အခန်း ၂၉၆၅
Vol. 237 Ch. 2965
အခန်း (၂၉၆၅)
“ကောင်လေး မုန့်ချင်းရွှယ်က အခု ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ သူတော်စင်မိန်းကလေး ဖြစ်နေပြီ .. မင်းက သူတော်စင်မိန်းကလေးနဲ့ ဘာပတ်သက်မှုရှိလို့လဲ...ငါတို့ရဲ့ သူတော်စင်မိန်းကလေးက ဘယ်သူမဆို တွေ့ချင်တိုင်း တွေ့လို့ရတာ မဟုတ်ဘူး”
ထိုအချိန်မှာပင် သူတော်စင်သားတော်၏ ခက်ထန်သော စကားသံက ထွက်ပေါ်လာခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို မုန့်ချင်းရွှယ် ဝင်ရောက်လာကတည်းကပင် သူတော်စင်သားတော်သည် သူတော်စင်မိန်းကလေး အသစ်စက်စက် ဖြစ်သည့် မုန့်ချင်းရွှယ် အပေါ်တွင် အမြဲတစေ စိတ်ဝင်စားမှု ရှိခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ အင်မော်တယ်ဘုရင်နှင့် အကြီးအကဲများကပါ သူတော်စင်သားတော်နှင့် မုန့်ချင်းရွှယ် ပေါင်းဖက်နိုင်ဖို့အတွက် သဘာဝကျစွာပင် မျှော်လင့်နေခဲ့ကြသည်။
ထိုနှစ်ယောက်သည် လူတစ်သောင်းတွင် တစ်ယောက်ပေါ်ထွက်ခဲသည့် ပြိုင်ဘက်ကင်း ပါရမီရှင်များပင် မဟုတ်ပါလော။
သူတော်စင်သားတော်ထံတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက် ရှိနေပြီး မုန့်ချင်းရွှယ်၏ သွေးမျိုးဆက် သည်လည်း အလွန်တရာပင် ထူးခြား ဆန်းပြားသည်။
အကယ်၍ ထိုနှစ်ယောက်သာ ပေါင်းဖက်ခွင့်ရမည် ဆိုလျှင် ပေါ်ပေါက်လာမည့် မျိုးဆက်သစ်များ၏ ပါရမီသည် ပို၍ပင် အစွမ်းထက်ဖွယ် ရှိနိုင်၏။
ယင်းကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အနေဖြင့် မြင်တွေ့လိုက်သည်မှာ သံသယဖြစ်စရာမလိုပေ။
ထိုအကြောင်းကြောင့်ပင် သူတော်စင်သားတော်သည် မုန့်ချင်းရွှယ်ကို သူ၏ အနာဂတ် ဇနီးလောင်း အဖြစ် သဘောထားခဲ့သည်။
ယခု ဤကောင်လေးက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သို့ လာပြီး မုန့်ချင်းရွှယ်ကို လာရောက်ရှာဖွေနေသည် ဖြစ်ရာ မုန့်ချင်းရွှယ်နှင့် ထူးခြားသော ပတ်သက်မှုရှိနေမှန်း သိသာနေခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ကျန်းချန်နှင့် မုန့်ချင်းရွှယ်ကို မည်ကဲ့သို့ တွေ့ဆုံခွင့် ပေးနိုင်ပါမည်နည်း။
ကျန်းချန်က သူတော်စင်သားတော်ကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။
သူ၏ အကြည့်က ပိုင်မင်ချွမ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
“အကြီးအကဲပိုင်မင်.. အကြီးအကဲက ကျွန်တော့်ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ခေါ်သွားပေးခဲ့ဖူးတဲ့ အတွက် ကျွန်တော် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နဲ့ ရန်သူမဖြစ်ချင်ဘူး.. မုန့်ချင်းရွှယ်ကို ထွက်လာပြီး ကျွန်တော်နဲ့ လာတွေ့ခိုင်းလိုက်ပါ”
ပိုင်မင်ချွမ်က ပါးစပ်ဟလိုက်သော်လည်း အဆုံးသတ်တွင် ဘာစကားမျှ ပြောမထွက်ခဲ့ပေ။
ကျန်းချန်က ပြိုင်ဘက်ကင်း ပါရမီရှိပြီး နောက်ခံက သာမန်မဟုတ်မှန်း သိထားသော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အကြီးအကဲတစ်ယောက် ဖြစ်၍ သူ့အနေဖြင့် ဤအချိန်တွင် သူတော်စင်သားတော်၏ ဘက်ကနေ ရပ်တည်ရလိမ့်မည် ဖြစ်သည်။
ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်အား မြင်လျှင် သူတော်စင်သားတော်၏ မျက်ဝန်းထဲတွင် အရှက်တရားနှင့် ဒေါသရိပ်များ ယှက်သန်းသွားခဲ့သည်။
