အခန်း (၇၅၈-၇၅၉)
Vol. 40 Ch. 758-759
အပိုင်း (၇၅၈) အာလီပိုင်ကို အပြီးတိုင် စည်းရုံးနိုင်ခဲ့ခြင်း။
ဖန်ကျန်းရီသည် မျက်လုံးထောင့်မှနေ၍ ဘေးဘီဝဲယာရှိ လူအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက် ဤဘက်သို့ ကြည့်နေသည်ကို မြင်သောအခါ အာလီပိုင်ကို အားကုန်သုံး၍ ဆွဲထူလိုက်၏။
ပတ်ဝန်းကျင်တွင် သူလျှိုအတော်များများ ရှိနေနိုင်သည်ဟု ခန့်မှန်းရသောကြောင့် လှုပ်ရှားမှု သိပ်ကြီးမား၍ မရချေ။
သူက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။ "ဒုတိယမင်းသား ခင်ဗျား ရူးနေပြီလား။ ဒီလောက်လူအများကြီးရှေ့မှာ ခင်ဗျားက ကျုပ်ကို ဆရာတင်ရင် ကျင်းတိုင်းပြည်ကို ပြန်ရောက်တဲ့အခါ တခြားသူတွေက ခင်ဗျားကို ဘယ်လိုမြင်ကြမလဲ။ လူတိုင်းက ခင်ဗျားကို ဟာသတစ်ခုလို သဘောထားကြလိမ့်မယ်။ ခင်ဗျား တိုးတက်ချင်တာက ကောင်းပေမဲ့ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းအတွက်လည်း ပိုပြီး ထည့်သွင်းစဉ်းစားရအုံးမယ်လေ။"
ဒီလိုအချိန်မှာတောင် သူက ငါ့အတွက် ထည့်သွင်းစဉ်းစားပေးနေတုန်းပဲလား။
အာလီပိုင်၏ လက်နှစ်ဖက်သည် တုန်ရီသွားပြီး မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားခဲ့၏။
"သခင်လေးဖန် ... ခင်ဗျားပြောတာ မမှားပါဘူး။ ကျုပ်ရဲ့ အရင်တုန်းက ဘဝဟာ ဘာမှ အသုံးမကျခဲ့ဘူး။ ခင်ဗျားကပဲ ကျုပ်ကို ခေါင်းပိတ်ရိုက်ပြီး သတိဝင်လာအောင် လုပ်ပေးခဲ့တာပါ။
အာလီပိုင်က ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ ကျုပ်က ခင်ဗျားကို ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားပါတယ်။ အခုချိန်မှာ ကျုပ်က ဒီဘဝကို ဝေဝေဝါးဝါးနဲ့ ထပ်ပြီး မဖြတ်သန်းချင်တော့ဘူး။ ကျုပ်က သခင်လေးဖန်ရဲ့ တပည့်အဖြစ် ခံယူချင်ပါတယ်။ ကျေးဇူးပြုပြီး သခင်လေးဖန်က ကျုပ်ကို အတွင်းရေး အချက်အလက်တွေ သေချာပေါက် သင်ပေးပါ။"
"ခင်ဗျား ... ခင်ဗျားက ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲလို့ ပြောစမ်းပါ။ ခင်ဗျားကလည်း တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ပဲဟာကို လွယ်လွယ်ကူကူနဲ့ တစ်သက်လုံး ချမ်းချမ်းသာသာ နေသွားလို့ ရနေတာပဲ။ လူတစ်ယောက်က ရှေ့ကိုဆက်သွားချင်တယ်ဆိုရင် လမ်းပေါ်မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီလောက်အထိ အသက်စွန့်ပြီး လုပ်နေစရာ မလိုပါဘူး။ စိတ်အေးချမ်းသာစွာနဲ့ သူများကျွေးမွေးတာကို ခံနေရတာကလည်း ပျော်ရွှင်မှု တစ်မျိုးပါပဲ။" ဖန်ကျန်းရီက နှစ်သိမ့်ပေးလိုက်၏။
အာလီပိုင်က အံကြိတ်ကာ ဖန်ကျန်းရီကို တိုက်ရိုက်ကြည့်၍ ပြောလိုက်သည်။ "သူများကျွေးမွေးတာ ခံနေရတာက တိရစ္ဆာန်တွေနဲ့ ဘာကွာခြားလို့လဲ။ သခင်လေးဖန် အမှန်တိုင်း ပြောပါ။ ခင်ဗျားက သင်မပေးချင်တာလား၊ ဒါမှမဟုတ် ကျုပ်ရဲ့ အရည်အချင်းက အရမ်းညံ့ဖျင်းနေလို့ ရွံရှာနေတာလား။"
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားကြပြီးနောက် ဖန်ကျန်းရီ၏ မျက်ဝန်းများထဲတွင် ရုတ်တရက် မျက်ရည်စများ လဲ့လာကာ တိုးညှင်းသောအသံဖြင့် ပြောလိုက်၏။ "အရင်တုန်းက မြို့တော်ကနေ ကျုပ်ကို ခရိုင်တစ်ခုမှာ ရာထူးသွားယူခိုင်းတဲ့အခါ အဲဒီနေရာရဲ့ ခက်ခဲကြမ်းတမ်းမှုကို ကြောက်လန့်ပြီး အကြောင်းပြချက်ပေး ငြင်းဆန်ခဲ့တယ်။ အဲဒီအခါမှာ အဖေက ကျုပ်ကို ပြောခဲ့တယ်။ မင်းက ် တစ်သက်လုံး သူရဲဘောကြောင်တဲ့သူ ဖြစ်ချင်တာလားတဲ့။"
ကျုပ်က ကြောက်တတ်ပေမဲ့ သွေးဆူတဲ့စိတ်တော့ ရှိပါသေးတယ်။ အဖေ့ရဲ့ အားပေးမှုအောက်မှာ ပထမတစ်ခုကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့လို့ ဒီကနေ့မှာ ဒီလိုအောင်မြင်မှုမျိုး ရရှိလာခဲ့တာ။
