အခန်း (၇၄၈-၇၄၉)
Vol. 40 Ch. 748-749
အပိုင်း (၇၄၈) ရိုးသားတဲ့သူက ကစားရတာ အကောင်းဆုံးပဲ။
ဖန်ကျန်းရီသည် ရင်ထဲတွင် ဆဲဆိုရင်း အခန်းထဲမှ ထွက်လာခဲ့၏။
ယောက္ခထီးကြီးက ပိုပြီး အကွက်မြင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သူ ဖန်တီးထားသော အရာများကို ဤမျှလောက် လျင်မြန်စွာ အသုံးချသွားရုံသာမက သူ့ကိုပင် ပြန်လည် အသုံးချသွားခဲ့သေးသည်။
တံခါးပေါက်တွင် လီယွမ်ကျောက်သည် ပျင်းရိငြီးငွေ့စွာဖြင့် စောင့်ဆိုင်းနေဆဲပင်။
ဖန်ကျန်းရီ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူသည် မစောင့်ဆိုင်းနိုင်တော့ဘဲ အလျင်အမြန် ရှေ့တိုးလာကာ မေးလိုက်သည်။ "ခမည်းတော်က ခင်ဗျားကို ရိုက်သေးလား။"
ဖန်ကျန်းရီက သူ့အား မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်၏။
"ရိုက်တယ်လေ။ သေမလောက်တောင် ရိုက်ခံလိုက်ရသေးတယ်။ သူက လေထဲကနေ ပျံပြီးတော့တောင် ကျုပ်ကို ကန်လိုက်သေးတာ၊ အမတ်ဝတ်စုံတောင် ပြဲသွားတယ်။"
လီယွမ်ကျောက်သည် ချက်ချင်းပင် မျက်နှာပွင့်လန်းသွားကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ကောင်းတယ်။ ကောင်းတယ်။ ခင်ဗျားလည်း ဒီလိုနေ့မျိုးနဲ့ ကြုံရပြီပေါ့။ ကျုပ်တို့ ဘယ်လို နေ့ရက်တွေ ဖြတ်သန်းနေရလဲဆိုတာ သိပြီမလား။"
"အိမ်ရှေ့စံ ... ကျုပ် အဝေးကို ခရီးထွက်ရတော့မယ်။ အရှင်မင်းကြီးက ကျုပ်ကို ကျင်းတိုင်းပြည်ဆီ သွားခိုင်းတယ်။ ချစ်ကြည်ရေး ခရီးစဉ်ပေါ့။ အဲဒီမတိုင်ခင် ဟုန်လုစီဌာနဆီ အရင်သွားပြီး အသုံးဝင်မယ့် သတင်းတွေ ရှိမရှိ သွားမေးကြည့်ရအုံးမယ်။"
လီယွမ်ကျောက်က မေးလိုက်၏။ "အဲဒီ ပျက်စီးနေတဲ့ နေရာကို စစ်တိုက်ဖို့ မဟုတ်ရင် ဘာသွားလုပ်စရာ ရှိလို့လဲ။"
"ထားလိုက်ပါတော့၊ အရှင်မင်းကြီးက ကျုပ်ကို သွားဖို့ သတ်မှတ်လိုက်ပြီဆိုမှတော့ သွားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လအနည်းငယ်လောက်ပဲ ကြာမှာလေ။ ဟုန်လုစီဌာနကို အရင်သွားပြီး အခြေအနေကို သွားမေးကြည့်လိုက်အုံးမယ်။"
...
ဟုန်လုစီဌာန အတွင်း၌။
ဟုန်လုစီဌာန အမတ်ကြီး ချန်ဟုန်သည် ဖန်ကျန်းရီ လာရောက်လည်ပတ်သည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း နွေးထွေးပျူငှာသော မျက်နှာထားဖြင့် ဆီးကြိုလာခဲ့၏။
ယခုအခါတွင် သူသည် ဖန်ကျန်းရီကို မြင်လိုက်သည်နှင့် ကြောက်ရွံ့နေပြီ ဖြစ်သည်။
အရင်တုန်းက ကျန်းရှီ ပြုတ်ကျသွားချိန်တွင် သူလည်း အခြေအနေ သိပ်မကောင်းခဲ့ပေ ... အသက်ပါ ဆုံးရှုံးရလုမတတ် ဖြစ်ခဲ့ပြီးနောက် ဖန်ကျန်းရီ၏ ကျေးဇူးကြောင့်သာ လွတ်မြောက်ခဲ့ရခြင်း ဖြစ်၏။
ထို့အပြင် မနေ့က အမတ်များအားလုံးကို တစ်လပြည့်ပွဲ လာရောက်စားသောက်ရန် ဖိတ်ခေါ်ခြင်းက လူသိရှင်ကြား လာဘ်စားခြင်းနှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလား။
ဤကဲ့သို့သော ရူးသွပ်နေသူမျိုးကို ... သူ တကယ်ကို မပြစ်မှားရဲချေ။ သောက်ကျိုးနည်း … လုပ်ချင်ရာကို လုပ်တတ်သူပင်။
"အမတ်မင်းဖန် ရှားရှားပါးပါး ရောက်လာတာဆိုတော့ ဒီနေ့ ဘာအရေးကြီးတဲ့ ကိစ္စများ ရှိလို့လဲ။"
ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ရှိပါတယ်။ ကျင်းတိုင်းပြည်က သံတမန်အဖွဲ့ ရောက်လာတယ် ဆိုတော့ ဟုန်လုစီဌာန အပြင် ကျုပ်တို့ ကျင်းယီဝေကလည်း စည်းမျဉ်းအရ သွားကြိုရမှာလေ။ အဲဒါကြောင့် အဲဒီဒုတိယမင်းသားက ဘယ်လိုလူမျိုးလဲ၊ စရိုက်က ဘယ်လိုရှိလဲဆိုတာကို အမတ်မင်းချန်ဆီကနေ လာစုံစမ်းကြည့်တာပါ။ ဒါမှ ကျုပ်ကလည်း ကြိုတင် ပြင်ဆင်ထားလို့ရပြီး အချိန်ရောက်ရင် ဧည့်ဝတ်ကျေပွန်မှု မရှိတာမျိုး မဖြစ်ရအောင်လို့လေ။
ဒါ့အပြင် အရှင်မင်းကြီးက ဒုတိယမင်းသားရဲ့ အလည်အပတ် ခရီးစဉ် ပြီးသွားရင် ကျုပ်ကို သူနဲ့အတူ ကျင်းတိုင်းပြည်ဆီ အပြန်အလှန် အလည်အပတ့် လိုက်သွားခိုင်းဖို့ ဆုံးဖြတ်ထားသေးတယ်။"
"အို ... အရင်တုန်းက အရှင်မင်းကြီး ဒီကိစ္စကို ပြောတာ ကျွန်တော်မျိုး ကြားခဲ့ဖူးတယ်။ အမတ်မင်းဖန်က ကျင်းတိုင်းပြည်ဆီ သွားဖို့ သဘောတူလိုက်ပြီပေါ့။"
"ဟူး ... မပြောပါနဲ့တော့ ..."
