← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အပိုင်း (၄၀၇)

အိပ်ခန်းတစ်ခုလုံး၏ အပြင်အဆင်သည် အလွန်ရိုးရှင်းလှကာ အိပ်စက်ရန်ပြုလုပ်ထားသည့်ခုံသည်သာ အဓိကပစ္စည်း ဖြစ်သည်။ ထိုအိပ်စက်ခြင်းခုံမှတစ်ဆင့် ပုံရိပ်ယောင်လောကနှင့် ချိတ်ဆက်ကာ အသိစိတ်ကို ပုံရိပ်ယောင်ဆာဗာထဲသို့ ပို့ဆောင်ပြီး မတူညီသည့် ဘဝများ၊ ကမ္ဘာများကို ခံစားနိုင်သည်။ ထိုနေရာ၌ လောကကို စိုးမိုးသည့် ရှင်ဘုရင် ဖြစ်လာနိုင်သလို တိုင်းပြည်နှင့်အမျှ ချမ်းသာသည့် သူဌေးကြီးလည်း ဖြစ်နိုင်သည်။

ပုံရိပ်ယောင်လောကထဲ၌ ကမ္ဘာ့ဇာတ်ညွှန်းများနှင့် အလုပ်တာဝန်ဇာတ်ညွှန်းမျိုးစုံကို စိတ်ကြိုက်သတ်မှတ်ကာ မိမိအလိုရှိသည့် ဘဝမျိုးစုံကို စိတ်တိုင်းကျ ဖြတ်သန်းနိုင်သည်။ ရှန်းရှလောကမှသည် ရင်သပ်ရှုမောဖွယ်ရာ လောက၊ ထိုမှတစ်ဆင့် သိပ္ပံပညာလောကအထိ အစုံအလင် ရှိနေပြီး အချက်အလက်သိုလှောင်ရေးစနစ်နှင့် စိတ်ကြိုက် ပြောင်းလဲချိန်ညှိနိုင်သည့်ပုံစံငယ်များဖြင့် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်သည်။ ယင်းသည် စစ်မှန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည့် စမ်းသပ်ကစားကွင်းတစ်ခုနှင့် တူရုံမျှမက ရွှေလက်ချောင်းစနစ်ကဲ့သို့ အကူအညီများ သုံးထားသည့် ဂိမ်းမျိုး လည်းဖြစ်သည်။

လက်တွေ့ဘဝ၌ သူတို့သည် သာမန်လူများ သာဖြစ်သော်လည်း ပုံရိပ်ယောင်လောကထဲ၌မူ အရာခပ်သိမ်းကို သိမြင်စိုးမိုးနိုင်သည့် အနန္တတန်ခိုးရှင်များ ဖြစ်လာကြသည်။ ပုံရိပ်ယောင်လောက၏ အနှစ်သာရသည် ကိန်းဂဏန်းအခြေခံလောကပင် ဖြစ်ပြီး ယင်းသည် စိတ်နှလုံးကွန်ရက်နှင့် သဘောတရားချင်း တူညီလှသည်။ သို့သော် ကျုံးရှန်သည် ထိုအရာကို အလွန်အမင်း စိတ်ဝင်စားခြင်းမရှိပေ။

သူ၏စွမ်းအားဖြင့်ဆိုပါက စိတ်နှလုံးစွမ်းအင်ကို အသုံးပြု၍ ပုံရိပ်ယောင်လောကကဲ့သို့ အကျိုးသက်ရောက်မှု တူညီသည့်ကမ္ဘာတစ်ခုကို အလွယ်တကူဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ ပုံရိပ်ယောင်အိပ်စက်ခြင်းခုံကို အကြမ်းဖျင်းလေ့လာပြီးနောက် ကျုံးရှန် မတ်တတ်ရပ်ကာ ထိုအခန်းမှ ထွက်ခွာပြီး မျက်နှာချင်းဆိုင်ရှိ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ ထုံးစံအတိုင်း အခန်းတံခါးကို လက်သီးတစ်ချက်ဖြင့် ထိုးခွဲကာ အတွင်းသို့ ဝင်သွားလိုက်သည်။

ယခုအခန်း၏ အပြင်အဆင်သည် အနည်းငယ် ပိုမိုလှပဆန်းပြားကာ အလှဆင်ပစ္စည်းများစွာ ရှိနေပြီး အစစ်အမှန်ပန်းပင်များနှင့် အလှစိုက်အပင်များလည်း ပါဝင်သည်။ စားပွဲပေါ်ရှိ သုံးဘက်မြင်ဓာတ်ပုံအယ်လ်ဘမ်အတွင်း၌ ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ရှိနေပြီး သူမသည်တစ်ကိုယ်တည်းသမားဖြစ်ဟန်ရှိသည်။

