အခန်း ၂၉၆၁
Vol. 237 Ch. 2961
အခန်း (၂၉၆၁)
အရှင်မီးလျှံနက်၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ရောက်ရှိလာသည့် ကျန်းချန်မှလွဲ၍ အခြားသူမဟုတ်ပေ။
“ကျန်းချန် မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”
ဟင်းလင်းပြင်ထဲကနေ လှမ်းထွက်လာသည့် ကျန်းချန်ကို မြင်လျှင် အရှင်ယင်ယွဲ့၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရုတ်တရက် ပေါ်ထွက်လာပြီး အရှင်မီးလျှံနက်၏ တိုက်ခိုက်မှုကို ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက ကျန်းချန် ဖြစ်နေလိမ့်မည်ဟု သူအမှန်တကယ် မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ အရှင်မီးလျှံနက်၏ လက်ရှိအင်အားသည် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သော အဆင့်ကို ရောက်ရှိနေခြင်း ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် အရှင်မီးလျှံနက်၏ တိုက်ကွက်ကို ချေမှုန်းပစ်လိုက်သည်။
အမည်မဲ့အင်မော်တယ် အစည်းအဝေး ပြီးဆုံးပြီး ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီ သွားစဥ်တွင် ကောင်းကင်အင်မော်တယ် အဆင့်တွင်သာ ရှိသေးသည်ကို အရှင်ယင်ယွဲ့ ရှင်းလင်းစွာ မှတ်မိနေခဲ့သေးသည်။
သို့သော်လည်း ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်နှင့် ယှဥ်ပြိုင်နိုင်သည့် အင်အားမျိုး ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အရှင်ယင်ယွဲ့ ဒုက္ခရောက်နေတယ်ကြားလို့ ကျွန်တော် အခြေအနေကြည့်ဖို့ ဒီကိုလာခဲ့တာပါ.. ကျွန်တော်လာတာ သိပ်မနောက်ကျသေးဘူး မဟုတ်လား”
“ကျန်းချန် ငါတို့ မတွေ့ရတာ အတော် ကြာပြီ.. မင်း အခုလို အဆင့်အတန်းမျိုး အထိ ကြီးထွားလာလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲဘူး”
အရှင်ယင်ယွဲ့က အံ့ဩတုန်လှုပ်စွာဖြင့် ကျန်းချန်ကို ကြည့်၍ ချက်ချင်းဆိုသလိုပင် လေးနက်စွာ ပြောလိုက်သည်။
“သတိထားဦး ကျန်းချန်.. ဟိုမိစ္ဆာကောင်က မသေသေးဘူး. သူ့ရဲ့စွမ်းရည်က ထိုက်ယီအင်မော်တယ် အဆင့်ထက် အများကြီး နိမ့်ကျမနေမှာကို ငါစိုးရိမ်မိတယ်.. ဒီမိစ္ဆာကောင်က သူ့ရဲ့အထွတ်အထိပ်ကာလက ထိုက်ယီအင်မော်တယ် အဆင့်ရဲ့ အင်အားမျိုးရှိခဲ့တာ မှန်ပေမဲ့ နှမြောစရာကောင်းတာက အခုအချိန်အထိ သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်လည်မရောက်ရှိသေးတာပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ခြေတစ်လှမ်း လှမ်းလိုက်ရာ အရှင်မီးလျှံနက်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။
အရှင်မီးလျှံနက်က ကျန်းချန်ကို ကြောက်မက်ဖွယ် မျက်နှာပေးဖြင့် ပြုံးကာ ပြောလိုက်သည်။
“ကောင်လေး မင်းရဲ့ ပါရမီနဲ့အင်အားက မဆိုးပါဘူး.. တကယ်လို့ ငါမင်းကို ဝါးမျိုနိုင်ခဲ့ရင် ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို တစ်ခဏအတွင်း ပြန်လည် ရောက်ရှိသွားမှာ အသေအချာပဲ”
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း အရှင်မီးလျှံနက်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“တကယ်လား မင်းက ငါ့ကို ဝါးမျိုချင်တယ် ဆိုမှတော့ မင်းမှာ အဲဒီလို အရည်အချင်း ရှိ၊မရှိ ကြည့်ရသေးတာပေါ့”
သူ့ရှေ့မှ အရှင်မီးလျှံနက်၏ အင်အားသည် အလွန်ဆုံးမှ ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်နှင့်သာ ယှဥ်နိုင်သည်။
ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို မရရှိစဥ်ကဆိုလျှင် သူ၏ တလော့အင်မော်တယ် အစောပိုင်းအဆင့်ဖြင့် အရှင်မီးလျှံနက်ကို ရင်ဆိုင်ရန်မှာ သူ့အတွက် သိပ်လွယ်မည်မဟုတ်ပေ။
သို့သော်လည်း မူလအသက်ဓာတ်ကို ရရှိပြီးနောက်တွင်မူ ကျန်းချန်သည် ထိုက်ယီအင်မော်တယ် အဆင့်ကို အောင်မြင်စွာ ခြေလှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ အရှင်မီးလျှံနက်လောက်ကို အဘယ်ကြောင့် မျက်စိထဲ ထည့်ထားရပါမည်နည်း။
“ကောင်လေး.. ဒီအရှင်ရဲ့ရှေ့မှာ လေလုံးလာမထွားနဲ့.. ငါ မင်းကို ဘယ်လို ဝါးမျိုပစ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်”
ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကို မြင်လျှင် အရှင်မီးလျှံနက်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ကောင်းကင်ဝါးမျို မိစ္ဆာမီးလျှံ.. ဝါးမျိုပစ်လိုက်စမ်း”
“ဝုန်း..”