ချန်ဟုန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "ဂုဏ်ယူပါတယ် အမတ်မင်းဖန်။ ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပါ။ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ။"
ထို့နောက် ဖန်ကျန်းရီသည် ချန်ဟုန်နောက်သို့ လိုက်ကာ စာကြည့်တိုက်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
အတွင်း၌ အမျိုးအစားအလိုက် ခွဲခြားထားသော စာရွက်စာတမ်း အများအပြားကို စုပုံထားပြီး ချန်ဟုန်သည် တစ်ခဏမျှ ရှာဖွေပြီးနောက် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်၏။
လျင်မြန်စွာ လှန်လှောကြည့်ရှုပြီးနောက် စာအုပ်ကို ဖန်ကျန်းရီ၏ အရှေ့သို့ ကမ်းပေးကာ ပြောပြလိုက်သည်။ "ဒါက ကျင်းတိုင်းပြည် နန်းတွင်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ စုဆောင်းထားတဲ့ သတင်းတွေပါ။"
"ဒီဒုတိယမင်းသားရဲ့ နာမည်က အာလီပိုင် လို့ ခေါ်ပြီး ဝူထူက ဝူလျန်ချိ မျိုးနွယ်စုကို စတင် တာဝန်ယူချိန်တုန်းက မွေးဖွားခဲ့တာပါ။
ဝူထူက အစွမ်းထက်တဲ့ လူတစ်ယောက်ပါ။ သူက သားတစ်ယောက် မွေးတိုင်း ကြီးလာတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ စစ်တိုက်ခိုင်းတာ ဒါမှမဟုတ် စစ်ရေးလေ့ကျင့်ခိုင်းတာတွေ လုပ်လေ့ရှိတယ်။ အဲဒါကြောင့် မင်းသားတွေ အားလုံးက စစ်တိုက်ရာမှာ ကျွမ်းကျင်ကြတယ်။
ဒါပေမဲ့ ဒီအာလီပိုင်ကတော့ ကွာခြားတယ်။ သူက စစ်တိုက်ရာမှာ မကျွမ်းကျင်ဘူး။ ဝူထူက မျိုးနွယ်စု နှစ်ဆယ့်ခြောက်ခုကို အုပ်ချုပ်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ သူက ဘာစစ်ရေးအောင်မြင်မှုမှ မရှိခဲ့ဘူး။ ဒါပေမဲ့ မျိုးနွယ်စုတွေ ကြားထဲမှာတော့ နာမည်ကောင်း ရှိတယ်။ စိတ်ထားကောင်းပြီး ပျော့ညံ့တဲ့ စရိုက်ရှိတာကြောင့် ဝူထူရဲ့ သဘောကျမှုကိုတော့ မရဘူးလို့ ကြားတယ်။
ကျုပ်တို့ သိထားရတဲ့ သတင်းတွေက ဒီလောက်ပါပဲ။ အလွယ်ပြောရရင် ဒီလူက သာမန် ရိုးသားတဲ့သူ တစ်ယောက်ပါပဲ၊ ဆက်ဆံရတာ ခက်ခဲမှာ မဟုတ်ပါဘူး။"
ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်ကာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်၏။ "ဒါဆို အသုံးမကျတဲ့လူ တစ်ယောက် ဖြစ်မနေဘူးလား။ အသုံးမကျတဲ့လူ တစ်ယောက်က ကျုပ်တို့ဆီ အလည်လာပြီး ကျုပ်က ပြန်လိုက်သွားရမယ်ဆိုတော့ မတရားဘူးလေ၊ ကျုပ် ရှုံးတာပေါ့။"
ချန်ဟုန်၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။ "အမတ်မင်းဖန် စကားပြောတာ သတိထားပါအုံး။ သူက ဘယ်လိုပဲဖြစ်ဖြစ် မင်းသား တစ်ပါးလေ။ ဘယ်လိုလုပ်ပြီး အသုံးမကျတဲ့လူလို့ ပြောလို့ရမှာလဲ။ အမတ်မင်း မရှုံးပါဘူး။”
“မင်းသား တစ်ပါးအနေနဲ့ အကန့်အသတ်မရှိတဲ့ အရင်းအမြစ်တွေ ရှိပေမဲ့ အဖေအရင်းကတောင် သဘောမကျဘူး။ ပြီးတော့ စိတ်ထားကောင်းပြီး ပျော့ညံ့နေရင် ညီအစ်ကိုတွေရဲ့ အနိုင်ကျင့်တာကိုပဲ ခံရမှာပေါ့ ... ဒီလိုလူမျိုးဆိုရင် ... ဒါလည်း ကောင်းတာပါပဲ။"
