အခန်း ၅၀၇
Vol. 48 Ch. 507
အခန်း ၅၀၇ - အကြွေးတောင်းဂိုဏ်း၊ ရုတ်တရက် ချမ်းသာကြွယ်ဝလာခြင်း။
ကျိယွမ်သည် မိမိရှေ့ရှိ အချက်အလက်များကို သေချာစစ်ဆေးကြည့်လိုက်၏။
"လျူဖင်... ချန်ရန်ခရိုင်၏မင်းသမီး၊ လက်ရှိမှာ နင်နိုင်ငံ၏မြို့တော်ရှိ မျောလွင့်တိမ်တိုက်စံအိမ်မှာ နေထိုင်သည်..."
"ဝမ်ရှောင်ချွမ်း... နင်နိုင်ငံ၊ ကျန်းကျိုး၏အချမ်းသာဆုံးသူဌေးကြီး၊ အန်းလော့ဥယျာဉ်မှာ နေထိုင်သည်..."
...
"ထူကျင့်ရှီ... နင်နိုင်ငံ၊ ကျီနင်စီရင်စု၊ ဖုန်းရှန်းခရိုင်ရှိ ထူမိသားစု၏ တတိယသခင်လေး..."
ကျိယွမ်သည် ခဏမျှ ရပ်တန့်သွားပြီးနောက် ရေရွတ်လိုက်၏။
"ဒါ ငါ့ရဲ့ အလင်းဓားကို ဝယ်သွားတဲ့လူ မဟုတ်ဘူးလား"
သူသည် သခင်လေးထူကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခဲ့ဖူးပြီး သူ၏အမည်အပါအဝင် ဖုံးကွယ်ထားသောအသေးစိတ်အချက်အလက်များစွာကို သတိပြုမိခဲ့သည်။
"သူက တကယ်ကို ချမ်းသာတဲ့ သခင်လေးတစ်ယောက်ပဲပဲ"
"ဒါပေမဲ့ ကျန်းကျိုး၏အချမ်းသာဆုံးသူဌေးကြီးကိုလည်း ငါ ကျော်ပစ်လို့မဖြစ်ဘူး။ အဲဒါက ပိုက်ဆံအများကြီးပဲ"
"ဒါပေမဲ့ အရမ်းဝေးလွန်းတယ်"
ကျိယွမ်သည် ငွေစက္ကူများမှာ မိမိလက်လှမ်းမမီသောနေရာတွင် ရှိနေသကဲ့သို့ ခံစားရသဖြင့် သက်ပြင်းချလိုက်မိသည်။
"ဟူး... ငါ အခုထိ အပြည့်အဝ ပြန်ကောင်းမလာသေးဘူး။ အပြင်ကို စည်းကမ်းမဲ့ လျှောက်သွားလို့မဖြစ်ဘူး"
"သခင်လေး... ဒီအစေခံအဖိုးကြီး သခင်လေးကိုယ်စား အပြင်ကို သွားနိုင်ပါတယ်"
ချန်ခန်းပေါင်က သင့်တော်သောအချိန်တွင် အကြံပြုလာ၏။
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
သူကိုယ်တိုင် အပြင်သို့မသွားနိုင်လျှင် မိမိကိုယ်စား အခြားလူတစ်ယောက်ကို စေလွှတ်နိုင်ပေသည်။
"ငါ ဖုံးကွယ်အရန်စွမ်းအင်အရင်းအမြစ်တချို့ကို သွန်းလုပ်ဖို့ လိုအပ်နေပြီပုံရတယ်"
ကျိယွမ်သည် စဉ်းစားဆင်ခြင်ပြီးနောက် လက်နက်များကို ပြန်လည်သွန်းလုပ်ပြန်သည်။
တစ်ရက်ခန့် ကြာပြီးနောက် ကျိယွမ်သည် အရာအားလုံး အဆင်သင့်ဖြစ်ပြီဟု ခံစားလိုက်ရ၏။
မိမိရှေ့ရှိ တစ်ခုချင်းစီတွင် ဖုံးကွယ်ထားသောစွမ်းအင်အရင်းအမြစ် ကိုယ်စီတပ်ဆင်ထားသည့် ဒရုန်း ၁၀၇ စင်းကို ကြည့်ကာ သူသည် ကျေနပ်စွာ ပြုံးလိုက်သည်။
"အောင်မြင်ပြီ။ သူတို့က ငါ့အတွက် အကြွေးတွေကို သွားတောင်းပေးလိမ့်မယ်"
ချန်ခန်းပေါင်သည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် ထိတ်လန့်သွား၏။
ငါ အလုပ်ပြုတ်တော့မှာလား။
ငါ့နေရာမှာ ဒီသံထည်ပစ္စည်းတွေနဲ့ အစားထိုးခံရတော့မှာလား။
သူသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ အလျင်အမြန်တိုးကာ ပြောလိုက်သည်။
"သခင်လေး... သူတို့က လမ်းမသိဘူးလေ"
"ဒါကို ငါ စဉ်းစားပြီးသားပါ။ မူလကတော့ ငါ ဂြိုဟ်တုတစ်ခု သွန်းလုပ်ပြီး ပတ်လမ်းထဲကို စေလွှတ်ချင်ခဲ့တာ"
"ဒါပေမဲ့ ဒီနေရာက... ဂြိုဟ်တစ်လုံးနဲ့ လုံးဝမတူဘူး။ ပြီးတော့ ပိုက်ဆံလည်းမရှိဘူး။ အလွန် ရှုပ်ထွေးလွန်းတယ်"
ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ကျိယွမ်၏ နည်းပညာဆိုင်ရာ ဗဟုသုတမှာ သာမန်မျှသာ ဖြစ်သော်လည်း ကုံရှင်းတွင် ရှိနေသည့်အချိန်အတွင်း ဇီရိုဝမ်းသည် သူ့ထံသို့ ကြီးမားသော အချက်အလက်ဘဏ်တိုက်တစ်ခုကို လွှဲပြောင်းပေးခဲ့သည်။
