အခန်း (၇၆၂-၇၆၃)
Vol. 40 Ch. 762-763
အပိုင်း (၇၆၂) အသွင်ပြောင်းသွားသော အာလီပိုင်။
ချူချင်ဟန်သည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။ "ကျွန်မက သခင်လေးဖန်ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက် ပေးမိသွားပြီလား။"
ဖန်ကျန်းရီက အလျင်အမြန် လက်လှမ်း၍ ဖိတ်ခေါ်လိုက်သည်။ "မရှိပါဘူး ... မရှိပါဘူး။ ကျုပ်ကို လာရှာတာ ကိစ္စရှိလို့လား။ အထဲဝင်ပြီး စကားပြောကြတာပေါ့။"
ချူချင်ဟန်က တံခါးအပြင်ဘက်တွင် ရပ်လျက် ပြောလိုက်၏။ "ကျွန်မ သခင်လေးဖန်ကို လာပြောပြချင်လို့ပါ။ မြို့ထဲက အခြေအနေက နည်းနည်း ထူးဆန်းနေသလို ခံစားရတယ်။ အချိန်က အစောကြီး ရှိသေးပေမဲ့ လမ်းပေါ်မှာ လူသူကင်းမဲ့နေတယ်။
ကျွန်မ မြို့တော်မှာ ရှိနေတုန်းက နယ်စပ်မြို့ရွာတွေနဲ့ ဖန်ထိုက်မြို့ကို လာဖူးတဲ့ ကုန်သည်တွေနဲ့ စကားပြောဖူးတယ်။ ကျွန်မ မှတ်မိသလောက် သူတို့ရဲ့ အပြောအရ မြို့ထဲမှာ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ ဒီသတင်းတွေက သခင်လေးဖန်အတွက် အသုံးဝင်မဝင်တော့ မသိဘူး။ ကျွန်မ သတိပေးလိုက်တာ အကောင်းဆုံးပဲလို့ တွေးမိလို့ပါ။"
ဖန်ကျန်းရီသည် အင်း ဟု အသံပြုလိုက်ပြီး မျက်မှောင်ကြုတ်ကာ တွေးတောလေတော့သည်။
ငါတစ်ယောက်တည်း ဒီလိုတွေးနေတာ မဟုတ်ဘူးပဲ။ ကြည့်ရတာ အမှန်တကယ်ကို ထူးဆန်းနေတာပဲ ...
"ချင်ဟန် ... အထဲဝင်လာခဲ့ပါ။ ကျုပ်တို့ အသေအချာ ဆွေးနွေးကြည့်ကြတာပေါ့။"
"ကျွန်မ ပြောချင်တာက ဒီလောက်ပါပဲ။ ဒါဆိုရင် သခင်လေးဖန် ဒေသထွက်ကုန်ကို ခံစားတာကို အနှောင့်အယှက် မပေးတော့ပါဘူး။" စကားပြောပြီးသည်နှင့် ချူချင်ဟန်၏ လှပကျော့ရှင်းသော အရိပ်အယောင်မှာ တံခါးရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
...
ဖါးပါးက မေးလိုက်သည်။ "ဒုတိယမင်းသား ... ခရီးတစ်လျှောက် ပင်ပန်းသွားပြီ။ ဒီခရီးစဉ်တစ်လျှောက်မှာ ဖန်ကျန်းရီနဲ့ ပေါင်းသင်းရတာ အဆင်ပြေရဲ့လား။"
အာလီပိုင်က ပြန်မေးလိုက်သည်။ "အဆင်ပြေပါတယ်။ နိုင်ငံတော်ဆရာ ... ဘာဖြစ်လို့ ကျုပ်ကို နန်းတော်ထဲ ဒီလောက်အလောတကြီး ခေါ်လာရတာလဲ။ ဟိုဘက်မှာ နေရာချထားလို့တောင် မပြီးသေးဘူး မဟုတ်လား။"
"အို ... လမ်းမှာ ဖန်ကျန်းရီက ဒုတိယမင်းသားနဲ့ ဘာအကြောင်းတွေများ ပြောဖြစ်သေးလဲ။"
အာလီပိုင်သည် ယခုအခါတွင် ခေါင်းရှုပ်နေ၏။ ဤသို့ အလောတကြီး ကြိုဆိုရုံသာမက နိုင်ငံတော်ဆရာ ကိုယ်တိုင်ရောက်ရှိလာပြီး သူ့ကို အလျင်စလို ခေါ်ဆောင်ကာ လျှို့ဝှက်စကားပြောဆိုနေခြင်းက အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။
"ဘာမှမပြောဖြစ်ပါဘူး။ ကုန်သွယ်ရေးကိစ္စပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံံစံမျိုး ဖမ်းနေရတာလဲ။"
"အို ... ဒုတိယမင်းသားက အများကြီး တွေးနေပါပြီ။ ကျုပ်က ဒီကိစ္စကို နည်းနည်း ပိုပြီး ဂရုစိုက်နေရုံပါပဲ။ ဘာပဲပြောပြော ကိစ္စက ကြီးမားတယ်လေ။ အဲဒီ ဖန်ကျန်းရီဆိုတဲ့ကောင်က အရမ်း ကောက်ကျစ်စဉ်းလဲတာ။ တကယ်လို့ သူက ဒုတိယမင်းသားရဲ့ ပါးစပ်ကနေ စကားလည်ဆယ်ပြီး နှိုက်သွားခဲ့လို့ နိုင်ငံနှစ်နိုင်ငံရဲ့ ဆွေးနွေးပွဲကို ထိခိုက်သွားခဲ့မယ်ဆိုရင် မကောင်းဘူးလေ။"
ဖါးပါး၏ ရင်ထဲတွင် အတော်လေး စိတ်အေးသွားခဲ့ပြီး အကြောင်းပြချက် တစ်ခုရှာ၍ ကြုံသလို လှည့်စားလိုက်၏။
ကောက်ကျစ်စဉ်းလဲတယ်။ ငါ့ရဲ့ဆရာလို အင်မတန် ရိုးသားဖြူစင်တဲ့ လူကြီးလူကောင်းက ဘယ်လိုလုပ်ပြီး ကောက်ကျစ်စဉ်းလဲနိုင်မှာလဲ။
အာလီပိုင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "နိုင်ငံတော်ဆရာ ... ခင်ဗျား ကျုပ်ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေတာ မဟုတ်လား။ ကျုပ် မထွက်သွားခင်တုန်းက ဖန်ထိုက်မြို့က ဒီလိုပုံစံမျိုး မဟုတ်ဘူး။ ကျုပ် ပြန်ရောက်လာတဲ့အချိန် လမ်းပေါ်မှာ ဘာဖြစ်လို့ လူတစ်ယောက်မှ မရှိတော့တာလဲ။ မြို့ထဲမှာ တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ။"
ဖါးပါးမှာ အနည်းငယ် တိတ်ဆိတ်နေပုံရ၏။
ဘာဖြစ်လို့လဲဆိုတာ ပြောစရာလိုသေးလို့လား။ တာ့ကျင်းတိုင်းပြည်က စစ်ပြင်တာဟာ သံတမန်အဖွဲ့ ထွက်ခွာသွားပြီးမှ စတင်ခဲ့တာလေ။ ဖန်ကျန်းရီကို ပြန်လည်ခေါ်ဆောင်လာဖို့အတွက် ဒုတိယမင်းသားကို ဖုံးကွယ်ထားဖို့ လိုအပ်တယ်။
အဲဒီလိုမှမဟုတ်ရင် သူက အရည်အချင်းညံ့ဖျင်းပြီး စကားပြောမတတ်ဆိုမတတ်နဲ့ ကျင်းတိုင်းပြည်ကို ရောက်တဲ့အခါ မပြောသင့်တဲ့ သတင်းတွေကို ပြောပြလိုက်မိရင် ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောပြလို့ မရဘူးလေ။ ဘာပဲပြောပြော လူတစ်ယောက်ဆိုတာ မျက်နှာလေးတော့ လိုချင်ကြတာပဲ။ ပြီးတော့ သူက ဒုတိယမင်းသား ဖြစ်နေသေးတယ် ...
