အခန်း (၇၅၂-၇၅၃)
Vol. 40 Ch. 752-753
အပိုင်း (၇၅၂) အာလီပိုင်ကို စတင် သိမ်းသွင်းခြင်း။
ဖန်ကျန်းရီသည် အာလီပိုင်ကို ခေါ်ဆောင်ကာ တက္ကသိုလ် အများအပြားကို ဆက်တိုက် လိုက်လံ ပြသခဲ့၏။
အရေးကြီးသော နေရာများကိုတော့ ဖန်ကျန်းရီက စကားအနည်းငယ်ဖြင့် လှည့်ပတ်ရှောင်ရှားသွားခဲ့သည်။
သို့ပေမည့် အာလီပိုင်မှာမူ မျက်စိနောက်လုမတတ် ဖြစ်နေခဲ့၏။
ဤတက္ကသိုလ်များက အကြမ်းဖျင်းအားဖြင့် ဘာလုပ်ရန်အတွက် ဆိုတာကို သူ နားလည်သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ သေချာ မသိရှိခဲ့ချေ။
သို့သော်ငြား အားလုံးက အသုံးမကျသော အရာများသာ ဖြစ်သောကြောင့် သူလည်း အများကြီး မတွေးတောတော့ပေ။
နေ့ဝက်ခန့် လည်ပတ်ပြီးနောက် သူတို့နှစ်ဦးစလုံး ပင်ပန်းလာသဖြင့် အနားယူရန် နန်းဆောင်ငယ်လေး တစ်ခုကို ရှာဖွေလိုက်ကြ၏။
ဖန်ကျန်းရီက မေးလိုက်သည်။ "ဒုတိယမင်းသား ... တစ်ပတ်လောက် လိုက်ကြည့်ပြီးတော့ အရှေ့ပိုင်း ဆင်ခြေဖုံးတက္ကသိုလ် ကို ဘယ်လို မြင်လဲ။"
အာလီပိုင်က ခေါင်းခါပြလိုက်၏။ "အမတ်မင်းဖန် ရယ်စရာ ဖြစ်သွားမှာကို မကြောက်ဘဲ ပြောရရင် တချို့ဟာတွေကို သေချာ နားမလည်ခဲ့ပါဘူး။ အယူအဆ အများကြီးက ကျုပ်နားထဲမှာ အရမ်းကို နက်နဲဆန်းကြယ်နေသလိုပဲ။ ဒီလိုဟာတွေကို သင်ယူတာက တကယ်ပဲ အသုံးဝင်လို့လား။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဒုတိယမင်းသား နားမလည်တာက ပုံမှန်ပါပဲ။ လူတွေက ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းတွေနဲ့ အကျဉ်းချုံး အတည်ပြုထားတဲ့ အတွေ့အကြုံ အားလုံးက သိပ္ပံပညာ တွေချည်းပါပဲ။ သိပ္ပံပညာက ရှင်းပြဖို့ ခက်ခဲတော့ သဘာဝကျစွာပဲ နက်နဲဆန်းကြယ်နေတာပေါ့။
တောင်တန်းမြစ်ချောင်းတွေ၊ လေ၊ မိုး၊ မိုးကြိုးနဲ့ လျှပ်စီးတွေ၊ လူ့စိတ်နဲ့ ဥပဒေတွေ အားလုံးက သိပ္ပံပညာထဲမှာ ပါဝင်ပါတယ်။ ကျုပ်တို့က သိပ္ပံပညာကနေတစ်ဆင့် အရာခပ်သိမ်းရဲ့ နိယာမတွေကို သုတေသန လုပ်မှသာ အလုပ်လုပ်ရတာ ပိုကောင်းမှာလေ။ ဒါက သဘာဝကျစွာပဲ အရမ်း အသုံးဝင်တဲ့ အကြောင်းပြချက်တွေပါပဲ။"
"အို ... သိပ္ပံပညာလား။"
အာလီပိုင်သည် မျက်ခုံးပင့်လိုက်၏။ "အမတ်မင်းဖန်ရဲ့ အဆိုအရဆိုရင် ဒီသိပ္ပံပညာ သီအိုရီက သူတော်စင်တွေရဲ့ အဆိုအမိန့်တွေကိုတောင် ကျော်လွန်နေပြီ ထင်တယ်။"
ဖန်ကျန်းရီက ညင်သာစွာ ရယ်မောလိုက်သည်။ "ခင်ဗျား အဲဒီလို ပြောချင်ရင်လည်း ကျုပ်က ကန့်ကွက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ အပြောကတော့ သူတော်စင်တွေရဲ့ အဆိုအမိန့်တွေနဲ့ တိုက်ဆိုင်သွားတယ်လို့ ပြောရမှာပေါ့။
အဲဒါကြောင့် အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ် က တာ့ကျင်းရဲ့ အရေးကြီးဆုံး လက်နက်ကြီး တစ်ခုပဲလို့ ပြောလို့ရတယ်။"
"နိုင်ငံရဲ့ အရေးကြီးဆုံး လက်နက်ကြီး ..."