ထိုအချက်အလက်ဘဏ်ထဲတွင် လေသင်္ဘောများနှင့် ကောင်းကင်ယံစောင့်ကြည့်ရေးစနစ်များ အပါအဝင် အမျိုးမျိုးသော နည်းပညာသုံးတည်ဆောက်မှုများဆိုင်ရာ အချက်အလက်များစွာ ပါဝင်နေ၏။
ထို့ကြောင့် အလွန်အစွမ်းထက်သော ဒရုန်းများကို ဖန်တီးခြင်းသည် ကျိယွမ်အတွက် မခက်ခဲပေ။
"စိတ်မပူပါနဲ့။ ဖုံးကွယ်စွမ်းအင်အရင်းအမြစ်တွေက ခံနိုင်ရည်အတွက်တင် မဟုတ်ဘူး၊ ငါ အေအိုင်ချစ်ပ်ပြားတွေကိုလည်း ထည့်သွင်းထားတယ်။ သူတို့ဘာသာ လမ်းမေးနိုင်ကြတယ်"
"ဟုတ်တယ်။ သူတို့က နောက်ဆုံးပေါ် ဉာဏ်ရည်တုစက်ရုပ်ဒရုန်းတွေပဲ"
ကျိယွမ်က အလေးအနက် မိတ်ဆက်ပေးလိုက်၏။
အေအိုင်ချစ်ပ်ပြားများကို ဇီရိုဝမ်း၏ မူလဒီဇိုင်းများကို အခြေခံ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ဇီရိုဝမ်း၏ ချစ်ပ်ပြားအဟောင်းများထက် ပိုမိုရိုးရှင်းသော်လည်း လမ်းပြခြင်းနှင့် အကြွေးတောင်းခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများအတွက်မူ လုံလောက်သည်ထက် ပိုပါသည်။
ချန်ခန်းပေါင်၏ စိုးရိမ်စိတ်မှာ ပိုမိုနက်ရှိုင်းလာ၏။
"သခင်လေး... ဒါပေမဲ့ ဒါတွေက ဒရုန်းတွေ မဟုတ်ဘူးလား။ ဘာလို့ အခု စက်ရုပ်တွေ ဖြစ်သွားတာလဲ"
"..."
ကျိယွမ်က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။
"သူတို့မှာ နာမည်တွေ လိုအပ်တယ်"
စဉ်းစားပြီးနောက် ကျိယွမ်သည် အကြံတစ်ခု ရရှိသွား၏။
"အခုကစပြီး မင်းတို့အားလုံးက အကြွေးတောင်းဂိုဏ်းဝင်တွေပဲ။ မင်းက အစ်ကိုကျီးကန်း... ဝမ်ရှောင်ချွမ်းကို သွားရှာပါ။ မင်းက ကြောင်နက်... ဟွမ်ခန်ကို သွားရှာပါ။ ပြီးတော့ မင်းက ကြက်..."
ဒရုန်းတစ်ခုချင်းစီကို ထူးခြားသော အမည်များ ပေးအပ်ပြီးနောက် သူသည် အသွင်တစ်ထောင်ပြောင်းလဲပညာရပ်ကို အသုံးပြု၍ ၎င်းတို့ကို ထူးဆန်းသော ပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲလိုက်သည်။
၄င်းကို မြင်တော့ ချန်ခန်းပေါင်၏ စိုးရိမ်စိတ်မှာ ပိုမိုကြီးထွားလာ၏။
သူ၏ ပြိုင်ဘက်များမှာ ကြောင်မှအစကြက်အဆုံးပါဝင်နေပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေပြီ။
တကယ်လို့ သခင်က ငါ့ကို နောက်ထပ် မလိုအပ်တော့ရင် ဘယ်လိုလုပ်မလဲ။
သို့သော် အတွေးတစ်ခုက သူ့ကို ပြန်လည်သက်သာရာရစေ၏။
'အနည်းဆုံးတော့ ငါ့မှာ ထက်မြက်တဲ့ ဦးနှောက်ရှိပြီး သခင်ရဲ့ ဗျူဟာမှူး လုပ်နိုင်သေးတယ်။ ငါ့ရဲ့ ဉာဏ်ပညာနဲ့ အသက်ရှင်နေတာမို့ အစားထိုးခံရမှာ မဟုတ်ပါဘူး'
ထိုအတွေးကြောင့် သူသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
"မင်းက မင်းရဲ့ ဉာဏ်ပညာကို အမှီပြုတာမဟုတ်ဘူး၊ မင်းရဲ့ နှာခေါင်းကို အမှီပြုပြီး စားနေတာ"
ကျိယွမ်က သူ၏အတွေးကို သိနေသည့်အလား ပြောလိုက်ရာ ထိုစကားသည် ချန်ခန်းပေါင်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ချန်ခန်းပေါင်၏ မျက်လုံးများ ပြူးကျယ်သွား၏။
သူက ငါ့ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနိုင်တာလား။
သခင်က တကယ်ကို နတ်ဘုရားတစ်ပါးပဲ။
အရမ်း ခန့်ညားလွန်းတယ်။
...
