အခန်း ၂၉၆၂
Vol. 237 Ch. 2962
အခန်း (၂၉၆၂)
“ဒီမိစ္ဆာကို ငါနည်းနည်းလျှော့တွက်မိသွားတာပဲ”
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကျန်းချန်က ခေါင်းခါရမ်း၍ ညည်းညူလိုက်သည်။
သို့သော်လည်း ကျန်းချန်က သိပ်အလေးမထားခဲ့ပေ။
အကြောင်းရင်းမှာ ထိုမိစ္ဆာကောင်က ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်တွင်သာ ရှိသေးသောကြောင့်ဖြစ်သည်။
ယခုအခါ ထိုမိစ္ဆာကောင်၏ အသက်စွမ်းအားများ အပြင်းအထန် ထိခိုက်သွားခဲ့ပြီး အချိန်တိုအတွင်း ပြန်လည်နာလန်ထူရန် ခဲယဥ်းနေခဲ့ချေပြီ။
အကယ်၍ ထိုမိစ္ဆာကောင် အနေဖြင့် သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည် ရောက်ရှိခဲ့လျှင်ပင် ကျန်းချန်အနေဖြင့် ဂရုစိုက်နေမည် မဟုတ်ပေ။
“ဆုတ်ကြ.. အမြန်ဆုံး ဆုတ်ခွာကြတော့”
အရှင်မီးလျှံနက်က သူတို့ကို ဂရုမစိုက်တော့ဘဲ အလောတကြီးထွက်ပြေးသွားသည်ကို မြင်လျှင် ရှေးဟောင်းမိစ္ဆာနန်းတော်မှလူများသည် ထိတ်လန့် တုန်လှုပ်သွားကြသည်။
သူတို့က စန်းယွင်ပြည်နယ်မှ အင်အားစုများကို ဆက်လက်ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ ခြောက်လှန့်ခံလိုက်ရသော ငှက်အုပ် ကဲ့သို့ အသည်းအသန် ထွက်ပြေးသွားခဲ့ကြသည်။
“အားလုံးပဲ.. ငါနဲ့အတူ ဒီရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေကို သုတ်သင်ကြစို့”
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ယင်ယွဲ့သည် ရှေးဟောင်းမိစ္ဆာနန်းတော်မှလူများကို အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူက စန်းယွင်ပြည်နယ်မှ တလော့အင်မော်တယ်များကို ဦးဆောင်ကာ ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို နောက်ကနေ လိုက်လံ သတ်ဖြတ်တော့သည်။
ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ်အဆင့် ဖြစ်သည့် အရှင်မီးလျှံနက် ရှိမနေတော့၍ အရှင်ယင်ယွဲ့တို့ လူစုသည် အကာအကွယ်မဲ့ ဖြစ်နေသည့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို အငြိုးတကြီး လိုက်လံသတ်ဖြတ်ကာ ဆုတ်ခွာသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူအများစုသည် အရှင်ယင်ယွဲ့တို့ လူစု၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီး လူနည်းစုလောက်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
“ကျန်းချန်.. ဒီနေ့ကိစ္စအတွက် မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”
ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို သုတ်သင်ရှင်းလင်းပြီးနောက်တွင် အရှင်ယင်ယွဲ့သည် ကျန်းချန်၏ နံဘေးကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျေးဇူးတင်သော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
အကယ်၍ ကျန်းချန်သာ ယနေ့တွင် အချိန်မီ ရောက်မလာခဲ့လျှင် သူတို့ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲတင် မကဘဲ စန်းယွင်ပြည်နယ် တစ်ခုလုံးပါ ရှေးဟောင်းမိစ္ဆာနန်းတော်၏ လက်ချက်ဖြင့် ပျက်စီးသွားရမည်ကို သူစိုးရိမ်မိသည်။
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အားနာမနေပါနဲ့.. ဒါက အသေးအဖွဲကိစ္စလေးပါ”
