အခန်း (၇၆၀-၇၆၁)
Vol. 40 Ch. 760-761
အပိုင်း (၇၆၀) အသွင်ပြောင်းသွားသော အာလီပိုင်။
အာလီပိုင်၏ ငရဲခန်းလေ့ကျင့်ရေး စတင်သွားပြီဖြစ်သည်။
ကျန်းပြောင် သင်ကြားပေးသော ပထမဆုံးသင်ခန်းစာကို အာလီပိုင်က အလွန်တရာ အလေးအနက်ထား၍ နားထောင်၏။
သူက ကြည့်ရသည်မှာ ဉာဏ်ပညာ တုံးအသည့်ပုံစံ ရှိသော်လည်း ကျင်းတိုင်းပြည်တွင် နာမည်ကျော်ကြားလှပေသည်။ ဘာပဲပြောပြော ချီလျဲ့ကို အနိုင်ယူထားသည့် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်ရာ မည်သူကမျှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။
ဤအစပိုင်းကပင် သူ့ကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။
သာမန်လူများ သိုင်းလေ့ကျင့်ရာတွင် ကျောက်တုံးများ၊ ဓား၊ လှံများကို ယူ၍ အပိုစကားမပြောဘဲ တိုက်ရိုက် လေ့ကျင့်ကြခြင်းသာ ဖြစ်၏။
သို့သော် ကျန်းပြောင်မှာမူ အခြားသူများနှင့်မတူဘဲ ကြွက်သားများအကြောင်းကို အရင်စတင် ရှင်းပြသည်။ ကြွက်သားအမြှောင်းလိုက် တစ်ချောင်းချင်းစီ မည်သည့်နေရာတွင် ရှိသည်ကို ရှင်းပြပြီးမှသာ လေ့ကျင့်ရေးကို စတင်သည်။
ရှင်းလင်းပြတ်သားသော လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုသည် အာလီပိုင်၏ ဦးနှောက်ထဲတွင် စတင် တည်ဆောက်လာသည်။
သေဒဏ်ကျခံရသည့် အကျဉ်းသား အများအပြားကို ခွဲစိတ်လေ့လာပြီးမှ သိရှိလာခြင်းဖြစ်သည်ဟု ကြားရသောအခါ ဤအချက်လေး တစ်ချက်နှင့်ပင် သူ့ကို အလွန်တရာ ရိုသေလေးစားသွားစေခဲ့၏။
ဤသည်ကား ဖြစ်စဉ်များကို ဘေးဖယ်ထားပြီး အနှစ်သာရကို ကြည့်ရှုခြင်းပင် ဖြစ်သည်။
ဆရာက ငါ့ကို အမှန်တကယ် စေတနာထားပြီး သင်ပေးနေတာပဲ။
နည်းစနစ်က လူကို မျက်စိပွင့်နားပွင့် ဖြစ်စေသော်လည်း ကျန်းပြောင် လူတစ်ယောက်ကို လေ့ကျင့်ပေးရာတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပေသည်။ မင်းသားဆိုသည့် အဆင့်အတန်းမျိုးက သူ့ထံတွင် လုံးဝ အသုံးမဝင်ချေ။
အာလီပိုင်မှာ ငိုညည်းနေရပြီး တစ်ကိုယ်လုံးရှိ ပြင်းထန်သော နာကျင်မှုများကို ကြိတ်မှိတ်သည်းခံပြီးမှသာ လေ့ကျင့်ရေးကို ပြီးမြောက်နိုင်ခဲ့၏။
ထို့နောက်တွင်မူ အသားအများအပြားကို အားဖြည့်စာအဖြစ် စားသောက်ရပြန်သည်။ သူ မျက်ဖြူဆိုက် သွားမတတ် အစားလွန်သွားသည့်အချိန်မှသာ ကျန်းပြောင်က အတင်းအကျပ် တိုက်တွန်းခြင်းကို ရပ်တန့်လိုက်သည်။
စားသောက်ပြီးနောက် အနားယူကာ ကျန်းပြောင် အထူးစီမံထားသည့် ဆေးနံ့ပြင်းပြင်းနှင့် အားဖြည့်အသား စွပ်ပြုတ်တစ်ပန်းကန်ကို သောက်သုံးရ၏။
ထို့နောက် ကျိုးထျဲ့နှင့်အတူ ဟွန်းယွမ် ရှင်းယီ ထိုက်ချိသိုင်းကို စတင်သင်ယူရသည်။ ဤအချိန်သို့ ရောက်တိုင်း အာလီပိုင်သည် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ 'လေစီးကြောင်း' တစ်ခု အဆက်မပြတ် လှည့်ပတ်သွားလာနေသည်ကို သိသိသာသာ ခံစားရလေ၏။ လေ့ကျင့်ရင်း လေ့ကျင့်ရင်းနှင့် လူကပါ မာတောင့်လာတော့သည်။
ကျိုးထျဲ့၏ ရှင်းပြချက်အရ ထိုအရာကို ရှောင်ကျိုးထျန်း လှုပ်ရှားမှုဟု ခေါ်ဆိုပြီး သိုင်းစွမ်းအား မပြည့်ဝသေးပါက ယန်စွမ်းအင်များ အလွယ်တကူ ကစဉ့်ကလျား ဖြစ်တတ်ကာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပါက ကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရ၏။
အနည်းငယ် ရှက်စရာကောင်းသော်လည်း အာလီပိုင်၏ ရင်ထဲတွင်မူ အလွန်တရာ ဝမ်းသာသွားခဲ့သည်။ ထူးဆန်းလှသော ကျင့်စဉ်၏ တိုးတက်မှုက ဤမျှလောက်အထိ လျင်မြန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ဖန်ကျန်းရီအပေါ် သူ၏ ယုံကြည်မှုမှာလည်း ရူးသွပ်မတတ် နှစ်ဆတိုးလာခဲ့သည်။