စူးစမ်းလေ့လာရေးယာဉ် စတင်ထွက်ခွာချိန်၌ လူသားတို့၏ နယ်မြေချဲ့ထွင်မှု သည် စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွင်း စကြာဝဠာထဲရှိ အခြားလူမှုယဉ်ကျေးမှုရှိသည့် မျိုးနွယ်စုများနှင့် ပဋိပက္ခများစွာ ရှိခဲ့ကာ စကြာဝဠာနယ်ချဲ့စစ်ပွဲများဖြစ်ပွားခဲ့သည်။ ထိုယဉ်ကျေးမှုများစွာထဲ၌ ကျင့်ကြံခြင်းယဉ်ကျေးမှု အခြေခံအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ဝမ်းနည်းစရာမှာ ထိုသူများအားလုံး ကမ္ဘာမြေယဉ်ကျေးမှုကို မယှဉ်နိုင်ကြဘဲ အားကောင်းသည့် အက်တမ်ရစ်ပတ်လက်နက်များဖြင့် အမှုန့်ပြုခြင်းသာ ခံလိုက်ရသည်။ ကမ္ဘာမြေမှ လူသားများသည် ဒြပ်ထုအများစုကို ယင်းဒြပ်ပစ္စည်း၏မူလအခြေခံအကျဆုံး စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိခြင်းဖြစ်သည်။ ထိုအချက်တစ်ခုတည်းဖြင့်ပင် စကြာဝဠာကို စိုးမိုးရန် လုံလောက်နေလေသည်။

နယ်နိမိတ် စူးစမ်းလေ့လာရေးယာဉ်၏ စွမ်းအင်ဗဟိုချက်သည်လည်း ထိုသဘောတရားအတိုင်း အားကောင်းသည့် အက်တမ်နည်းပညာဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။ အက်တမ်နည်းပညာသည် အရာအားလုံးကို ရင်ဆိုင်နိုင်စွမ်းရှိ နေပြီဖြစ်သည်။

ဒြပ်ပစ္စည်းများ၏ အခြေခံစွမ်းအားကို ပြည့်စုံစွာ ဖော်ထုတ်ခြင်း။

ထိုဖြစ်စဉ်သည် ကမ္ဘာမြေယဉ်ကျေးမှု လျင်မြန်စွာ ထွန်းကားလာရသည့် အဓိကအကြောင်းရင်းလည်းဖြစ်သည်။ သီအိုရီအရ ထိုအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး ကောင်းကင်တာအိုအဆင့် ရှိရမည်ဖြစ်သည်။ ကျုံးရှန် ကူးပြောင်းလာပြီးနောက် ကမ္ဘာမြေ လူသားတို့၏ ဖြစ်စဉ်အတွင်း မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သည်ကို သူ မသိရှိပေ။

ထို့ကြောင့်လည်း ယခုကဲ့သို့ စကြာဝဠာကျော်နည်းပညာသည် စောစီးစွာ ပျံ့နှံ့သွားပြီး အစဉ်တစိုက် တိုးတက်နေခြင်း ဖြစ်နိုင်သည်။ ဝမ်းနည်းစရာကောင်းစွာဖြင့် ဤအခန်းပိုင်ရှင်၌ နေ့စဉ်မှတ်တမ်း ရေးသားသည့် အလေ့အထ မရှိသောကြောင့် ကျုံးရှန်သည် အရေးကြီးသည့် မှတ်တမ်းများကို ရှာမတွေ့ခဲ့ချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အိပ်စက်ခြင်းခုံတွင်လှဲလျောင်းကာ ပုံရိပ်ယောင်လောကအတွင်း ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ကမ္ဘာမြေမှလူများသည် ပုံရိပ်ယောင်လောကထဲ၌ သဲလွန်စအချို့ ချန်ထားခဲ့သည်လည်း ဖြစ်နိုင်ပေသည်။ သို့သော် အိပ်စက်ခြင်းခုံ၌လည်း လုံခြုံရေးစနစ်များ ရှိနေပြန်ကာ စနစ်၏ ခွင့်ပြုချက်အာဏာ မရရှိပါက အတင်းအဓမ္မ ဖွင့်လျှင်ပင် ပုံရိပ်ယောင်လောကနှင့် ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။ ကျုံးရှန် ခေါင်းရမ်းလိုက်ကာ ထိုအခန်းမှ ထွက်ခွာပြီး ကျန်ရှိသည့် အခန်းအချို့ကိုဆက်လက်စူးစမ်းလိုက်သည်။

သိုဖြင့် နောက်ဆုံးအခန်းဖြစ်သော ယာဉ်မှူး၏အခန်းဟု ယူဆရသည့် နေရာ၌ နေ့စဉ်မှတ်တမ်းနှင့် ခရီးသွားလမ်းညွှန်စာအုပ်ကို ရှာတွေ့လိုက်သည်။ အမှန်စင်စစ်တွင် နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်သည် စကြာဝဠာစူးစမ်းလေ့လာရေး စီမံကိန်း၏ ပထမဆုံးအသုတ်မှ အာကာသယာဉ် ဖြစ်သည်။ ယခုယာဉ်၏နောက်တွင် နှစ်တစ်ရာလျှင် တစ်ကြိမ် တူညီသည့် အရွယ်အစားရှိသော ယာဉ်တစ်စင်းစီကို စေလွှတ်ခဲ့ကာ ထိုခေတ်ကာလတွင် ကမ္ဘာမြေစကြဝဠာ၏လူဦးရေ ပမာဏသည် အဆမတန် များပြားနေပြီဖြစ်သည်။

