အခန်း (၂၄၆၉-၂၄၇၀)
Vol. 247 Ch. 2469-2470
အခန်း (၂၄၆၉) - အစ်ကိုကြီးရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်နှစ်နှစ်ခွဲ ကုန်လွန်သွားခဲ့သည်။
ထိုနှစ်နှစ်ခွဲအတွင်း ဖန့်ချန်သည် ပထမဆုံး ခြောက်လကို ဆေးဖော်စပ်သည့် နည်းလမ်းများကို လေ့ကျင့်ရာတွင် အသုံးပြုခဲ့သည်။ နောက်ဆုံးနှစ်နှစ်တွင်တော့ အလွန်ပင် စွန့်စားရသည့် အခြေအနေမျိုးမှ 'နတ်ဆိုးနှိမ် တစ္ဆေမျက်လုံး' အတွက် လိုအပ်သော ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
ကျောက်သလင်း ပုလင်းထဲတွင် မည်းနက်သော အငွေ့အသက်များ ရစ်ဝဲနေသည့် ဆေးရည်များမှာ တစိမ့်စိမ့် လှုပ်ရှားနေသည်။
ဖန့်ချန်မှာ အသေးစိတ် စေ့စေ့စပ်စပ် ကြည့်ရှုရင်း -
"ဒါဆိုရင် ရပြီပေါ့ ဒါကို သောက်လိုက်တာနဲ့ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး ရဲ့ စွမ်းအားကို ခေတ္တခဏ ပိုင်ဆိုင်နိုင်မယ်ပေါ့ "
လီဝူ နှင့် ချီယန် သူတော်စင်တို့မှာ သိလိုစိတ်ပြင်းပြစွာဖြင့် အနားသို့ တိုးကပ်လာကာ စူးစမ်းကြသည်။ ရှေ့လူမှာ ယခင်က အထွတ်ထိပ်တာအို အဆင့်တွင် ရှိခဲ့စဉ်ကပင် အခြားမျိုးနွယ်စုများ၏ ကံကြမ္မာ စွမ်းရည်များကို ခေတ္တခဏ ပိုင်ဆိုင်နိုင်သည့် ထိုသို့သော နည်းလမ်းမျိုး ရှိကြောင်း မသိခဲ့ပေ။ ဤဆေးရည်ကို ပထမဆုံးအကြိမ် တွေ့မြင်ရသဖြင့် စိတ်ထဲတွင် အလွန်ပင် အံ့အားသင့်နေမိသည်။ အထွတ်ထိပ်တာအို သူတော်စင်တစ်ပါးပင်ဖြစ်စေ၊ ကောင်းကင်ငါးပါး ၏ လျှို့ဝှက်ချက်အားလုံးကို အမှန်တကယ် ပိုင်ပိုင်နိုင်နိုင် သိရှိရန်မှာ အလွန်ပင် ခက်ခဲသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်။ သောက်လိုက်ပြီးရင် အာနိသင်က ၁၀ နှစ်၊ ၂၀ နှစ်လောက်အထိ ရှိနေလိမ့်မယ်။"
မှန်လေးက ဖြေသည်။
"ဒီလောက်ပဲ ကြာတာလား ဒါဆိုရင်တော့ အခု သောက်လို့ မဖြစ်သေးဘူး။"
ဖန့်ချန် စဉ်းစားလိုက်သည်။
သူသည် ယင်လောကဝင် နံ့သာတိုင် နှင့် ဟွမ်းရှူရှန် တို့ကို သွားရောက် ပြင်ဆင်ရဦးမည်။ ထိုအရာများအတွက် အချိန်ပေးရဦးမည် ဖြစ်သည်။ ဟင်လင်းပြင် ရဲ့ အလွှာ ၁၉ ကို ရောက်သွားမှသာလျှင် ဒီဆေးကို သောက်တာက အကောင်းဆုံး ဖြစ်လိမ့်မည်။
"ဟင်းလင်းပြင် ကွပ်မျက်သူတွေက ကိုယ့်ဘာသာ လာရှာလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားကို ငါ တစ်ယောက်တည်း ယှဉ်နိုင်ပါ့မလား မသိဘူး။ တကယ်လို့ ဖန့်ဖိန်အန်း ကို အကူအညီ တောင်းနိုင်မယ်ဆိုရင်တော့ ဒီကိစ္စက အတော်လေး လွယ်ကူသွားမှာပဲ။"
ထိုသို့ တွေးတောရင်း ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားကာ လက်ထဲတွင် နံ့သာတိုင်များ ရောက်လာသည်။ စုစုပေါင်း ၁၂ တိုင် ဖြစ်သည်။ တိုင်တိုင်းမှာ စိမ်းပြာရောင် သန်းနေပြီး ယခင်က ဝူယိုဟိုင်း ရောင်းပေးခဲ့သည့် နံ့သာတိုင်များထက် အရောင်ပို၍ ရင့်သည်။
