← Chapters

အခန်း (၇၄၆-၇၄၇)

Vol. 40 Ch. 746-747

အခန်း (၇၄၆-၇၄၇)

Vol. 40 Ch. 746-747

အပိုင်း (၇၄၆) သံတမန်အဖွဲ့ ရောက်လာတော့မည်။

နီချုံသည် ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။ ကျောက်စိမ်း ရူယီနှင့် ငွေစက္ကူ တစ်ရာကျပ်က သက်သတ်လွတ် ဟင်းလျာ တစ်နပ်စာမျှသာ ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့မိချေ။

သောက်ကျိုးနည်းလှချသည်တကား။

လီယွမ်ကျောက်မှာ လုံးဝ သည်းမခံနိုင်တော့ပေ။ သူသည် အစတည်းက ဖန်ကျန်းရီ၏ ဘေးတွင် ရပ်လျက် ကြည့်နေခဲ့ခြင်း ဖြစ်၏။

ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိသော်လည်း သူကတော့ လက်မခံနိုင်ပေ။

တံခါးဝသို့ နောက်ထပ် လာရောက်သူ မရှိတော့သည်ကို မြင်လိုက်ရသဖြင့် လီယွမ်ကျောက်သည် မစောင့်ဆိုင်းနိုင်တော့ဘဲ ဖန်ကျန်းရီကို လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားတော့သည်။

သူက စစ်ကြောမေးမြန်းလိုက်၏။ "ဖန်ကြီး... ခင်ဗျား ငွေလိုနေလို့လား။ ငွေလိုရင် ကျုပ်ကို ပြောလေ။ လူတစ်ယောက်ဖြစ်လာမှတော့ ဂုဏ်သိက္ခာလေးတော့ ထားသင့်တယ် မဟုတ်ဘူးလား။ ကျုပ်တော့ ဆက်ကြည့်မနေနိုင်တော့ဘူး။"

ဖန်ကျန်းရီက လျှို့ဝှက်စွာ ပြုံးလိုက်သည်။ "အိမ်ရှေ့စံ ... ဒါကို ခင်ဗျား နားမလည်ပါဘူး။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အပုပ်ချနေတာပါ။"

လီယွမ်ကျောက်က နှုတ်ခမ်းမဲ့ကာ မေးလိုက်၏။ "ကိုယ်ကိုယ်ကိုယ် အပုပ်ချတယ် ဟုတ်လား ... ခင်ဗျား ဘာတွေ ရူးနေတာလဲ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဟဲဟဲ ... ကျုပ်က ရုတ်တရက် အရပ်သားတွေကြားထဲမှာ ကျုပ်ရဲ့ နာမည်က အရမ်းကောင်းနေပြီး လုံးဝကို အပြစ်အနာအဆာ ကင်းမဲ့နေတယ်လို့ ခံစားလိုက်ရလို့ပါ။ ဒါပေမဲ့ ဒါက ပြဿနာ ရှိလာပြီလေ။ အပြစ်အနာအဆာ ကင်းမဲ့နေတဲ့ လူတစ်ယောက်က သေချာပေါက် ဟန်ဆောင်ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေမှာပဲ။ အဲဒါကြောင့် ကျုပ်က ကိုယ့်ကိုယ်ကိုယ် အားနည်းချက်လေး တချို့ ဖန်တီးပြီး ကျုပ်ရဲ့ ပုံရိပ်ကို ပိုပြီး ပြည့်စုံသွားအောင် လုပ်ရမှာပေါ့။ ဒါမှ နောင်လာနောက်သားတွေက ကျုပ်ကို ကြည့်တဲ့အခါ အသက်ဝင်ပြီး ချစ်စရာကောင်းသလို လေးစားစရာလည်း ကောင်းတဲ့လူ တစ်ယောက်လို့ မြင်ကြမှာလေ။

အိမ်ရှေ့စံ ဒါကို နားလည်နိုင်လား။ ပြီးတော့ ... ငွေနည်းနည်း ပိုကောက်ရတာက ဘာပျော်စရာ မကောင်းလို့လဲ။ ခင်ဗျား ကြည့်စမ်းပါအုံး …. ဒီနေ့ လာကြတဲ့ အမတ်တွေထဲမှာ ဘယ်သူ့အိမ်မှာများ မင်္ဂလာကိစ္စ မရှိဖူးလို့လဲ။ ကျုပ်ကရော လက်ဖွဲ့ငွေ မထည့်ဖူးတဲ့သူ ကျနေတာပဲ။ အရင်းလေးတော့ ပြန်ရအောင် ယူရမှာပေါ့။"

လီယွမ်ကျောက်က ပြောလိုက်၏။ "အို ... ကြည့်ရတာ ခင်ဗျား တကယ်ပဲ အရှက်မရှိတော့ဘူး ထင်တယ်။"

"ဟူး ... ဒီနေ့ ပြီးသွားရင် အကြံပေးအမတ် ဘယ်နှစ်ယောက်က ခင်ဗျားကို စွပ်စွဲပြစ်တင်ကြမလဲဆိုတာ မသိတော့ဘူး။ အဲဒီထက်ဆိုးတာက ဝန်ကြီးဌာန ခြောက်ခုကတောင် သတင်းစာကနေတစ်ဆင့် အရပ်သားတွေ ကြားထဲမှာ ခင်ဗျားကို တိုက်ခိုက်လာနိုင်တယ်။ အဲဒီလောက်များပြားတဲ့ ရိုးသားဖြောင့်မတ်သူတွေရဲ့ ဝေဖန်မှုတွေကို ခင်ဗျားက မရှုပ်သေးဘူးလို့ ထင်နေတာလား။" လီယွမ်ကျောက်က မတတ်သာစွာဖြင့် ပြောလိုက်သည်။

ဝန်ကြီးဌာန ခြောက်ခုက သတင်းစာကနေတစ်ဆင့် ငါ့ကို တိုက်ခိုက်မယ်ပေါ့။ ငါ လိုချင်နေတာက အဲဒါပဲလေ။

