အခန်း (၇၆၄-၇၆၅)
Vol. 40 Ch. 764-765
အပိုင်း (၇၆၄) ဟေးရှန်းချီလျဲ့နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း။
ဤစကားထွက်ပေါ်လာပြီးနောက် ခန်းမဆောင်အတွင်း၌ တစ်ဖန်ဆူညံသွားပြန်၏။ သို့သော် မြောက်ပိုင်းရုန ်ဘာသာစကားဖြင့် ပြောဆိုနေကြခြင်းဖြစ်ပြီး အမူအရာများကိုကြည့်ရလျှင် ဆဲရေးတိုင်းထွာနေပုံရသည်။
လူအတော်များများမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြ၏။
ချီလျဲ့သည် ကျင်းတိုင်းပြည်မှ လူတိုင်းသိကြသော စစ်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း တာ့ကျင်းတိုင်းပြည်၌ အကြောင်းပြချက်မရှိဘဲ ရှုံးနိမ့်ခဲ့ရပေသည်။
ယခုအခါ ထိုတရားခံသည် မိမိတို့၏ နယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင်ပင် ဤမျှ ရောင့်တက်ရဲသေးသည်လား။
ဝူထူသည် ထိုစကားကိုကြားသောအခါ မျက်နှာအမူအရာ မည်းမှောင်သွားခဲ့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည်ပြုံးရွှင်လာခဲ့၏။ "ကောင်းတယ်။ တကယ်ကို သတ္တိကောင်းတာပဲ။"
ကျိုးထျဲ့သည် ကျန်းပြောင်အား မထီမဲ့မြင်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ချီးတဲ့မှ သတ္တိကောင်းတာလား။ ဒီကောင်က ဦးနှောက်တစ်ကြော ပြတ်နေတာ။
ဝူထူသည် ကျိုးထျဲ့၏ မျက်နှာအမူအရာ ထူးခြားနေသည်ကို မြင်လိုက်ရပြီး သူ၏ ကျယ်ပြန့်သော ပခုံးနှင့် ကျောပြင်ကို ကြည့်ရသည်မှာ သိုင်းလေ့ကျင့်ထားသူတစ်ဦးနှင့် တူနေသောကြောင့် စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "အို ... ကျန်းပြောင်နဲ့အတူ လိုက်ပါလာတဲ့ ဒီသူရဲကောင်းကလည်း ကြည့်ရတာ သာမန်မဟုတ်တဲ့ပုံပဲ။ မင်းကရော ဘယ်သူလဲ။"
ကျိုးထျဲ့သည် ဖန်ကျန်းရီဘက်သို့ ကြည့်လိုက်ရာ သူက စကားပြောရန် ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါမှသာ ခပ်အေးအေးပင် ပြောလိုက်၏။ "ကျုပ်က ကျန်းပြောင်ရဲ့ဆရာ ကျိုးထျဲ့ပဲ။"
ဝူထူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "သြော် ... ဒါဆို မင်းမှာရော ဘယ်လို စစ်ပွဲအောင်မြင်မှုတွေ ရှိလဲ။ ကျန်းပြောင်ရဲ့ဆရာ ဖြစ်နေမှတော့ သိုင်းစွမ်းအားက သူ့ထက်တောင် သာလောက်မယ် ထင်တယ်။"
"အင်း ..." ကျိုးထျဲ့၏ မျက်နှာသည် နီမြန်းသွားခဲ့၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကဆိုလျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သော်လည်း ကျန်းပြောင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သန်မာလာပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း တဖြည်းဖြည်း ပို၍ ရူးကြောင်ကြောင် နိုင်လာသည်ကို မြင်နေရသောကြောင့် သီးသန့်လေ့ကျင့်မှုများ မပြုလုပ်ထားပါက အနိုင်ရနိုင်တော့မည် မဟုတ်ချေ။
စစ်ပွဲအောင်မြင်မှု ဆိုလျှင်မူ သေချာပေါက် ရှုံးနိမ့်ခဲ့သည့် ပွဲတစ်ပွဲသာ ရှိသည်။
နောက်ပိုင်း အနိုင်ရခဲ့သည့် နှစ်ပွဲမှာမူ နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသောကြောင့် ပြောပြရန် အဆင်မပြေလှချေ။
ခဏတာမျှ ကျိုးထျဲ့သည် နေရာတွင်ပင် တောင့်တင်းသွားပြီး မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲနေကာ စကားတစ်ခွန်းမျှပင် ထွက်ပေါ်မလာခဲ့ပေ။
ဝူထူသည် ကျိုးထျဲ့အား စိတ်ဝင်တစားဖြင့် ကြည့်ရှုကာ ရယ်မောလိုက်၏။
ဖန်ကျန်းရီသည် ရင်ထဲမှနေ၍ အရှက်ကွဲသည်ဟု ကြိတ်ဆဲလိုက်ပြီး အခြေအနေကို အလျင်အမြန် ကယ်တင်ရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး ... ကျိုးထျဲ့ရဲ့ သိုင်းစွမ်းအားက အရမ်းကို ထူးချွန်ပါတယ်။ သူက အသက်ဆယ့်သုံးနှစ်မှာတင် လူသတ်ဖူးတာပါ။"