သရဲဈေးထဲတွင် စတုတ္ထဦးလေးနှင့် ကျန်လဲ့တို့သည် ရက်ပေါင်းများစွာ ပုန်းခိုနေခဲ့ကြသည်။ နှစ်ဦးစလုံး၏ မျက်နှာတွင် စိတ်ပျက်စရာ အမူအရာများ ရှိနေ၏။
"ရက်ပေါင်းများစွာ ကြာတဲ့အထိ ထူးဆန်းတဲ့ လူနှစ်ယောက်ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘူး။ သူတို့က... ဖြတ်သန်းသွားရုံသက်သက်ပဲ ထင်တယ်"
"အဲလို ကျွမ်းကျင်ပညာရှင်မျိုးနဲ့ ဆုံတွေ့ဖို့ဆိုတာ ရှားပါတယ်။ ဘယ်သူက ထူကျင့်ရှီလို ကံကောင်းနိုင်မှာလဲ"
(ထူကျင့်ရှီဆိုသည်မှာ ထူစန်းကို ခေါ်ခြင်းဖြစ်ပါသည် ၊ ဒီစာစဥ်က တစ်ခန်းကို နာမည်တစ်မျိုးပြောင်းတတ်သဖြင့် သည်းခံပေးကြပါ)
"သူ့ရဲ့ ကံတရားက အံ့သြစရာပဲ။ ဒင်္ဂါးတစ်သောင်း သုံးပြီး အဲလို ရတနာမျိုး ရခဲ့တာက တကယ်ကို အားကျစရာပဲ"
နှစ်ဦးသားသည် သခင်လေးထူ၏ ကံကောင်းမှုအကြောင်း ဆွေးနွေးနေကြသော်လည်း ထူကျင့်ရှီကိုယ်တိုင်ကမူ တစ်ခုခု ဖြစ်နေလေသည်။
လက်ရှိတွင် သူသည် မိမိရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ရီနေ၏။
၎င်းသည် မြွေစိမ်းတစ်ကောင်နှင့် တူပြီး မြွေ၏မျက်လုံးများတွင် လူသားတို့၏ ခံစားချက်များကို ခပ်မှိန်မှိန် မြင်တွေ့နေရသည်။
သခင်လေးထူသည် မိမိအင်္ကျီလက်ထဲတွင် ဝှက်ထားသော အလင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေ၏။
ငါတော့ သေပြီ။ အလင်းဓားက ပြန်သုံးဖို့အချိန်စောင့်နေရတုန်းပဲ ရှိသေးတယ်။
ဒါဟာ သွေးဆူးအဖွဲ့က လူတစ်ယောက် ဖြစ်ရမယ်။ ကျီးကန်းနက်နဲ့ တောင်ပံမြွေအကြီးအကဲတို့အတွက် ကလဲ့စားချေဖို့ ငါ့အသက်ကို လာယူတာ ဖြစ်ရမယ်။
ဒီည ပြည့်တန်ဆာအိမ်မှာ သီချင်းလာနားမထောင်ခဲ့သင့်ဘူး။
"သွေးစွန်းနေတဲ့ နတ်ဘုရားရဲ့ ဝိညာဉ်... ငါက အကြွေးတောင်းဂိုဏ်းရဲ့ မြွေစိမ်းပဲ"
မြွေစိမ်းက စကားပြောလိုက်ရာ သူ၏အသံမှာ စက်ရုပ်သံကဲ့သို့ ထွက်ပေါ်လာသည်။
ထိုစကားကြောင့် သခင်လေးထူသည် အံ့အားသင့်သွားပြီးနောက် ဇဝေဇဝါ ဖြစ်သွား၏။
သူတို့က ငါ့ကို သတ်ဖို့ လာတာ မဟုတ်ဘူးလား။ ဘာလို့ လျှို့ဝှက်စကားစုကို အရင်ပြောတာလဲ။
"ထူစန်းက စေတမန်ကို ဂါရဝပြုပါတယ်"
အခြေအနေက မည်သို့ပင်ဖြစ်စေ သူသည် ချက်ချင်းပင် ဒူးထောက်လိုက်၏။
"ငါ့မှာ ငွေစက္ကူတွေ လိုအပ်တယ်။ မင်းရဲ့ ငွေစက္ကူတွေအားလုံး... များများရလေ ပိုကောင်းလေပဲ"
မြွေစိမ်းက ပြတ်ပြတ်ပြောသည်။
ငွေစက္ကူတွေလား။
သခင်လေးထူ ဆွံ့အသွား၏။
ငါ့ကို သတ်ဖို့လာတာ မဟုတ်ဘဲ ငွေစက္ကူတွေ တောင်းဖို့လား။
၄င်းက အလွန် ထူးဆန်းလွန်းလှသည်။
"စေတမန်... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါ။ ကျွန်တော် ငွေစက္ကူတွေ သွားယူဖို့ အိမ်ကို ချက်ချင်း ပြန်ပါ့မယ်"
သူသည် လတ်တလော မိမိ၏ ကံတရားမှာ အလွန်ဆိုးရွားနေသည်ဟုသာ ခံစားရတော့သည်။
ကျီးကန်းနက်အကြီးအကဲက မထွက်ခွာမီ သူ့ထံမှ ပိုက်ဆံများကို လုယူခဲ့ပြီး ယခုအခါ နောက်ထပ် သွေးဆူးအဖွဲ့အကြီးအကဲတစ်ယောက် ရောက်လာပြီး ပိုက်ဆံထပ်တောင်းပြန်သည်။
ငါ့ရဲ့ ချမ်းသာတဲ့ ဂုဏ်သတင်းက သွေးဆူးအဖွဲ့အကြီးအကဲတွေအထိပါ သိအောင် ပျံ့နှံ့သွားတာလား။ မဟုတ်ရင် လူတွေက ဘာလို့ ပိုက်ဆံလာတောင်းနေကြတာလဲ။
မြွေစိမ်းသည် သခင်လေးထူကို သေချာစွာ ကြည့်နေပြီး သူ၏မျက်လုံးများမှာ ထူးဆန်းစွာ အသက်ဝင်နေပုံရ၏။
"မင်းရဲ့ ခါးပတ်ကို ဖြည်လိုက်"
"ဗျာ..."