မဟုတ်ရင် ပန်းရှန်းနေ့စဉ်သတင်းစာကို ငါ့ကိုယ်ငါ ပြန်ပြီး အပုပ်ချခိုင်းရမှာလား။ ဒါက သိပ်ပြီး အဓိပ္ပာယ် မရှိလွန်းဘူး။ ငါ့ရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့် ကဏ္ဍကိုရော နောက်ဆို ဘယ်လိုလုပ်ပြီး ထုတ်ဝေရမှာလဲ။

ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်၏။ "ကျုပ်က တစ်နှစ်ပတ်လုံး သူတို့ရဲ့ စွပ်စွဲပြစ်တင်တာကို ခံနေရတာ၊ သူတို့ကို ကြောက်ရမှာလား။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ကျင့်တရားဆိုင်ရာ စာစီစာကုံးတွေပဲ ရေးတတ်ပြီး စိတ်ရှည်သည်းခံတဲ့ ကျင့်စဉ်ကိုပဲ လေ့ကျင့်နေကြတာ။

ကျုပ်လို လူမျိုး အလုပ်လုပ်တာ ကောင်းရင်လည်း သူတို့က အထင်မကြီးဘူး၊ မကောင်းရင်လည်း အထင်မကြီးဘူးလေ။ ကျုပ်က ဘာဖြစ်လို့ သူတို့ မျက်နှာသာပေးတာကို ခံချင်နေရမှာလဲ။ ကျုပ်က မှန်တယ်လို့ ထင်တဲ့ အလုပ်ကိုပဲ ကျုပ် လုပ်မယ်။

ဒီကိစ္စတွေကို အရင် မပြောနဲ့အုံး။ ဒီနေ့ ဟုန်လုစီဌာနနဲ့ အတွင်းဝန်ရုံးက လူတွေ လာတာ အရမ်းနည်းနေသလို ခံစားရတယ်၊ အိမ်ရှေ့စံ သတိထားမိလား။ အရှင်မင်းကြီးက ဒီနေ့ လာမယ်လို့ ပြောထားတာလေ၊ သူ လာနိုင်ပါအုံးမလား။"

လီယွမ်ကျောက်သည် စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်၏။ "ဪ ... ကျုပ် မနက်က ဂါရဝပြုဖို့ သွားတုန်းက ကြားခဲ့တာက ကျင်းတိုင်းပြည်က သံတမန်စာ ပို့လာတယ်တဲ့။ နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး အခမ်းအနားကို ဂုဏ်ပြုဖို့အတွက် သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်လာပြီး ခေါင်းဆောင်ကလည်း ကျင်းတိုင်းပြည်ရဲ့ မင်းသားလတ်တဲ့။"

"ခမည်းတော်က ညီလာခံ ပြီးသွားတာနဲ့ လူတွေကို ခေါ်ယူပြီး ဒီကိစ္စကို ဆွေးနွေးနေတာ ဖြစ်ရမယ်။ အဲဒါကြောင့် မလာနိုင်တာပါ။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး တွေးတောချင့်ချိန်ဟန်ဖြင့် ပြောလိုက်၏။ "ဪ ... အနည်းငယ်တော့ ထူးဆန်းနေသလိုပဲ။ ဒီနှစ်တွေအတွင်း ကုန်သွယ်မှု လုပ်တာက ကျုပ်တို့ဘက်က ပိုပြီး အမြတ်များရမှာလေ။ သူတို့က ဒီလောက်တောင် စိတ်အားထက်သန်နေတာက ဘာအဓိပ္ပာယ်လဲ။ ပြီးတော့ မင်းသား တစ်ပါးကိုတောင် လွှတ်လိုက်သေးတယ်။ ဒီလူရဲ့ နောက်ခံက ဘာလဲ။"

လီယွမ်ကျောက်က ပြန်လည် စဉ်းစားရင်း ပြောလိုက်သည်။ "အင်း ... ကျုပ် စဉ်းစားကြည့်အုံးမယ် ... ဝူထူမှာ သား ဆယ့်ခုနစ်ယောက် ရှိတယ် ..."

"သောက်ကျိုးနည်း ... မျိုးဝက်ကြီး ဝင်စားတာလား။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မွေးနိုင်ရတာလဲ။"

လီယွမ်ကျောက်၏ မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အမူအရာများ ရှိနေပြီး ပြောလိုက်၏။ "ဒါပေါ့ .. ကျိန်းသေပေါက် မျိုးဝက်ပဲ။"

သူသည် ဤမျှလောက် အချိန်အကြာကြီး ကြိုးစားခဲ့ရမှ သားတစ်ယောက်သာ ရခဲ့သော်လည်း ဟိုဘက်တွင်မူ ဝက်ကလေးများ မွေးသကဲ့သို့ အဆက်မပြတ် မွေးဖွားနေကြသည် မဟုတ်ပါလေား။

ထိုဝူထူက ဘယ်လို ဆေးမျိုးတွေ စားထားသလဲ ဆိုသည်ကိုတော့ မသိရပေ။

လီယွမ်ကျောက်က ဆက်ပြောသည်။ "အယ် ... ခင်ဗျား စကားမဖြတ်နဲ့လေ။ သူ့ရဲ့ အဲဒီသားတွေထဲမှာ သားအကြီးဆုံးရယ်၊ သားအလတ်ရယ်၊ သားအငယ်ရယ်ကပဲ ပိုပြီး နာမည်ကြီးကြတာ။ ဒီဒုတိယသားကတော့ ... နာမည် သိပ်မကြီးလှဘူး။ ကျုပ် မှတ်မိသလောက်ဆိုရင် သူ့နာမည်က အာလီပိုင် လို့ ခေါ်တယ်။ ထူးခြားတဲ့ စစ်ရေးအောင်မြင်မှု ဘာမှမရှိဘူး။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အင်း ... ဒါလည်း ကောင်းတာပါပဲ။ အချိန်ရောက်ရင် ကျင်းယီဝေက သွားကြိုရမှာပဲလေ။ မာနကြီးတဲ့လူ တစ်ယောက် ရောက်လာရင် ပြဿနာ တစ်ခုခုများ ဖန်တီးမလား မပြောတတ်ဘူး။"

ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ပိုက်လိုက်စဉ်မှာပင် ရုတ်တရက် အဝေးမှနေ၍ အသံတစ်သံ လွင့်ပျံလာခဲ့သည်။

"စစ်ဆေးရေးဌာန ... ငွေစက္ကူ ... ငါးဆယ်ကျပ် တိတိ လက်ဖွဲ့ပါတယ်။"

"သောက်ကျိုးနည်း ... ငါးဆယ်ကျပ်တည်းနဲ့ မျက်နှာပြောင်တိုက်ပြီး လာရဲသေးတယ်ပေါ့။ သေမလောက် ဆင်းရဲတဲ့ သရဲစုတ်။ အိမ်ရှေ့စံ ... ကျုပ်နဲ့အတူ သွားပြီး သူ့ကို အရှက်ခွဲကြရအောင်။"

...