ဖန်ကျန်းရီဘက်တွင်မူ အလွန်တရာ အေးအေးလူလူ ရှိနေပြီး နေ့စဉ်နေ့တိုင်း စားလိုက်သောက်လိုက်ဖြင့်သာ အချိန်ကုန်နေ၏။
အချိန်အများစုကို လိုက်ပါလာသော အမတ်များနှင့် အလွန်တရာ လှပကျော့ရှင်းလှသည့် ညီအစ်မနှစ်ဦးနှင့်အတူ စကားစမြည်ပြောဆိုရင်း ကုန်ဆုံးစေကာ အားလပ်ချိန်ရသည့်အခါမှသာ အာလီပိုင်ကို စကားတစ်ခွန်းနှစ်ခွန်းခန့် ညွှန်ကြားပြသပေးသည်။
ဘာတွေ ညွှန်ကြားပြသပေးသနည်းဆိုလျှင်လည်း ညွှန်ကြားပြသပေးစရာ သိပ်မရှိလှပေ။
အဓိကအားဖြင့် ရူးသွပ်မတတ် စိတ်ဓာတ်ခွန်အားများ ပေးပြီး အမျိုးမျိုးသော တွန်းအားပေးမှုများ ပြုလုပ်ခြင်းပင် ဖြစ်၏။
သင်ခန်းစာပြီးဆုံးသွားသောအခါ ခက်ခဲသော အကြောင်းအရာအချို့ကို သင်ပေးလေသည်။ ဥပမာအားဖြင့် ဆစ်ဂ်မာခြောက်ခု စနစ်၊ အိုင်အက်စ်အို အရည်အသွေးစီမံခန့်ခွဲမှု၊ မိုးဝါးနိယာမ၊ မက်စ်လိုး၏ လိုအပ်ချက် အဆင့်ဆင့် သီအိုရီ ... စသည်တို့ပင် ဖြစ်သည်။
ဦးနှောက်ထဲတွင် ရှိနေသော အဆင့်မြင့်ဝေါဟာရများကို အားလုံးပုံချပေးလိုက်ခြင်းဖြစ်ပြီး အကြောင်းအရာများကမူ သူ ကြုံသလို လျှောက်ပြောထားခြင်းသာ ဖြစ်၏။
အခြေခံအားဖြင့် အီတလီခေါက်ဆွဲကို နံပါတ်(၄၂) ကွန်ကရစ်နှင့် ရောနယ်ထားသည်နှင့် တူညီလှပြီး သင်ခန်းစာ တစ်ချိန် ပြီးဆုံးသွားသောအခါ စိတ်ဓာတ်ခွန်အားပေးသည့် အပိုင်းမှလွဲ၍ ကျန်သည့်အရာများကို သူကိုယ်တိုင်ပင် ဘာတွေပြောလိုက်မိမှန်း မသိတော့ချေ။
ထို့ကြောင့် သင်ခန်းစာပြီးတိုင်း လေးလေးနက်နက်ဖြင့် အနှစ်ချုပ်စကား တစ်ခွန်းကို အမြဲပြောလေ့ရှိ၏။ "ဒီအရာတွေကို လောလောဆယ် နားမလည်သေးလည်း ကိစ္စမရှိဘူး။ နောက်ပိုင်းကျရင် အတွေ့အကြုံတွေ တိုးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း သဘောပေါက် နားလည်လာလိမ့်မယ်။"
စာသင်ချိန်တွင် စိတ်လှုပ်ရှားနေရုံမှလွဲ၍ ဘာတစ်ခုမှ မသင်ယူလိုက်ရသော်လည်း အာလီပိုင်မှာမူ ပို၍ပင် ကိုးကွယ်ယုံကြည်လာခဲ့တော့သည်။
ယဉ်ကျေးမှုသင်ခန်းစာများကို သူ နားမလည်သော်လည်း နေ့စဉ်နေ့တိုင်း သိုင်းကျင့်ရင်း ခန္ဓာကိုယ် မာတောင့်လာသည်မှာ အတုအယောင် မဟုတ်ပေ။ မိမိ၏ အဆင့်အတန်းက မမီသေးခြင်းကြောင့်သာ ဖြစ်မည်ဟု သူ ဆင်ခြင်သုံးသပ်နိုင်သည်။
အတွင်းရေး အချက်အလက်များကို အလွယ်တကူ နားလည်နိုင်မည်ဆိုလျှင် ထိုအရာကို အတွင်းရေး အချက်အလက်များ ဟု ခေါ်ဆိုနိုင်တော့မည် မဟုတ်ချေ။
...
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး ဖန်ထိုက်မြို့နှင့် သိပ်မဝေးတော့ချေ။
ဤနေ့တွင် ဖန်ကျန်းရီသည် လှုပ်ရမ်းနေသော မြင်းလှည်းအတွင်း၌ ထုံးစံအတိုင်း အာလီပိုင်အား စာသင်ပေးနေ၏။
အာလီပိုင်သည် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး လေးနက်သော မျက်နှာအမူအရာရှိသည်။ သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေသည်။
အချိန်ကြာမြင့်စွာ အသားများကို အများအပြား အားဖြည့်စားသောက်ခဲ့ရခြင်းနှင့် ရူးသွပ်မတတ် လေ့ကျင့်မှုများကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းပင်။
သူသည် ယခုအခါတွင် အတော်လေး သန်မာလာခဲ့ပြီး နေ့စဉ်နေ့တိုင်း သွေးပူနေသော အခြေအနေမျိုးကို ထိန်းသိမ်းထားကာ မည်သူ့ကိုတွေ့တွေ့ သွားရောက်၍ ရန်ဖြစ်ချင်နေသည့် ပုံပေါက်နေ၏။
ဖန်ကျန်းရီ၏ ကြုံသလို လျှောက်ပြောတတ်ခြင်းများလည်း အတော်လေး လျော့နည်းသွားခဲ့ပြီး အရိုက်ခံရမည်ကို အလွန်တရာ ကြောက်လန့်နေမိသည်။ သောက်ကျိုးနည်း .. အလေ့ကျင့် လွန်သွားလေသည်လား။
ဤကောင်လေး၏ ရူးသွပ်မတတ် လေ့ကျင့်မှုများကို သူ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ထားပြီးဖြစ်ရာ အစပိုင်းတွင် ကြွက်သားများကို လေ့ကျင့်ပြီး နောက်ပိုင်းတွင် လက်တွေ့တိုက်ခိုက်မှုများကိုပါ ပေါင်းထည့်ထားပေသည်။
