အခန်း ၂၉၆၈
Vol. 237 Ch. 2968
အခန်း (၂၉၆၈)
“နန်းတော်သခင်ကို ဂါဝရပြုပါတယ်”
ပိုင်မင်ချွမ်တို့လူစုက ဝင့်ကြွားစွာ ရပ်နေသည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို အလွန်ရိုသေကိုင်းရှိုင်းသော အမူအရာဖြင့် အလျင်အမြန်ပင် ဦးညွှတ်လိုက်ကြသည်။
မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်က ပိုင်မင်ချွမ်တို့ကို လျစ်လျူရှုလိုက်ပြီး သူတော်စင်သားတော်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားထဲမှာ ငါ့ရဲ့ စွမ်းအားတစ်ခုကို ချိတ်ပိတ်ပေးထားခဲ့တာက သေရေးရှင်ရေး အချိန်ကျရင် မင်းရဲ့အသက်ကို ကယ်တင်ဖို့အတွက်ပဲ.. မင်းက ဘာလို့ အလွယ်တကူ ထုတ်သုံးနေတာလဲ”
“ဘိုးဘေး.. ဒီလူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို လာပြဿနာရှာနေလို့ပါ.. တကယ်လို့ ကျွန်တော်သာ သူ့ကို မနှိမ်နင်းလိုက်ရင် ကျွန်တော်တို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က နောက်နောင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို ဘယ်လိုမျက်နှာနဲ့ ဦးဆောင်ရတော့မှာလဲ”
သူတော်စင်သားတော်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
“ဒီကိစ္စကို ငါသိပြီးပြီ.. မင်းနောက်ဆုတ်လိုက်တော့”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီးနောက်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
“မင်းနဲ့မုန့်ချင်းရွှယ်က ဘယ်လို ပတ်သက်မှုမျိုး ရှိနေလဲ”
“မုန့်ချင်းရွှယ်က ကျွန်တော့်ရဲ့ မိန်းမပဲ”
ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို ကြည့်ကာ ခပ်တည်တည်ပင် ပြောလိုက်သည်။
“ဘာလဲ.. ကျွန်တော်က ကိုယ့်မိန်းမနဲ့ ကိုယ်တွေ့မှာကိုတောင် စီနီယာက တားဆီးချင်လို့လား”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ဒီဘုရင်က မင်းကို တားဆီးမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ မင်းကို နားလည်စေချင်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ်.. မုန့်ချင်းရွှယ်က အခုအချိန်မှာ ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ သူတော်စင်မိန်းကလေး ဖြစ်နေပြီ”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အကုန်အစင် သိထားခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အနှိုင်းမဲ့ပါရမီကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထိုလူငယ်လေးသည် ထိုက်ယီအင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့် အပြင် နောက်ခံကလည်း ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်း၏။
ဥပမာအားဖြင့် အစောပိုင်းက ထိုလူငယ် အသုံးပြုခဲ့သည့် အင်မော်တယ်နည်းစနစ် ဆိုလျှင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲမှ ကျိုလီအင်မော်တယ်ဘုရင် ကိုယ်တိုင် တီထွင်ခဲ့သည့် ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ် နည်းစနစ် ဖြစ်နေသည် မဟုတ်ပါလော။
သူ၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်ကို နှိမ်နင်းရန်မှာ အလွန်တရာ လွယ်ကူသော်လည်း အကယ်၍သာ ကျန်းချန်၏ နောက်ကွယ်တွင်ရှိသည့် အင်အားစုကို သွားရောက်ဆွမိမည်ဆိုလျှင် ယင်းသည် သေချာပေါက် ဥာဏ်ရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။
ထိုအကြောင်းကြောင့်ပင် သူတော်စင်သားတော်က သွေးမျိုးဆက် စွမ်းအားထဲတွင် သူချိတ်ပိတ်ထားသည့် စွမ်းအားကို အသက်သွင်းလိုက်ပြီးသည့်နောက် သူကိုယ်တိုင် ထွက်လာပြီး တားဆီးခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း မုန့်ချင်းရွှယ်၏ ပါရမီက အလွန်တရာပင်ထူးခြားပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ သူ၏ အင်အားရှိသမျှ အကုန်ထုတ်သုံးပြီး ပျိုးထောင်ပေးထားခဲ့သည့် သူတော်စင်သားတော်နှင့်ယှဥ်လိုက်မည် ဆိုလျှင်ပင် လုံးဝနိမ့်ကျမနေခဲ့ပေ။
ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် မုန့်ချင်းရွှယ်ကို အလွယ်တကူ လက်လွှတ် ဆုံးရှုံမခံချင်ခဲ့ချေ။
သူ့အနေဖြင့် သူတော်စင်သားတော်နှင့် နေရာချထားပေးမည့် အတွေးကို လက်လွှတ်နိုင်သော်လည်း မုန့်ချင်းရွှယ်ကိုမူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင်သာ ဆက်လက် ထိန်းသိမ်းထားလိုခဲ့သည်။
ယင်းမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ဥာဏ်ရှိသော ရွေးချယ်မှု ဆိုလည်းမမှားပေ။
ထိုနည်းလမ်းအားဖြင့်သာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်အနေဖြင့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည့် အပြင် ကျန်းချန်၏ နောက်ကွယ်တွင်ရှိသည့် အင်အားစုနှင့်ပါ မိတ်ဆွေဖြစ်သွားနိုင်သည် ဖြစ်ရာ ယင်းသည် မြားတစ်စင်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချခြင်းဟုပင် ဆိုနိုင်သည် မဟုတ်ပါလော။
ဤအကြောင်းကြောင့်ပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် မုန့်ချင်းရွှယ်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ လူဖြစ်သည်ဟု ကျန်းချန်ကို အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။
ကျန်းချန်က ငတုံးငအ မဟုတ်သောကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ဆိုလိုရင်းကို သဘာကျစွာပင် ချက်ချင်းဆိုသလို နားလည်ခဲ့သည်။
သူက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“တကယ်လို့ မုန့်ချင်းရွှယ်ကိုယ်တိုင်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ ဆက်လက်နေချင်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကလည်း သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်မယ်ဆိုရင် ကျွန်တော့်ဘက်က ဘာပြဿနာမှ မရှိပါဘူး”
ယခုအခါတွင် အင်မော်တယ်လောကသည် လှိုင်းလေထန်နေခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ကိစ္စများ ပြီးသွားလျှင်ပင် သူ့အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကို ထပ်မံ သွားရောက်ရဦးမည် ဖြစ်သည်။
အကယ်၍ သူသာ မုန့်ချင်းရွှယ်ကို တစ်ပါတည်း ခေါ်သွားမည်ဆိုလျှင် မုန့်ချင်းရွှယ်၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် ဆိုလျှင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ကိုယ်တိုင် ရှိနေသဖြင့် မုန့်ချင်းရွှယ် အတွက် ပို၍ပင် ဘေးကင်းလုံခြုံလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် မုန့်ချင်းရွှယ် ကိုယ်တိုင်ကသာ ဆန္ဒရှိမည်ဆိုလျှင် ကျန်းချန်က သူမကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် ဆက်လက် ကျင့်ကြံခွင့်ပြုရန် စိတ်ထဲထားနေမည် မဟုတ်ပေ။
“စိတ်ချပါ.. ဒီဘုရင်က သူမကို ကာကွယ်ဖို့အတွက် ကိုယ်ပွားတစ်ခုကို စေလွှတ်ပြီး စောင့်ရှောက်ပေးထားမှာပါ.. ဘယ်သူကမှ သူမရဲ့ ဆံခြည်တစ်မျှင်ကိုတောင် လာပြီး မထိဝံ့စေရဘူး.. တကယ်လို့ မင်း သူမနဲ့ တွေ့ချင်တယ် ဆိုရင်တော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ ရက်အနည်းငယ်လောက် စောင့်ဆိုင်းရလိမ့်မယ်.. မုန့်ချင်းရွှယ်က အခုအချိန်မှာ ငါကိုယ်တိုင် ဖန်တီးထားတဲ့ အင်မော်တယ်ရေကန်ထဲမှာ ဥာဏ်အလင်းပွင့်တဲ့ အခြေအနေကို ရောက်ရှိနေတယ်”
ထိုစကားကို ပြောပြီးနောက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ပိုင်မင်ချွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲပိုင်မင်.. ကျန်းချန်ကို မင်းဆီပဲ အပ်ခဲ့တော့မယ်”