ဖါးပါးက ခပ်အေးအေးပင် ပြောလိုက်၏။ "ဒါတွေက ဘာမှမဟုတ်ပါဘူး။ ဒုတိယမင်းသား အရင် မမေးပါနဲ့အုံး။"
ဤခပ်ပေါ့ပေါ့ ပြောလိုက်သော စကားတစ်ခွန်းက အာလီပိုင်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဒေါသ ထွက်သွားစေခဲ့သည်။ ခရီးစဉ်တစ်လျှောက်လုံး အာသာဖြေခြင်းလာခဲ့ရရာ သူ၏ ရင်ထဲတွင် မီးတောက်တစ်ခု အမြဲတမ်း ပိတ်လှောင်နေခဲ့သည်။
ယခုအခါ ဖါးပါး၏ သူ့အပေါ် ထားရှိသည့် သဘောထား ဆိုးရွားလွန်းသည်ကို မြင်သောအခါ ဒေါသထွက်လာ၏။ "ကျုပ်ကို အရင် မမေးနဲ့အုံးဆိုတာက ဘာအဓိပ္ပာယ်လဲ။
ကျုပ်က တော်ဝင်မျိုးနွယ်ဝင် မဟုတ်ဘူးလား။ အစ်ကိုကြီးနဲ့ ညီလေးက နန်းတွင်းညီလာခံကို တက်ပြီး ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ပေမဲ့ ကျုပ်ကတော့ မရဘူး။ ခင်ဗျားတို့က ကျုပ်ကို ကျင်းတိုင်းပြည်ဆီ လက်ဆောင်သွားပို့ခိုင်းတော့လည်း ကျုပ်က လိမ္မာရေးခြားရှိစွာနဲ့ သွားပို့ပေးခဲ့တာပဲ။"
ခင်ဗျားတို့ ကျုပ်ကို ဘယ်လို သဘောထားနေတာလဲ။ ကျုပ်ကို ကိရိယာတစ်ခုလို၊ အမှိုက်တစ်ခုလို သဘောထားနေတာ မဟုတ်လား။" စကားပြောရင်း ပြောရင်းဖြင့် အာလီပိုင်သည် စတင် အော်ဟစ်လာတော့၏။
လမ်းခရီးတွင် ဖန်ကျန်းရီ၏ ချီးမွမ်းမှုကို တစ်လျှောက်လုံး ခံခဲ့ရပြီး အိမ်အပြန်လမ်းတွင် မည်သူမှ ဂရုမစိုက်သော အမှိုက်တစ်စအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသောအခါ ကြီးမားလှသော ကွာဟချက်ကြောင့် စိတ်ပိုင်းဆိုင်ရာအရ ပို၍ပင် လက်ခံရန် ခက်ခဲလာသည်။
ဖါးပါးသည် အာလီပိုင်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။
ချီး .. ဒီဒုတိယမင်းသား ဘာဖြစ်သွားတာလဲ။ ဘာဆေးတွေ စားထားလို့ ဒေါသတွေ ဒီလောက် ကြီးနေရတာလဲ။ အရင်တုန်းက သိုးသူငယ်လေးလို အေးအေးဆေးဆေး ရှိနေတာ မဟုတ်ဘူးလား။
ပြီးတော့ သူက ဘာဖြစ်လို့ နိုင်ငံရေးမှာ ဝင်မပါနိုင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေသေးတယ်။ သူ့ကို လက်လွှတ်လိုက်တာ နှစ်ပေါင်းအတော်ကြာနေပြီလေ။ အရင်တုန်းတည်းက ကိုယ့်ကိုယ်ကိုယ် သိထားသင့်တာ မဟုတ်ဘူးလား။
အာလီပိုင်က ထပ်မံ၍ အော်ဟစ်လိုက်၏။ "နိုင်ငံတော်ဆရာ .. ခင်ဗျား စကားပြောလေ။"
ဖါးပါးသည် အင်္ကျီလက်ကို ခါချလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒီ ... ဒုတိယမင်းသား ပင်ပန်းလွန်းနေပြီ မဟုတ်လား။ စောစောလေး ပြန်ပြီး အနားယူလိုက်ပါ။"
အာလီပိုင်သည် ဖါးပါးကို တိုက်ရိုက်စိုက်ကြည့်ကာ မျက်လုံးများကို ပြူးကျယ်ထားလျက် ပြောလိုက်၏။ “ကျုပ် မပင်ပန်းဘူး။ အခု ကျုပ်တစ်ကိုယ်လုံးက စွမ်းအင်တွေ ထွက်ပေါက်ရှာမရ ဖြစ်နေတယ်။ ဒီနေ့ ခင်ဗျား ကျုပ်ကို သင့်တော်တဲ့ ရှင်းပြချက် တစ်ခုမှ မပေးနိုင်ရင် ကျုပ်တို့နှစ်ယောက် ပြီးမှာ မဟုတ်ဘူး။"
ဖါးပါးမှာ အဟောက်ခံရသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
သွားပါပြီ ... ဒုတိယမင်းသား သေချာပေါက် တစ်ခုခု မှားယွင်းသွားပြီ။ ဒေါသတွေ ဒီလောက်တောင် ကြီးလာရတယ်လို့ ...