အာလီပိုင်သည် ကောင်းကင်ကို ကြည့်ကာ ရည်ရွယ်ချက် ရှိရှိဖြင့်ဖြစ်စေ၊ မရှိဘဲဖြစ်စေ ပြောလိုက်၏။ "နိုင်ငံရဲ့ အရေးကြီးဆုံး လက်နက်ကြီး ဆိုမှတော့ အမတ်မင်းဖန်က ဘာဖြစ်လို့ ကျုပ်ကို အလွယ်တကူ လာကြည့်ခွင့် ပေးပြီး ဒီလောက်တောင် အများကြီး ပြောပြနေရတာလဲ။ ကျုပ် နားမလည်ဘူး။"
ဖန်ကျန်းရီက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည်။ "ဒုတိယမင်းသား ... ကျုပ်တို့ အတူတူ နေလာတာ ရက်အတော်ကြာပြီ ဆိုတော့ ခင်ဗျား သိသင့်ပါတယ်။ ကျုပ်က စိတ်ထဲမှာ ရှိတာကို အကုန်ပြောပြတတ်တဲ့ သူမျိုးပါ။
အဲဒါကြောင့် အလုပ်လုပ်တဲ့ အခါမှာလည်း ပွင့်လင်းမြင်သာမှု ရှိတယ်။ အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ် က ကျုပ်ရဲ့ ရင်ထဲမှာ အရမ်း အရေးကြီးတယ် ဆိုပေမဲ့လည်း ဖြောင့်မတ်တဲ့ လမ်းကြောင်းဖြစ်သရွေ့ ဖုံးကွယ်ထားစရာ၊ လူလုံးမပြရဲစရာ ဘာအကြောင်းမှ မရှိဘူးလေ။ ကျုပ် ပြောတာ မှန်တယ် မဟုတ်လား။"
အာလီပိုင်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ ခေါင်းညိတ်လိုက်မိ၏။
လက်ရှိ မြင်တွေ့နေရတဲ့ အခြေအနေအရ ဆိုရင်တော့ တကယ်ကို ဟုတ်နေတယ်။ ကိုယ်တိုင်ကသာ လူကောင်းတစ်ယောက်ကို အထင်လွဲနေခဲ့တာပဲ။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် 'ကောင်းတယ်' ဟု တိတ်တဆိတ် အော်ဟစ်လိုက်မိသည်။
ကြည့်ရတာ ဒီကောင်လေးက ထောင်ချောက်ထဲ ဝင်လာပြီပဲ။ ဆက်ပြီး နောက်တစ်ဆင့် ထပ်တိုးကြည့်သင့်တယ်။
"ဒုတိယမင်းသားက မြို့တော်ထဲမှာ နေတာ ဒီလောက်တောင် ကြာပြီဆိုတော့ ကြည့်သင့်တာတွေလည်း အကုန် ကြည့်ပြီးသွားပြီလေ။ ဘယ်လို ခံစားရလဲ ... ခင်ဗျားတို့ ကျင်းတိုင်းပြည်ရဲ့ မြို့တော်ထက် အများကြီး သာလွန်တယ် မဟုတ်လား။" ဖန်ကျန်းရီ၏ လေသံတွင် အနည်းငယ် ရန်စလိုသော အဓိပ္ပာယ်များ ပါဝင်နေခဲ့၏။
ဖန်ကျန်းရီ ဤသို့ ပြောသည်ကို ကြားလိုက်ရသဖြင့် အာလီပိုင်၏ ရင်ထဲတွင် ရုတ်တရက် ဒေါသမီးတောက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ငါက ဘာပဲဖြစ်ဖြစ် တာ့ကျင်းရဲ့ ဒုတိယမင်းသားလေ။ ငါ့ရှေ့မှာ ဒီလိုမျိုး ရဲရဲတင်းတင်း မေးရဲတာ တကယ်ကို ရိုင်းစိုင်းလွန်းတယ်။
"အမတ်မင်းဖန် ဒါက ဘာစကား ပြောတာလဲ။ ကျုပ်တို့ ကျင်းတိုင်းပြည်က လတ်တလောမှ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတယ် ဆိုပေမဲ့လည်း စစ်တပ်က တောင့်တင်းပြီး မြင်းတွေက သန်စွမ်းတယ်။ နိုင်ငံတော် အင်အားကလည်း တစ်နေ့တခြား တိုးတက်နေတာပဲ။ စစ်အင်အားနဲ့ မြို့တော်ကို နှိုင်းယှဉ်ရမယ် ဆိုရင်တော့ တာ့ကျင်းထက် မညံ့ပါဘူး။
ဒါ့အပြင် ခမည်းတော်က ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ် တစ်ပါးလေ။ နှစ်အနည်းငယ် အတွင်းမှာတင် ပုန်ကန်တဲ့ သူတွေကို အကုန် နှိမ်နင်းနိုင်ခဲ့တယ်။ ကျုပ်တို့ညီအစ်ကို တွေကလည်း စစ်သူကြီး အရည်အချင်းတွေ ရှိပြီး စစ်ရေးအောင်မြင်မှုတွေ မရေမတွက်နိုင်အောင် ရှိကြတယ်။"
စကားနှစ်ခွန်း ပြောပြီးချိန်တွင် အာလီပိုင်၏ မျက်နှာမှာ ရဲတွတ်နေပြီဖြစ်ပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။
"ကျွတ် ... ဒုတိယမင်းသား ပြောတာ မှန်ပါတယ်။ ကျုပ်က စကားပြော မှားသွားတာပါ။ ဟားဟား .. စိတ်မဆိုးပါနဲ့။ ကျုပ်က စကားပြောရင် ဖြောင့်ဖြောင့်တန်းတန်း ပြောတတ်တယ်ဆိုတာ ခင်ဗျားလည်း သိတာပဲလေ။" ဖန်ကျန်းရီက အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
အာလီပိုင်သည် သက်ပြင်းချလိုက်ပြီး သဘောထားကြီးဟန်ဖြင့် ပြောလိုက်၏။ "အမတ်မင်းဖန်ရဲ့ စရိုက်ကို ကျုပ် သဘာဝကျစွာပဲ ရှင်းရှင်းလင်းလင်း သိပါတယ်။ ကိစ္စမရှိပါဘူး။"
