အခန်း ၂၉၆၄
Vol. 237 Ch. 2964
အခန်း (၂၉၆၄)
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ရွှေရောင်ဝတ်စုံဝတ်အင်မော်တယ် နှစ်ပါးကို ဂရုစိုက်မနေတော့ဘဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
“မင်းရမ်းကားလှချည်လား”
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့၏ ခန္ဓာကိုယ်ထဲကနေ ရွှေအင်မော်တယ်အဆင့် ပြင်းထန်သော အရှိန်အဝါများသည် မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာခဲ့၏။
“ထွက်သွားစမ်း”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေရင်း စကားတစ်ခွန်းကိုသာ အေးစက်စက် ရေရွတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးသည် လက်ဝါးရိုက်ချက်ဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး မျက်နှာများ ဖြူဖျော့ကာ လေထဲတွင် လွင့်စင်သွားခဲ့ကြပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါး၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီ ထိုကောင်လေး ပထမအကြိမ် ရောက်လာစဥ်က ဆိုလျှင် ကောင်းကင်အင်မော်တယ် အဆင့်သာ ရှိသေးသည်။
ထိုကောင်လေးက အံ့မခန်းပါရမီရှင်တစ်ဦး ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ စတုတ္ထမြောက်ပါရမီရှင် ဖြစ်သော လန်ရှင်းဟန်ကိုပင် အပြတ်အသတ် အနိုင်ယူခဲ့သော်လည်း အဆုံးသတ်တွင် ကောင်းကင်အင်မော်တယ်အဆင့် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။
သူတို့နှစ်ယောက်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို စောင့်ကြပ်နေကြသည့် အင်မော်တယ်များ ဖြစ်ကြသည့်အလျောက် ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေကြပြီး တလော့ အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် စကားတစ်ခွန်း ပြောလိုက်ရုံဖြင့်ပင် သူတို့လို ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရရှိသွားစေခဲ့သည်။
“တလော့ အင်မော်တယ်”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တလော့အဆင့်ကို အနည်းဆုံး ရောက်ရှိနေသည်မှာ သေချာနေခဲ့ချေပြီ။
ထိုစဥ်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီကို ရောက်ရှိလာခဲ့သည့် ကောင်းကင်အင်မော်တယ် အဆင့်ကောင်လေးသည် ယခုအခါတွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးထားခဲ့မိပေ။
ဤကဲ့သို့ အင်အားမျိုးဖြင့် ဆိုလျှင် သူတို့ မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်၏ သူတော်စင်သားတော်နှင့် နှိုင်းယှဥ်လျှင်ပင် များစွာပို၍ သာလွန်နေခဲ့ပြီ ဖြစ်၏။
“ကောင်လေး.. ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ မင်း ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး.. ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင်မှ ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ လာရောက်ရမ်းကားဖို့ မင်းမှာ အရည်အချင်းမရှိသေးဘူး”
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါး ထဲမှ တစ်ပါးက ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်များကို လှုပ်ရှားလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထက်သို့ ထိုးတက်သွားခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ကောင်းကင်ယံထက်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုပေါက်ကွဲသံကြီးသည် ကမ္ဘာမြေပြင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီးနောက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အတွင်းကနေ စွမ်းအားကြီးမားသောအရှိန်အဝါများသည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထက်ကို တစ်ဟုန်ထိုး ပျံတက်လာခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် တလော့ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ် ဆယ်ခုကျော်သည် ဟင်းလင်းပြင်ထဲကို ရောက်ရှိလာခဲ့ကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ဖြစ်သည်။
ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အရပ်အမောင်း မြင့်မားပြီး မျက်ဝန်းများက အေးစက်ကာ မျက်ဝန်းနှစ်ခုကြားတွင် နှင်းပွင့်ပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။
သာမန် ရွှေအင်မော်တယ် တစ်ယောက်သာ သူ့ကို စိုက်ကြည့်မည် ဆိုလျှင် ထိုရွှေအင်မော်တယ်၏ ဝိညာဥ်သည် အေးခဲသွားနိုင်လောက်၏။