ဖါးပါးသည် သူ၏ စိုက်ကြည့်ခံရမှုကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး မနေနိုင်မထိုင်နိုင် တံတွေးတစ်ချက် မြိုချလိုက်မိ၏။ "ဒုတိယမင်းသား ... ခင်ဗျား ဘာမှမဖြစ်ပါဘူးနော်။"
အာလီပိုင်က စကားတစ်လုံးချင်းစီကို ဖိ၍ ပြောလိုက်ပြီး သူ၏ စကားလုံးများကြားတွင် ဒေါသအဟုန်များ အပြည့်အဝ ပေါ်လွင်နေ၏။ “ကျုပ် ခင်ဗျားကို စကားပြောခိုင်းတာ။ ခင်ဗျားကို ပြန်မေးခိုင်းတာ မဟုတ်ဘူး။"
ဖါးပါးသည် အခြားရွေးချယ်စရာမရှိသဖြင့် လိမ်ညာပြောဆိုလိုက်ရသည်။ "ညမထွက်ရအမိန့် ... ညမထွက်ရအမိန့် ထုတ်ထားလို့ပါ။ မြို့ထဲမှာ ညဘက်ကို အခွင့်ကောင်းယူပြီး သောင်းကျန်းနေတဲ့ လူယုတ်မာတွေ ရှိနေလို့ အရှင်မင်းကြီးက ရက်အနည်းငယ်လောက် ညမထွက်ရအမိန့်ကို အထူးထုတ်ပြန်ထားတာ။ ဒါကြောင့်မို့လို့ လမ်းပေါ်မှာ ဒီအချိန်ဆို လူမရှိတာပါ။ ဒုတိယမင်းသား ထပ်မေးချင်တာ ရှိသေးလား။"
ထပ်မပြောဘူးဆိုရင် ကိုယ်တိုင် အရိုက်ခံရတော့မယ်လို့ ခံစားနေရတယ် ...
"သြော် ... ညမထွက်ရအမိန့်ကိုး။ ဒါကို ဘာဖြစ်လို့ ဒီလောက်တောင် ဖုံးကွယ်ထားချင်နေရတာလဲ။"
အဖြေကို ရရှိသွားသောအခါ အာလီပိုင်သည် ချက်ချင်းဆိုသလို အတော်လေး စိတ်အေးသွားခဲ့၏။
ဖါးပါးသည် အတင်းအကျပ် ပြုံးလိုက်ပြီး အထက်အောက် အကဲခတ်ကြည့်ရှုကာ ပြောလိုက်သည်။ "ဒုတိယမင်းသားက ဒီခရီးစဉ်မှာ အပြောင်းအလဲတွေ မနည်းလှဘူး။ အများကြီး သန်မာလာတာပဲ။ စိတ်ဓာတ်တွေလည်း တက်ကြွလာတယ်။ ထူးဆန်းတဲ့ အတွေ့အကြုံ တစ်ခုခုများ ကြုံခဲ့ရလို့လား။"
နိုင်ငံတော်ဆရာကတောင် မြင်နေတာလား။ တကယ်ပဲ ဆရာ ငါ့ကို သင်ပေးတာတွေ အကုန်လုံးက အစစ်အမှန်တွေချည်းပဲ။
အာလီပိုင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏ ညာဘက်လက်မောင်းကို ရင်ဘတ်ရှေ့တွင် အားကုန်ကွေးလိုက်ရာ လက်မောင်းကြွက်သားမှာ အထက်သို့ မို့မောက်တက်လာခဲ့၏။
"ဟုတ်လို့လား။ ကျုပ် တကယ်ပဲ အများကြီး ပြောင်းလဲသွားတယ်။ တာ့ကျင်းတိုင်းပြည်ကို သွားတဲ့ ဒီခရီးစဉ်မှာ အများကြီး သင်ယူခဲ့ရတယ်။ ပညာရှင်တစ်ယောက်နဲ့တွေ့ပြီး ကျုပ်ကို အံ့မခန်း သိုင်းကျင့်စဉ်တစ်ခု သင်ပေးခဲ့တယ်။ လမ်းတစ်လျှောက်လုံး လေ့ကျင့်လာခဲ့တော့ အခုချိန်မှာ ကျုပ်က အစ်ကိုကြီးနဲ့တောင် ယှဉ်ပြိုင်ကြည့်ချင်နေပြီ။ ဘယ်သူ့ရဲ့ သိုင်းစွမ်းအားက ပိုသာသလဲဆိုတာ ကြည့်ရသေးတာပေါ့။"
"ဘာ။"
ဖါးပါး၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
စရိုက်လက္ခဏာတွေ အကြီးအကျယ် ပြောင်းလဲသွားပြီး ဒီလောက်အထိတောင် ရူးသွပ်နေပြီလား။ လအနည်းငယ်လေး အတွင်းမှာ ဘယ်လို ပညာရှင်မျိုးနဲ့များ တွေ့ခဲ့တာလဲ။
ဒီကိစ္စက သေချာပေါက် ဖန်ကျန်းရီနဲ့တော့ ပတ်သက်မှု ရှိမှာမဟုတ်ဘူး။ ဘာပဲပြောပြော အဲဒီကောင်က သိုင်းပညာမှာမှ မကျွမ်းကျင်တာ။
ပြီးတော့ သိုင်းကျင့်လို့ စရိုက်လက္ခဏာတွေ စောင်းရွဲ့သွားတယ်ဆိုတာကိုလည်း မကြားဖူးပါဘူး ... ဒါမှမဟုတ် သရဲတစ္ဆေ ဝတ္ထုတွေထဲက မိစ္ဆာကျင့်စဉ် တစ်ခုခုများလား။
ဖါးပါးက သတိထား၍ မေးလိုက်၏။ "ဒုတိယမင်းသားက ဘယ်လို အံ့မခန်း ကျင့်စဉ်မျိုးကို လေ့ကျင့်နေတာလဲလို့ မေးခွင့်ပြုပါ။ ဘာဖြစ်လို့ စိတ်နေသဘောထားတွေပါ အများကြီး ပြောင်းလဲသွားသလို ခံစားရတာလဲ။"
"မှန်တယ်။ ကျုပ် တကယ်ပဲ ပြောင်းလဲသွားတာ။ သိုင်းကျင့်တာက စိတ်ကိုပါ လေ့ကျင့်တာပဲလေ။ ကျုပ်က အရင်တုန်းကလို ရီဝေဝေနဲ့ ဖြတ်သန်းနေတဲ့သူ မဟုတ်တော့ဘူး။" အာလီပိုင်၏ ဦးနှောက်ထဲတွင် ဖန်ကျန်းရီ၏ သင်ကြားမှုများကို မနေနိုင်မထိုင်နိုင် ပြန်လည်သတိရမိသွားပြီး ရင်ထဲတွင် ထပ်မံ၍ နွေးထွေးသွားခဲ့၏။