“မင်းလိုကောင်ကများ ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နဲ့ ရန်သူလုပ်ချင်နေတာလား.. ကောင်းပြီလေ.. မင်းက ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ ရန်သူဖြစ်ချင်နေတယ် ဆိုတော့ မင်းမှာ ဘယ်လောက်အထိ အရည်အချင်းရှိလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
သူတော်စင်သားတော်က စကားဆုံးသည်နှင့် ရှေ့သို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်သည်။
သူက ခန္ဓာကိုယ်မှ တလော့အရှိန်အဝါဖြင့် ကျန်းချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့်ပင် နေရာတွင် ရပ်နေခဲ့ပြီး သူတော်စင်သားတော်၏ တလော့အရှိန်အဝါကို အမှုမထားခဲ့ပေ။
သူက မထီမဲ့မြင် အမူအရာဖြင့် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ဒါက မင်းရဲ့ခွန်အားလား.. မင်းက အရမ်းကို အားနည်းလွန်းတာပဲ”
သူတော်စင်သားတော်သည် တလော့အင်မော်တယ် အဆင့်ကို ယခုမှ ထိုးဖောက်ခါစသာ ရှိသေးသည်။
သူတော်စင်သားတော်၏ ပါရမီက အားမနည်းသော်လည်း ကျန်းချန်၏ မျက်လုံးထဲတွင်မူ သာမန်လောက်သာ ဖြစ်သည်။
ထိုက်ယီအင်မော်တယ်အဆင့်ကို မတက်လှမ်းနိုင်ခင်ကတည်းကပင် ကျန်းချန်သည် သူတော်စင်သားတော်ကို အလွယ်တကူ နှိမ်နင်းပစ်နိုင်သည်ဟု ယုံကြည်ချက် ရှိခဲ့သည်။
ယခုလို ထိုက်ယီအင်မော်တယ် အဆင့်ကို တက်လှမ်းပြီးနောက်တွင်မူ ပြောနေစရာပင် မလိုတော့ပေ။
“သွားသေလိုက်တော့”
ကျန်းချန်က သူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် မထီမဲ့ပြင်ပြုနေသည်ကို မြင်လိုက်ရလျှင် သူတော်စင်သားတော်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်ကြားရှိ အေးစက်သော လေထုသည်လည်း ဤအချိန်တွင် ရုတ်တရက် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားခဲ့၏။
ကောင်းကင်ယံကနေ နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းလာခဲ့ပြီး တစ်ခဏအတွင်းမှာပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးသည် နှင်းပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အဝေးကနေ ကြည့်လျှင် ငွေရောင်အလွှာဖြင့် လွှမ်းခြုံထားသကဲ့သို့ အလွန်အမင်း ဆွဲဆောင်မှု ရှိနေခဲ့၏။
သူတော်စင်သားတော်က ဝင့်ကြွားစွာ မတ်တတ်ရပ်နေခဲ့ပြီး ကောင်းကင်ယံကနေ ကျဆင်းလာသည့် နှင်းပွင့်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်ကာ ဝဲပျံနေကြသည်။
နူးညံ့ပျော့ပျောင်းသည်ဟု ထင်ရသော နှင်းပွင့်များသည် တကယ်တမ်းတွင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်၍ ဟင်းလင်းပြင်ထဲတွင် မျက်စိဖြင့် မြင်နိုင်သော အက်ကြောင်းများ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာစေခဲ့သည်။
“မင်းက ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီ လာရောက်ရမ်းကားဖို့ အထိ အရည်အချင်း မရှိသေးဘူး.. သေဖို့သာ ပြင်ထားပေတော့”
သူတော်စင်သားတော်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ မျက်ခုံးနှစ်ခုကြားမှ နှင်းပွင့်ပုံသဏ္ဌာန်အမှတ်အသားသည် အနည်းငယ် လင်းလက်သွားခဲ့ပြီး သူ၏ ဘေးပတ်ပတ်လည်တွင် ပျံဝဲနေသည့် နှင်းပွင့်များသည် ရုတ်တရက် စုစည်းသွားခဲ့ကာ သုံးပေခန့် ရှည်လျားသည့် ရေခဲဓားမြှောင်တစ်လက် အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူတော်စင်သားတော်က လက်ဟန်များ ပြုလုပ်လိုက်ရာ ထိုသုံးပေခန့် ရှည်လျားသည့် ရေခဲဓားမြှောင်သည် ကောင်းကင်ဖုံးလွှမ်းမတတ် အေးစက်သော စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ သူတော်စင်သားတော် ဖြစ်သည့်အလျောက် သူတော်စင်သားတော်သည် ပါရမီအရာတွင် ထူးချွန်ရုံသာ မကဘဲ အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်၍ နက်ရှိုင်းသော နောက်ခံအင်အား ရှိသည်။
