အခန်း (၇၅၆-၇၅၇)
Vol. 40 Ch. 756-757
အပိုင်း (၇၅၆) အာလီပိုင်ကို ဆက်လက်စည်းရုံးခြင်း။
နှစ်ရက်တာအချိန်သည် အလွန်မြန်ဆန်စွာ ကုန်လွန်သွားခဲ့၏။
နံနက်စောစောတွင် မြင်းလှည်းတန်းသည် မြို့တံခါးဝ၌ စုရုံးနေကြပြီဖြစ်သည်။
ချူချင်ဟန် ညီအစ်မသည် စောစီးစွာ ရောက်ရှိနေသော်လည်း မိန်းမသားများဖြစ်သောကြောင့် အပြင်ဘက်တွင် နေရန် အဆင်မပြေပေ။ သို့အတွက် မြင်းလှည်းအတွင်း၌ ဝင်ရောက်စောင့်ဆိုင်းနေကြ၏။
အာလီပိုင်သည် စိတ်လေလွင့်နေသည့်ဟန်ရှိပြီး ကြည့်ရသည်မှာ စိတ်အားထက်သန်မှု သိပ်မရှိလှချေ။
ဤရက်ပိုင်းအတွင်း ဖန်ကျန်းရီ၏ ဆဲရေးတိုင်းထွာမှုများသည် သူ၏နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေခဲ့ပြီး ထိခိုက်နာကျင်မှု၊ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှု စသည့် စိတ်ခံစားချက်ပေါင်းစုံတို့သည် ရင်ထဲသို့ တစ်ပြိုင်နက်တည်း တိုးဝင်လာခဲ့သည်။
သို့သော်လည်း စိတ်တည်ငြိမ်သွားပြီးနောက်တွင်မူ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်လာမိသည့်အပြင် ဖန်ကျန်းရီအကြောင်းကိုလည်း တွေးတောနေမိ၏။
ဤလူသည် အမှန်တကယ်ပင် အလွန်ဖြောင့်မတ်သည့် စရိုက်ရှိပုံရပြီး နိုင်ငံတော်ဆရာ ဖါးပါးကမူ ရှုပ်ထွေးသော စိတ်ကူးရှိသောကြောင့် သူတို့နှစ်ဦးကြားတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေမည်။
တကယ့်ကို ဖြောင့်မတ်သည့်စရိုက်မျိုး မဟုတ်ခဲ့လျှင် ဖန်ကျန်းရီအနေဖြင့် သူ့ကို ထိုမျှတိုက်ရိုက်ကျကျ ဆဲဆိုဝံ့မည်မဟုတ်ချေ။ မည်သို့တွေးကြည့်စေကာမူ ယုတ္တိမတန်သည့်အတွက် ဤသို့သာ ဖြေရှင်းချက် ပေးနိုင်တော့မည်ဖြစ်သည်။
ယခုအချိန်တွင် ဖန်ကျန်းရီသည် သူနှင့် မနီးမဝေး နေရာတစ်ခု၌ အခြားသူတစ်ဦးနှင့် စကားစမြည် ပြောဆိုနေ၏။
အာလီပိုင်သည် ရှေ့သို့သွား၍ စကားပြောရန် အကြိမ်ကြိမ် စိတ်ကူးခဲ့သော်လည်း စကားစ၍ မည်သို့ပြောရမည်ကို မသိသောကြောင့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုတ်လိုက်တော့သည်။
ချန်ဟုန်က ဖန်ကျန်းရီအား ကျင်းတိုင်းပြည်၏ ကျင့်ဝတ်စည်းကမ်းများကို အသေးစိတ်ရှင်းပြနေပြီး အခြားသော ကိစ္စရပ်များကိုပါ ပြောပြနေ၏။
ဖန်ကျန်းရီကလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးနေသည်။
ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်းဖြစ်သောကြောင့် မဖြစ်မနေ သတိထားရန် လိုအပ်ပေသည်။ မိမိနှင့် မရင်းနှီးသော ယဉ်ကျေးမှုအသိုင်းအဝိုင်းထဲတွင် ဇွတ်တရွတ်လုပ်မိပါက အသက် ဘေးအန္တရာယ် ကြုံတွေ့နိုင်သည်မှာ ပုံမှန်ကိစ္စပင် ဖြစ်၏။
သူတို့နှစ်ဦး စကားပြောဆိုနေသည်မှာ အတန်ကြာသွားပြီးနောက် ရုတ်တရက် လူတစ်စုသည် မြို့တံခါးထဲမှ ညီညာစွာ လျှောက်လှမ်းလာကြပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူသည် အရပ်မောင်းကောင်းသော မြင်းကြီး တစ်ကောင်ကို စီးနင်းထားသည်။
ထိုသူသည် တော်ဝင်ဝတ်စုံကို ဆင်မြန်းထားပြီး ဘေးပတ်ဝန်းကျင်တွင် ခြံရံထားသော အခမ်းအနားမှာ အလွန်တရာ ကြီးကျယ်ခမ်းနားလှ၏။ ထိုသူက လက်ကိုမြှောက်ကာ အော်ဟစ်လိုက်၏။ "ဖန်ကြီး။"
အိမ်ရှေ့စံမင်းသား ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ မြို့ပြင်သို့ထွက်၍ ကြိုဆိုနေကြသော အမတ်မင်းများအားလုံး အသီးသီး အရိုအသေပေးလိုက်ကြ၏။
ထိုအခြေအနေကို မြင်သောအခါ အာလီပိုင်သည်လည်း အမြန်ရှေ့တိုးသွားလိုက်သည်။ ရုတ်တရက် သူ၏ လက်ကောက်ဝတ်တစ်ခုလုံး တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။