ချင်ကျိန့်နန်းဆောင် အတွင်း၌ အမတ်ကြီးများ အားလုံး စုံညီစွာ ရှိနေကြ၏။

ကျင်းဘုရင်မင်းမြတ် က စကားစလိုက်သည်။ "ကျင်းတိုင်းပြည်က သံတမန်အဖွဲ့ကို ရုတ်တရက် စေလွှတ်လာတယ်။ မင်းတို့တွေ ဘယ်လို ထင်ကြလဲ။"

ဟုန်လုစီဌာနမှ အမတ်ကြီး ချန်ဟုန်က ပြန်လည် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ဒီကိစ္စအတွက် အများကြီး စိုးရိမ်ပူပန်နေဖို့ မလိုဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ သံတမန်စာ တစ်စောင်အပြင် ဘုန်းတော်ကြီး ဖါးပါးရဲ့ ကိုယ်တိုင်ရေးစာ တစ်စောင်လည်း ပါလာပါတယ်။"

ပြောပြီးသည်နှင့် ချန်ဟုန်သည် အင်္ကျီလက်အတွင်းမှ စာအိတ်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

ထို့နောက် ဆက်ပြော၏။ "ကျင်းတိုင်းပြည်နဲ့ ကုန်သွယ်မှုကနေ ကြီးမားတဲ့ အမြတ်အစွန်းတွေ မရရှိသေးဘူး ဆိုပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေကို အပြန်အလှန် ဖလှယ်နိုင်တယ်လို့ ဆိုလို့ရပါတယ်။

ဒီတစ်ခေါက် ကုန်သွယ်မှုက စေတနာကို ဖော်ပြဖို့နဲ့ ကုန်စည်စာရင်းတွေကို ပိုမို တိုးချဲ့ဖို့အတွက် ရည်ရွယ်တာပါ။ တခြား အဓိပ္ပာယ် ရှိမယ်လို့ မထင်ပါဘူး။

ဒါ့အပြင် ဖါးပါးက အမတ်မင်းဖန်ကို ကျင်းတိုင်းပြည်ရဲ့ မြို့တော်ဆီ လာရောက် တွေ့ဆုံဖို့လည်း အထူးတလည် ဖိတ်ခေါ်ထားပါတယ်။"

ကျင်းဘုရင်မင်းမြတ် သည် စာအိတ်ကို လှမ်းယူကာ သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် အချိန်အတော်ကြာမှ မျက်လွှာပင့်လျက် မေးလိုက်၏။ "အမတ်ဖန်လား။ ဒါက သူ လုပ်ရမယ့် အလုပ်မှ မဟုတ်တာ။ ဖါးပါးက နာမည်တပ်ပြီး ဖိတ်ခေါ်နေတာက အနည်းငယ် စည်းကျော်နေတာ မဟုတ်ဘူးလား။"

ချန်ဟုန်က ပြန်လည် လျှောက်တင်သည်။ "အရှင်မင်းကြီး ... ကျင်းတိုင်းပြည်က ဒီတစ်ခေါက် စေလွှတ်လိုက်တဲ့သူက ဒုတိယမင်းသား ကိုယ်တိုင် ခေါင်းဆောင်လာတာဆိုတော့ သူတို့ရဲ့ စေတနာက မနက်ရှိုင်းဘူးလို့ ပြောလို့ မရသလို ဧည့်ဝတ်ကျေပွန်မှုကလည်း မကြီးမားဘူးလို့ ပြောလို့မရပါဘူး။

အမတ်မင်းဖန်က ကုန်သွယ်ရေး ကိစ္စတွေကို တာဝန်မယူထားဘူး ဆိုပေမဲ့လည်း အရင်တုန်းက ဖါးပါး ကျုပ်တို့ တိုင်းပြည်ကို လာရောက်လည်ပတ်တုန်းက သူနဲ့ ဖါးပါးက စကားပြောရတာ အရမ်း အဆင်ပြေခဲ့ပြီး ဝါသနာချင်းလည်း တူညီခဲ့ကြပါတယ်။ ဒီလို အခြေအနေမျိုးကို ထည့်သွင်းစဉ်းစားထားလို့ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် အဲဒီဒုတိယမင်းသား အာလီပိုင်က ဝူထူရဲ့ မျက်နှာသာပေးမှုကို မခံရဘူး ဆိုပေမယ့်လည်း သူ့ရဲ့ အဆင့်အတန်းကတော့ တကယ့် အစစ်အမှန်ပါပဲ။ အကယ်၍ သာမန် သံတမန်အမတ် တစ်ယောက်ကိုပဲ လွှတ်လိုက်မယ်ဆိုရင် ယဉ်ကျေးမှု အရ မပြည့်စုံဘဲ အပြန်အလှန် ရိုသေလေးစားမှု အစဉ်အလာနဲ့လည်း မကိုက်ညီတော့တဲ့အတွက် တာ့ကျင်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပါတယ်။

ကျွန်တော်မျိုးရဲ့ အဓိပ္ပာယ်က အမတ်မင်းဖန်ကို ကူညီပေးဖို့ အမတ်တချို့ကို စေလွှတ်လိုက်လို့ ရပါတယ်။ ဒီခရီးစဉ်က သူ့အတွက်တော့ တောင်တက်ရေကူးပြီး အပန်းဖြေခရီး ထွက်သလို သဘောထားလိုက်ရင်လည်း ဘာမှမဖြစ်ပါဘူး။

