အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) ချင်းလုံဂိုဏ်းခေါင်းဆောင်
"ကျွန်တော် အိမ်ပြန်ရောက်ပြီ…တံခါးဖွင့်ထားတယ်၊ ဝင်လာခဲ့ကြ..."
လီလန်သည် ခြံဝင်းထဲသို့ လှမ်းအော်လိုက်သည်။
ထို့နောက် သူသည် လှေကားထစ်များမှ ဆင်းကာ ကျန်းဝေမင်နှင့်အတူ သူတို့ကို သွားရောက်ကြိုဆိုလေသည်။
"ကျေးဇူးရှင်… နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ ကျွန်တော် ရောက်လာတာပါ..."
ခြံဝင်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျိုးတာ့ဖူသည် သူ၏စက်ဘီးကို ရပ်ကာ စက်ဘီးလက်ကိုင်တွင် ချိတ်ဆွဲထားသော ဝက်သား၊ ငါးကြင်းနှင့် ကြက်ဥများကို ဖြုတ်ယူလိုက်သည်။
စက်ဘီးနောက်ခုံတွင် ဖူချန်မုန့်ညက် ဆယ်ကျင်းခန့်ကို ချည်နှောင်ထားလေသည်။
စားနပ်ရိက္ခာရုံ၏ မန်နေဂျာဖြစ်သော ကျိုးတာ့ဖူသည် အငတ်ဘေးကာလအတွင်း သာမန်ပြည်သူများအတွက် မုန့်ညက်နှင့် ဝက်သားတို့၏ အရေးပါမှုကို မည်သူ့ထက်မဆို ပို၍ နားလည်ထားသူ ဖြစ်သည်။
မုန့်ညက်ဆိုသည်မှာ အသက်ကို ကယ်တင်နိုင်သည့် အရာပင်ဖြစ်ပေသည်။
ထို့ကြောင့် နှစ်သစ်ကူးကာလ ဆွေမျိုးမိတ်ဆွေများထံ အလည်သွားသည့်အခါ စီးကရက်နှင့် အရက်များအစား ဆန်နှင့် မုန့်ညက်ကို လက်ဆောင်ပေးခြင်းက ပို၍ကောင်းမွန်ပြီး အကြီးမားဆုံးသော ရိုးသားဖြူစင်မှုကို ပြသရာရောက်ပေသည်။
စီးကရက်နှင့် အရက်ဆိုသည်မှာ အပေါ်ယံ အလှဆင်ခြင်းမျှသာဖြစ်ပြီး မပါလျှင်လည်း ရပေသည်။
ဆန်၊ ဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့်တို့မှာ အသုံးအဝင်ဆုံးနှင့် အချိန်ကိုက်အဖြစ်ဆုံး နှစ်သစ်ကူး လက်ဆောင်များပင် ဖြစ်တော့သည်။
"ကျေးဇူးရှင် ဒါက နှစ်သစ်ကူးမှာ သုံးဖို့ ဝက်သား၊ ငါး၊ ကြက်ဥနဲ့ ဖူချန်မုန့်ညက် ငါးကျင်းပါ၊ ကျွန်တော့်ရဲ့ ကျေးဇူးဆပ်ချင်တဲ့ စေတနာ အနည်းအကျဉ်းပါပဲ..."
ကျိုးတာ့ဖူသည် သူ၏လက်ထဲရှိ ပစ္စည်းများကို ကမ်းပေးလိုက်သည်။
"ခင်ဗျား ဒီလောက် ဝေးတဲ့နေရာက လာတာကို ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ..."
လီလန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကျွန်တော့် မိဘတွေက တရုတ်နှစ်သစ်ကူးမှာ ခင်ဗျားအိမ်ကို လာပြီး ဂါရဝပြုရမယ်လို့ သေချာမှာထားခဲ့တာပါ၊ ပြီးတော့ လက်ဆောင်တွေလည်း ယူလာရမယ်တဲ့လေ..."
"အဲ့လိုမှမဟုတ်ရင် ကျွန်တော့်ကလေးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ရဲ့ ကျေးဇူးတရားကြီးကို ဘယ်လိုလုပ် ဆပ်နိုင်ပါ့မလဲ..."