အခု ဒုတိယမင်းသားရဲ့ စကားတစ်ခွန်းက ကျုပ်ရဲ့ အရင်တုန်းက အရိပ်ကို ပြန်မြင်တွေ့စေရုံတင်မကဘူး ဒုတိယမင်းသားအပေါ် အရင်က အကဲဖြတ်ခဲ့တာတွေဟာ မှားယွင်းမှုအပေါ်မှာ ထပ်ပြီး မှားယွင်းခဲ့တယ်ဆိုတာကို ကျုပ် တွေ့ရှိလိုက်ရတယ်။
တိုးတက်လိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်စွမ်းက ခင်ဗျားကို ပြိုင်ဘက်တွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းကျော်အထိ ကျော်ဖြတ်နိုင်စေခဲ့ပြီ။ အခုချိန်မှာ ခင်ဗျားဆီမှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ချင်တဲ့ သတ္တိမျိုး ရှိနေပြန်တော့ ကျန်နေတဲ့ ဆယ်ရာခိုင်နှုန်းထဲကနေ ခင်ဗျားက နောက်ထပ် ပြိုင်ဘက် ကိုးဆယ်ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်သွားပြန်ပြီလေ။"
ငါက ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ကျော်ဖြတ်သွားပြီ။ တစ်ရာခိုင်နှုန်းပဲ လိုတော့တာလား။
အာလီပိုင်မှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားသည်။
"ဟုတ်ပါတယ်။ ကျုပ်ကလည်း သခင်လေးဖန်လိုပဲ သူရဲကောင်း ဖြစ်ချင်ပါတယ်။ သခင်လေးဖန်က ကျုပ်ကို ဒီအခွင့်အရေး ပေးဖို့ ဆန္ဒရှိ၊ မရှိတော့ မသိဘူး။"
ဖန်ကျန်းရီသည် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီးနောက် ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်၏။ “ကျုပ် အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်တွေ့သွားပြီ။ ခင်ဗျားက ရွှေမိုင်းထဲမှာ မြှုပ်နှံထားတဲ့ ရွှေစင်၊ သဲသောင်ပြင်ပေါ်က ပုလဲရတနာ၊ တောင်တန်းတွေထဲက ကျောက်စိမ်းရိုင်းပဲ။ တကယ့်ကို အလားအလာရှိတဲ့ အမျိုးသားတစ်ယောက်ကို ကျုပ် ဘယ်လိုလုပ်ပြီး ထပ်ငြင်းဆန်နိုင်ပါတော့မလဲ။"
ကာရန်ညီသည့် စကားစုလေးများက အာလီပိုင်ကို သွေးပွက်ပွက်ဆူလာစေပြီး ပါးစပ်ဟကာ ဆရာတင်ရန် ပြင်လိုက်သည်။
ဖန်ကျန်းရီက သူ့ကို အချိန်မီ တားဆီးလိုက်ပြီး ပြောလိုက်၏။ "ဆရာတင်လို့ ရတယ်။ ဒါပေမဲ့ သံတမန်အဖွဲ့ထဲမှာ တာ့ကျင်းတိုင်းပြည်က လူတွေရှိနေတော့ ကျုပ် နိုင်ငံခြားသားတစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ်ဆိုတာကို လူတွေကို သိခိုင်းလို့မရဘူး။ အဲဒီလိုမှမဟုတ်ရင် နန်းတွင်းထဲမှာ ကျုပ်အပေါ် ဝေဖန်မှုတွေ ရှိလာလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားလိုမျိုး အရမ်းကောင်းတဲ့ ပျိုးပင်လေးအတွက် ဒီလောက် အန္တရာယ်လေးကို ရင်ဆိုင်လိုက်ရလည်း ဘာမှမဖြစ်ပါဘူး။ ဘာပဲပြောပြော ခင်ဗျားအတွက်လည်း အန္တရာယ်က အတူတူပဲလေ။
ဆရာတင်တဲ့ လုပ်ရိုးလုပ်စဉ်တွေကို ကင်းလွတ်ခွင့် ပေးလိုက်ရအောင်။ ဒီနေ့ကစပြီး ပတ်ဝန်းကျင်မှာ လူမရှိတဲ့အခါ ခင်ဗျား ကျုပ်ကို ဆရာလို့ခေါ်။ ကျန်တဲ့အချိန်တွေမှာတော့ ခေါ်သင့်သလိုပဲ ခေါ်ပေါ့။ ကျုပ်လည်း ငါ မင်းပဲပြောတော့မယ်။ မင်းက တပည့်ဖြစ်တဲ့အပြင် ငါ့ထက်လည်း ငယ်တယ်။"
"ဟုတ်ကဲ့ပါ ဆရာ။"
အာလီပိုင်သည် အပြည့်အဝ ကျေနပ်အားရသွား၏။
"ငါတို့ မြင်းပေါ်တက်ပြီးမှ စကားပြောကြတာပေါ့။ တခြားသူတွေ အရိပ်အကဲ သိသွားတာမျိုး အဖြစ်မခံနဲ့။"
သူတို့နှစ်ဦးသည် မြင်းပေါ်သို့ တက်ကာ ခရီးဆက်လိုက်ကြပြီး အာလီပိုင်၏ မျက်နှာတစ်ခုလုံးသည် ပျော်ရွှင် ကြည်နူးမှုများဖြင့် ပြည့်နှက်နေသည်။ "ဆရာ ... အခု ကျုပ်ကို အတွင်းရေး အချက်အလက်တွေ သင်ပေးလို့ ရပြီလား။"
ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "ဟဲဟဲ ... မင်းနဲ့ ငါနဲ့က ဆရာတပည့်လို့ သတ်မှတ်လိုက်ပြီဆိုမှတော့ ငါက သဘာဝကျကျ ထပ်ပြီး လျှို့ဝှက်ထားလို့ မရတော့ဘူး။ ကောင်းပြီ။ ငါက မင်းကို အတွင်းရေး အချက်အလက်တွေအကြောင်း သေချာပြောပြမယ်။ ဒါပေမဲ့ ကျင့်စဉ်ကို တခြားသူတွေဆီ လုံးဝ ပေါက်ကြားလို့မရဘူးဆိုတာကို မင်း သေချာမှတ်ထားရမယ်။ အဲဒီလိုမှမဟုတ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်။"
"ဆရာ့ရဲ့ စကားကို ရင်ထဲမှာ သေချာမှတ်ထားပါ့မယ်။"
စိတ်ကူးများကို ရိုးရိုးရှင်းရှင်းလေး စီစဉ်လိုက်ပြီးနောက် ဖန်ကျန်းရီက ဖြည်းညင်းစွာ ပြောလိုက်၏။ "မြို့တော်ထဲက စစ်စခန်းတွေထဲမှာ ဘယ်တပ်စခန်းက အသန်မာဆုံးလဲဆိုတာကို မင်း သိလား။"
အာလီပိုင်သည် ခေတ္တမျှ တွေးတောလိုက်သည်။ "ဖန်ဝူတပ်စခန်းလို့ ကြားဖူးပါတယ်။"
"မှန်တယ်။ ဒါပေမဲ့ အဲဒါက အရင်တုန်းကလေ။ အခုချိန်မှာ မြို့တော်ထဲက အသန်မာဆုံး စစ်တပ်က မြို့တော်ထဲ က ဘယ်တပ်စခန်းမှ မဟုတ်ဘဲ ငါ့လက်အောက်က ကျင်းယီဝေတပ်ဖွဲ့ပဲ။" ဖန်ကျန်းရီက မာနတရား အပြည့်ဖြင့် ပြောလိုက်၏။
"ကျင်းယီဝေ ဖွဲ့စည်းတဲ့အချိန်က အတိုဆုံးဆိုပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်က အသန်မာဆုံးပဲ။ သူတို့ရဲ့ လုပ်ဟန်က ကောင်းမွန်ပြီး သေရမှာကို မကြောက်ကြဘူး။ အဲဒါက ဆရာ့ရဲ့ ရိုးရှင်းတဲ့ အခြေခံအဆင့် အတွင်းရေး အချက်အလက်တွေကို အားကိုးထားလို့ပဲ။"
အာလီပိုင်သည် တံတွေးတစ်ချက် မြိုချလိုက်မိသည်။
အံ့မခန်းပဲ။ တကယ်ကို အံ့မခန်းပဲ။
ကျင်းယီဝေ၏ ကြီးမြတ်လှသော နာမည်ဂုဏ်သတင်းကို မြို့တော်ထဲတွင် ရှိနေသည့် ဤရက်ပိုင်းအတွင်းမှာတင် သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးဖြစ်သည်။ ပြည်သူလူထု၏ ကြိုဆိုမှုကို ခံရရုံသာမကဘဲ တိုက်ခိုက်ရေး စွမ်းရည်ကပါ ဤမျှလောက်အထိ ထူးချွန်နေမည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့သော်လည်း သေချာတွေးကြည့်မည်ဆိုလျှင်လည်း မှန်ကန်ပေသည်။ ဘာပဲပြောပြော ကျင်းယီဝေသည် နန်းတော်အတွင်း ကာကွယ်ရေးကိုပါ တာဝန်ယူထားရသောကြောင့် တိုက်ခိုက်ရေးစွမ်းရည် သန်မာနေသည်မှာ ဖြစ်သင့်သည်။
"ဆရာ ... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "စစ်တပ်က စစ်သည်တွေကို လေ့ကျင့်ပေးတာက စကားတစ်ခွန်းတည်းနဲ့ လွှမ်းခြုံပြောရမယ်ဆိုရင် စည်းကမ်းဆိုတဲ့ စကားလုံးနှစ်လုံးထက် မပိုဘူး။ ငါက တစ်သက်တာ သင်ယူထားသမျှကို အသုံးပြုပြီး စစ်တပ်စည်းကမ်းသစ်ကို ရေးဆွဲခဲ့တယ်။ အဲဒီနာမည်က ကျင်းယီဝေ တပ်ဖွဲ့စည်းကမ်း နှစ်ဆယ့်နှစ်ချက်ပဲ။ ဒီနည်းလမ်းက ကျင်းယီဝေ အတွင်းမှာပဲ ပျံ့နှံ့နေတာ။ သင်ယူပြီး လအနည်းငယ်အတွင်းမှာတင် သူတို့ကို အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းရည်ရှိသူတွေအဖြစ် ကြီးထွားလာစေခဲ့ပြီး ဖန်ဝူတပ်စခန်းတောင် သူတို့ရဲ့ တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ရည်မရှိတော့ဘူး။
နောက်ထပ် ငါ ဖြည်းဖြည်းချင်း ပြောပြမယ်။ မင်း သေချာမှတ်ထား။ ပထမအချက် - အခြေအနေမရွေး အကောင်အထည်ဖော်ရန် ... "
ဖန်ကျန်းရီသည် အလျင်စလိုမရှိဘဲ ဖြည်းညင်းစွာ ပြောပြနေပြီး အာလီပိုင်မှာမူ အဖိုးတန်ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ဖြစ်နေကာ တစ်ချက်စီ နားထောင်လိုက်တိုင်း သူ၏ စိတ်ဝိညာဉ်တွင် ကြီးမားသော ကျေနပ်မှုကို ရရှိနေသကဲ့သို့ ခံစားနေရ၏။
အတွင်းရေး အချက်အလက်တွေ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ နားထောင်ကြည့်ရုံနဲ့တင် လူကို သွေးပွက်ပွက်ဆူစေတယ်။
နှစ်ဆယ့်နှစ်ချက်လုံး ပြောပြပြီးသွားသောအခါ ဖန်ကျန်းရီက ဆက်ပြောသည်။ "ဒီစစ်တပ်စည်းကမ်းတွေက စစ်သည်တွေကို လေ့ကျင့်ပေးဖို့ အသုံးပြုတာ မှန်ပေမဲ့ အိမ်ရှေ့စံမင်းသားကို သင်ကြားပေးခဲ့တဲ့ နည်းလမ်းတွေကနေ ဆင်းသက်လာတာ။ ဒါကြောင့် မင်းရဲ့ စိတ်ကို ရှင်းလင်းသွားစေဖို့အတွက် အကိုက်ညီဆုံးပဲ။ ဒီအရာတွေကို မင်း သေချာမှတ်ထားရမယ်။ နောက်ပိုင်းကျရင် မင်းရဲ့ နေ့စဉ်အပြုအမူ စည်းမျဉ်းတွေအဖြစ် ပြောင်းလဲလိုက်ရုံပဲ။