ဖန်ကျန်းရီသည် စကားပြောရင်း ခေတ္တရပ်တန့်သွားကာ နှုတ်ခမ်းထောင့်တွင် မာယာပါသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ "ရိုးသားတဲ့သူ ... ရိုးသားတဲ့သူက ကစားရတာ အကောင်းဆုံးပဲ။"
ကျင်းတိုင်းပြည်က ဘယ်လိုတွေ စဉ်းစားနေလဲ ဆိုတာတော့ မသိဘူး၊ ရိုးသားတဲ့သူ တစ်ယောက်ကို အလုပ်လုပ်ဖို့ လွှတ်လိုက်တယ်တဲ့။
ဒါက ကွက်တိပဲ မဟုတ်ဘူးလား။ သတင်းတစ်ခုခု စုံစမ်းချင်ရင်၊ ကိစ္စတစ်ခုခု လုပ်ချင်ရင် ရိုးသားတဲ့သူကို ရှာတာက အကောင်းဆုံးပဲလေ။
ချန်ဟုန်မှာ ကြက်သီးထသွား၏။ "အမတ်မင်းဖန် ... ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။ လျှောက်မလုပ်ပါနဲ့နော် ... ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ရိုးသားတဲ့သူ … ဘယ်သူ့ကို သွားပြီး ပြဿနာရှာမလို့လဲ။"
ရိုးသားတဲ့သူက ဘာဖြစ်လို့လဲ။ သေချာပေါက် ကစားရမှာပဲ။ ကျုပ် ဖန်ကျန်းရီရဲ့ အဓိက အားသာချက်က ကစားတာပဲ။
"အယ် ... ဘာမှမလုပ်ပါဘူး၊ သူနဲ့ စကားများများ ပြောပြီး နိုင်ငံနှစ်ခုရဲ့ ချစ်ကြည်ရေးကို တိုးတက်အောင် လုပ်ပေးမလို့ပါ။" ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်သည်။
"စကားမစပ် ... သူတို့ရဲ့ သံတမန်အဖွဲ့က မြို့တော်ကို ရောက်ဖို့ ဘယ်လောက် ကြာအုံးမလဲ။"
"မကြာတော့ပါဘူး။ သံတမန်စာက တကယ်တော့ သံတမန်အဖွဲ့က လူတွေက မြင်းအမြန်စီးပြီး ကြိုပို့ထားတာပါ။ အဲဒါကြောင့် မကြာခင်မှာ ရောက်လာတော့မှာပါ။ ဒါပေမဲ့ ထူးဆန်းတာ တစ်ခုက ဒီတစ်ခေါက် သူတို့ အလည်လာတာက အရမ်း လောနေသလိုပဲ ... အရင်တုန်းက ဒီလို လုပ်ထုံးလုပ်နည်းမျိုး မဟုတ်ဘူးလေ။" ချန်ဟုန်က သံသယဖြစ်စွာဖြင့် ပြောလိုက်၏။
ဖန်ကျန်းရီသည်လည်း တစ်ခုခု လွဲမှားနေသည်ဟု ခံစားနေရသည်။ အထူးသဖြင့် ဖါးပါးက သူ့ကို နာမည်တပ်ပြီး ဖိတ်ခေါ်ထားခြင်း ဖြစ်သော်လည်း တွေးကြည့်လေလေ၊ စဉ်းစားကြည့်လေလေ အဖြေရှာမရလေလေ ဖြစ်ကာ နောက်ဆုံးတွင်တော့ လက်လျှော့လိုက်ရသည်။
"ထားလိုက်ပါတော့၊ သူတို့က လောနေပေမဲ့ ကျုပ်တို့က လောစရာမှ မလိုတာ၊ ရောက်လာမှပဲ ကြည့်ကြတာပေါ့။ ဒီနေ့အတွက် အမတ်မင်းချန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် အရင် ပြန်ပြီး စီစဉ်လိုက်အုံးမယ်။"
...
ဆယ်ရက်အကြာ။
ကျင်းယီဝေနှင့် ဟုန်လုစီဌာနမှ အမတ်ကြီးများ အားလုံးသည် မြို့ပြင်တွင် စောစီးစွာ စောင့်ဆိုင်းနေကြ၏။
စာပို့စခန်းမှ ပြန်ကြားချက် အရဆိုလျှင် ကျင်းတိုင်းပြည်၏ သံတမန်အဖွဲ့သည် ယနေ့ မြို့တော်သို့ ဝင်ရောက်မည် ဖြစ်သည်။
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို အင်္ကျီလက်အတွင်း ထည့်ထားကာ ရှေ့သို့ ကြည့်နေခဲ့၏။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးသော်လည်း လူရောက်မလာသေးပေ ...