ကမ္ဘာမြေမှ လူသားများသည် နယ်မြေချဲ့ထွင်ကာ မျိုးပွားခဲ့ကြသဖြင့် များပြားလှသော ပေါက်ဖွားမှုနှုန်းရှိခဲ့ကာ ယာဉ်သားများသည် လုံးဝ တန်ဖိုးမရှိပါချေ။ နည်းပညာ တိုးတက်လာခြင်းကြောင့် အသိပညာ ဖြန့်ပွားမှု ကုန်ကျစရိတ်သည် အလွန်အမင်း နည်းပါးသွားပြီး လူများသည် ပုံရိပ်ယောင်ကွန်ရက်မှတစ်ဆင့် အသိပညာ မြောက်မြားစွာကို ခဏချင်းအတွင်း သင်ယူနိုင်ကြသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် အာကာသယာဉ်သားတစ်ယောက်၏တန်ကြေးသည် အလွန် ဈေးပေါလှကာ နှစ်တစ်ရာတိုင်းတွင် အာကာသယာဉ်တစ်စင်းကို တူညီသည့် လမ်းကြောင်းအတိုင်း စေလွှတ်လေ့ရှိသည့်။ တစ်ချိန်တည်း၌ ရှေ့ယာဉ်များမှ ပေးပို့လာသော အချက်အလက်များအပေါ် မူတည်၍ နောက်ထပ်ယာဉ်များကို အစဉ်တစိုက် ပြုပြင်မွမ်းမံခြင်းဖြင့် ပိုမိုဝေးကွာသည့် နေရာများသို့ စူးစမ်းချဲ့ထွင်ကြခြင်း ဖြစ်သည်။ ကမ္ဘာမြေစကြဝဠာမှ လူသားများအတွက်မူ သက်တမ်းသည် အချုပ်အနှောင် မဟုတ်တော့ချေ။

ဥပမာအားဖြင့် ဤ နယ်နိမိတ်စီမံကိန်း စူးစမ်းလေ့လာရေးယာဉ်သားများသည်ပင် နှစ်သန်းပေါင်းများစွာကို လွယ်ကူစွာ ရှင်သန်နိုင်ကြကာ အကယ်၍ ထောက်ပံ့ရေးနယ်မြေနှင့် ဝေးကွာခြင်း မရှိဘဲ လုံလောက်သည့် ဆေးဝါးများ ရှိပါက သူတို့၏ မျိုးရိုးဗီဇ ပြိုကွဲသည့် ရောဂါလက္ခဏာသည် အရေးကြီး ကိစ္စမဟုတ်ပေ။ ထိုအခြေအနေမျိုးကို ကမ္ဘာမြေစကြာဝဠာရှိ မည်သည့်ကြယ်စုတန်း၏ ဗဟိုဂြိုဟ်၌မဆို လွယ်ကူစွာ ကုသနိုင်လေသည်။ ထို့ကြောင့် ကမ္ဘာမြေ၏ စူးစမ်းမှုအရှိန်အရဆိုရပါလျှင် အခြားစကြာဝဠာများကို အနှေးနှင့်အမြန် စူးစမ်းတွေ့ရှိနိုင်မည် ဖြစ်ကာ ကျုံးရှန်၏ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တည်ရှိရာ စကြာဝဠာအထိပင် ရောက်ရှိလာနိုင်သည်။

သို့သော် ထိုမျှ ရှည်လျားသည့် ကာလကို ဖြတ်သန်းပြီးနောက် သူ ယခင်က သံယောဇဉ်ရှိခဲ့သော ရင်းနှီးသည့် လူများနှင့် အရာအားလုံးသည် စောစီးစွာကတည်းကပင် ပျောက်ကွယ်သွားပြီ ဖြစ်နိုင်သည်။ ယဉ်ကျေးမှုတစ်ခု၏ ပုံမှန်ဖြစ်စဉ်အရ စကြာဝဠာအဆင့် ယဉ်ကျေးမှုတစ်ခု ဖြစ်လာရန် နှစ်သန်းပေါင်း ထောင်ချီ ကြာမြင့်ရမည် ဖြစ်သည်။ သို့သော် ကမ္ဘာမြေ၏တိုးတက်မှု လမ်းကြောင်းသည် သိသာစွာ ပြောင်းလဲနေသဖြင့် ကျုံးရှန်ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩမိသွားရသည်။

ထိုအချက်သည် ကျုံးရှန်အား ကမ္ဘာမြေအပေါ် ပြင်းထန်သည့် စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှု ဖြစ်ပေါ်စေသည်။ ယခင်က ကမ္ဘာမြေသို့ ပြန်ချင်ခဲ့ခြင်းမှာ အမိမြေကို လွမ်းဆတ်ခြင်းနှင့် သံယောဇဉ်ကြောင့် ဖြစ်နိုင်သော်လည်း ယခုမူ ကမ္ဘာမြေယဉ်ကျေးမှု၏ တိုးတက်မှုအပေါ် စူးစမ်းလိုခြင်းကြောင့် ဖြစ်သည်။ ယာဉ်မှူးအခန်းမှ ထွက်ခွာပြီးနောက် ကျုံးရှန်သည် မူလလမ်းအတိုင်း လမ်းသုံးခွဆုံသည့်နေရာသို့ ပြန်လာခဲ့လိုက်သည်။

အာကာသယာဉ်၏ သတိပေးသံမှာ ဆက်လက်မြည်ဟည်းနေဆဲ ဖြစ်ကာ ယာဉ်မောင်းခန်းထဲမှ ကျုံးရှန် ထွက်ခွာသွားပြီးနောက်တွင် ထူးဆန်းသည့် သုံးဘက်မြင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် ကျုံးရှန်ပျောက်ကွယ်သွားသည့် ဦးတည်ရာကိုငြိမ်သက်စွာကြည့်နေပြီးမှ ရုတ်တရက် စကားပြောလာသည်။

"ဌာနချုပ်ထံ သတင်းပို့ဖို့ ဆက်ကြိုးစားပါ... စကြာဝဠာသစ်ထဲမှာ စိတ်ဝင်စားစရာ ကမ္ဘာတစ်ခုကို တွေ့ထားတယ်"

"ဌာနချုပ်ရဲ့ လက်ခံစနစ်လည်း အများကြီး တိုးတက်နေလောက်ပြီမလို့...ဒီတစ်ကြိမ်တော့ ဆက်သွယ်မှု အောင်မြင်နိုင်လောက်တယ်... သတင်းပို့စနစ်ဆီ စွမ်းအင် ပို့ပေးမှုကို မြှင့်တင်လိုက်ပါ"

....