ကျိုးတာ့ဖူက ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင်လည်း ကျွန်တော် လက်ခံလိုက်ပါ့မယ်..."
လီလန်သည် ခေါင်းညိတ်၍ နှစ်သစ်ကူး လက်ဆောင်များကို ယူလိုက်သည်။
"ဒါက..."
လီလန်သည် ကျန်းဝေမင်နှင့်အတူ ခြံဝင်းထဲတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။
ထိုလူလတ်ပိုင်းမှာ အရပ်မရှည်သော်လည်း အတော်လေး တောင့်တင်းခိုင်မာပြီး ကြမ်းတမ်းသော အသွင်အပြင်ရှိသည်။ သူ၏ လက်ဖမိုးတွင် လက်မောင်းအထိ ဆန့်တန်းနေသော တက်တူးတစ်ခုရှိ၏။ ထိုတက်တူးမှာ နဂါးခေါင်းတစ်ခုဖြစ်ပြီး ချင်းလုံနဂါးစိမ်းတစ်ကောင်နှင့် တူလေသည်။
အပြာရောင်နဂါးတက်တူးနှင့် ကြံ့ခိုင်သော လူမိုက်တစ်ဦးပင် ဖြစ်သည်။
တက်တူးနှင့်လူ၏ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု အမြဲရှိနေသည်။ လီလန် လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူက အမြန် လက်ယပ်ခေါ်လိုက်သည်။
သူ၏နောက်တွင် ရှုံ့ထျဲ့နှင့် နောက်လိုက်တစ်ဦးမှာ လက်ဆောင်များကို ကိုင်ဆောင်လျက် ကမန်းကတမ်းနှင့် ကြောက်ရွံ့စွာ ရှေ့သို့ ထွက်လာပြီး ခါးညွှတ်ကာ လီလန်၏ ခြေရင်းတွင် ချထားလိုက်ကြသည်။
ရှုံ့ထျဲ့သည် လီလန်ကို မြင်သောအခါ အရိုအသေပေးကာ အရှက်တကွဲ ပြုံးပြနေပြီး စကားတစ်ခွန်းမျှပင် မဟဝံ့ပေ။
လက်ဆောင်များကို ချထားပြီးနောက် သူတို့နှစ်ဦးသည် အပြာရောင်နဂါးတက်တူးနှင့် လူ့ထံသို့ ချက်ချင်းပင် ပြန်ဆုတ်သွားကြသည်။
ရှုံ့ထျဲ့နှင့် သူ၏အဖော်မှာ ထိုတက်တူးနှင့်လူကို အတော်လေး ကြောက်ရွံ့နေပုံရသည်။
"ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်လား..."
လီလန်သည် ပိုင်ရှန်းမြို့နယ်အပြင်ဘက်တွင် ရှိနေစဉ်က ကျိုးတာ့ဖူ ပြောပြခဲ့ဖူးသော အကြောင်းအရာအချို့ကို ပြန်လည်အမှတ်ရသွားသည်။
ရှုံ့ထျဲ့နှင့် သူ၏ ဒေသခံလူမိုက်ဂိုဏ်းမှာ ချင်းလုံဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ချင်းလုံဂိုဏ်းဆိုသည်မှာ ပိုင်ရှန်းမြို့နယ် အနီးရှိ မြို့နယ်အတော်များများတွင် လှုပ်ရှားနေသော အဖွဲ့ဝင်ရာဂဏန်းခန့်ရှိသည့် တန်ခိုးထွားလှသော ဒေသခံ ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။
တာဝန်ခံဂိုဏ်းခေါင်းဆောင်၏ အမည်မှာ ကျန်းချင်းလုံဟုခေါ်သည်။ သူသည် အတော်လေး ထူးခြားသူတစ်ဦး ဖြစ်၏။ သူ၏ ငယ်ဘဝအစောပိုင်းတွင် တောင်ပေါ်ရှိ ဓားပြတစ်ဦးဖြစ်ခဲ့သည်ဟု ဆိုကြသည်။