ဤဆယ်ရက်အတွင်း သူ ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရသည်။ ပန်းရှန်းနေ့စဉ်သတင်းစာ ဘက်တွင်လည်း ရိုးရှင်းစွာ ပြင်ဆင်မှု အချို့ ပြုလုပ်ခဲ့၏။
ကျင်းတိုင်းပြည်၏ ကောင်းကြောင်းများအပြင် သတင်းများကိုပါ အများအပြား ဖော်ပြခဲ့သည်။
ယခင်တုန်းက နေ့တိုင်း မြောက်ပိုင်းရုန်၏ သတင်းဆိုးများကို ဖော်ပြပြီး မြောက်ပိုင်းရုန် မှာ ရစရာပင်မရှိခဲ့ပေ။
ယခုအခါတွင် သံတမန်များ အလည်အပတ် ရောက်ရှိလာပြီ ဖြစ်ရာ ဤသို့ ဆက်လက် လုပ်ဆောင်နေပါက မသင့်တော်တော့ပေ။ အကယ်၍ သူတို့ မြင်သွားခဲ့လျှင်ရော …။
ဒါဆိုရင် ရန်ဖြစ်ကြရတော့မှာ မဟုတ်ဘူးလား။ ရိုးသားတဲ့သူကို ဒီလိုမျိုး သွားပြီး မဆွသင့်ဘူး။
အရပ်သားများမှာ ဆယ်ရက်တိုင်တိုင် သတင်းများ၏ လွှမ်းမိုးမှုအောက်တွင် စိတ်နေသဘောထားများ အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ နိုင်ငံခြားသားများ ရောက်လာချိန်တွင် လှောင်ပြောင် ရယ်မောခြင်းမျိုး ပြုလုပ်ကြတော့မည် မဟုတ်ပေ။
နောက်ဆုံးတွင် လက်ဆောင်ပြန်ပေးရန် လက်ဖက်ခြောက်၊ အထူးထုတ် 'စိန်' နှင့် စက်ဘီး အစရှိသည့် တာ့ကျင်း၏ ဒေသထွက် ကုန်ပစ္စည်းများကိုလည်း သေချာစွာ ပြင်ဆင်ထားခဲ့၏။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် အဝေးမှနေ၍ ရှည်လျားသော တန်းစီမှု တစ်ခု ထွက်ပေါ်လာခဲ့သည်။
ခေါင်းဆောင်ဖြစ်သူသည် အရပ်မြင့်သော မြင်းကြီးတစ်ကောင်ကို စီးနင်းထားပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်ပါးနေ၏။ ရုပ်ရည်မှာ ကျင်းတိုင်းပြည်သားများ၏ ရုပ်ရည်မျိုး ဖြစ်သော်လည်း သူ၏ ကိုယ်ဟန်အမူအရာ အရဆိုလျှင်တော့ စာပေပညာရှင် တစ်ယောက်၏ အသွင်အပြင်မျိုး အနည်းငယ် ရှိနေသည်။
မြို့တံခါးနှင့် ကိုက်တစ်ရာ နှစ်ရာခန့် အကွာအဝေးတွင် ….
အဖြူရောင် ဝတ်စုံနှင့် လူ၏ ဘေးရှိ အစေခံက လက်ညှိုးထိုးကာ ပြောလိုက်၏။ "ဒုတိယမင်းသား ... အရှေ့ဆုံးက အရပ်ရှည်ရှည် လူရွယ်ကို ကြည့်လိုက်ပါ။ သူက ဖန်ကျန်းရီပဲ။"
အာလီပိုင်သည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး မေးလိုက်သည်။ "မင်း သေချာလား။ အမြင်မှားတာ မဟုတ်ဘူးမလား။"
"မမှားပါဘူး။ ဖန်ကျန်းရီရဲ့ အရပ်က သာမန်လူတွေထက် ပိုရှည်တယ်။ ပြီးတော့ သူက တာ့ကျင်းရဲ့ အမတ်လောကမှာ အရမ်းကို ငယ်ရွယ်သေးတယ်။ အရင်တုန်းက ဘုန်းတော်ကြီးနဲ့ လိုက်လာတုန်းက သေချာ မှတ်မိနေတာပါ။"
"ဒုတိယမင်းသား သတိထားပါ။ ဖန်ကျန်းရီ ဆိုတဲ့လူက အရမ်း ထူးဆန်းတယ်လို့ ဘုန်းတော်ကြီးက အကြိမ်ကြိမ် မှာကြားထားပါတယ် ..."
"ဒီကိစ္စတွေကို ငါသိပါတယ်။ မင်း အများကြီး ပြောနေစရာ မလိုပါဘူး။"
အာလီပိုင်သည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး မြင်းဇက်ကြိုးကို ကိုင်ထားသော လက်များမှာ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် တင်းကျပ်သွားခဲ့၏။
အမြဲတမ်း သူ့အား အထင်မကြီးသော ခမည်းတော်က ရုတ်တရက် ဘာဖြစ်လို့ တာ့ကျင်းကို အလည်အပတ် သွားခိုင်းရသလဲဆိုတာကို မသိရပေမဲ့ ခရီးမထွက်ခင် ဘုန်းတော်ကြီးက ဖန်ကျန်းရီကို သတိထားဖို့ အကြိမ်ကြိမ် သွန်သင်ဆုံးမခဲ့သည်။
ဒီလူက သာမန်မဟုတ်ဘူး၊ လုပ်ထုံးလုပ်နည်းအတိုင်း မသွားဘူးတဲ့။
သူ ဘာပြောပြော သုံးခါလောက် စဉ်းစားပြီးမှ ယုံရမယ်၊ ကျန်တာကတော့ ရိုးရိုးသားသား နေပြီး သူနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်၊ သူ့ကို ကျင်းတိုင်းပြည်ဆီ ခေါ်လာဖို့ပဲတဲ့။
အခု ဖန်ကျန်းရီက မျက်စိရှေ့မှာ ရောက်နေပြီဆိုတော့ လုံးဝ ပေါ့ဆလို့ မဖြစ်ဘူး ...။
အပိုင်း (၇၄၉) စကားနည်းသော ဒုတိယမင်းသား။