ပိုင်မင်ချွမ်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
“စိတ်ချပါ နန်းတော်သခင်.. ဒီအဘိုးကြီးက မိတ်ဆွေလေးကျန်းချန်ကို ကောင်းကောင်းမွန်မွန် ဧည့်ခံပေးထားပါ့မယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က စကားများစွာ ဆက်မပြောတော့ပေ။
သူက သူတော်စင်သားတော်၏ လက်ကို လှမ်းဆွဲလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်တစ်ခဏတွင် မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်သည် သူတော်စင်သားတော်ကို ကြီးမားသောရေခဲနန်းတော်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“ဘိုးဘေး.. အဲဒီကောင်က ကျွန်တော်တို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထိ လာပြီး အနိုင်ကျင့်နေတာကို ဘာလို့ ဘိုးဘေးက မနှိမ်နင်းပစ်လိုက်ရတာလဲ”
သူတော်စင်သားတော်က သူ့ရှေ့မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မကျေနပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ဤတစ်ကြိမ် အပြုအမူကြောင့် သူက မု့န်ချင်းရွှယ်ကို လက်လွှတ်ရတော့မည် ဖြစ်သည်။
သူတော်စင်သားတော်သည် အဘယ်ကြောင့် သူ၏ ဘိုးဘေးက ကျန်းချန် အပေါ်တွင် ဤမျှအထိ ဂရုစိုက်နေရသလဲဆိုသည်ကို အမှန်တကယ်ပင် နားမလည်နိုင်လောက်အောင် ဖြစ်နေခဲ့၏။
“ငတုံးကောင်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က သူတော်စင်သားတော်ကို အေးစက်စက်ကြည့်ကာ ရေရွတ်လိုက်သည်။
“မင်းထက် အင်အားရော ပါရမီပါ အဆမတန် သာလွန်တဲ့ ထိုက်ယီအင်မော်တယ်အဆင့် ပါရမီရှင်တစ်ယောက်ကို မင်းက သာမန် ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်နေတာလား.. မင်း အခုက စပြီး ဒီနေရာမှာပဲ တံခါးပိတ် ကျင့်ကြံရလိမ့်မယ်.. အဆင့် မတက်မချင်း ဒီရေခဲနန်းဆောင်ထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင် ထွက်ခွင့်မရှိဘူး”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် သူတော်စင်သားတော်၏ အကြောင်းကို အလွန်ပင် ရှင်းရှင်းလင်းလင်း သိရှိထားခဲ့သည်။
သူက ကျန်းချန်ကို ကတိပေးပြီးပြီ ဖြစ်ရာ သူတော်စင်သားတော်ကို နောက်ကွယ်ကနေ လှည့်ကွက်များ အသုံးပြုနိုင်မည့် မည်သည့် အခွင့်အရေးကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။
ထိုစကားကို ကြားလိုက်ရလျှင် သူတော်စင်သားတော်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ဘိုးဘေး ကျွန်တော်..”
“တိတ်စမ်း.. ဒီနေရာကနေ မင်း ခြေတစ်လှမ်းတောင် အပြင်ထွက်ဖို့ မစဥ်းစားနဲ့”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က သူတော်စင်သားတော်၏ စကားဆုံးအောင်ပင် စောင့်မနေတော့ပေ။
သူ၏ ပုံရိပ်က သူတော်စင်သားတော်၏ ရှေ့ကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
“ကျန်းချန်. ငါနဲ့ မင်းရဲ့ကြားက ကိစ္စက မပြီးပြတ်သေးဘူး”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း သူတော်စင်သားတော်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် အဆင့်အတန်း မြင့်မားသော သူကဲ့သို့ သူတော်စင်သားတော်သည် ယခုအခါတွင် ကျန်းချန် ထွက်ပေါ်လာမှုကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ပိတ်လှောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သူက ကျန်းချန်ကို အဆထောင်သောင်းမက ပြန်လည်လက်စားချေမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
----------------