"မှန်ပါတယ်။ ကျုပ် အသက်ဆယ့်သုံးနှစ်မှာ လူသတ်ဖူးတယ်။" ကျိုးထျဲ့သည် အလျင်အမြန် ထောက်ခံလိုက်ပြီး ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ကြီးမြတ်သည့် အရှိန်အဝါမျိုး မရှိလှသော်လည်း နားထောင်ကြည့်ရသည်မှာ အတော်လေး ကြမ်းကြုတ်သည့်ဟန် ပေါက်နေသေးသည်။ သခင်လေး၏ ဦးနှောက်အလုပ်လုပ်ပုံမှာ အမှန်တကယ်ပင် မြန်ဆန်လှပေသည်။
သို့ပေမည့် ဝူထူသည် သူ့အပေါ်တွင် စိတ်ဝင်စားမှု မရှိတော့ချေ။ အသက်ဆယ့်သုံးနှစ်တွင် လူသတ်ဖူးသည်လား။ အသက်ဆယ်နှစ်အရွယ် လူသတ်သမားများကိုပင် သူ အများအပြား မြင်တွေ့ခဲ့ဖူးရာ ကြည့်ရသည်မှာ ကြီးမားသည့် စွမ်းရည်မျိုး ရှိပုံမပေါ်ပေ။
သူ၏ အကြည့်များသည် ကျန်းပြောင်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြီး မေးလိုက်၏။ "ကျန်းပြောင် ... မင်း ဒီနေ့ ဒီနေရာမှာ ချီလျဲ့နဲ့ နောက်တစ်ပွဲ ထပ်ချရဲလား။"
ကျန်းပြောင် စကားမပြောရသေးမီ ခန်းမဆောင်အတွင်း၌ ဆူညံသံများ ထပ်မံထွက်ပေါ်လာပြန်သည်။
ချီလျဲ့သည် အရင်ဆုံး သည်းမခံနိုင်တော့ဘဲ ကျန်းပြောင်၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး သံမျှော်စင်ကြီးတစ်ခုကဲ့သို့ ကျန်းပြောင်ကို အသေအချာ ပိတ်ဆို့ထားကာ ကြမ်းကြုတ်စွာ ပြုံးလျက် ပြောလိုက်၏။ "ကျန်းပြောင် ... နောက်တစ်ခါ ထပ်တွေ့ပြန်ပြီ။ ဒီနေ့ မင်း ချချင်လည်း ချရမယ်၊ မချချင်လည်း ချရမယ်။"
ကျန်းပြောင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "မင်း တာ့ကျင်းတိုင်းပြည်ရဲ့ စကားကို ပြောတတ်တာလား။"
ချီလျဲ့သည် သွေးအိုင်ကဲ့သို့ ကြီးမားသော ပါးစပ်ကြီးကို ဟကာ ရယ်မောလျက် ပြောလိုက်၏။ "အကုန်လုံးက မင်းအတွက် ပြင်ဆင်ထားတာတွေချည်းပဲ။ မင်း အခု ငါ့ရှေ့မှာ ဒူးတောက်လိုက်။ မင်းရဲ့ ခွေးအသက် တစ်ချောင်းကို ငါ ချမ်းသာပီးမယ်။"
ချီးတဲ့မှ … ဘာကို ပီးတာလဲ။ ပေးတာဟ .. ပေးတာ။
ကျန်းပြောင်သည် သူ့ကို ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။ "ဒူးတောက်လိုက်တဲ့လား။ ငါ့သားလေး ပြောတာကတောင် မင်းထက် ပိုကောင်းနေသေးတယ်။"
"ချီးတဲ့မှ .. မင်းလို ခွေးကောင်က သေချင်နေတာပဲ။" ချီလျဲ့မှာ လှောင်ပြောင်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်းပင် ရူးသွပ်မတတ် ဒေါသထွက်သွားပြီး လက်ကိုမြှောက်ကာ ကျန်းပြောင်၏ မျက်နှာဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ကျန်းပြောင်သည် ကိုယ်ကို တစ်ချက်တိမ်းရှောင်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
ဖန်ကျန်းရီက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "အရှင်မင်းကြီး ... ကျန်းပြောင်က သဘောမတူရသေးဘဲ ချီလျဲ့က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ဘယ်လိုသတ်မှတ်မလဲ။"
ဝူထူသည် လက်ကိုမြှောက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ချီလျဲ့ ... ရိုင်းစိုင်းတဲ့ အပြုအမူတွေ မလုပ်နဲ့။ လာတဲ့သူတွေက ဧည့်သည်တွေပဲ။ ကျန်းပြောင် ... မင်း ချမှာလား မချဘူးလား။"
"ချမယ်။" ကျန်းပြောင်သည် စကားပြောပြီးနောက် ဖန်ကျန်းရီအား သေချာသည့် အကြည့်တစ်ချက် ပေးလိုက်၏။
ဖန်ကျန်းရီသည် ရင်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ချီးတဲ့မှ ဘာကိစ္စတွေလဲ။ အထက်ရော အောက်ပါ ရောဂါရှိနေကြတာပဲ။ ကျင်းတိုင်းပြည်ကို ရောက်ရောက်ချင်း ထမင်းတစ်နပ်လေးပဲ စားရသေးတယ်။ ရန်ဖြစ်ရတော့မယ် ...
