အခန်း ၂၉၆၃
Vol. 237 Ch. 2963
အခန်း (၂၉၆၃)
ကျန်းချန်က ပြည်နယ်ကိုးခုထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပြီးသည့်နောက်တွင် သူ၏ ခြေလှမ်းများကို ရပ်တန့်မထားဘဲ အရှင်ယင်ယွဲ့နှင့် အတူ အမည်မဲ့အင်မော်တယ် နန်းတော်၏ ရှစ်ခုမြောက် ဌာနခွဲဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။
“ညီနောင်ကျန်းချန်.. မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ ထွက်လာသည့် ကျန်းချန်ကို မြင်လျှင် ရှစ်ခုမြောက်ဌာနခွဲမှ လူငယ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ လျှောက်ထွက်လာခဲ့ပြီး သူ့ရှေ့ရှိ အပြာရောင်ဝတ်စုံဝတ် လူငယ်ကို ပြုံး၍ ပြောလိုက်သည်။
“ရှကျီ.. မတွေ့ရတာတောင် အတော်ကြာပြီ”
ထိုအပြာရောင်ဝတ်စုံဝတ် လူငယ်သည် တခြားသူ မဟုတ်ပေ။
အမည်မဲ့အင်မော်တယ်အစည်းအဝေးတွင် ပါဝင်ဆင်နွှဲစဥ်က ကျန်းချန်နှင့် ဆုံတွေ့ခဲ့ဖူးသည့် ရှကျီပင်ဖြစ်သည်။
အမည်မဲ့အင်မော်တယ် အစည်းအဝေး၏ ပထမအဆင့် ပြိုင်ပွဲတွင် ရှကျီသည် ကျန်းချန်၏ နောက်ကနေ တစ်လမ်းလုံးလိုက်ပါလာခဲ့၍ အကျိုးကျေးဇူး အများအပြား ရခဲ့ရုံတင်မကဘဲ တလော့အင်မော်တယ် တစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့သည်။
ရှစ်ခုမြောက် ဌာနခွဲဆီကို ပြန်ရောက်လာပြီးသည့်နောက်တွင် ရှကျီသည် ဆယ်စုနှစ် အနည်းငယ်အတွင်း ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ရှစ်ခုမြောက်ဌာနခွဲ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့သည်။
ရှကျီက မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက် ကျန်းချန်၏ နံဘေးရှိ အရှင်ယင်ယွဲ့ကို မြင်လိုက်ရလျှင် အလျင်အမြန်ပင် ဂါဝရပြုလိုက်သည်။
“အရှင်ယင်ယွဲ့နဲ့ ညီနောင်ကျန်းချန်က ရှစ်ခုမြောက် ဌာနခွဲဆီကို ရောက်လာကြတာ ဘာကိစ္စရှိလို့လဲဆိုတာ သိပါရစေ”
“ဒီအရှင်ရဲ့ ရည်ရွယ်ချက်က မိတ်ဆွေလေးကျန်းချန်နဲ့ အတူ လိုက်ပါပြီး ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေကို နှိမ်နင်းဖို့ပဲ”
အရှင်ယင်ယွဲ့ အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ရှကျီ မင်းတို့ဆီက လက်ရှိ အခြေအနေရော ဘယ်လိုရှိလဲ”
“အခြေအနေက သိပ်မဆိုးဘူး အရှင်ယင်ယွဲ့”
ရှကျီက အလျင်အမြန်ပင် ပြောလိုက်သည်။
“ဒါက ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်ကြောင့်ပဲ.. သူက ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေကို ပြည်နယ် ကိုးခုလုံးမှာ ဆက်တိုက်ဆိုသလို ချေမှုန်းပစ်တဲ့အတွက် ဒီမှာရှိတဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေက ဆုတ်ခွာသွားခဲ့ကြတယ်”
“ဒီပြည်နယ်မှာရှိတဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေ ဆုတ်ခွာသွားကြပြီပေါ့”
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ရှကျီကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ ခုနစ်ခုမြောက် ဌာနခွဲဆီကို သွားလိုက်ဦးမယ်.. တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်ပေးပါဦး”
“ကောင်းပါပြီ”
ထိုစကားကို ကြားပြီးနောက်တွင် ရှကျီသည် စကားများစွာ ပြောမနေတော့ဘဲ ကျန်းချန်တို့ နှစ်ယောက်ကို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဖွင့်ပေးလိုက်သည်။