ဂျပန်များက အရှေ့ပိုင်းပြည်နယ်သုံးခုကို ကျူးကျော်ဝင်ရောက်လာသောအခါ သူသည် ဓားပြခေါင်းဆောင်နောက်သို့ လိုက်ကာ အရှေ့မြောက်ပိုင်း ဂျပန်ဆန့်ကျင်ရေး တပ်ပေါင်းစုသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဆယ်ကျော်သက်အရွယ်ကတည်းက သေနတ်ကိုင်ကာ ဂျပန်များကို တိုက်ခိုက်ခဲ့သူဖြစ်သည်။ သူသည် ဂျပန်စစ်သားတစ်ဦးကို သူ၏ လက်ဗလာဖြင့်ပင် သတ်ဖြတ်ခဲ့ပြီး ဂျပန်စစ်သား၏ လည်ပင်းကို ကိုက်ဖြတ်ကာ လွှတ်မပေးခဲ့ပေ။ သူသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ပေသည်။
လီလန်သည် ကျန်းချင်းလုံ၏ ညာဘက်နားရွက်ကို ကြည့်လိုက်ရာ ကျည်ဆန်မှန်ထားသကဲ့သို့ တစ်ဝက်ခန့် ပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သည်။
"သူ တကယ်ပဲကိုး..."
လီလန်သည် အံ့သြစွာဖြင့် ရေရွတ်လိုက်သည်။
ကောလာဟလများအရ ချင်းလုံဂိုဏ်းခေါင်းဆောင် ကျန်းချင်းလုံတွင် နားရွက် တစ်ဖက်ခွဲသာရှိပြီး ကျန်တစ်ဝက်မှာ ဂျပန်များ၏ အမျိုးအစား ၃၈ ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသဖြင့် ပြတ်ထွက်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။
"အဖွဲ့ခေါင်းဆောင်လီ ငါက ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင် ကျန်းချင်းလုံပါ၊ ဒီလက်ဆောင်တွေက ငါ့ရဲ့ ကျေးဇူးဆပ်ချင်တဲ့ စေတနာအနည်းအကျဉ်းလေးမို့ ကျေးဇူးပြုပြီး လက်ခံပေးပါ..."
ကျန်းချင်းလုံက ပြုံးလျက် အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ကျန်းရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ..."
လီလန်သည် သူ၏လက်များကို ယှက်ကာ အရိုအသေပေးလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ကျန်းက ဆယ်ကျော်သက်အရွယ်မှာ ဂျပန်ကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ အရှေ့မြောက်ပိုင်း ဂျပန်ဆန့်ကျင်ရေး တပ်ပေါင်းစုကို ဝင်ရောက်ခဲ့တယ်၊ သူက အရှေ့ပိုင်းပြည်နယ်သုံးခုကို ကာကွယ်ပေးခဲ့တဲ့ အမျိုးသားသူရဲကောင်းတစ်ယောက်ပဲ..."
လီလန်သည် စကားနှစ်ခွန်းသာ ပြောခဲ့သော်လည်း ကျန်းချင်းလုံကို အလွန်အမင်း ကျေနပ်သွားစေရန် ချီးကျူးလိုက်ခြင်းဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ ငါ့ရဲ့ ညီငယ်က အသုံးမကျလို့ အဖွဲ့ခေါင်းဆောင်လီကို စော်ကားမိသွားတယ်၊ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့..."
"ရှုံ့ထျဲ့ အခုချက်ချင်း ဒီနေရာကိုလာပြီး အဖွဲ့ခေါင်းဆောင်လီကို တောင်းပန်လိုက်စမ်း..."
ကျန်းချင်းလုံသည် ရုတ်တရက် အော်ဟစ်လိုက်သည်။
ရွာမှ လူမိုက်မှာ အံ့သြစရာကောင်းလောက်အောင် နာခံတတ်လေသည်။ သူနှင့် သူ၏လူမိုက်များသည် ခြံဝင်းအတွင်းရှိ အညစ်အကြေးများကိုပင် ဂရုမစိုက်ဘဲ အောက်သို့လှဲချကာ လိမ့်လာကြတော့သည်။
လီလန်သည် မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။
"ဒီနှစ်ယောက်က တော်တော်လေး စကားနားထောင်တာပဲ..."