အရှင်မီးလျှံနက်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် သူ၏ ပတ်ပတ်လည်မှ အနက်ရောင် မီးပင်လယ်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဝါးမျိုပစ်နိုင်လောက်သော မီးလျှံများဖြင့် ပြည့်နှက်နေသည့် ကြီးမားသော အနက်ရောင် မိစ္ဆာသားရဲကြီး တစ်ကောင် အဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့သည်။
ထိုသားရဲကြီးသည် မိုင်ပေါင်း သောင်းချီသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အနက်ရောင်တွင်းနက်ကြီး တစ်ခုကဲ့သို့ ကြီးမားလှသော ပါးစပ်ကြီးဖြင့် ကျန်းချန်နှင့် သူ့အနောက်တွင် ရှိသည့် အမည်မဲ့အင်မော်တယ်နန်းတော် တစ်ခုလုံးကို ဝါးမျိုပစ်တော့မည့်အလား ဦးတည်လာခဲ့သည်။
“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်.. စုစည်းစမ်း”
ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းသည် ကောင်းကင်ယံအထိ တိုက်ရိုက်ပင် ထိုးတက်သွားခဲ့ပြီးနောက် ကျန်းချန်၏ ခန္ဓာကိုယ်သည် ပေထောင်ချီ မြင့်မားသော ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်ပြီးသည်နှင့် ကျန်းချန်က ဟင်းလင်းပြင်ကိုပင် ကြေမွသွားစေမည့် ပြင်းထန်သော လက်သီးချက် တစ်ချက်ကို အနက်ရောင်မီးလျှံသားရဲကြီး ဆီသို့ ပစ်သွင်းလိုက်သည်။
“အူး..”
ကျန်းချန်၏ လက်သီးချက်ကြောင့် အနက်ရောင်မီးလျှံသားရဲကြီး ထံကနေ ကမ္ဘာမြေကြီးကိုပင် တုန်ဟည်းသွားစေလောက်သည့် ညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။
သူ၏ ကြီးမားလှသော ခန္ဓာကိုယ်တွင် အပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
ကျန်းချန်က ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ လက်သီးချက်များကို တစ်ချက်ပြီး တစ်ချက် ဆက်တိုက်ဆိုသလို ထိုးနှက်နေခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းသောင်းချီဟင်းလင်းပြင်ကို ဖြတ်ကျော်လာသည့် အနက်ရောင်မီးလျှံသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
အဆုံးသတ်တွင်မူ အနက်ရောင်မီးလျှံကြီးသည် ဘယ်လိုမှ ဆက်လက် ခံနိုင်ရည်မရှိတော့ဘဲ ဟင်းလင်းပြင်ထဲမှာပင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။
“ဖူး..”
အနက်ရောင်မီးလျှံ သားရဲကြီး ပေါက်ကွဲသွားသည့်အချိန်မှာပင် အရှင်မီးလျှံနက်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ မိစ္ဆာသွေးများကို အန်ထုတ်လိုက်ရသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဆန့်ကျင်ဘက်မှ ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ရင်း အရှင်မီးလျှံနက်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
ရှေးခေတ်ကာလတွင် သူက ကံကောင်းထောက်မစွာဖြင့် အခွင့်အလမ်းများ ရရှိခဲ့ပြီး ဟန်ယွင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလို ဖြစ်သည့် ထိုက်ယီအင်မော်တယ် အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
အင်မော်တယ်လောကနှင့် တိုက်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၍ သူ၏ အင်အားက များစွာ ကျဆင်းသွားခဲ့သော်လည်း ဤအတောအတွင်း သူက ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်အထိ ပြန်လည်နာလန်ထူလာနိုင်ခဲ့သည်။
အင်မော်တယ်လောကမှ ထိုက်ယီအင်မော်တယ် အဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့၏။
အထူးသဖြင့် သူ၏ မွေးရာပါစွမ်းအား ဖြစ်သည့် ကောင်းကင်ဝါးမျို မိစ္ဆာမီးလျှံသည် အလွန်တရာပင် အစွမ်းထက်သည်။
သို့သော်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် သူ၏ ကောင်းကင်ဝါးမျို မိစ္ဆာမီးလျှံကို အမှန်တကယ်ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူဘယ်တုန်းကမျှ မတွေးထားခဲ့မိပေ။