ဝူထူက ပြောလိုက်၏။ "ကောင်းပြီ။ မင်း ဘယ်လို လက်နက်မျိုးကို အသုံးပြုမလဲ။ ကိုယ်တော် လူတွေကို ပြင်ဆင်ခိုင်းလိုက်မယ်။”
"မလိုပါဘူး။ ကျုပ်က သူ့ကို လက်ဗလာနဲ့ပဲ ချမယ်။"
ကျန်းပြောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ကို အပေါ်ဝတ်ရုံအတွင်းသို့ နှိုက်လိုက်ကာ အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး အတွင်းခံအင်္ကျီပါမကျန် အကုန်ချွတ်၍ ကျိုးထျဲ့ထံသို့ ကမ်းပေးလိုက်၏။
ကျိုးထျဲ့သည် အပေါ်ဝတ်ရုံကို ကိုင်ဆောင်ကာ ဖန်ကျန်းရီ၏ အနားသို့ လျှောက်သွားလိုက်၏။
ဖန်ကျန်းရီက တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။ "သူတို့နှစ်ယောက်မှာ ဘယ်သူနိုင်မယ်လို့ မင်း ထင်လဲ။"
"ကျန်းပြောင်ပဲ။"
"ဒီလောက်တောင် သေချာနေတာလား။"
ကျိုးထျဲ့သည် အပေါ်ဝတ်ရုံကို တစ်ချက်ခါလိုက်ပြီး တိုးညှင်းသောအသံဖြင့် ငိုရခက်ရယ်ရခက် ပြုံးကာ ပြောလိုက်၏။ "သခင်လေး သူ့ရဲ့ အိတ်ကပ်ကို ကြည့်စမ်းပါ။ ဂိုဒေါင်ငယ်လေး တစ်ခုလိုပဲ။ အသံ တချွင်ချွင်မြည်နေတဲ့ အရာတွေ အများကြီး ထပ်ထည့်ထားသေးတယ်။ အဲဒါတွေက ဘာလုပ်ဖို့သုံးတာလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျုပ်က သူ့အနားမှာ နေ့တိုင်း ရှိနေတာတောင် အကုန်လုံးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။"
"ဒါပေမဲ့ သူက အင်္ကျီချွတ်ထားတာလေ။ ပစ္စည်းကိရိယာတွေလည်း သုံးလို့ရမှာ မဟုတ်ဘူး မဟုတ်လား။"
"သခင်လေး ... ကျန်းပြောင်က ရန်ဖြစ်တဲ့နေရာမှာ ဉာဏ်များတယ်။ သူ ဘယ်တုန်းက ရိုးရိုးသားသား ချဖူးလို့လဲ ... ဒီကောင် ရန်ဖြစ်တာကို ပုံမှန်အသိဉာဏ်နဲ့ ခန့်မှန်းလို့မရဘူး။ တကယ်လို့ သူက ချီလျဲ့ကို ကျောက်စိမ်းပုလွေ မှုတ်တဲ့ သိုင်းကွက်တစ်ခုလောက်များ ထုတ်သုံးလိုက်ရင်တော့ တကယ့်ကို ကြည့်ကောင်းသွားမှာပဲ။"
ဖန်ကျန်းရီသည် နဖူးပေါ်မှ ချွေးစေးများကို တစ်ချက်သုတ်လိုက်မိ၏။
တကယ်လို့ ကျန်းပြောင်က ချီလျဲ့ရဲ့ ငှက်ကြီးကို တကယ် ကိုက်ဖြတ်ပစ်လိုက်မယ်ဆိုရင် အသက်ရှင်လျက် ပြန်သွားနိုင်ပါအုံးမလား။
ယခုအချိန်တွင် ကျန်းပြောင်နှင့် ချီလျဲ့တို့သည် ကိုယ်ဟန်အနေအထားများကို ပြင်ဆင်ပြီးသွားကြပြီဖြစ်သည်။
ချီလျဲ့၏ မျက်နှာတစ်ခုလုံးတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ပေါ်လွင်နေပြီး ဤတိုက်ပွဲကို သူ မျှော်လင့်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၏။
လူပေါင်းသောင်းချီ၏ ရှေ့မှောက်တွင် အရိုက်ခံရပြီး ရှုံးနိမ့်ခဲ့ကာ နားရွက်တစ်ဖက် အကိုက်ခံလိုက်ရသည်။ တစ်ဖက်လူက ယုတ်မာသော နည်းလမ်းများကို အသုံးပြုခဲ့သည် မှန်သော်လည်း မည်သူကမျှ ဖြစ်စဉ်ကို ဂရုမစိုက်ကြချေ။
ရလဒ်မှာ သူ ရှုံးနိမ့်ခဲ့ခြင်းပင်ဖြစ်ပြီး နိုင်ငံတွင်းသို့ ပြန်ရောက်သောအခါ လူအများ၏ လှောင်ပြောင်မှုကို နှစ်အတော်ကြာ ခံခဲ့ရရာ ယနေ့တွင်မူ အရင်တုန်းက အရှက်ကွဲခဲ့ရမှုများကို အဆုံးသတ်နိုင်တော့မည်ဖြစ်သည်။
ကျန်းပြောင်မှာမူ မူလအတိုင်း တည်ငြိမ်အေးချမ်းနေပြီး ဘာကိုမျှ ဂရုမစိုက်သည့် မျက်နှာအမူအရာ ရှိနေ၏။
ခန်းမဆောင်အတွင်းရှိ လူအများ၏ အကြည့်များထဲတွင် ကြီးမားလှသော မျှော်လင့်ချက်များ ဖြတ်ပြေးသွားကြသည်။
စတင်ရန် ပြင်ဆင်နေချိန်တွင် ကျန်းပြောင်သည် ရုတ်တရက် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး လက်မြှောက်ကာ ပြောလိုက်၏။ "အရှင်မင်းကြီး ... ကျုပ်ရဲ့ ပါးစပ်က အရသာမရှိသလို ဖြစ်နေလို့ သစ်သီးတစ်လုံးလောက် စားချင်ပါတယ်။"
ခန်းမဆောင်အတွင်းရှိ မူလက အလွန်တရာ တင်းမာနေခဲ့သော လေထုမှာ မျက်စိတစ်မှိတ်အတွင်း ပြိုကျ သွားတော့သည်။
ဝူထူသည် မူလက အလွန်တရာ မျှော်လင့်နေခဲ့သော်လည်း ဤကဲ့သို့ ရွံရှာဖွယ်ကောင်းအောင် လုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် သည်းမခံနိုင်တော့ဘဲ လက်ခါပြကာ ပြောလိုက်၏။ "မင်း စားချင်ရင်လည်း မြန်မြန်စားလိုက်။"