ကျုံးရှန် မူလ လမ်းသုံးခွသို့ ရောက်ရှိလာလျှင် မစူးစမ်းရသေးဘဲ နောက်ဆုံးကျန်ရှိတော့သည့် ဂိုဒေါင်နယ်မြေသို့ဦးတည်သောလမ်းကို ရွေးချယ်လိုက်သည်။ ထုံးစံအတိုင်း အကြမ်းနည်းကို အသုံးပြုကာ ဂိုဒေါင်၏ အဓိကတံခါးမကြီးကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ နယ်နိမိတ်စီမံကိန်း စူးစမ်း လေ့လာရေးယာဉ်သည် သေးငယ်သောအာကာသယာဉ်တစ်စင်းသာ ဖြစ်သောကြောင့် ဂိုဒေါင်နယ်မြေသည်လည်း အလွန်ကြီးမားလှခြင်းမရှိချေ။

ထိုအထဲရှိ ပစ္စည်းအချို့မှာ အသုံးပြုထားပြီး ဖြစ်ကာ အများစုသည် အာကာသယာဉ်၏လိုအပ်သောနေရာများကိုအစားထိုးရန် အရံပစ္စည်းများ ဖြစ်ကြသည်။ သို့သော် ကျုံးရှန်သည် မသုံးရသေးသည့် ပစ္စည်းကောင်းအချို့ကို ရှာတွေ့ခဲ့သည်။ ထိုအရာများသည် သံဗီရိုတစ်လုံးထဲ၌ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိ နေသည့် သံချပ်ကာခြောက်စုံ ဖြစ်သည်။

ယင်းတို့သည် အရိုးစုများနှင့် ဆင်တူလှကာ အသုံးပြုထားသည့်ကုန်ကြမ်းပစ္စည်းမှာ အာကာသယာဉ်ကိုယ်ထည်နှင့် တူညီသော ထူးဆန်းသည့် သတ္တု ဖြစ်သည်။ သံချပ်ကာများသည် အသစ်စက်စက် အခြေအနေအတိုင်း ရှိနေဆဲ ဖြစ်၏။ ကျုံးရှန် လက်ကို ဆန့်ကာ ဝတ်စုံတစ်စုံကို ညင်သာစွာ ထိတွေ့လိုက်သည်။

ထိုအခါအစိမ်းရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သံချပ်ကာမှ အသံထွက်လာသည်။

[ဝိသေသနကို အတည်ပြုပြီး။ လူသားဖြစ်တယ်။ မောင်းနှင်ခွင့် ပြုပါတယ်။]

သံချပ်ကာ၏ အရှေ့ဘက်ခြမ်းသည် ရုတ်တရက် ပွင့်သွားကာ ထိုအထဲ၌ လူတစ်ကိုယ်စာ နေရာ ရှိနေသည်။ အတွင်းပိုင်း၌ ပျော့ပျောင်းသော အကာအကွယ်အဖုံးများ ရှိနေပြီး သံချပ်ကာ၏ နေရာအသီးသီးကို စိတ်ကြိုက် ပြောင်းလဲဖွဲ့စည်းနိုင်သဖြင့် ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်စေရန် အာမခံချက် ရှိပေသည်။ ကျုံးရှန် စိတ်ဝင်စားစွာဖြင့် သံချပ်ကာထဲသို့ ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်အချိုးအစားအတိုင်း ပုံစံအနေအထား ပြင်လိုက်သည်။

ထို့နောက်တွင် သံချပ်ကာ၏ အဖုံး ပြန်လည်ပိတ်သွားကာ ကျုံးရှန်၏ ရှေ့မှောက်၌ သုံးဘက်မြင် ထိန်းချုပ်ခွက်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ အသိစိတ်ချိတ်ဆက်ပြားတစ်ခုသည် သူ၏ရင်ဘတ်နှင့် ဦးနှောက်ပေါ်သို့ ကပ်သွားပြီး ကျုံးရှန် အတွေးတစ်ချက်ဖြင့်ပင် သံချပ်ကာကို သူ၏ကိုယ်ပွားတစ်ခုကဲ့သို့ စိတ်ကြိုက် ထိန်းချုပ်နိုင်သွားသည်။ သူသည် သံချပ်ကာကို မောင်းနှင်ကာ ဂိုဒေါင်နယ်မြေမှ ထွက်ခွာပြီး စင်္ကြံလမ်းကို ဖြတ်သန်းပြီး၍ အာကာသယာဉ်ပြင်ပသို့ တိုက်ရိုက် ထွက်ခွာလာခဲ့လိုက်သည်။

