← Chapters

အခန်း ၂၉၆၆

Vol. 237 Ch. 2966

အခန်း ၂၉၆၆

Vol. 237 Ch. 2966

အခန်း (၂၉၆၆)

“ငါသာ တကယ်ပဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နဲ့ ရန်သူ ဖြစ်ချင်ရင် မင်းတို့ သူတော်စင်သားတော်က အခုလောက်ဆို သေလူ ဖြစ်နေလောက်ပြီ”

ကျန်းချန်က ပိုင်မင်ချွမ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“အကြီးအကဲပိုင်မင် မုန့်ချင်းရွှယ်ကို ငါ့ဆီ အမြန်ဆုံးလာတွေ့ခိုင်းလိုက်ပါ.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

အကယ်၍ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို မစုပ်ယူရသေးခင်က ဆိုလျှင် သူတော်စင်သားတော် ကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် အင်အားစုကနေ ဆင်းသက်လာသည့် တလော့အဆင့် ပါရမီရှင်တစ်ယောက်ကို ရင်ဆိုင်ရခြင်းသည် သူ့အတွက် အနည်းငယ် အားထုတ်မှုလိုအပ်ချင် လိုအပ်ပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင်မူ ကျန်းချန် အတွက် သူတော်စင်သားတော်ကို အနိုင်ယူရန်မှာ လက်ဖျောက် တစ်ချက်တီးရုံမျှသာ ရှိ၏။

သူတော်စင်သားတော်ကို သူ အသေမသတ်ခဲ့သည့် အကြောင်းအရင်းမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ရန်သူ မဖြစ်ချင်သောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေကာမူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို အုပ်ချုပ်နေသည့် အင်မော်တယ်ဘုရင်အဆင့်အင်အားစု ဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်ကိုယ်တိုင် တာဝန်ယူအုပ်ချုပ်နေသည် မဟုတ်ပါလော။

ထျန်းယွမ်ခန်းမထဲမှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူပြီးနောက်တွင် ကျန်းချန်၏ အင်အားသည် တစ်ဟုန်ထိုး တိုးတက်သွားသည်ဆိုသော်လည်း အင်မော်တယ်ဘုရင် အဆင့်ကို ရင်ဆိုင်ရန်အတွက်မူ များစွာ လိုအပ်နေပါသေးသည်။

“ဟမ့်.. ငါတို့ရဲ့ သူတော်စင်မိန်းကလေးကို မင်းတွေ့ချင်တိုင်း တွေ့ခွင့်မရှိဘူး”

သူတော်စင်သားတော်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်သည်။

‘အကြီးအကဲတို့.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ လာရောက်ရမ်းကားနေတဲ့ ဒီကောင်ကို ငါ့အတွက် ဖမ်းဆီးပေးကြစမ်း”

“ကောင်လေး ငါမင်းနဲ့ ရင်ဆိုင်မယ်”

ထိုအချိန်မှာပင် အရပ်အမောင်း မြင့်မားသည့် တလော့အင်မော်တယ် တစ်ပါးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူတော်စင်သားတော်၏ အနောက်ကနေ ပျံသန်းလာခဲ့သည်။

သူက ကြီးမားသော ရေခဲပုဆိန် တစ်လက်ကို ထုတ်ယူလိုက်ပြီး ကျန်းချန်ကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်ထဲတွင် ကြီးမားသော ရေခဲမြစ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အလွန်တရာအေးစက်သော ချမ်းစိမ့်မှုများနှင့် အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန် ဆီသို့ ပျံ့နှံ့လာခဲ့သည်။

“ထိုက်ယီအဆင့် အင်မော်တယ်လက်နက် ဖြစ်တဲ့ ယွမ်ပင်းအင်မော်တယ်ပုဆိန်ကို မင်း ဘယ်လိုခုခံနိုင်မှာလဲ”