"ဖိန်အန်း က ပြောဖူးတယ်၊ ငါသာ ဟင်းလင်းပြင် အလွှာ ၁၉ ကို ရောက်ရင် ဒီနံ့သာတိုင်ကို မီးရှို့လိုက်တာနဲ့ သူ့ကို ဆက်သွယ်လို့ ရမယ်တဲ့။ ဒီလောက် မြန်မြန် သုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဖန့်ဖိန်အန်း၏ အကူအညီသာ ရမည်ဆိုလျှင် ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးဦးကို နှိမ်နင်းခြင်းသည် အလွန်ခက်ခဲသည့် ကိစ္စမဟုတ်တော့ဘဲ အလွန်ပင် လွယ်ကူသွားတော့မည်ဖြစ်သည်။
"ဖင်းအန်းစျေး ကို တစ်ခေါက် ထပ်သွားပြီး ယင်လောကဝင် နံ့သာတိုင် တွေ ရှာဦးမှပဲ။ ဟွမ်းရှူရှန် လည်း နည်းနည်းလောက် ထပ်ယူထားရင် ပိုစိတ်ချရတာပေါ့။ ဒါပေမဲ့ တတိယအကြိမ် စစ်ဆေးမှု ပြီးတဲ့အထိတော့ စောင့်ရဦးမယ်။"
နောက်ပိုင်းနှစ်များတွင် ဖန့်ချန်မှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်မနေဘဲ လူသားမျိုးနွယ်စု ကျောင်းတော်ထဲတွင် လျှောက်သွားနေလေ့ရှိသည်။ တစ်ခါတစ်ရံ နင်ကျောင်းအုပ် ထံ သွားရောက် လည်ပတ်သည်၊ တစ်ခါတစ်ရံ ကရုဏာတောင်တွင် လည်ပတ်သည်။ တစ်ခါတစ်ရံတွင် ကျိုကျိ တောင် သို့မဟုတ် ဒီဂျွန်း တောင်သို့ လျှောက်သွားလေ့ရှိသည်။
လူသားမျိုးနွယ်စု ကျောင်းတော်၏ တရားစီရင်ရေး အကြီးအကဲ ဖြစ်သည့်အတိုင်း ထိုကာလအတွင်း ကျောင်းသားများအကြား ဖြစ်ပွားသော ပဋိပက္ခ အချို့ကိုလည်း ဖြေရှင်းပေးခဲ့သည်။ အနည်းဆုံးတော့ ထိုကျောင်းသားများမှာ မျက်နှာသာပေးသည့် အနေဖြင့် နောက်တစ်ကြိမ် ပြဿနာမရှာတော့မည်ဟု ဝန်ခံသွားကြသည်။
ဖန့်ချန်မှာ သူ၏ ဂုဏ်သတင်းနှင့် အရှိန်အဝါများ တိုးတက်လာသည်ကို ခံစားမိသည်။ တောင်အသီးသီးမှ ဆရာများကလည်း သူ့ကို တွေ့လျှင် ညီတူညီမျှပင် ဆက်ဆံကြသည်။ မည်သည့်ဆရာကမျှ သူ့ကို သာမန် ကျောင်းသားတစ်ဦးဟု မသတ်မှတ်ကြပေ။ သာမန် ကျောင်းသားများကမူ သူ့ကို အကြီးအကဲတစ်ယောက်ကဲ့သို့ တကယ့်ကို လေးစားကြသည်။ ရွှေရှင်း တို့ကဲ့သို့ လူများသာ အနည်းငယ် တည်တည်ငြိမ်ငြိမ် ရှိသေးသည်။
"ရက်တွေကို တွက်ကြည့်ရင် ၁၀ နှစ် သတ်မှတ်ချက်က ပြည့်တော့မှာပဲမလား "
ဖန့်ချန် လက်ချောင်းများဖြင့် တွက်ချက်လိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။
"တရားစီရင်ရေး အကြီးအကဲတွေထဲက ဘယ်နှစ်ယောက်များ ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်မြင်သွားမလဲမသိဘူး။"
သူ့ရှေ့တွင် ချန်ဖေးဖေး ၊ ရှဲ့အာမန် စသည့် တပည့်မောင်နှမများ ထိုင်နေကြသည်။ ချန်ဖေးဖေးက မက်မွန်သီးတစ်လုံးကို ကိုင်ကာ ကိုက်စားလိုက်ပြီးနောက် ရယ်မောရင်း ပြောလိုက်သည်။
"အစ်ကိုကြီး ဖန့်၊ ကျွန်တော် ဒီနှစ်တွေအတွင်းမှာ ဟိုတစ်ယောက် ဒီတစ်ယောက် စုံစမ်းကြည့်ပြီးပြီ။ ဂျူလင်မျိုးနွယ်စုဘက်က သူငယ်ချင်းတွေဆီကလည်း သတင်းရထားတယ်။ အဲ့ဒီ တရားစီရင်ရေး အကြီးအကဲတွေက ရွှေဟွေး ကျောင်းတော်မှာ မွှေနေကြပေမဲ့ တကယ်တမ်း ဘာမှ မလုပ်နိုင်ကြပါဘူး။"
ဖန့်ချန်က အေးဆေးစွာပင် -
"ကြည့်ရတာ မွှေနေတယ် ထင်ရပေမဲ့ တကယ်တမ်းတော့ စုံစမ်းရေးဌာနက ဒီအခွင့်အရေးကို အသုံးချပြီး အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုဟောင်းတွေကို ပြန်ဖော်ထုတ်နေတာပဲ။ ငါ ထင်တာကတော့ သူတို့ ဘာမှ မစစ်ဆေးနိုင်ရင်တောင်မှ စုံစမ်းရေးဌာနကတော့ ဆက်ပြီး စစ်ဆေးနေဦးမှာပဲ။"