အပြင်သို့ရောက်လျှင် ကျုံးရှန်သည် အရှိန်မြှင့်စနစ်ကို ထိန်းချုပ်ကာ ပြင်းထန်သော မီးတောက်များ မှုတ်ထုတ်ရန် စေခိုင်းလိုက်ပြီး ကောင်းကင်ယံထက်သို့ ပျံသန်းသွားသည်။ ကောင်းကင်ပေါ်၌ ထိုကဲ့သို့လေဟုန်စီးရခြင်းသည် ယခင်ဘဝမှ သံမဏိလူသားဖြစ်လာသကဲ့သို့ ခံစားရစေ၏။ သို့သော် နည်းပညာထွက်ကုန်သည် ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်ခြင်း မရှိသလို အာကာသယာဉ်ကဲ့သို့ ခုန်ပျံကူးပြောင်းနိုင်စွမ်းလည်း မရှိဘဲ သာမန်စစ်သည်သုံး သံချပ်ကာမျှသာ ဖြစ်သဖြင့် လက်ရှိကျုံးရှန်အတွက်အသုံးဝင်မှုများစွာမရှိချေ။

အပိုင်း (၄၀၈)

လက်ရှိအချိန်၌ ကျုံးရှန်သည် သံချပ်ကာ၏ စွမ်းရည်များကို အနည်းငယ် စိတ်ဝင်စားလာသဖြင့် သူ၏ သိစိတ်ဖြင့် သံချပ်ကာ၏ လက်နက်စနစ်အား နှိုးဆွလိုက်၏။ ထိုအခါ သံချပ်ကာ၏ လက်မောင်းပေါ်၌ သေးငယ်သည့် စွမ်းအင်စုစည်းကိရိယာတစ်ခု ထွက်ပေါ်လာသည်။ ကျုံးရှန်၏ ထိန်းချုပ်မှုအောက်၌ပင် ထိုကိရိယာအတွင်း၌ အလွန်မတည်ငြိမ်သော စွမ်းအင်စက်လုံးတစ်ခု စတင်ဖြစ်ပေါ်လာသည်။

စွမ်းအင်လုံးအား တစ်စုံတစ်ရာဖြင့် ထိန်းချုပ်ထားခြင်းဖြစ်ပြီး အထဲ၌ ပြင်းထန်လှသည့် အဖျက်စွမ်းအားများစွာ သိပ်သည်းတည်ရှိနေသည်။ ကျုံးရှန်သည် ထိုစွမ်းအင်လုံးအား မိုင်ပေါင်းများစွာ ဝေးကွာသည့် တောင်ကြီးတစ်လုံးဆီသို့ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ထိုအခါ စွမ်းအင်စက်လုံးသည် လေခွင်းသံနှင့်အတူ ပျံသန်းသွားရာ သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ပျံသန်းနှုန်းနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်းရှိနေသည်။ မကြာမီအချိန်အတွင်းမှာပင် ပစ်မှတ်ဖြစ်သည့် တောင်ကြီးအား ထိမှန်သွားပြီး ခဏတာ ရပ်တန့်သွားသည်။

စွမ်းအင်စက်လုံးအတွင်းရှိ စွမ်းအင်များအား ထိန်းချုပ်ထားသည့် စနစ် ကွယ်ပျောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာပြီး တောင်ကြီးတစ်ခုလုံးအပါအဝင် မိုင်ပေါင်းသောင်းချီသည့် နယ်မြေအကျယ်အဝန်းသည် မြေပြန့်ကြီးအဖြစ်သို့ ပြောင်းလဲသွားရ၏။ထိုစွမ်းအင်များသည် အက်တမ်များ တစ်ခုနှင့်တစ်ခု တိုက်မိခြင်းကို ဖြစ်ပေါ်စေကာ ရိုက်ခတ်မှုမှတစ်ဆင့် ဒြပ်ပစ္စည်းအားလုံးအား ဖျက်ဆီးပစ်လိုက်ခြင်းပင်။

ထိုသည်မှာ သံချပ်ကာပေါ်၌ တပ်ဆင်ထားသည့် ရိုးရှင်းသော ကိုယ်ပိုင်ကာကွယ်ရေး လက်နက်မျှသာ ဖြစ်ကြောင်း သိထားရပေလိမ့်မည်။ ကျုံးရှန်သည် ဝေးကွာသည့် နေရာမှ မြေပြန့်ဖြစ်သွားသော နယ်မြေကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကမ္ဘာမြေ ယဉ်ကျေးမှုတွေက... တကယ်ကို မရိုးရှင်းဘူးပဲ..."

နည်းပညာယဉ်ကျေးမှု၏ အထွတ်အထိပ်သည် ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ ယခင်က မထင်မှတ်ထားခဲ့ချေ။ နည်းပညာ၏ စွမ်းအားသည် ကျင့်ကြံခြင်း ယဉ်ကျေးမှုကိုပင် ရင်ပေါင်တန်းနိုင်စွမ်းရှိနေ၏။ မတူညီသော ယဉ်ကျေးမှု လမ်းကြောင်းသစ်တစ်ခုအား ဖော်ဆောင်လိုက်ခြင်း ဖြစ်ကာ ကျင့်ကြံခြင်းလမ်းစဉ်ကဲ့သို့ပင် အဆုံးမရှိပေ။