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ တဟားဟား ရယ်မောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့။ ဒါပေမဲ့ ခုနက ဒုတိယမင်းသား ပြောတာ ကြားလိုက်တယ်။ ညီအစ်ကိုတွေ အားလုံးက စစ်သူကြီး အရည်အချင်းတွေ ရှိပြီး စစ်ရေးအောင်မြင်မှုတွေ အများကြီး ရှိတယ်ဆိုတော့။ ညီအစ်ကိုတွေက ဒီလောက်တောင် တော်နေမှတော့ ဒုတိယမင်းသားက ဒုတိယနေရာမှာ ရှိနေတာဆိုတော့ သေချာပေါက် ပိုပြီး တော်မှာပေါ့။
ကျုပ်က ကျင်းယီဝေမှာ တာဝန်ထမ်းဆောင်နေတယ် ဆိုပေမဲ့ တကယ်တော့ စာပေပညာရှင် တစ်ယောက်ပါ။ စစ်ရေးစစ်ရာတွေကို နားမလည်ပါဘူး။ ဒီကိစ္စတွေကိုလည်း အရမ်း သိချင်နေတာပါ။
ဒုတိယမင်းသားက ဒီလောက် ကြီးလေးတဲ့ တာဝန်ကို ပေးအပ်ခံရတာဆိုတော့ ကျင်းတိုင်းပြည်မှာ သေချာပေါက် ထူးခြားတဲ့ အရည်အချင်းတွေ ရှိမှာပဲ။ ကျုပ်ကို ပြောပြလို့ ရမလား ... ဘယ်လို ထူးချွန်တဲ့ အောင်မြင်မှုတွေ ရှိခဲ့လဲ ဆိုတာကိုလေ။"
အာလီပိုင်၏ ခေါင်းထဲတွင် ဇဝေဇဝါ ဖြစ်သွားပြီး ... ဗလာကျင်းသွားတော့၏။
ကိုယ်ရည်ကိုယ်သွေးက ဓားနဲ့ အပြင်းအထန် အခုတ်ခံလိုက်ရသလိုပဲ၊ စိတ်ဓာတ်တွေတောင် ပြိုလဲလုမတတ် ဖြစ်သွားပြီ။
စစ်ရေးအောင်မြင်မှု ... အစ်ကိုကြီးနဲ့ တခြား ညီငယ်တွေက တကယ်ကို တိုက်ရည်ခိုက်ရည် ကောင်းကြပေမဲ့ ကိုယ်တိုင်ကတော့ တကယ်ကို ဘာစစ်ရေးအောင်မြင်မှုမှ မရှိခဲ့ဘူး။
တစ်ခါတလေ စစ်တပ်ကို ဦးဆောင်ဖူးပေမဲ့ ခွန်အားမရှိလို့ မြင်းပေါ်က ပြုတ်ကျပြီး စစ်ပွဲ တစ်ပွဲတောင် မတိုက်လိုက်ရဘူးလေ။
အဲဒါကြောင့်လည်း ခမည်းတော် ဝူထူဆီကနေ ဘယ်တော့မှ မျက်နှာသာပေးမှုကို မရခဲ့တာ။
အခု ဖန်ကျန်းရီက ဒီလိုမေးလာတော့ ဘယ်လို ဖြေရမလဲ။
ဖြေမယ်ဆိုရင်လည်း တကယ်ကို ပြောစရာ ဘာမှမရှိဘူး။ မဖြေဘူးဆိုရင်လည်း မျက်နှာကို ဘယ်နား သွားထားရမလဲ။
သေချင်စရာပဲ။ ကောင်းကောင်းမွန်မွန် စကားပြောနေရင်းနဲ့ သူက ဘာဖြစ်လို့ ဒီလို မေးခွန်းမျိုးကို အတင်း မေးနေရတာလဲ။
မိနစ်အနည်းငယ်ကြာအောင် အောင့်အည်းနေပြီးနောက် အာလီပိုင်သည် မျက်နှာရဲရဲဖြင့် ပြောလိုက်၏။ "ကျုပ်က သဘာဝကျစွာပဲ စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်တတ်ပါတယ်။ ဒါပေမဲ့ ဒါက ကျုပ်ရဲ့ ကျွမ်းကျင်မှု မဟုတ်ဘူးလေ။
အမတ်မင်းဖန်လည်း သိလောက်ပါတယ်။ ကျုပ်က စကားပြော သိပ်မကျွမ်းကျင်ဘူး၊ ဒါပေမဲ့ စာဖတ်ရတာကို ဝါသနာပါတယ်။ ခင်ဗျားတို့ အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ် ရဲ့ အခေါ်အဝေါ် အရဆိုရင်တော့ ကျုပ်က ဝိဇ္ဇာဘာသာရပ် ကို ပိုပြီး ကျွမ်းကျင်တယ်လို့ ဆိုရမှာပေါ့ ..."
အာလီပိုင်၏ စကားပြောသံမှာ တဖြည်းဖြည်း တိုးဝင်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် စကားတစ်ခွန်းကိုတော့ အဆုံးသတ်အောင် ပြောနိုင်ခဲ့သည်။
ဖန်ကျန်းရီသည် သူ့အား တိတ်တဆိတ် အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
မင်းရဲ့ စောက်ရုပ်ကို ကြည့်စမ်းပါအုံး။ ဝိဇ္ဇာဘာသာရပ် ကို ကျွမ်းကျင်တယ် ဟုတ်လား၊ မင်း ကျွမ်းကျင်တာက ယီးဟေ့ … ယီး။
လည်ပင်းတွေတောင် ကြီးထွက်လာပြီပဲ။ တကယ့်ကို အမှိုက်ကောင်ပဲ။ ထူးခြားတဲ့ အရည်အချင်း တစ်ခုလေးတောင် မရှိဘူးဆိုတာ တစ်ခါ စမ်းကြည့်လိုက်တာနဲ့ သိသာသွားပြီ။
ကျင်းတိုင်းပြည်က ဘာဖြစ်လို့ ဒီအမှိုက်ကောင်ကို လွှတ်လိုက်လဲ မသိဘူး။ နိုင်ငံတွင်းမှာ သင့်တော်တဲ့ လူမရှိတော့လို့လား။ ဒါမှမဟုတ် သူ ရိုးသားတာလေး တစ်ခုတည်းကိုပဲ အားကိုးပြီး လွှတ်လိုက်တာလား။
မဖြစ်နိုင်ပါဘူး။
"အို ..."