ဖန်ကျန်းရီက သူ့ကို ဆွဲထားသည်ကို မြင်လိုက်ရသဖြင့် သူ၏စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွား၏။
ဖန်ကျန်းရီသည် သူ့ကိုဆွဲခေါ်သွားကာ လီယွမ်ကျောက်၏ ရှေ့သို့သွားရောက်၍ ပြောလိုက်သည်။ "အရှင်မင်းသား ... ဒီလောက် အချိန်အကြာကြီး ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြသေးဘူး မဟုတ်လား။ ကျုပ် မိတ်ဆက်ပေးပါရစေ။ သူကတော့ ကျင်းတိုင်းပြည်က ဒုတိယမင်းသား အာလီပိုင် ဖြစ်ပါတယ်။"
"အို ... ခင်ဗျားက ဒုတိယမင်းသား အာလီပိုင်ကိုး။ ကျုပ် အစောကြီးကတည်းက ကြားဖူးနေတာ။ ဒါပေမဲ့ ကျုပ်က ဒီရက်ပိုင်း အလုပ်များနေလို့ တစ်ခေါက်မှ လာမတွေ့ဖြစ်တာ။ ကျုပ်ဘက်က အရိုအသေ ကင်းမဲ့သွားပါတယ်။" လီယွမ်ကျောက်က အာလီပိုင်ကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်ကြည့်လိုက်၏။
"အရှင်မင်းသားက သိပ်အားနာလွန်းနေပါပြီ။" အာလီပိုင်က တိုးညှင်းသောအသံဖြင့် ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် လီယွမ်ကျောက်ကို အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်သည်။
ထိုသူ၏ တက်ကြွမှုအပြည့်ရှိပြီး ယုံကြည်ချက်အပြည့်ရှိနေသည့် ပုံစံကို မြင်လိုက်ရသောအခါ အာလီပိုင်မှာ မိမိကိုယ်ကိုယ် ရှက်ရွံ့အားငယ်စိတ်များ အလိုအလျောက် ဖြစ်ပေါ်လာမိ၏။
ဤလူသည် ဖန်ကျန်းရီ၏ သင်ကြားမှုကို မခံရခင်က သူနှင့်တူနေခဲ့သည်ဆိုခြင်းမှာ အမှန်တကယ် ယုံကြည်နိုင်စရာ မရှိလှပေ။
ထို့အပြင် သူက ဖန်ကျန်းရီကို ဖန်ကြီးဟု ခေါ်ဝေါ်နေပုံထောက်လျှင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အမှန်တကယ်ပင် သာမန်မဟုတ်သည်မှာ သေချာလှ၏။
ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်သည်။ "အရှင်မင်းသား ... ဒီနေ့ ခင်ဗျား ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ။ ကျုပ်တို့ ထွက်ခွာသင့်နေပြီ။"
လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ ညည်းညူပြောဆိုလိုက်၏။ "ကျုပ်လည်း မလာချင်လို့ မဟုတ်ပါဘူး။ ခမည်းတော်က ကျုပ်ကို စစ်ဆေးဖို့ဆိုပြီး စာလွှာတစ်ခြင်းလုံး ပေးထားတာ။ မနေ့ညက တစ်ညလုံး စစ်ဆေးပေးပြီးမှ သူက ပြန်ယူသွားပြီး တစ်ခေါက် ထပ်ဖတ်နေသေးတယ်။
စစ်ဆေးထားတာ မကောင်းရင် ဒီနေ့ညလည်း ကျုပ်ကို ထပ်ဆဲအုံးမှာ သေချာတယ်။"
"ဒါက ကောင်းတဲ့ကိစ္စလေ။ အရှင်မင်းကြီးက ခင်ဗျားကို အလေးထားတာ မကောင်းလို့လား။ အရင်တုန်းကဆို ခင်ဗျား အရိုက်မခံရရင်ပဲ ကံကောင်းနေပြီ။"
"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ။ ဒါပေမဲ့ အရမ်းကြီး အလေးထားခံရတာလည်း မကောင်းဘူး။ အလုပ်မှန်သမျှကို ကျုပ်ဆီ အကုန်ပုံချပေးပြီး ခမည်းတော်ကျတော့ အေးအေးဆေးဆေး နေနေတာ။"
သူတို့နှစ်ဦး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်ကို ကြားရသောအခါ အာလီပိုင်၏ စိတ်ထဲတွင် အလွန်တရာ အားကျသွားမိ၏။
ဧည့်ရိပ်သာအတွင်း၌ သတင်းစာများကို ရက်အတော်ကြာ ဆက်တိုက် ဖတ်ရှုခဲ့ရာ ထိုအထဲတွင် အိမ်ရှေ့စံမင်းသား၏ ထူးချွန်ပြောင်မြောက်လှသော အောင်မြင်မှုများချည်းသာ ပါဝင်နေသည်။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်မည်ဆိုလျှင် အဘွားဖြစ်သူကလည်း မချစ်၊ ဦးလေးဖြစ်သူကလည်း မနှစ်သက်သည့် အုပ်စုထဲတွင် ပါဝင်နေပြီး အလွန်ခက်ခဲစွာဖြင့် အလုပ်တစ်ခုရလာခဲ့သည်ကလည်း လူတိုင်း ရွံရှာမုန်းတီးသည့် တာဝန်တစ်ခုသာ ဖြစ်နေ၏။
တာ့ကျင်းတိုင်းပြည်မှ အိမ်ရှေ့စံမင်းသား၏ ရပ်တည်ချက်နေရာသည် အမှန်တကယ်ပင် ရင်ထဲမှနေ၍ အားကျချင်စရာကောင်းလှသည်။
အကယ်၍ သူသာ ဖန်ကျန်းရီထံမှ သင်ယူနိုင်ခဲ့မည်ဆိုလျှင် ...