သခင်လေးထူသည် ဆွံ့အသွားသည်။ သို့သော် မြွေ၏ အေးစက်သော အကြည့်အောက်တွင် သူသည် နာခံမှုရှိစွာဖြင့် မိမိ၏ဘောင်းဘီကို ဖြည်လိုက်ရ၏။
ဝူးခနဲ အသံနှင့်အတူ မြွေစိမ်းသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ဘောင်းဘီထဲသို့ တိုးဝင်သွားသည်။
သခင်လေးထူသည် သူ၏ဘောင်းဘီထဲတွင် မာကျောသော အရာတစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။
ကြောက်ရွံ့မှုများက သူ့ကို လွှမ်းမိုးသွားသည်။
ဒီသွေးဆူးအဖွဲ့အကြီးအကဲက မည်သည့် သိက္ခာမျှ မရှိဘဲ စည်းကမ်းလည်း မရှိပေ။
"အကြီးအကဲ... ကျွန်တော်က ဘာမကောင်းတဲ့ စိတ်ရည်ရွယ်ချက်မျှမရှိဘဲ သစ္စာရှိပါတယ်။ ကျွန်တော် ပိုက်ဆံတွေကို အခုချက်ချင်း သွားယူပါ့မယ်။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မကိုက်ပါနဲ့"
သူသည် အလွန် ထိတ်လန့်ခြောက်ခြားစွာဖြင့် စကားများ ထစ်အငေါ့ငေါ့ ပြောရှာသည်။
ဒါဟာ သူ၏ နောင်အနာဂတ် သုခချမ်းသာနှင့် သက်ဆိုင်နေသဖြင့် သူသည် မတွန်းလှန်ရဲပေ။
"ဟွန့်..."
မြွေစိမ်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် နောက်ထပ် စကားမပြောတော့ပေ။
"ကျွန်တော် အခုပဲ ပိုက်ဆံယူဖို့ အိမ်တော်ကို ပြန်ပါ့မယ်"
တစ်ချိန်တည်းမှာပင် နင်နိုင်ငံ၏ နေရာအနှံ့အပြားတွင် သတိရှိသော လူများသည် ကောင်းကင်ယံတွင် ထူးဆန်းသော သတ္တဝါများ ပျံသန်းနေသည်ကို သတိပြုမိကြလေသည်။
"အမေ... ဟိုးအပေါ်မှာ ကြောင်နက်တစ်ကောင် ပျံနေတယ်"
"မင်း အမြင်မှားတာ နေမှာပါ။ ငါတို့အိမ်က ကြောင်က ဖလံကောင်ကိုတောင် လိုက်မဖမ်းနိုင်ဘူး၊ ဘယ်လိုလုပ် ပျံနိုင်မှာလဲ..."
"ဒါ ငါတို့အိမ်က ကြောင်မဟုတ်ဘူး"
...
"ငါ စဉ်းစားမိတာ တစ်ခုရှိတယ်"
ကျိယွမ်သည် ရှန်အိမ်တော်တွင် ရှိနေစဉ် စဉ်းစားမိ၏။
"တကယ်လို့ ငါ ဒီဒရုန်းတွေမှာ သိုလှောင်ရေးလက်နက်တွေ တပ်ဆင်ပေးလိုက်ရင် ဒယ်လီကုမ္ပဏီတစ်ခု စတင်နိုင်မလား... ဒါမှမဟုတ် အစားအသောက်တွေတောင် ပို့ဆောင်ပေးလို့ ရမလား။ ငါ ပိုက်ဆံ ဘယ်လောက်တောင် ရှာနိုင်မလဲ"
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဒရုန်းများ ပြန်လည်ရောက်ရှိလာပြီး ကျိယွမ်၏ ငွေစက္ကူများမှာ ပုံနေပြီ ဖြစ်သည်။
သွေးဆူးအဖွဲ့ဝင်များသည် အများအားဖြင့် ကြောက်တတ်သူများ ဖြစ်ကြပုံရ၏။ ကျိယွမ်၏ ဒရုန်းများထံမှ လျှို့ဝှက်စကားစုများကို ကြားရသောအခါ ၎င်းတို့သည် နာခံမှုရှိစွာဖြင့် ငွေစက္ကူများကို အပ်နှံကြသည်။
ဒရုန်းများ၏ သယ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိသောကြောင့် ကျိယွမ်သည် ငွေစက္ကူများကိုသာ တောင်းခံခဲ့ရသော်လည်း သူ၏စိတ်ထဲတွင် နှမြောမိသည်။ သူသည် ရတနာပုံကြီးတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားရ၏။
သို့သော် ကျိယွမ်က ရယ်မောလိုက်ပြီး ထိုအကြံကို ခေတ္တမျှ ဘေးဖယ်ထားလိုက်သည်။
လောလောဆယ်တွင် သူသည် ပိုက်ဆံမပြတ်လပ်ပေ။