ထိုမြင်ကွင်းကိုမြင်လျှင် သူတော်စင်သားတော်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယွမ်ပင်းအင်မော်တယ်ပုဆိန်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်၏ နာမည်ကျော်ကြားသော ထိုက်ယီအဆင့် အင်မော်တယ် လက်နက်တစ်ခု ဖြစ်သည်။

အရှင်ပင်းခွေ၏ အင်အားနှင့် ထိုက်ယီအင်မော်တယ်အဆင့်လက်နက် ဖြစ်သည့် ယွမ်ပင်း အင်မော်တယ်ပုဆိန်ကို ပေါင်းစပ်လိုက်မည် ဆိုလျှင် တလော့အင်‌မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အလွယ်တကူ ခုခံနိုင်ရန် မသေချာပေ။

သို့သော်လည်း သူတော်စင်သားတော်က အရှင်ပင်းခွေ၏ တိုက်ခိုက်မှုကို ကျန်းချန် မခုခံနိုင်လောက်ဟု ထင်မှတ်နေသောအချိန်မှာပင် သူ့ကို တုန်လှုပ်ချောက်ချားသွားစေသည့် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ကျန်းချန်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့ထံသို့ ပျံ့နှံ့လာသည့် ရေခဲမြစ်ကြီးကို ချေမှုန်းပစ်လိုက်သည်။

ရေခဲမြစ်ကို ချေမှုန်းပြီးနောက်တွင် လက်သီးစွမ်းအားသည် လျော့ပါးမသွားဘဲ အရှင်ပင်းခွေ၏ လက်ထဲတွင်ရှိသည့် ယွမ်ပင်း အင်မော်တယ်ပုဆိန်ပေါ်သို့ တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

“ထန်..”

တုန်လှုပ်ချောက်ချားစရာ ကောင်းသည့် သတ္တုချင်း ထိရိုက်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ထိုက်ယီအင်မော်တယ်အဆင့်လက်နက်ဖြစ်သည့် ယွမ်ပင်း အင်မော်တယ်ပုဆိန် ပေါ်တွင် လက်သီးရာ တစ်ခု အက်ထင်သွားခဲ့သည်။

ထို့အပြင် အရှင်ပင်းခွေ၏ ခန္ဓာကိုယ်ကလည်း ကြောက်မက်ဖွယ်စွမ်းအား၏ ရိုက်ခတ်မှုကြောင့် မီတာရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

လက်သီးချက် တစ်ချက်တည်းဖြင့်ပင် ထိုက်ယီအဆင့် အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ထားသည့် အရှင်ပင်းခွေသည် ရှုံးနိမ့်သွားခဲ့ရချေပြီ။

ဤမြင်ကွင်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း တစပြင်နှယ် ဖြစ်သွားစေခဲ့ပြီး လူတိုင်းသည် မှင်တက်သွားခဲ့ကြကာ အချိန်အတော်ကြာသည် အထိ ပြန်လည် သတိမဝင်လာနိုင် ဖြစ်သွားခဲ့ကြသည်။

“ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

သူတော်စင်သားတော်၏ မျက်ဝန်းများက ပြူးကျယ်နေခဲ့ပြီး ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

ထိုက်ယီအဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် ယွမ်ပင်းအင်မော်တယ်ပုဆိန်ကို ကိုင်ဆောင်ထားသော အရှင်ပင်းခွေ၏ တိုက်ခိုက်ရေးစွမ်းရည်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ် နန်းတော်မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ငါးဦး ထဲတွင် ပါဝင်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်သည်ပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ လက်ချက်ဖြင့် လွင့်စင်သွားခဲ့ရသည်။

“ဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးရဲ့ အထောက်အထားက ဘာများလဲ.. သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားရတာလဲ”

“တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ပါလား.. ဒီအရှင် မင်းနဲ့ ရင်ဆိုင်မယ်”

