အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) သမင်ချို ကျင်းဝက်နှင့် မိန်းမတစ်ယောက် လဲလှယ်ခြင်း၊ ဒီအရောင်းအဝယ်က တကယ့်ကို တွက်ခြေကိုက်တာပဲ
လီလန် သဘောတူသည်ကို မြင်သောအခါ ကျန်းချင်းလုံသည် ဆေးမြစ်များ ဝယ်ယူမည့်ကိစ္စကို လီလန်နှင့် ဆွေးနွေးလေသည်။
လက်ဖက်ရည် သုံးခွက်သောက်အပြီးတွင် နှစ်နာရီအချိန်သည် မသိမသာ ကုန်လွန်သွားခဲ့လေသည်။
"အဖွဲ့ခေါင်းဆောင်လီ အချိန်လင့်နေပြီမို့ ငါတို့ သွားရဦးမယ် ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်လိုက်ကြတာပေါ့..."
ကျန်းချင်းလုံသည် လီလန်၏ လက်ကောက်ဝတ်ရှိ ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီကို တစ်ချက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
သူသည် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေမိ၏။
"အဖွဲ့ခေါင်းဆောင်လီက ဒီလောက်ငယ်ရွယ်တာတောင် နာရီတောငါ ပတ်နိုင်နေပြီဆိုတော့ တော်တော်လေး အရည်အချင်းရှိရမယ်..."
နာရီများမှာ ငွေကြေးကုန်ကျရုံသာမက နာရီဝယ်လက်မှတ်လည်း လိုအပ်ပေသည်။ နာရီဝယ်လက်မှတ်ရှိလျှင်ပင် ယွမ်တစ်ရာကျော် ကုန်ကျဦးမည် ဖြစ်သည်။
အဝိုင်းသုံးမျိုး အသံတစ်မျိုး ဆိုသည်မှာ နောက်ပြောင်စရာကိစ္စ မဟုတ်ပေ။
ယွမ်တစ်ရာနှစ်ရာကျော် အကုန်ခံ၍ နာရီငယ်လေးတစ်လုံး ဝယ်ယူရဲသူများမှာ ငွေရှာရာတွင် အလွန်တော်သူများ ဖြစ်ရမည်ဖြစ်ပြီး သူတို့၏ ပိုက်ဆံအိတ်များမှာလည်း ဖောင်းကားနေမည်မှာ သေချာလှသည်။
ကျန်းချင်းလုံသည် အရည်အချင်းရှိသူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်လေသည်။ အင်အားကြီးသူများသာလျှင် တူညီသော စကားပြောဆိုစရာ အကြောင်းအရာများ ရှိနိုင်မည်ဖြစ်သည်။
"အချိန်လည်း လင့်နေပြီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့ နောက်သုံးလနေမှ ပြန်တွေ့ကြမယ်…”
လီလန်သည် ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံမှ ထကာ ကျန်းချင်းလုံကို လိုက်ပို့ရန် ပြင်ဆင်လိုက်လေသည်။ ကျိုးတာ့ဖူလည်း အပြင်သို့ ထွက်သွား၏။
"အဖွဲ့ခေါင်းဆောင်လီ မင်းအလုပ်သာ ဆက်လုပ်ပါ လိုက်ပို့စရာ မလိုပါဘူး..."
ကျန်းချင်းလုံသည် လက်ကို ဝှေ့ယမ်း၍ လီလန်အား လိုက်မပို့ရန် အတင်းအကြပ် ပြောလေသည်။
သူ ထွက်ခွာသွားချိန်တွင် နောက်သို့ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
"ဒုတိယတာဝန်ခံဟန်က ရုံးလုပ်ငန်းတွေနဲ့ အရမ်းအလုပ်များနေလို့ မင်းကို နှုတ်ခွန်းဆက်သဖို့နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပြီး အရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်ပါတယ်..."
ဤပိုင်ရှန်းမြို့မှ မြေအောက်လောက ခေါင်းဆောင်သည် တရားဝင်လောကရှိ ဒုတိယအာဏာပိုင်နှင့် တကယ်ပင် သိကျွမ်းနေပေသည်။
"နားလည်ပါပြီ တာဝန်ခံဟန်လည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..."
လီလန်က ခေါင်းညိတ်၍ ဆုတောင်းစကားကို လက်ခံလိုက်လေသည်။
ကျန်းချင်းလုံသည် သူ၏ စက်ဘီးကို ယူရန် အပြုံးဖြင့် လှေကားထစ်များမှ ဆင်းသွားတော့သည်။
"ခေါင်းဆောင် ကိစ္စပြီးသွားပြီလား..."