ဖန်ကျန်းရီသည် နားလည်ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်၏။ "ဒါကြောင့်ကိုး။ ဒုတိယမင်းသားက သိုင်းပညာမှာ မကျွမ်းကျင်ဘူး ဆိုတာကို ကျုပ် နားလည်ပါပြီ။"
"ဟက် ... ဟုတ် ... ဟုတ်ပါတယ်။" အာလီပိုင်သည် ရှက်ရွံ့စွာဖြင့် စကားနှစ်ခွန်း ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ကျုပ်တို့နိုင်ငံရဲ့ အိမ်ရှေ့စံနဲ့ အတော်လေး တူညီမှုတွေ အများကြီး ရှိတာပဲ။ သူကလည်း ဝိဇ္ဇာဘာသာရပ် ဘက်ကို ပိုအားသန်တယ်။ စာဖတ်ရတာ၊ ပြဇာတ်ကြည့်ရတာ၊ တွေးတောရတာကို သဘောကျတယ်။"
"တကယ်လား။"
အာလီပိုင်၏ မျက်လုံးများ အရောင်တောက်သွားပြီး အသက်ကယ်ကောက်ရိုး တစ်မျှင်ကို ဖမ်းဆုပ်လိုက်ရသကဲ့သို့ ဖြစ်သွား၏။
"အင်းအင်းအင်း ... အတူတူလောက်ပါပဲ။ ဝါသနာတွေလည်း တူတယ်။ ပြီးတော့ သူလည်း ကိုယ်တိုင်ကိုယ်ကျ စစ်မတိုက်ဖူးဘူးလေ။"
အာလီပိုင်၏ ရင်ထဲတွင် ချက်ချင်း သက်ပြင်းချနိုင်သွားခဲ့သည်။ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်သွားပြီလို့ ခံစားလိုက်ရသည်။
တာ့ကျင်းရဲ့ အိမ်ရှေ့စံကို ဒီလောက် အချိန်အကြာကြီး မတွေ့ခဲ့ရတာ မဆန်းပဘူး။ သူက အသုံးမကျတဲ့သူ တစ်ယောက် ဖြစ်နေပြီး ဘာအရေးကြီးတဲ့ အလုပ်မှ မရှိဘူးကိုး။
အာလီပိုင်က ဆက်မေးလိုက်၏။ "အဲဒါဆိုရင် ... အမတ်မင်းဖန် အမြင်မှာ ကျုပ်နဲ့ ခင်ဗျားတို့ နိုင်ငံရဲ့ အိမ်ရှေ့စံနဲ့ ယှဉ်ရင် ဘယ်သူက ပိုသာလဲ မသိဘူး။"
ဖန်ကျန်းရီ၏ မျက်နှာထက်တွင် အနည်းငယ် ခက်ခဲနေသော အမူအရာ ပေါ်ထွက်လာသည်။ "ဒါက သိပ်မကောင်းဘူး ထင်တယ်။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ အဆင့်အတန်း အရဆိုရင် ကျုပ်က ဝေဖန်ဖို့ သိပ်မသင့်တော်ဘူး ထင်တယ်။"
အာလီပိုင်သည် ဖန်ကျန်းရီ၏ မျက်နှာကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ရာ ရင်ထဲတွင် အလွန်အမင်း ဝမ်းသာသွားခဲ့၏။
ကြည့်ရတာ တာ့ကျင်းရဲ့ အိမ်ရှေ့စံက သာမန် အဆင့်လောက်တောင် မရှိဘူး ထင်တယ်။ လူလုံးမပြရဲတဲ့ အရာဆိုတော့ ငါက သေချာပေါက် ယှဉ်ကြည့်ရမှာပေါ့။
"ပြောပါ။ ပြောသာပြောပါ။ အမတ်မင်းဖန်က ကျုပ်ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးပဲ။"
ကောင်းပြီ၊ စပြီး တက်ကြွလာပြီပဲ ... ဖန်ကျန်းရီ၏ ရင်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိသည်။
ဖန်ကျန်းရီသည် ရင်ထဲတွင် တိတ်တဆိတ် ရယ်မောနေသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်မှု အပြည့်ဖြင့် ပြန်လည် ဖြစ်ပေါ်လာခဲ့၏။ "ဒုတိယမင်းသား ... ကျုပ်က စကားပြောရင် နားထောင်လို့ သိပ်မကောင်းဘူး။ အဲဒါကြောင့် တခြား လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာဆိုရင် ကျုပ်က သိပ်ပြီး စကားမပြောရဲဘူး။ ဒါပေမဲ့ ခင်ဗျားက မေးလာပြီဆိုမှတော့ ကျုပ်က အလွယ်တကူ စကားနှစ်ခွန်းလောက်တော့ ဖြေလိုက်ပါ့မယ်။ ဒါပေမဲ့ တစ်ချက်တော့ ရှိတယ် ... ခင်ဗျား လုံးဝ အပြင်မှာ လျှောက်မပြောရဘူးနော်။ မဟုတ်ရင် ကျုပ် နေလို့ရမှာ မဟုတ်တော့ဘူး။"
ကြည့်ရတာ တာ့ကျင်းရဲ့ အိမ်ရှေ့စံက သာမန်ထက်တောင် ပိုပြီး ဆိုးရွားနေပုံရတယ်။ အာလီပိုင်၏ ရင်ထဲတွင် အလွန်အမင်း ဝမ်းသာနေခဲ့၏။
"လုံးဝ အပြင်မှာ လျှောက်မပြောပါဘူး။"
ဖန်ကျန်းရီသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ "ကောင်းပြီ။ ဒါဆို ကျုပ် ပြောပြီနော်။ ကျုပ် အမြင်မှာတော့ ကျုပ်တို့ တိုင်းပြည်ရဲ့ အိမ်ရှေ့စံက အနာဂတ်ရဲ့ ဉာဏ်ပညာကြီးမားတဲ့ ဧကရာဇ် တစ်ပါးပဲ။ တက်ကြွတယ်၊ သွက်လက်တယ်၊ သဘောထား ပြည့်ဝတယ်။ အရပ်သားတွေကို သားသမီးလို ချစ်မြတ်နိုးတယ်။ စာပေရော၊ သိုင်းပညာမှာပါ ထူးချွန်တယ်။"
"..." အာလီပိုင်မှာ ချက်ချင်းပင် မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့ရ၏။
ကြည့်ရတာ ဖန်ကျန်းရီက ဘယ်လောက်ပဲ ပွင့်လင်းမြင်သာတဲ့ စရိုက်ရှိတယ် ဆိုဆို နောက်ကွယ်မှာ အိမ်ရှေ့စံရဲ့ မကောင်းကြောင်းကို မပြောရဲဘူး ထင်တယ်။ ငါ တွေးတာ များသွားတာပဲ။
ဒါပေမဲ့ ဒါလည်း ကောင်းတာပါပဲ။ ငါ့အတွက် ချီးကျူးစကား နှစ်ခွန်းလောက် ကြားရရင်လည်း အဆင်ပြေပါတယ်။
"ဒါဆို အမတ်မင်းဖန်က ကျုပ်ကိုရော ဘယ်လို မြင်လဲ။"
"ခင်ဗျားက အမှိုက်လိုလူပဲ။"
"……."