လီယွမ်ကျောက်သည် ကျင်းဘုရင်မင်းမြတ် က သူ့ကို မည်သို့မည်ပုံ အရေးတယူ အသုံးပြုကြောင်း ဆက်လက်၍ ပွစိပွစိ ပြောဆိုနေပြီး မျက်လုံးထောင့်မှနေ၍ အာလီပိုင်ကို ခိုးကြည့်လိုက်၏။
ပြောဆို၍ အတန်ငယ် ပြီးဆုံးသွားသောအခါ သူသည် ဖန်ကျန်းရီကို ဆွဲကာ လူသူကင်းမဲ့သည့်နေရာသို့ သွားရောက်၍ ပြောလိုက်သည်။ "ဖန်ကြီး ... ဒီကောင် ကြည့်ရတာ နည်းနည်း အားနည်းနေသလိုပဲ။ မျက်လုံးနှစ်လုံးကလည်း အရောင်အဝါ မရှိဘူး။ သေချာပေါက် အာသာဖြေတာ များသွားလို့ပဲ ဖြစ်ရမယ်။
ခင်ဗျားက သူ့ကို ဘာလုပ်ဖို့ လှည့်စားနေရတာလဲ။ နောက်ကျရင်ကော ဘယ်လိုလုပ်ဖို့ စီစဉ်ထားသလဲ။"
ဖန်ကျန်းရီက ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ပြီး တိုးညှင်းသောအသံဖြင့် ပြောလိုက်၏။ "အရှင်မင်းသား ... ဒါကိုတော့ ခင်ဗျား ဝင်မပါနဲ့တော့။ ဒီကောင့်ကို အသေအချာ ပညာပေးဖို့ ကျုပ် တာဝန်ယူတယ်။ နိုင်ငံခြားကို ရောက်တဲ့အခါ လူလည်းမသိ၊ နေရာလည်းမကျွမ်းကျင်တဲ့အတွက် လမ်းကြောင်းများများရှိလေ အလုပ်လုပ်ရတာ ပိုအဆင်ပြေလေပဲ။ တကယ်လို့ အသုံးဝင်လာခဲ့ရင်ကော ဘယ်လိုလုပ်မလဲ။"
"ထားလိုက်ပါတော့။ ခင်ဗျားမှာလည်း ခင်ဗျားရဲ့ အစီအစဉ်တွေ ရှိမှာပေါ့။ ကျုပ် ပူးပေါင်းဆောင်ရွက်ပေးသင့်တာ အကုန်ပူးပေါင်းပေးပြီးပြီ။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားကို ကြည့်ရတာလည်း နည်းနည်း အားနည်းနေသလိုပဲ။" လီယွမ်ကျောက်သည် သံသယဖြစ်ဖွယ် အကြည့်များဖြင့် သူ၏ခန္ဓာကိုယ်ကို အထက်အောက် ကြည့်ရှုလိုက်သည်။
ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်များ ကွေးညွှန့်သွား၏၊
အားမနည်းဘဲ နေပါ့မည်လား။ အိမ်ထဲတွင် မိန်းမချောလေး အများအပြား ရှိနေပြီး ယခုလို မထွက်ခွာခင်လေးမှာ နှစ်သိမ့်ပေးရမည် မဟုတ်ပါလား။ တစ်ညလုံးလုံး တိုက်ပွဲဝင်ခဲ့ရခြင်းဖြစ်သည်။
"အရှင်မင်းသား ... အများကြီး မပြောတော့ဘူး။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က အရေးကြီးဆုံးပဲမို့ ခင်ဗျား အချိန်ရရင် ကျုပ်အတွက် နည်းနည်းလောက် ကြီးကြပ်ပေးပါ။ ပြီးတော့ ကျင်းယီဝေတပ်ဖွဲ့လေ။ ကျုပ် မရှိတဲ့အချိန်မှာ သေချာပေါက် ပြဿနာရှာပြီး ပြည်သူတွေကို ဒုက္ခပေးမယ့် ကောင်စုတ်လေးတွေ ထွက်လာမှာပဲ။ အဲဒါကြောင့် အရှင်မင်းသားရဲ့ အထောက်အပံ့ကိုပဲ အပြည့်အဝ အားကိုးရတော့မယ်။"
လီယွမ်ကျောက်က လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ထပ်မံသက်ပြင်းချကာ ပြောလိုက်၏။ "ခင်ဗျား ဒီလိုထွက်သွားတော့ ကျုပ်ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေတယ်။ ကျုပ်မှာ မကောင်းတဲ့ ကြိုတင်ခံစားမှုလေးတွေ ရှိနေသလိုပဲ။"
"ဘယ်လိုပြောလိုက်တာလဲ။"
"ခင်ဗျားက အပြင်ရောက်တိုင်း ဘာကိစ္စလုပ်လုပ် မြစ်ရေတွေ နောက်ကျိသွားအောင် လုပ်တတ်သလိုမျိုးပဲ။ ဒီတစ်ခါက တာ့ကျင်းတိုင်းပြည်ကနေ တိုက်ရိုက် ထွက်သွားတာဆိုတော့ ... ကျုပ်ရဲ့ ကြိုတင်ခံစားချက်က ကောင်းနိုင်ပါ့မလားလို့ ခင်ဗျားပဲ ပြောကြည့်စမ်းပါ။"
"အာ ... အရှင်မင်းသား ... စကားပြောရင် သိပ္ပံနည်းကျကျ ပြောရမယ်လေ။ ခင်ဗျား ကျုပ်ကို ကျိန်စာ မတိုက်ပါနဲ့။" ဖန်ကျန်းရီသည် အနည်းငယ် ကြက်သီးထသွား၏။
ချီးတဲ့မှ … တကယ်ပဲ ဒီလိုဖြစ်နေတာများလား။ ကိုယ်တိုင် အပြင်ထွက်တိုင်းမှာ ကောင်းတဲ့ကိစ္စ တစ်ခုမှ ဖြစ်မလာခဲ့ပေ။
ပြီးခဲ့သည့်အကြိမ်က ဝူမင်းသားနှင့်အတူ အဝေးဆုံးသို့ ခရီးထွက်ခဲ့စဉ်က သူတောင်းစားဘဝသို့ ကျရောက်သွားခဲ့သည်။
ဤပုံမှန်ဖြစ်စဉ်အတိုင်း တွက်ဆကြည့်မည်ဆိုလျှင် ဤတစ်ကြိမ် နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်းက နွားချေးအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်ပင် ဆန်းကြယ်တော့မည် မဟုတ်ပေ။
လီယွမ်ကျောက်က ခေါင်းခါမ်းပြလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား အရာရာ အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်ပါတယ်။ စောစောသွားပြီး စောစောပြန်လာခဲ့ပါ။ ဂရုစိုက်သွားအုံး။"
"အရှင်မင်းသားလည်း ဂရုစိုက်နေရစ်ပါ။"
...