ကျုံးရှန်သည် ယခု စူးစမ်းလေ့လာမှု အတွေ့အကြုံမှတစ်ဆင့် အရာခပ်သိမ်းအား ပိုမိုကျယ်ပြန့်သည့် အမြင်ဖြင့် ဆက်လက်ကြည့်ရှုရမည်ဖြစ်ကြောင်း ထပ်မံ၍ သေချာသွားသည်။ သူသည် သံချပ်ကာထဲမှ ထွက်ကာ ထိုအရာအား ကိုယ်တွင်းဟင်းလင်းပြင်ထဲ၌ သိမ်းဆည်းလိုက်ပြီးနောက် စူးစမ်းလေ့လာရေးယာဉ်၏ ဘေးသို့ တစ်ဖန် ပြန်လည်ပျံသန်းလာသည်။ ထို့နောက် လေဟာနယ်အား လက်နှစ်ဖက်ဖြင့် စုတ်ဖြဲလိုက်ရာ အချိန်နှင့် ဟင်းလင်းပြင်တို့ ပြောင်းလဲသွားပြီး အာကာသယာဉ်ကြီး တစ်ခုလုံးမှာ သူ၏ သူတော်စင်နိုင်ငံအတွင်းသို့ ရောက်ရှိသွားသည်။

သူတော်စင်နိုင်ငံအတွင်းရှိ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေမည်ဖြစ်၏။ ထို့ကြောင့် နယ်နိမိတ်စီမံကိန်းယာဉ်၌ မည်သည့်အရာပင် ရှိနေပါစေ သူ ချက်ချင်း အာရုံခံနိုင်မည်ဖြစ်ကာ ပြင်းထန်သည့် စွမ်းအားဖြင့် ဖိနှိပ်နိုင်မည်။ ကျုံးရှန်သည် ပြင်းထန်သည့် အက်တမ်ဓာတ်ရောင်ခြည်များအား ကာကွယ်ရန်အတွက်လည်း သူ၏ သူတော်စင်နိုင်ငံ၌ သီးခြား ဟင်းလင်းပြင်တစ်ခုကိုထပ်မံဖန်တီးလိုက်ကာ ဟင်းလင်းပြင် အဆင့်ဆင့်ဖြင့် အာကာသယာဉ်အား ပိတ်ဆို့လိုက်သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် သူတော်စင်နိုင်ငံအတွင်းရှိ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားနှင့် သူ၏ တပည့်ငယ်များမှာ အဏုမြူစွမ်းအင် သက်ရောက်မှုကြောင့် ထိခိုက်မည် မဟုတ်ချေ။

အရာအားလုံး ပြီးဆုံးသွားသောအခါ ကျုံးရှန်သည် သူတော်စင်နိုင်ငံမှ ထွက်လာကာ အရှေ့ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ထွက်ခွာလိုက်သည်။ သူ၏ မှတ်ဉာဏ်အရ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်၌ ဗုဒ္ဓဆိုင်ရာ ရတနာတစ်ပါး ရှိနေပြီး အနည်းဆုံး ထျန်းယွမ်အဆင့်အထက်ရှိသည့် ရတနာပင်။ သို့သော် မည်သည့်စကြာဝဠာရှိ မည်သည့်ကမ္ဘာမှ ဗုဒ္ဓဂိုဏ်း၏ ပစ္စည်းဖြစ်သည်ကိုမူ သူ မသိရှိရချေ။

ကျုံးရှန်သည် ဗုဒ္ဓလမ်းစဉ်အား လေ့လာလိုက်စားသူ တစ်ယောက်မဟုတ်သော်လည်း ထိုကဲ့သို့သော ရတနာမျိုးကိုတော့ လက်လွတ်ခံမည် မဟုတ်ပေ။ လက်ရှိအချိန်၌ အရှေ့ဘက်နယ်မြေ၌ ဗုဒ္ဓဂိုဏ်းများမှာ စောစီးစွာကတည်းကပင် ထွန်းကားနေပြီဖြစ်သည်။ မဟာကမ္ဘာပြင်ပမှ ရှေးဟောင်းဗုဒ္ဓ အမွေအနှစ်ဖြစ်သည့် ပိအန်းရွှေတောင်ပင် ဆင်းသက်လာရာ မမျှော်လင့်သော ကိစ္စများ မရှိပါက ထိုဗုဒ္ဓရတနာသည် ပေါ်ထွက်နေလောက်ပြီ ဖြစ်သည်။

ကျုံးရှန်တစ်ယောက် မိစ္ဆာသန္ဓေသားအား လုယူစဉ်အခါက ရှီးရှန်အဖွဲ့အစည်းမှ လူများသည် အလွန် ရိုင်းစိုင်းမောက်မာခဲ့ကြ၏။ ဗုဒ္ဓဂိုဏ်းသည်လည်း ပညာရှင်အချို့အား စေလွှတ်၍ ထိုသူများကို တိုက်ခိုက်ခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားမှာ မည်မျှအထိ ကြီးမားကြောင်းကို သိရှိနိုင်သည်။

ဗုဒ္ဓဂိုဏ်းသည် တိုတောင်းလှသည့် နှစ်ပေါင်းဆယ်ချီအတွင်းပင် အင်အားတောင့်တင်းနေပြီ ဖြစ်သည်။ သို့သော် ထိုအချက်ကို ကျုံးရှန် ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး၌ သူ့အား စိုးရိမ်စေသည့် အဖွဲ့အစည်းနှင့် ကျွမ်းကျင်သူများ လုံးဝ မရှိသောကြောင့်ပင်။