အပိုင်း (၇၅၃) ဒုတိယခင်ဗျား သားကို ဒေါသတကြီး ဆဲဆိုခြင်း။
"ခင်ဗျား ကျုပ်ကို ဆဲရဲတယ်ပေါ့လေ။"
အာလီပိုင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အလွန်အခင်ဗျား ဒေါသထွက်နေခဲ့ပြီ ဖြစ်၏။
အတွေးပေါင်းများစွာ တွေးတောခဲ့သော်လည်း ဖန်ကျန်းရီက ပါးစပ်ဖွင့်လိုက်သည်နှင့် သူ့ကို ဆဲဆိုလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် ဆဲဆိုလိုက်သည်မှာလည်း အလွန် နားထောင်ရဆိုးလွန်းလှသည်။
သူက ပွင့်လင်းမြင်သာသည့် စရိုက်ရှိသည် ဆိုလျှင်တောင် အာလီပိုင်က လက်မခံနိုင်တော့ပေ။
ဖန်ကျန်းရီ၏ ရင်ထဲတွင် တိတ်တဆိတ် ရယ်မောနေသော်လည်း မျက်နှာအမူအရာကမူ တည်ငြိမ်နေဆဲပင်။ "ဟုတ်တယ်။ ကျုပ်က ဆဲလိုက်တော့ရော ဘာဖြစ်လဲ။ ကျုပ်တို့ အတူတူ နေလာတာ ရက်အနည်းငယ် ရှိပြီဆိုတော့ ခင်ဗျားက ဘယ်လို လူစားမျိုးလဲဆိုတာကို ကျုပ် ရင်ထဲမှာ အကဲခတ်ပြီးသားပါ။ ကျုပ် အမြင်မှာတော့ ခင်ဗျားက အမှိုက်ကောင်ပဲ။ အစကနေ အဆုံးထိ အမှိုက်ကောင် စစ်စစ်ကြီးပဲ။"
ခင်ဗျား ဆက်ပြောရဲသေးတယ်ပေါ့။
ဒေါသကြောင့် အာလီပိုင်၏ သွားများမှာ တဂတ်ဂတ် ရိုက်နေပြီး တစ်ကိုယ်လုံး အမြင့်ဆုံး အခြေအနေထိ တုန်ယင်နေခဲ့၏။ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဖန်ကျန်းရီအား တည့်တည့်စိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။ "ဖန်ကျန်းရီ ... ကျုပ်က ကျင်း တော်ဝင်မိသားစုဝင် တစ်ယောက်လေ။ ခင်ဗျား ကျုပ်ကို စော်ကားရဲတယ်ပေါ့။"
ဖန်ကျန်းရီ၏ အကြည့်များက သူ့ထံသို့ တိုက်ရိုက် ဦးတည်သွားပြီး အနည်းငယ်မျှ ရှောင်ဖယ်ခြင်း မရှိချေ။
ဒီကောင်လေး အာလီပိုင်က သာမန်လူတွေထက် အရပ်ပိုရှည်ပြီး တောင့်တင်းတယ် ဆိုပေမဲ့ သူကလည်း မညံ့ဘူး။ အိမ်မှာ ကျန်းပြောင်က ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ဖို့ လမ်းညွှန်ပေးထားတာလေ။
အခုဆိုရင် သူလည်း ကြွက်သားတွေ အပြည့်အဝ ရှိနေပြီး ရန်ဖြစ်တဲ့ အတွေ့အကြုံလည်း အများကြီး ရှိတော့ တကယ် မကြောက်ဘူး။ သူကသာ ကိုယ်ထိလက်ရောက် ကျူးလွန်ရဲရင် ရိုက်ပြီးမှ အကြောင်းပြချက် ပေးလိုက်မယ်။
"ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ ပညာရေးက တခြားသူတွေကို ခင်ဗျားက တော်ဝင်မိသားစုဝင် တစ်ယောက်ပါလို့ နေရာတကာ လိုက်ကြွားဖို့ပဲ သင်ပေးခဲ့တာလား။ တစ်ခါမှ မပါဝင်ဖူးတဲ့ အောင်မြင်မှုတွေ အကြောင်းကို ပါးစပ်ကနေ ပြောနေတာက ခင်ဗျားကို ချက်ချင်း ဂုဏ်ယူသွားစေတာလား။
မျိုးနွယ်စု နှစ်ဆယ့်ခြောက်ခုကို ပေါင်းစည်းပြီး မြောက်ရော တောင်ပါ တိုက်ခိုက်ခဲ့တာက ခင်ဗျားရဲ့ လုပ်ဆောင်ချက်လား။ ခင်ဗျား အဖေနဲ့ ညီအစ်ကိုတွေက ခင်ဗျား စစ်တိုက်တာကို အားကိုးပြီး ကျင်းတိုင်းပြည်ကို တည်ထောင်ခဲ့တာလား။
ကျုပ် ရှေ့မှာ လာပြီး ရန်လိုပြနေတယ်။ ခင်ဗျား ဘယ်လောက် ဂုဏ်ယူလဲဆိုတာ၊ ကျင်းတိုင်းပြည်က ဘယ်လောက် ခွန်အားကြီးလဲ ဆိုတာကို လာပြနေတယ်။ ဒီအရာတွေက ခင်ဗျား နဲ့ ပြားတစ်ပြားဖိုး လောက်တောင် သက်ဆိုင်လို့လား။ ဒီအမှိုက်ကောင်။
ခင်ဗျားက မြက်ခင်းပြင်ပေါ်က သူရဲကောင်းတွေထဲက တစ်ယောက်လား။ ဒါမှမဟုတ် ခင်ဗျားမှာ တခြားသူတွေ အာရုံစိုက်လောက်တဲ့ အောင်မြင်မှုတွေ ရှိလို့လား။ မရှိပါဘူး။ ခင်ဗျားက ဘာမှမဟုတ်ဘူး။
တော်ဝင်မိသားစု ဖြစ်တော့ရော ဘာဖြစ်လဲ။ အဲဒီလူတွေ မွေးရာပါ ပိုင်ဆိုင်လာတဲ့ အရာတွေက ဘယ်တော့မှ ဂုဏ်ယူစရာ မကောင်းဘူး။ ခင်ဗျားရဲ့ အဆင့်အတန်း၊ ခင်ဗျားရဲ့ နိုင်ငံတော် အောင်မြင်မှု တွေကလည်း အတူတူပါပဲ။