“ကျန်းချန်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ ပြည်နယ် ဆယ့်ရှစ်ခုစလုံး နီးပါးက ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ ကျူးကျော်ခြင်းကို ခံထားရတယ်.. တခြား အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲတွေလည်း အကျပ်အတည်းနဲ့ ကြုံတွေ့နေရဖို့များတယ်.. မင်းအနေနဲ့ အမည်မဲ့အင်မော်တယ်နန်းတော်ကို အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်”
အရှင်ယင်ယွဲ့က သက်ပြင်းရှည် ချလိုက်ပြီး ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုက်ယီ အင်မော်တယ်အဆင့် ကျင့်ကြံသူဆိုသည်မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အလွန်တရာရှားပါးသည်။
သူတို့ အမည်မဲ့အင်မော်တယ်နန်းတော်မှာပင် ပင်မနန်းတော်တွင်သာ ထိုက်ယီအင်မော်တယ်တစ်ပါး ရှိသည်။
ကျန်းချန်၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရင်ဆိုင်သည့် နေရာတွင် အဆုံးအဖြတ်ပေးနိုင်မည့် အဓိက အခန်းကဏ္ဍကနေ သေချာပေါက် ပါဝင်နိုင်ပေလိမ့်မည်။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ဒီလိုကိစ္စနဲ့ ကြုံတွေ့နေရမှတော့ ကျွန်တော် ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး”
ရှေးဟောင်းမိစ္ဆာနန်းတော် ဆိုသည်မှာ အင်မော်တယ်လောက၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် ရန်သူတော် ဆိုလည်း မမှားပေ။
သူက အမည်မဲ့အင်မော်တယ် နန်းတော်နှင့် ပတ်သက်မှုတချို့ ရှိနေသည်ကို အသာထား၊ အကယ်၍ အမည်မဲ့အင်မော်တယ်နန်းတော်နှင့် မပတ်သက်ခဲ့လျှင်ပင် ဤအတိုင်း ဘေးကနေ ရပ်ကြည့်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။
ထို့နောက်တွင် ကျန်းချန်က စန်းယွင်အင်မော်တယ် နန်းတော်နှင့် စန်းယွင်ပြည်နယ်မှ လက်ကျန် အင်အားစုများကို စန်းယွင်ပြည်နယ်ထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်၏ အကြွင်းအကျန်များအား ရှင်းလင်းခိုင်းလိုက်ပြီး သူနှင့် အရှင်ယင်ယွဲ့ တို့ကမူ အမည်မဲ့အင်မော်တယ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် တခြား အမည်မဲ့အင်မော်တယ်နန်းတော်ဌာနခွဲများ ဆီသို့ ဦးတည်သွားခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်နှင့် အရှင်ယင်ယွဲ့ တို့သည် ကန်ရှန်းပြည်နယ်တွင် ရှိသည့် အမည်မဲ့အင်မော်တယ်နန်းတော်၏ တစ်ဆယ့်ခုနစ်ခုမြောက် ဌာနခွဲဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ တစ်ဆယ့်ခုနစ်ခုမြောက် ဌာနခွဲသည် ရှေးဟောင်းမိစ္ဆာနန်းတော်၏ တိုက်ခိုက်ခြင်းကို မခံရသေးပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းမိစ္ဆာနန်းတော်သည် ကန်ရှန်းပြည်နယ်၏ တလော့အင်အားစု ဖြစ်သည့် ကန်ရှန်းအင်မော်တယ်နန်းတော်နှင့် အပြန်အလှန် ထိပ်တိုက် ရင်ဆိုင်နေသောကြောင့် ဖြစ်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ တစ်ဆယ့်ခုနစ်ခုမြောက် ဌာနခွဲမှ ခန်းမသခင်သည်လည်း ကန်ရှန်းအင်မော်တယ်နန်းတော်ကို ကူညီပံ့ပိုးပေးရန် အတွက် အင်အားကြီးပုဂ္ဂိုလ်အမြောက်အများကို ခေါ်ဆောင်သွားခဲ့သည်။
ကျန်းချန်က အချိန်ဆွဲမနေတော့ဘဲ ကန်ရှန်းအင်မော်တယ်နန်းတော် ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကနေ ရောက်ရှိလာသည့် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ်ကို အလျင်အမြန် သတ်ပစ်လိုက်သည်။
ဤအခြေအနေကို အခွင့်ကောင်းယူကာ ကန်ရှန်းအင်မော်တယ်နန်းတော်ကလည်း ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကျူးကျော်မှုကို အပြတ်အသတ် တွန်းလှန်လိုက်၏။