ယခုအချိန်တွင် ရန်ဖြစ်ရမည်ဆိုလျှင် မိမိအနေဖြင့် ဤကောင်လေး၏ ပြိုင်ဘက်ပင် မဟုတ်နိုင်တော့ချေ။
ဖန်ကျန်းရီက မေးလိုက်၏။ "ဆရာ ပြီးခဲ့တဲ့အကြိမ်က ဘယ်နေရာအထိ ရောက်သွားပြီလဲ။"
အာလီပိုင်က ပြန်ဖြေလိုက်သည်။ "ဆရာက စီမံခန့်ခွဲမှုပညာရပ်အကြောင်း ပြောပြမယ်လို့ ပြောထားပါတယ်။"
"အာ ... ကောင်းပြီ။ ဒီစီမံခန့်ခွဲမှုပညာရပ်က ဆရာ အကျွမ်းကျင်ဆုံးပဲမို့ ဒီနေ့ မင်း ရင်ထဲမှာ သေချာမှတ်ထားလိုက်။ ကြီးမားတဲ့ နိုင်ငံကြီးတစ်ခုကို အုပ်ချုပ်တာက ဟင်းတစ်ခွက် ချက်ရသလိုပဲဆိုတဲ့ စကားရှိတယ်။ ဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲတာနဲ့ နိုင်ငံတစ်နိုင်ငံကို စီမံခန့်ခွဲတာက အနှစ်သာရအားဖြင့် ဘာမှကွာခြားမှုမရှိဘူး။ အကျိုးအမြတ်ကို ရှာဖွေပြီး ဈေးကွက်ကို တိုးချဲ့တာက စီမံခန့်ခွဲသူရဲ့ တာဝန်ပဲ။
အစပိုင်း စီမံခန့်ခွဲမှုတွေက အရမ်းကို ရိုးရှင်းတယ်။ ဒါပေမဲ့ မင်းရဲ့ လုပ်ငန်းက လူသူမရှိတဲ့ နေရာအထိ ကျယ်ပြန့်သွားပြီး ပိတ်လှောင်ထားတဲ့ စက်ဝန်းကြီး ကျိုးပေါက်သွားတဲ့အခါ ... .”
ဖန်ကျန်းရီသည် စကားပြောပြီးနောက် လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ "တပည့် ... ဒီနေ့ သင်ခန်းစာကတော့ ဒီလောက်ပါပဲ။ မင်း နားလည်သလား။"
အာလီပိုင်၏ မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းကို အားကုန်ရမ်း၍ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဆရာ။ ကျုပ် နားမလည်သေးပါဘူး။"
ဖန်ကျန်းရီက သက်ပြင်းချကာ နှစ်သိမ့်ပေးလိုက်၏။ "အများစုကို နားမလည်တာ ကိစ္စမရှိဘူး။ ဒါက ပုံမှန် အခြေအနေပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းမှာ ဆရာ့ရဲ့ ဖွဲ့စည်းပုံအမြင်မျိုး မရှိသေးလို့ပဲ။ မင်းက နေ့တိုင်း နည်းနည်းစီ နားလည်လာအောင် လုပ်ပြီး နေ့စဉ်နဲ့အမျှ ဇွဲရှိရှိ ရှေ့ဆက်သွားနိုင်မယ်ဆိုရင် အစောနဲ့အနှောင်း တစ်နေ့နေ့မှာ မင်း အောင်မြင်မှုကို ပွေ့ဖက်နိုင်မှာပါ။"
အာလီပိုင်မှာ ရှက်လွန်း၍ မြေလျှိုးမဝင်ချင်ရုံတမယ် ဖြစ်သွားခဲ့သည်။
နေ့စဉ် ဇွဲရှိရှိ ရှေ့ဆက်ရမယ်။ ကျုပ် တစ်ခွန်းမှ နားမလည်တာ ဘယ်လိုလုပ်ပြီး ရှေ့ဆက်ရမှာလဲ။
အာလီပိုင်က မေးလိုက်၏။ "ဆရာ ... ကျုပ်ရဲ့ အရည်အချင်းက အရမ်း ညံ့ဖျင်းနေလို့လား။"
ဖန်ကျန်းရီက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ "ပေါက်ကရတွေ … မင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောတာကို ဆရာ ခွင့်မပြုဘူး။ ဒါက ရည်မှန်းချက်မရှိတဲ့ လက္ခဏာပဲ။ မင်း ကြည့်စမ်း ... အခု မင်းရဲ့ တစ်ကိုယ်လုံးမှာ တိုက်ခိုက်လိုစိတ်တွေ အပြည့်ရှိနေပြီ။ ဘယ်သူတွေ့တွေ့ မိုးကြိုးပစ်ချင်ပစ်ပါစေ အင်မတန် ခိုင်မာတဲ့ ယောက်ျားကောင်းလို့ မပြောဘဲ နေပါ့မလား။ စိတ်ထားကို မှန်မှန်ကန်ကန် ထားစမ်း။"
အာလီပိုင်က ချက်ချင်းပင် ရင်ကော့ခေါင်းမော့၍ ပြောလိုက်၏။ "ဟုတ်ကဲ့ပါ ဆရာ။"
ဖန်ကျန်းရီသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ … ဒီလိုမျိုးမှပေါ့။ ငါတို့ ဖန်ထိုက်မြို့ကို ရောက်တော့မှာ မဟုတ်လား။"
အာလီပိုင်သည် မြင်းလှည်းလိုက်ကာစကို လှန်၍ ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ပြီး ပြောလိုက်၏။ "မှန်ပါတယ်။ တစ်ရက်တောင် မကြာခင်မှာ ရောက်နိုင်လောက်ပါပြီ။
အင်း ... ဒီခရီးစဉ်တစ်လျှောက်မှာ မင်းလည်း အများကြီး သင်ယူခဲ့ရပြီ။ အခု လိုအပ်နေတာ တစ်ခုတည်းက အဲဒါတွေကို ကိုယ့်အတွက် အသုံးချတတ်ဖို့ပဲ။ တပည့် ... မင်း မှတ်ထားရမှာက လူတစ်ယောက်ရဲ့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ အနိုင်ရဖူးရမယ်။