ခင်ဗျား ဒီလို လုပ်ရတာကို သဘောကျနေတာက ခင်ဗျား ကိုယ်တိုင်က ဘာအကျိုးပြုမှု တန်ဖိုးမှ မရှိလို့ပဲ။ ခင်ဗျားမှာ အစကနေ အဆုံးထိ ဂုဏ်ယူစရာ ကောင်းတဲ့ အချက် တစ်ချက်လေးတောင် မရှိဘူး။ တကယ်ကို သနားစရာ ကောင်းလွန်းတယ်။
ရှေးခေတ်ကတည်းက နိုင်ငံကို စိုးရိမ်ပူပန်တဲ့ ပညာရှိတွေ အားလုံးက ထာဝရ ဝမ်းနည်းကြေကွဲရတဲ့ သူတွေချည်းပဲ။ ခင်ဗျားကျတော့ လေလုံးပဲထွားတတ်တယ်။”
"ခင်ဗျား ဆက်ဆဲစမ်း။" အာလီပိုင်၏ စိတ်ဓာတ်များ ပြိုလဲသွားပြီး သွားဖြီးလျက် ဖန်ကျန်းရီထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာခဲ့၏။
ဖန်ကျန်းရီသည် ပါးစပ်ကနေ အဆက်မပြတ် ပြောဆိုနေသော်လည်း အကြည့်များကမူ အာလီပိုင်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။
သူ လှုပ်ရှားလိုက်သည်နှင့် ဖန်ကျန်းရီက အရင်ဦးဆုံး လှုပ်ရှားလိုက်ပြီ ဖြစ်၏။
ခြေထောက်ဖြင့် တစ်ချက် တားလိုက်သည်။ အာလီပိုင်မှာ ယိမ်းယိုင်သွားပြီးနောက် လက်နှစ်ဖက်ကို လျင်မြန်စွာ ဖမ်းဆုပ်ကာ နောက်သို့ လိမ်ချိုးပြီး ကျောက်စားပွဲပေါ်သို့ ဖိချလိုက်သည်။
ပါးစပ်မှလည်း အလျှော့မပေးဘဲ ဆက်ပြောနေခဲ့၏။ "ဟဲဟဲ ... ဒီလောက် အရည်အချင်းလေးနဲ့များ ကျုပ်ကို လာယှဉ်ရဲသေးတယ်ပေါ့။ ကျုပ် တခြားသူတွေနဲ့ ရန်ဖြစ်နေတဲ့အချိန်မှာ ခင်ဗျား က စောင်ခြုံထဲမှာ အာသာဖြေနေတုန်းပဲ ရှိအုံးမယ်။"
လက်နှစ်ဖက်စလုံး အားပြု၍ မရတော့သဖြင့် အာလီပိုင်၏ ရင်ထဲတွင် ဝမ်းနည်းကြေကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အစောကတည်းက သိခဲ့လျှင် အစောင့်တစ်ယောက် ခေါ်လာခဲ့သင့်သည်။
သို့ပေမည့် သူ၏ ပါးစပ်မှ အဆက်မပြတ် ဆဲဆိုနေဆဲဖြစ်ပြီး ဖန်ကျန်းရီ၏ ပြင်းထန်သော စကားလုံးများကလည်း သူ၏ နားထဲသို့ အဆက်မပြတ် ဝင်ရောက်နေခဲ့၏။
"ခင်ဗျားရဲ့ အပြုအမူကို ကြည့်စမ်းပါဦး။ ကြီးပြင်းမလာနိုင်တဲ့ ကလေးလေး တစ်ယောက်လိုပဲ။ တခြားစကားနဲ့ ပြောရရင် ကလေးကြီး ပေါ့။ ဒီလောကမှာ ကလေးကြီး ထက် ပိုပြီး အရုပ်ဆိုး အကျည်းတန်ပြီး ရွံစရာကောင်းတဲ့ အရာ မရှိတော့ဘူး။ ကလေးကြီး ဆိုတာ လုံးဝ အသုံးမကျဘူး။ ကြီးပြင်းမလာနိုင်တဲ့ လူတစ်ယောက်မှာ သူ့ရဲ့ ကိုယ်ပိုင် ဘဝအဓိပ္ပာယ် ဆိုတာ မရှိဘူး။ ကျင်းတိုင်းပြည် တော်ဝင်မိသားစုဝင် ဆိုတဲ့ အဆင့်အတန်းက ခင်ဗျား နဲ့ ပေါင်းစပ်သွားတော့ ပိုပြီးတောင် သနားစရာ ကောင်းသေးတယ်။
ဆင်းရဲဒုက္ခ ဆိုတာက လူတစ်ယောက် ဖြစ်လာရင် မဖြစ်မနေ ဖြတ်သန်းရမယ့် လမ်းကြောင်းပဲ။ ဒါပေမဲ့ ခင်ဗျား ကတော့ အမှိုက်ကောင် တစ်ကောင် အဖြစ် စိတ်အေးလက်အေး နေနိုင်တယ်။
ကျုပ်ခန့်မှန်းရသလောက်ဆိုရင် ကျုပ်နဲ့ မတွေ့ခင်က ခင်ဗျား ရဲ့ ဘဝကလည်း ခွေးချေး တစ်ပုံလိုပဲ ဖြစ်ရမယ်။ မဟုတ်ရင် တာ့ကျင်းကို လက်ဆောင်လာပေးရုံ သတ်သတ်ဖြစ်တဲ့ ဒီလို ရိုးရှင်းတဲ့ တာဝန်မျိုးကို ဘာဖြစ်လို့ မင်းသား တစ်ပါးကို လွှတ်လိုက်ရတာလဲ။ ဒါက ခင်ဗျား ကျင်းတိုင်းပြည်မှာ လုံးဝ နေရာမရဘူး ဆိုတာကို လုံလောက်စွာ သက်သေပြနေတာပဲ။"
"ကျုပ်ကို လွှတ်။ ကျုပ်ကို လွှတ်။ ကျုပ် ခင်ဗျား ကို သတ်မယ် ..." အာလီပိုင်သည် အားကိုးရာမဲ့စွာဖြင့် အော်ဟစ်နေသော်လည်း ဖန်ကျန်းရီ၏ ခွန်အားက သူထက် ပိုကြီးမားနေသဖြင့် ရုန်းထွက်၍ မရနိုင်ပေ။
ဤပြင်းထန်သော စကားလုံး တစ်ခွန်းချင်းစီက လှံစွပ်များပမာ အာလီပိုင်၏ ရင်ထဲသို့ အဆက်မပြတ် ထိုးစိုက် ဝင်ရောက်နေခဲ့၏။
သူ၏ ကိုယ်ရည်ကိုယ်သွေးမှာ လုံးဝ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
အာလီပိုင်၏ ရုန်းကန်မှု အားများ လျော့နည်းသွားသည်ကို ခံစားလိုက်ရသဖြင့် ဖန်ကျန်းရီ၏ ရင်ထဲတွင် ဝမ်းသာသွားကာ သံပူတုန်း ရိုက်သည့်အနေဖြင့် ဆက်လက်၍ ဆဲဆိုလိုက်၏။
