အခန်း ၂၉၆၉
Vol. 237 Ch. 2969
အခန်း (၂၉၆၉)
အင်မော်တယ်လောက စတင်ဖြစ်လာခဲ့ပြီးနောက်တွင် အင်မော်တယ်လောကကို ခေတ်ကြီးလေးခေတ် အဖြစ် ပိုင်းခြားထားခဲ့သည်။
ပထမဆုံးခေတ်ကမူ အင်မော်တယ်လောကကြီး စတင်ပေါ်ပေါက်လာသည့်ခေတ် ဖြစ်ပြီး ထိုအချိန်က အင်မော်တယ်လောကထဲတွင် ကောင်းကင်နှင့်မြေပြင်နှင့် အတူ ဒွန်တွဲအသက်ရှင်ခဲ့ကြသည့် ပြိုင်ဘက်ကင်း သက်ရှိ အများအပြား ရှိခဲ့ကြသည်။
သူတို့က အင်မော်တယ်လောကကို စနစ်ကျသော စည်းမျဥ်းဥပဒေသများဖြင့် ပုံဖော်ခဲ့ကြပြီး အင်မော်တယ်လောကကို တဖြည်းဖြည်းချင်း ပိုမို ပြည့်စုံကောင်းမွန်လာအောင် မြှင့်တင်ပေးခဲ့ကြသည်။
ပထမခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုများ ပြီးဆုံးပြီးနောက်တွင်မူ အင်မော်တယ်လောကကြီးသည် အဆုံးသတ်တွင် ပထမဆုံးသော ကပ်ဘေးကြီးနှင့် ထိပ်တိုက် ကြုံတွေ့ခဲ့ရသည်။
ကောင်းကင်ဧကရာဇ်နန်းတော်က အင်မော်တယ်လောကကို အုပ်ချုပ်ခဲ့သည့် ခေတ်သည် အင်မော်တယ်လောက၏ ဒုတိယမြောက်ခေတ် ဖြစ်သည်။
ပထမခေတ်၏ ကပ်ဘေးထဲမှာပင် အင်မော်တယ်လောကသည် ကမောက်ကမ ဖြစ်မှုတွေ ကြားကနေ တစ်ကျော့ပြန် မွေးဖွားလာခဲ့ပြီး ကောင်းကင်ဧကရာဇ်နှင့် သူကိုယ်တိုင်တည်ထောင်ခဲ့သော ကောင်းကင်ဧကရာဇ်နန်းတော် တို့သည် ကပ်ဘေးကြီးထဲကနေ ရုန်းထွက် ထင်ပေါ်လာခဲ့ကာ အဆုံးသတ်တွင် အင်မော်တယ်လောက တစ်ခုလုံးကို စည်းလုံးညီညွတ်အောင် သိမ်းပိုက်နိုင်ခဲ့ပြီး အင်မော်တယ်လောက၏ တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင်မူ အင်မော်တယ်လောကကြီးသည် အကြီးအကျယ် ပြောင်းလဲမှုများနှင့် ထပ်မံ ကြုံတွေ့ခဲ့ရပြန်သည်။
ကောင်းကင်ဧကရာဇ်နန်းတော်သည် အင်မော်တယ်လောက၏ မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ်များနှင့် အတူ တစ်ညအတွင်း အစအနပင် မကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့ရသည်။
အင်မော်တယ်လောကသည်လည်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရပြီး အထွတ်အထိပ် အခြေအနေကနေ ဆုတ်ယုတ် ကျဆင်းသွားခဲ့ရသည်။
သို့သော်လည်း ဒုတိယခေတ် ပြီးသည့်နောက်တွင် အင်မော်တယ်လောကကြီးသည် ခေတ်သစ်တစ်ခုကို လျင်မြန်စွာပင် ချက်ချင်း ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုခေတ်တွင်လည်း အံ့အားသင့်စရာကောင်းသည့် ပါရမီရှင်များ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့ကြသည်။
အလွန်တိုတောင်းသော အချိန်ကာလတစ်ခု အတွင်းမှာပင် ထိုပါရမီရှင်များသည် အင်မော်တယ်ဧကရာဇ်များ ဖြစ်လာခဲ့ကြပြီး အင်မော်တယ်လောက၏ အထွတ်အထိပ်ကာလနှင့် ယှဥ်လျှင်ပင် သိပ်မနိမ့်ကျခဲ့ပေ။
သို့သော်လည်း တိုးတက်ပြီးလျှင် ဆုတ်ယုတ် ပျက်စီးရမည်ဆိုသည်မှာ အင်မော်တယ်လောက၏ ထာဝရစည်းမျဥ်း ဥပဒေသ တစ်ခုပင် မဟုတ်ပါလား။