မြင်းလှည်းတန်းသည် တဖြည်းဖြည်း ရှေ့သို့ဆက်လက်ထွက်ခွာသွားပြီး ဖန်ကျန်းရီသည် ဝေါယာဉ်အတွင်းသို့ မဝင်ဘဲ မြင်းစီးကာ အေးအေးလူလူ လျှောက်လှမ်းရင်း အာလီပိုင်နှင့် ယှဉ်တွဲ၍ လိုက်ပါသွား၏။
အတန်ကြာ လျှောက်လှမ်းပြီးသည့်တိုင်အောင် အာလီပိုင် စကားမစသေးသည်ကို မြင်သောအခါ ဖန်ကျန်းရီက စတင်၍ ပြောလိုက်သည်။ "ဒုတိယမင်းသား ... ရက်အတော်ကြာ မတွေ့ဖြစ်တဲ့အချိန်အတွင်းမှာ ကျုပ်ကို ဒေါသထွက်နေတုန်းပဲလား။"
အာလီပိုင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "သခင်လေးဖန် အထင်လွဲနေပါပြီ။ ကျုပ်က အဲဒီနေ့ကတည်းက အိမ်ပြန်ပြီး ရက်အတော်ကြာ စဉ်းစားသုံးသပ်ကြည့်ခဲ့ပါတယ်။ သခင်လေးဖန် ပြောတာက အမှန်တကယ်ကို အဓိပ္ပာယ်ရှိပါတယ်။ ကျုပ်က တကယ်ကို ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်တဲ့သူပါ။"
ဖန်ကျန်းရီသည် ခေါင်းလှည့်ကာ အာလီပိုင်ကို ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူက ချီးကျူးစကား ဆိုလိုက်သည်။ "မဟုတ်ဘူး ... ဒုတိယမင်းသား မှားနေပြီ။ အရမ်းကို မှားယွင်းနေတယ်။ အဲဒီနေ့က ဒုတိယမင်းသားအပေါ် ကျုပ်ရဲ့ အကဲဖြတ်မှုက အများကြီး ဘက်လိုက်နေခဲ့တယ်ဆိုတာကို ကျုပ် ဒီနေ့မှပဲ ရှာတွေ့ခဲ့တာ။
လူဆိုတာက မွေးရာပါ သာမန်သတ္တဝါတွေချည်းပါပဲ။ ဒါပေမဲ့ စိတ်ထားကသာလျှင် လူတစ်ယောက်ကို ထူးချွန်ထက်မြက်ခြင်း ရှိမရှိ ဆိုတာ ဆုံးဖြတ်ပေးနိုင်တာ။ ဒုတိယမင်းသားမှာ သူတစ်ပါးနဲ့ နှိုင်းယှဉ်ချင်တဲ့စိတ် ရှိနေတယ်။ ဒါက တိုးတက်လိုစိတ်ပဲ။ ဒီတစ်ချက်တည်းနဲ့တင် ပြိုင်ဘက်တွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို အနိုင်ယူနိုင်နေပြီ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်တဲ့အတွက် နောက်ထပ် ပြိုင်ဘက်တွေရဲ့ လေးဆယ်ရာခိုင်နှုန်းကို ထပ်ပြီး အနိုင်ယူနိုင်ပြန်တယ်။ ဒီတစ်ချက်က ရရှိဖို့ အရမ်းခက်ခဲတယ်။
တိုးတက်လိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်စွမ်း ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါက ခွန်အား ြီးမားတဲ့သူတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေအနေပဲ။"
ဤစကားနှစ်ခွန်းဖြင့်ပင် အာလီပိုင်သည် သူ၏ ရင်ထဲတွင် ကြာမြင့်စွာကတည်းက ပိတ်ဆို့နေခဲ့သော အရာများကို တစ်စုံတစ်ယောက်က ထိုးဖောက်ဖွင့်လှစ်လိုက်သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
ငါက လူကိုးဆယ်ရာခိုင်နှုန်းကို အနိုင်ယူနိုင်နေပြီလား။ ငါက ဒီလောက်တောင် ထူးချွန်နေတာလား။
ဖန်ကျန်းရီသည် ဆက်လက်၍ အားပါးတရ ပြောဆိုနေလိုက်သည်။ "ဒါပေမဲ့ ခွန်အားကြီးတဲ့သူ ဖြစ်ချင်တယ်ဆိုရင် ဒီအချက်နှစ်ချက်တည်းနဲ့တော့ လုံးဝမလုံလောက်သေးဘူး။ မိုင်တစ်ရာ ခရီးသွားတဲ့သူက ကိုးဆယ် ရာခိုင်နှုန်းလောက်ပဲ ရောက်သေးတယ်လို့ ဆိုရိုးစကားရှိတယ်။ ဇွဲလုံ့လ၊ ဗျူဟာတွေ လိုအပ်သေးသလို သာမန်လူတွေထက် အဆပေါင်းများစွာ သွေးထွက်သံယို ပေးဆပ်နိုင်မှသာ ဘဝမှာ အောင်မြင်မှုတွေ ရနိုင်မှာ။
သေချာတာပေါ့။ လောကကြီးထဲက လမ်းကြောင်းတိုင်းမှာလည်း ဖြတ်လမ်းဆိုတာ မရှိတာတော့ မဟုတ်ဘူး။ အောင်မြင်မှုတိုင်းမှာ နည်းစနစ်ဆိုတာ ရှိကြတာချည်းပဲ။"
အောင်မြင်မှုရဲ့ ဖြတ်လမ်း … နည်းစနစ်။
အာလီပိုင်သည် အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက်၏။ "သခင်လေးဖန် ဆက်ပြီး ညွှန်ကြားပြသပေးပါဦး။"
ဖန်ကျန်းရီသည် ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ "ကျုပ် လူကြည့်မမှားခဲ့တာ သေချာသွားပြီ။ ဒုတိယမင်းသား က မေးလာမှတော့ ကျုပ်က ရိုးရိုးရှင်းရှင်းလေးပဲ စကားနှစ်ခွန်းလောက် ပြောပြမယ်။"