သူ၏ ရည်မှန်းချက်မှာ ဝမ်ရှန့် ကောင်းကင်တာအိုကို အောင်နိုင်ရန်သာ ဖြစ်ရာ ကောင်းကင်တာအိုအောက်ရှိ ကျင့်ကြံသူများကိုမူ အရေးမစိုက်ချေ။ ကျုံးရှန်၏ ခြေလှမ်းများသည် အလွန်တရာ မြန်ဆန်လှကာ မျက်စိတစ်မှိတ်အတွင်းပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်သို့ ရောက်ရှိလာသည်။ ထိုနေရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ တစ်ဖန် ပြန်လည်ထွန်းကားလာသော ဗုဒ္ဓဂိုဏ်း တစ်ဖြစ်လဲ ဝမ်ဖော်ဂိုဏ်း တည်ရှိရာ နယ်မြေပင်။

ဝမ်ဖော်ဂိုဏ်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုဖြစ်ကာ ရှေးဦးခေတ်ကာလ ကုန်ဆုံး၍ ရှေးဟောင်းခေတ်ကာလသို့ ရောက်ရှိချိန်၌ လောကမှ ကွယ်ပျောက်ကာ ပုန်းအောင်းနေခဲ့ကြသည်။ရှေးဒဏ္ဍာရီများအရ ဝမ်ဖော်ဂိုဏ်း၏ ဗုဒ္ဓများနှင့် ဂိုဏ်းချုပ်များသည် သူတို့၏ ကျင့်ကြံမှုအား ပိတ်ဆို့ထားကြ၏။ ထို့နောက် ကိုးကြိမ်မြောက် ဗောဓိပင်ပေါ်ရှိ ဗောဓိစေ့တစ်စေ့အဖြစ် ပြောင်းလဲကာ လောကထဲသို့ ပြန်လည်ပေါ်ထွက်မည့် အချိန်အား ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်ဟု ဆိုကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း၌ ကောင်းကင်နှင့် မြေကြီး၏ ပြင်းထန်သော ပြောင်းလဲမှုများနှင့်အတူ ဝမ်ဖော်ဂိုဏ်းသည်လည်း လောကထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ဗုဒ္ဓဂိုဏ်း၏ အလင်းတန်းများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်ဟု ဆိုကြ၏။ ထို့အပြင် ဂိုဏ်းချုပ်၏ ပုံရိပ်ကြီးမှာလည်း တရားတော်များကို ရွတ်ဖတ်ပူဇော်နေခဲ့ကာ ထိုထူးခြားလှသည့် ဖြစ်စဉ်ကြီးသည် သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။

ထိုကာလအတွင်း၌ ထိုဖြစ်စဉ်အား သွားရောက် စူးစမ်းခဲ့ကြသော ပညာရှင်များစွာထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လာနိုင်ခဲ့ခြင်း မရှိချေ။ ထိုပညာရှင်အားလုံးမှာ ဗုဒ္ဓ၏ လမ်းစဉ်ထဲသို့ သွတ်သွင်းခြင်း ခံလိုက်ကြရကာ ဗုဒ္ဓ၏ အစောင့်အရှောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြခြင်းပင်ဖြစ်သည်။ ထိုမျှဖြင့် မပြီးသေးချေ။

မကြာမီအချိန်ကလည်း အလယ်အလတ် ကမ္ဘာအဆင့်ရှိသည့် ပိအန်းရွှေတောင်သည် ပိုင်ရွှီနယ်မြေထဲမှ မျောပါလာကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အကာအကွယ်အား အတင်းအဓမ္မ ဖြတ်ကျော်၍ အရှေ့ဘက်နယ်မြေဆီသို့ ဆင်းသက်လာခဲ့သည်။ ပိအန်းရွှေတောင်သည် ရှန့်ကျိုးကဲ့သို့ပင် ရှေးကျလှသည့် သမိုင်းကြောင်းရှိကာ အကန့်အသတ်မဲ့ကမ္ဘာအတွင်းရှိ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်ဖြစ်သည်။ ပိအန်းတောင်၏ အတွင်းပိုင်း၌ တန်ဖိုးရှိသည့် ရတနာများစွာ ရှိနေရုံမျှမက တောင်ကိုယ်တိုင်ကပင် အလယ်အလတ်ကမ္ဘာတစ်ခု ဖြစ်နေသဖြင့် အလွန်တရာ နက်နဲလှသော အခြေခံစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ပိအန်းရွှေတောင်၏ ရောက်ရှိလာခြင်းကြောင့် ဝမ်ဖော်ဂိုဏ်း၏ အင်အားသည် ပိုမို၍ တောင့်တင်းသွားရပြန်သည်။ ထို့အပြင် ဝမ်ဖော်ဂိုဏ်း၌ အဆင့်အတန်း ခန့်မှန်းရန် ခက်ခဲလှသည့် ဗုဒ္ဓ ရတနာတစ်ပါးလည်း ရှိနေသေးကာ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ဝမ်ဖော်ဂိုဏ်းသည် ယခင်က သူတို့ကိုယ်သူတို့ ပိတ်ဆို့ကာ ပုန်းအောင်းနေခဲ့ကြခြင်းမှာ ထိုရတနာအတွက်