ကန်ရှန်းပြည်နယ်ထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ တခြားဌာနခွဲတစ်ခု ဆီသို့ ထပ်မံ ဦးတည်သွားခဲ့သည်။
ကျန်းချန်က လျှပ်စီးလျှပ်သလို အရှိန်အဟုန်ဖြင့် တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဆိုသလို သွားနေခဲ့၏။
နေ့တစ်ဝက်ပင် မပြည့်သည့် အချိန်အတွင်းမှာပင် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ်ကိုးခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဖြတ်ကျော်ခဲ့ပြီး ပြည်နယ်ကိုးခု ထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းခဲ့သည်။
ကျန်းချန်က ပြည်နယ်ကိုးခုထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ဆက်တိုက် အနိုင်ယူပြီးသည့်နောက်တွင် ကျန်သည့် ပြည်နယ်များထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများက ထိုသတင်းကို ရရှိသွားခဲ့ကြသည်။
သူတို့အားလုံးက အတော်လေး ထိတ်လန့် တုန်လှုပ်သွားကြပြီး တစ်ဦးချင်းစီ ခွဲပြီး အနိုင်ယူခံရခြင်းကို ရှောင်ရှားရန်အတွက် ရှေးဟောင်းမိစ္ဆာနန်းတော်သည် အဓိကပြည်နယ်များအား ကျူးကျော်နေသည်ကို စွန့်လွှတ်လိုက်ပြီး ပြန်လည်ဆုတ်ခွာသွားကြသည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ထိပ်တိုက် ရင်ဆိုင်နေသည့် ပေဟန်ပြည်နယ်ထဲမှ ရှေးဟောင်းမိစ္ဆာနန်းတော်၏ အကြီးမားဆုံး အင်အားစုပင်လျှင် ထိုသတင်းကို ကြားပြီးနောက် ယာယီဆုတ်ခွာရန် ရွေးချယ်လိုက်သည်။
------------------
ပေဟန်ပြည်နယ်ရှိ အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ဗဟိုတွင် ရေခဲခရစ္စတယ်များဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ခန်းမဆောင်ကြီး တစ်ခု ရှိသည်။
ဆံပင်များဖြူဖွေးနေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တည်ကြည်ခန့်ညားသည့် လူတစ်ယောက်သည် ရေခဲပလ္လင်ထက်တွင် မြင့်မားစွာ ထိုင်နေခဲ့၏။
ထိုလူမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တစ်ဦးတည်းသော အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ပင်ဖြစ်သည်။
ခန်းမ၏ ဘေးတစ်ဖက် တစ်ချပ်စီတွင် လူဆယ်ဂဏန်းကျော်ခန့် မတ်တတ်ရပ်နေကြသည်။
ထိုလူများ၏ အရှိန်အဝါများသည်လည်း အလွန်ပင် အင်အားကြီးမားပြီး အနည်းဆုံး တလော့အင်မော်တယ်အဆင့်ကိုရောက်ရှိနေကြပြီ ဖြစ်၏။
“ရှေးဟောင်းမိစ္ဆာနန်းတော်က ရုတ်တရက် ဆုတ်ခွာသွားတယ်.. ဒီကိစ္စရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလောက်တယ်.. ဒါက ဘာကြောင့်လဲဆိုတာ မင်းတို့သိကြလား”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ခန်းမထဲကို ဝေ့ကြည့်ကာ မေးလိုက်သည်။
သူ၏ အေးစက်စက် အသံက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
“နန်းတော်သခင်.. အခုလေးတင်ရရှိထားတဲ့ သတင်းအရဆိုရင်တော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ် တစ်ယောက် ပေါ်ထွက်လာခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ ပြည်နယ်ကိုးခုမှာ ရှိတဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေကို နေ့တစ်ဝက်အတွင်း မောင်းထုတ်ပစ်ခဲ့တယ်လို့ သိရတယ်.. ဒါကြောင့် သူတို့တွေ ယာယီဆုတ်ခွာသွားတာဖြစ်မယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ သတင်း အချက်အလက်ပိုင်းကို တာဝန်ယူထားသည့် အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် အင်မော်တယ်လောကတွင် အတော်လေး အားနည်းသည့် အင်မော်တယ် နယ်မြေ တစ်ခု ဖြစ်သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို တည်ထောင်ခဲ့ကတည်းကပင် အင်မော်တယ်ဘုရင် ဟူ၍ သူတစ်ယောက်တည်းသာ ရှိခဲ့သည်။