ထိုခေတ်၏ အထွတ်အထိပ်ကာလကို ဖြတ်သန်းပြီးသည့်နောက်တွင် တတိယခေတ်သည်လည်း ကပ်ဘေးကြီးတစ်ခုကြောင့် ထပ်မံ ဆုတ်ယုတ် ပျက်စီးသွားခဲ့ရပြီး ယခု ကျန်းချန်တို့ရှိနေသည့် စတုတ္ထမြောက်ခေတ် ဆီသို့ ရောက်ရှိလာခဲ့သည်။
ဤစတုတ္ထခေတ်သည် အင်မော်တယ်လောက၏ သမိုင်းတစ်လျှောက်တွင် အားအနည်းဆုံး ခေတ်တစ်ခေတ် ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်တစ်ပါးမှ ပေါ်ထွက်မလာခဲ့သည့် တစ်ခုတည်းသောခေတ်လည်း ဖြစ်သည်။
ရှေးဟောင်းကျမ်းစာထဲမှ မှတ်တမ်းတင်ထားခြင်းများကို ဖတ်ရှုပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်လောကနှင့် ပတ်သက်၍ အတော်လေး နားလည်သွားခဲ့သည်။
အင်မော်တယ်လောကသည် အကြိမ်ကြိမ် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရတိုင်းတွင် အလွန်လျင်မြန်စွာ ပြန်လည် နာလည်ထူနိုင်ခဲ့ပြီး ခေတ်တိုင်းတွင်လည်း အံ့အားသင့်စရာကောင်းသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ် အများအပြား ပေါ်ထွက်လာခဲ့ကြသည်။
သို့သော်လည်း တတိယခေတ် အပြီးတွင် ကြုံတွေ့ခဲ့ရသည့် အပြောင်းအလဲကြီး ပြီးသည့်နောက်တွင်မူ အင်မော်တယ်လောကကြီးသည် ပြန်လည် နာလန်ထူလာနိုင်မည့် မည်သည့်လက္ခာဏာမျိုးမှ ပေါ်မလာခဲ့တော့ပေ။
ထိုထက်ပို၍ ဆိုးရွားသည်မှာ ကျင့်ကြံရသည်က ပိုမို၍ ခက်ခဲကျပ်တည်းလာခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့်ပင် ယခုအချိန်တွင် အင်မော်တယ်ဘုရင်အဆင့်သည် အကန့်အသတ် ဖြစ်နေခဲ့ပြီး အင်မော်တယ်ဧကရာဇ်အဆင့် ကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာရန်မှာ အလွန်တရာပင် ခက်ခဲနေခဲ့ခြင်းပင်။
ဤအကြောင်းကြောင့်ပင် ရှေးဟောင်းကျမ်းစာများ ထဲတွင် အင်မော်တယ်လောက၏ စတုတ္ထခေတ်ကို အင်မော်တယ်များ ကုန်ဆုံးခြင်းခေတ် ဟုလည်း ခေါ်ဆိုကြသည်။
ဆိုရလျှင် စတုတ္ထခေတ်သည် အင်မော်တယ်လောက၏ နောက်ဆုံးခေတ်ကြီး ဖြစ်ရန် အလွန်ပင် နီးစပ်နေပြီး အင်မော်တယ်လောကသည်လည်း ဤခေတ်ထဲမှာပင် လုံးဝပျက်စီးသွားဖို့ အလားအလာ အလွန်များနေခဲ့၏။
“ငါတို့ စတုတ္ထခေတ်ကို အင်မော်တယ် ကုန်ဆုံးခြင်းခေတ်လို့ ဆိုထားပါလား”
ကျန်းချန်က သူ၏ လက်ထဲမှာ ရှိသည့် ရှေးဟောင်းကျမ်းစာကို ကြည့်ရင်း နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒုတိယခေတ်ပြီးတဲ့နောက်မှာ ဘာတွေများ ဖြစ်ပျက်ခဲ့လို့ အင်မော်တယ်လောကကြီးက အခုလို အင်မော်တယ်ကုန်ဆုံးခြင်းခေတ်ထဲကို ရောက်သွားရတာလဲ မသိဘူး”
“ဒီဘုရင်ရဲ့ အထင်မမှားဘူးဆိုရင်တော့ တတိယခေတ်ရဲ့ကပ်ဘေးကြီးပြီးတဲ့နောက်မှာ အင်မော်တယ်လောကရဲ့ မူလအရင်းအမြစ်က အကြီးအကျယ် ထိခိုက်ပျက်စီးသွားပုံရတယ်.. ဒါကြောင့်ပဲ ကျင့်ကြံရတာ ပိုမိုခက်ခဲလာခဲ့ပြီး အင်မော်တယ်လောကကြီးက အင်မော်တယ်ဧကရာဇ်တစ်ပါးကို ထပ်ပြီး မမွေးဖွားပေးနိုင်တော့တဲ့ အတွက် ဒီခေတ်ကို အင်မော်တယ်ကုန်ဆုံးခြင်းခေတ်လို့ ခေါ်ဆိုကြတာပဲ”