ထိုအချိန်မှာပင် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် သူတော်စင်သားတော်၏ နံဘေးကနေ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး သူ၏ ခါးတွင် ချိတ်ဆွဲထားသည့် ခရစ္စတယ်ပုလင်းကို သူ၏ လက်ဝါးဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ငွေရောင်မြစ်ကြီး တစ်စင်းသည် ခရစ္စတယ်ပုလင်းထဲကနေ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

အစပိုင်းတွင် ငွေရောင်မြစ်ကြီးသည် ဆယ်ပေခန့်ပင် မပြည့်သည့် မြစ်ကျဥ်းလေး တစ်ခုမျှသာ ဖြစ်သော်လည်း ဟင်းလင်းပြင်ထဲတွင် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။

အဆုံးသတ်တွင်မူ ငွေရောင်မြစ်ကြီးသည် ကောင်းကင်မြစ်ကြီး တစ်စင်းအဖြစ် တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံတွင် ကန့်လန့်ဖြတ် တည်ရှိနေခဲ့သည်။

အရှင်ယွမ်ဟဲ ဆိုသည်မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး ထဲမှ တစ်ဦး ဖြစ်သည်။

ယခု အရှင်ယွမ်ဟဲက ဤတိုက်ကွက်တွင် သူ၏ ခွန်အားရှိသမျှကို အစွမ်းကုန် ထုတ်သုံးလိုက်သည် ဖြစ်ရာ ထိုတိုက်ကွက်၏ စွမ်းအားသည် အရှင်ပင်းခွေ၏ ပုဆိန်တိုက်ကွက်ထက် နှစ်ဆမက ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

“သွားစမ်း”

အရှင်ယွမ်ဟဲက ကောင်းကင်မြစ်ကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ဆီသို့ လက်ညှိုး ညွှန်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

‌ငွေရောင်ကောင်းကင်မြစ်ကြီးက အနှိုင်းမဲ့ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲစွမ်းအားများနှင့် အတူ ကျန်းချန်ဆီသို့ တစ်ဟုန်ထိုး စီးဆင်းလာခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် ကျန်းချန်၏ ဦး‌ခေါင်းအထက်ရှိ ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ်အတွင်း နစ်မြုပ်သွားစေခဲ့၏။

ဤတိုက်ခိုက်မှုကို တလော့အင်မော်တယ် အဆင့်တွင် ခုခံနိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

“ဝုန်း..”

ကျန်းချန်က ထုံးစံအတိုင်းပင် လက်သီးချက် တစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။

သူ၏ လက်သီးချက်သည် တစ်ဟုန်ထိုး စီးဆင်းကျလာသည့် ကောင်းကင်မြစ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့ပြီး ကောင်းကင်မြစ်ကြီး တစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေခဲ့သည်။

အရှင်ယွမ်ဟဲ ထံမှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဟင်းလင်းပြင်တွင် ခြေဆယ်လှမ်းမက နောက်သို့ ဆုတ်သွားခဲ့ရသည်။

“လက်သီးတစ်ချက်တည်းနဲ့ တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် အရှင်ယွမ်ဟဲကလည်း ရှုံးနိမ့်သွားရပြန်ပြီလား”

ကျန်းချန်က ဝင့်ကြွားစွာ ရပ်နေရင်း သူတော်စင်သားတော်တို့လူစုကို လှမ်းကြည့်လိုက်သည်။

“နောက်ထပ် ဘယ်သူလာဦးမလဲ”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တလော့အဆင့် အကြီးအကဲများသည် ဤအချိန်တွင် ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး မည်သူ့ကို ရှေ့ကို တက်လှမ်းရန် မဝံ့ရဲကြတော့ပေ။

အရှင်ပင်းခွေနှင့် အရှင်ယွမ်ဟဲတို့ နှစ်ယောက်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ တလော့အင်မော်တယ်များထဲတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အထူးသဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တစ်ခုလုံးတွင် အရှင်ယွမ်ဟဲကို အနိုင်ယူရန် သေချာပေါက် ယုံကြည်ချက်ရှိသည့် တလော့အင်မော်တယ်မှာ မရှိသလောက်ပင်။