ပထမတစ်ကြိမ် အနိုင်ရသွားပြီဆိုတာနဲ့ မင်းက ဒုတိယတစ်ကြိမ် ထပ်ပြီး အနိုင်ရချင်လာလိမ့်မယ်။ အဲဒီနောက်မှာ မင်းကို စောင့်ကြိုနေတာက အဆုံးမရှိတဲ့ အောင်ပွဲတွေချည်းပဲ။ အနိုင်ရခြင်းဆိုတာ အကျင့်တစ်ခုပဲ။ ရလဒ်တစ်ခု မဟုတ်ဘူး။ အဲဒီအကျင့် ရလာတဲ့နေ့ကျရင် မင်းက တကယ့်ကို အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်သွားပြီ။"
အာလီပိုင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ "ဟုတ်ကဲ့ပါ။"
ဖန်ကျန်းရီက ဆက်ပြောသည်။ "ဒါပေမဲ့ မင်း မှတ်ထားရမှာက ငါတို့ တာ့ကျင်းတိုင်းပြည်မှာ အရာရာတိုင်းကို ကိုယ်ကျင့်တရားကနေ အစပြုရတယ်။ ဖန်ထိုက်မြို့ထဲ ဝင်သွားပြီဆိုရင် မင်းရဲ့ ဖခင်ကို သားသမီး ဝတ္တရားကျေပွန်ကြောင်း မကြာခဏ ပြသရမယ်။
ပထမအချက်က မင်းက မင်းသားတစ်ပါး ဖြစ်တဲ့အတွက် အာဏာရှိသမျှ အားလုံးက အရှင်မင်းကြီးရဲ့ လက်ထဲကနေ ရရှိလာတာဖြစ်တယ်။ အောင်မြင်မှု တစ်ခုခု ရချင်တယ်ဆိုရင် အရှင်မင်းကြီးက မင်းကို အလုပ်ပေးလုပ်အောင် သေချာပေါက် လုပ်ရမယ်။
နောက်တစ်ချက်က ဒါက သားသမီးတစ်ယောက်ရဲ့ တာဝန်ပဲ။ ဧကရာဇ်မင်းရဲ့ အာဏာစက်ကို မကြောက်လန့်နဲ့။ ဘယ်လောက်ပဲ အင်အားကြီးမားတဲ့ ဧကရာဇ်မင်းဖြစ်ပါစေ သူက ပထမဆုံးအနေနဲ့ ဖခင်တစ်ယောက်ပဲလေ။ နေ့စဉ်နေ့တိုင်း ဂရုစိုက်မေးမြန်းတာ၊ မနက်ည လက်ဖက်ရည် ဆက်သတာတွေက မရှိမဖြစ် လိုအပ်တယ်။ သူက ပါးစပ်က ဘာမှမပြောရင်တောင် ရင်ထဲမှာတော့ သေချာပေါက် ပျော်ရွှင်နေမှာပါ။
မြို့ထဲကို ဝင်သွားပြီးတဲ့နောက်မှာ မင်းနဲ့ငါနဲ့က ဆရာတပည့်လို့ ထပ်မခေါ်ဝေါ်တော့ဘူး။ ကျန်တဲ့ကိစ္စတွေကိုတော့ မင်းကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တော့တယ်။ အခွင့်အရေးရရင် ငါ ထပ်ပြီး သင်ပေးမယ်။"
အာလီပိုင်သည် သေချာစွာ နားထောင်နေရင်းမှ ရုတ်တရက် မြင်းလှည်းအတွင်း၌ ဒူးထောက်ချလိုက်ပြီး ကြည်နူးစွာဖြင့် ပြောလိုက်၏။ "ဆရာ့ရဲ့ ကျေးဇူးကို တပည့်က တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။"
ဖန်ကျန်းရီက သူ့ကို အလျင်အမြန် ဆွဲထူလိုက်သည်။ "ထ ... မြန်မြန်ထပါ။ ငါက မင်းဆီက ဆရာကန်တော့ပွဲတောင် လက်မခံထားတာ။ မင်း ဒူးထောက်ဖို့ လိုသေးလို့လား။"
အာလီပိုင်က ပြောလိုက်၏။ "ဆရာကန်တော့ပွဲကို မြို့ထဲဝင်ပြီးတာနဲ့ ဆရာ့ဆီ ချက်ချင်း ပို့ပေးပါ့မယ်။"
"သိပါပြီ။ မင်း အရင်ထပါအုံး။ မြို့ထဲဝင်ပြီးရင် ဆရာက မင်းကို အကြံဉာဏ်တောင်းရမယ့် ကိစ္စတွေ အများကြီး ရှိသေးတယ်။"
အာလီပိုင်သည် နေရာတွင် ပြန်လည်ထိုင်လိုက်ပြီး ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။ "ဆရာ ... တကယ်တော့ ဆရာ သတိထားရမယ့် ကိစ္စတစ်ခု ရှိတယ်။
ဆရာက ခမည်းတော်ရဲ့အကြောင်းကို သေချာမသိဘူး။ သူက သိုင်းပညာကို မြတ်နိုးပြီး စစ်တိုက်ရတာကို ကြိုက်တယ်။ ချီလျဲ့က အမြဲတမ်း သူ့လက်အောက်က အချစ်တော် စစ်သူကြီး တစ်ယောက်ပဲ။ သူက ကျန်းပြောင်ရဲ့ အနိုင်ယူတာကို ခံလိုက်ရပြီးတဲ့နောက်ပိုင်း လုံးဝ နာလန်မထူနိုင်တော့ဘူး။ ဒီကိစ္စက ခမည်းတော်ရဲ့ ရင်ထဲမှာ အမြဲတမ်း နှမြောစရာအဖြစ် ကျန်ရစ်နေခဲ့တာ။
ဒီတစ်ကြိမ် မြို့ထဲကို ဝင်လာတဲ့အခါ တရားဝင်ကိစ္စတွေအပြင် ခမည်းတော် အမြင်တွေ့ချင်ဆုံး ဆန္ဒကတော့ ကျန်းပြောင်နဲ့ ချီလျဲ့တို့ နောက်တစ်ပွဲ ထပ်ချကြတာပဲ ဖြစ်လိမ့်မယ်။"
အပိုင်း (၇၆၁) အစပိုင်းမှာတင် မိန်းမလှလေးနဲ့ မြူဆွယ်တာလား။
မြင်းလှည်းတန်းသည် ရှေ့သို့ ဆက်လက်ထွက်ခွာသွားပြီး နေမဝင်မီ ဖန်ထိုက်မြို့ပြင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဖန်ထိုက်မြို့သည် ကျင်းတိုင်းပြည်၏ မြို့တော်ဖြစ်သောကြောင့် ဖန်ကျန်းရီသည် သဘာဝကျကျပင် သေချာစွာ ကြည့်ရှုလိုသဖြင့် ကြိုတင်၍ မြင်းစီးကာ သွားလာနေ၏။