သူက တလော့အင်မော်တယ် အဆင့်ကို ယခုမှ ထိုးဖောက်ခါစသာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေခဲ့သည်။
သူ၏ ဘာမှမဟုတ်သလို ထင်ရသော ဤတိုက်ခိုက်မှုသည် သာမန် တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူ ကို မသေခဲ့လျှင်ပင် အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရရှိအောင် ပြင်းထန်၏။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ကျန်းချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည့် သုံးပေခန့် ရှည်လျားသော ဓားမြှောင်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ပြီး ထို့နောက်တွင် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် သူတော်စင်သားတော်ဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
ယင်းနောက်တွင်မူ သူတော်စင်သားတော်ထံကနေ ညည်းညူသံ တစ်ချက် ထွက်ပေါ်လာခဲ့ပြီး သူတော်စင်သားတော်၏ ခန္ဓာကိုယ် တစ်ခုလုံးက ဟင်းလင်းပြင်ထဲတွင် ခြေဆယ်လှမ်းထက်မက ဆက်တိုက်ဆိုသလို နောက်ဆုတ်လိုက်ရသည်။
သူတော်စင်သားတော်က သူ၏ ခန္ဓာကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ရ၏။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။
သူတော်စင်သားတော်၏ အနောက်မှ ကျန်းချန်၏ ပါရမီကို မြင်ဖူးထားသော ပိုင်မင်ချွမ်က လွဲလျှင် ကျန်ရှိသူအားလုံးသည် ဤအချိန်တွင် မျက်လုံးများ ပြူးကျယ်ကာ မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့၏ သူတော်စင်သားတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အစွမ်းထက်ဆုံးပါရမီရှင် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲရှိ ရွယ်တူ ပါရမီရှင်အားလုံးကို နှစ်ပေါင်းရာချီ ဖိနှိပ်ထားနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် သူတော်စင်သားတော်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အပြတ်အသတ် အသာစီးဖြင့် အနိုင်ရရှိသွားလိမ့်မည်ဟု သူတို့ ဘယ်လိုမှ ထင်မှတ်မထားခဲ့ပေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲမှာ ဘယ်အချိန်က ဒီလောက်အထိ မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုး ပေါ်ထွက်လာခဲ့တာလဲ”
“မင်းက အရမ်းကို အားနည်းလွန်းပါတယ်လို့ ငါပြောခဲ့သားပဲ”
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ရင်း သူတော်စင်သားတော်ကို အေးစက်စက် ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မထီမဲ့မြင် အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
“မင်း သိပ်ပြီး မောက်မာမနေနဲ့.. ငါခုနက မင်းကို လျှော့တွက်သွားမိလို့ပဲ.. အခု ငါ့ရဲ့တကယ့်စွမ်းရည်ကို မင်း အမြင်ကျယ်အောင် ပြသပေးမယ်”