ယဉ်ကျေးမှုသင်ခန်းစာ အများစုကို နားမလည်သော်လည်း ထိုစိတ်ဓာတ်ခွန်အားပေးသည့် စကားလုံးများကိုမူ တစ်လုံးချင်းစီ ရင်ထဲတွင် မှတ်သားထားသည်။
အာလီပိုင်သည် ဖါးပါးကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။ "ကျုပ် အခုချိန်မှာ ... လူငယ်တစ်ယောက် ရဲ့ အရှိန်အဝါက ဝံပုလွေတစ်ကောင်လို ကြမ်းကြုတ်နေပြီး ရင်ဘတ်ထဲက သွေးတွေက ဆူပွက်နေတယ်။ မနေ့ကဆိုတာ သမိုင်းပဲ။ ဒီနေ့က စတင်ခြင်းပဲ။ မနက်ဖြန်ကျရင် ဘယ်သူမှ ကျုပ်ကို အသုံးချလို့ မရတော့ဘူး။"
ဖါးပါးသည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ပေါ်လွင်နေ၏။ "ဒုတိယမင်းသား တကယ်ပဲ ပြောင်းလဲသွားပြီ။"
ချီးတဲ့မှ။ စိတ်ရောဂါရသွားတာပဲ။
"မှန်တယ်။ ကျုပ် သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပေမဲ့ နှမြောစရာကောင်းတာက လမ်းမှာ သင့်တော်တဲ့ ပြိုင်ဘက် မရှိခဲ့ဘူး။ ကျုပ် နှစ်ရက်လောက် အနားယူပြီးရင် အစ်ကိုကြီးနဲ့ သွားချကြည့်မယ်။ ခမည်းတော်က ကျုပ်ကို အမြဲတမ်း ခန္ဓာကိုယ် အားနည်းတယ်လို့ အပြစ်တင်နေတာ မဟုတ်လား။ ဒီတစ်ခါတော့ ကျုပ်ရဲ့ အစစ်အမှန် စွမ်းရည်ကို ခမည်းတော် သေချာမြင်တွေ့သွားအောင် လုပ်ပြမယ်။" အာလီပိုင်၏ ရင်ထဲတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်များ အပြည့်အဝ ကိန်းအောင်းနေသည်။
ဖါးပါးက ငိုရခက် ရယ်ရခက်ဖြင့် တားမြစ်လိုက်၏။ "ဒုတိယမင်းသား ... လအနည်းငယ် ကြိုးကြိုးစားစား လေ့ကျင့်ခဲ့တာက တန်ဖိုးရှိတာ မှန်ပေမဲ့ ... မင်းသားကြီးက အနှစ်နှစ်ဆယ်ကျော်လောက် လေ့ကျင့်ထားတာလေ။ လက်သီးနဲ့ ခြေထောက်ဆိုတာ မျက်စိမရှိဘူး။ ခင်ဗျား တခြားသူ တစ်ယောက်ကို ပြောင်းရွေးလိုက်ပါလား။"
"ဟွန့် … ဓားမထက်၊ မြင်းပိန်နေရင် ကျုပ်ကို ဘာနဲ့ လာယှဉ်မလဲ။ ယောက်ျားဆိုတာ စိန်ခေါ်ရဲရမယ်။ အစ်ကိုကြီးကို ရှုံးသွားရင်တောင် ဘာမှမဖြစ်ဘူး။ မိုးရွာလို့ မြေကြီးချော်ရင် ကိုယ့်ဘာသာ လဲကျပြီး ကိုယ့်ဘာသာ ပြန်ထရမှာပဲ။
တော်ပြီ နိုင်ငံတော်ဆရာ ... ကျုပ် ခင်ဗျားကို အများကြီး မပြောတော့ဘူး။ ဒီခရီးတစ်လျှောက် တကယ်ကို ပင်ပန်းလာလို့ ကျုပ် အရင် ပြန်ပြီး အနားယူတော့မယ်။"
စကားပြောပြီးသည်နှင့် အာလီပိုင်သည် လေပွေတစ်ခုကဲ့သို့ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ဖါးပါးသည် သူ၏ ကျောပြင်ကို စိုးရိမ်တကြီး ကြည့်ရှုရင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။
ဒီလိုပုံစံနဲ့တော့ အဆင်မပြေဘူး ... နန်းတွင်းသမားတော်ဆီ သွားပြမှရမယ် ...။
အပိုင်း (၇၆၃) ဟေးရှန်းချီလျဲ့နှင့် ထပ်မံတွေ့ဆုံခြင်း။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာသောအခါ ကျင်းတိုင်းပြည် နန်းတော်အတွင်းမှ လူလွှတ်၍ သံတမန်များကို နန်းတော်အတွင်းရှိ ညစာစားပွဲသို့ တက်ရောက်ရန် အကြောင်းကြားလာခဲ့သည်။
ဖန်ကျန်းရီသည် တစ်ရေးတစ်မော အိပ်စက်လိုက်ရသဖြင့် စိတ်ဓာတ်ခွန်အားများ အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့၏။
ဤတစ်ကြိမ် ကျင်းတိုင်းပြည်သို့ သံတမန်အဖြစ် လာရောက်သူ အများအပြား ရှိသောကြောင့် သဘာဝကျကျ အားလုံး သွားရောက်၍ မရနိုင်သဖြင့် အရေးကြီးသော ပုဂ္ဂိုလ်အချို့ကိုသာ ရွေးချယ်ခေါ်ဆောင်သွားခဲ့သည်။
လိုက်ပါလာသော ဟုန်လုစီဌာန ဒုတိယဝန်ကြီး မာချန်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စေလွှတ်လိုက်သော အမတ်အချို့၊ စကားပြန်တို့ ပါဝင်၏။
လူတစ်စုသည် လမ်းပြ၏ နောက်မှလိုက်ကာ ကျင်းတိုင်းပြည် နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