မျက်မှောက်ရှိ မြို့တော်သည် ခမ်းနားကြီးကျယ်လှသည်ဟု ဆိုနိုင်သည်။ မြင့်မားသော မြို့ရိုးများနှင့် ကျယ်ဝန်းသော ကျုံးရေပြင်တို့သည် မြို့တော်ကြီးထက် အနည်းငယ်မျှပင် မနိမ့်ကျချေ။
ထို့အပြင် တော်တော်များများသော အုတ်ခဲနှင့် ကျောက်တုံးများသည် မကြာသေးမီကမှ အသစ်ပြုပြင်ထားသည့် အရာများဖြစ်ကြောင်း သိသိသာသာ မြင်တွေ့နေရသည်။
ဖန်ကျန်းရီသည် ရင်ထဲမှနေ၍ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။
မြို့တော်ဆိုသည့်အတိုင်းပဲ။ အတွင်းဘက်မှာ ဘယ်လိုနေမလဲဆိုတာ မသိရသေးပေမဲ့ ဒီစံညွှန်းကတော့ တကယ်ကို အပြည့်အဝ မြင့်မားနေတာပဲ။
မြို့ထဲသို့ ဝင်ရောက်သွားသောအခါ အာလီပိုင်က ရှေ့မှနေ၍ လမ်းပြခေါ်ဆောင်သွားပြီး တည်းခိုရန် လိုအပ်သည့် ဧည့်ရိပ်သာဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
ဖန်ကျန်းရီသည် လမ်းဘေးရှိ ရှုခင်းများကို ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ရာ ရင်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။
လမ်းပေါ်ရှိ အဆောက်အအုံ တော်တော်များများမှာ အသစ်စက်စက်များ ဖြစ်နေပြီး ကြည့်ရသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးပုံရသည်။
အချိန်က မစောတော့သော်လည်း နေဝင်ခါစအချိန်သာ ရှိသေးရာ အကယ်၍ မြို့တော်တွင်သာ ဆိုပါက ယခုအချိန်၌ လမ်းပေါ်တွင် လမ်းလျှောက်နေသူ အတော်များများ ရှိနေသင့်ပေသည်။
သို့ပေမည့် ဖန်ထိုက်မြို့တွင်း၌မူ ယခုအချိန်တွင် လူသူကင်းမဲ့လျက်ရှိပြီး အတော်လေး ခြောက်ကပ်နေသည့် အသွင်ဆောင်နေ၏။
မြို့ထဲတွင် လမ်းတစ်လျှောက် ကြည့်ရှုလာခဲ့ရာ အတော်လေး ဆန်းသစ်သည့် ဗိသုကာလက်ရာမြောက် အဆောက်အအုံ အများအပြားကို မြင်တွေ့ခဲ့ရပြီး မကြာမီမှာပဲ နိုင်ငံခြားသံတမန်များ တည်းခိုရန် စီစဉ်ပေးထားသည့် ဧည့်ရိပ်သာသို့ ရောက်ရှိလာခဲ့သည်။
ဧည့်ရိပ်သာမှာ အလွန်ကျယ်ဝန်းပြီး တံခါးအပြင်ဘက်တွင် စစ်သည်အများအပြား စောင့်ကြပ်နေကြ၏။ ယခုအချိန်တွင် ဦးဆောင်နေသူမှာ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ထားပြီး သူ၏ ပြောင်ရှင်းနေသော ဦးခေါင်းသည် နေဝင်ဆည်းဆာအလင်းရောင်အောက်တွင် တောက်ပနေ၏
အာလီပိုင်သည် သူ၏ဘေးတွင် ရပ်နေပြီး နောက်ကလိုက်လာမည့် လူအုပ်ကြီး ရောက်ရှိလာမည့်အချိန်ကို အတူတကွ စောင့်ဆိုင်းနေကြသည်။
ဖန်ကျန်းရီသည် မြင်းပေါ်မှ ဆင်းရန်ပင် အချိန်မရလိုက်ဘဲ ပြောင်ရှင်းနေသော ဦးခေါင်းကို မြင်သည်နှင့် ချက်ချင်း အော်ဟစ်လိုက်၏။ "ဆရာတော် ... ကျုပ် ရောက်လာပြီ။ ကျုပ်ကို မှတ်မိသေးရဲ့လား။"
မင်းလို ခွေးကောင်က ငါ့ကို အပြီးအပိုင် ဘုန်းကြီးလို့ သဘောထားလိုက်ပြီ မဟုတ်လား။
ဖါးပါး၏ မျက်နှာသည် မည်းမှောင်သွားသော်လည်း ဟန်ဆောင်ပြုံး ပြုံးကာဖြင့် ကြိုဆိုလိုက်သည်။ "ညီလေးဖန် ... ကျုပ်တို့ နောက်တစ်ခါ ထပ်တွေ့ပြန်ပြီ။"
ဖန်ကျန်းရီသည် မြင်းပေါ်မှ ခုန်ဆင်းကာ ရှေ့တိုးသွားပြီး ဖါးပါး၏ လက်ဖျံကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ "ဆရာတော် ကျုပ်ကို မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်တို့တွေ လမ်းခွဲခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပြီပဲ။ တကယ်လို့ ခင်ဗျားသာ မဖိတ်ခေါ်ခဲ့ဘူးဆိုရင် ကျုပ်တို့ ပြန်ဆုံတွေ့ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်။"
ဖါးပါးက ပြုံး၍ ပြောလိုက်သည်။ "ဒီနေ့ ညီလေးဖန်ကို တွေ့ရတာ ကျုပ်ရင်ထဲမှာ အရမ်းကို ဝမ်းသာမိပါတယ်။ ဒီခရီးတစ်လျှောက် ပင်ပန်းသွားပြီ။"