လူတိုင်းက ထိုစကားကို ကြားသောအခါ အမှန်ပင် ဖြစ်သည်ဟု သဘောတူ ခေါင်းညိတ်ကြသည်။ ထိုအချိန်တွင် ပိုင်ချန်းမင် သည် ဂူထဲသို့ ဝင်လာပြီး ပြုံးကာ ပြောလိုက်သည်။
"ငါ အခုလေးတင် ကြားလိုက်တာ၊ ဟုန်ဟိုင် မျိုးနွယ်စု သူတော်စင် တစ်ယောက် ကျွန်တော်တို့ လူသားမျိုးနွယ်စု ကျောင်းတော်ဆီ ရောက်လာပြီး ချင် မျိုးနွယ်စုက ကျောင်းသားတချို့နဲ့ ပြဿနာ ဖြစ်နေတယ်တဲ့။"
ဖန့်ချန် စိတ်အာရုံ လှုပ်ရှားသွားကာ ချက်ချင်းပင် ထရပ်လိုက်ပြီး ဂူအပြင်သို့ ထွက်သွားသည်။ လူတိုင်းလည်း ဖန့်ချန်သည် လူသားမျိုးနွယ်စု ကျောင်းတော်၏ တရားစီရင်ရေး အကြီးအကဲ ဖြစ်သည့်အတွက် ဝင်ရောက်ဖြေရှင်းရမည်ကို သိရှိသဖြင့် သူတို့လည်း နောက်မှ လိုက်ပါသွားကြသည်။
လူသားမျိုးနွယ်စု ကျောင်းတော် တံခါးပေါက်တွင် ချင် မျိုးနွယ်စုမှ ကျောင်းသားတစ်စုက ဟုန်ဟိုင် မျိုးနွယ်စု သူတော်စင်တစ်ဦးကို ဝိုင်းရံထားကြသည်။
ခေါင်းဆောင်ဖြစ်သူ ချင်ခွန်း က အေးစက်စက် အကြည့်ဖြင့် -
"မင်းတို့ ဟုန်ဟိုင်မျိုးနွယ်စုက ငါးတွေ၊ ဘယ်လိုလုပ်ပြီး ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်ဆီ ခြေချဝံ့ရတာလဲ "
'ဟိုင်တာရှင်း' မှာ ဒေါသကြောင့် မျက်နှာပင် ပြာနှမ်းနေသည်။
"ငါ ပြောပြီးပြီလေ၊ ငါ ဖန့် အကြီးအကဲကို လာရှာတာ။ မင်းတို့ကို လာရှာတာ မဟုတ်ဘူး၊ ဖယ်ပေးကြစမ်း "
"ဟားဟား ဟုန်ဟိုင်မျိုးနွယ်စုက သူတော်စင်က ငါတို့ အကြီးအကဲကို လာရှာတယ် တကယ်ပဲ မဟုတ်တာတွေကို လာပြောနေတာ။ မင်းတို့တွေက ဒီကို တိတ်တိတ်လေး လာပြီး လုပ်ကြံဖို့ ကြံစည်နေတာ မဟုတ်လား "
ချင်းခွန်းက ခနဲ့စွာပင် -
"နောက်ဆုံးတစ်ခါ အခွင့်အရေးပေးမယ်၊ အခုချက်ချင်း ထွက်သွားစမ်း။ မသွားရင်တော့ ငါတို့တွေ အားလုံး ဝိုင်းတိုက်ကြလိမ့်မယ်။"
ဟိုင်တာရှင်း၏ ခန္ဓာကိုယ်မှ စွမ်းအားများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်မှာလည်း သူ့နောက်တွင် ပေါ်လာသည်။ ချင်းခွန်းမှာ ထိုမြင်ကွင်းကို မြင်သောအခါ ကျယ်လောင်စွာ အော်လိုက်သည်။
"ဒီငါးက တိုက်တော့မယ်၊ တိုက်ပွဲအတွက် ပြင်ဆင်ကြ"
အနီးအနားမှ လူသားမျိုးနွယ်စု ကျောင်းသားများမှာလည်း ပွဲကြည့်နေကြပြီး သဘောကျနေကြသည်။ ချင်းခွန်းတို့ ဝိုင်းတိုက်လိုက်လျှင် ဤဟုန်ဟိုင် မျိုးနွယ်စု သူတော်စင်သည် စွမ်းအင်စုစည်းခြင်း နောက်ပိုင်း အဆင့်ဆိုသော်လည်း အထိနာမည်မှာ သေချာသည်။
"တိုက်ပွဲ ဘယ်လို တိုက်ပွဲလဲ"
"ဘယ်သူက မင်းတို့ကို ကျောင်းတော်မှာ ပြဿနာ ရှာခိုင်းတာလဲ "
ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းခွန်းတို့ တုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်ရာ ဖန့်ချန်သည် မျက်နှာသေနှင့် သူတို့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ နောက်တွင်လည်း ကရုဏာ တောင်မှ သူတော်စင်များစွာ လိုက်ပါလာကြသည်။
ချင်းခွန်း၏ မျက်နှာမှာ ပြောင်းလဲသွားပြီး -