"ဒုတိယမင်းသား ကိုယ့်ဘာသာ အာသာဖြေတတ်လားလို့ မေးခွင့်ပြုပါ။"
အပိုင်း (၇၅၇) ခင်ဗျား အာသာဖြေတာ ဖျက်ရမယ်။
"ဟမ် ... ဘာ။" အာလီပိုင်သည် အလွန်တရာ အံ့အားသင့်သွားပြီး မိမိ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့၏။
ဖန်ကျန်းရီတွင် သိုင်းလောကသားတို့၏ စရိုက်မျိုးရှိသည်ကို သူ စောစောတည်းက သိထားသော်လည်း ထိုစကားလုံးကို ဤမျှ တိုက်ရိုက်ကျကျ ထုတ်ပြောလိုက်ခြင်းကမူ သူ့ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အပြင်ဘက်တွင် မဲတူး တောင့်တင်းသွားပြီး အတွင်းဘက်တွင် နူးညံ့သွားစေခဲ့သည်။
"အဲဒါက လက်နဲ့ အာသာဖြေတာလေ။ ဗုဒ္ဓဘာသာစကားအရဆိုရင်တော့ တရားမဝင် သုက်လွှတ်ခြင်းလို့ ခေါ်တယ်။ ကျုပ်တို့တွေ ယဉ်ယဉ်ကျေးကျေးလေး အာသာဖြေတယ် လို့ပဲ ခေါ်ကြရအောင်။"
ဖန်ကျန်းရီက တစ်ခေါက် ထပ်မံပြောလိုက်၏။ "ခင်ဗျား လုံးဝ ရှက်မနေနဲ့။ အမှန်အတိုင်း ပြောရမယ်။ ကျုပ်က ခင်ဗျားကို ကူညီပေးနေတာ။ ပွင့်ပွင့်လင်းလင်း ပြောတာ အဆိပ်မရှိပါဘူး။"
"အာ ... အဲဒါက ... တစ်လကို အာသာဖြေတာ ... ခုနစ် ... ခုနစ်ခါ ရှစ်ခါလောက်ပါပဲ။" အာလီပိုင်က မျက်နှာနီရဲစွာဖြင့် စကားထစ်အစွာ ပြောလိုက်သည်။
"နည်းလွန်းတယ်။ ကျုပ်က တစ်ရက်ကို အနည်းဆုံး နှစ်ခါလောက် အာသာဖြေတယ်။ မနက် တစ်ခါ၊ လေ့ကျင့်ခန်း လုပ်ပြီးသွားတဲ့အခါ နေ့လယ်ဘက်မှာ တစ်ခါ ထပ်လုပ်တယ်။"
ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး ထမင်းစားရေသောက်ကိစ္စကို ပြောပြနေသကဲ့သို့ပင် ဖြစ်၏။ "ခင်ဗျား စဉ်းစားကြည့်လေ။ ကျုပ်က ရာထူးပေါင်းများစွာကို ကိုင်တွယ်ထားရတယ်။ နေ့တိုင်း စာရွက်စာတမ်း တွေ အများကြီးနဲ့ ပြဿနာပေါင်း မြောက်မြားစွာကို ဖြေရှင်းနေရတော့ ပခုံးပေါ်က ဖိအားတွေက ဘယ်လောက်တောင် ကြီးမားနေမလဲ။"
"သွေးလှည့်ပတ်မှု ကောင်းသွားအောင် ခင်ဗျား အာသာ များများ ဖြေပေးရမယ်။ ခါးအောက်ပိုင်း အကျောအချဉ်ကို ဖြေညှိပေးရမယ်။”
အာလီပိုင်သည် သူ၏ပါးစပ်ကို ဖြည်းညင်းစွာ ဟလိုက်မိတော့သည်။
"သခင်လေးဖန်မှာ မိန်းမ ရှားပါးနေလို့လား။ "
"မရှားပါဘူး။ ဒါပေမဲ့ ဒီအရာက စိတ်သက်သာရာရစေပြီး အချိန်ကုန်သက်သာစေလို့ပဲ။"
ဖန်ကျန်းရီက ဆက်ပြောသည်။ "ဒါက အောင်မြင်တဲ့ လူတိုင်း လုပ်ရမယ့် ကိစ္စရပ်ပဲ။ နန်းတွင်းထဲက လူအတော်များများလည်း ဒီလိုလုပ်ကြတယ်ဆိုတာ ကျုပ်ကို ယုံကြည်လိုက်ပါ။ တကယ်လို့ ဒီလိုမလုပ်ဘူးဆိုရင် စိတ်နေသဘောထား ဟန်ချက်ညီမှုတွေ ပျက်ပြားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ခင်ဗျား ဘဝ ပျက်သွားလိမ့်မယ်။ နန်းတော်ထဲမှာ လူတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ လုံးဝ စိတ်လိုက်မာန်ပါ မလုပ်ရဘူးဆိုတာကို သိထားရမယ်။ စိတ်လိုက်မာန်ပါ လုပ်ခြင်းက နတ်ဆိုးပဲ။
အချိန်မရွေး နေရာမရွေး တစ်ကြိမ်လောက် အာသာဖြေတာက အကျင့်ကောင်းတစ်ခု ဖြစ်ပေါ်စေတယ်။ အာသာဖြေနေတဲ့ အချိန်မှာ ခင်ဗျားက အောင်မြင်မှုဗျူဟာတွေကို တွေးတောနေနိုင်တယ်။"
အာလီပိုင်၏ အမြင်သုံးပါးစလုံး မြေပြင်ပေါ်သို့ ပြုတ်ကျပျက်စီးသွားခဲ့ပြီး သူ၏ ဘဝတစ်သက်တာလုံးတွင် ဤကဲ့သို့သော ထူးဆန်းသည့် အယူအဆမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။ ထို့ကြောင့် သူက အထစ်ထစ် အ ငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "သခင်လေးဖန် ... ခင်ဗျား ကျုပ်ကို နောက်နေတာ မဟုတ်ဘူးမလား။"
ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်သည်။ "ဒါက ကျုပ်ရဲ့ သင်ကြားမှုအပိုင်းမှာ ထူးချွန်တဲ့ နေရာပဲ။ သာမန်လူတွေက ခင်ဗျားရဲ့ စိတ်ဓာတ်ကို ခွန်အားကြီးမားအောင် လုပ်ဖို့၊ စိတ်ဆန္ဒကို လေ့ကျင့်ဖို့နဲ့ ဒုက္ခခံနိုင်ရည်ရှိအောင် သင်ယူဖို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ အခြေခံသဘောတရားတွေပေါ် မူတည်ပြီး စိတ်ဓာတ်ဆိုတာ ဘာလဲ၊ စိတ်ဆန္ဒဆိုတာ ဘာလဲဆိုတာကို ခင်ဗျားကို မပြောပြဖူးကြဘူး။ သင်ယူခြင်းရဲ့ အဓိကသော့ချက်က ဖြစ်စဉ်တွေကို ဘေးဖယ်ထားပြီး အနှစ်သာရကို ဆွေးနွေးခြင်းပဲ။ ဒါမှသာ တိုးတက်မှု အရှိန်အဟုန်က မြန်ဆန်လာမှာ။
ခင်ဗျားက အိမ်ကြီးတစ်လုံး ဆောက်ချင်တယ် ဆိုပါစို့။ ဒါပေမဲ့ အုတ်မြစ်က ဘယ်မှာရှိလဲဆိုတာကို မသိဘူးဆိုရင် ရယ်စရာမကောင်းဘူးလား။"
ပြောတာက အမှန်တကယ်ကို အဓိပ္ပာယ်ရှိလှပေသည်။
"အင်း ... အင်း ... အင်း" အာလီပိုင်သည် တဖြည်းဖြည်းနှင့် အခြေအနေထဲသို့ ရောက်ရှိသွားကာ မူလတန်း ကျောင်းသားတစ်ယောက်ကဲ့သို့ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏။
ဖန်ကျန်းရီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း စတာတွေက ခန္ဓာကိုယ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေသာ ဖြစ်တယ်။ ဒီလောကမှာ ဗဟုသုတအကြွယ်ဝဆုံးနဲ့ ကိုယ်ကျင့်တရား အမြင့်မားဆုံးဖြစ်တဲ့ ပညာရှင်တွေတောင် အရက်မူးသွားတဲ့အခါ အမူအရာပျက်သွားတတ်ကြတယ်။
လောကမှာ အသန်မာဆုံး စစ်သည်တော်တွေတောင် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဓားဒဏ်ရာ၊ လှံဒဏ်ရာတွေနဲ့ ရောဂါဝေဒနာတွေကို သည်းခံနိုင်ဖို့ ခက်ခဲတယ်။
ခွန်အားအပြည့်ဝဆုံး လူတွေတောင် နေ့ရောညပါ ဆက်တိုက် မအိပ်ဘဲ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ခွန်အားကြီးသူတွေရဲ့ စိတ်ဆန္ဒတိုင်းက ခန္ဓာကိုယ်အပေါ် အခြေခံပြီး တည်ရှိနေတယ်လို့ ပြောတာပေါ့။ ခင်ဗျားပြောကြည့်၊ မှန်သလား မှားသလား။"
အာလီပိုင်သည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိပြီး သူ၏ ရင်ထဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့် သွားသကဲ့သို့ ခံစားလိုက်ရ၏။
မမှားပေ။ အကြောင်းပြချက်က အလွန်ရိုးရှင်းသော်လည်း သူ့ကို မည်သူကမှ ဤကဲ့သို့ ရှင်းပြခဲ့ဖူးခြင်း မရှိချေ။ သင်ကြားပေးခဲ့သော ဆရာအားလုံးက သူ့ကို ဇွဲရှိရမည်၊ ဒုက္ခခံရမည်ဟုသာ ပြောပြခဲ့ကြသည်။
ဤသည်မှာ ပြဿနာတစ်ခုကို အမြစ်တွယ်နေသည့် အကြောင်းရင်းအထိ သွားရောက်ခွဲခြမ်းစိတ်ဖြာပေးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အော်ခြေကလည်း ဤမျှလောက်အထိ ထူးခြားနေသည်။
"ဒါဆို ကျုပ်က နေ့တိုင်း အာသာနှစ်ခါ ဖြေသင့်တာပေါ့။"
"မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး။"
ဖန်ကျန်းရီသည် လက်ကိုမြှောက်ကာ တားဆီးလိုက်၏။ "လုံးဝ ဆန့်ကျင်ဘက်ပဲ။ ကျုပ်က ဒီလိုလုပ်လို့ရပေမဲ့ ခင်ဗျားက ဒီလိုလုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အောင်မြင်ပြီးသားလူတစ်ယောက် ဖြစ်နေလို့ ဒီလိုနည်းလမ်းနဲ့ ညှိနှိုင်းပေးဖို့ လိုအပ်တာ။ ခင်ဗျားကတော့ မဟုတ်ဘူးလေ။"
"ခင်ဗျား လုပ်ရမှာက အာသာဖြေတာကို ဖြတ်ရမှာပဲ။"
" အာသာဖြေတာကို ဖြတ်ရမယ်"
"ဟုတ်တယ်။ အာသာဖြေတာကို ဖြတ်ရုံတင်မကဘူး မိန်းမကိုပါ ထိလို့မရဘူး။ ခင်ဗျားက စုဆောင်းထားရမယ်။ ရင်ဘတ်ထဲက မီးတောက်ကို စုဆောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ဆက်တိုက် တိုးမြှင့်ပေးရမယ်။ ပြီးရင် အဲဒီဖိအားက ခင်ဗျားကို အသွင်ပြောင်းသွားစေလိမ့်မယ်။ မီးတောက်ထဲကနေ ပြန်လည်မွေးဖွားလာတဲ့အထိ ခင်ဗျားက လုံးဝအသစ်ဖြစ်တဲ့ ခင်ဗျားအဖြစ် ပြောင်းလဲသွားလိမ့်မယ်။"