“တလော့အဆင့် ပါရမီရှင်ပါလား”
သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ပါရမီနှင့် အင်အားအရ သူ ယခင်က အနိုင်ယူခဲ့သည့် လန်ရှင်းဟန်ထက် ဆယ်ဆမက ပို၍ သန်မာသည်။
အင်မော်တယ်လောကတွင် သူ တွေ့ဖူးခဲ့သမျှ ပါရမီရှင်အားလုံးထဲမှာပင် ထိုကောင်၏ ပါရမီနှင့် အင်အားသည် သေချာပေါက် အသန်မာဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးက ရွှေရောင်ဝတ်စုံဝတ်အင်မော်တယ်နှစ်ပါးကို ကြည့်ကာ မေးလိုက်သည်။
ခံစားချက်ကင်းမဲ့သော သူ၏ လေသံကြောင့် ကောင်းကင်နှင့်မြေပြင်ကြားရှိ အေးစက်မှုများသည် ဤအချိန်၌ ရုတ်တရက် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် အင်မော်တယ်နှစ်ပါးက အလောတကြီးပင် တင်ပြလိုက်သည်။
“သူတော်စင်သားတော်ကို တင်ပြပါတယ်.. ဒီလူက ကျွန်တော်တို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို ပြဿနာ လာရှာနေလို့ပါ”
ဤအဖြူရောင်ဝတ်စုံဝတ် လူငယ်လေးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ သူတော်စင်သားတော် ဖြစ်သလို လက်ရှိ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်သည်။
ထို့အပြင် ရွှေအင်မော်တယ်အဆင့်ဖြင့်ပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည် သဘောပေါက်ထားသည့် တလော့အင်မော်တယ်တစ်ပိုင်း အဆင့်လည်း ဖြစ်သည်။
သူတော်စင်သားတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အဆင့်အတန်း အလွန်မြင့်မားသောကြောင့် မည်သူမျှ သွားမထိရဲသော အနေအထားမျိုး ဆိုလည်း မမှားပေ။
သိပ်မကြာခင်က သူတော်စင်သားတော်သည် တလော့အင်မော်တယ် အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး စစ်မှန်သော တလော့အင်မော်တယ် တစ်ပါး ဖြစ်လာခဲ့သည်။
ဆိုရလျှင် ယနေ့ခေတ် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ သူတော်စင်သားတော်၏ အင်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲမှ ဝါရင့်တလော့အင်မော်တယ် အများစုထက် လုံးဝ မနိမ့်ကျပေ။
“တကယ်ကြီး သူဖြစ်နေတာလား”
ထိုအချိန်မှာပင် သူတော်စင်သားတော်၏ အနောက်တွင် ရပ်နေသည့် အပြာရောင်ဝတ်စုံဝတ် အဘိုးအို တစ်ယောက်က မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို မြင်လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ထိုအဘိုးအို၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ထိုအပြာရောင်ဝတ်စုံဝတ် အဘိုးအိုမှာ ကျန်းချန်ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆီသို့ ခေါ်ဆောင်သွားခဲ့ဖူးသည့် ပိုင်မင်ချွမ်ပင် ဖြစ်သည်။
သူတော်စင်သားတော်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ပိုင်မင်ချွမ် ဆီသို့ ခေါင်းလှည့်၍ ကြည့်လိုက်သည်။
“အကြီးအကဲက ဒီကောင့်ကို သိလို့လား”
ပိုင်မင်ချွမ်က ခေါင်းညိတ်ပြလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“သူက လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော် ဆီကို ရောက်လာပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားဖို့ နေရာတစ်ခုတောင်းဆိုခဲ့ဖူးတယ်.. သူရဲ့ အံ့မခန်းပါရမီကြောင့် ဒီအဘိုးကြီးက သူနဲ့ မိတ်ဆွေ ဖြစ်ချင်တာနဲ့ပဲ သူ့ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ခေါ်သွားပေးခဲ့တယ်”
ကျန်းချန်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို ရောက်သွားပြီးနောက်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ပါရမီရှင်အားလုံးကို အပြတ်အသတ် အနိုင်ယူခဲ့ရုံတင်မက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထဲမှ ဓားရေကန်၏ အကြီးမားဆုံး အကျိုးကျေးဇူးများကိုပါ သိမ်းပိုက်သွားခဲ့ပြီး ထို့နောက်တွင်မူ တည်နေရာရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့ကို ထုတ်သုံးကာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်ဆီကို နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာပြီး တလော့အင်မော်တယ်အဆင့် အင်အားမျိုးကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု ပိုင်မင်ချွမ် ထင်မထားခဲ့ပေ။
သိထားရမည့်အချက်မှာ ကျန်းချန်သည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ထဲမှ အင်မော်တယ်ရေကန်၏ ဆေးကြောခြင်းကို ခံယူစဥ်က ဆိုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့်မျှသာ ရှိနေသေးသည်။