စွမ်းအင်စုဆောင်းရန် ဖြစ်သည်ဟုပင် ကောလာဟလ ထွက်ပေါ်နေ၏။

သို့သော် ထိုသတင်းအများစုသည် ကောလာဟလများသာ ဖြစ်ရာ စစ်မှန်သည့် လျှို့ဝှက်ချက်ကိုမူ ကျုံးရှန် ကိုယ်တိုင် သွားရောက် ဖော်ထုတ်ရန် လိုအပ်နေသည်။ သေချာသော အချက်တစ်ခုကတော့ ဗုဒ္ဓဂိုဏ်း၏ အင်အားသည် ရှီရှန်းအဖွဲ့အစည်းထက်ပင် များစွာ သာလွန်နေမည်ဆိုခြင်းပင်။ ဝမ်ဖော်ဂိုဏ်းသည် ယခုအခါ၌ အင်အားကြီးမားလှသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျုံးရှန်တစ်ယောက် ဝမ်ရှန့်ကမ္ဘာငယ်လေး၌ တွေ့ရှိခဲ့သော ရွှေဗုဒ္ဓဓာတ်တော်စေတီကိုလည်း ဝမ်ဖော်ဂိုဏ်းမှ သိမ်းယူသွားပြီးဖြစ်နိုင်ချေ အလွန် များပြားလှသည်။ သို့မဟုတ်ပါက ဝမ်ဖော်ဂိုဏ်း၏ ရုတ်တရက် အင်အားကြီးမားလာမှုကို ရှင်းပြနိုင်စွမ်း မရှိချေ။ ထို့ကြောင့်ပင် ဝမ်ဖော်ဂိုဏ်းသည် ရှေးဟောင်းခေတ်ကာလ၌ ရုတ်တရက် တံခါးပိတ်ကာ လောကမှ ပုန်းအောင်းနေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်မည်ဟု ကျုံးရှန် ခန့်မှန်းမိလိုက်သည်။

မည်သို့ပင်ဖြစ်စေ ထိုဗုဒ္ဓ ရတနာအား ကျုံးရှန် မဖြစ်မနေ ရယူပေမည်။

သူ့အတွက် အသုံးမဝင်လျှင်တောင်မှ ဖာဟိုင်အား လက်ဆောင်အဖြစ် ပေးအပ်နိုင်သေးသည် မဟုတ်လော။

ကျုံးရှန်သည် သူ ရရှိထားသော သဲလွန်စများနှင့် သတင်းအချက်အလက်များကို တွေးတောလိုက်ပြီးနောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်နယ်မြေများဆီသို့ ခြေချလိုက်သည်။

ကျုံးရှန် ရေရွတ်လိုက်သည်။

"ရောက်ပြီ။"

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်နယ်မြေသည် နေမင်း ပထမဆုံး ထွက်ပေါ်လာရာ နေရာဖြစ်သည်။ ဤနေရာရှိ စီရင်စုများစွာသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကာ ထိုနယ်မြေများအား စုပေါင်း၍ သုန်ပုဟု ခေါ်ဝေါ်ကြသည်။ ယခုအခါ၌ ထိုနေရာတစ်ခုလုံးအား ဗုဒ္ဓမှ သိမ်းပိုက် အုပ်စိုးထားသည်။ မူလရှိခဲ့သော နယ်ခံသားများဖြစ်ကြသည့် လူသားအင်အားစုများဖြစ်စေ ၊ မျိုးနွယ်ခြားများဖြစ်စေ နှင်ထုတ်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်းများကို ပြုလုပ်ခဲ့ကာ အများစုမှာ ဗုဒ္ဓသို့ ကူးပြောင်းသွားခဲ့ကြပြီ ဖြစ်သည်။

ဗုဒ္ဓ အသုံးအနှုန်းအရ ဆိုရလျှင် မိစ္ဆာများ ၊ သက်ရှိသတ္တဝါများ အပါအဝင် အရာအားလုံးကို ကျွတ်တမ်းဝင်စေခြင်းဟု အဓိပ္ပာယ်ရ၏။ ဗုဒ္ဓ၏ ကျွတ်တမ်းဝင်စေခြင်း စွမ်းအင်သည် စကြာဝဠာတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလောက်အောင်ကို အစွမ်းထက်လှသည်။ အဆိုးယုတ်ဆုံး မိစ္ဆာများပင်လျှင် ဓမ္မ အစောင့်အရှောက်များအဖြစ် ကျွတ်တမ်းဝင်သွားနိုင်ခြင်းဖြစ်သည်။

အရာခပ်သိမ်းကို ကျွတ်တမ်းဝင်စေနိုင်သည့် ထိုစွမ်းရည်ဖြင့် ဗုဒ္ဓဂိုဏ်း၏ နယ်မြေချဲ့ထွင်မှုသည် အလွန် ချောမွေ့နေသည်။ ဗုဒ္ဓ တရားတော်များသည် အရှေ့ဘက်ပြည်နယ်၅၆ခု၌ လျင်မြန်စွာ ပြန့်နှံ့သွားပြီး မရေမတွက်နိုင်သော သက်ရှိသတ္တဝါများအား ဗုဒ္ဓအပေါ် စိတ်ရောကိုယ်ပါ ယုံကြည်ကိုးကွယ်လာစေသည်။ ထို့အတွက်ကြောင့် နှစ်သန်းပေါင်းများစွာအတွင်း မြစ်ရေပြင်အလား ကြီးမားလှသော ယုံကြည်ကိုးကွယ်မှု စွမ်းအင်များသည် ဝမ်ဖော်ဂိုဏ်းအတွင်းသို့ အဆက်မပြတ် စီးဆင်း ဝင်ရောက်လျက် ရှိနေသည်။

အချိန်အတိုင်းအတာ တစ်ခုသာ ပေးမည်ဆိုပါက လူသားအားလုံးကို ကယ်တင်လိုသည့် ဗုဒ္ဓဂိုဏ်း၏ သဘာဝအရ မကြာမီ အချိန်အတွင်းပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး ဗုဒ္ဓ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်သွားမည်မှာ သေချာလှသည်။

All Chapters