"အာ ... ဟုတ်သားပဲ။ ဒီကိစ္စမျိုးကိုး။" အာလီပိုင်မှာ ရုတ်တရက် သဘောပေါက်သွားသည်။
မိမိ အာသာဖြေတာ နည်းသွားခြင်းမဟုတ်ဘဲ မိမိ အာသာဖြေတာ များနေခဲ့ခြင်းပင် ဖြစ်သည်။
"လာ ... ခင်ဗျားရဲ့ လက်ကို ကျုပ်ဆီပေး။" ဖန်ကျန်းရီက အာလီပိုင်ထံသို့ လက်ကမ်းပေးလိုက်၏။
အာလီပိုင်က သူ၏လက်ကို ကမ်းပေးလိုက်ရာ ဖန်ကျန်းရီသည် အလိုက်သင့်ပင် လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ဟန်ဆောင်ပန်ဆောင်ဖြင့် သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ "အသက်နှစ်ဆယ်အရွယ်လူက အသက်ခြောက်ဆယ်အရွယ် သွေးခုန်နှုန်းမျိုး ဖြစ်နေတယ်။ ဒါက ကိစ္စတစ်ခု မအောင်မြင်ခင်မှာ ကာမဂုဏ် လွန်ကဲစွာ လိုက်စားထားတဲ့ လက္ခဏာပဲ။
ကြီးမားတဲ့ကိစ္စတစ်ခု မအောင်မြင်ခင်မှာ အားအင်ယုတ်လျော့သွားတာပဲ။ ခင်ဗျားလို မိန်းမကြိုက်တဲ့သူက နေ့တိုင်း ရီဝေဝေနဲ့ ဖြတ်သန်းသွားဖို့ပဲ ရှိတော့တယ်။ စရိုက်လက္ခဏာနဲ့ အောင်မြင်မှုက မကိုက်ညီတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ခင်ဗျား မနက်ထတဲ့အခါ မကြာခဏ ချောင်းခြောက်ဆိုးပြီး သလိပ်ထွေးတတ်တယ် မဟုတ်လား။"
အာလီပိုင်၏ မျက်နှာသည် ဖြူရော်သွားပြီး တုန်ရီသောအသံဖြင့် ပြောလိုက်၏။ "ဒါကိုတောင် ခင်ဗျား စမ်းသပ် သိရှိနိုင်တာလား။"
အဓိပ္ပာယ်မရှိလိုက်တာ။ ဟုန်လုဧည့်ရိပ်သာထဲက လူတွေက ငါ့အတွက် စောင့်ကြည့်ပေးနေတာလေ။ ချီးတဲ့မှ ... ချောင်းဆိုးတာကို သွေးစမ်းလို့ရလို့လား။
ဖန်ကျန်းရီသည် အေးစက်စက် ပြုံးလိုက်ပြီး အာလီပိုင်၏ လက်ကောက်ဝတ်ကို ခါချလိုက်သည်။ "ဟမ့် ... ခင်ဗျားလို လူမျိုးကို ကျုပ် တွေ့ဖူးတာ များနေပါပြီ။ အရင်တုန်းကဆို အိမ်ရှေ့စံမင်းသားက ခင်ဗျားထက် ဘယ်လောက်တောင် ဆိုးရွားနေသလဲဆိုတာ မသိနိုင်ဘူး။ သူသာ ဆက်ပြီး အာသာဖြေနေမယ်ဆိုရင် သွေးပါ ဆီးသွားတော့မှာ။ ကံကောင်းလို့ ကျုပ် အချိန်မီပေါ်လာပြီး ချောက်ကမ်းပါးကနေ သူ့ညီတော်မောင်လေးကို ပြန်ဆွဲတင်ပေးနိုင်တယ်။”
"အဲဒါဆို ... အဲဒါဆို ကျုပ်မှာ ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိသေးလား။" အာလီပိုင်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ကိန်းအောင်းနေ၏။
"သေချာပေါက် ကယ်တင်လို့ရသေးတာပေါ့။ ကျုပ်က ခင်ဗျားကို လမ်းညွှန်ပေးဖို့ ဆန္ဒရှိနေမှတော့ ခင်ဗျားမှာ မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ။ တကယ်လို့ ကယ်တင်လို့ မရတော့ဘူးဆိုရင် ကျုပ်က ဒုတိယမင်းသားကို ဘာဖြစ်လို့ ဒီလောက်အများကြီး ပြောနေစရာ လိုတော့မှာလဲ။"
ဖန်ကျန်းရီက မေးလိုက်သည်။ "ပြီးတော့ ကျုပ်က ခင်ဗျားကို စတင်ပြီး ကယ်တင်နေပြီပဲ။ ကျုပ်တို့ အခု လုပ်နေတာက စကားပြောပြီး ကုသပေးနေတာ။ အတိုကောက်အနေနဲ့ စကားကုထုံးလို့ ခေါ်တယ်။"
အာလီပိုင်သည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။ "သခင်လေးဖန် ကျုပ်ကို ဆက်ပြီး စကားကုထုံးနဲ့ ကုသပေးပါအုံး။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အာ ... ဒုတိယမင်းသားက သိပ်အားနာလွန်းနေပါပြီ။ ကျုပ်က နှလုံးသားကျင့်စဉ် ကို ခင်ဗျားဆီ ပေးအပ်ခဲ့ပြီးပြီဆိုတော့ နောက်ပိုင်းကိစ္စတွေက ခင်ဗျားဘာသာ ရှာဖွေလေ့လာဖို့ပဲ ကျန်တော့တာ။"
"အာသာဖြေတာကို ဖြတ်ရုံလေးနဲ့ ဒီလောက် ရိုးရှင်းနေတာလား။"
အာလီပိုင်က အားလျော့စွာဖြင့် ပြောလိုက်သည်။ "ဘာဖြစ်လို့ နောက်ပိုင်းဟာတွေကို သခင်လေးဖန်က ကျုပ်ကို သင်မပေးနိုင်ရတာလဲ။"
"ဘာဖြစ်လို့လဲဆိုတော့ အဲဒါက တခြားတန်ဖိုး ... အတွင်းရေး အချက်အလက်တွေဖြစ်လို့ အပြင်ကို ပေါက်ကြားလို့ မရဘူးလေ။"