ချီလျဲ့သည် အံကြိတ်လိုက်ပြီး ကျန်းပြောင်ကို အသေအချာ စိုက်ကြည့်နေသည်။
ဒီခွေးကောင်က စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးကို သုံးနေတာပဲ။ ဒီလိုနည်းလမ်းမျိုးကို သုံးနေသေးတယ်ပေါ့။
"ကျန်းပြောင် ... ဒီနေ့ မင်း ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံး၊ ထုတ်သုံး အလကားပဲ။"
ကျန်းပြောင်သည် ချီလျဲ့ကို တိုက်ရိုက် လျစ်လျူရှုလိုက်ပြီး ဖန်ကျန်းရီ၏ စားပွဲရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ စားပွဲပေါ်ရှိ ပန်းသီးတစ်လုံးကို ကောက်ယူပြီး ပါးစပ်နားသို့တေ့၍ တစ်ကိုက်ကိုက်လိုက်ကာ ဖြည်းညင်းစွာ ပြန်ချထားလိုက်၏။
ထို့နောက် ခန်းမဆောင် အလယ်သို့ ပြန်လည်လျှောက်သွားပြီး ကိုယ်ဟန်အနေအထားကို တစ်ဖန် ပြန်လည ပြင်ဆင်လိုက်ကာ ပြောလိုက်သည်။ "စလိုက်ကြရအောင်။"
သူ၏ စကားသံ အဆုံးတွင် ချီလျဲ့၏ ခြေထောက်နှစ်ဖက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ဂျိန်းခနဲ အသံတစ်သံနှင့်အတူ မြေပြင်ပေါ်ရှိ ကော်ဇောနီကြီးမှာ စုတ်ပြဲသွားခဲ့၏။
လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ကျန်းပြောင်ရှိရာဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ရှေ့သို့ ရောက်ရှိလာပြီး လက်သီးတစ်ချက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာကာ ကျန်းပြောင်၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည်လာ၏။
ဤပြင်းထန်လှသော ပေါက်ကွဲစွမ်းအားကြီးမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
ပွဲစစချင်းမှာတင် ဤမျှလောက်အထိ အံ့မခန်းဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် နေရာတွင် ရှိနေသူ အားလုံးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
တာ့ကျင်း သံတမန်အဖွဲ့မှ လူများမှာမူ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဖန်ကျန်းရီ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားခဲ့၏။
ပြီးခဲ့သည့်အကြိမ် လေ့ကျင့်ရေးကွင်းထဲတွင် သူတို့နှစ်ဦး၏ တိုက်ပွဲကို ကြည့်ရှုခဲ့ရစဉ်က အကွာအဝေးမှာ အလွန် ဝေးကွာနေခဲ့သည်။
ဤတစ်ကြိမ် အနီးကပ် မြင်တွေ့လိုက်ရသောအခါမှသာ ချီလျဲ့၏ စွမ်းအားမှာ ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းနေကြောင်းကို သိရှိလိုက်ရ၏။ နန်းတော်အတွင်းရှိ ကော်ဇောမှာ သာမန်ပစ္စည်းမျိုး မဟုတ်သော်လည်း ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် စုတ်ပြဲသွားသည်ဆိုတော့ စွမ်းအားမှာ မည်မျှ ကြီးမားမည်ကို ခန့်မှန်းကြည့်၍ ရနိုင်၏။
အကယ်၍ ကိုယ်တိုင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဆိုလျှင် သေနတ်ရှိနေလျှင်တောင် ထုတ်ယူရန် အချိန်မီမည် မဟုတ်ချေ။
ကျိုးထျဲ့၏ မျက်နှာအမူအရာမှာလည်း အလွန်တရာ လေးနက်တည်ကြည်နေပြီး တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။ "သခင်လေး ... ချီလျဲ့ ပိုသန်မာလာတယ်။ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် ပိုပြီး သန်မာလာတာ။"
ဖန်ကျန်းရီသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးကို စိုးရိမ်တကြီးဖြင့် တစ်ဖန် ပြန်လည် အကဲခတ်နေမိ၏။
ကျန်းပြောင်ဘက်တွင်မူ ခါးကို လျင်မြန်စွာ လှည့်လိုက်ပြီး ကိုယ်ကိုစောင်းကာ ချီလျဲ့ ပစ်သွင်းလာသော လက်သီးတစ်ချက်ကို ရှောင်တိမ်းလိုက်သည်။
ဒူးကိုမြှောက်ကာ ချီလျဲ့၏ ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သော်လည်း တစ်ဖက်လူက အစောကြီးကတည်းက ပြင်ဆင်ထားပြီးဖြစ်ရာ အခြားလက်တစ်ဖက်ဖြင့် လျင်မြန်စွာ ကာကွယ်လိုက်ပြီး နောက်သို့ အလျင်အမြန် ခုန်ဆုတ်ကာ အကွာအဝေးကို တစ်ဖန် ပြန်လည်ဆုတ်ခွာသွား၏။