“မိတ်ဆွေလေးကျန်းချန်.. မင်းလောလောဆယ်တော့ ဒီနေရာမှာပဲ ခဏလောက်တည်းခိုနေလိုက်ဦး.. သူတော်စင်မိန်းကလေး ဥာဏ်အလင်းပွင့်တဲ့ အခြေအနေ ပြီးသွားတာနဲ့ ငါမင်းကို ချက်ချင်း အကြောင်းကြားပေးမယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် ပိုင်မင်ချွမ်၏ စီစဥ်ပေးမှုအောက်၌ ကျန်းချန်သည် အလွန်တရာ တိတ်ဆိတ် ငြိမ်သက်သည့် ခြံဝန်းလေး တစ်ခုထဲတွင် ယာယီ တည်းခိုနေထိုင်ခဲ့သည်။
ပိုင်မင်ချွမ်က ကျန်းချန်ကို နေရာချပေးပြီးနောက်တွင် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြု နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
“အကြီးအကဲပိုင်မင် ခဏလောက်”
ထိုအချင်းအရာကို မြင်လိုက်ရလျှင် ကျန်းချန်သည် အလျင်အမြန်ပင် ပိုင်မင်ချွမ်ကို လှမ်းတားကာ ပြုံး၍ ပြောလိုက်သည်။
“အကြီးအကဲပိုင်မင်.. ခင်ဗျားတို့ မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်ထဲမှာ အင်မော်တယ်လောကနဲ့ပတ်သက်တဲ့ ရှေးဟောင်းကျမ်းစာတွေများ ရှိလား.. အင်မော်တယ်လောကရဲ့ ရှေးကာလက ကိစ္စတချို့ကို သိရှိနိုင်ဖို့အတွက် ရှာဖွေ ဖတ်ရှုချင်လို့ပါ”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို အုပ်ချုပ်နေသည့် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်၍ အလွန်ရှည်လျားသော သမိုင်းကြောင်း ရှိသည်။
ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ရှေးခေတ်ကာလက အင်မော်တယ်လောက၏ အကြောင်းကို သေချာပေါက် ရင်းနှီးကျွမ်းဝင်ပေလိမ့်မည်။
ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲမှ ရှေးဟောင်းကျမ်းစာ တချို့ကို လေ့လာကာ ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်သည့် သတင်း အချက်အလက် တချို့ကို ရှာဖွေကြည့်ချင်ခဲ့သည်။
အကြောင်းရင်းမှာ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခုနှင့် ပတ်သက်သည့် သဲလွန်စ တချို့ကို ရရှိရန်နှင့် ခန်းမသုံးဆယ့်ခြောက်ခု ထဲမှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်။
ပိုင်မင်ချွမ်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးမှ ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြားတစ်ခုသည် ကျန်းချန်၏ ရှေ့သို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့သည်။
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ ရှေးဟောင်းကျမ်းစာတွေကို အင်မော်တယ်ရတနာခန်းမရဲ့ ပထမထပ်မှာ သိမ်းဆည်းထားတယ်.. ဒီတံဆိပ်ပြားနဲ့ဆိုရင် အင်မော်တယ်ရတနာခန်းမရဲ့ ပထမထပ်ကို သွားပြီး စိတ်ကြိုက် ရှာဖွေဖတ်ရှုနိုင်ပါတယ်”
ကျန်းချန်က တံဆိပ်ပြားကို လှမ်းယူလိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲပိုင်မင်”
ပိုင်မင်ချွမ်ထံမှ တံဆိပ်ပြားကိုရရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အင်မော်တယ်ရတနာခန်းမ ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ပြီး ပထမထပ်တွင် သိမ်းဆည်းထားသည့် ရှေးဟောင်းကျမ်းစာ တချို့ကို ရှာဖွေဖတ်ရှုခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အင်မော်တယ်ရတနာခန်းမထဲတွင် တစ်ယောက်တည်း အချိန်ကုန်လွန်ခဲ့ပြီး ရှေးဟောင်းကျမ်းစာများကို အဆက်မပြတ် ဖတ်ရှုနေခဲ့သည်။
သို့သော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲတွင် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်ပြီး မှတ်တမ်းထင်ထားသည်များမှာ အလွန်တရာပင် ရှားပါးလွန်းပြီး ကျန်းချန်သည် ရှေးဟောင်းကျမ်းစာ အမြောက်အများကို ရှာဖွေစစ်ဆေးခဲ့သော်လည်း သူလိုချင်သည့်အရာကိုမူ မရရှိခဲ့ပေ။
သို့သော်လည်း ရှေးဟောင်းကျမ်းစာ အများအပြားကို ဖတ်ရှုပြီးသည့်နောက်တွင် ကျန်းချန်သည် အင်မော်တယ်လောက၏ သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ပိုမိုနက်ရှိုင်းစွာ နားလည်သွားခဲ့တော့သည်။
အခန်း(၂၉၆၈)ပြီး၏။