အာသာဖြေဖြတ်တာနဲ့ ကာမဂုဏ်ရှောင်ကြဉ်တာအပြင် စစ်တပ်စည်းကမ်း နှစ်ဆယ့်နှစ်ချက်ကို ပေါင်းထည့်လိုက်တာက မင်းအတွက်တော့ မလုံလောက်သေးဘူး။ ဒါကြောင့် ဒီအပြင် ငါက မင်းအတွက် အထူးသီးသန့် စိတ်ကြိုက်လေ့ကျင့်မှုတွေပါ လုပ်ပေးရအုံးမယ်။"
အာလီပိုင်၏ နှလုံးသားသည် တဒိတ်ဒိတ် ခုန်ပေါက်နေပြီး လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ "ဘယ်လို လေ့ကျင့်မှုမျိုးလဲ။"
ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ စတင်၍ လျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။ "စာသားပေါ်က အရာတွေချည်းသာဆိုရင် ပေါက်ကြားသွားဖို့က အစောနဲ့အနှောင်း ကိစ္စပဲ။ အခု ဆက်ပြီး မင်းကို သင်ပေးမယ့်အရာကမှ အရေးကြီးဆုံးပဲ။
အိမ်ရှေ့စံမင်းသားကို သင်ကြားပေးခဲ့တဲ့ လျှို့ဝှက်နည်းလမ်းတွေထဲက လက်ဆင့်မကမ်းတဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်းပဲ။ ဒါက ငါ ငယ်ငယ်တုန်းက လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်နဲ့ တွေ့တုန်း ငါ့ကို သင်ပေးခဲ့တဲ့ သိုင်းကွက်ပဲ။
ဒီသိုင်းကွက်က တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ပေမယ့် အခြေခံကို တည်ဆောက်ပေးတဲ့ သိုင်းပဲ။ အတွင်းအပြင် နှစ်ခုလုံးကို တွဲဖက်လေ့ကျင့်ရပြီး အကြမ်းနဲ့အနုကို ပေါင်းစပ်ထားသလို ယင်နဲ့ယန်ကို ဟန်ချက်ညီစေတယ်။ မင်းရဲ့ မူလစွမ်းအင်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာစေပြီး အမျိုးသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်ရရှိစေနိုင်တယ်။"
ချီးတဲ့မှ။ အံ့မခန်းပါလား။
အာလီပိုင်သည် ရင်ထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ်လိုက်မိ၏။
နာမည်ကို ကြားလိုက်ရုံဖြင့် သိုင်းလောက၏ လျှို့ဝှက်သိုင်းကွက်တစ်ခု ဖြစ်ကြောင်း သိသာလှပြီး အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေသည်။
"ဒါဆို ဆရာက ကျုပ်ကို ဘယ်တော့ သင်ပေးမှာလဲ။" အာလီပိုင်က အလျင်စလို ပြောလိုက်၏။
ဖန်ကျန်းရီက သက်ပြင်းသဲ့သဲ့ချလိုက်သည်။ "မင်း ကြည့်စမ်း။ မင်း ထပ်ပြီး အလျင်လိုနေပြန်ပြီ။ ဘယ်ကိစ္စနဲ့ပဲ ကြုံကြုံ မလောနဲ့။ ဘယ်လောက်ပဲ အံ့သြစရာကောင်းတဲ့ ကျင့်စဉ်ဖြစ်ပါစေ ချက်ချင်းကြီး အောင်မြင်သွားမှာ မဟုတ်ဘူး။ ဥပမာ မင်း ဝတ္ထုဖတ်သလိုမျိုးပေါ့။ နေ့တိုင်း တစ်ခန်း၊ နှစ်ခန်းလောက် ဖတ်ရုံနဲ့ ဘာမှမဖတ်လိုက်ရသလို ခံစားရပေမဲ့ နေ့တိုင်း ဇွဲရှိရှိ ဆက်ဖတ်မယ်ဆိုရင် သေချာပေါက် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိလာမှာပဲ။
သိုင်းကျင့်တာကလည်း ဒီအတိုင်းပဲလေ။ ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်းက အံ့သြစရာကောင်းတာ မှန်ပေမဲ့ တခြားခန္ဓာကိုယ်လေ့ကျင့်ရေး နည်းလမ်းတွေနဲ့ တွဲဖက်ပြီး ရေရှည်လေ့ကျင့်မှု လုပ်မှသာ အကျိုးသက်ရောက်မှု ရှိလာမှာ။ ပြီးတော့ ဒီအရာအားလုံးရဲ့ အကြိုအခြေအနေက မင်းရဲ့ အခြေခံကောင်းဖို့ လိုတယ်။ အခု မင်းရဲ့ ခန္ဓာကိုယ် အရည်အသွေးက တကယ်ကို စိုးရိမ်စရာ ဖြစ်နေတယ်။ ငါ မင်းကို မေးမယ်။ မင်း နေ့တိုင်း အသားဘယ်လောက်စားလဲ။"
"အသားချည်းသီးသန့်ဆိုရင်တော့ သုံးဆယ်သားလောက်ရှိမယ်။" အာလီပိုင်က တွေးတောလျက် ပြောလိုက်၏။