သူက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကနေ ပျောက်ကွယ်သွားသည့် ကျန်းချန်တို့ နှစ်ယောက်၏ ပုံရိပ်ကို ငေးကြည့်ရင်း တစ်ခဏအတွင်းမှာပင် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။
“နေပါဦး.. ဒါဆို ပြည်နယ်ကိုးခုလုံးမှာ ရှိတဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်က ကျူးကျော်သူတွေကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ် ဆိုတာက ကျန်းချန်များ ဖြစ်နေမလား”
သူ သေချာ ပြန်စဥ်းစားကြည့်လိုက်ရာ အစောပိုင်းတွင် အရှင်ယင်ယွဲ့သည် ကျန်းချန်နှင့်အတူ လိုက်ပါပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို နှိမ်နင်းနေသည်ဟု ပြောဆိုခဲ့သည်။
ယခုလည်း သူတို့က ရှစ်ခုမြောက် ဌာနခွဲကနေ ထွက်ခွာပြီး အမည်မဲ့အင်မော်တယ်နန်းတော်၏ ခုနစ်ခုမြောက် ဌာနခွဲ ဆီကို တိုက်ရိုက်ပင် ဦးတည်သွားကြပြန်ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ပြည်နယ်ကိုးခုလုံးရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ဆုတ်ခွာပြေးစေရလောက်သည် အထိ လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးပုဂ္ဂိုလ် ဆိုသည်မှာ ကျန်းချန်မှ လွဲ၍ တခြားသူ မဖြစ်နိုင်တော့ပေ။
“တကယ်ကို မွန်းစတားဆန်တဲ့ကောင်ပဲ”
ရှကျီ၏ နှုတ်ကနေ မယုံကြည်နိုင်သော ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။
အမည်မဲ့အင်မော်တယ် အစည်းအဝေးတွင် ကျန်းချန်သည် ကြောက်မက်ဖွယ် ပါရမီနှင့် အင်အားကို ပြသခဲ့သော်လည်း ထိုအချိန်က ကျန်းချန်သည် သူ့လိုပင် ကောင်းကင်အင်မော်တယ် အဆင့်တွင်သာ ရှိနေသေးသည်။
ဤနှစ်တွေအတွင်း သူက ရှစ်ခုမြောက် ဌာနခွဲ၏ ပံ့ပိုးမှုနှင့် တလော့အင်မော်တယ်၏ အမွေအနှစ်ကို အမှီပြုပြီး ရွှေအင်မော်တယ်အဆင့်ကို အလျင်အမြန် ဖောက်ထွက်နိုင်ခဲ့၍ အမည်မဲ့အင်မော်တယ်နန်းတော် ထဲမှ ရွယ်တူပါရမီရှင်များကို ကျော်ဖြတ်နိုင်ခဲ့သည်။
သို့သော် ကျန်းချန်နှင့် ယှဥ်လျှင်မူ သူက အသုံးမကျသည့် အမှိုက်တစ်ခုနှင့် ဘာမှ မကွာခြားပေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများ၏ အင်အားကို ရှကျီသည် အလွန်ပင် ရှင်းရှင်းလင်းလင်း သိရှိထားခဲ့သည်။
သူတို့ ရှစ်ခုမြောက်ဌာနခွဲ ရှိသည့် ပြည်နယ် တစ်ခုတည်းမှာပင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ အင်အားကြီး ပုဂ္ဂိုလ်များကို ရင်ဆိုင်ရန်အတွက် တလော့အင်အားစု အချို့ ပူးပေါင်းမှသာ ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။
ဤကဲ့သို့ အခြေအနေတွင် ပြည်နယ်ကိုးခု စလုံးရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ချေမှုန်းပစ်ခဲ့သည့် ကျန်းချန်၏ အင်အားသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေပါသနည်း။
သူ့အထင် တလော့အဆင့် အထက်တွင် ရှိသည့် ထိုက်ယီအင်မော်တယ်အဆင့် သာလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အင်အားမျိုး ရှိနေနိုင်၏။
ရှစ်ခုမြောက် ဌာနခွဲကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ တစ်ခုစီကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းသွားခဲ့သော်လည်း ရရှိခဲ့သည့် သတင်းကမူ အတူတူပင် ဖြစ်သည်။
ဆိုရလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူအားလုံးသည် ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်၏။