သွေးဆူးအဖွဲ့ဝင်အများစုမှာ အလွန် ချမ်းသာကြသူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာပြီး ထူးဆန်းသော လူများမဟုတ်လျှင် မည်သူက သွေးဆူးကဲ့သို့သော အဖွဲ့အစည်းသို့ ဝင်ရောက်မည်နည်း။
"အစ်ကိုသားလှီးဓား... ငါ သိချင်လို့ပါ။ မင်းတို့ရဲ့ အကြွေးတောင်းဂိုဏ်းမှာ လူဘယ်လောက် ရှိလဲ။
မင်း ငါတို့လိုပဲ ပြုပြင်ထားတဲ့လူသားတွေအပေါ် စမ်းသပ်မှုတွေ လုပ်နေတာလား"
နတ်ဘုရားသစ်တောတံဆိပ်မှတစ်ဆင့် သွေးဆူးအဖွဲ့သူသျှိုထံမှ စာတိုတစ်ခု ပေါ်လာသည်။
ထိုသူသျှိုသည် ကျိယွမ်ထံသို့ ၎င်းတို့အဖွဲ့ဝင်များ၏ လိပ်စာများကို ပေးခဲ့ခြင်းမှာ သူ၏လှုပ်ရှားမှုများကို ခြေရာခံရန် ရည်ရွယ်ခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။
သူ မျှော်လင့်မထားခဲ့သောအရာမှာ ကျိယွမ်သည် အကြွေးတောင်းရန် လူမလာဘဲ ဒရုန်းများကို စေလွှတ်လိုက်ခြင်းပင်။ ထိုဒရုန်းများမှာ တိရစ္ဆာန်များအသွင် ဖန်တီးထား၏။
လျှို့ဝှက်လမ်းကြောင်းများရှိသော အချို့သော သွေးဆူးအဖွဲ့ဝင်များသည် ထိုအဖြစ်အပျက်ကို အစီရင်ခံခဲ့ကြသဖြင့် သူသျှိုမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
"ငါတို့ အကြွေးတောင်းဂိုဏ်းရဲ့ ညီအစ်ကို မောင်နှမတွေက နတ်ပြည်နဲ့ လောကပေါင်းစုံမှာ ပျံ့နှံ့နေတာ။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို ပိုက်ဆံကြွေးတင်နေရင် သူတို့က ငါ့ကိုယ်စား သွားရှာလိမ့်မယ်"
ကျိယွမ်က အရေးမကြီးသလို ပြန်ပြောလိုက်၏။
အမှန်တရားမှာ အကြွေးတောင်းဂိုဏ်းဟူသည်မှာ သူ၏ခေတ်မီစက်ပစ္စည်းများကို အတူတကွ စုပေါင်း၍ ဖန်တီးထားခြင်းမျှသာ ဖြစ်သည်။
"အစ်ကိုသားလှီးဓား... မင်းက တကယ်ကို လျှို့ဝှက်ချက်များတဲ့သူပဲ။ ဒါဆို အကြွေးတောင်းဂိုဏ်းက ငါတို့နဲ့အတူ နတ်ဘုရားသစ်တောချောက်နက်ထဲကို ဝင်ဖို့ ပူးပေါင်းမလား..."
"အော်... မင်းတို့ သွေးဆူးအဖွဲ့ကလည်း ငါ့ကို ပိုက်ဆံအကြွေးတင်နေတာလား"
ကျိယွမ်က မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။
"တကယ်လို့ မင်းကသာ နတ်ဘုရားသစ်တောတံဆိပ်ကို ယူလာရင် မိတ်ဆွေတွေကြားထဲမှာ အကြွေးအနည်းငယ်က ဘာဆန်းလို့လဲ"
"မင်းတို့က တကယ်ကို ကောင်းတဲ့လူတွေပဲ။ ငါ ဒင်္ဂါး တစ်သန်းကျော်တောင် ရပြီးပြီ"
ကျိယွမ်က အော်ဟစ်လိုက်၏။
"ဒါနဲ့... နင်နိုင်ငံအပြင်ဘက်က သွေးဆူးအဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ငါ့ကို ပေးနိုင်မလား။ ငါ့ရဲ့ အကြွေးတောင်းသူတွေကို သူတို့ဆီလည်း စေလွှတ်လို့ရတာပေါ့"
"အစ်ကိုသားလှီးဓား... မင်းရဲ့ လောဘက အတော်လေး ကြီးမားတာပဲ"
"အစ်ကိုသားလှီးဓား ကိုယ်တိုင် သွားတောင်းလို့ရအောင် မင်းတို့ရဲ့ ဌာနချုပ်လိပ်စာကိုပဲ တိုက်ရိုက်ပေးလိုက်ပါလား"
ကျိဝူယွန်းက ကြားဖြတ်ပြောဆိုသည်။
"..."
သူသျှိုမှာ တိတ်ဆိတ်သွားလေ၏။
သဘာဝကျစွာပင် သွေးဆူးအဖွဲ့၏ ဌာနချုပ်မှာ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေပြီး မည်သူမှ ထုတ်ဖော်ခွင့်မရှိပါ။
...