"သုံးဆယ်သား။ အဲဒါက နည်းလွန်းတယ်။ မင်း ဒီလောက်အားနည်းနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ငါ့လက်အောက်က သူရဲကောင်း ကျန်းပြောင်ဆိုရင် အသားကို အဓိက အစားအစာအဖြစ် စားပြီး သူများစားတဲ့ အဓိက အစားအစာ ဆိုတာတွေကို သရေစာအဖြစ် စားတာ။ ကြက်ဥကိုဆိုရင် ရေလိုသောက်တာ။ မင်းအတွက် သီးသန့် အစားအစာ စာရင်းတစ်ခု လုပ်ပေးဖို့ သူ့ကို ငါ သွားရှာလိုက်မယ်။ မင်းက နေ့တိုင်း အဲဒီအစားအစာ စာရင်းအတိုင်းစားပြီးမှ ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်းကို လေ့ကျင့်ရမယ်။ လဝက်မပြည့်ခင်မှာတင် မင်းရဲ့ ခန္ဓာကိုယ်က အံ့သြစရာကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ငါ ရဲရဲကြီး အာမခံရဲတယ်။"
လဝက်အတွင်းမှာ အံ့သြစရာကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာမယ်ဆိုတော့ အဲဒါက ဘာရေရှည်လေ့ကျင့်မှုလဲ။
အာလီပိုင်သည် ဦးစွာ အံ့သြဝမ်းသာဖြစ်သွားပြီးနောက် မျက်နှာအရောင် ပြောင်းလဲသွား၏။ "ခဏနေအုံး … ဆရာ ကျန်းပြောင်လို့ ပြောလိုက်တာလား။ ကျန်းပြောင်လည်း လိုက်လာတာလား။"
အပိုင်း (၇၅၉) အာလီပိုင်၏ လေ့ကျင့်ရေး အစီအစဉ်။
ဖန်ကျန်းရီသည် အခြေအနေမမှန်သည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။ "ကျန်းပြောင်က ဘာဖြစ်လို့လဲ။"
အာလီပိုင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ကျန်းပြောင်ဆိုတာက မြို့တော်မှာ ချီလျဲ့ကို အနိုင်ရပြီး သူ့ရဲ့ နားရွက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့တဲ့ တစ်ယောက် မဟုတ်လား။ ချီလျဲ့က မြို့တော်ကို ပြန်ရောက်တဲ့အခါ ခမည်းတော်ရဲ့ ရှေ့မှာ အရမ်း မျက်နှာပျက်ခဲ့ရပြီး ခမည်းတော်ရဲ့ ပြင်းပြင်းထန်ထန် ဆူပူတာကို ခံခဲ့ရတယ်။
နောက်ပိုင်းမှာ ချီလျဲ့က ရင်ထဲက မကျေနပ်မှုတွေ မပြေလည်နိုင်ဘဲ လက်အောက်ခံ စစ်သည်အချို့ကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ဒီကိစ္စကြောင့်ပဲ ခမည်းတော်က သူ့ကို ရာထူးနှစ်ဆင့် ဆက်တိုက် ချပစ်ခဲ့တယ်။ အဲဒီနောက် သူက တစ်နေ့လုံး အရက်တွေ သောက်ပြီး အကြောင်းရှိရင် တခြားသူတွေကို ဆဲရေး တိုင်းထွာနေတော့တာပဲ။ စရိုက်တွေလည်း အများကြီး ပြောင်းလဲသွားတယ်။ တကယ်တော့ ခမည်းတော်ကလည်း ဒီကိစ္စအပေါ် အရမ်းမကျေနပ်ဖြစ်နေပြီး ကျန်းပြောင်အပေါ် အမြင်စောင်းတာ အရမ်းနက်ရှိုင်းနေတယ်။
တကယ်လို့ ကျန်းပြောင်က တာ့ကျင်းတိုင်းပြည်မှာ ချီလျဲ့နဲ့ တွေ့သွားမယ်ဆိုရင် ကျုပ်တို့အတွက်တော့ အခြေအနေ သိပ်မဟန်တော့ဘူး ထင်တယ်။"
"အင်း ... ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား။ ဒါကိုတော့ ငါ သတိမထားမိခဲ့ဘူး။ မင်း ဒီမှာစောင့်နေ။ ငါ ကျန်းပြောင်ကို သွားရှာပြီး စကားနည်းနည်းလောက် သွားမှာလိုက်ဦးမယ်။ အချိန်တန်လို့ ချီလျဲ့နဲ့တွေ့ပြီး ပဋိပက္ခ ဖြစ်လာမှာကို ရှောင်လွှဲရမယ်လေ။"
ဖန်ကျန်းရီသည် စကားပြောပြီးသည်နှင့် မြင်းဇက်ကြိုးကိုဆွဲကာ မြင်းလှည်းတန်း၏ ရှေ့ဆုံးသို့ သွားလိုက်၏။
ကျန်းပြောင်နှင့် ကျိုးထျဲ့တို့ နှစ်ဦးစလုံးသည် ယခုအချိန်တွင် ရှေ့ဆုံးတန်း၌ ရှိနေကြသည်။
ဖန်ကျန်းရီက တဖြည်းဖြည်း ချဉ်းကပ်သွားသောအခါ ရုတ်တရက် သူတို့နှစ်ဦး မျက်နှာနီရဲကာဖြင့် တစ်စုံတစ်ရာကို ပွစိပွစိ ပြောဆိုနေကြသည်ကို ကြားလိုက်ရ၏။
သူက အနားကပ်၍ နားထောင်လိုက်ရာ ချက်ချင်း စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။
ကျိုးထျဲ့က တိုးညှင်းစွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။ "ငါက ခြေလှမ်းမြှောက်တဲ့ သိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်ပြီး မိုင်တစ်ရာလောက်အထိ တုန်လှုပ်သွားစေမယ်ဆိုရင် မင်းက ဘာနဲ့ ကာကွယ်မလဲ။"