"ဖန့်ချန်၊ ငါတို့ ပြဿနာ ရှာနေတာ မဟုတ်ဘူး။ ဒီ ဟုန်ဟိုင် မျိုးနွယ်စု သူတော်စင်က ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကို အတင်း ဝင်လာဖို့ ကြိုးစားနေတာ။"
ဟိုင်တာရှင်းက ဖန့်ချန်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး -
"ဖန့်ချန် ကျောင်းသား၊ ငါ သူတို့ကို ပြောပါတယ်၊ မင်းကို လာရှာတာလို့။ ဒါပေမဲ့ သူတို့က ငါ့ကို အတင်း တားဆီးပြီး မဝင်ခိုင်းတာ။"
"တာရှင်း၊ ခဏလေး စောင့်နေ။"
ဖန့်ချန် ခေါင်းညိတ်ပြပြီး ချင်းခွန်းကို ကြည့်ကာ ပြုံးနေသော မျက်နှာမှာ ပျောက်ကွယ်သွားသည်။
"မင်း ကြားတယ်မဟုတ်လား သူက ငါ့ကို လာရှာတာ။ မင်း ဘာအကြောင်းနဲ့ သူ့ကို တားဆီးရတာလဲ "
ပွဲကြည့်နေသော ကျောင်းသားများမှာ အံ့အားသင့်သွားသည်။ ဤသူက ဖန့်ချန်နှင့် တကယ်ကို ရင်းနှီးနေတာလား သူတို့၏ သဘောကျနေသော အမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ချန်ဖေးဖေးတို့လည်း ဖန့်ချန်က ထိုသူကို သိနေမှန်း သိလိုက်ရသည်။
ချင်းခွန်း၏ မျက်နှာမှာ ပို၍ မသက်မသာ ဖြစ်သွားသည်။
"သူက ဟုန်ဟိုင် မျိုးနွယ်စု သူတော်စင်လေ၊ ငါတို့ လူသားတွေနဲ့ ဟုန်ဟိုင်တွေက နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာ။ ကျောင်းတော်ထဲကို ခြေချခွင့် ပေးလို့ ဘယ်ဖြစ်မလဲ။"
"မင်း ပေါက်ကရတွေ မပြောနဲ့၊ အားလုံးက ရွှေဟွေး ကျောင်းတော်ရဲ့ ကျောင်းသားတွေပဲ။ သူ လူသားမျိုးနွယ်စု ကျောင်းတော်ထဲ ဝင်ဖို့ မင်းမှာ တားဆီးခွင့် မရှိဘူး။ သူက ငါ့ကို လာရှာတာလို့ ပြောပြီးသားပဲ၊ မင်းက ဘာရည်ရွယ်ချက်နဲ့ တားဆီးနေတာလဲ "
ဖန့်ချန်က ခနဲ့စွာပင် ပြောလိုက်သည်။
ချင်းခွန်းမှာ ကြောက်ရွံ့သွားသော်လည်း သူ၏ ဂုဏ်သိက္ခာအတွက် -
"အဲ့ဒါက အမှားတစ်ခုပါ၊ ဖြေရှင်းပြီးရင် ပြီးတာပဲ။ ဒါပေမဲ့ ငါ မင်းကို တစ်ခု သတိပေးမယ်။ မင်းတို့ ကရုဏာတောင်က အရမ်း လွန်လွန်းနေပြီ။ အပြင်လူတိုင်းနဲ့ ရင်းနှီးဖို့ မလိုပါဘူး။"
"ဝမ်လေး၊ မင်း ကြားလိုက်တယ်မဟုတ်လား "
ဖန့်ချန် လှည့်ကြည့်ကာ ကရုဏာတောင် သူတော်စင်များကို ပြောလိုက်သည်။
"နောက်တစ်ခါ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ ဒီကောင်တွေကို တွေ့ရင် အသေပဲ လုပ်လိုက်ကြတော့။"
ဝမ်ချုန်းစန်း နှင့် အခြားသူများမှာ အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီးရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်"
အခန်း (၂၄၇၀) - ကောင်းကင်နှင့် မြေကြီးကို မသိနားမလည်သူ
ပွဲကြည့်နေကြသော သူတော်စင်များမှာ ထိုသည်မှာ ရိုးရှင်းသည့် သေးငယ်သော ပဋိပက္ခတစ်ခုသာဟု ထင်မှတ်ထားကြသည်။ သို့သော် ဖန့်ချန်၏ စကားသံ ထွက်ပေါ်လာပြီးနောက်တွင်မူ ထိုသူတော်စင်များအားလုံးမှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။
"တရားစီရင်ရေး အကြီးအကဲ၊ ဒီကိစ္စနဲ့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့က ဒီနေရာကို ဖြတ်သွားတာပါ။"
"ဟုန်ဟိုင်မျိုးနွယ်စု သူတော်စင်ခင်ဗျား၊ ကျွန်တော် တောင်းပန်ပါတယ်။"
"......"