ဖန်ကျန်းရီသည် မူလက စောင့်ဆိုင်းရသဖြင့် အနည်းငယ် ပင်ပန်းနေသော်လည်း ဘေးမှလူ၏ သတိပေးမှုကြောင့် ရုတ်တရက် တက်ကြွလာခဲ့၏။
အဝေးသို့ အကြည့်ရွှေ့လိုက်ရာ အရှေ့ဆုံးတွင် ရှိနေသော အာလီပိုင်ကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရသည်။
ဘေးသို့ လှည့်ကာ ချန်ဟုန်အား မေးလိုက်၏။ "အရှေ့ဆုံးက လူက အာလီပိုင်လား။"
ချန်ဟုန်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ သူ စီးနေတဲ့ မြင်းရဲ့ အလှဆင်ပစ္စည်းတွေကို ကြည့်လိုက်ပါ။ ဒါက မှူးမတ်တွေမှ သုံးခွင့်ရှိတာဆိုတော့ သူ ဖြစ်ဖို့ သေချာပါတယ်။"
ဖန်ကျန်းရီသည် သေချာစွာ အကဲခတ် ကြည့်ရှုလိုက်၏။
အနည်းငယ် ဖြူရော်နေသော မျက်နှာ၊ အသက်မဲ့နေပုံရသော မျက်နှာအမူအရာတို့က အဓိကအားဖြင့် အားနည်းချက် ရှိနေသကဲ့သို့ ခံစားရစေသည်။
ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးသည် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေရသော လူမျိုးများကြားတွင် တကယ်ကို နေရာမရနိုင်သည့် ပုံစံမျိုး ဖြစ်ပြီး အထူးသဖြင့် တော်ဝင်မိသားစု အတွင်းတွင် ပို၍ပင် ဖြစ်၏။
အချိန်အနည်းငယ် အကြာတွင် သံတမန်အဖွဲ့ကြီးသည် မြို့တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
အာလီပိုင်သည် ဖန်ကျန်းရီအား သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ရာ ဖန်ကျန်းရီ၏ အကြည့်များကလည်း သူ့ထံသို့ ရောက်ရှိလာခဲ့၏။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားချိန်တွင် ဖန်ကျန်းရီ၏ အကြည့်များမှာ မတုန်မလှုပ်ဘဲ သိချင်စိတ်များသာ ပါဝင်နေခဲ့သည်။
အာလီပိုင်မှာမူ ထိုအကြည့်များကြောင့် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားကာ မနေနိုင်ဘဲ ခေါင်းလွှဲသွား၏။
ဖန်ကျန်းရီသည် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ရင်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိသည်။
သောက်ကျိုးနည်း ... လူမှုဆက်ဆံရေးမှာ ကြောက်ရွံ့တတ်တဲ့သူ ပါလား၊ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။
ချန်ဟုန်သည် အခြေအနေကို မြင်လိုက်ရသဖြင့် အလျင်အမြန် ရှေ့တိုးသွားကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "ဒုတိယမင်းသား ရောက်လာတာလား မသိဘူး။ ကျုပ်တို့က ဟုန်လုစီဌာန အမတ်ကြီး ချန်ဟုန်နဲ့ ကျင်းယီဝေ တပ်မှူးချုပ် ဖန်ကျန်းရီ အမတ်မင်းဖန်တို့ဖြစ်ပြီး အထူးတလည် လာရောက် ကြိုဆိုတာပါ။"
အာလီပိုင်သည် မြင်းပေါ်မှ ဆင်းကာ ချန်ဟုန်၏ အရှေ့သို့ လျှောက်သွားပြီး စံကျသော လက်သီးဆုပ် အရိုအသေပေးမှုကို ပြုလုပ်လိုက်သည်။
"အမတ်မင်းချန် မြို့ပြင်ထွက်ပြီး ဆီးကြိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
သူ စကားပြောလိုက်သည်နှင့် ချန်ဟုန်နှင့် ဖန်ကျန်းရီတို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြ၏။
ဒီကောင်လေးက နိုင်ငံခြားဘာသာစကားတောင် တတ်နေသေးတာလား၊ သင်ထားတာကလည်း တကယ်ကို မဆိုးလှပါဘူး။
"ဒီလူက အမတ်မင်းဖန်လား။" အာလီပိုင်သည် ဖန်ကျန်းရီအား ကြည့်ကာ မေးလိုက်သည်။
ဖန်ကျန်းရီက အရိုအသေပေးလျက် ပြန်လည် ဖြေဆိုလိုက်၏။ "ဟုတ်ပါတယ်။ ဒုတိယမင်းသားကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီးက သံတမန်အဖွဲ့ ဒီနေ့ ရောက်လာမယ်ဆိုတာကို စောစောကတည်းက သိထားတဲ့အတွက် ကြိုဆိုပြီးသွားရင် ဒုတိယမင်းသားကို ခဏလောက် အနားယူစေပြီးမှ နန်းတွင်းကို ဝင်ရောက် ဂါရဝပြုဖို့ အမိန့်ပေးထားပါတယ်။ ဒုတိယမင်းသားက လမ်းခရီး တစ်လျှောက်လုံး ပင်ပန်းလာပြီဆိုတော့ ကျုပ်နဲ့အတူ ဟုန်လုစီဌာန အဆောင်ကို အရင် သွားပြီး အနားယူလိုက်ပါအုံး။"