“အရှင်ယင်ယွဲ့.. ကြည့်ရတာ ပြည်နယ်အသီးသီးက ရှေးဟောင်းမိစ္ဆာနန်းတော်က လူတွေအားလုံး ဆုတ်ခွာသွားကြပုံပဲ.. ကျွန်တော် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီကို သွားလိုက်ဦးမယ်.. အရှင် ကျွန်တော့်နောက်ကို လိုက်ခဲ့ဖို့ မလိုတော့ဘူး”
ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင် အရှင်ယင်ယွဲ့ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
အရှင်ယင်ယွဲ့က ခေါင်းညိတ်၍ ပြောလိုက်၏။
“ကောင်းပါပြီ.. အစစအရာရာ သတိထားပါ မိတ်ဆွေလေးကျန်းချန်”
ကျန်းချန်၏ အင်အားသည် လက်ရှိအချိန်တွင် ခန့်မှန်း၍မရအောင် နက်ရှိုင်းနေပြီဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ နောက်ကို လိုက်သွားလျှင်ပင် ဘာမှ အကူအညီပေးနိုင်မည် မဟုတ်ပေ။
ကျန်းချန်က ပြည်နယ်ကိုးခုရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ချေမှုန်းစဥ်က ဆိုလျှင် သူ့အနေဖြင့် ဝင်ပါစရာပင် မလိုလိုက်ပေ။
သို့ဖြစ်ရာ ကျန်းချန်၏ နံဘေးတွင် ဆက်ပြီး လိုက်နေသည်မှာ ဘာအဓိပ္ပာယ်မှ မရှိတော့ချေ။
ထို့အပြင် သူက အမည်မဲ့အင်မော်တယ် နန်းတော်မှ ဌာနခွဲ တစ်ခု၏ ခန်းမသခင် ဖြစ်သည့်အတွက် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စအများအပြား ရှိနေသောကြောင့် ကျန်းချန်၏ နံဘေးတွင် အမြဲတစေ ရှိနေပေး၍ မရချေ။
“စိတ်မပူပါနဲ့.. ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်.. တကယ်လို့ စန်းယွင်ပြည်နယ်မှာ ကျွန်တော့်ရဲ့မိတ်ဆွေဟောင်းတွေ အင်မော်တယ်လောကဆီ တက်လှမ်းလာတာမျိုး ရှိရင် အရှင်ယင်ယွဲ့အနေနဲ့ ကျွန်တော့်ကိုယ်စား ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် အရှင်ယင်ယွဲ့၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
အရှင်ယင်ယွဲ့နှင့် လမ်းခွဲပြီးနောက်တွင် ကျန်းချန်သည် ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖြတ်ကျော်ကာ ချက်ချင်းဆိုသလို ပေဟန်ပြည်နယ်ရှိ ပေဟန်အင်မော်တယ်မြို့တော် ဆီသို့ ရောက်ရှိလာခဲ့သည်။
”ပေဟန်မြို့တော်ရဲ့ အပြင်ဘက်မှာ သိပ်မကြာခင်က စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပုံပဲ.. ဒါပေမဲ့ အခုတော့ ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး.. ကြည့်ရတာ ဒီမှာအခြေချနေတဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်က လူတွေလည်း ယာယီ ဆုတ်ခွာသွားကြပြီထင်တယ်”
ကျန်းချန်က အောက်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ခြေလှမ်းလိုက်ရာ ပေဟန်အင်မော်တယ်မြို့တော်၏ ဗဟိုချက်ရှိ ဟင်းလင်းပြင်တွင် တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ပေတစ်ထောင်ပင် မဝေးတော့သည့် နေရာသို့ ရောက်ရှိသွားခဲ့သည်။
“ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရှေ့ကို ရောက်လာတာ ဘယ်သူလဲ"
ထိုအချိန်မှာပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို စောင့်ကြပ်နေသည့် ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ် နှစ်ပါးသည် ကောင်းကင်ယံထက်ကို ခုန်တက်လာခဲ့ပြီး ကျန်းချန်၏ ရှေ့တည့်တည့်တွင် တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးသည် သူတို့ရှေ့မှ ကျန်းချန်ကို မြင်လျှင် တစ်ခဏမျှင် မှင်တက်သွားခဲ့သည်။
“ကောင်လေး လက်စသတ်တော့ မင်းကိုး”