အပြင်ဘက်တွင် နာရီပေါင်းများစွာ အေးခဲဆာလောင်နေခဲ့သော ချင်းလုံဂိုဏ်းမှ နောက်လိုက်ဖြစ်သူ ရှုံ့ထျဲ့သည် သူ၏ခေါင်းဆောင် ထွက်လာသည်ကို မြင်သည်နှင့် အပြေးအလွှား ရောက်လာလေသည်။
"မင်းရဲ့ခေါင်းဆောင် ကိုယ်တိုင် ဦးဆောင်နေမှတော့ ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ..."
"မင်းကြောင့် ငါ ဒုက္ခအကြီးအကျယ် ရောက်တော့မလို့ဟာကို ရယ်တောင် ရယ်နိုင်သေးတယ်..."
"ဟီးဟီး ကျွန်တော်က အဲဒါ အဖွဲ့ခေါင်းဆောင်လီမှန်း မသိလို့ပါ..."
"ကျွန်တော်သာ အဖွဲ့ခေါင်းဆောင်လီနဲ့ နားလည်မှုမလွဲခဲ့ရင် ခေါင်းဆောင်မှာလည်း ခုလိုအခွင့်အရေး ရလာမှာ မဟုတ်ဘူးလေ..."
"ထွက်သွားစမ်း မင်းနဲ့ ဘာဆိုင်လို့လဲ..."
ကျန်းချင်းလုံသည် ကန်ရန် ခြေထောက်ကို မြှောက်လိုက်သော်လည်း သူ၏ခြေထောက်မှာ လေထဲတွင်ပင် ရပ်တန့်သွားလေသည်။
သေချာစဉ်းစားကြည့်မည်ဆိုလျှင် ဤကောင်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ လီလန်နှင့် နားလည်မှုလွဲခဲ့ခြင်းကြောင့်သာ သူသည် အဖွဲ့ခေါင်းဆောင်လီနှင့် စီးပွားရေးအကြောင်း ဆွေးနွေးခွင့် ရခဲ့ခြင်းဖြစ်သည်။
ဤအခွင့်အရေးသည် အကောင်းဆုံး မဟုတ်သော်လည်း ရှောင်ထျဲ့ဇီ စတင်ပေးခဲ့ခြင်းမှာ အမှန်ပင် ဖြစ်၏။
"ခေါင်းဆောင် ဘာလို့ မကန်တော့တာလဲ ကန်ချင်သလောက် ကန်ပါ ကျွန်တော့်တင်ပါးက ကြီးတော့ နာမှာကို မကြောက်ပါဘူး..."
"ထွက်သွား အိမ်ပြန်မယ် ငါ ဒ္နေ့ ခံစားချက်ကောင်းနေလို့ မင်းတို့ကို အရက်တိုက်မယ်..."
ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်သည် သဘောထားကြီးကာ အမှားအမှန်ကို ရှင်းလင်းစွာ သိမြင်တတ်သဖြင့် သူ၏နောက်တွင် လိုက်ပါသူ များပြားနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
လီလန်သည် သစ်သားအိမ်၏ ခေါင်မိုးစွန်းအောက်တွင် ရပ်လျက် လူလေးယောက် ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။
ကျန်းဝေမင်သည်လည်း အိမ်ထဲမှ ထွက်လာပြီး သူ၏ဘေးသို့ ရောက်လာကာ ယှဉ်လျက် ရပ်လိုက်သည်။
"ဦးလေးဝေမင် ဘယ်လိုထင်လဲ..."
လီလန်က မေးလိုက်၏။
"ငါတို့ စမ်းကြည့်လို့ ရပါတယ် ရွာသားတွေ တောင်ပေါ်ကနေ ရှာဖွေလာတဲ့ ဆေးမြစ်တွေကို ပုံမှန်ဆိုရင် ဆေးရုံနဲ့ ဆေးခန်းက လူတွေက လာဝယ်ကြတာပဲ ချင်းလုံဂိုဏ်းမှာလည်း လမ်းကြောင်းရှိနေတော့ သူတို့ကို ရောင်းတာကလည်း အတူတူပါပဲ..."