အချိန်များ ကုန်လွန်သွားပြီး လဝက်ခန့် ကုန်လွန်သွားခဲ့သည်။
ဒရုန်းများမှာ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြ၏။
ဒရုန်းတစ်စင်းတည်းသာ ပြန်မလာနိုင်ခဲ့ဘဲ လေထုထဲတွင် ဝိညာဉ်မှင်စာတစ်ကောင်နှင့် တိုက်မိကာ မည်သည့်နေရာသို့ ပျက်ကျသွားသည်ကို မသိရပေ။
စုစုပေါင်း ကျိယွမ်သည် ငွေစက္ကူ ဒင်္ဂါး နှစ်သန်းကျော် စုဆောင်းမိခဲ့သည်။
"ငါ အခုထိ အပြည့်အဝ ပြန်ကောင်းမလာသေးတာ နှမြောစရာပဲ။ ငါဆင်းသက်လာပြီစွမ်းရည်ကို စည်းကမ်းမဲ့ သုံးလို့မရသေးဘူး"
ကျိယွမ်သည် မိမိ၏ လက်ရှိအခြေအနေကို စဉ်းစားကြည့်၏။
လွန်ခဲ့သည့်အကြိမ်က ငါဆင်းသက်လာပြီ စွမ်းရည်ကို အသုံးပြုခြင်းသည် အလွန် ခန့်ညားသော်လည်း သူ၏စွမ်းအင်ကို ပြင်းထန်စွာ ကုန်ခမ်းစေခဲ့သည်။
ယခု ရက်ပေါင်း နှစ်ဆယ် ကြာပြီးနောက်တွင်ပင် သူသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပေ။
"ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါ အရမ်းအားနည်းနေခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ငါ ပြန်ကောင်းလာပြီးနောက် အခု သုံးမယ်ဆိုရင် ထိခိုက်မှုက အဲလောက် ပြင်းထန်မှာ မဟုတ်ဘူး"
သူ၏အစွမ်းများ တဖြည်းဖြည်း ပြန်လည်ရရှိလာသော်လည်း ကျိယွမ်သည် သတိရှိစွာဖြင့် ရှန်အိမ်တော်မှ အပြင်သို့ ထွက်ခဲလှသည်။
သရဲဈေးမှ ပစ္စည်းများ လိုအပ်သောအခါမှာပင် သူသည် ဒရုန်းများကိုသာ စေလွှတ်၏။
တစ်နေ့တွင် ရှန်လင်ဖုန်းသည် သူ့ထံသို့ ချဉ်းကပ်လာသည်။
"ယောက်ဖ... ယောက်ဖ ရဲ့ရေကန်ကို သွားမှာလား"
ရှန်လင်ဖုန်း၏ အသံထဲတွင် ဝန်လေးနေသော အရိပ်အယောင်တစ်ခု ရှိနေ၏။
"အင်း... ငါ ဆရာချန်ရဲ့ စွမ်းရည်ကို အရင်စမ်းသပ်မယ်။ အဆင်ပြေရင် ရဲ့ရေကန်ကို သွားမယ်။ မင်းရဲ့ အစ်မနဲ့ တွေ့ရမယ့်အချိန်လည်း ရောက်ပြီပဲ"
ကျိယွမ်က အရေးမကြီးသလို ပြန်ပြောလိုက်သည်။
မကြာသေးမီက ကျီနင်စီရင်စုတစ်ခုလုံးမှ အတတ်ပညာရှင်များသည် ရဲ့ရေကန်အနီးတွင် ကျင်းပမည့် အတတ်ပညာရှင်များမဟာညီလာခံအတွက် စုရုံးနေကြပြီ ဖြစ်သည်။
ရှန်မိသားစုပင်လျှင် ၎င်းတို့၏ အလားအလာအကောင်းဆုံး အတတ်ပညာရှင်များကို ထိုပွဲသို့ စေလွှတ်နေကြ၏။
အတိတ်ကဆိုလျှင် ကျိယွမ်သည် ရဲ့ရေကန်ကို စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။
သို့သော် ညီလာခံ နီးကပ်လာသည်နှင့်အမျှ ထိုပွဲသည် ထက်မြက်သော လက်နက်သွန်းလုပ်သူများစွာကို ဆွဲဆောင်လိမ့်မည် ဖြစ်သည်။
ထို့ပြင် ရဲ့ရေကန်အနီးရှိ အကြီးမားဆုံး မှောင်ခိုဈေး ပွင့်လာမည်ဖြစ်ပြီး အတတ်ပညာရှင်များအတွက် ကုန်စည်ပြပွဲများနှင့် လေလံပွဲများစွာလည်း ရှိလိမ့်မည် ဖြစ်သည်။
လက်ထဲတွင် ဒင်္ဂါး နှစ်သန်းကျော် ရှိနေသဖြင့် ကျိယွမ်သည် လက်နက်သွန်းလုပ်ရန်ပစ္စည်းများကို မဝယ်ဘဲ မည်သို့ အောင့်အီးနေနိုင်မည်နည်း။
သူသည် သံချပ်ကာစစ်တပ်တစ်ခု သွန်းလုပ်ရန်ပင် စဉ်းစားနေ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပါးအတွက် နတ်ဘုရားအစောင့်အရှောက်များ မလိုအပ်ပေဘူးလား။
သို့သော် ထိုကဲ့သို့သော အသုံးအဆောင်များကို သွန်းလုပ်ရန်အတွက် ဖုန်းရှန်းခရိုင်၏ မှောင်ခိုဈေးမှ ပစ္စည်းများမှာ မလုံလောက်ပေ။
"ဟူး... ယောက်ဖ၊ တကယ်လို့ ယောက်ဖ ထွက်သွားရင် ငါဘာလုပ်ရမလဲ။ အဲဒီ မိန်းကလေး ဆယ်ယောက်ကျော်ကို... ငါ မထိန်းနိုင်ဘူး"
ရှန်လင်ဖုန်းသည် သူ၏စိုးရိမ်ပူပန်မှုကို ဝန်ခံလိုက်၏။
"ယောက်ဖ...င့့ကို အချစ်ရေးအတွက် နောက်ထပ် ပညာတစ်ခုလောက် သင်ပေးပါဦး"
ရှန်လင်ဖုန်းက စိတ်အားထက်သန်စွာ တောင်းဆိုသည်။
ကျိယွမ်၏ မျက်နှာ အမူအရာ ညှိုးမှိန်သွား၏။
"တောင်းပန်လိုက်"
"ဗျာ... ယောက်ဖ၊ ငါ ဘာမှားလို့လဲ"
"တောင်းပန်လိုက်"
"ဒါပေမဲ့ ငါ..."