ချီလျဲ့သည် ရယ်မောလိုက်သည်။ "ကောင်းတယ်။ အခု မင်းရဲ့ ခွန်အားက ငါ့အောက်မှာ မရှိတော့ဘူးပဲ။ ကြည့်ရတာ နည်းနည်း တိုးတက်လာပုံရတယ်။ ဒီနေ့တော့ အားရပါးရ ချလို့ရပြီ။"
ကျန်းပြောင်သည် စကားတစ်ခွန်းမျှ မပြောဘဲ ချီလျဲ့ဆီသို့ ခေါင်းငုံ့ကာ ပြေးဝင်သွားပြီး အနီးသို့ရောက်သောအခါ တစ်ဖက်လူ၏ ပေါင်ကြားဆီသို့ ပြင်းထန်စွာ ကန်ကျောက်လိုက်၏။
ချီလျဲ့သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာကာ ရှောင်တိမ်းလိုက်သည်။
ဒီနေ့ သူ အကာအကွယ် မဝတ်ဆင်ထားခဲ့ပေ။ အကယ်၍ ဤခြေတစ်ချက်သာ အမှန်တကယ် အကန်ခံလိုက်ရပါက နေရာမှာတင် အသက်ပျောက်သွားနိုင်ပေသည်။
အပိုင်း (၇၆၅) တူညီတဲ့သိုင်းကွက်တစ်ခုတည်းကို ငါ့အပေါ် နှစ်ခါသုံးလို့ရမယ် ထင်နေလား။
တစ်ချက်တည်းဖြင့် အောင်မြင်မှု မရရှိခဲ့သောကြောင့် ကျန်းပြောင်သည် အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး သူ၏တုတ်ခိုင်သော ခြေထောက်နှစ်ဖက်သည် အလွန်တရာ လျင်မြန်ဖြတ်လတ်စွာဖြင့် မုန်တိုင်းကျသကဲ့သို့ ချီလျဲ့ဆီသို့ ကန်ကျောက်နေ၏။
ချက်ချင်းဆိုသလိုပင် ချီလျဲ့မှာ အနည်းငယ် ခြေရှုပ်လက်ရှုပ် ဖြစ်သွားကာ ဖမ်းဆုပ်ချင်သော်လည်း ဖမ်းဆုပ်၍မရဘဲ တဖြည်းဖြည်း အရေးနိမ့်လာသည့် အနေအထားသို့ ရောက်ရှိလာသည်။
ကျင်းတိုင်းပြည်မှ အမတ်များနှင့် မှူးမတ်များမှာလည်း မနေနိုင်မထိုင်နိုင် စိုးရိမ်လာကြပြီး တစီစီတရီရီဖြင့် တစ်စုံတစ်ရာကို စတင်အော်ဟစ်နေကြပြန်၏။
အာလီပိုင်မှာမူ အလွန်တရာ စိတ်လှုပ်ရှားနေသည်။
ဆရာကျန်းပြောင်က တကယ်ကို အံ့မခန်းပဲ။ နိုင်ငံထဲမှာတော့ ချီလျဲ့က ယုတ်မာတဲ့ နည်းလမ်းတွေကြောင့် ဒဏ်ရာရခဲ့တာလို့ ကောလာဟလတွေ ထွက်နေပေမဲ့ ကြည့်ရတာ လုံးဝ အဲဒီလို မဟုတ်ဘူးပဲ။
ဒီလို မျက်နှာချင်းဆိုင် တိုက်ခိုက်တာတောင် အသာစီးရနေတာပဲ။
ငါ့ရဲ့ သိုင်းစွမ်းအားက အခုချိန်မှာ ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ မသိတော့ဘူး ...။
ကျိုးထျဲ့သည် တီးတိုးရေရွတ်လိုက်၏။ "အံ့မခန်းပဲ။ ဒီကောင့်ရဲ့ ခြေသိုင်းက ဒီလောက်အထိ ကောင်းအောင် လေ့ကျင့်ထားတာပဲ။"
"ဟေ့ ... သူ့ဖိနပ်ထဲမှာ လျှို့ဝှက်ယန္တရားများပါနေမလား။" ဖန်ကျန်းရီသည် ရုတ်တရက် တွေးမိသွားကာ မေးလိုက်သည်။
ကျိုးထျဲ့သည် ခေတ္တမျှ ပြန်လည်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ပါလောက်ပါတယ်။ မိုရှောင်ဟူ ပြောတာ ကြားဖူးတယ်။ ကျန်းပြောင်က သံဖိနပ်တစ်ရန်ကို အထူးမှာယူထားပြီး ဖိနပ်ဖနောင့်ထဲမှာ လျှို့ဝှက်ယန္တရား၊ ယမ်းမှုန့်နဲ့ အဆိပ်မှုန့်တွေ ဝှက်ထားတယ်။ ကြိုးဆွဲပြီး အသုံးပြုရတယ်တဲ့။ အောင်မြင်အောင် လုပ်နိုင်ခဲ့သလား၊ မလုပ်နိုင်ခဲ့ဘူးလား ဆိုတာတော့ မသိဘူး ... "
"ဒါဆိုရင်တော့ မပါလောက်ဘူး။"
ဖန်ကျန်းရီက ခေါင်းခါကာ ငြင်းဆိုလိုက်သည်။
ကျန်းပြောင်ရဲ့ ဦးနှောက်က တိုက်ခိုက်ရေး အရည်အချင်းဘက်မှာပဲ အကုန်အာရုံစိုက်ထားတာမို့ ဒီလိုမျိုး အန္တရာယ်များတဲ့ လျှို့ဝှက်လက်နက်တွေကိုတောင် သုတေသန လုပ်နေသေးတာပဲ။ ဒါပေမဲ့ သူ စီးထားတာက ပုံမှန်ဖိနပ်ပဲ ဖြစ်ရမယ်။
မထွက်ခွာမီကတည်းက သေနတ်၊ ယမ်းမှုန့်များနှင့် ပတ်သက်သည့် အရာအားလုံးကို ယူဆောင်ခွင့်မပြုကြောင်း သူ အသေအချာ မှာကြားထားခဲ့ပြီးဖြစ်၏။
ထိုအရာများသည် နိုင်ငံတော်၏ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး စစ်မြေပြင်တွင် အမှန်တကယ် အသုံးမပြုရသေးမီ ကျင်းတိုင်းပြည်သို့ ပေါက်ကြားသွားစေရန် မဖြစ်နိုင်ပေ။
ကျန်းပြောင်၏ အဆက်မပြတ် ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် အရှိန်အဟုန်မှာ စတင်ကျဆင်းလာပြီး နောက်ဆုံးခြေတစ်ချက်ကို ချီလျဲ့က လက်သီးဖြင့် အောင်မြင်စွာ ကာကွယ်လိုက်နိုင်၏။