ထိုအချိန်က သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်သားတော်သည် တလော့အင်မော်တယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ဆယ်စုနှစ်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် သူတို့ သူတော်စင်သားတော်နှင့် ယှဥ်နိုင်သည့်အဆင့်ကို ရောက်ရှိသွားခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဤကဲ့သို့ ကြီးထွားနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
သူတော်စင်သားတော်က ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် ပိုင်မင်ချွမ်ကို ခပ်အေးအေးပင် ပြောလိုက်သည်။
“သူက အကြီးအကဲနဲ့ မိတ်ဆွေဟောင်းတွေ ဆိုမှတော့ ဒီကိစ္စကို အကြီးအကဲပဲ ကိုင်တွယ် ဖြေရှင်းလိုက်ပါ”
“ကောင်းပါပြီ”
ပိုင်မင်ချွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ရှေ့သို့ တက်လှမ်းလာခဲ့ကာ ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ငါတို့ မတွေ့ရတာတောင် အတော်ကြာပြီ.. မင်းအခုလို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီ ရောက်လာတာ ဘာကိစ္စရှိလို့လဲ ဆိုတာ ငါသိပါရစေ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အကြီးအကဲပိုင်မင် ကျွန်တော် ဒီတစ်ခေါက် ရောက်လာခဲ့တာက လူတစ်ယောက်ကို လာရှာရုံ သက်သက်ပါပဲ”
ထိုစဥ်က သူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို လာခဲ့စဥ်တွင် ပိုင်မင်ချွမ် ကဲ့သို့ တလော့အင်မော်တယ် အရှင်များသည် အမှန်တကယ်ပင် အဆင့်အတန်းမြင့်မားပြီး သူ့အနေဖြင့် လုံးဝ ယှဥ်ပြိုင်နိုင်စွမ်း မရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူက ယခင်က ကျန်းချန် မဟုတ်တော့ပေ။
သူက ထိုက်ယီအင်မော်တယ်တစ်ပါး ဖြစ်နေခဲ့ပြီး သာမန်တလော့အင်မော်တယ် ဆိုသည်မှာ သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်များနှင့် ဘာမျှ ကွာခြားမှု မရှိတော့ချေ။
ကျန်းချန်၏ စကားကိုကြားလျှင် ပိုင်မင်ချွမ်က အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်က ဘယ်သူ့ကို လာရှာနေတာလဲ ဆိုတာ သိပါရစေ”
ကျန်းချန်ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ခေါ်သွားပေးခဲ့သည့် တစ်ကြိမ်က လွဲ၍ သူတို့ ကြားတွင် ပတ်သက်မှု မရှိခဲ့ဖူးပေ။
ကျန်းချန်က အဘယ်ကြောင့် ရုတ်တရက်ကြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ထံတွင် လူလာရှာရပါသနည်း။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က စန်းယွင်ပြည်နယ်မှာ ရှိတဲ့ ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ လူနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့ဖူးတယ်.. တစ်ယောက်ရဲ့နာမည်က မုန့်ချင်းရွှယ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကူဖုန်းအာပဲ.. သူတို့ကို ကျွန်တော့်ဆီ လာတွေ့ခိုင်းလိုက်ပါ”
ကျန်းချန်၏ စကားဆုံးသည်နှင့် အမျှ ပိုင်မင်ချွမ် အပါအဝင် အားလုံးက မှင်တက်သွားခဲ့ကြသည်။
မုန့်ချင်းရွှယ်ဆိုသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က စန်းယွင်ပြည်နယ် ထဲရှိ ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ သူတို့ ရှာဖွေတွေ့ရှိခဲ့သည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။
ထိုအမျိုးသမီးသည် အံ့မခန်း ထူးချွန်သော ပါရမီကို ပိုင်ဆိုင်ထားပြီး သွေးမျိုးဆက်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံသည်လည်း ပြိုင်ဘက်ကင်း၍ သူမ၏ ပါရမီသည် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ သူတော်စင်သားတော်နှင့် နှိုင်းယှဥ်လျှင်ပင် များစွာ ပို၍ သာလွန်နေခဲ့သည်။
ထိုအကြောင်းကြောင့်ပင် မုန့်ချင်းရွှယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်ပြီးသည်နှင့် သူတော်စင်မိန်းကလေး အဖြစ် ချီးမြှင့်ခံခဲ့ရပြီး သူမ၏ အဆင့်အတန်းသည် သူတော်စင်သားတော်၏ အဆင့်အတန်းနှင့် အတူတူနီးပါး ရှိလာခဲ့သည်။
ကျန်းချန်က သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အသစ်စက်စက် ရာထူးတိုးမြှင့်ခံထားရသည့် သူတော်စင်မိန်းကလေး အတွက်ဖြင့် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူတို့ သေချာပေါက် မျှော်လင့်မထားခဲ့ပေ။
အခန်း(၂၉၆၄)ပြီး၏။