"ဖန့်ချန် ကျောင်းသား၊ မလုပ်ပါနဲ့တော့လား"
ဟိုင်တာရှင်းမှာ စိတ်ထဲတွင် လွန်စွာ ကျေနပ်သွားပြီးနောက် ပြုံးကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့ သွားကြတော့။"
ဖန့်ချန်က တောင်းပန်စကား ဆိုနေကြသော ချင် မျိုးနွယ်စု သူတော်စင်များကို ပြောလိုက်သည်။ တစ်ခဏချင်းတွင်ပင် ချင်ခွန်း တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ ဝမ်ချုန်းစန်း နှင့် အခြားသူများက သူ့ကို စူးစိုက်ကြည့်နေသည့် အဓိပ္ပာယ်ပါသော အကြည့်များကို မြင်လိုက်ရသဖြင့် ချင်းခွန်းမှာ ကြောက်လန့်တုန်လှုပ်သွားသည်။ သူသည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဟိုင်တာရှင်းအား လက်ယှက်၍ တောင်းပန်လိုက်သည်။
"ကျောင်းသား၊ ခုနက ကျွန်တော် မှားသွားပါတယ်။ ခင်ဗျားကို တောင်းပန်ပါတယ်ဗျာ။"
ဟိုင်တာရှင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးမှ ခေါင်းကို အသာညိတ်လိုက်သည်။
"နောက်တစ်ခါ မလုပ်နဲ့တော့။"
"ဟုတ်ကဲ့... ဟုတ်ကဲ့။"
ချင်းခွန်းမှာ ခေါင်းကို တရစပ် ညိတ်လိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်သည်။
"ထွက်သွား။" ဖန့်ချန်က တည်ငြိမ်စွာ ပြောသည်။
ချင်းခွန်းမှာ စိတ်ထဲမှ ဒေါသကို အတင်းအကျပ် မျိုသိပ်ကာ လှည့်ထွက်သွားတော့သည်။ ပတ်ဝန်းကျင်မှ ပွဲကြည့်နေကြသော လူသားမျိုးနွယ်စု ကျောင်းသားများမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အားနာစွာ ပြုံးလိုက်ကြပြီး ခေါင်းငုံ့ကာ ထွက်ခွာသွားကြသည်။
"ဟိုင်တာရှင်း၊ ငါ မင်းကို မိတ်ဆက်ပေးမယ်၊ ဒီလူတွေအားလုံးက ငါ့ရဲ့ ဂျူနီယာညီ ၊ ညီမ တွေပဲ။"
ဖန့်ချန်ကမှ ဝမ်ချုန်းစန်း တို့ကို ဟိုင်တာရှင်းအား မိတ်ဆက်ပေးလိုက်သည်။ ဟိုင်တာရှင်းက ဝမ်ချုန်းဆုန်ကို တစ်ချက်စူးစိုက်ကြည့်ပြီး ရှဲ့အာမန်တို့နှင့် တစ်ဦးချင်း နှုတ်ဆက်ပြီးနောက် အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ဖန့်ချန် ကျောင်းသား၊ ငါ့အစ်ကိုကြီး တစ်ခုခု ဖြစ်နေပြီ"
"ဟိုင်ရှင်းရှင်း လား သူ ဘာဖြစ်တာလဲ"
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။
ဟိုင်တာရှင်းက ခါးခါးသီးသီး ပြုံးကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တွေက အစ်ကိုကြီးက မီးမြွေမျိုးနွယ်စုဆီကနေ ပြန်လာပြီးတဲ့နောက်မှာ တစ်ခုခု ထူးဆန်းနေတယ်။ ပြီးခဲ့တဲ့လက သူက မီးမြွေမျိုးနွယ်စုဆီကို ထပ်သွားပြီး အဲ့ဒီက ကျောင်မင်ကာကွယ်ရေးဆရာနဲ့ လောင်းကစား လုပ်လိုက်တာ၊ တစ်ခါတည်းနဲ့ ပိုင်ဆိုင်သမျှ အကုန် ရှုံးသွားတယ်။ ပြင်ပမှာလည်း အကြွေးတွေ အများကြီး တင်နေလို့ ဟိုဘက်မှာ အချုပ်ခံထားရတယ်။ အစ်ကိုကြီးရဲ့ ဆရာကို လာခေါ်ခိုင်းနေတာ။"
"......"