ချီလျဲ့သည် ဟန်ချက်ကို အသေအချာ ချိန်ညှိပြီးသွားပြီဖြစ်ရာ ကြမ်းကြုတ်စွာ ပြုံးလျက် မေးလိုက်သည်။ "ချလို့ ပြီးပြီလား။"
စကားပြောရင်း ခံစစ်မှနေ၍ တိုက်စစ်အဖြစ် ပြောင်းလဲကာ ရှေ့သို့တိုး၍ တိုက်ခိုက်ရန် ပြင်လိုက်၏။
ကျန်းပြောင်သည် အလျင်အမြန် နောက်သို့ဆုတ်ခွာသွားပြီး ချီလျဲ့နှင့် ခြေငါးလှမ်းခန့် အကွာအဝေးသို့ ရောက်သောအခါ ကိုယ်တစ်ပိုင်းကို နှိမ့်ချကာ မြင်းစီးဟန် ယူလိုက်သည်။
မျက်လုံးနှစ်ဖက်ဖြင့် ချီလျဲ့ကို တိုက်ရိုက်စိုက်ကြည့်ကာ လက်နှစ်ဖက်မှ အမျိုးမျိုးသော လက်ဟန်သင်္ကေတများကို အဆက်မပြတ် ပြောင်းလဲနေပြီး အရှိန်အဟုန်မှာ ခါခါရှီနှင့်ပင် ယှဉ်နိုင်လုမတတ် ဖြစ်နေ၏။
ဤထူးဆန်းလှသော မြင်ကွင်းကို ကြည့်ရှုရင်း တစ်ခန်းလုံးရှိ လူများအားလုံး ကြောင်အမ်းသွားကြပြီး မနေနိုင်မထိုင်နိုင် အချင်းချင်း မေးမြန်းလာကြတော့သည်။
ဝူထူသည် အောက်ဘက်ရှိ ဖါးပါးကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။ "သူ ဘာလုပ်နေတာလဲ။"
ဖါးပါးသည် ပြောင်ရှင်းနေသော ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပြောလိုက်သည်။ "ဒါက ... ကျုပ် အမြင်မမှားဘူးဆိုရင် လက်ဟန်သင်္ကေတတွေ လုပ်နေတာ ဖြစ်ရမယ်။ ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲဆိုတာတော့ မသိဘူး။ အံ့သြစရာကောင်းတဲ့ သိုင်းပညာ တစ်ခုခုများလား။"
ချီလျဲ့သည် ရှေ့သို့ တိုးလာခဲ့ပြီးဖြစ်သော်လည်း ကျန်းပြောင်၏ ဤလှုပ်ရှားမှုများကြောင့် ချက်ချင်းဆိုသလို ရင်ထဲတွင် သတိပေးချက်တစ်ခု ပေါ်ထွက်လာသဖြင့် ခြေနှစ်လှမ်းခန့် အကွာအဝေးတွင် ခဲယဉ်းစွာ ရပ်တန့်လိုက်ရ၏။
သတိထားနေသည့် အကြည့်များဖြင့် မေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။"
"ငါ အသက်ရှူနေတာ။"
ကျန်းပြောင်က စကားသံ အဆုံးတွင် နောက်ထပ် ခြေတစ်ချက် ပြင်းထန်စွာ ကန်ကျောက်လာပြန်၏။
ဘန်းခနဲ အသံတစ်သံနှင့်အတူ ချီလျဲ့၏ ဝမ်းဗိုက်ဆီသို့ အသေအချာ ထိမှန်သွားခဲ့သည်။
"ချီးတဲ့မှ … မင်းလို ယုတ်မာတဲ့ကောင်။" ချီလျဲ့မှာ ဤခြေတစ်ချက် အကန်ခံလိုက်ရသဖြင့် အသက်ရှူပင် မှားသွားလုမတတ် ဖြစ်သွားခဲ့၏။
ကံကောင်းထောက်မစွာဖြင့် အသက်အန္တရာယ်ရှိသော ဒဏ်ရာမျိုး မရရှိခဲ့သောကြောင့် သူတို့နှစ်ဦးသည် ဆက်လက်၍ ရှုပ်ယှက်ခတ်အောင် တိုက်ခိုက်နေကြပြန်သည်။
အာလီပိုင်၏ မျက်လုံးများ အရောင်လက်သွား၏။
ဗျူဟာကောင်းပဲ။ ဆရာကျန်းပြောင်က ငါ့ကို မသင်ပေးဘဲ ဝှက်ထားတဲ့ သိုင်းကွက်တစ်ခု ရှိနေသေးတာကိုး။ နောက်ရက် အစ်ကိုကြီးနဲ့ ချတဲ့အခါ သုံးလို့ရပြီ။
ခန်းမဆောင်အတွင်း သူတို့နှစ်ဦးသည် လက်သီးနှင့် ခြေထောက်များ အပြန်အလှန် ပစ်လွှတ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။
ကျန်းပြောင်နှင့် ချီလျဲ့တို့ နှစ်ဦးစလုံးသည် အစစ်အမှန် ခွန်အားသုံး တိုက်ခိုက်သူများ ဖြစ်ကြရာ အနီးကပ် တိုက်ပွဲ စတင်သည်နှင့် မည်သည့် နည်းစနစ်များကိုမျှ သိပ်ဂရုမစိုက်ကြတော့ချေ။
လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်တိုင်းတွင် ကြီးမားလှသော ခွန်အားများ ပါဝင်နေပြီး အထူးသဖြင့် ချီလျဲ့သည် လက်အင်္ကျီအကျယ်ကို ဝတ်ဆင်ထားသောကြောင့် လေကိုခွဲထွက်သွားသည့် အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ကြားရသူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ကျန်းပြောင်ဘက်တွင်မူ အခြေအနေ သိပ်မဟန်တော့ချေ။ တစ်ဖက်လူ၏ လက်တံမှာ အလွန် ရှည်လျားသောကြောင့် သူက အလွန်နီးကပ်စွာ ကပ်နိုင်မှသာ ချီလျဲ့ကို ထိရောက်စွာ တိုက်ခိုက်နိုင်ပေမည်။
ခြေသိုင်းက အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သော်လည်း ခွန်အားများ ယုတ်လျော့လာသည်နှင့်အမျှ အားနည်းချက်များ အလွယ်တကူ ထွက်ပေါ်လာနိုင်သည်။