ဒါ့အပြင် ... ကျွန်တော်မျိုး ကြည့်ရသလောက်တော့ အမတ်မင်းဖန်ရဲ့ စီးပွားရေး ကုန်သွယ်မှုအပေါ် စွမ်းဆောင်ရည်က သာမန် အမတ်တွေထက် အများကြီး သာလွန်နေပါတယ်။ အရှင်မင်းကြီး ဘယ်လို ထင်ပါသလဲ။"

ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်လိုက်ပြီး လှည့်ကာ မေးလိုက်၏။ "ဆရာလီ ... မင်း ဘယ်လို ထင်လဲ။"

လီယန်စုန့်သည် အနည်းငယ် ခါးညွှတ်လျက် ပြန်လည် လျှောက်တင်လိုက်သည်။ "ဒါက သေးငယ်တဲ့ ကိစ္စလေး တစ်ခုမျှသာမို့ နန်းတွင်းက အလွန်အမင်း စိုးရိမ်ပူပန်နေဖို့ မတန်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဒီနှစ်တွေအတွင်း နယ်စပ်မြို့တွေကတစ်ဆင့် အပြန်အလှန် ဆက်သွယ်မှုတွေ များပြားလာပြီး နိုင်ငံနှစ်ခုလုံးကလည်း ချစ်ကြည်ရေး ကောင်းမွန်နေပါတယ်။

ကုန်သွယ်မှု မပြုလုပ်ခင်တုန်းကတော့ နိုင်ငံနှစ်ခုကြား ဆက်ဆံရေး တင်းမာခဲ့ပြီး နယ်စပ်မှာလည်း မကြာခဏ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှု ပြုလုပ်ပြီးတည်းက တစ်ခါတလေလောက်သာ အချင်းများမှုတွေ ရှိခဲ့ပြီး မနှစ်က ကျင်းတိုင်းပြည်မှာ နှင်းမုန်တိုင်းဒဏ် ခံခဲ့ရပေမဲ့ နယ်စပ်ကို ကျူးကျော်လာတာမျိုး မရှိခဲ့တဲ့အတွက် သူတို့ရဲ့ စေတနာကို အလုံအလောက် မြင်တွေ့နိုင်ပါတယ်။

ဒါက ချစ်ကြည်ရေးကို ပြသဖို့အတွက် ဟန်ပြသတ်သတ် သွားရုံပါပဲ။ ဘယ်သူ့ကို လွှတ်လိုက်လဲ ဆိုတာက အရေးမကြီးပါဘူး။ ယဉ်ကျေးမှုအရ လိုက်ဖက်ညီဖို့ပဲ လိုပါတယ်။"

ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။ "အမတ်ကြီးတို့ အားလုံးကရော အဲဒီလိုပဲ ထင်ကြလား။"

အောက်ဘက်မှ လူအားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ကျင်းဘုရင်မင်းမြတ် သည် မျက်လုံးမှိတ်ကာ စဉ်းစားလိုက်ပြီး စားပွဲကို လက်ချောင်းဖြင့် ခေါက်လျက် ဖြည်းညင်းစွာ ပြောလိုက်၏။ "ဒီလို ပြောပေမဲ့လည်း ကိုယ်တော့် ရင်ထဲမှာတော့ အမြဲတမ်း စိုးရိမ်ပူပန်မှု တစ်ခု ရှိနေတယ်။ မြောက်ပိုင်းရုန်က ကျင်း လို့ နာမည်ပြောင်းလိုက်ပြီးတည်းက ဒီနှစ်တွေအတွင်း သူတို့ရဲ့ လှုပ်ရှားမှုတွေက အတော်လေး ထူးဆန်းနေတယ်။ ဒီတစ်ခေါက် ကိုယ်တိုင်ကိုယ်ကျ ချစ်ကြည်ရေး လာလုပ်နေတော့ ကိုယ်တော် တွေးတာ များသွားတာလား မသိဘူး။

အမတ်ဖန်ကို လွှတ်လိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ်တော်က သူ့ရဲ့ သဘောထားကိုတော့ တစ်ချက်လောက် မေးကြည့်ရအုံးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော့်ရဲ့ မြေးလေးကလည်း မွေးလာတာ သိပ်မကြာသေးဘူးဆိုတော့ သူ့အဖေကို လချီပြီး မတွေ့ရအောင်တော့ လုပ်လို့မဖြစ်ဘူးလေ။"

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာထက်တွင် ရုတ်တရက် အပြုံးများ ပေါ်ထွက်လာခဲ့၏။ "စကားမစပ် ... ဒီနေ့က ကိုယ်တော့် မြေးလေးရဲ့ တစ်လပြည့် မွေးနေ့ပဲ။"

"ကျွန်တော်မျိုးတို့က အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။"

ကျင်းဘုရင်မင်းမြတ် က လက်ကို ကြီးမားစွာ ဝှေ့ယမ်းပြလိုက်သည်။ "ဒါဆို ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့။ မင်းသမီးစံအိမ်မှာ တစ်လပြည့်ပွဲ ကျင်းပနေတယ်ဆိုတော့ အမတ်ကြီးတို့ အခုသွားရင် မှီချင်မှီဦးမှာပါ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျင်းတိုင်းပြည်ရဲ့ သံတမန်အဖွဲ့ မြို့တော်ကို ရောက်လာမှပဲ ထပ်ပြီး တိုင်ပင်ကြတာပေါ့။"

အပိုင်း (၇၄၇) ဆင်းရဲဒုက္ခကို ကြောက်လျှင် တစ်သက်လုံး ဆင်းရဲမည်။

"ခွပ်။"