"ငါက ဒူးကိုဖက်ပြီး ခြေလှမ်းလိမ်တဲ့ သိုင်းကွက်ကို ထုတ်သုံးမယ်။ ကျောက်စိမ်းပုလွေ မှုတ်မယ်။"
"ချီးတဲ့မှ။ ကျောက်စိမ်းပုလွေမှုတ်တယ် ဆိုတာက ဘာသောက်ရေးမလုပ်တဲ့ အရာလဲ။"
"သွားကို အသုံးပြုပြီး အောက်ပိုင်းကို တိုက်ခိုက်တာလေ။ တစ်ချက်တည်းနဲ့ အသေအလဲ ကိုက်သတ်တာ။"
"မင်း သောက်ရူးများ ရူးနေလား။"
"ငါနဲ့ ယှဉ်ချကြည့်ရဲလား။"
"မင်း ထွက်သွားစမ်း။"
သူတို့နှစ်ဦး ရန်ဖြစ်တော့မည်ကို မြင်သောအခါ ဖန်ကျန်းရီက အလျင်အမြန် ရှေ့တိုးသွား၍ ကြိမ်းမောင်းလိုက်၏။ "မင်းတို့နှစ်ယောက် တော်သင့်နေပြီနော်။ သောက်ကျိုးနည်း ... နိုင်ငံခြားထွက်လာတာတောင် ငါ့ကို မျက်နှာပျက်အောင် လုပ်နေကြသေးတယ်။"
ကျိုးထျဲ့သည် မထီမဲ့မြင်အကြည့်ဖြင့် ကျန်းပြောင်ကို တစ်ချက်ကြည့်လိုက်သည်။
ဤအကောင်သည် တစ်ကိုယ်လုံး ကြွက်သားအမြှောင်းမြှောင်း ထနေသော်လည်း ဆော့ကစားသည့် ပုံစံမှာ တဖြည်းဖြည်း ပို၍ ရူးကြောင်ကြောင် နိုင်လာခဲ့သည်။ ငါ ဒီလို ရူးကြောင်ကြောင်ကောင်နဲ့ မကစားတော့ဘူး။
"သခင်လေး ... ဘာများ အမိန့်ရှိပါသလဲ။"
"အို ... ကျန်းပြောင်ကို ပြောစရာ ကိစ္စတစ်ခုရှိလို့။ ချီလျဲ့ကို မှတ်မိသေးတယ် မဟုတ်လား။ ခုနက အာလီပိုင် ပြောတာ ကြားလိုက်တယ်။ အဲဒီကောင်က မင်းကို ရန်ငြိုးဖွဲ့ထားတယ်တဲ့။ ကျင်းတိုင်းပြည်ကို ရောက်တဲ့အခါ မလွှဲမရှောင်သာ တွေ့ရမှာဆိုတော့ မင်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။"
ကျန်းပြောင်က ပြောလိုက်၏။ "အစောကြီးတည်းက သူ့ကို ထပ်ပြီး ချချင်နေတာ။ လာကတည်းက ကျုပ် ပြင်ဆင်လာခဲ့တယ်။ ပြီးတော့ အဲဒီတုန်းက သူ့ရဲ့ အင်အားက အခုချိန်မှာ ကျုပ်ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ နားရွက်တစ်ဖက် လျော့နေတာကတော့ ပြောစရာတောင် မလိုတော့ဘူး။"
ကျိုးထျဲ့က မျက်စောင်းထိုး၍ လှောင်ပြောင်လိုက်သည်။ "ဟုတ်သားပဲ။ ကျောက်စိမ်းပုလွေမှုတ်တဲ့ သိုင်းကွက်လည်း တတ်သေးတာဆိုတော့ ဒီတစ်ခါ ချီလျဲ့ကို တိုက်ရိုက် သင်းကွပ်ပစ်လို့ ရနေပြီ။ သွားနဲ့ သင်းကွပ်ပစ်။"
"သင်းကွပ်လို့တော့ ရတယ်။ ဒါပေမဲ့ နည်းနည်းလေးပဲ သင်းကွပ်လို့ရမှာ။" ကျန်းပြောင်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းဖြစ်နေပြီး ခပ်အေးအေးပင် ပြောလိုက်၏။
"သောက်ရူးကောင်။" ကျိုးထျဲ့သည် လှောင်ပြောင်မှု ကျရှုံးသွားသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
ဖန်ကျန်းရီက လက်မြှောက်အရှုံးပေးသလို ပြောလိုက်၏။ "တော်ကြတော့။ ဘယ်လိုပဲပြောပြော သူများနိုင်ငံ၊ သူများနယ်မြေကို ရောက်နေတာဆိုတော့ သတိထားတာက အကောင်းဆုံးပဲ။ အဲဒါက သူများရဲ့ နယ်မြေလေ။
ပြီးတော့ ခုနက ဒုတိယမင်းသား အာလီပိုင်က ငါ့ကို ဆရာတင်သွားပြီ။ ဒီကောင် ကျင်းတိုင်းပြည်ကို ရောက်တဲ့အခါ ငါတို့အတွက် အဆင်ပြေအောင် အများကြီး လုပ်ပေးနိုင်ကောင်း လုပ်ပေးနိုင်လိမ့်မယ်။ မင်းတို့နှစ်ယောက် လုံးဝ နှုတ်မချော်စေနဲ့နော်။ ငါ သူ့ကို ခုနလေးတင် လုပ်ကြံရေးထားတဲ့ ကျင်းယီဝေ တပ်ဖွဲ့စည်းကမ်း နှစ်ဆယ့်နှစ်ချက်ကို ပြောပြထားတယ်။ မင်းတို့ကိုပါ တစ်ခေါက် ပြန်ပြောပြမယ် ... မင်းတို့နှစ်ယောက်လုံး သေချာမှတ်ထား။ မမှတ်မိရင်လည်း အကြောင်းပြချက် တစ်ခုခုရှာပြီး သူ့ကို အယုံသွင်းထားလိုက်။
တကယ်လို့ သူက ငါနဲ့ပတ်သက်တာကို မေးလာတာပဲဖြစ်ဖြစ်၊ မင်းတို့ ကြားရတာ ထူးဆန်းနေတဲ့ ကိစ္စတွေကို မေးလာရင်ပဲဖြစ်ဖြစ် ကျန်းပြောင်က မသိဘူးလို့ပဲ ပြောလိုက်။ ကျိုးထျဲ့ မင်းကတော့ အခြေအနေအရ ကြည့်လုပ်ပေါ့။"
ကျိုးထျဲ့က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "အိုက် ... သခင်လေး ... အဲဒီ ဒုတိယမင်းသားက ဘယ်လိုလုပ်ပြီး သခင်လေးရဲ့ တပည့်အဖြစ် လက်ခံတာကို ခံလိုက်ရတာလဲ။ သခင်လေးက သူ့ကို လှည့်စားလိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ။"