သူတို့နှစ်ဦး အဆက်မပြတ် တိုက်ခိုက်နေရင်းမှ ကျန်းပြောင်သည် စတင်၍ အရေးနိမ့်လာ၏။
လက်သီးနှင့် ခြေထောက်များ သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး ဘန်း ဘန်း ဘန်း ဟူသော အသံများ ထွက်ပေါ်လာသည်။
အသက်အန္တရာယ်ရှိသော နေရာများကို အစွမ်းကုန် ကာကွယ်ထားနိုင်သော်လည်း ကျန်ရှိသော အစိတ်အပိုင်းများတွင် ပြင်းထန်သော တိုက်ခိုက်မှု တစ်ချက်ခံရတိုင်း နီရဲနေသော ဒဏ်ရာတစ်ကွက် ကျန်ရစ်နေခဲ့၏။
ခန်းမဆောင်အတွင်းရှိ လေထုမှာလည်း တဖြည်းဖြည်း ပူပြင်းလာသည်။
ဝမ်းသာအားရ အော်ဟစ်သံများ၊ အားပေးသံများ၊ ဆွေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
"ဒီကျန်းပြောင်က မဆိုးလှပေမဲ့ ချီလျဲ့နဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားနေသေးတယ်။"
"ရလဒ်ကတော့ အဖြေပေါ်နေပါပြီ။ ကြည့်ရတာ ပြီးခဲ့တဲ့အကြိမ်က ချီလျဲ့ ပေါ့ဆသွားလို့ပဲ ဖြစ်ရမယ်။"
ဖန်ကျန်းရီ၏ နားထဲတွင် ဆူညံသံများကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာသည့်အပြင် ကျန်းပြောင်က သိသိသာသာ အရေးနိမ့်နေသောကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားကာ ကျိုးထျဲ့အား တီးတိုး မေးလိုက်၏။ "ကျန်းပြောင် နိုင်နိုင်သေးရဲ့လား။"
ကျိုးထျဲ့သည် တိုက်ပွဲကို အာရုံစူးစိုက်၍ ကြည့်ရှုနေရင်းမှ ပြောလိုက်သည်။ "အင်း ... ပြောရခက်တယ်။ ချီလျဲ့ရဲ့ အသာစီးရမှုက အရမ်းကြီးမားနေတယ်။ ဒီလောက် အရပ်အမောင်းမျိုးဆိုတော့ ကျန်းပြောင်အတွက် အရမ်းနစ်နာတယ်။
ဒါပေမဲ့ ကျန်းပြောင်ရဲ့ တိုက်ခိုက်ပုံက နည်းနည်း ထူးဆန်းနေတယ်။ သူ့ရဲ့ ပုံမှန်အသွင်အပြင်မျိုး မဟုတ်ဘူး။ သခင်လေး မလောပါနဲ့... ဆက်ကြည့်ကြတာပေါ့။"
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်လိုက်၏။
အမှန်တကယ်ပင် ... အနည်းငယ် ပွင့်လင်းလွတ်လပ်လွန်းနေသည်။ ဤကဲ့သို့ အသားကုန် တိုက်ခိုက်နေခြင်းမှာ ကျန်းပြောင်၏ ပုံစံမျိုး လုံးဝမဟုတ်ချေ။
သေချာပေါက် သေစေနိုင်တဲ့ သိုင်းကွက်တစ်ခုကို ဝှက်ထားသေးတာများလား။
ကွင်းထဲတွင် သူတို့နှစ်ဦး ရှုပ်ယှက်ခတ်အောင် တိုက်ခိုက်နေဆဲဖြစ်ပြီး ရုတ်တရက် ချီလျဲ့သည် လှည့်စားသည့် လှုပ်ရှားမှုတစ်ခုဖြင့် ကျန်းပြောင်ကို ကျော်ဖြတ်သွားကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ကျန်းပြောင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ပစ်သွင်းလိုက်၏။
ကျန်းပြောင်သည် အလျင်အမြန် ကိုယ်ကိုလှိမ့်ကာ အကွာအဝေးကို ဆုတ်ခွာလိုက်ပြီး ခဏတာမျှ ခေါင်းမူးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဦးခေါင်းကို တစ်ချက်ခါလိုက်ပြီး ဖွတ်ခနဲ အသံတစ်သံနှင့်အတူ အဖြူရောင် အရာဝတ္ထု သေးသေးလေးတစ်ခုကို ထွေးထုတ်လိုက်၏။
ချီလျဲ့သည် အလျင်စလို လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ဘဲ လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "အခု ငါ့ရှေ့မှာ ဒူးတောက်လိုက်။ မင်းရဲ့ အသက်တစ်ချောင်းကို ငါ ချမ်းသာပီးမယ်။"
ကျန်းပြောင်သည် ဦးခေါင်းကို နောက်တစ်ကြိမ် ထပ်မံလှုပ်ခါလိုက်ပြီး ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် မြေပြင်ပေါ်ရှိ သွားကို ကောက်ယူကာ ဘောင်းဘီအိတ်ကပ်ထဲသို့ အလွယ်တကူ ထည့်လိုက်၏။
ခေါင်းကို တစ်ဖန်ပြန်လည်မော့လိုက်သောအခါ မျက်လုံးနှစ်ဖက်စလုံးတွင် သွေးကြောများ ယှက်သန်းနေပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ "မင်းက ငါ့သွားကို ကျွတ်ထွက်သွားအောင် လုပ်လိုက်တာပဲ။ ချီးတဲ့မှ ငါ မင်းကို သတ်ပစ်မယ်။"