အာလီပိုင်က ပြောလိုက်သည်။ "ဒုက္ခခံနေစရာ မလိုတော့ပါဘူး။ ကျုပ် အခုပဲ နန်းတွင်းကို ဝင်ပြီး အရှင်မင်းကြီးကို တွေ့ဆုံ ဂါရဝပြုလိုက်ပါ့မယ်။ ဒီနေ့ အမတ်မင်းဖန် ကိုယ်တိုင် မြို့ပြင်ထွက်ပြီး ဆီးကြိုမယ်လို့ မထင်ထားခဲ့မိဘူး။ ဘုန်းတော်ကြီးက ခင်ဗျား အကြောင်းကို မကြာခဏ ပြောပြနေတာ ကြားရပါတယ်။"
"အို ... ဘုန်းတော်ကြီးက ကျုပ်ကို မှတ်မိနေသေးတာလား၊ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ဘုန်းတော်ကြီးက ကျုပ် အကြောင်း ဘယ်လို ပြောပြထားလဲ။" ဖန်ကျန်းရီသည် စကားပြောရင်း မြို့တွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်၏။
ထို့နောက် မြင်းပေါ်သို့ တက်ကာ အာလီပိုင်နှင့် ယှဉ်လျက် မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။
အာလီပိုင်သည် ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ဘုန်းတော်ကြီး ပြောဖူးတာကတော့ အမတ်မင်းဖန်က သာမန်လူ မဟုတ်ဘူးတဲ့။"
"ဒီလောက်ပဲလား။"
"ဒီလောက်ပါပဲ။"
အာလီပိုင်သည် ဤစကားတစ်ခွန်း ပြောပြီးသည်နှင့် ထပ်မံ အသံမထွက်တော့ဘဲ မြင်းစီးခြင်းကိုသာ အာရုံစိုက်နေတော့၏။
မင်း တကယ်ပဲ စကားပြောတတ်ရဲ့လား။ တကယ့် ပါရမီရှင်ပဲ၊ စကားလမ်းကြောင်းကို ဒီလိုနဲ့ပဲ ပိတ်ပစ်လိုက်တာလား။
ဖန်ကျန်းရီမှာ အနည်းငယ် စကားပြောရခက်သွားသည်။ ဤအာလီပိုင်မှာ တကယ်ကို လူချစ်လူခင် များမည့်ပုံ မပေါ်သလို စကားလည်း သိပ်မပြောတတ်ချေ။ ကြည့်ရသည်မှာ သူ့ဘက်ကသာ စကားစမြည် ပြောဆိုရန် အကြောင်းအရာ ရှာရတော့မည်။
"အယ် ... ဒုတိယမင်းသားက ကျုပ်တို့ တိုင်းပြည်ရဲ့ ဘာသာစကားကို ကျွမ်းကျင်တယ်ဆိုတော့ ပုံမှန်အားဖြင့် တာ့ကျင်းရဲ့ ယဉ်ကျေးမှုကိုလည်း အတော်လေး လေ့လာထားပုံရတယ်။"
"ကုန်သွယ်မှု လုပ်ပြီးသွားရင် ကျင်းတိုင်းပြည်နဲ့ မကြာခဏ ဆက်ဆံရလိမ့်မယ်လို့ ခမည်းတော်က ပြောတယ်။ အဲဒါကြောင့် အထက်ရော အောက်ပါ တာ့ကျင်းရဲ့ ယဉ်ကျေးမှုကို များများ လေ့လာကြဖို့ အမိန့် ပေးထားတာပါ။ ကျုပ် တစ်ယောက်တည်း ပြောတတ်တာ မဟုတ်ပါဘူး၊ တော်ဝင်မိသားစုထဲက လူအများကြီး ပြောတတ်ကြပါတယ်။" စကားဆုံးသည်နှင့် အာလီပိုင်သည် ထပ်မံ ငြိမ်သက်သွားပြန်၏။
ဖန်ကျန်းရီ၏ နဖူးတွင် အမည်းရောင်မျဉ်း သုံးကြောင်း ပေါ်ပေါက်လာခဲ့သည်။
သောက်ကျိုးနည်း ... ဒီကောင်လေးက တကယ်ကို အရည်အချင်း ရှိတာပဲ။ အပြောင်းအလဲ မရှိဘဲ အခြေအနေ အားလုံးကို ရင်ဆိုင်ဖြေရှင်းနေတာလား။
"ဒုတိယမင်းသားက ဘာဖြစ်လို့ စကားမပြောတာလဲ။ အရမ်းကြီး စိုးရိမ်မနေပါနဲ့။ ကျုပ်တို့ တာ့ကျင်းက လူတိုင်းက ပါရမီရှင်တွေချည်းပါပဲ။ ဒီရောက်ရင် ကိုယ့်အိမ်ရောက်သလို သဘောထားလိုက်ပါ။ မေးစရာရှိရင် လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်။"
"အို ... အမတ်မင်းဖန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် မေးစရာ ဘာမှမရှိပါဘူး၊ အရှင်မင်းကြီးကို အရင် တွေ့ဆုံချင်ရုံ သတ်သတ်ပါ။"
အာလီပိုင်၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်နေခဲ့၏။
ယခုအချိန်တွင် အခြေအနေကို သေချာ မသိရသေးသဖြင့် စကားတစ်ခွန်း လျှော့ပြောနိုင်လေ ကောင်းလေပင် ဖြစ်သည်။ များများပြောလျှင် အမှားများများ လုပ်မိနိုင်သည်။
မည်သို့ပင်ဆိုစေ ဖန်ကျန်းရီကို ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ အကယ်၍ ကိစ္စတွေကို ရှုပ်ထွေးသွားအောင် လုပ်မိလျှင် ခမည်းတော် ဒေါသထွက်ပြီး ကိုယ်တိုင်လည်း ဒုက္ခရောက်ရမည်။
ဖန်ကျန်းရီသည် မျက်နှာရှုံ့မဲ့ကာ ဆက်မပြောတော့ဘဲ အရှေ့ဘက်သို့သာ တည့်တည့်ကြည့်လျက် တိတ်ဆိတ်စွာ မြင်းစီးလာခဲ့၏။