ဖန်ကျန်းရီက နှာခေါင်းရှုံ့လိုက်သည်။ "ဘာကို လှည့်စားရမှာလဲ။ မင်းတို့သခင်လေး ငါ့ရဲ့ တစ်သက်တာ လုပ်ရပ်တိုင်းမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်။ စကားပြောရင် လူတွေ ယုံကြည်အောင် ပြောချင်တယ်ဆိုရင် ရိုးသားဖြူစင်မှု ရှိဖို့ပဲလိုတယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။"
ကျိုးထျဲ့က တဟားဟား ရယ်မောလျက် ပြောလိုက်၏။ "ရိုးသားဖြူစင်မှု။ ကျုပ်ရဲ့ ရိုးသားဖြူစင်မှုကို ခံရတဲ့ မိန်းမတွေအားလုံးလည်း နာခံသွားကြတာချည်းပဲ။ ဒါပေမဲ့ ဒီလောက်တော့ မရိုးရှင်းလောက်ပါဘူး ... သခင်လေး ကျုပ်တို့ကို နည်းနည်းလောက် ပြောပြပါဦး။"
ကျန်းပြောင်မှာလည်း အနည်းငယ် စပ်စုချင်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်သည်။ "မင်းတို့က အဲဒီလောက်တောင် နားထောင်ချင်နေကြတာလား။"
"နားထောင်ချင်ပါတယ်။" သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြ၏။
ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆို ငါက မင်းတို့ကို ရိုးရိုးရှင်းရှင်းလေး ပြောပြမယ်။ တကယ်တော့ သိပ်ခက်ခဲတာတော့ မဟုတ်ပါဘူး။ ယောက်ျားတိုင်းမှာ အားနည်းချက်ဆိုတာ ရှိကြတယ်။ အဲဒီအားနည်းချက်ကို ဖမ်းဆုပ်ထားနိုင်ရင် ကိုယ်စိတ်ကြိုက် ခြယ်လှယ်လို့ မရနိုင်ဘူးလား။"
"အာ ... ဒီဒုတိယမင်းသားက တစ်ခေါက်ထွက်လာတာ မိန်းမနဲ့ ကလေးကိုပါ ခေါ်လာခဲ့တာလား။ မတွေ့မိပါဘူး။ ပြန်ပေးဆွဲထားတာလား။" ကျိုးထျဲ့သည် ခေါင်းကိုကုတ်ကာ ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်၏။
"ချီးတဲ့မှ။ ငါတို့အားလုံး လူကောင်းအဖြစ် ပြောင်းလဲသွားကြပြီလေ။ အရင်တုန်းက လုပ်ခဲ့တဲ့ လူမိုက်အလုပ်တွေကို မေ့ထားလို့ မရဘူးလား။ ငါပြောနေတာက စိတ်ပိုင်းဆိုင်ရာကို ပြောတာ။ ယောက်ျားတွေရဲ့ အားနည်းချက်ဆိုတာ ဘာလဲ။ ရိုးရိုးရှင်းရှင်း ပြောရရင် ချစ်ခြင်းမေတ္တာ လိုအပ်နေတာပေါ့။
ယောက်ျားတွေက မွေးဖွားလာကတည်းက တာဝန်ယူရမယ်၊ မိုးကြိုးပစ်ချင်ပစ်ပါစေ အင်မတန် ခိုင်မာတဲ့ ယောက်ျားကောင်း ဖြစ်ရမယ်၊ ငိုလို့မရဘူး၊ ပျော့ညံ့လို့ မရဘူးလို့ အပြောခံခဲ့ရတာလေ။ ဒါပေမဲ့ ရင်ထဲမှာတော့ ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေကြတာပဲ။ အထူးသဖြင့် အာလီပိုင်လိုမျိုး မျှော်လင့်ချက်မရှိတဲ့ တော်ဝင်မျိုးနွယ်ဝင် ဆိုရင် ပိုဆိုးတာပေါ့။ နည်းနည်းပါးပါး အားပေးစကားလေး ပြောလိုက်ရုံနဲ့တင် ဘာပြောပြော အကုန်ယုံသွားမှာ မဟုတ်ဘူးလား။"
ကျိုးထျဲ့က ကိုယ်ချင်းစာစိတ်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ "မှန်တယ်။ သခင်လေးက ထက်မြက်ပါတယ်။ ဒါပေမဲ့ တစ်ခဏတာ လှည့်စားလို့ရပေမဲ့ တစ်သက်လုံးတော့ လှည့်စားလို့ မရနိုင်ဘူးလေ။ တကယ်လို့ လမ်းခုလတ်မှာ သူ သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ။"
"ပြောတာမှန်တယ်။ ဒါကြောင့် ငါက သူ့အတွက် တခြားအစီအစဉ်တွေပါ ထပ်ဆွဲထားတယ်။ ငါ့နောက်ကိုလိုက်ပြီး သင်ယူရင် အောင်မြင်နိုင်မယ်လို့ သူ့ကို ငါ ပြောထားတယ်။ ဒီနေ့ကစပြီး မင်းတို့ လုပ်ရမှာက သူ့ကို သိုင်းပညာသင်ပေးဖို့နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး လုပ်ပေးဖို့ တာဝန်ယူရမယ်။ အံ့သြစရာကောင်းတဲ့ အကျိုးသက်ရောက်မှုကို သူ အမြန်ဆုံး မြင်တွေ့သွားအောင် လုပ်ပေးရမယ်။
ကျန်းပြောင်က သူ့ရဲ့ နေ့စဉ် ခန္ဓာကိုယ်လေ့ကျင့်ရေးနဲ့ အစားအသောက်ကို တာဝန်ယူ။ မင်းက အကျဉ်းသား လေ့ကျင့်ခန်းဆိုလား ဘာဆိုလား လုပ်ထားတယ် မဟုတ်လား။ ကြွက်သား တစ်စစီကနေ စပြီး သူ့ကို ရှင်းပြလိုက်။ ရှင်းပြပြီးရင် လေ့ကျင့်ခိုင်း။