"ကျုပ်တို့ အရင်ဆုံး ဧည့်ရိပ်သာထဲကို ဝင်ပြီး နေရာချထားကြရအောင်။ အချိန်ရတဲ့အခါကျမှ အရက်သောက်ရင်း စကားပြောကြတာပေါ့။ ဒီနေ့ လူတွေ ရောက်လာပြီဆိုတော့ ကျုပ်က ဒုတိယမင်းသားနဲ့အတူ အရှင်မင်းကြီးဆီကို သွားပြီး အစီရင်ခံရအုံးမယ်။ ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားရင်လည်း သည်းခံပေးပါ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "ဆရာတော်က ဘာလို့ ကျုပ်ကို အားနာနေရတာလဲ။ အဲဒီလို မပြောပါနဲ့။"
သူတို့နှစ်ဦးသည် ဧည့်ရိပ်သာအတွင်းသို့ ယှဉ်တွဲလျက် ဝင်ရောက်သွားကြသည်။
ဖန်ကျန်းရီသည် အကဲခတ်ကြည့်ရှုရင်း ပြောလိုက်၏။ "ဆရာတော် ... ကျုပ်မှာ အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိတယ်။"
"ပြောပါအုံး"
"ဒီတစ်ကြိမ် လာတဲ့အခါ ကျုပ် အမျိုးသမီးနှစ်ယောက် ခေါ်လာခဲ့တယ်။ ကျုပ်အတွက် သီးသန့် အခန်းကောင်းကောင်းလေး တစ်ခန်းလောက် စီစဉ်ပေးပါ။ ကျုပ်ရဲ့ အခန်းနဲ့ ကပ်လျက်ဆိုရင် အကောင်းဆုံးပဲ။ ဟော ... ဟိုနှစ်ယောက်ပဲ။"
ဖန်ကျန်းရီသည် နောက်သို့လှည့်ကာ မေးဆတ်ပြလိုက်ရာ ချူချင်ဟန် ညီအစ်မသည် သူ၏ အနောက်ဘက် မနီးမဝေးတွင် လျှောက်လှမ်းလာနေပြီး ဧည့်ရိပ်သာအတွင်းရှိ အပြင်အဆင်များကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေကြသည်။
ဖါးပါးသည်လည်း နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ၏ ပါးစပ်ထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
"ညီလေးဖန်က ကံကောင်းတာပဲ။ အပြင်ထွက်တဲ့ ခရီးစဉ်မှာတောင် ဒီလောက်လှပတဲ့ အမျိုးသမီးနှစ်ယောက်ကို ခေါ်လာသေးတယ်။ ဒီလို ကိစ္စသေးသေးလေးက သဘာဝကျကျပဲ ပြဿနာမရှိပါဘူး။ ဟဲဟဲ ... ဒါပေမဲ့ ကြည့်ရတာ ကျုပ်က အပိုအလုပ်တွေ လုပ်မိသွားပြီ ထင်တယ်။"
"ဘာ အပိုအလုပ် လုပ်တာလဲ။"
"များများစားစား မေးစရာမလိုပါဘူး။ ညီလေးဖန် ချက်ချင်း သိလာလိမ့်မယ်။"
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ကြည့်ရတာ ဆရာတော်က ကျုပ်အတွက် အံ့သြစရာလေးတွေ ပြင်ဆင်ထားသေးတာပဲ။ ဒီတစ်ခါ ကျုပ်ခေါ်လာတဲ့ ကိုယ်ရံတော်နှစ်ယောက်ကိုလည်း ကျုပ်ရဲ့ အခန်းနဲ့ ကပ်လျက်မှာ စီစဉ်ပေးပါ။ ဒုက္ခပေးသလို ဖြစ်သွားပြီ။"
ဖါးပါးသည် နောက်သို့ တစ်ချက် ထပ်မံကြည့်ရှုလိုက်ပြီး ကျန်းပြောင်ကို မြင်လိုက်ရသည့် တစ်ခဏတွင် သူ၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ကောင်းပါပြီ ... ကောင်းပါပြီ။ ညီလေးဖန် ... ဧည့်ရိပ်သာက လူတွေကို ကျုပ် အစောကြီးတည်းက စီစဉ်ပေးထားပြီးပြီ။ ခင်ဗျားရဲ့ စားစရာ၊ ဝတ်စရာ၊ သုံးစရာ လိုအပ်ချက်တွေ အားလုံးကို သူတို့ဆီမှာ သွားပြောလို့ရတယ်။ ဖြည့်ဆည်းပေးနိုင်တာ အကုန်လုံးကို သေချာပေါက် ဖြည့်ဆည်းပေးပါလိမ့်မယ်။"
စကားပြောနေစဉ်မှာပင် သူတို့နှစ်ဦးသည် တတိယထပ်သို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
ဖါးပါးသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အကျယ်ပြန့်ဆုံး အခန်းတံခါးကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ "ညီလေးဖန် ... ဒါက ခင်ဗျားအတွက် ကျုပ် အထူးပြင်ဆင်ပေးထားတဲ့ အခန်းပဲ။ ဘယ်ညာ နှစ်ခန်းကိုတော့ ခင်ဗျားရဲ့ စိတ်ကြိုက် စီစဉ်နိုင်တယ်။ အရင်ဆုံး ခဏလောက် အနားယူလိုက်ပါအုံး။ ဒီနေ့ည အရှင်မင်းကြီးက သံတမန်အဖွဲ့အတွက် ခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲတစ်ခုကို သီးသန့် ပြင်ဆင်ပေးထားတယ်။ ကျုပ်က ဒုတိယမင်းသားနဲ့အတူ ပြန်ပြီး အစီရင်ခံလိုက်အုံးမယ်။ အချိန်တန်ရင် လူလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်။"
"ကျေးဇူးတင်ပါတယ်။"
ဖါးပါးသည် အပိုစကားများ မပြောတော့ဘဲ ချက်ချင်း လှည့်ထွက်သွားတော့သည်။