ထိုအချိန်မှာပင် တည်ငြိမ်စွာ ရေရွတ်လိုက်သော စကားသံ တစ်သံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လှမ်းကြည့်လိုက်ရာ မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်သည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိရဘဲ သူ၏ နံဘေးတွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“စီနီယာက ကျွန်တော့်ကို လာရှာတာဆိုတော့ ချင်းရွှယ် အပြင်ကို ထွက်လာခဲ့လို့လား”
“မထွက်လာသေးပါဘူး”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ခေါင်းခါရမ်းပြလိုက်ပြီး ထို့နောက်တွင် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ပိုင်မင်ချွမ် ပြောတာကို ကြားရသလောက်တော့ မင်းက အင်မော်တယ်လောကရဲ့ကိစ္စရပ်တွေကို ရှာဖွေဖတ်ရှုချင်နေတာဆို.. မင်းက ကောင်းကင်ဧကရာဇ် နန်းတော်နဲ့ ပတ်သက်တဲ့သတင်းတွေကို သိချင်နေတာ မဟုတ်လား”
ကျန်းချန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။
“ကြည့်ရတာ စီနီယာက ကိစ္စတချို့ကို သိထားပုံပဲ”
“ငါတစ်ချိန်က အင်မော်တယ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်ခင်မှာ ကောင်းကင်နယ်မြေကြီး လေးခုကို လှည့်လည်သွားလာခဲ့ဖူးတဲ့ အတွက် ကောင်းကင်ဧကရာဇ်နန်းတော်နဲ့ ပတ်သက်တဲ့ သဲလွန်စ တချို့ကို ကံကောင်းထောက်မစွာနဲ့ သိခဲ့ဖူးတယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါက ဒီသတင်းကို အသုံးပြုပြီး မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘယ်လိုအပေးအယူလဲ”
“ရှေးဟောင်းမိစ္ဆာနန်းတော် ဆိုတာ အင်မော်တယ်လောကထဲက ကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့တဲ့ အဓိက တရားခံတွေထဲက တစ်ခုပဲ.. အခု မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ သူတို့တွေ တစ်ကျော့ပြန် ပေါ်ထွက်လာတာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ အတွက် မတည်မငြိမ် ဖြစ်စေတယ် ဒါကြောင့် ငါက သူတို့ကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားတယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကို အကူအညီ ပေးမယ်ဆိုရင် ငါမင်းကို ကောင်းကင်ဧကရာဇ်နန်းတော်နဲ့ ပတ်သက်တဲ့သတင်း ပြောပြပေးမယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဖြစ်သော်လည်း အင်မော်တယ်ဘုရင် အဆင့် ဖြစ်သည့် သူကိုယ်တိုင်က လွဲ၍ ကျန်ရှိသော ကျင့်ကြံသူများ၏ စွမ်းအားသည် လုံလောက်မှု မရှိပေ။
ဟန်ယွင်အဆင့် အင်မော်တယ်ကို မပြောနှင့်၊ ထိုက်ယီအဆင့်အင်မော်တယ်အဆင့် ပင်လျှင် သူ၏ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် တစ်ပါးတည်းသာ ရှိသည်။