ကျန်းပြောင်၏ စကားကို ကြားသောအခါ ကွင်းပြင်ပရှိ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြပြီး တာ့ကျင်း သံတမန်အဖွဲ့မှ လူများမှလွဲ၍ ကျန်လူအားလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ အပြည့်အဝ ပေါ်လွင်နေ၏။
သေချာသွားပြီ။ ဒီလက်သီးတစ်ချက်က လုံလောက်အောင် ပြင်းထန်ခဲ့တယ်။ နှမြောစရာကောင်းတာက တစ်ချက်တည်းနဲ့ လဲကျသွားအောင် မလုပ်နိုင်ခဲ့တာပဲ။
"သွား ... သွားပဲ။ ကျန်းပြောင်ရဲ့ သွား ကျွတ်ထွက်သွားပြီ။"
"ဟားဟားဟား ... ချတာ ကောင်းတယ်။"
"သူ ထိတ်လန့်သွားပြီ။ သူ စိုးရိမ်နေပြီ။"
ကျန်းပြောင်၏ စကားသံ အဆုံးတွင် တစ်ကိုယ်လုံးရှိ ပခုံးအားကို အသုံးပြု၍ လက်သီးဖြင့် ချီလျဲ့ဆီသို့ ပြေးဝင် တိုက်ခိုက်လိုက်သည်။
ချီလျဲ့သည် အသေအချာ ပြင်ဆင်ထားပြီး လက်မောင်းနှစ်ဖက်ကို ဖြန့်ကားထားလိုက်သည်။
ဘန်းခနဲ ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ကျန်းပြောင်ကို အသေအချာ ဖက်ထားလိုက်သည်။ လက်နှစ်ဖက်ကိုလည်း တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်ကာ တစ်ကိုယ်လုံးကို လေထဲသို့ မြှောက်တင်လိုက်၏။
ထို့နောက် ချီလျဲ့က အော်ဟစ်လိုက်သည်။ "ကျန်းပြောင် ... မင်း ရှုံးသွားပြီ။"
ကျန်းပြောင်၏ ပါးစပ်ထောင့်တွင် သတိပြုမိရန် ခက်ခဲသော အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ခြေသလုံးကို အားပြု၍ ချီလျဲ့၏ ပေါင်ကြားဆီသို့ ချိတ်တွယ်လိုက်၏။
"ချီးတဲ့မှ။" ချီလျဲ့မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ဤဟန်ချက်ပျက်သွားသည့် အချိန်လေးကို အခွင့်ကောင်းယူ၍ ကျန်းပြောင်သည် ဒန်ထျန်းမှ စွမ်းအင်များကို စုစည်းလိုက်၏။
"ဟတ် ... ထွီ။"
စေးကပ်နေသော အညိုရောင် သလိပ်ဟောင်းကြီး တစ်ခုသည် ချီလျဲ့၏ အာသီးဆီသို့ တိုက်ရိုက် လွင့်စင်သွားပြီး ပစ်မှတ်ကို အသေအချာ ထိမှန်သွားတော့သည်။
"ချီးတဲ့မှ။ ကျန်းပြောင် ... မင်း တကယ့်ကို ယုတ်မာလွန်းတယ်။"
"အောက်တန်းကျတယ်၊ ယုတ်မာတယ်၊ ရွံစရာကောင်းတယ်။"
ကျင်းတိုင်းပြည်မှ ပွဲကြည့်ပရိသတ်များအားလုံး ဆဲရေးတိုင်းထွာနေကြပြီး ဝူထူပင်လျှင် မနေနိုင်မထိုင်နိုင် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားကာ ဒေါသတကြီးဖြင့် စိုက်ကြည့်နေတော့၏။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချီလျဲ့၏ မျက်နှာအမူအရာတွင် ကြမ်းကြုတ်မှုတစ်ခု ထပ်တိုးလာပြီး ချောင်းဆိုးချင်သည့် ဆန္ဒကို အတင်းအကျပ် ဖိနှိပ်ကာ ဂလုခနဲ အသံတစ်သံနှင့်အတူ သလိပ်ကို မျိုချလိုက်၏။
ထို့နောက် တစ်ကိုယ်လုံးရှိ ခွန်အားများကို အကုန်အသုံးပြု၍ ကျန်းပြောင်အား မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။
ခွန်အားကြီးမားလွန်းသဖြင့် ဖန်ကျန်းရီပင်လျှင် မြေပြင် တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
ကျန်းပြောင်မှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားပြီး ချီလျဲ့က သူ့ကို လက်ညှိုးထိုးကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။ "တူညီတဲ့သိုင်းကွက်တစ်ခုတည်းကို ငါ့အပေါ် နှစ်ခါသုံးလို့ရမယ် ထင်နေလား … လူမိုက်။"
တိတ်ဆိတ်သွားခြင်း ... တစ်ခန်းလုံး မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
အားပေးနေသူများလည်း မအားပေးတော့သလို ဆဲဆိုနေသူများလည်း မဆဲဆိုတော့ဘဲ လူတိုင်းက ချီလျဲ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေကြတော့သည်။
ဝူထူနှင့် ဖါးပါးတို့၏ မျက်နှာအိုကြီးများမှာ နီရဲနေပြီး ... တစ်သက်လုံး ရှာဖွေထားခဲ့သည့် မျက်နှာသည် ဤအချိန်လေးအတွင်းမှာပင် လုံးဝ ပျက်စီးသွားပြီဟု ခံစားလိုက်ရ၏။
ကျန်းပြောင် ရန်ဖြစ်ရင်း သလိပ်ထွေးတာက လုံလောက်အောင် ရွံစရာကောင်းနေပြီ။ မင်းက ဘာကိစ္စ အဲ သလိပ်တွေကို မြိုချရတာလဲ။
မင်းက ကျင်းတိုင်းပြည်ကို ကိုယ်စားပြုနေတာလေ။