"မင်းကို တောင်းပန်ဖို့ ပြောနေတာ"
ကျိယွမ်က အလေးအနက် ပြောလိုက်သည်။
"တောင်းပန်ပါတယ် ယောက်ဖ။ အခု ငါ ဘာမှားသွားလဲဆိုတာ ပြောပြလို့ ရမလား"
"ကောင်းပြီ... မင်း အခုပဲ အချစ်ရေးရဲ့ အကြီးမားဆုံးသော ပရိယာယ်ကို သင်ယူပြီးသွားပြီ။ အဲဒါကတော့ အဓိပ္ပာယ်မရှိတဲ့ အခြေအနေမျိုးစုံမှာ တောင်းပန်တတ်ဖို့ပဲ"
ကျိယွမ်က ဟန်ပါပါ ပြောလိုက်၏။
"မင်း သင်တန်းဆင်းဖို့ အဆင်သင့်ဖြစ်ပြီ။ ဒါကိုပဲ မှတ်ထားပါ... ယောကျာ်းလေးတွေက မိမိတို့ရဲ့ အိန္ဒြေကို စောင့်ထိန်းရမယ်။ မကောင်းတဲ့ မိန်းမတွေဆီကို မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ မပေးအပ်နဲ့"
"အဲ..."
ရှန်လင်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားပုံရသည်။
"ယောက်ဖ... ယောက်ဖရဲ့ စကားတွေက အရမ်းနက်နဲလှတယ်။ ဒါပေမဲ့ ငါ နားမလည်တာက မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘာလို့ လိုချင်ရတာလဲ။ သူတို့က စားမလို့လား"
ကျိယွမ်က သူ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းငြိမ့်လိုက်၏။
"မင်းထင်တာ လုံးဝ မမှားဘူး"
"မင်းရဲ့ အမေက ဘယ်အချိန်မှာ ရေချိုးလေ့ရှိလဲ"
ကျိယွမ်က ထပ်မံမေးသည်။
"ဒါက..."
ရှန်လင်ဖုန်း၏ မျက်နှာမှာ အနေခက်သွားပြီး စိတ်ဒဏ်ရာရစရာ အတိတ်တစ်ခုကို သတိရသွားပုံရ၏။
လွန်ခဲ့သည့်အကြိမ်က ထုပ်တန်းပေါ်တွင် ဆွဲဆန့်ခံခဲ့ရခြင်းသည် သူ၏စိတ်ထဲတွင် ကြီးမားသော အမာရွတ်တစ်ခု ချန်ထားခဲ့သည်။
"ငါ မင်းကို ပရိယာယ်တစ်ခု သင်ပေးမယ်။ မင်းရဲ့ မိဘတွေကို မင်းက ညီမလေးတစ်ယောက် လိုချင်တယ်လို့ ပြောလိုက်။ သူတို့ သေချာပေါက်..."
ကျိယွမ်က သူ၏အစီအစဉ်ကို စဉ်းစားကာ ရယ်မောလိုက်၏။
"ဗျာ..."
ရှန်လင်ဖုန်းသည် မကျေမလည် ဖြစ်သွားသော်လည်း ကျိယွမ်ကငြင်းခွင့် မပေးပါ။
"ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"
ကျိယွမ်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။
ရှန်လင်ဖုန်းကဲ့သို့သော လူတစ်ယောက်နှင့် ဆက်ဆံရသောအခါ ရှင်းပြနေရန် မလိုဘဲ ဘာလုပ်ရမည်ကိုသာ ပြောပြရန် လိုအပ်သည်။
ရှန်လင်ဖုန်းသည် နှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွား၏။
လက်ရှိတွင် ကျိယွမ်၏ သမက်အဖြစ်သရုပ်ဆောင် တိုးတက်မှုနှုန်းမှာ ၅၆ ရာခိုင်နှုန်းတွင် ရပ်တန့်နေခဲ့သည်။
သူသည် ဤအဆင့်ကို ကျော်ဖြတ်ရန်အတွက် အချက်နှစ်ချက်အနက် တစ်ခုကို အောင်မြင်ရန် လိုအပ်သည်ဟု ယူဆထား၏။ လွန်ခဲ့သည့်အကြိမ်ကကဲ့သို့ လက်နက်နှလုံးသားကို ရရှိရန် သို့မဟုတ် သူ၏ရေရှည်ရည်မှန်းချက်များ ဖြစ်ကြသော ယောက္ခမအတွက် ရေချိုးရေ ခပ်ပေးခြင်း သို့မဟုတ် ရှန်လင်ရွှမ်းကို စီးနင်းခြင်းတို့ ဖြစ်သည်။
နှမြောစရာကောင်းလှသည်မှာ ရှန်လင်ရွှမ်းသည် သူ၏ ယခင်ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့ခြင်းပင်။
"ငါ... သူ့ကို တိတ်တဆိတ် စီးနင်းရမလား"
"မဟုတ်ဘူး... ငါက လူကြီးလူကောင်းတစ်ယောက်ပဲ။ အဲလို ယုတ်ညံ့တဲ့အလုပ်မျိုးကို ငါ လုပ်မှာမဟုတ်ဘူး"
"ယောက္ခမကြီးရေ .. အခုချက်ချင်း ရေချိုးလိုက်ပါတော့"
ညဉ့်နက်လာသောအခါ ရှန်လင်ဖုန်းသည် ကျိယွမ်၏ တံခါးကို လာရောက်ခေါက်၏။
"ယောက်ဖ... ငါအမေ့ကို ညီမလေးတစ်ယောက် လိုချင်တယ်လို့ ပြောလိုက်ပြီ"
ရှန်လင်ဖုန်း၏ အသံကထိတ်လန့်နေမှန်း သိသာသည်။
"ဒါဆို သူရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ"
"ဟို..နည်းနည်းတော့.. ပျာယာခတ်သွားပုံရတယ် ၊ ပြီးတော့..."