လက်ဖက်ရည်ပန်းကန် တစ်လုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲခံလိုက်ရပြီး အကွဲအစများ လွင့်စင်သွားကာ ကျင်းဘုရင်မင်းမြတ် ၏ ဒေါသတကြီး အော်ဟစ်သံက ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ "မင်း ဘာတွေ ရူးနေတာလဲ။ ငွေလိုနေတာ ဒီအဆင့်အထိ ရောက်နေပြီလား။ ကိုယ်တော့် မြေးလေးရဲ့ တစ်လပြည့် မွေးနေ့ကိုတောင် အခွင့်ကောင်းယူပြီး လိမ်လည် ခေါင်းပုံဖြတ်ရဲတယ်ပေါ့လေ။ အမတ်တွေကို ခေါင်းပုံဖြတ်တာက ထားလိုက်ပါတော့၊ အရပ်သားတွေကိုတောင် မင်းက အလွတ်မပေးဘူး။ မင်းရဲ့ ခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ။"

ဖန်ကျန်းရီသည် အရှက်ရနေသော မျက်နှာထားဖြင့် ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး စကားတစ်ခွန်းမျှ မဟဝံ့ချေ။

ညီလာခံ ပြီးသည်နှင့် တစ်ပြိုင်နက် အရှင်မင်းမြတ်၏ စာကြည့်ဆောင်သို့ ဆွဲခေါ်ခံရကာ အဆက်မပြတ် ဆဲဆိုခံနေရခြင်း ဖြစ်သည်။

သို့ပေမည့် သူ့အနေဖြင့် ရှင်းပြစရာ ဘာမှမရှိပေ။ မူလက တစ်လပြည့်ပွဲမှာ ကောင်းမွန်စွာ ကျင်းပနေခဲ့ခြင်း ဖြစ်၏။

ယောက္ခမကြီး ရောက်လာချိန်တွင်တော့ အတွင်းအပြင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ ဖြစ်သည်။

တစ်ချို့က မင်းသမီးစံအိမ် အတွင်း၌ ရန်ဖြစ်နေကြပြီး တစ်ချို့က ပါဆယ်ထုပ်နေကြကာ ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြ၏။

ဒီလို အကျည်းတန်တဲ့ မြင်ကွင်းကြီးကို အကုန်လုံး မြင်တွေ့သွားကြပြီ ... ဒါပေမဲ့ ရည်ရွယ်ချက် အောင်မြင်သွားတာက တော်သေးတာပေါ့။ အရပ်သားတွေ ကြားထဲမှာ ငါ့ရဲ့ နာမည်ကတော့ သေချာပေါက် ပျက်သွားလောက်ပြီ ...

ကျင်းဘုရင်မင်းမြတ် က ဖန်ကျန်းရီအား ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်၏။ "စကားပြောလေ။ မင်း ဘာဖြစ်လို့ စကားမပြောတာလဲ။"

ဖန်ကျန်းရီက နှုတ်ခမ်းကို စေ့ကာ ပြန်လည် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... တော်ဝင်သိပ အကယ်ဒမီကို နန်းတော်က တည်ဆောက်ပေးထားတာ ဆိုပေမဲ့ အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ်ကိုတော့ ကျွန်တော်မျိုးက ကိုယ်ပိုင်ငွေနဲ့ ဖွင့်လှစ်ထားတာပါ ... အဲဒီမှာ ငွေတွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားရတော့ ကျွန်တော်မျိုးရဲ့ လက်ထဲမှာ တကယ်ကို ငွေကြေး ကြပ်တည်းနေလို့ပါ။ ပြီးတော့ မြေးတော်လေးကလည်း တစ်လပြည့်တော့မယ်ဆိုတော့ ကျွန်တော်မျိုးက ဘယ်လိုပဲဖြစ်ဖြစ် လက်ဆောင်ကြီးကြီးမားမား တစ်ခုလောက်တော့ ပြင်ဆင်ထားသင့်တယ် မဟုတ်လား။ အဲဒါကြောင့် ကျွန်တော်မျိုးက ... အမြန်ရမယ့် ငွေလေးနည်းနည်းလောက် ရှာချင်တာပါ။"

ကျင်းဘုရင်မင်းမြတ် က သူ့အား စိုက်ကြည့်လျက် အော်ဟစ်လိုက်၏။ "မင်း ကိုယ်တော့်ကို လာပြီး လှည့်စားမနေနဲ့။ မင်း ဖန်ကျန်းရီမှာ ပိုက်ဆံမရှိဘူး ဟုတ်လား။ ပိုက်ဆံမရှိရင် ကိုယ်တော့်ကို လာပြောလို့ မရဘူးလား။

မင်းက အရှက်မရှိပေမဲ့ ကိုယ်တော်ကတော့ အရှက်ရှိသေးတယ်။ မင်း လုပ်ထားတဲ့ အဲဒီ စောက်ရူးလုပ်ရပ်တွေကို ကြည့်စမ်းပါအုံး။ ကော်ပန်ပန် ... ပစ္စည်းတွေ အားလုံးကို အထဲကို သယ်လာပြီး သူ့ကို ပြလိုက်စမ်း။"

ကော်ထျန်းယန်သည် အပြင်သို့ လျင်မြန်စွာ ထွက်သွားပြီးနောက် နန်းတော်စောင့် တစ်ယောက်ကို ခေါ်ဆောင်ကာ ခြင်းတောင်းကြီး တစ်လုံးကို သယ်ယူလျက် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ခြင်းတောင်းထဲတွင် အသနားခံစာများ အပြည့်အမောက် ပါဝင်နေ၏။

ကျင်းဘုရင်မင်းမြတ်သည် အသနားခံစာများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "လာစမ်း ... မင်း ကြည့်စမ်းပါအုံး။ ဒါတွေ အားလုံးက မနေ့က မင်းကို လာရောက် စွပ်စွဲပြစ်တင်ထားတဲ့ စာတွေချည်းပဲ။ မင်းက တကယ်ကို အရည်အချင်း ရှိတာပဲ။

ကိုယ်တော် နန်းတက်လာတဲ့ အချိန်ကစပြီး အခုချိန်ထိ တစ်နေ့တည်းနဲ့ ဒီလောက်များပြားတဲ့ စွပ်စွဲပြစ်တင်မှုတွေကို ခံရတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။ ကောင်းတယ် ... မင်း တကယ်ကို တော်တယ်။"

ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ ခြင်းတောင်းကို တစ်ချက်မျှ ခိုးကြည့်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ကျင်းဘုရင်မင်းမြတ် အား ထပ်မံ ခိုးကြည့်လိုက်၏။

သူက ဒေါသထွက်နေဆဲဖြစ်ကြောင်းကို မြင်လိုက်ရသည်။

ဖန်ကျန်းရီသည် မျက်နှာပြောင်တိုက်လျက် ခေါ်လိုက်၏။ "အဖေ ..."