ဤနန်းတော်သည် အလွန်ကျယ်ဝန်းလှသော်လည်း ယခုအချိန်တွင် ကောင်းကင်ကြီး မှောင်မိုက်နေသဖြင့် မည်သည့် လှပသော ရှုခင်းကိုမျှ မမြင်တွေ့ရချေ။
ပင်မခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားသောအခါမှသာ ခန်းမဆောင်အတွင်းမှ တောက်ပနေသော မီးရောင်များက အပြင်ဘက်သို့ လင်းလက်နေပြီး ထိုမီးရောင်ကို အားကိုး၍ ပတ်ဝန်းကျင် အခြေအနေကို တစ်ချက်မျှ ကြည့်ရှုနိုင်တော့သည်။
ပင်မခန်းမဆောင် အပြင်ဘက်တွင် ဖါးပါးသည် အစောကြီးတည်းက စောင့်ဆိုင်းနေပြီး ဖန်ကျန်းရီတို့ ရောက်ရှိလာသည်ကို မြင်သည်နှင့် ချက်ချင်း ရှေ့တိုး၍ ကြိုဆိုလိုက်၏။
ဖါးပါးက ပြုံးလျက် ပြောလိုက်သည်။ "ညီလေးဖန် ... အနားယူရတာ အဆင်ပြေရဲ့လား။ ကျုပ် ခင်ဗျားအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ကိုရော ကျေနပ်ရဲ့လား။"
ဖန်ကျန်းရီသည် လက်မထောင်ပြလိုက်ပြီး တဟားဟား ရယ်မောကာ ပြောလိုက်၏။ "ကျုပ်ကို မွေးထုတ်ပေးတာက မိဘတွေဖြစ်ပြီး ကျုပ်အကြောင်းကို အသိဆုံးကတော့ ဆရာတော်ပါပဲ။"
ဖါးပါးသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အနောက်ဘက်သို့ တစ်ချက် ကြည့်ရှုလိုက်ကာ ပြောလိုက်သည်။ "သဘောကျရင် ပြီးတာပါပဲ။ တကယ်လို့ ညီလေးဖန်က လူပြောင်းချင်တယ်ဆိုရင်လည်း ကျုပ်ကို အချိန်မရွေး ပြောလို့ရတယ်။ ဒါပေမဲ့ ... ကျန်းပြောင် ဘာလို့ မလာတာလဲ။"
"သူ့ကို ဘာလုပ်ဖို့ ရှာနေတာလဲ။ သူက ရမ်းကားတဲ့သူ တစ်ယောက်ပဲလေ။ တကယ်လို့ သူက ပြဿနာ တစ်ခုခု ရှာလိုက်ရင် ကျုပ် တာဝန်မယူနိုင်ဘူး။" ဖန်ကျန်းရီ၏ ရင်ထဲတွင် သတိထားမိသွား၏။
ဖါးပါးက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။ "ညီလေးဖန် မသိသေးလို့ပါ။ အရှင်မင်းကြီးက ခင်ဗျားအပေါ်ထက်တောင် ကျန်းပြောင်ကို ပိုပြီး စိတ်ဝင်စားနေလောက်တယ်။ အရင်က သံတမန်အဖွဲ့ထဲ ပါလာတဲ့ လူစာရင်းကို အရှင်မင်းကြီးဆီ အစီရင်ခံခဲ့တုန်းက အရှင်မင်းကြီးက ကြားပြီးတဲ့နောက် ချီလျဲ့ကို အနိုင်ယူနိုင်တဲ့ သူရဲကောင်းက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကိုယ်တိုင် မျက်မြင်တွေ့ချင်တယ်လို့ နှုတ်ကနေ တိုက်ရိုက် ပြောခဲ့တယ်။ ကျုပ် ကြည့်ရတာ ... သူတို့နှစ်ယောက် သေချာပေါက် တစ်ပွဲတော့ ချရလောက်တယ်။"
"ဟဲဟဲ ... နောက်မှ ပြောကြတာပေါ့။" ဖန်ကျန်းရီသည် ဟန်ဆောင်ပြုံး ပြုံးလိုက်ပြီးနောက် ခန်းမဆောင် အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်၏။
ဖါးပါးသည် သူ့ကို အလျင်အမြန် ဆွဲထားလိုက်ပြီး ပြောလိုက်သည်။ "ခဏနေပါဦး ညီလေးဖန် ... ကျုပ်မှာ မေးစရာ တစ်ခုရှိသေးတယ်။ သခင်လေးဖန်နဲ့ ဒုတိယမင်းသားတို့ အပြန်ခရီးက အဆင်ပြေချောမွေ့ခဲ့ရဲ့လား။"
အာလီပိုင်။
ဖန်ကျန်းရီသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ထဲ၌ သဘောပေါက်သွားပြီး ရယ်မောလိုက်မိ၏။
ဒီကောင်လေးက သက်တမ်းကုန်နေတဲ့ မြင်းအားတိုးဆေးတွေ စားပြီး အပူကန်နေတော့ ဒေါသတွေကို ဖါးပါးရဲ့ ခေါင်းပေါ် သွားပုံချလိုက်တာလား။
ဖါးပါး၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။ "ညီလေးဖန်က ဘာဖြစ်လို့ ရယ်နေတာလဲ။"
ဖန်ကျန်းရီသည် အပြုံးကို အတင်းအကျပ် မြိုချလိုက်ပြီး ခေါင်းကို လက်ညှိုးထိုးပြလိုက်၏။ "အမှန်အတိုင်း ပြောရရင် ဆရာတော် ... ဒုတိယမင်းသားမှာ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိနေတာလား။ ဒီခရီးတစ်လျှောက်မှာ သူက နည်းနည်းလေး ပိုပြီး လန်းဆန်းတက်ကြွနေတယ်။ ဘယ်သူ့ကိုတွေ့တွေ့ သွားပြီး ရန်ဖြစ်တော့မလိုပဲ။ ဒါပေမဲ့ သူ မြို့တော်ကို ရောက်ခါစတုန်းက ကျုပ် တွေ့ဆုံဧည့်ခံခဲ့ချိန်မှာတော့ ပုံမှန်အတိုင်းပဲ ရှိနေသေးတာ။