သူတော်စင်သားတော်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အထက်ကောင်းကင်ယံရှိ အရပ်မျက်နှာအနှံ့ကနေ အင်မော်တယ်စွမ်းအင် အဆီအနှစ်များကို မျက်စိတစ်မှိတ်အတွင်း သူ့ဆီသို့ စုစည်းလိုက်ကာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို ရေခဲနှင့် နှင်း ကမ္ဘာကြီး အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲနှင့်နှင်းများသည် ဟင်းလင်းပြင်ထဲတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဟင်းလင်းပြင်ထဲတွင် အရှင်လတ်လတ် အေးခဲပစ်တော့မည့်အလား ဖြစ်နေခဲ့၏။
“ဒီလိုကလေးကလား လှည့်ကွက်လေးနဲ့များ ငါနဲ့ ရင်ဆိုင်ချင်နေသေးတယ်”
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် ဟင်းလင်းပြင်ထဲတွင် ဓားအလင်း ထောင်ပေါင်းများစွာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်၏ သူတော်စင်သားတော် အင်မော်တယ်စွမ်းအားဖြင့် စုစည်းထားသည့် ရေခဲနှင့်နှင်းကမ္ဘာကြီးကဲ့သို့ မြားမိုးများ ရွာသွန်းလိုက်သည့်နှယ် တိုက်ရိုက်ဆိုသလို ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရေခဲနှင့်နှင်းကမ္ဘာသည် ရုတ်တရက် ဇကာပေါက် ကဲ့သို့ အပေါက်အပြဲများ ဖြစ်သွားခဲ့ရသည်။
နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့နေသော ရေခဲနှင့်နှင်းများ အားလုံးသည် တိုက်ရိုက်ဆိုသလို ပေါက်ကွဲထွက်သွားခဲ့၏။
“ဝုန်း.”
ရေခဲနှင့်နှင်းကမ္ဘာကြီး ပေါက်ကွဲသွားပြီးနောက်တွင် သူတော်စင်သားတော်သည် ရှောင်တိမ်းရန် အချိန်ရလိုက်ပေ။
ထိုပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေဖြင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အဝေးသို့ လွင့်စင်သွားခဲ့သည်။
“သူတော်စင်သားတော်..”
ပိုင်မင်ချွမ်က မျက်နှာပျက်သွားခဲ့ပြီး အလျင်အမြန်ပင် ရှေ့သို့တက်လှမ်းကာ သူတော်စင်သားတော်၏ ခန္ဓာကိုယ်ဟန်ချက်ကို ကူထိန်းပေးလိုက်ရသည်။
“ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ”
သူတော်စင်သားတော်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။
သူ၏ စိတ်နှလုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့၏။
သူက သူတော်စင်သားတော် ဖြစ်သည့်အလျောက် ပြိုင်ဘက်ကင်းပါရမီနှင့် ထူးခြားဆန်းကြယ်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အမွေအနှစ် အများအပြားကိုပါ ရရှိထား၍ သူ၏ ကိုယ်ပိုင်အင်အား အပေါ်တွင် အလွန်အမင်း ယုံကြည်ချက်ရှိခဲ့သည်။
ဤနှစ်များအတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ မျိုးဆက်သစ်များ ထဲတွင် သူက လုံးဝပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး သူ့ကို ယှဥ်ပြိုင်နိုင်သည့်သူ ဟူ၍ မရှိသလောက်ပင်။
သို့သော်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရင်ဆိုင်ရသောအခါတွင် တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် သူ့အနေဖြင့် တုံ့ပြန် တိုက်ခိုက်ရန်ပင် အင်အားမရှိသည်အထိ ဖြစ်နေခဲ့သည်။
“ဒီကောင်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”
ပိုင်မင်ချွမ်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက်တွင် မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ကျန်းချန်.. မင်းက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ဆီကို လာပြီး ပြဿနာလာရှာတယ်.. ဒါ့အပြင် ငါတို့ သူတော်စင်သားတော်ကိုလည်း ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့တယ် မင်းတကယ်ပဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နဲ့ ရန်သူဖြစ်ချင်နေပြီလား”
အခန်း(၂၉၆၅)ပြီး၏။