ကျင်းဘုရင်မင်းမြတ် မှာ ချက်ချင်းပင် ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွားကာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားတော့သည်။ "မင်း ... မင်း ... ကိုယ်တော့်ကို အဖေလို့ မခေါ်နဲ့။ ကိုယ်တော် လက်မခံနိုင်ဘူး။ ကိုယ်တော့်မှာ မင်းလို အရည်အချင်းရှိတဲ့ သမက်မျိုး မရှိဘူး။"

ဖန်ကျန်းရီသည် တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်၏။

ခင်ဗျား အသိအမှတ် မပြုတော့ရော ဘာဖြစ်လဲ။ မနေ့ကတောင် ကျုပ်ရဲ့ သားကို ဝမ်းသာအားရနဲ့ ပွေ့ချီသွားခဲ့သေးတာပဲ မဟုတ်ဘူးလား။

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "သားတော် ရှက်ရွံ့မိပါတယ်။ တကယ်တော့ ... ဒီတစ်ခေါက် ရလာတဲ့ လက်ဖွဲ့ငွေတွေရဲ့ တစ်ဝက်ကို အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ်အတွက် သုံးဖို့နဲ့ ကျန်တဲ့ တစ်ဝက်ကို မြေးတော်လေး ရဲ့ တစ်လပြည့်အတွက် ပြင်ဆင်ပေးဖို့ တကယ်ကို ရည်ရွယ်ထားတာပါ။"

"မနေ့က အကြမ်းဖျင်းအားဖြင့် စုစုပေါင်း ငွေ ... ရလိုက်ပါတယ်။"

ကျင်းဘုရင်မင်းမြတ် က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။ "ဘယ်လောက် ရလိုက်လဲ။"

ဖန်ကျန်းရီက ဖြေလိုက်သည်။ "ငွေစက္ကူ နှစ်သောင်းကျော်လောက် ရလိုက်ပါတယ်။ မြေးတော်လေးအတွက် ပေးမယ့် တစ်ဝက်က ငွေစက္ကူ တစ်သောင်း သုံးထောင် ခြောက်ရာ နှစ်ဆယ့်တစ်ကျပ်နဲ့ လေးပြား တိတိ ရှိပါတယ်။"

ဖန်ကျန်းရီသည် စကားပြောရင်း အင်္ကျီလက်အတွင်းမှ ငွေစက္ကူ အထပ်လိုက်ကို ထုတ်ယူလိုက်ရာ အကြီးရော အသေးပါ ပါဝင်နေပြီး ကြေးပြားစအချို့ပင် ပါဝင်နေကာ စားပွဲပေါ်သို့ အားလုံး တင်ထားလိုက်၏။ "ဒီနေ့ ကျွန်တော်မျိုး အားလုံးကို ယူလာခဲ့ပါတယ်။ အရှင်မင်းကြီးက နန်းတွင်းဘဏ္ဍာတိုက်ထဲကို အရင် ထည့်ထားလိုက်ပါ။ သားတော်က ကြိုပြီး လက်ဖွဲ့ငွေ ထည့်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။"

ကျင်းဘုရင်မင်းမြတ် သည် စားပွဲပေါ်ရှိ ရှုပ်ပွနေသော ငွေစက္ကူများနှင့် ငွေစများကို ကြည့်ကာ သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ပုံမှန်ဆို ဘဏ္ဍာရေးဝန်ကြီးဌာနက ကိုယ်တော့်ကို စာရင်းရှင်းပြတဲ့ အခါတိုင်း ဂဏန်းပြည့်တွေချည်းပဲ။ မင်းကျမှ ဘာဖြစ်လို့ အမြဲတမ်း အကြွေစလေးတွေနဲ့ ဖြစ်နေရတာလဲ။"

"တကယ်တော့ ကျွန်တော်မျိုးက အသေးစိတ် တွက်ချက်ရတာကို သဘောကျလို့ပါ။ ကြေးပြားတစ်ပြားကလည်း ပိုက်ဆံပဲလေ။ စာရင်းမရှင်းရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။"

"အင်း ... မင်းရဲ့ ဒီအကျင့်ကတော့ ကောင်းပါတယ်။ အကယ်၍ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းရှင်းပြတဲ့ အခါတိုင်းမှာလည်း မင်းလိုမျိုး ရိုးသားမှုရှိမယ်ဆိုရင် အမှားအယွင်းတွေ အများကြီး လျော့နည်းသွားနိုင်တာပေါ့။"

"အရှင်မင်းကြီး မြှောက်ပင့်လွန်းနေပါပြီ။"

ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာအမူအရာကို သတိထားကာ အကဲခတ်ကြည့်လိုက်၏。

အနည်းငယ် သက်သာရာရသွားကြောင်းကို မြင်လိုက်ရချိန်မှသာ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည်။

ငွေပေးမှပဲ ရတော့တာပဲ ... တိုင်းပြည်က ချမ်းသာကြွယ်ဝပြီး သူဌေးကြီးတွေရဲ့ အိမ်တွေကို ဝင်ရောက် စီးနင်းခဲ့တယ် ဆိုပေမဲ့လည်း အခြေခံအားဖြင့် ငွေကြေးတွေက နန်းတွင်းဘဏ္ဍာတိုက်ထဲကို သိပ်မရောက်ခဲ့ပါဘူး။

ကျင်းဘုရင်မင်းမြတ် ကလည်း မျက်နှာပူတာနဲ့ ပိုက်ဆံတောင်းဖို့ မပြောထွက်ခဲ့ဘူး။

တောက်ယွမ်ခရိုင်က ကျင်းဘုရင်မင်းမြတ် ကို အစုရှယ်ယာ ခွဲဝေပေးတယ် ဆိုပေမဲ့ လည်း နှစ်တိုင်း စာရင်းချုပ်ပြီးသွားရင် နှစ်သောင်းကျော်လောက်ပဲ ခွဲဝေပေးနိုင်ခဲ့သည်။ ။