ယခုအချိန်တွင် ကျန်းပြောင်၊ ကျိုးထျဲ့နှင့် ချူချင်ဟန် ညီအစ်မတို့သည် ဖန်ကျန်းရီ၏ အနောက်မှ လိုက်ပါလာကြရာ ဖန်ကျန်းရီသည် ဘယ်ညာ အခန်းများကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ "မင်းတို့ဘာသာ ကြိုက်တဲ့အခန်းကို ရွေးလိုက်ကြပါ။ အားလုံး နီးနီးကပ်ကပ်နေတော့ ပြဿနာရှိရင် အချိန်မရွေး တိုင်ပင် ဆွေးနွေးလို့ အဆင်ပြေတာပေါ့။"
ကျန်းပြောင်နှင့် ကျိုးထျဲ့တို့သည် အနီးဆုံး အခန်းများကို တိုက်ရိုက်ရွေးချယ်၍ တံခါးဖွင့်ကာ ဝင်ရောက်သွားကြပြီး ချူချင်ဟန်ကမူ ဦးစွာ အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ကျွန်မနဲ့ ယိုယီက အရင်အခန်းထဲ ပြန်တော့မယ်။"
"အင်း ... မင်းတို့ အရင်ဆုံး နှစ်ရက်လောက် အနားယူပြီး အသားကျအောင် နေလိုက်ကြအုံး။ တကယ်လို့ အပြင်ထွက်မယ်ဆိုရင် ကိုယ်ရံတော်တွေကို ခေါ်သွားဖို့ မမေ့နဲ့နော်။"
ဖန်ကျန်းရီသည် မှာကြားပြီးသည်နှင့် အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ဤခရီးစဉ်တစ်လျှောက်လုံး အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ ကျည်ဆန်ရထားလည်းမရှိ၊ လေယာဉ်ပျံလည်းမရှိသည့်အပြင် အရေးကြီးဆုံးမှာ လမ်းကလည်း ဆိုးရွားနေခြင်းပင် ဖြစ်၏။
မြင်းလှည်းဖြင့် တစ်လျှောက်လုံး လှုပ်ခါလာခဲ့ရသောကြောင့် တင်ပါးဆုံတွင်း ကြွက်သားများပင် လေ့ကျင့်ခန်းလုပ်ရလွန်း၍ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
သူ ယခုအချိန်တွင် တစ်ရေးလောက် အိပ်ချင်နေပြီး ညကျမှသာ အားပါးတရ စားသောက်ချင်တော့သည်။
ဒီခြေသလုံးအိမ်တိုင် နေထိုင်ကြတဲ့ လူမျိုးတွေဆီမှာ အသားကင်လေး ဘာလေး စီစဉ်ပေးမှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ယောက္ခထီးကြီးဆီမှာ စားရတာထက်တော့ သေချာပေါက် ပိုကောင်းမှာပဲ။ ဘာပဲပြောပြော တာ့ကျင်းတိုင်းပြည်မှာ ညစာစားပွဲကို သွားရင် အေးစက်နေတဲ့ ဟင်းလျာတွေကိုပဲ စားရတာလေ။ နည်းနည်း ကောင်းရင်တောင် နွေးရုံလေးပဲ စားရတာ။
သာယာကြည်နူးစွာ တွေးတောနေစဉ် တံခါးကို တွန်းဖွင့်လိုက်ရာ ဖန်ကျန်းရီသည် ဆွံ့အသွားတော့၏။
အခန်းထဲတွင် အလွန်တရာ လှပကျော့ရှင်းသော မိန်းမချောလေးတစ်ဦး ရပ်နေသည် မဟုတ်ပါလား။
သူစိမ်းတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ပွင့်လင်းလွတ်လပ်သည့်ဟန် ပေါ်လွင်နေ၏။
ဤမိန်းကလေးသည် အလွန်ဆုံးမှ အသက်နှစ်ဆယ်ကျော်အရွယ်ခန့်သာ ရှိသေးပြီး အရပ်အမောင်း မြင့်မားကာ တစ်မီတာနှင့် ခြောက်ဆယ့်ခုနစ်စင်တီမီတာခန့် ရှိပြီး ကြံ့ခိုင်လှပသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသည်။
နိုင်ငံခြားသားပုံစံ ဝတ်စုံကို ဆင်မြန်းထားပြီး လုံးဝန်းပြည့်ဖြိုးနေသော ပေါင်တံနှစ်ချောင်းသည် အပြင်ဘက်သို့ ဖောင်းကြွထွက်ပေါ်နေ၏။
တစ်ကိုယ်လုံးရှိ အသားအရည်သည် တာ့ကျင်းတိုင်းပြည်မှ အမျိုးသမီးများကဲ့သို့ ဖြူဖွေးမနေဘဲ ပယင်းရောင်နှင့် ပိုတူနေပြီး ယေဘုယျအားဖြင့် ဆိုရလျှင် ရဲရင့်ပြတ်သားသည့်ဟန် အပြည့်အဝ ပေါ်လွင်နေပသည်။
ယိုရှီ။
ဖန်ကျန်းရီသည် ရင်ထဲမှနေ၍ မနေနိုင်မထိုင်နိုင် ရေရွတ်လိုက်မိ၏။
ဖါးပါးဆိုတဲ့ ဒီဘုန်းကြီးက တကယ်ကို လမ်းကြောင်းသိတာပဲ။ ရောက်ရောက်ချင်းမှာတင် ငါ့ရဲ့ အားနည်းချက်ကို လာထိုးနှက်နေပြီ။
ဘဝနှစ်ဆက်လုံးလုံး စွဲကိုင်ထားခဲ့တဲ့ ဖြူဖွေးနုနယ်ပြီး သွယ်လျတဲ့ အလှတရားဆိုတဲ့ အမြင်က အခုချိန်မှာ ပြင်းထန်တဲ့ စိန်ခေါ်မှုကို ခံလိုက်ရပြီ။
အသားမည်းတာက တကယ်မဆိုးဘူးပဲ။ အင်္ကျီလက်ပြတ်လေးနဲ့ ဘောင်းဘီတိုလေးကို လဲဝတ်လိုက်မယ်ဆိုရင် ပိုပြီးတောင် ကြည့်ကောင်းသွားအုံးမယ်။
ဖန်ကျန်းရီက သိရက်နှင့် တမင်သက်သက် မေးလိုက်၏။ "မင်းက ..."