သူသိထားသလောက် ဆိုလျှင် လက်ရှိအင်မော်တယ်လောကသည် အင်အားဆုတ်ယုတ်နေပြီ ဖြစ်၍ မြောက်ပိုင်းအေးစက်သောအင်မော်တယ် နယ်မြေကဲ့သို့ အားနည်းပြီး သေးငယ်သော အင်မော်တယ်နယ်မြေများတွင် ထိုက်ယီအင်မော်တယ် ဆိုသည်မှာ အလွန်တရာ ရှားပါးသည်။
ထို့အပြင် လူငယ်မျိုးဆက်များထဲတွင် တလော့ အင်မော်တယ်အဆင့်ကို ရောက်ရှိနိုင်သည့် ပါရမီရှင်များသည်ပင် အလွန်တရာ ရှားပါးသွားခဲ့သည်။
ခွန်အားအရာတွင် ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် မည်သည့်နေရာက ရောက်လာပါသနည်း။
“ဒါက ကောင်းကင်ဝါးမျိုမီးလျှံ ဆိုတာလား.. ဒီလောက်နဲ့ ငါ့ကို ဝါးမျိုချင်တယ် ဆိုရင်တော့ မင်းအနေနဲ့ အများကြီးလိုပါသေးတယ်”
ကျန်းချန်က အရှင်မီးလျှံနက်ကို စေ့စေ့ကြည့်လိုက်ပြီး မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်သည်။
“ငါ ထွက်ပြေးမှ ဖြစ်မယ်”
အရှင်မီးလျှံနက်သည် ကျန်းချန်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ရှေးဟောင်းမိစ္ဆာနန်းတော်မှ သူ၏ နောက်လိုက်များကို ပစ်ပယ်ထားခဲ့ကာ မီစ္ဆာမီးလျှံတစ်ခု အဖြစ်သို့ အသွင်ပြောင်းလဲ၍ အဝေးသို့ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
ထိုကောင်လေး၏ အင်အားသည် အတော်လေး နက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲ၏။
အကယ်၍ သူသာ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့လျှင် ထိုကောင်လေးနှင့် ယှဥ်ပြိုင်ရန် အရည်အချင်းရှိနေဦးမည် ဖြစ်သော်လည်း သူ၏ လက်ရှိ အခြေအနေဖြင့်မူ ထိုကောင်လေးနှင့် ဆက်လက် ရင်ဆိုင်နေလျှင် သေပွဲဝင်ရမည့် ရလဒ်တစ်ခုတည်းသာ ရှိသည်။
“ထွက်ပြေးချင်တာလား.. မင်းဒီကို ရောက်လာမှတော့ ဒီနေရာမှာပဲ မင်းအသက်ကို ထာဝရထားခဲ့ရလိမ့်မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အလောတကြီး ထွက်ပြေးနေသည့် အရှင်မီးလျှံနက်၏ ခန္ဓာကိုယ်သည် လေထဲတွင် ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပေထောင်ချီမြင့်မားသော ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာခဲ့ပြီး အရှင်မီးလျှံနက်၏ ဦးခေါင်းအထက်တွင် တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့ကာ ချက်ချင်းဆိုသလိုပင် အရှင်မီးလျှံနက်ကို ပြင်းထန်စွာ နင်းချေပစ်လိုက်သည်။
“ဝုန်း..”
ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်ပြီး မြေပြင်ကိုပင် ကြေမွသွားစေလောက်မည့် စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းပစ်လိုက်သောကြောင့် အောက်ဘက်ရှိ အရှင်မီးလျှံနက်နှင့် ပတ်ပတ်လည် ပေပေါင်း ထောင်ချီ ဟင်းလင်းပြင်သည် ချက်ချင်းဆိုသလိုပင် ဘာမှ မကျန်ရှိသည်အထိ ကြေမွပျက်စီးသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ထိုက်ယီအင်မော်တယ်အဆင့်ထဲတွင် သူ့ကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။
အရှင်မီးလျှံနက်သည် အားမနည်းသော်လည်း ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် ထုတ်ဖော်ထားသည့် ကျန်းချန်၏ ရှေ့တွင်မူ မည်သို့မျှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
သို့သော်လည်း ကျန်းချန်က အရှင်မီးလျှံနက်ကို ချေမှုန်းနိုင်ခဲ့ပြီဟု ထင်ပြီး ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည့် အချိန်မှာပင် လက်တစ်ဝါးစာအရွယ်အစားခန့် ရှိသော အနက်ရောင်မီးလျှံ တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ အနက်ရောင်မီးလျှံသည် ကျန်းချန်၏ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်တွင် အေးစက်စက် အသံတစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့၏။
“ကောင်လေး.. ဒီနေ့ အရှက်ကွဲခဲ့ရမှုအတွက် ဒီအရှင်မှတ်ထားလိုက်ပြီ.. မင်းငါ့ကို စောင့်နေပါ.. အနှေးနဲ့အမြန် ဒီအရှင်က မင်းကို ဆယ်ဆပြန်ပြီး ပေးဆပ်ခိုင်းမယ်”
အခန်း(၂၉၆၁)ပြီး၏။