ပြန်လာတော့မှ လူက ပြဿနာတက်သွားတာ။ ခရီးတစ်လျှောက်လုံးလည်း အားနေတာမဟုတ်ဘူး။ နေ့တိုင်း သိုင်းကျင့်နေပြီး ကျန်းပြောင်ကိုတောင် သူက ရန်စရဲသေးတယ်။"
ဖါးပါးက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "သူက ဘယ်လို ရန်စတာလဲ။"
"သူက ပြောတယ်။ ကျားရိုင်းတောင်ပေါ်က ဆင်းလာပြီး နဂါးပြာ ဟိန်းဟောက်နေပြီ။ ညီလေး ... မင်း သိပ်ပြီး မာနမကြီးနဲ့တဲ့။ ကျုပ် ဝင်တားလိုက်လို့ တော်သေးတာပေါ့။ အဲဒီလိုမှမဟုတ်ရင် သူတို့နှစ်ယောက် တကယ် ချဖြစ်သွားတော့မလို့။"
ဟုတ်တယ် ... ဟုတ်တယ် ... ဟုတ်တယ်။ သူက အဲဒီလိုစကားမျိုး ပြောတာ။
"ကောင်းကင်ဘုံ ... ဒါက သိုင်းကျင့်ရင်း သွေးကြောထုံးသွားတာပဲ ... " ဖါးပါးသည် တီးတိုးရေရွတ်လိုက်၏။
ကြည့်ရတာ ဒီကိစ္စက ဖန်ကျန်းရီနဲ့တော့ ပတ်သက်မှု မရှိလောက်ဘူး။ ဒုတိယမင်းသားက မြို့တော်မှာ ရှိနေတုန်း အဆင့်နိမ့်တဲ့ ကောင်တစ်ကောင်ကောင်ဆီကနေ မိစ္ဆာကျင့်စဉ်တစ်ခုခုကို သင်ယူလာခဲ့တာ ဖြစ်နိုင်တယ်။
မူလကတော့ ကိစ္စပြီးရင် အိမ်ပြန်လာဖို့ အေးအေးဆေးဆေး နေတတ်တဲ့သူ တစ်ယောက်ကို လွှတ်လိုက်ဖို့ စဉ်းစားထားတာ။ တစ်ခေါက်လောက် အပြင်ထွက်သွားတာနဲ့ ဦးနှောက်ပါ ပျက်စီးသွားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။
ဒါပေမဲ့ ဒုတိယမင်းသားဖြစ်နေလို့ ဘာပြဿနာမှ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ ဂရုမစိုက်ကြတာပဲလေ။
"ဆရာတော် ... သူ ဘာမှမဖြစ်ပါဘူးနော်။"
"အို ... ဘာမှမဖြစ်ပါဘူး။ ခရီးတစ်လျှောက်လုံး ဒုတိယမင်းသားကို စောင့်ရှောက်ပေးခဲ့တဲ့ ညီလေးဖန်ကို ကျေးဇူးတင်ပါတယ်။ အထဲဝင်ပါ။" ဖါးပါးသည် ရင်ထဲရှိ အနှောင့်အယှက်အတွေးများကို ဘေးဖယ်လိုက်ပြီး လက်လှမ်း၍ ဖိတ်ခေါ်လိုက်၏။
ဖန်ကျန်းရီက လက်နှစ်ဖက်ယှက်၍ ပြန်ပြောလိုက်သည်။ "မဟုတ်ရပါဘူး။ အားလုံးက လုပ်သင့်လုပ်ထိုက်တာတွေချည်းပါပဲ။ ဆရာတော်က သိပ်အားနာလွန်းနေပါပြီ။"
ခန်းမဆောင် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဘေးဘီဝဲယာရှိ ဧည့်သည်တော်များ အားလုံး စုံလင်နေပြီဖြစ်သည်။
အာလီပိုင်သည် ဧည့်ခံပွဲတွင် ရှိနေပြီး ဖန်ကျန်းရီကို မြင်သောအခါ သွားဖြူဖြူ နှစ်တန်းပေါ်အောင် ပြုံးပြလိုက်၏။
ဖန်ကျန်းရီက ရှေ့မှဦးဆောင်သွားပြီး နောက်ကလူများကလည်း အနီးကပ် လိုက်ပါလာကြကာ မျက်လုံးထောင့်များဖြင့် ဘေးဘီဝဲယာကို ကြည့်ရှုနေကြသည်။
ဝူထူသည် ရာဇပလ္လင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး အောက်ဘက်ကို စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်ရှုနေ၏။
နေရာသို့ ရောက်ရှိသွားသောအခါ ဖန်ကျန်းရီက အရိုအသေပေးလျက် ပြောလိုက်သည်။ "နိုင်ငံခြားသံတမန် ဖန်ကျန်းရီက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ဝူထူသည် လက်ကို ခပ်ဖွဖွ မြှောက်လိုက်ရာ လေးနက်သောအသံကြီး တစ်ခု ထွက်ပေါ်လာ၏။ "သံတမန်မင်းက အဝေးကြီးကနေ လာရတာဆိုတော့ အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး။ နေရာယူပါ။"
ဝူထူက စကားပြန် အသုံးမပြုသည်ကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းမော့၍ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။
ဝူထူသည် နှာခေါင်းကြီးကြီး၊ ပါးစပ်ကျယ်ကျယ်နှင့် မျက်နှာတစ်ပြင်လုံး မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျင်းအရှင်မင်းမြတ်ထက်ပင် တစ်ဆခန့် ပို၍ ကြီးမားနေသည်ကို မြင်တွေ့လိုက်ရ၏။