ကျင်းဘုရင်မင်းမြတ် က လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းပြလိုက်ရာ ကော်ထျန်းယန်သည် လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး ငွေစက္ကူများနှင့် ငွေစများကို သိမ်းဆည်းသွားတော့၏။

"ထားလိုက်ပါတော့၊ မင်းကလည်း စေတနာနဲ့ လုပ်တာပဲ။ ဒီငွေကို ကိုယ်တော်က မြေးတော်လေး ကိုယ်စား အရင် စုဆောင်းထားပေးလိုက်ပါ့မယ်။"

ဖန်ကျန်းရီသည် ချက်ချင်း လက်မထောင်ပြကာ ချီးကျူးလိုက်သည်။ "အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ မြေးတော်လေးက ငယ်ရွယ်သေးတော့ ငွေကြေး စီမံခန့်ခွဲမှုကို နားမလည်သေးဘူးလေ။ မြေးတော်လေး ကြီးလာတဲ့ အချိန်ကျရင် ဒီငွေက သေချာပေါက် နှစ်ဆလောက် ထပ်တိုးလာအုံးမှာပဲ။"

"တော်ပြီ၊ ထိုင်လိုက်တော့။ အဲဒီမှာ ဟန်ဆောင်မနေနဲ့တော့။ ဒီနေ့ ကိုယ်တော် မင်းကို လာရှာတာက တခြား အရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။"

ဖန်ကျန်းရီသည် မြှောက်ပင့်သော အပြုံးတစ်ခုကို အတင်းအကျပ် ဖော်ပြလိုက်ပြီးနောက် ထိုင်ခုံပေါ်တွင် ရိုးရိုးသားသား ဝင်ထိုင်လိုက်၏။

ကျင်းဘုရင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "ကျင်းတိုင်းပြည်က ကိုယ်တော်တို့ တိုင်းပြည်ဆီ သံတမန်အဖွဲ့ကို စေလွှတ်လာတယ်။ အတွင်းဝန်ရုံးက ဆွေးနွေးပြီးတော့ ချစ်ကြည်ရေးကို ပြသဖို့အတွက် ကျင်းတိုင်းပြည်ဆီ အပြန်အလှန် လည်ပတ်ဖို့ လူတစ်ယောက် စေလွှတ်ဖို့ ပြင်ဆင်နေကြတယ်။"

"အင်းအင်းအင်း။ ဒါက လုပ်သင့်တာပေါ့။"

ဖန်ကျန်းရီက ခေါင်းကို အဆက်မပြတ် ညိတ်ပြလျက် မေးလိုက်၏။ "အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ ကျင်းယီဝေတွေ စေလွှတ်ပြီး ကျင်းတိုင်းပြည်ကို သွားခိုင်းမလို့များလား။"

"အဲဒီလို မှတ်ယူလို့လည်း ရပါတယ်။ မင်း သွားလိုက်ရင် ရပြီလေ။ ကျင်းတိုင်းပြည်ရဲ့ သံတမန်အဖွဲ့ ဒီဘက်မှာ အလည်အပတ် ပြီးသွားတာနဲ့ မင်းက သူတို့နဲ့ အတူတူ လိုက်သွားလိုက်ပေါ့။"

ဖန်ကျန်းရီမှာ အလွန်အမင်း အံ့အားသင့်ကာ မျက်နှာဖြူရော်သွားတော့၏။ "အဲဒီလောက်ကြီးတော့ မဖြစ်သင့်ဘူးလေ အရှင်မင်းကြီး ... ကျွန်တော်မျိုးက တစ်လပြည့်ပွဲလေး ကျင်းပရုံ သတ်သတ်ပါ။ နိုင်ငံခြားရေး ကိစ္စနဲ့ ကျွန်တော်မျိုးက ဘာမှ မသက်ဆိုင်ပါဘူး။ ဘာဖြစ်လို့ သားတော်ကို စေလွှတ်ရတာလဲ။"

ကျင်းဘုရင်မင်းမြတ် က ထပ်မံ မိန့်ကြားလိုက်သည်။ "ဘုန်းတော်ကြီး ဖါးပါးက ကိုယ်တိုင်ရေးစာနဲ့ မင်းကို လာဖို့ ဖိတ်ခေါ်ထားတာပါ။ ဒီတစ်ခေါက် ကျင်းတိုင်းပြည်က မင်းသား ကိုယ်တိုင် ရောက်လာတာကို ထည့်သွင်းစဉ်းစားပြီးတော့ တာ့ကျင်းအနေနဲ့ ယဉ်ကျေးမှုအရ ချို့ယွင်းသွားလို့ မဖြစ်ဘူးလေ။ တွေးကြည့်ရသလောက်တော့ မင်းထက် ပိုပြီး သင့်တော်တဲ့သူ မရှိလောက်တော့ဘူး။

ဒါ့အပြင် မင်းက စီးပွားရေး ကုန်သွယ်မှုကို နားလည်တဲ့သူပဲ။ ဒီတစ်ခေါက်က ရိုးရှင်းတဲ့ အလည်အပတ် ခရီးစဉ် သတ်သတ် မဟုတ်ဘဲ နိုင်ငံနှစ်ခုရဲ့ နယ်စပ် ကုန်သွယ်ရေးမှာ ကုန်စည်စာရင်းတွေကို တိုးချဲ့ဖို့အတွက် ထပ်ပြီး ဆွေးနွေးရဦးမှာဆိုတော့ မင်း သွားတာက အရမ်းကို သင့်တော်ပါတယ်။