သူတို့ရှေ့မှ ကောင်လေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီကို လာပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဘယ်လိုဝင်ရောက်ရမလဲ လာရောက် မေးမြန်းခဲ့ဖူးသည်။
ထို့နောက်တွင်မူ ထိုကောင်လေးသည် သိုင်းစင်မြင့်ထက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ပါရမီရှင်များကိုတင် မကဘဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ စတုတ္ထမြောက် ပါရမီရှင် ဖြစ်သည့် လန်ရှင်းဟန်ကိုပါ အပြတ်အသတ် အနိုင်ယူခဲ့သည်။
သို့သော်လည်း လန်ရှင်းဟန်ကို အနိုင်ယူပြီးသည့် နောက်ပိုင်းတွင်မူ ထိုကောင်လေးသည် မြောက်ပိုင်းအေးစက်သောအင်မော်တယ် နန်းတော်ထဲကို ဝင်မလာခဲ့ပေ။
ဤအကြောင်းကြောင့်ပင် သူတို့နှစ်ယောက်သည် ကျန်းချန်ကို စွဲစွဲမြဲမြဲ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ထိုကောင်လေးသည် သူတို့ရှေ့တွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
ကျန်းချန်က ပြုံးလိုက်ပြီး ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးကို လက်သီးဆုပ်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“စီနီယာနှစ်ယောက် ကျွန်တော် ဒီကိုလာခဲ့တာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့ မုန့်ချင်းရွှယ်နဲ့ ကူဖုန်းအာတို့နဲ့ တွေ့ချင်လို့ပါ.. သူတို့ကို ကျွန်တော့်ဆီ လာတွေ့ခွင့်ပြုဖို့ အဆင်ပြေမလား သိချင်ပါတယ်”
“မင်းက ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ သူတော်စင် မိန်းကလေးကို တွေ့ချင်တာလား”
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်တစ်ပါးက မျက်ဝန်းများကျဥ်းမြောင်းသွားခဲ့ပြီး ကျန်းချန်ကို မေးလိုက်သည်။
“မင်းနဲ့ ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က သူတော်စင်မိန်းကလေးနဲ့ ဘယ်လိုပတ်သက်မှု ရှိနေလို့လဲ.. မင်းက သူမကို တွေ့ပြီး ဘာလုပ်မလို့လဲ”
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ သူတော်စင်မိန်းကလေး ဟုတ်လား”
ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ကြည့်ရသည်မှာ မုန့်ချင်းရွှယ်၏ ပါရမီသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာပင် အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်ပုံရသည်။
သူမက မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်ထဲကို ဝင်ရောက်ပြီး သိပ်မကြာမီမှာပင် သူတော်စင်မိန်းကလေးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ၏။
“ငါနဲ့သူ ဘယ်လိုပတ်သက်မှုရှိလဲ ဆိုတာ မင်းတို့သိဖို့ မလိုပါဘူး”
ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။
“ငါ မင်းတို့နဲ့ အချိန်မဖြုန်းချင်ဘူး.. တကယ်လို့ မင်းတို့ မုန့်ချင်းရွှယ်ဆီကို ငါ့အတွက် အကြောင်းမကြားပေးဘူး ဆိုရင် ငါကိုယ်တိုင်ပဲ အတွင်းထဲကို ဝင်ပြီး သူ့ကို ရှာရလိမ့်မယ်”
“မင်း ရမ်းကားလှချည်လား”
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ် တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူမက ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်ရဲ့ သူတော်စင်မိန်းကလေးပဲ မင်းတွေ့ချင်တိုင်းတွေ့လို့ ရမယ်များထင်နေလား.. အခုချက်ချင်း ထွက်သွားလိုက်စမ်း.. မဟုတ်ရင်တော့ ငါတို့နှစ်ယောက်က မင်းအပေါ် ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
အခန်း(၂၉၆၃)ပြီး၏။