ထိုကဲ့သို့ အရှင်ယွမ်ဟဲပင်လျှင် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ရှေ့တွင် အပြတ်အသတ်ရှုံးနိမ့်သွားခဲ့ရသည်။

ယင်းမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် တလော့အဆင့်ကို ကျော်လွန်နေပြီး အနည်းဆုံး ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မောယ်တယ် အဆင့်ထက်ပင် လုံးဝ မနိမ့်ကျမှန်း သက်သေပြနေသည် မဟုတ်ပါလော။

“သူတော်စင်သားတော်.. ဒီကောင်က အရမ်းကို မွန်းစတားဆန်လွန်းတယ်.. အခု မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အချိန် ဖြစ်လို့ သူနဲ့ ရန်သူလုပ်ဖို့ မသင့်တော်ဘူး.. သူတော်စင်မိန်းကလေးကို ထွက်တွေ့ခိုင်းလိုက်ရင်ရော ဘယ်လိုသဘောရလဲ”

ပိုင်မင်ချွမ်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် သူတော်စင်သားတော်ကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။

ကျန်းချန်၏ လက်ရှိအင်အားကို မြင်တွေ့ပြီးနောက်တွင် ပိုင်မင်ချွမ်သည်လည်း အနည်းငယ် တုန်လှုပ်ချောက်ချားနေခဲ့သည်မှာ ထင်ရှား၏။

ဤနေရာတွင် ရှိနေကြသူ အားလုံးထဲတွင် သူတစ်ယောက်တည်းသာ ကျန်းချန်နှင့် အချိန်ကာလတစ်ခု အထိ ဆက်ဆံဖူးသူ ဖြစ်၍ ကျန်းချန်၏ အကြောင်းကို သဘာဝကျစွာပင် သူအသိဆုံးဖြစ်သည်။

ကျန်းချန်၏ ပါရမီက မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ပိုင်မင်ချွမ်သည် ဤနေရာရှိ မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိထားခဲ့၏။

ထိုကောင်လေးသည် အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်တစ်ခုထက်မကကို ပိုင်ဆိုင်ထားပြီး နောက်ခံကလည်း လျှို့ဝှက်ဆန်းကြယ်ကာ ပါရမီအရာတွင်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေလောက်သည်အထိ မွန်းစတားဆန်လွန်းနေခဲ့သည်။

ဆယ်စုနှစ် အနည်းငယ်မျှ ကာလအတွင်းမှာပင် ထိုကောင်လေးသည် ကောင်းကင်အင်မော်တယ် အဆင့်ကနေ သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ တလော့အင်မော်တယ် အားလုံးကို ဖိနှိပ်ထားနိုင်သောအဆင့်အထိ ကြီးထွားလာခဲ့သည်။

အကယ်၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်အနေဖြင့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင်နှင့် ရန်သူ ဖြစ်ရမည် ဆိုလျှင် ယင်းမှာ သေချာပေါက် ဥာဏ်ရှိသော ရွေးချယ်မှုတစ်ခုမဟုတ်ပေ။

“ဟမ့်.. ဒီကောင်က ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို လာပြီး ပြဿနာရှာတယ်.. ဒါ့အပြင် ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲတွေကိုလည်း အရှက်ရစေတယ်.. တကယ်လို့ ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ဒီကိစ္စအပေါ် အလျှော့ပေးလိုက်မယ် ဆိုရင် နောက်နောင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို ဘယ်လိုမျက်နှာနဲ့ ဦးဆောင်ရတော့မှာလဲ”

သူတော်စင်သားတော်က နှာခေါင်းရှုံ့ကာ‌ အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

“အကြီးအကဲတို့ ငါနဲ့အတူ ပူးပေါင်းပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ လာရောက် ရမ်းကားတဲ့သူကို ဖမ်းဆီးကြစို့”

အခန်း(၂၉၆၆)ပြီး၏။

All Chapters