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။

All Chapters