သူသိထားသလောက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ထိုက်ယီအင်မော်တယ် သုံးပါးသာ ရှိသည်။
ကျန်းချန်က ထိုက်ယီအင်မော်တယ်အဆင့် ပါရမီရှင် တစ်ယောက် ဖြစ်ရာ သာမန် ထိုက်ယီအင်မော်တယ်များထက် အဆများစွာ သာလွန်နေခဲ့သည်။
ကျန်းချန်၏ အင်အားက ဟန်ယွင်အဆင့်နှင့် မယှဥ်နိုင်သေးလျှင်ပင် ထိုက်ယီအဆင့် အင်မော်တယ်ထဲတွင်မူ ကျန်းချန်ကို ယှဥ်နိုင်သည့် ပြိုင်ဘက် အလွန်တရာ နည်းပါး၏။
အကယ်၍ ကျန်းချန်သာ သူ့ကို ကူညီပေးမည် ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို နှိမ်နင်းရန်မှာ သံသယဖြစ်စရာမရှိ ပို၍ လွယ်ကူသွားပေလိမ့်မည် မဟုတ်ပါလော။
ထို့အပြင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် ကျန်းချန်က ပြည်နယ်ကိုးခုရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို ဆုတ်ခွာသွားအောင် လုပ်ဆောင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ် ဆိုသည်ကိုလည်း ကြိုတင် သတင်းရရှိထားခဲ့သည်။
“ကျွန်တော် သဘောတူပါတယ်”
ကျန်းချန်က အတွေးများမနေဘဲ ခေါင်းညိတ်ကာ ချက်ချင်းပင် သဘောတူလိုက်သည်။
ရှေးဟောင်းမိစ္ဆာနန်းတော် ဆိုသည်မှာ အင်မော်တယ်လောက၏ ကပ်ဘေးအရင်းအမြစ် တရားခံများထဲက တစ်ခုဖြစ်သည့် အတွက် အင်မော်တယ်လောကကို လှိုင်းလေထန်အောင် လုပ်ဆောင်မည့် တရားခံ ဆိုလည်း မမှားပေ။
အကယ်၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ကောင်းကင်ဧကရာဇ် နန်းတော် သတင်းကို အသုံးပြုပြီး သူနှင့်အပေးအယူ မလုပ်ခဲ့လျှင်ပင် သူက ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကိစ္စရပ်များကို ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။
“ဒီလိုဆိုမှတော့ ကြိုတင်ပြင်ဆင်ထားလိုက်တော့.. နောက်သုံးရက်ကျရင် ရှေးဟောင်းမိစ္ဆာ နန်းတော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
စကားဆုံးသည်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ တစ္ဆေတစ်ကောင်နှယ် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းကျမ်းစာများကို ဆက်လက်ရှာဖွေ ဖတ်ရှုမနေတော့ပေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် တတိယခေတ်မှ စတင် တည်ဆောက်ခဲ့သည့် အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်စု ဖြစ်၍ ပထမခေတ်နှင့် ဒုတိယခေတ်နှင့် ပတ်သက်ပြီး မှတ်တမ်းများ တင်ထားသည်မှာ အလွန်တရာ နည်းပါးသောကြောင့် သူလိုအပ်သည့် သတင်းအချက်အလက်များ လုံးဝမရှိသလောက်ပင်။