"အတွင်းရေး အချက်အလက်တွေ ... " အာလီပိုင်သည် တီးတိုးရေရွတ်လိုက်ပြီး ရင်ထဲတွင် တစ်စုံတစ်ခုက ထိတွေ့ခံလိုက်ရသကဲ့သို့ ယားကျိကျိ ဖြစ်သွား၏။
ဤသည်မှာ နားထောင်ကြည့်ရုံဖြင့် အလွန်တရာ အံ့မခန်းဖြစ်နေပြီး အနောက်ဘက်သို့ခရီးသွားမှတ်တမ်းထဲက မဟာယာန ဗုဒ္ဓဘာသာကျမ်းစာများနှင့် တူညီနေသကဲ့သို့ ခံစားရသည်။
"သခင်လေးဖန် ... ကျေးဇူးပြုပြီး ကျုပ်ကို သေချာပေါက် သင်ပေးပါ။ ရွှေငွေတွေဖြစ်ဖြစ်၊ မိန်းမလှလေးတွေဖြစ်ဖြစ် ကျင်းတိုင်းပြည်ကို ပြန်ရောက်တဲ့အခါ ကျုပ် အကုန်လုံး ဆက်သနိုင်ပါတယ်။ သခင်လေးဖန် ကို သေချာပေါက် ကျေနပ်သွားစေရမယ်။" အာလီပိုင်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။
ဖန်ကျန်းရီသည် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ "ဒုတိယမင်းသား ... ဒီလို မလုပ်ပါနဲ့။ ခင်ဗျား အနောက်ဘက်သို့ခရီးသွားမှတ်တမ်းကို ဖတ်ဖူးတယ်ဆိုရင် နားလည်သင့်တယ်။ ကျမ်းစာဆိုတာ အလွယ်တကူ လက်ဆင့်ကမ်းလို့ မရသလို အချည်းနှီးလည်း ယူလို့မရဘူးလေ။ ဒါပေမဲ့ ဒီတစ်ကြိမ် ပြဿနာက ခင်ဗျားဆီမှာ ရှိနေတာမဟုတ်ဘဲ ကျုပ်ဘက်မှာ ရှိနေတာ။
ဒီလောက် အံ့သြစရာကောင်းတဲ့ သင်ကြားရေးနည်းလမ်းက အိမ်ရှေ့စံမင်းသားဆီမှာ ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့တဲ့အတွက် အရှင်မင်းကြီးက ဒီနည်းလမ်းကို နန်းတော်ထဲ ယူဆောင်လာဖို့ ကျုပ်ကို အထူး အမိန့်ပေးခဲ့တယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ တော်ဝင်ခွင့်ပြုချက် မရှိဘဲ ကျုပ်ရဲ့ တပည့်မဟုတ်တဲ့သူကို လုံးဝ လက်ဆင့်ကမ်း သင်ကြားမပေးဖို့လည်း ထပ်ခါတလဲလဲ သတိပေးခဲ့သေးတယ်။ ကျုပ်ရဲ့ ကိုယ်ပိုင်အမြင်အရ ဆိုရင်တော့ ခင်ဗျားက သေချာပေါက် အရမ်းကောင်းတဲ့ ပျိုးပင်လေးပဲ။ ဒါပေမဲ့ ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်ကို ထမ်းဆောင်နေရတဲ့သူဖြစ်လို့ မလွန်ဆန်ရဲဘူး။
သေချာတာပေါ့။ အခြေအနေကို ပြောင်းလဲနိုင်တဲ့ နေရာမရှိတာတော့ မဟုတ်ဘူး။ နှလုံးသားကျင့်စဉ်ကို ခင်ဗျားဆီ လက်ဆင့်ကမ်းပေးလိုက်ပြီး ခင်ဗျားဘာသာ လေ့လာရှာဖွေလို့ရတယ်။ တကယ်လို့ ကိုယ်တိုင် လေ့လာနေတဲ့ လမ်းကြောင်းပေါ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာခဲ့မယ်ဆိုရင် ကျုပ်က စကားတစ်ခွန်းနှစ်ခွန်းလောက် လမ်းညွှန်ပေးတာက စည်းကမ်းဖောက်ဖျက်ရာ မရောက်ပါဘူး။ ဒါပေမဲ့ ... လမ်းလွဲသွားတာမျိုးတော့ သေချာပေါက် ရှောင်လွှဲလို့ မရနိုင်ဘူးလေ။"
ကြီးမားလှသော စိတ်ပျက်အားငယ်မှု တစ်ခုသည် အာလီပိုင်၏ ရင်ထဲသို့ တိုးဝင်လာခဲ့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည်၍ စိတ်လှုပ်ရှားလာပြန်၏။
တပည့်မဟုတ်လျှင် လက်ဆင့်ကမ်း၍မရ။
ဒါဆို ငါက တပည့်လုပ်လို့ ရတာပဲ။ မျှော်လင့်ချက် ရှိသွားပြီ။
ဤနေရာသို့ တွေးမိသောအခါ အာလီပိုင်သည် မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ဖန်ကျန်းရီဘက်တွင်လည်း စောစောတည်းက ပြင်ဆင်ထားပြီးဖြစ်ရာ သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်းနီးပါး မြင်းပေါ်မှ ဆင်းလိုက်ကြ၏။
အာလီပိုင်သည် ခါးညွှတ်၍ အရိုအသေပေးရန် ပြင်လိုက်စဉ် ကြီးမားသော လက်တစ်စုံက သူ့ကို ဆွဲထူလိုက်ပြီး ဖန်ကျန်းရီ၏ ဂရုစိုက်သော လေသံကို ကြားလိုက်ရသည်။ "ဒုတိယမင်းသား ... ဒါက ဘာလုပ်တာလဲ။ ဒီလောက် လူအများကြီးရှေ့မှာကို။"
"အာလီပိုင်က သခင်လေးဖန်ကို ဆရာအဖြစ် ခံယူချင်ပါတယ်။" အာလီပိုင်သည် စကားပြောပြီးသည်နှင့် ဒူးထောက်ရန် ထပ်မံကြိုးစားလိုက်၏။