"ကျွန်မက လင်လုံပါ။ နိုင်ငံတော်ဆရာရဲ့ အမိန့်အရ သခင်လေးဖန်ကို လာရောက် ပြုစုဖို့ ရောက်လာတာပါ။" လင်လုံ စကားစပြောလိုက်သောအခါ အနည်းငယ် ထူးဆန်းသော လေယူလေသိမ်းလေး ပါဝင်နေ၏။
လင်လုံ … ဘယ်လို တောကျကျ နာမည်ကြီးလဲ။ ကြားလိုက်တာနဲ့ ယဉ်ကျေးမှုမရှိတဲ့ ဟိုဘုန်းကြီးအို ပေးထားတဲ့ နာမည်မှန်း သိသာပါတယ်။
ဖန်ကျန်းရီသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ ဝင်ကာ တံခါးကို အလွယ်တကူ ပိတ်လိုက်၏။ "တကယ်တော့ ကျုပ်က ပြုစုပေးဖို့ မလိုပါဘူး။"
"နိုင်ငံတော်ဆရာရဲ့ အမိန့်ကို လင်လုံက မလွန်ဆန်ရဲပါဘူး။ နိုင်ငံတော်ဆရာက သခင်လေး ခရီးတစ်လျှောက် ပင်ပန်းလာတဲ့အတွက် ကျွန်မကို သခင်လေးအတွက် အိပ်ယာပြုစုပေးဖို့ အစောကြီးတည်းက မှာကြားထားပြီးသားပါ။"
လင်လုံသည် စကားပြောရင်း လုံးဝရှက်ရွံ့ခြင်းမရှိဘဲ အဝတ်အစားများကို စတင်ချွတ်လေတော့သည်။
နှစ်ချက်သုံးချက်မျှ လုပ်လိုက်သည်နှင့် ပျားရည်ရောင် အသားဆိုင်များသည် ကြီးမားကျယ်ပြန့်စွာ အပြင်သို့ ထွက်ပေါ်လာခဲ့၏။
ဖန်ကျန်းရီသည် ပါးစပ်နှင့် လျှာများ ခြောက်သွေ့လာသလို ခံစားလိုက်ရ၏။ "မင်း အရင် မချွတ်နဲ့အုံး။ တွေ့တွေ့ချင်းမှာတင် ဒီလိုလုပ်တာက ဘယ်လို အဓိပ္ပာယ်လဲ။"
ဒီရောက်ရောက်ချင်းမှာတင် ငါ့ကို မိန်းမလှလေးနဲ့ မြူဆွယ်တဲ့ ဗျူဟာသုံးနေတာက ဘာသဘောလဲ။ ဒါက ငါ့ကို အောက်ခြေလွတ်နေတဲ့ နှာဘူးလို့ သဘောထားနေတာ မဟုတ်ဘူးလား။
လင်လုံသည် သူမ၏ လက်ထဲမှ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဖန်ကျန်းရီကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "သခင်လေးက ကျွန်မကို ရွံရှာနေတာလား။ ကျွန်မက အခုချိန်ထိ အပျိုစစ်စစ်လေးပဲ ရှိပါသေးတယ်။"
ဖန်ကျန်းရီက လက်ခါပြလျက် ပြောလိုက်သည်။ "အဲဒါက အရေးမကြီးပါဘူး။ ကျုပ် ပင်ပန်းနေပြီမို့ နောက်နေ့မှပဲ ထပ်ပြောကြတာပေါ့။ မင်း အရင် အိမ်ပြန်လိုက်ပါ။"
"ကျွန်မ သိပါပြီ။ ကျွန်မ အောက်ထပ်မှာပဲ ရှိနေမှာပါ။ သခင်လေး ကျွန်မကို လိုအပ်တယ်ဆိုရင် တိုက်ရိုက် လူလွှတ်ပြီး ခေါ်လိုက်ရုံပါပဲ။"
ဖန်ကျန်းရီ၏ ဦးနှောက်သည် ရုတ်တရက် ချို့ယွင်းသွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ မေးလိုက်မိ၏။ "အခမဲ့ပဲလား။"
အမြဲတမ်း မျက်နှာအမူအရာ မရှိလှသော လင်လုံမှာ ဖန်ကျန်းရီက ဤကဲ့သို့သော မေးခွန်းမျိုးကို မေးလာလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့သဖြင့် မျက်ခမ်းထောင့်များ ပြင်းထန်စွာ တွန့်ခါသွားသည်။ ပြီးနောက် မာထန်သောအသံဖြင့် ပြောလိုက်သည်။ "အ ... အခမဲ့ပါ။"
ချီးတဲ့မှ .. အရင်တုန်းက ဖောက်သည်တွေကို ဧည့်ခံရတဲ့ အချိန်ကို ရုတ်တရက် ပြန်သတိရသွားတာပဲ။
စကားမှားသွားမှန်း ကိုယ်တိုင်သိလိုက်ရသောကြောင့် ဖန်ကျန်းရီသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "သိပါပြီ။ ဒါဆို ကျုပ် မင်းကို တက်လာခိုင်းမှ မင်း ပြန်တက်လာခဲ့ပါ။"
"ဟုတ်ကဲ့ပါ။ အားလုံး သခင်လေး အမိန့်အတိုင်းပါပဲ။"
လင်လုံသည် အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
တံခါးပွင့်သွားသောအခါ ချူချင်ဟန်သည် တံခါးပေါက်တွင် လှပကျော့ရှင်းစွာ ရပ်နေပြီး တံခါးခေါက်ရန် ပြင်ဆင်နေကာ သူမ၏ လက်မှာ လေထဲတွင် မြှောက်ထားဆဲဖြစ်၏။
လင်လုံကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
သူမ ကြောင်အမ်းနေသည့် အချိန်လေးအတွင်းမှာပင် လင်လုံ၏ အရိပ်အယောင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အခန်းတံခါး အပြင်နှင့် အထဲတွင် ဖန်ကျန်းရီနှင့် ချူချင်ဟန်တို့ နှစ်ဦး မျက်လုံးချင်း ဆုံသွားကြပြီး နှစ်ဦးစလုံးမှာ အလွန်တရာ ရှက်ရွံ့နေကြ၏။
ဖန်ကျန်းရီက ဟန်ဆောင်ရယ်မောလိုက်သည်။ "ဟဲဟဲ ... ဒေသထွက်ကုန်လေးပါ ... တခြားသူတွေက လက်ဆောင်ပေးထားတာ။"
"…..."