"ခင်ဗျားက သာမန်လူ တစ်ယောက်၊ ရည်မှန်းချက် မရှိဘူး။ စကားနှစ်ခွန်းလောက် ပြောလိုက်တာနဲ့ ဒေါသထွက်တယ်။ အလုပ်လုပ်ရင်လည်း တိရစ္ဆာန် တစ်ကောင်လိုပဲ စည်းမျဉ်းစည်းကမ်း မရှိဘူး။
အရာအားလုံး အပေါ်မှာ သတိထားနေတယ်။ ခင်ဗျား အဲဒီလို လုပ်နေတာကို ကျုပ်မမြင်ဘူးလို့ ထင်နေတာလား။ ဒါက ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာကို ပြသနေတာပဲ။ ခင်ဗျားရဲ့ ဒီလို သဘောထားက တခြားသူတွေ အတွက်ရော၊ ခင်ဗျား ကိုယ်တိုင် အတွက်ပါ လုံးဝ အသုံးမဝင်ဘူး။
အကယ်၍ ခင်ဗျားက တော်ဝင်မိသားစုမှာသာ မွေးမလာခဲ့ရင် ခင်ဗျား မှာ အဖော်အဖြစ် မိန်းမတစ်ယောက်တောင် ရှိဖို့ မထိုက်တန်ဘူး။ ဘယ်မိန်းမကမှ ခင်ဗျားလို ပျော့ညံ့တဲ့ ကောင်နဲ့ အတူတူ မနေချင်ဘူး။ ခင်ဗျား ကံကောင်းလို့ မိန်းမရသွားရင်တောင် မွေးလာတဲ့ ကလေးက ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခင်ဗျားရဲ့ ကလေး မဟုတ်နိုင်ဘူး။ ခင်ဗျားရဲ့ ကလေး ဖြစ်ခဲ့ရင်တောင် ကလေး ကြီးလာရင် ခင်ဗျား ကို ရင်ထဲကနေ အထင်အမြင်သေးနေလိမ့်မယ်။
တကယ်ကို သနားစရာ ကောင်းတာပဲ။ ခင်ဗျား ဆီမှာ ယောကျာ်းပီသတဲ့ စိတ်ဓာတ် တစ်စက်လေးတောင် ကျုပ်မမြင်ရဘူး။"
"ကျုပ်ကို လွှတ် ... ကျုပ်ကို လွှတ် ..." အာလီပိုင်သည် အားကိုးရာမဲ့စွာဖြင့် ရုန်းကန်နေရင်း မျက်ရည်များက မျက်ထောင့်မှ ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။
ဖန်ကျန်းရီသည် ရုန်းကန်အား သိပ်မပြင်းထန်တော့သည်ကို ခံစားလိုက်ရသဖြင့် သူ့အား ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ အကွာအဝေး တစ်ခု ထားရှိလိုက်သည်။
အာလီပိုင်သည် တိုက်ခိုက်ရန် လက်လျှော့လိုက်ပြီ ဖြစ်ပြီး စားပွဲဘေးရှိ ကျောက်ခုံပေါ်တွင် ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ထိုင်နေခဲ့၏။ ဖန်ကျန်းရီမှာမူ ပါးစပ်မှ အဆက်မပြတ် ပြောဆိုနေဆဲပင်။
"အရည်အချင်း မရှိတာက ထားလိုက်ပါတော့။ အမြော်အမြင်ကလည်း တိုတောင်းသေးတယ်။ ဒီအရှေ့ပိုင်း ဆင်ခြေဖုံးတက္ကသိုလ် က ဘာအသုံးဝင်လဲလို့ ကျုပ်ကို လာမေးတယ်။ ဒါကိုတောင် ခင်ဗျား မမြင်နိုင်ဘူးလား။
အကယ်၍ ဘုန်းတော်ကြီး ဖါးပါးသာ ဆိုရင် သူက ကျုပ်ကို တစ်ခွန်းတောင် ပိုမေးမှာ မဟုတ်ဘူး။ နိုင်ငံကို ပြန်ရောက်တာနဲ့ ချက်ချင်း အတုယူပြီး ကျင်းတိုင်းပြည် ဧကရာဇ်ဆီမှာ တက္ကသိုလ် တစ်ခု ဖွင့်ဖို့ အကြံပြုလိမ့်မယ်။
ဖါးပါး ဆိုတဲ့ လူကလေ ... ကျုပ်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ သူက စိတ်ထား အရမ်းလေးနက်ပြီး တွေးတာ အများကြီးပဲ။ အရင်တုန်းက သူ တာ့ကျင်းကို လာတုန်းက ကျုပ် သူ့ကို အလွယ်တကူ စကားတစ်ခွန်း ပြောလိုက်တာပဲ ရှိတယ်။ အရပ်သားတွေကို ပြဇာတ်ကောင်းတွေ များများကြည့်ခိုင်းပြီး စိတ်ဓာတ်တွေ မွေးမြူပေးဖို့လေ။ သူက တကယ်ပဲ တိတ်တဆိတ် ပြန်သွားပြီး အဲဒီအတိုင်း လုပ်ခဲ့တယ်။ ဒါက လူတွေရဲ့ ကွာခြားချက်ပဲ။ ဒုတိယမင်းသား နားလည်ပြီလား။"
ဤစကား ဆုံးသွားသည်နှင့် ရုတ်တရက် ရှိုက်ငိုသံတစ်ခုက ဖန်ကျန်းရီ၏ နားထဲသို့ ရောက်ရှိလာခဲ့၏။
ဖန်ကျန်းရီမှာ ရယ်မောလုမတတ် ဖြစ်သွားသည်။
ငိုနေတာလား။ ဒေါသထွက်ပြီး ငိုနေတာလား။ မင်းရဲ့ အသုံးမကျပုံကို ကြည့်စမ်းပါအုံး။
သို့ပေမည့် ဤအခြေအနေအရဆိုလျှင် ရန်ဖြစ်ရန် မဖြစ်နိုင်တော့ပေ။ ဖန်ကျန်းရီသည် အာလီပိုင်၏ ဘေးတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်၏။
အာလီပိုင်သည် တိတ်တဆိတ် မျက်ရည်ကျနေဆဲပင် ...