ဖန့်ချန်မှာ မသက်သာစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"မင်းအစ်ကိုက ငါ့စကားကို တကယ်ပဲ နားမထောင်ခဲ့တာပဲ။"
ဝမ်ချုန်းစန်း တို့မှာ သိလိုစိတ် ဖြစ်သွားသည်။ ထိုဟုန်ဟိုင်မျိုးနွယ်စု သူတော်စင်က လောင်းကစား ဝါသနာပါတာလား။
"ဘယ်သူက ထင်ပါ့မလဲ၊ သူ အဲ့တုန်းက အတော်ကို နောင်တရခဲ့တာပါ။"
ဟိုင်တာရှင်းက ခါးခါးသီးသီး ပြုံးလိုက်သည်။
"ငါက ရှင်းရှာတောင် ဆရာကို လာခေါ်ခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့ အစ်ကိုကြီးက မလာချင်ဘူး။ ဆရာသာ သိသွားရင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်လိမ့်မယ်တဲ့။ စဉ်းစားလိုက်တဲ့အခါ ဖန့်ချန် ကျောင်းသားပဲ ဒီကိစ္စကို ကူညီနိုင်မယ်လို့ တွေးမိတာ။"
"မင်းတို့ အရင်ဆုံး ပြန်ပြီး ကျင့်ကြံကြတော့၊ ငါ သွားလိုက်ဦးမယ်။"
ဖန့်ချန်က ဝမ်ချုန်းန်း တို့ကို မှာကြားပြီးနောက် မီးမြွေမျိုးနွယ်စု ကျောင်းတော်ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ဟိုင်တာရှင်းလည်း အလျင်အမြန် နောက်မှ လိုက်သွားသည်။
မီးမြွေမျိုးနွယ်စု ကျောင်းတော်။
ဟိုင်ရှင်းရှင်းမှာ စိတ်ဓာတ်ကျကာ ထိုင်နေပြီး ဘာတွေ တွေးနေမှန်း မသိရပေ။ ကျောင်းဝူကျီး မှာ သူ၏ အရှေ့တွင် ထိုင်နေပြီး ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ အရင်က လောင်းကစားကို လုံးဝ မလုပ်ဘူး မဟုတ်လား အရင်က ငါ သူတို့နဲ့ လောင်းတဲ့အခါ မင်းက ငါ့ကို အမြဲ ဆူနေကျပါ၊ ဘာလို့ ဒီတစ်ခါကျမှ မင်းကိုယ်တိုင် ကျောင်းမင် ကာကွယ်ရေးဆရာနဲ့ သွားလောင်းရတာလဲ "
ဟိုင်ရှင်းရှင်းမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာစကားမျှ မဆိုပေ။
"မင်းက ဒီလောက်ထိတောင် ခေါင်းမာနေတုန်းလား အကြွေးက အတွင်းကမ္ဘာ ကျောက်တုံး ၅,၀၀၀ ပဲ ရှိတာကို။ မင်းဆရာကို လာပြောခိုင်းလိုက်ရင် ပြေလည်သွားမှာပါ။ ကျောင်းမင် ကာကွယ်ရေးဆရာကလည်း မတရားတဲ့သူ မဟုတ်ပါဘူး။"
ကျောင်းဝူကျီးက မျက်မှောင်ကြုတ်ကာ ပြောသည်။
ဟိုင်ရှင်းရှင်းက ရုတ်တရက် ခေါင်းမော့လာသည်။
"ငါ ပြန်သွားတဲ့ ဒီနှစ်တွေအတွင်းမှာ ဖန့်ချန် ကျောင်းသားက လောင်းကစားနည်းကို ဘယ်လို နိုင်သွားတာလဲဆိုတာကိုပဲ တွေးနေခဲ့တာ။"
"ပြီးတော့ မင်းက နားလည်သွားပြီလို့ ထင်ပြီး ကျောင်းမင် ကာကွယ်ရေးဆရာဆီကနေ ကျောက်တုံးတွေ အနိုင်ယူဖို့ သွားလိုက်တာပေါ့ "
ကျောင်းဝူကျီးက မျက်လုံးလှန်လိုက်သည်။
"မင်းတကယ်ပဲ ကျောင်းမင် ကာကွယ်ရေးဆရာ အရင်က ဖန့်ချန်ကို ရှုံးသွားတာက ဖန့်ချန် နိုင်လို့လို့ ထင်နေတာလား မင်းသာ ငါ့ကို ကြိုပြောခဲ့ရင် ဒီနေ့ ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူး။"