ချန်ဟုန်သည်လည်း ဘေးမှနေ၍ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ကျင်းတိုင်းပြည်က ဘယ်လိုလုပ်ပြီး လူအ တစ်ယောက်ကို လွှတ်လိုက်ရတာလဲ ... သင့်တော်တဲ့ စကားလေးတစ်ခွန်းတောင် ပြောမထွက်ဘူး။ စကားအရမ်းများတဲ့ ဖန်ကျန်းရီတောင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရပြီ။
လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဟကြဘဲ ဟုန်လုစီဌာနကို ဖြတ်သန်းသွားပြီးနောက် ချန်ဟုန်က အခြားလူများကို နေရာချထားပေးကာ လက်ဆောင်စာရင်းများကို လက်ခံပြီး လက်ဆောင်များကို နေရာချထားပေးလိုက်၏။
ဖန်ကျန်းရီသည် အာလီပိုင်ကို ခေါ်ဆောင်ကာ နန်းတွင်းသို့ တည့်တည့် ဝင်ရောက်သွားသည်။
ချင်ကျိန့်နန်းဆောင် အတွင်းသို့ တိုက်ရိုက် သွားရောက်ခဲ့ရာ ကျင်းဘုရင်မင်းမြတ်သည် ထိုနေရာတွင် ညီလာခံမှတ်တမ်းများကို ဖတ်ရှုရင်း စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။
ဖန်ကျန်းရီနှင့် အာလီပိုင်တို့ အတူတူ အခန်းတွင်းသို့ ဝင်ရောက်လာချိန်မှသာ အာလီပိုင်က ထပ်မံ စကားပြောလိုက်သည်။
"ကျင်းတိုင်းပြည်ရဲ့ သံတမန် အာလီပိုင်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ကျင်းဘုရင်မင်းမြတ် သည် အရင်ဆုံး လျင်မြန်စွာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် လက်ကို ကြီးမားစွာ ဝှေ့ယမ်းပြလျက် မိန့်ကြားလိုက်၏။ "ကိုယ်တော်က မင်းအကြောင်းကို ကြားဖူးတာ ကြာပါပြီ။ ဝူထူရဲ့ ဒုတိယမင်းသား ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါတယ်။ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပါပဲ။ ထိုင်ခုံ ပေးလိုက်ပါ။"
အရည်အချင်းရှိတဲ့ လူငယ်တဲ့လား။ ယောက္ခထီးကြီးက ငါ့ထက်တောင် ပိုပြီး လိမ်တတ်သေးတာပဲ။
ဖန်ကျန်းရီသည် ရင်ထဲတွင် ကဲ့ရဲ့ပြောဆိုလိုက်ပြီးနောက် ဝင်ထိုင်လိုက်သည်။
အာလီပိုင် စကားမပြောနိုင်မီမှာပင် ကျင်းဘုရင်မင်းမြတ် က အရင် မေးလိုက်၏။ "လမ်းခရီး တစ်လျှောက်လုံး ပင်ပန်းလာပြီ မဟုတ်လား။ ကိုယ်တော်က ဟုန်လုစီဌာနမှာ အခန်းတွေ သေချာ ပြင်ဆင်ထားဖို့ အမိန့်ပေးထားပြီးပါပြီ။ အရင်ဆုံး အနားယူပြီးမှ ကိုယ်တော့်ကို လာတွေ့လည်း ဘာမှမဖြစ်ပါဘူး။"
အာလီပိုင်သည် ပြန်လည် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက ဒီတစ်ခေါက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်လာရတာ ဆိုတော့ မနှောင့်နှေးဝံ့ပါဘူး။ အမှန်အတိုင်း ပြောရရင် ဒီတစ်ခေါက် သံတမန်အဖွဲ့ကို စေလွှတ်တာက အတော်လေး လောနေခဲ့ပါတယ်။ အရှင်မင်းကြီးက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
ကျင်းဘုရင်မင်းမြတ် က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ "ကိုယ်တော်လည်း အဲဒီအကြောင်းကို သိချင်နေတာပဲ။ ဘာအရေးကြီးတဲ့ ကိစ္စများ ရှိလို့ သံတမန်အဖွဲ့ကို ဒီလောက်တောင် အလျင်စလို စေလွှတ်လိုက်ရတာလဲ။"
"အရှင်မင်းကြီး ... အမှန်အတိုင်း ပြောရရင် ကျင်းတိုင်းပြည်မှာ မနှစ်က သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရပြီး စပါးကျီတွေနဲ့ ပစ္စည်းတွေ အများကြီး ပျက်စီးသွားခဲ့ပါတယ်။ နိုင်ငံတွင်းမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ အများကြီး ပြတ်လပ်နေပြီး လည်ပတ်ဖို့ အချိန် အတော်လေး ကြာနေပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အမြန်ဆုံး နည်းလမ်းကတော့ သေချာပေါက် တာ့ကျင်းနဲ့ ကုန်သွယ်ရေးကို တိုးမြှင့်ဖို့ပါပဲ။ နောက်ပြီး ကျုပ်တို့ရဲ့ နန်းတွင်း အမတ်တော်တော်များများက ဒီကိစ္စအပေါ် မကျေမနပ် ဖြစ်နေကြပြီး နယ်စပ်မြို့တွေကို ဝင်ရောက် တိုက်ခိုက် လုယက်ဖို့ အကြံပြုနေကြပါတယ်။ ခမည်းတော်နဲ့ ဘုန်းတော်ကြီးတို့ တိုင်ပင်ပြီးတော့ နိုင်ငံနှစ်ခုရဲ့ ညီအစ်ကို ချစ်ကြည်ရေးကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတွင်းက ဝေဖန်မှုတွေကို ငြိမ်သက်သွားစေဖို့ သံတမန်အဖွဲ့ကို အမြန်ဆုံး စေလွှတ်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ။"