"ဒုတိယမင်းသား ... ခင်ဗျား ရင်ထဲမှာ ခံစားရခက်နေတယ် ဆိုတာကို ကျုပ် သိပါတယ်။ လူတွေက အမှန်တရားကို နားထောင်ရတာ မကြိုက်ကြဘူးလေ။ လူ့သဘာဝက ဒီလိုပါပဲ။"
ဖန်ကျန်းရီက ခပ်တိုးတိုး ပြောလိုက်သည်။ "ဒီနေ့ ကျုပ်ပြောတဲ့ စကားတွေက တကယ်ကို နည်းနည်း ပြင်းထန်သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်က ဘယ်လိုလူလဲဆိုတာကို ခင်ဗျား သိပါတယ်။ ကျုပ်က စိတ်ထဲက စကားတွေကို မပြောရရင် မနေနိုင်ဘူးလေ။ နောက်တစ်ခုကလည်း ကိုယ်ချင်းစာလို့ပါ။ ကျုပ် ဖန်ကျန်းရီလည်း အရင်တုန်းက ဒီလို လူမျိုးတစ်ယောက် ဖြစ်ခဲ့တယ်။
ကျုပ်က ခင်ဗျားထက် အသက်နည်းနည်း ပိုကြီးတယ်။ ပြီးတော့ အိမ်ရှေ့စံရဲ့ ဆရာလည်း ဖြစ်ခဲ့ဖူးတော့ အခု ခင်ဗျားရဲ့ အခြေအနေကို မြင်ရတော့ တကယ်ကို မနေနိုင်တော့လို့ပါ။ တောင်းပန်ပါတယ်။"
အာလီပိုင်သည် အသံမထွက်ဘဲ ခေါင်းငုံ့နေခဲ့၏။
ဖန်ကျန်းရီကလည်း ဂရုမစိုက်ဘဲ သူ့ဟာသူ ဆက်ပြောနေခဲ့သည်။ "အကယ်၍ ဒုတိယမင်းသား နားထောင်ချင်တယ်ဆိုရင် ကျုပ်ရဲ့ ဇာတ်လမ်းကို ခင်ဗျားကို ပြောပြလို့ ရပါတယ်။ ကျုပ်လည်း အရင်တုန်းက ဘာအောင်မြင်မှုမှ မရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ကျုပ်က လူငယ်လေးပဲ ရှိသေးတယ်။ ကျုပ် ဘယ်သူလဲ ဆိုတာကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘူး။ မူလက မြို့တော်မှာ အားလပ်တဲ့ ရာထူးလေး တစ်ခုရပြီး တစ်သက်လုံး လွတ်လွတ်လပ်လပ် နေသွားဖို့ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့ ကံကြမ္မာက အပြောင်းအလဲ များတော့ ခရိုင်ဝန်ဆိုတဲ့ ကြီးလေးတဲ့ တာဝန်ကြီးက ရုတ်တရက် ကျုပ်ခေါင်းပေါ်ကို ကျလာခဲ့တယ်။
မရေမတွက်နိုင်တဲ့ အရပ်သားတွေရဲ့ မျှော်လင့်ချက်တွေက ကျုပ်အပေါ် ကျရောက်လာတယ်။ အဲဒါက ရှောင်လွှဲလို့ မရနိုင်တဲ့ တာဝန်ယူမှု တစ်ခုပဲ။ ကျုပ်လည်း သူတို့ကို ဦးဆောင်ပြီး ခက်ခဲကြမ်းတမ်းမှုတွေ၊ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရတယ်။ လူဆိုတာ ဒီလိုပဲ တစ်လှမ်းချင်းစီ ဖြတ်သန်းလာခဲ့ရတာပဲ။ ကံကောင်းလို့ အောင်မြင်မှု တချို့ ရခဲ့ပြီး အရပ်သားတွေရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ အဲဒီအချိန်ကျမှ လူတစ်ယောက်ရဲ့ ဘဝကို ဒီလို ဖြတ်သန်းသင့်တယ်ဆိုတာကို ကျုပ် သိလာရတယ်။ အတိတ်ကို ပြန်တွေးကြည့်တဲ့ အခါတိုင်း ..."
အာလီပိုင်သည် နှပ်တစ်ချက် ညှစ်ထုတ်လိုက်ပြီး သူ့အား မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ကာ အကြည့်များကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းပြီး ခေါင်းဆက်ငုံ့နေခဲ့၏။