ယခု သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် အပေးအယူလုပ်ဖို့ သဘာတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ရာ ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကိစ္စများပြီးသွားသည်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် ကောင်းကင်ဧကရာဇ်နန်းတော် အကြောင်းကို သူ့ကို ပြောပြပေးလိမ့်မည် မဟုတ်ပါလော။
ထို့နောက်တွင်မူ ကျန်းချန်သည် သူ၏ နေအိမ် ဆီသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့ပြီး ကျင့်ကြံအားထုတ်နေခဲ့သည်။
ဤသို့ဖြင် သုံးရက် ဟူသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။
ယနေ့တွင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် လူတစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက် ကောင်းကင်ယံတွင် စုစည်းလိုက်သည်။
ဤလူတစ်ရာကျော်၏ ကျင့်ကြံခြင်းအဆင့်သည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် တလော့အင်မော်တယ်များသာ ဖြစ်ကြပြီး ထိုအထဲတွင် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ်အဆင့်နှင့် ထိုက်ယီအင်မော်တယ် လေးပါး ပါဝင်နေသည်ကို မြင်တွေ့ခဲ့ရသည်။
ဤတစ်ကြမ်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရှင်းလင်းပစ်ရန်အတွက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ် တစ်ဆယ့်ရှစ်ခုမှ အစွမ်းထက်ပုဂ္ဂိုလ် အားလုံးကို စုစည်းလိုက်သည်မှာ ထင်ရှား၏။
“အားလုံးပဲ.. ရှေးဟောင်းမိစ္ဆာနန်းတော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေကို ကျူးကျော်လာခဲ့တယ်.. လောလောဆယ် သူတို့တွေ ယာယီ ဆုတ်ခွာသွားခ့တယ်ဆိုပေမဲ့ လုံးဝ မရှင်းပစ်နိုင်ခဲ့ဘူး ဆိုရင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေက ဘယ်တော့မှ အေးချမ်းတဲ့နေ့ရက်တွေကို ရရှိတော့မှာ မဟုတ်ဘူး.. ဒါကြောင့် ငါတို့အားလုံးအင်အားချင်း စုပေါင်းပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကိုသွားရောက် ဖျက်ဆီးပစ်ကြမယ်.. ငါတို့ရဲ့ လက်နဲ့ ကိုယ်တိုင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို အေးချမ်းအောင် လုပ်ဆောင်ကြစို့”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ စကားသံက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူက ချက်ချင်းဆိုသလိုပင် အရှေ့ကနေ ဦးဆောင်ကာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားခဲ့သည်။
ကျန်းချန်သည်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ အကြီးအကဲများနှင့် အတူ ချက်ချင်းဆိုသလိုပင် အနောက်ကနေ လိုက်ပါသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် အစွမ်းထက်ပုဂ္ဂိုလ် တစ်ရာကျော် တို့သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ဦးဆောင်မှုအောက်တွင် ရှေးဟောင်းမိစ္ဆာနန်းတော် ဆီသို့ တစ်ဟုန်ထိုး ချီတက်သွားခဲ့တော့သည်။
အခန်း(၂၉၆၉)ပြီး၏။