ကျိုးထျဲ့ မင်းက သူ့ကို ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်း သင်ပေးဖို့ တာဝန်ယူပြီး သုံးရက်အတွင်းမှာ အကျိုး သက်ရောက်မှု မြင်တွေ့လာအောင် ကြိုးစားလုပ်ဆောင်။"
"ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်းဆိုတာ ဘာကြီးလဲ။ ပြီးတော့ ဘယ်သိုင်းကွက်က သုံးရက်အတွင်းမှာ အကျိုး သက်ရောက်မှုကို မြင်တွေ့နိုင်မှာလဲ။ သုံးနှစ်ဆိုရင်တော့ တော်သေးတယ်။" ကျိုးထျဲ့က ကြောင်တောင်တောင်ဖြင့် မေးလိုက်၏။
ဖန်ကျန်းရီက လက်ခါပြလိုက်သည်။ "အိုက်ယား ... သိုင်းကွက်တစ်ခုကို ကြုံသလို လျှောက်လုပ်ပြီး သူ့ကို သင်ပေးလိုက်ရင် ရပြီ။ အဲဒီလိုမှမဟုတ်ရင် လူသိနည်းတဲ့ သိုင်းကွက်တစ်ခုကို သင်ပေးလိုက်။ တခြားသူတွေ သတိမထားမိနိုင်တဲ့ အမျိုးအစားဆိုရင်လည်း ရတယ်။"
"မင်းတို့နှစ်ယောက်ထဲက ဘယ်သူ မြင်းဆေး ယူလာလဲ။ ထမင်းစားတဲ့အချိန်ကျရင် သူ့ကို နည်းနည်းလောက် ထည့်ကျွေးလိုက်။ ပြီးမှ သူ့ကို သိုင်းကျင့်ခိုင်း။ တစ်ရက်တည်းနဲ့တင် အကျိုးသက်ရောက်မှု ပေါ်လာမှာ မဟုတ်ဘူးလား။"
"ကျုပ် ယူလာတယ်။"
ကျန်းပြောင်သည် အပေါ်ဝတ်ရုံကို နှိုက်လိုက်ပြီး ထိုအထဲမှ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်၏။ "ဒါပေမဲ့ ဒီအရာက သိပ်ပြီး အသုံးမဝင်လှဘူး။ ကျုပ်လည်း အမြဲတမ်း မလဲဖြစ်ဘူးလေ။ သမားတော်က ကျုပ်ကို ပြောဖူးတယ်။ တစ်နှစ်လောက်ပဲ သိမ်းထားလို့ရတယ်တဲ့။ သက်တမ်းကုန်နေလောက်ပြီ။"
"သက်တမ်းကုန်နေရင် မင်းက ပိုပြီးများများလေး ထည့်လိုက်ပေါ့။"
ရိုးရိုးရှင်းရှင်းလေး မှာကြားပြီးနောက် ဖန်ကျန်းရီသည် သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ အာလီပိုင်၏ ရှေ့သို့ သွားရောက်လိုက်သည်။ ပြီးနောက် သူတို့နှစ်ဦးကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ "ဒုတိယမင်းသား ... ဒါက ငါ့လက်အောက်က အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးနှစ်ယောက်ဖြစ်တဲ့ ကျင်းယီဝေရဲ့ အထက်တန်းစားတွေ .. ကျန်းပြောင်နဲ့ ကျိုးထျဲ့ပဲ။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က မင်းကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ လုပ်ပေးလိမ့်မယ်။ အခြေခံကောင်းကောင်း တည်ဆောက်နိုင်ပြီဆိုရင် စွမ်းအင်တွေကလည်း သဘာဝကျကျကို မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်။
မင်းတို့နှစ်ယောက် ဒုတိယမင်းသားရဲ့ လေ့ကျင့်ရေးကို စိတ်ရောကိုယ်ပါ နှစ်ပြီး စီစဉ်ပေးရမယ်။ တစ်ရက်လေးတောင် ပေါ့ဆလို့ မရဘူး။ မသေသရွေ့ သေလုမတတ်ကို လေ့ကျင့်ပေးရမယ်။
နေ့ခင်းဘက်မှာ သူတို့က မင်းရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ပေးလိမ့်မယ်။ ညဘက်ကျရင် ငါက မင်းရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသင်ခန်းစာတွေကို သင်ပေးပြီး မင်းရဲ့ အရှိန်အဝါနဲ့ ဖွဲ့စည်းပုံကို မြှင့်တင်ပေးမယ်။ နှစ်လမ်းသွား အကောင်အထည်ဖော်ပြီး မင်းက အမြန်ဆန်ဆုံး အရှိန်အဟုန်နဲ့ ကြီးထွားလာရမယ်။ မင်းရဲ့ အလားအလာအားလုံးကို ထုတ်ဖော်ပြသနိုင်ဖို့ ငါ အာမခံတယ်။ အဲဒီလို လုပ်နိုင်မလား။"
အာလီပိုင်သည် ကျန်းပြောင်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် သတိပြန်ဝင်လာကာ အားပါးတရ ခေါင်းညိတ်ပြလိုက်၏။ "လုပ်နိုင်ပါတယ်။ သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် သေချာပေါက် ကြိုးကြိုးစားစား လေ့ကျင့်ပြီး နည်းနည်းလေးမှ ပျင်းရိနေမှာ မဟုတ်ပါဘူး။"