ဒါပေမဲ့ မင်း စိတ်ပူနေစရာ မလိုပါဘူး၊ ကိုယ်တော်က မင်းကို ကူညီပေးဖို့အတွက် တခြား လူတချို့ကိုပါ ထပ်ပြီး စေလွှတ်ပေးလိုက်အုံးမယ်။ အကယ်၍ မင်း ပါဝင်ပတ်သက်ဖို့ စိတ်မဝင်စားဘူးဆိုရင် အောက်ကလူတွေကို လွှဲပေးလိုက်ပြီး အပန်းဖြေခရီး ထွက်တယ်လို့ပဲ သဘောထားလိုက်ပေါ့။

နောက်ပြီး မင်းက ဉာဏ်ရည်ထက်မြက်တဲ့သူ ဆိုတော့ ဒါကို အခွင့်ကောင်းယူပြီး အချိန်နည်းနည်းလောက် ပိုနေလိုက်။ ကျင်းတိုင်းပြည် နန်းတွင်းထဲက အခြေအနေတွေကို များများ စုံစမ်းထောက်လှမ်းခဲ့ပေါ့။"

ဖန်ကျန်းရီက မေးလိုက်၏။ "အရှင်မင်းကြီး ... ကျင်းတိုင်းပြည် ရောက်လာတာက အနည်းငယ် ထူးဆန်းတယ်လို့ မထင်ဘူးလား။ သူတို့က ကျုပ်တို့နဲ့ ကုန်သွယ်မှု လုပ်တာကနေ ဘာအကျိုးအမြတ်မှ မရနိုင်ဘဲနဲ့ ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။"

"ဒီအချက်ကို ကိုယ်တော်လည်း သိပ်နားမလည်ဘူး။ ဒါပေမဲ့ ဟုန်လုစီဌာနရဲ့ သုံးသပ်ချက် အရဆိုရင် မနှစ်က ကျင်းတိုင်းပြည်မှာ နှင်းမုန်တိုင်းဒဏ် ခံခဲ့ရတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ အများကြီး အရေးပေါ် လိုအပ်နေလို့ ဒီလိုမျိုး လှုပ်ရှားလာတာ ဖြစ်ရမယ်တဲ့။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ဆိုးတော့ ရှိမှာ မဟုတ်ပါဘူး။"

ဖန်ကျန်းရီက မျက်နှာရှုံ့မဲ့ကာ လျှောက်တင်လိုက်သည်။ "မသွားလို့ မရဘူးလား။"

"မရဘူး။"

ကျင်းဘုရင်မင်းမြတ် က အေးစက်စက် ရယ်မောလိုက်ပြီး လက်အနီးရှိ ခြင်းတောင်းထဲမှ အသနားခံစာ တစ်စောင်ကို ထုတ်ယူကာ ပစ်ချလိုက်၏။ "မူလက ကိုယ်တော်က မင်းရဲ့ သဘောထားကို တစ်ချက်လောက် မေးကြည့်မလို့ပါ။ ဒါပေမဲ့ မနေ့က မင်းရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရသလောက်တော့ မြို့တော်ထဲမှာ မနေတာက ပိုကောင်းပါလိမ့်မယ်။ အပြင်ထွက်ပြီး ပြဿနာတွေကို ရှောင်တိမ်းနေလိုက်ပေါ့။"

သောက်ကျိုးနည်း ... ကိုယ့်တွင်း ကိုယ်ပြန်တူးမိသွားတာလား။

ဖန်ကျန်းရီမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေခဲ့၏။ "ခမည်းတော် ... သားတော် ... မတရားပါဘူး။ ပိုက်ဆံရှာတာကလည်း တကယ့် အလုပ်တွေ လုပ်ဖို့အတွက်ပါ။"

ကျင်းဘုရင်မင်းမြတ် သည် မျက်ခုံးကြားကို ပွတ်သပ်ကာ မတတ်သာစွာဖြင့် မိန့်ကြားလိုက်သည်။ "မနေ့က ကိစ္စကို ပြန်တွေးမိရင် အခုချိန်မှာ မင်းကို မြင်ရတာက တခြားလူတွေကို မြင်ရတာထက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

မင်းက ပိုက်ဆံရှာတယ် ဆိုရင်တောင်မှ အစားအသောက်ပုံစံကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြည့်ရဆိုးအောင် လုပ်ရတာလဲ။ ကလေးအတွက် တစ်လပြည့်ပွဲ ကျင်းပပေးတာကို ကလေးက အစကနေ အဆုံးထိ တစ်ခါလေးတောင် ထွက်မလာခဲ့ဘူး။ အမတ်တွေကို သက်သတ်လွတ် ဟင်းလျာတွေ ကျွေးပြီး အရပ်သားတွေဆီကနေ ပိုက်ဆံကောက်တာ လုပ်ခဲ့သေးတယ်။

ဒီကိစ္စက ထပ်ပြီး ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး။ ကိုယ်တော်က မင်းကိုပဲ လွှတ်ဖို့ ဆုံးဖြတ်ပြီးပြီ။”

"ခရီးဝေး တကယ် မထွက်ချင်လို့ပါ။ ကလေးက အခုမှ မွေးထားတာဆိုတော့ ကျွန်တော်မျိုးလို အဖေတစ်ယောက်က အိမ်မှာ ပြုစုစောင့်ရှောက်ပေးဖို့ လိုတယ်လေ ..."

"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လအနည်းငယ်လောက် အပြင်ထွက်သွားတာက ဘာဖြစ်လို့လဲ။ ကိုယ်တော် ကြားဖူးတဲ့ အရပ်သားတွေရဲ့ စကားပုံ တစ်ခု ရှိတယ်။ အဲဒါက ... ဟုတ်ပြီ ... ဆင်းရဲဒုက္ခကို ကြောက်ရင် တစ်သက်လုံး ဆင်းရဲမယ်၊ ဆင်းရဲဒုက္ခကို မကြောက်ရင် တစ်ဝက်လောက်ပဲ ဆင်းရဲမယ်တဲ့။ မင်းက အသက်ငယ်တုန်းမှာ အတွေ့အကြုံတွေ များများ ရယူသင့်တယ်။ မဟုတ်ရင် နောင်ကျရင် ဘယ်လို ကြီးမားတဲ့ တာဝန်မျိုးကို ထမ်းဆောင်နိုင်မှာလဲ။ ထွက်သွားတော့။"

"..."

All Chapters