ကျင်းဘုရင်မင်းမြတ် သည် လက်ခုပ်တီးကာ မိန့်ကြားလိုက်၏။ "ကောင်းတယ်။ နိုင်ငံနှစ်ခုရဲ့ ချစ်ကြည်ရေးက ရရှိဖို့ မလွယ်ကူပါဘူး။ ခင်ဗျားတို့ နိုင်ငံက ဒီလောက်တောင် စေတနာ ထားမှတော့ တာ့ကျင်းအနေနဲ့လည်း ဧည့်ဝတ်မကျေပွန်ဘူး ဆိုတာ မရှိနိုင်ပါဘူး။
ဒီတစ်ခေါက် ကုန်သွယ်ရေး စာရင်းတွေ ယူလာခဲ့လား။ မင်းကိုယ်တိုင် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် တခြားသူတွေနဲ့ ဆွေးနွေးလို့ ရပါတယ်။"
အာလီပိုင်၏ နဖူးတွင် ချွေးများ အနည်းငယ် ထွက်လာခဲ့၏။ လူများနှင့် ဆက်ဆံရသည်ကို သူ တကယ်ကို မကျွမ်းကျင်ပေ။
ဘုန်းတော်ကြီး ပေးလိုက်သော စကားလုံးများကို လမ်းတစ်လျှောက်လုံး လေ့ကျင့်လာခဲ့ရပြီး အမှားလုပ်မိမည်ကို အလွန်အမင်း စိုးရိမ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခု ကျက်မှတ်ထားသည်များကတော့ အတော်လေး ရနေပြီ ဖြစ်၏။
"အရှင်မင်းကြီး ... ဒီတစ်ခေါက် ပါဝင်တဲ့ ကုန်ပစ္စည်းတွေရဲ့တန်ဖိုးနဲ့ စာရင်းက အရမ်း ကြီးမားတဲ့အပြင် စုစည်းရတာ ခက်ခဲတာရယ်၊ အချိန်လောနေတာရယ်ကြောင့် အပြည့်အစုံ ပြင်ဆင်မလာနိုင်ခဲ့ပါဘူး။
အဲဒါကြောင့် ဒီတစ်ခေါက် လာတာက လက်ဆောင်ပေးဖို့ သတ်သတ်ပါ။ အသေးစိတ် ဆွေးနွေးမှုတွေကိုတော့ ကျုပ်တို့ နိုင်ငံဆီ လာရောက် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ရပါလိမ့်မယ်။
ခရီးမထွက်ခင် ဘုန်းတော်ကြီးက မှာကြားလိုက်ပါတယ်။ သူ တာ့ကျင်းကို အလည်လာတုန်းက အမတ်မင်းဖန်နဲ့ စကားပြောရတာ အရမ်း အဆင်ပြေခဲ့ပြီး စီးပွားရေး ကုန်သွယ်မှုကို နားလည်တယ်ဆိုတာ သိထားလို့ ခမည်းတော်ဆီမှာ အမတ်မင်းဖန်ကို အထူးတလည် အကြံပြုထားပါတယ်။ ပထမ အချက်က ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ ဖြစ်ပြီး ဒုတိယ အချက်ကတော့ အရင်တုန်းက ချစ်ကြည်ရေးကို ပြန်လည် ဆက်နွယ်ဖို့ပါ။"
ဖန်ကျန်းရီသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ဒါဆိုရင်တော့ မှန်သွားပြီ။ အရင်တုန်းက ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းနေပြီး အလောတကြီး လာရတာလဲ ဆိုတာကို နားလည်သွားပြီ။
နိုင်ငံတွင်းမှာ ပြဿနာ ဖြစ်နေလို့ကိုး။ ဝူထူကလည်း စစ်မတိုက်ချင်ဘူး ဖြစ်မယ်။
နိုင်ငံတွင်းမှာ လူထုရဲ့ စိတ်ဓာတ်တွေ မတည်မငြိမ် ဖြစ်နေတယ်ဆိုတော့ နိုင်ငံရေး ပြိုင်ဘက်တွေ အများကြီး ရှိနေသေးတာ သေချာတယ်။
ပြီးတော့ တာ့ကျင်းက နိုင်ငံတော် အင်အား တောင့်တင်းနေတဲ့ အချိန်ဆိုတော့ နယ်စပ်ကို ဝင်ရောက် လုယက်တာက အရင်လိုမျိုး တွက်ခြေကိုက်မှာ မဟုတ်တော့ဘူးလေ။
ကျင်းဘုရင်မင်းမြတ် သည် စဉ်းစားချင့်ချိန်ပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
ဒီလိုဆိုမှတော့ ယုတ္တိရှိသွားပြီ ...
"အင်း ... ဒါလည်း ကောင်းတာပါပဲ။ ကိုယ်တော်ကလည်း လက်ဆောင်ပြန်ပေးဖို့ လူလွှတ်မလို့ ရည်ရွယ်ထားတာပါ။ ဒီတစ်ခေါက်တော့ အမတ်ဖန်ကို ခေါင်းဆောင်ခိုင်းပြီး မင်းနဲ့အတူ ကျင်းတိုင်းပြည်ဆီ ဆွေးနွေးဖို့ လိုက်သွားခိုင်းလိုက်မယ်။ ဒါပေမဲ့ မင်း ရောက်လာပြီဆိုမှတော့ မြို့တော်ထဲမှာ ရက်အနည်းငယ်လောက် အပန်းဖြေပြီး တာ့ကျင်းရဲ့ လှပတဲ့ ရှုခင်းတွေကို များများ လေ့လာသွားပါဦးလား။"
အာလီပိုင်သည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။
သေချာသွားပြီ။ ဘုန်းတော်ကြီး ပြောတဲ့အတိုင်း တကယ်ပဲ ဖြစ်လာပြီ။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"