အဝတ်အစားများကို ချွတ်လိုက်မည်ဆိုလျှင် ဧကရာဇ်တစ်ပါးနှင့် မတူဘဲ ဝက်သတ်သမား လူမည်းကြီး တစ်ယောက်နှင့် ပိုတူနေသည်။
သို့ပေမည့် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်ဆိုတော့ သိသိသာသာကိုပင် ကြမ်းတမ်းမှုများကြားတွင် သိမ်မွေ့မှုများ ရှိနေသည့်လူ တစ်ယောက် ဖြစ်ပေမည်။
ထို့နောက် အားလုံး အသီးသီး နေရာယူလိုက်ကြသည်။
ဝူထူက ပြောလိုက်၏။ "ဒီနေ့ည ညစာစားပွဲက နိုင်ငံခြားသံတမန်တွေ ရောက်လာတာကို ကြိုဆိုတဲ့အနေနဲ့ပဲ ပြုလုပ်တာဖြစ်လို့ နိုင်ငံရေးကိစ္စတွေကို မဆွေးနွေးဘူး။ အရက်သောက်ပြီး ပျော်ပျော်ပါးပါး စကားပြောကြဖို့ပဲ။ စတင်လိုက်ကြရအောင်။"
အောက်ဘက်မှ အားလုံးက ပြိုင်တူ သဘောတူလိုက်ကြပြီးနောက် တဖြည်းဖြည်းနှင့် အနီးနားရှိသူများ အချင်းချင်း စကားစမြည် ပြောဆိုလာကြသည်။
တစ်ခါတစ်ရံတွင် လူအချို့က ဖန်ကျန်းရီရှိရာဘက်သို့ ကြည့်ရှုလာကြပြီးနောက် ဆက်လက်၍ ဆွေးနွေး ပြောဆိုနေကြ၏။
လုပ်ငန်းစဉ်က အရမ်းမြန်ဆန်နေသောကြောင့် ဖန်ကျန်းရီမှာ အနည်းငယ် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ဒီကျင်းတိုင်းပြည်က လူတွေက သိပ်ပြီး ပွင့်လင်းလွတ်လပ်လွန်းနေပြီ။ ငါလို ဧည့်သည်တစ်ယောက် ရောက်လာတာတောင် စကားတစ်ခွန်းနှစ်ခွန်းလေးမှ မနှုတ်ဆက်ဘူး။ အနည်းဆုံးတော့ ကျင်းဘုရင်မင်းမြတ် ဘယ်လိုနေလဲလို့ အရင်မေးသင့်တာပေါ့။
အခုတော့ အောက်ဘက်က လူတွေက သူတို့ဘာသာ စကားပြောနေကြပြီ။ ပြီးတော့ လူတစ်ချို့က သူ့ဘက်ကို ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်နေကြသေးတယ်။ ဘယ်သူမှ သံတမန်အဖွဲ့ကို အရေးတယူ လုပ်နေတဲ့ပုံ မပေါ်ဘူးပဲ ...
ဖန်ကျန်းရီသည် လက်လှမ်း၍ ဘေးနားရှိ မာချန်ကို တွတ်လိုက်ပြီး တိုးညှင်းသောအသံဖြင့် ပြောလိုက်၏။ "ဟေ့ ... အဲဒီလူတွေ ကျုပ်တို့ကို ကြည့်နေတဲ့ အကြည့်တွေက နည်းနည်း ထူးဆန်းနေသလို မခံစားရဘူးလား။ အရမ်းကြီး ရင်းနှီးတဲ့ပုံ မပေါ်ဘူးနော်။"
မာချန်က တိုးညှင်းစွာ ရယ်မောလျက် ပြောလိုက်သည်။ "သခင်လေး ... ခင်ဗျား အရမ်း စိတ်လှုပ်ရှားနေပြီ ထင်တယ်။ ဒီလိုအခြေအနေမျိုးက ပုံမှန်ပါပဲ။ ဝူထူက စစ်သည်တော်ကနေ ဆင်းသက်လာတာဆိုတော့ ယဉ်ကျေးမှု စည်းကမ်းတွေကို သိပ်ဂရုမစိုက်ဘူး။ အောက်ဘက်က လူတွေကိုလည်း အများကြီး မျှော်လင့် မနေပါနဲ့တော့။ ဘာပဲပြောပြော ဒါက လူရိုင်းတွေရဲ့ နယ်မြေပဲလေ။ သခင်လေး အများကြီး တွေးနေပါပြီ။"
"အင်း ..."
သူတို့နှစ်ဦး တိုးညှင်းစွာ စကားပြောနေစဉ် ဝူထူသည် ရုတ်တရက် သူ၏ လက်ထဲမှ အရက်ခွက်ကို မြှောက်ကာ ပြောလိုက်၏။ "သံတမန်မင်းရဲ့ ကြီးမြတ်တဲ့ နာမည်ကို ကိုယ်တော် အစောကြီးကတည်းက ကြားဖူးနေတာ။ ဒီနေ့ တွေ့လိုက်ရတော့ တကယ်ကို လူငယ်သူရဲကောင်း တစ်ယောက်ပဲ။"
ဖန်ကျန်းရီက အရက်ခွက်ကို မြှောက်၍ ပြောလိုက်သည်။ "အရှင်မင်းကြီးက သိပ်ပြီး ချီးကျူးလွန်းနေပါပြီ။ အဲဒါက အပြင်ကနေ မှားယွင်းပြီး ကောလာဟလ ထွက်နေတာပါ။ နိုင်ငံခြားသံတမန်က နန်းတွင်းမှာ သာမန်လူ တစ်ယောက်ပါပဲ။ ဒါပေမဲ့ နိုင်ငံခြားသံတမန်က အရှင်မင်းကြီးရဲ့ စစ်ပွဲအောင်မြင်မှုတွေ ကြီးမားလှတယ်လို့ ကြားဖူးခဲ့ပေမဲ့ ဒီနေ့ တွေ့လိုက်ရတဲ့အခါ အရှင်မင်းကြီးက ကျုပ်တို့ တာ့ကျင်းတိုင်းပြည်ရဲ့ ဘာသာစကားကိုလည်း အရမ်းကို ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ စာပေရော သိုင်းပညာပါ စုံလင်နေတာက နိုင်ငံခြားသံတမန်ကို အမှန်တကယ်ပဲ လေးစားသွားစေပါတယ်။"