လီလန်သည် ကျန်းချင်းလုံကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် အံ့သြနေမိသည်။
ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်မှာ တကယ့်ကို ထူးခြားပြီး အစွမ်းအစရှိသူပင် ဖြစ်ပေသည်။ သူ၏ နောက်လိုက်များမှာ သူ၏ အမိန့်တိုင်းကို လိုက်နာကာ သူ၏ စကားတိုင်းကို နာခံကြလေသည်။
"အဖွဲ့ခေါင်းဆောင်လီ ကျွန်တော့်အမှားပါ၊ ကျွန်တော် ခင်ဗျားကို မစော်ကားခဲ့သင့်ဘူး..."
"ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်..."
ရှုံ့ထျဲ့သည် လီလန်၏ ခြေရင်းသို့ လိမ့်လာပြီးနောက် သူ၏ရှေ့တွင် ဒူးထောက်ကာ လက်အုပ်ချီ၍ လီလန်အား တောင်းပန်ရန် အရိုအသေပေးလိုက်သည်။
သူသည် ဒေါသအလျဉ်းမရှိသည့်ပုံ ပေါက်နေပြီး သူ၏ တောင်းပန်မှုမှာ အလွန် ရိုးသားဖြူစင်လေသည်။
"ထတော့…နောက်ဆိုရင် လမ်းပေါ်မှာ လူတွေကို ဓားပြမတိုက်ဖို့ မှတ်ထား၊ ပြီးတော့ အဲ့လိုကိုယ်ကျင့်တရားနှင့်မညီသော အလုပ်တွေကို ရပ်တန်းကရပ်လိုက်တော့..."(စာရေးသူ - လီလန် နင်လည်းကိုယ့်ကျင့်တရားနဲ့မညီတာ ငါနဲ့ စာဖတ်သူတွေသိတယ်)
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"မင်းကြားလား အဲ့လိုအလုပ်တွေကို ရပ်လိုက်တော့..."
"မခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း..."
ကျန်းချင်းလုံက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
ရှုံ့ထျဲ့သည် အမြန်ထရပ်ကာ သူ၏ နောက်လိုက်များနှင့်အတူ ခြံဝင်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
"မြန်မြန်လုပ် ဒီပစ္စည်းတွေကို အဖွဲ့ခေါင်းဆောင်လီအတွက် အထဲကို သယ်သွားပေးလိုက်၊ မင်းက အဖွဲ့ခေါင်းဆောင်လီကို ဒီပစ္စည်းတွေအကုန်လုံး တစ်ယောက်တည်း သယ်ခိုင်းဖို့ မျှော်လင့်နေတာလား၊ မင်းမှာ အသိဉာဏ်ရော ရှိရဲ့လား..."
ကျန်းချင်းလုံက ဆူပူလိုက်သည်။
ရှုံ့ထျဲ့သည် ကျယ်လောင်စွာပင် အသက်မရှူရဲဘဲ ကြောက်ရွံ့နာခံသည့်ပုံစံဖြင့် လီလန်အတွက် သူတို့ ပြင်ဆင်လာသော နှစ်သစ်ကူး လက်ဆောင်များကို အဓိကအခန်းထဲသို့ သူ၏ ညီငယ်နှင့်အတူ အမြန်သယ်သွားလေသည်။
နှစ်သစ်ကူး လက်ဆောင်များမှာ အလွန်များပြားလှသည်၊ ဆန် အကျင်းနှစ်ဆယ်၊ ထင်း ဆယ်ကျင်း၊ ဆား တစ်ကျင်း၊ သကြားဖြူ တစ်ကျင်းဝက်၊ ဝက်သား နှစ်ကျင်းနှင့် ငါးကြင်းကြီး နှစ်ကောင်တို့ ဖြစ်ကြသည်။
"ဂိုဏ်းခေါင်းဆောင်ကျန်း ခင်ဗျားကတော့ အားနာလွန်းနေပါပြီ၊ ပစ္စည်းတွေက အများကြီးပဲ..."