ဟိုင်ရှင်းရှင်းမှာ အနည်းငယ် မှင်သက်သွားပြီး အနီးအနားမှ မျက်နှာတွင် အပြုံးပန်း ဆင်မြန်းနေသော ကျောင်းမင် ကာကွယ်ရေးဆရာကို တစ်ချက်ကြည့်ကာ ကျောင်းဝူကျီးကို ပြန်ကြည့်လိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
ကျောင်းဝူကျီးက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီးနောက် အသံကို တိုးလိုက်သည်။
"မင်းတို့ ထွက်သွားပြီးတဲ့နောက် ဖန့်ချန်က ကျောင်းမင်ကာကွယ်ရေးဆရာကို နိုင်သွားတယ်ဆိုတဲ့ သတင်းက ပျံ့သွားတယ်။ သူတော်စင်တော်တော်များများက ကျောင်းကာကွယ်ရေးဆရာ ရဲ့ လောင်းကစားနည်းက ထင်သလောက် မတော်ဘူးလို့ ထင်သွားကြတယ်။ အဲ့ဒီမှာ ကျောင်းမင် ကာကွယ်ရေးဆရာ ကို အရင်က ရှုံးဖူးတဲ့ သူတော်စင်တွေက အလုအယက် လာပြီး လောင်းကြေးထပ်ကြတာပေါ့။"
ထိုသို့ ပြောရင်း ကျောင်းဝူကျီးမှာ တံတွေးမျိုချလိုက်သည်။
"အဲ့ဒီနေ့က ကျောင်းမင် ကာကွယ်ရေးဆရာက တစ်ယောက်တည်းကို အယောက်တစ်ရာနဲ့ ရင်ဆိုင်ပြီး ကျောက်တုံး တစ်သိန်းကျော်လောက် ရသွားတာ။ တချို့ဆို ကျောင်းတော်က ပေးတဲ့ ရန်ပုံငွေတွေကိုပါ လောင်းလိုက်တာ၊ ရှုံးသွားတော့ စုံစမ်းစစ်ဆေးရေးဌာနကိုတောင် ရောက်လုနီးပါးပဲ။"
"......"
ဟိုင်ရှင်းရှင်းမှာ ကျောင်းဝူကျီးကို မယုံနိုင်စွာ ကြည့်နေမိသည်။
"တကယ်လား"
"မင်းကို လိမ်ပြောရအောင် ငါ့က ဘာအကျိုးရှိမှာလဲ။"
"......"
ဟိုင်ရှင်းရှင်းမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါဆိုရင်တော့... ဒါဆိုရင်တော့..."
ရုတ်တရက် သူတစ်ခုခုကို သတိရသွားဟန်ဖြင့် -
"မင်း ဟိုင်တာရှင်းကို သွားပြောလိုက်၊ ဖန့်ချန် ကျောင်းသားကို လာမခေါ်ခိုင်းပါနဲ့တော့။ ငါ့ဆရာကိုပဲ လာခေါ်ခိုင်းလိုက်တော့မယ်။"
"မင်း ဖန့်ချန်ကို လာခေါ်ခိုင်းလိုက်တာလား"
ကျောင်းဝူကျီးမှာ ထူးဆန်းသွားပြီး ချက်ချင်း ထရပ်လိုက်သည်။
"ကောင်းပြီ၊ ငါ သွားပြောပေးမယ်။"
သို့သော် စကားအဆုံးတွင် ရုပ်ပုံနှစ်ခုမှာ သူတို့ရှေ့သို့ ရောက်လာသည်။
"အစ်ကိုကြီး၊ ဖန့်ချန် ကျောင်းသားကို ကျွန်တော် ခေါ်လာခဲ့ပြီ"
ဟိုင်တာရှင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
ဟိုင်ရှင်းရှင်း၏ မျက်နှာမှာ ပြောင်းလဲသွားပြီး -
"တော်ပြီ၊ မင်းတို့ ပြန်ကြတော့။ ဆရာ့ကိုပဲ လာခေါ်ခိုင်းလိုက်မယ်။"
ဟိုင်တာရှင်းမှာ ဘာဖြစ်မှန်း မသိသဖြင့် ကြောင်တောင်တောင် ဖြစ်နေသည်။ ထိုအချိန်တွင် ကျောင်းမင် ကာကွယ်ရေးဆရာက ဖန့်ချန်ကို မြင်သောအခါ ရယ်မောလျက် လျှောက်လာသည်။