ဝူထူသည် ထိုစကားကို ကြားသောအခါ တဟားဟား ရယ်မောလိုက်၏။ "နိုင်ငံတော်ဆရာက မင်းရဲ့ စကားပြောစွမ်းရည်က အရမ်းကောင်းတယ်လို့ ကိုယ်တော့်ကို အစောကြီးကတည်းက ပြောပြဖူးတယ်။ တကယ်ကို ဒီလိုပဲကိုး။ လူလာကြ။ အရက်ချပေးလိုက်။"
ဖန်ကျန်းရီ သောက်သုံးပြီးသွားသောအခါ ဝူထူက ထပ်မံ၍ ပြောလိုက်သည်။ "အရင်တုန်းက ချီလျဲ့ကို အနိုင်ယူခဲ့တဲ့ သူရဲကောင်း ကျန်းပြောင်လည်း လာတယ်လို့ ကြားတယ်။ ဘယ်သူရဲကောင်းများ ဖြစ်မလဲ။"
ဝူထူ၏ အကြည့်များသည် ဖန်ကျန်းရီ၏ ဘေးဘီဝဲယာသို့ အဆက်မပြတ် ကြည့်ရှုအကဲခတ်နေ၏။
ဖန်ကျန်းရီသည် မတ်တတ်ရပ်၍ ပြောလိုက်သည်။ "အရှင်မင်းကြီး ... ကျန်းပြောင်က ကြမ်းတမ်းတဲ့ လူတစ်ယောက်မို့လို့ မျက်နှာပန်းလှအောင် မနေတတ်ပါဘူး။ ဒါကြောင့် အခု သူက နန်းတော်အပြင်ဘက်မှာ စောင့်နေပါတယ်။"
"သံတမန်မင်းက ဘယ်လိုစကားတွေ ပြောနေတာလဲ။ အထဲကို ခေါ်လာခဲ့ပြီး ကိုယ်တော့်ကို ကြည့်ခွင့်ပေးလိုက်ပါ။ ကိုယ်တော်က ချီလျဲ့ကို အနိုင်ယူနိုင်တဲ့သူဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို ဒီနှစ်တွေအတွင်းမှာ အမြဲတမ်း သိချင်နေခဲ့တာ။"
"လူလာကြ။ ချီလျဲ့ကိုပါ တစ်ပါတည်း သွားခေါ်ခဲ့လိုက်။"
နန်းတွင်းကိုယ်ရံတော် နှစ်ဦးသည် အမိန့်ကို နာခံလိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြသည်။
ဖန်ကျန်းရီသည်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ဆက်လက်ထိုင်၍ အရက်သောက်နေရုံသာ တတ်နိုင်တော့၏။
ဝူထူက ဒီလောက်အထိ အတင်းအကျပ် စီစဉ်နေတာဆိုတော့ ကြည့်ရတာ သူတို့နှစ်ယောက် တစ်ပွဲချရဖို့ကတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူး။ ဒါပေမဲ့ ကျန်းပြောင်မှာ ယုံကြည်ချက်ရှိနေမှတော့ ချခိုင်းလိုက်တာပေါ့။
မကြာမီမှာပင် ချီလျဲ့သည် ခန်းမဆောင်အတွင်းသို့ ဦးစွာ ရောက်ရှိလာခဲ့သည်။
ယခင်ကကဲ့သို့ပင် အရပ်အမောင်း မြင့်မားကာ ကြံ့ခိုင်သန်စွမ်းနေဆဲဖြစ်ပြီး နားရွက်တစ်ဖက် လျော့နည်းနေကာ မျက်နှာအမူအရာတွင်လည်း အုံ့မှိုင်းသော အရိပ်အယောင်များ ပိုမိုပါဝင်နေသောကြောင့် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေ၏။
ကျန်းပြောင် ရောက်ရှိလာသောအခါ ချီလျဲ့၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကြမ်းကြုတ်မှု နှင့် စိတ်လှုပ်ရှားမှုများ ပိုမို ထင်ပေါ်လာခဲ့သည်။
ကျိုးထျဲ့သည် မူလက ကျန်းပြောင်နှင့်အတူ အပြင်ဘက်တွင် ဖန်ကျန်းရီ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ရာ ဤတစ်ကြိမ်တွင် အတူတကွ ခေါ်ဆောင်ခြင်း ခံလိုက်ရ၏။
ခန်းမဆောင်အတွင်းရှိ ပွဲကြည့်ပရိသတ်များမှာလည်း အသီးသီး စိတ်လှုပ်ရှားနေကြပြီး လူအချို့က အသံကျယ်ကျယ်ဖြင့် စတင်၍ ဆူညံစွာ အော်ဟစ်နေကြသည်။
ခန်းမဆောင်အတွင်းမှ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသော်လည်း ဝူထူက တားဆီးခြင်း မရှိသည့်အပြင် မျက်နှာအမူအရာမှာပင် အနည်းငယ် စိတ်လှုပ်ရှားနေသယောင် ရှိ၏။ "မင်းက ကျန်းပြောင် ဆိုတာလား။ တကယ်ကို သူရဲကောင်းတစ်ယောက်ပဲ။
ကိုယ်တော့်လက်အောက်က ဟေးရှန်းချီလျဲ့ဟာ ကိုယ်တော်နဲ့အတူ စစ်ပွဲကြီးငယ် အကြိမ်ပေါင်း ဆယ်ချီပြီး ပါဝင်ဆင်နွှဲခဲ့လို့ စစ်ပွဲအောင်မြင်မှုတွေ ကြီးမားလှတယ်။ မင်းမှာရော ဘယ်လို စစ်ပွဲအောင်မြင်မှုတွေ ရှိသလဲဆိုတာ မသိရဘူးလား။"
ကျန်းပြောင်သည် မျက်နှာကို ကုတ်လိုက်ပြီး အနည်းငယ် တွေဝေသွား၏။
စစ်ပွဲအောင်မြင်မှုလား ... သခင်လေးနောက်ကို လိုက်လာပြီးတည်းက ရိုက်နှက်ဖျက်ဆီးတာ၊ လုယက်လှည့်စားတာကလွဲရင် တခြားစစ်ပွဲရလဒ်ဆိုတာ မရှိသလောက်ပဲ။
"ကျုပ် ချီလျဲ့ကို အနိုင်ယူဖူးတယ်။"