ပေါင်းစည်းဝယ်ယူရေးနှင့် ရောင်းချရေးစနစ် ခေတ်ကာလတွင် ဆေးမြစ်များသည် ကောက်နှံများကဲ့သို့ပင် သာမန်လူများက ကိုယ်ပိုင် ဝယ်ယူရောင်းချခွင့် မရှိပေ။ မြို့နယ်ဆေးရုံများနှင့် ဆေးခန်းများမှ လူများ လာရောက်ဝယ်ယူမည်ကို စောင့်ဆိုင်းရပြီး ထိုမှတစ်ဆင့် မြို့နယ်က မြို့တော်သို့ ဖြန့်ဝေပေးရလေသည်။
ကျန်းချင်းလုံတွင် နိုင်ငံတစ်ဝှမ်းသို့ ဆေးမြစ်များ ရောင်းချနိုင်သော လမ်းကြောင်းများရှိနေသဖြင့် အဘယ်ကြောင့် မစမ်းသပ်ကြည့်ဘဲ နေရမည်နည်း။
မည်သို့ပင်ဖြစ်စေ လီလန်သည် ဆေးမြစ်များကို စုဆောင်းရန်နှင့် အမျိုးအစားခွဲခြားရန်သာ တာဝန်ရှိသည်။ အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပေါ်လာပါက ကျန်းချင်းလုံက သဘာဝကျကျ တာဝန်ယူဖြေရှင်းပေးရမည် ဖြစ်သည်။
"လီလန် ငါ အခု ပြန်တော့မယ် ဒီနေ့ကတော့ တကယ့်ကို အံ့သြစရာပါပဲ မင်းဆီမှာ အရေးကြီးတဲ့ ဧည့်သည်တွေ အများကြီး ရောက်လာခဲ့တာပဲ ကောင်လေး..."
ကျန်းဝေမင်က မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
ယနေ့ အရက်သောက်ပွဲတွင် အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်သော ရှန်းနှင့် ကျိုး၊ ဘေးနားရှိ စန်းဟော့ရွာမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အဘိုးဟူနှင့် ကြယ်နီသံမဏိစက်ရုံမှ ကုန်ပစ္စည်းဝယ်ယူရေးမန်နေဂျာဖြစ်သော သူတို့ ပါဝင်လေသည်။
ထို့နောက် ရောက်ရှိလာသော မြို့နယ်စားနပ်ရိက္ခာရုံမှ ရုံပိုင်ကျိုးနှင့် ချင်းလုံဂိုဏ်းမှ ခေါင်းဆောင်ကျန်းဖြစ်သော ကျန်းချင်းလုံတို့လည်း ပါဝင်ပေသည်။
သူတို့အားလုံးမှာ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အထူးသဖြင့် အဘိုးဟူမှာ ပို၍ပင် ထူးခြားလှသည်။ မြို့တော် စီးပွားရေးဗျူရိုကပင် သူ့ကို "အဘိုးဟူ" ဟု ခေါ်ဆိုရလေသည်။
ဤမျှအရေးကြီးသော ပုဂ္ဂိုလ်က ယနေ့တွင် လီလန်အား နှစ်သစ်ကူး နှုတ်ခွန်းဆက်သရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"မတွေ့ခင်ကဆို ယုံနိုင်စရာတောင်မရှိဘူး မင်းက မသိမသာနဲ့ အထင်ကြီးစရာကောင်းတဲ့ လူတွေ အများကြီးကို သိကျွမ်းနေခဲ့တာပဲ..."
ကျန်းဝေမင်သည် ပြုံးလျက် ပြောလိုက်ရာ ၎င်းမှာ မိမိကိုယ်ကို အရောင်းမြှင့်တင်နေသော ဈေးသည်တစ်ဦးနှင့်ပင် ဆင်တူနေပြီး စကားဝိုင်းထဲတွင် သူ့ကိုယ်သူ ထည့်သွင်းထားသည်မှာ ထင်ရှားလှသည်။ လီလန် သိကျွမ်းထားသော ပုဂ္ဂိုလ်ကြီးများ ထဲတွင် သူကိုယ်တိုင်လည်း ပါဝင်နေပေသည်။
ယင်းမှာ အဓိပ္ပာယ်ရှိလှပေသည်။ တောင်ပေါ်ရွာလေးတစ်ရွာမှ ဆင်းသက်လာသော နိုင်ငံပိုင်စက်ရုံတစ်ခု၏ ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်တစ်ဦးသည် မည်သို့လုပ် ပုဂ္ဂိုလ်ကြီးမဖြစ်ဘဲ နေမည်နည်း။
"မိတ်ဆွေများရင် ဘဝမှာ ပိုပြီး အဆင်ပြေတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား..."