"ဖန့်ချန် ကျောင်းသား၊ မင်း ရောက်လာပြီလား "
ဖန့်ချန်က လက်ယှက်၍ -
"ဖန့်ချန် ကျောင်းမင် ကာကွယ်ရေးဆရာကို အရိုအသေပေးပါတယ်။"
"မလိုပါဘူး၊ မင်း ဒီကောင်လေးကို လာခေါ်တာလား"
ကျောင်းမင် ကာကွယ်ရေးဆရာက ဟိုင်ရှင်းရှင်းကို တစ်ချက်ကြည့်လိုက်သည်။
"ဒီကောင်လေးက ကောင်းကင်နဲ့ မြေကြီးကို မသိနားမလည်ဘဲ ငါ့ဆီ လာလောင်းပြီး အကြွေး ၅,၀၀၀ တင်သွားတာ။"
ဟိုင်ရှင်းရှင်းမှာ ရှက်လွန်း၍ ဖန့်ချန်ကိုပင် မကြည့်ရဲတော့ပေ။
"မင်း ရောက်လာတာ ကောင်းလိုက်တာ ငါနဲ့ တစ်ပွဲလောက် လောင်းကြေးထပ်မလား။ မင်းနိုင်ရင် ဒီကောင်လေးကို ခေါ်သွား။ ရှုံးရင်တော့ မင်း ဘယ်လိုနိုင်သွားတာလဲဆိုတာ ပြောပြ။"
ကျောင်းမင် ကာကွယ်ရေးဆရာက ပြုံး၍ မေးလိုက်သည်။
"ဘယ်လိုလဲ"
"ညီကို၊ သူနဲ့ လောင်းလိုက်ပါ၊ အကုန်လုံး လောင်းထည့်လိုက်။"
မှန်လေး၏ အသံ ထွက်ပေါ်လာသည်။
"မနောက်စမ်းနဲ့။"
ဖန့်ချန်က စိတ်ထဲတွင် ဆူလိုက်သည်။
သူသည် ကျောင်းမင်နှင့် ရန်ငြိုးမရှိသလို ကျောင်းမင်က သူ့ကို ကျောက်တုံးများနှင့် ကျင်းယန်ရေတို့ကိုလည်း ပေးခဲ့ဖူးသည်။ သူတစ်ပါးကို ဒေဝါလီခံသွားအောင် လုပ်လိုက်ရမလား ဒါက မသင့်တော်ပေ။ ထိုအချိန်တွင် ကျောင်းဝူကျီးနှင့် ဟိုင်ရှင်းရှင်းတို့မှာ ဖန့်ချန်ကို တစ်မျိုးစီ မျက်ရိပ်ပြနေကြသည်။
ဖန့်ချန်ကမူ ဂရုမစိုက်သကဲ့သို့ တည်ငြိမ်စွာ -
"ကျောင်းမင် ကာကွယ်ရေးဆရာ၊ အရင်က လောင်းတဲ့အတိုင်းပဲလား "
"တူလည်းတူတယ်၊ မတူလည်း မတူဘူး။"
ကျောင်းမင် ကာကွယ်ရေးဆရာက ပြုံးကာ အဖုံး ကိုးခုနှင့် မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ငါ့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ လောင်းကစားနည်းပဲ။ မင်း ဒါ ဘယ်မှာရှိလဲဆိုတာ နှစ်ခါ အမှန်ဖြေရမယ်။ တစ်ခါမှန် တစ်ခါမှားရင် သရေပဲ။ နှစ်ခါလုံး မှန်မှ မင်းနိုင်မယ်။"
ဟိုင်ရှင်းရှင်းက အော်လိုက်သည်။
"ကျောင်းမင် ကာကွယ်ရေးဆရာ၊ ကျွန်တော် လောင်းတုန်းက ဒီလို မဟုတ်ပါဘူး..."
"အဲ့ဒါ မင်းလေ၊ ဖန့်ချန်က မင်းနဲ့ မတူဘူး။ သူ့ကို ရင်ဆိုင်တဲ့အခါ ငါ အစွမ်းကုန် ကြိုးစားရမှာပေါ့။"
ကျောင်မင်က ရယ်မောရင်း ပြောလိုပ်သည်။
"ဖန့်ချန် ကျောင်းသား၊ ဘယ်လိုလဲ "
......
လက်ဖက်ရည် တစ်ခွက်သောက်ချိန်ခန့်အကြာတွင် ဖန့်ချန်သည် ဟိုင်ရှင်းရှင်း ညီအစ်ကိုနှစ်ယောက်ကို ခေါ်ဆောင်ကာ ပေါ့ပါးစွာ ထွက်ခွာသွားသည်။ ကျောင်းမင် ကာကွယ်ရေးဆရာမှာ မက်မွန်သီးကို ကိုင်ထားရင်း အလေးအနက် တွေးတောနေသည်။
"ဘယ်လို နည်းလမ်းမျိုးနဲ့လဲ..."