လီလန်က အနည်းငယ် အားနာသွားသည်။
ပြီးခဲ့သည့်အကြိမ် ပိုင်ရှန်းမြို့နယ် အပြင်ဘက်တွင် ရှုံ့ထျဲ့သည် ရွာမှ လူမိုက်တစ်စုကို ဦးဆောင်ကာ လူတစ်ဦးကို ဓားပြတိုက်ခဲ့သည်။ လီလန်သည် လျင်မြန်စွာ တိုက်ခိုက်ပြီး သူတို့ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ကာ သူတို့၏ နံရိုးအချို့ကို ချိုးပစ်ပြီး သွားအချို့ကို ကျွတ်ထွက်သွားစေခဲ့သည်။ ထိုမျှသာမက၊ လီလန်သည် သူတို့ကို ရှာဖွေစစ်ဆေးကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးအဖြစ် ငွေဆယ်ဂဏန်းခန့်ကိုလည်း တောင်းခံခဲ့သေးသည်။
ယနေ့တွင်မူ ကျန်းချင်းလုံနှင့် သူ၏ညီ ထျဲ့တို့သည် တောင်းပန်ရန် ရောက်လာကြပြီး ဆန်နှင့် မုန့်ညက်များအပါအဝင် ရက်ရောသော လက်ဆောင်များကို ယူဆောင်လာကာ သူတို့၏ ရိုးသားဖြူစင်မှုကို ပြသခဲ့ကြသည်။ ထို့ကြောင့် လီလန်မှာ အနည်းငယ် အားနာသွားမိလေသည်။
"ဘာမှမဖြစ်ပါဘူး ဒါက အဖွဲ့ခေါင်းဆောင်လီကို တောင်းပန်တဲ့ ကျွန်တော့်ရဲ့ နည်းလမ်းတစ်ခုပါပဲ..."
ကျန်းချင်းလုံတွင် သိုင်းလောကသားများ၏ အငွေ့အသက်တစ်ခုရှိနေပြီး အလွန်ရဲရင့်စွာ စကားပြောဆိုလေသည်။
"ကျေးဇူးရှင် ဂိုဏ်းခေါင်းဆောင်ကျန်းက ဒီနေ့ ရှုံ့ထျဲ့နဲ့အတူ ခင်ဗျားကို တောင်းပန်ဖို့ ရောက်လာတာပါ၊ ကျွန်တော်တို့က ရှုံ့ထျဲ့ ဓားပြတိုက်ခဲ့တဲ့ကိစ္စကို သူ့ဆီကနေ လျှို့ဝှက်ထားခဲ့တာလေ၊ ခင်ဗျားသာ သူတို့ကို ပညာမပေးခဲ့ရင် ဂိုဏ်းခေါင်းဆောင်ကျန်းက သူ့လူတွေ မြို့ပြင်မှာ ဓားပြတိုက်နေတာကို သိခဲ့မှာ မဟုတ်ဘူး..."
ကျိုးတာ့ဖူက ဘေးမှ ဝင်ရှင်းပြလိုက်သည်။
"သူတို့ကို သေချာမဆုံးမနိုင်ခဲ့တဲ့ ကျွန်တော့်အမှားပါ၊ ဒီသစ္စာဖောက်ကောင်တွေ မကောင်းမှုတွေ ကျူးလွန်နေပြီး ကျွန်တော့်ကွယ်ရာမှာ လမ်းပေါ် ဓားပြတိုက်တဲ့ ရွံစရာကောင်းတဲ့ အလုပ်တွေကို တိတ်တဆိတ် လုပ်နေတာကို အချိန်မီ မသိခဲ့ရတာပါ..."
ရှုံ့ထျဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျန်းချင်းလုံသည် သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး တင်ပါးကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။
"ခွေးကောင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း..."
"ဟိုနေ့ကသာ အဖွဲ့ခေါင်းဆောင်လီက မင်းကို သက်ညှာမပေးခဲ့ရင် မင်းက အခုချိန်ဆို ထောင်ထဲရောက်ပြီး မြေပဲတွေ စားနေရလောက်ပြီ..."