ထို့အပြင် ဟန်ယွင်အဆင့် အင်မော်တယ် မရှိရုံတင်မက ထိုက်ယီအင်မော်တယ် အဆင့်ပင်လျှင် အလွန်ပင် ရှားပါး၏။
လက်ရှိအချိန်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၌ ထိုက်ယီ အင်မော်တယ်အဆင့် ဆိုသည်မှာ လက်ချိုးရေတွက်၍ ရသော အနေအထားမျိုး ဖြစ်သည်။
ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရန် အတွက် သူက ထိုက်ယီအင်မော်တယ်အားလုံးကို မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော် ဆီသို့ ဆင့်ခေါ်ထားခဲ့သည်။
ရှေးဟောင်းမိစ္ဆာနန်းတော်၏ အဓိက အင်အားစုသည် ပေဟန်ပြည်နယ်တွင် စုစည်းထားသည် ဆိုသော်လည်း အခြားသောပြည်နယ်များကို တိုက်ခိုက်နေသည့် ၎င်းတို့၏ အင်အားသည် လုံးဝ အားမနည်းပေ။
ထိုက်ယီအဆင့် အင်မော်တယ်များ မရှိဘဲ ပြည်နယ်ကိုးခုထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ဤမျှတိုတောင်းသော အချိန်အတွင်း မောင်းထုတ်ရန် မလွယ်ချေ။
“ဒါက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ယောက် လက်ချက်များ ဖြစ်နေမလား”
သူက ရှေးဟောင်းမိစ္ဆာနန်းတော်၏ အရိပ်အယောင်ကို ရှာတွေ့ပြီးကတည်းကပင် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေထဲမှ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို အကူအညီတောင်းထားခဲ့သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ လူများသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်လာစရာ အကြောင်းတော့ မရှိပေ။
သို့ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ရုတ်တရက် ပေါ်ထွက်လာသည့် လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးပုဂ္ဂိုလ်သည် မည်သူဖြစ်ပါသနည်း။
မည်သို့ပင် ဆိုစေကာမူ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေ အတွက် သူတို့ကို အကူအညီပေးနိုင်မည့် ယခုကဲ့သို့ အင်အားကြီးပုဂ္ဂိုလ် ရှိနေခြင်းသည် သူတို့အတွက် အကျိုးရှိသောကိစ္စပင်။
ထိုအချက်ကို တွေးမိလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ မျက်ဝန်းများက ဖျတ်ခနဲ လက်သွားခဲ့ပြီး ထို့နောက်တွင်မူ သတင်းအချက်အလက် အပိုင်းအား တာဝန်ယူထားသည့် အကြီးအကဲကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ်ကို အမြန်ဆုံး စုံစမ်းဖို့ ကြိုးစားပါ”
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးပုဂ္ဂိုလ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို ခရီးလှည့်လည်လာသည့် အခြားသော အင်မော်တယ်နယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ဖြစ်ရန် အတော်လေး နီးစပ်နေခဲ့သည်။
ယခုအခါ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေဆီကို ဆင်းသက်လာသည့် ရှေးဟောင်းမိစ္ဆာနန်းတော်၏ အင်အားသည် အလွန်တရာ ကြီးမားနေသောကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အင်အားတစ်ခုတည်းဖြင့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို အနိုင်ယူရန်မှာ ခဲယဥ်းလိမ့်မည်ကို သူစိုးရိမ်နေမိသည်။
ယင်းအတွက်ကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားကြီး ပုဂ္ဂိုလ်၏ အကူအညီကို ရယူနိုင်ရန် မျှော်လင့်နေခဲ့ခြင်း ဆိုလည်းမမှားပေ။
အခန်း(၂၉၆၂)ပြီး၏။