"ဟင် ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ..."
ကျန်းဝေမင်သည် မျက်လုံးများ ပြူးကျယ်သွားကာ ရှုပ်ထွေးစွာဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။
"ခင်ဗျားက တော်တော် မေ့တတ်တာပဲ ဒီလောက် မြန်မြန် မေ့သွားတာလား..."
လီလန်က ပြုံး၍ ပြောလိုက်သည်။
ကျန်းဝေမင်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း အခြေအနေကို အမြန်ပင် သဘောပေါက်သွားတော့သည်။
"မင်းက တော်တော် အတင့်ရဲလာတာပဲ မင်းဦးလေးကိုတောင် နောက်ပြောင်ရဲနေပြီပေါ့..."
"ဒါနဲ့ မင်းဆီမှာ တရုတ်ဆေးမြစ်အရက် ကျန်သေးလား ငါ့ကို ကျင်းနည်းနည်းလောက် ပေးပါဦး..."
ကျန်းဝေမင်သည် အနီးသို့ တိုးကပ်လာပြီး တီးတိုးပြောလိုက်သည်။
သူ ခုနက သောက်ခဲ့သော တရုတ်ဆေးမြစ်အရက်သည် တကယ့်ကို ကောင်းမွန်သောအရာဖြစ်သည်။ အရက်ကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် မီးလုံးတစ်လုံး ရှိနေသကဲ့သို့ ခံစားလိုက်ရလေသည်။
အခန်းထဲတွင် အပူချိန် မမြင့်မားသော်လည်း ကျန်းဝေမင်မှာ ချွေးများ ရွှဲရွှဲစိုနေပြီး အလွန်အမင်း ပူအိုက်နေသကဲ့သို့ ခံစားနေရသည်။
သို့သော် သူသည် ပို၍ နေလို့ကောင်းလာကာ ခန္ဓာကိုယ်မှာလည်း များစွာပေါ့ပါးလာပြီး ပင်ပန်းနွမ်းနယ်မှုများမှာ တော်တော်လေး သက်သာသွားခဲ့သည်။
ဤတရုတ်ဆေးမြစ်အရက်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။
ကျန်းဝေမင်သည် ယခုချက်ချင်း အိမ်ပြန်ကာ တံခါးပိတ်၊ လိုက်ကာများချပြီး နေ့ခင်းကြောင်တောင်တွင်ပင် ဇနီးသည်၏ ခြေထောက်များကို ပခုံးပေါ် ထမ်းတင်ချင်စိတ် ပေါက်နေတော့သည်။
"ကုန်သွားပြီ..."
လီလန်က ခေါင်းခါလိုက်၏။
"ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော်တို့ တောရိုင်းသမင်တစ်ကောင်ကို အမဲလိုက်မိပြီး သူ့ချိုတွေကို ဖြတ်ထားတာရှိတယ် ပြီးရင် ခင်ဗျားအတွက် ကျင်းဝက်လောက် ယူပေးမယ် ဦးလေး အိမ်ပြန်ရောက်ရင် အရက်နဲ့ စိမ်ပြီး သောက်လို့ ရတယ်..."
"ကောင်းတဲ့ကောင်လေး ငါ မင်းကို အလိုလိုက်ထားတာ အလကား မဖြစ်ဘူးပဲ..."
"နောက်မှ မင်းအဒေါ်ကိုပြောပြီး မိန်းမတစ်ယောက် မိတ်ဆက်ပေးခိုင်းရမယ်..."
"ရုပ်မချောရင်တော့ လက်မခံနဲ့နော်..."
"ကျွတ်ကျွတ်….မင်းက အမြင်တော်တော်မြင့်တာပဲ ကောင်လေး ငါကြားတာတော့ မင်းက ပညာတတ်လူငယ်ရုံးက ပညာတတ်လူငယ်မလေး တစ်ယောက်နဲ့ တွဲနေတယ်ဆို အဲဒါတကယ်လား..."
"အတုကြီးပါ..."
"ငါတော့ မယုံပါဘူး..."
“ယုံသည်ဖြစ်စေ.. မယုံသည်ဖြစ်စေ ခင်ဗျားသဘောပဲ”
လီလန်က မျက်လုံးများကို လှန်ပြလိုက်လေသည်။
သို့သော် သေချာစဉ်းစားကြည့်သည့်အခါ ဆရာမလုကို မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။