ရှန်လင်ဖုန်းက ပြန်လည်စဉ်းစားရင်း ပြောသည်။
"သူက အဖေ့ကို လှမ်းကြည့်လိုက်ပြီး အဖေကလည်း ထူးဆန်းတဲ့ အပြုံးတစ်ခု ပြုံးပြတယ်"
"အောင်မြင်ပြီ"
ကျိယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် မိမိပေါင်ကို ရိုက်လိုက်၏။
"ဗျာ..."
ရှန်လင်ဖုန်းမှာ နားမလည်နိုင် ဖြစ်သွားရသည်။
"ညကောင်းကင်ယံကို ကြည့်လိုက်... ငါတို့ မီးဖိုချောင်မှာ ရေသွားနွှေးကြရအောင်"
ကျိယွမ်သည် အချိန်ဆွဲခြင်းမရှိပေ။
နောက်ဆုံးတွင် သူသည် ယောက္ခမအတွက် ရေချိုးရေပြင်ပေးနိုင်တော့မည် ဖြစ်သည်။
"ယောက်ဖ... ယောက်ဖက ငါ့အမေအတွက် ဘာလို့ ရေနွှေးပေးရတာလဲ။ ဒါက နက်နဲတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိလို့လား"
"ငါတို့လုပ်တဲ့ အရာတိုင်းမှာ အဓိပ္ပာယ်ရှိနေဖို့ မလိုပါဘူး။ မင်း လေလည်တိုင်းမှာ မင်းရဲ့ အတွေးအမြင်တွေကို စာစီစာကုံး ရေးပြဖို့ ငါ မျှော်လင့်ရမှာလား"
ကျိယွမ်က ရှေ့မှသွားနေထင်း ပြန်ပြောလိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက်...
ရှန်လင်ဖုန်းသည် ပန်းပွင့်ဖတ်များ ဖြန်းထားသော၊ အခိုးအငွေ့များ ထွက်နေသည့် ရေနွေးများ ပြည့်နေသော သစ်သားရေချိုးကန်ကြီးကို သယ်ဆောင်လာ၏။
"လာပါ... မင်းရဲ့ အမေကို သွားရှာရအောင်"
နှစ်ဦးသားသည် အလယ်ခြံဝန်းဆီသို့ ဦးတည်သွားကြသည်။
ခြံဝန်းအပြင်ဘက်တွင် အစေခံများနှင့် အစေခံမိန်းကလေးများ ရှေ့သို့ အလျင်အမြန် တိုးလာကြ၏။
"သခင်လေး... သမက်တော်၊ ဘာလုပ်နေကြတာလဲ"
"ဟို..ဟို... အထဲကို ဝင်လို့မရပါဘူး"
"မင်းတို့က ငါတို့ကို ဘာလို့ တားနေတာလဲ။ ငါက ငါ့အမေ ရေချိုးဖို့ ရေလာပေးတာလေ"
"လမ်းကို မပိတ်ပါနဲ့... ရေတွေ ဖိတ်ကျပြီး သခင်လေးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်က ဘေးမှ မြှောက်ပေးလိုက်သည်။
သေချာပေါက်ပင် အစေခံများသည် လမ်းတွင် မရပ်ရဲကြသဖြင့် ကျိယွမ်နှင့် ရှန်လင်ဖုန်းတို့ကို ခြံဝန်းထဲသို့ ပေးဝင်လိုက်ကြ၏။
သို့သော် လိမ္မာပါးနပ်သော ကျိယွမ်သည် ဝင်ပေါက်တွင် ရပ်တန့်လိုက်သည်။
"ရေချိုးကန်ကို ဒီမှာပဲ ထားလိုက်... ဒီနေရာမှာတင်ပဲ"
ကျိယွမ်က ညွှန်ကြားလိုက်၏။
သူသည် ၎င်းတို့၏ အချိန်ကောင်းကို မဖျက်ဆီးနိုင်ပါ။
ခြံဝန်းသည် အလွန်ကျယ်ဝန်းပြီး ဤနေရာသည် သူ၏ယောက္ခမက မည်သည့်အရာကိုမျှ သတိမပြုမိသေးလောက်အောင် ဝေးလေသည်။
ရှန်လင်ဖုန်းသည် နာခံမှုရှိစွာဖြင့် ရေချိုးကန်ကို ချလိုက်ပြီး သူ၏မျက်နှာတွင် ချွေးစက်များ စီးကျနေ၏။ သူသည် စိုးရိမ်တကြီးဖြင့် မေးသည်။
"ငါ့အမေက ငါ့ကို အပြစ်တင်မလားဟင်"
"မင်းက ဒီလောက် သိတတ်တဲ့ သားတစ်ယောက်ပဲ။ သူက မင်းကို တန်ဖိုးထားမှာပါ။ မင်းကို ဘာလို့ အပြစ်တင်ရမှာလဲ"
ကျိယွမ်က အတပ်သိနေသလို အာမခံလိုက်၏။
-------