အခန်း ၅၁၁
Vol. 48 Ch. 511
အခန်း (၅၁၁)- မင်းရဲ့ဓားကို ခဏငှားပါ
ထိုဗလကြီးမှာ ဖုန်းထဲ့ဆိုသူ ဖြစ်ပြီး ကမ္ဘာမြေအထွတ်အထိပ်အဆင့်လက်နက်သခင် တစ်ဦး ဖြစ်၏။
သူသည် ပန်းသူခိုးဟန်ရှန်းမဟာဆရာကြီးနှင့် သိကျွမ်းသူလည်းဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ကြိမ်က လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ပင် အတူတူ သွားခဲ့ဖူး၏။
ထိုလျှို့ဝှက်နယ်မြေမှာ အန္တရာယ်များလှသဖြင့် ကမ္ဘာမြေအဆင့်လက်နက်သခင်များစွာ သေဆုံးခဲ့ရသည်။
သူနှင့် ဟန်ရှန်းမဟာဆရာကြီးသာ လွတ်မြောက်လာခဲ့ကြ၏။
ထိုအချိန်တွင် ဖုန်းထဲ့သည် ဟန်ရှန်းမဟာဆရာကြီး၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို သိခဲ့ရသည်။
ဟန်ရှန်းမဟာဆရာကြီးသည် ပြင်ပကောင်းကင်မှ လာသူတစ်ဦး၏ အမွေအနှစ်ကို ရရှိခဲ့၏။ သူသည် သွေးဆူးဂိုဏ်း၏ နည်းလမ်းကို အတုယူကာ ဆိုးသွမ်းဝိညာဉ်များကို ပြုပြင်မွမ်းမံပြီး နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ဝိညာဉ်တစ်ခုနှင့် ပေါင်းစပ်ကာ ထူးဆန်းသော စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။
ထိုအရာမှာ ပုံရိပ်ယောင် ဖြစ်၏။
ထိုအချိိန်မှစ၍ ဟန်ရှန်းမဟာဆရာကြီးသည် ဘယ်သောအခါမှ မကျရှုံးဖူးသော ပန်းသူခိုးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ သူ အောင်မြင်ရသည့် အဓိကအကြောင်းရင်းမှာ ပုံရိပ်ယောင်အတတ်ပညာများကို ကျွမ်းကျင်ခြင်းကြောင့် ဖြစ်၏။
သူသည် အကြိမ်တိုင်းတွင် ဒဏ်ရာမရသလို မည်သူမှလည်း သတိမထားမိစေဘဲ လွတ်မြောက်နိုင်ခဲ့သည်။
ဤလျှို့ဝှက်ချက်ကို ဖုန်းထဲ့တစ်ဦးတည်းသာ သိပုံရ၏။
ထို့ကြောင့် အခြားသော ကမ္ဘာမြေအဆင့်လက်နက်သခင်များက ရှန်မိသားစုအိမ်တော်မှ လူသားများကို စောင့်ကြည့်နေချိန်တွင် ဖုန်းထဲ့ကမူ ကြောင်တစ်ကောင် ထွက်သွားလျှင်ပင် လှုပ်ရှားမှုတိုင်းကို သေချာကြည့်နေခဲ့သည်။
ချန်ခန်းပေါင်က ပုတ်သင်ညိုအသွင်ပြောင်းကာ ထွက်လာသောအခါ အခြားကမ္ဘာမြေအဆင့်လက်နက်သခင်များ သတိမထားမိခဲ့ကြချေ။
သို့သော် ဖုန်းထဲ့ကမူ ကွဲပြား၏။
သူသည် ပုတ်သင်ညိုကို စိုက်ကြည့်ရင်း မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ဟန်ရှန်းမဟာဆရာကြီး... မင်းက ငါ့ကို ဝေစုခွဲပေးရမှာ ကြောက်နေတာလား"
သားလှီးဓားကို သယ်ဆောင်ထားသော ချန်ခန်းပေါင်သည် တုံ့ဆိုင်းသွားပြီး ထိုနေရာတွင်ပင် အေးခဲသွား၏။
သူ တစ်လက်မမျှ မလှုပ်ရှားရဲချေ။
သူ့ရှေ့ရှိ ဗလကြီး၏ တည်ရှိမှုက ကြီးမားသော ဖိအားကို ပေးနေသည်။
ဖုန်းထဲ့သည် ပုတ်သင်ညို ငြိမ်သက်နေသည်ကို သတိပြုမိပြီး ပို၍ ပြုံးလိုက်၏။
"ဟန်ရှန်းမဟာဆရာကြီးက နက်နဲယင်ခန္ဓာကိုယ်ကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား"
ဟန်ရှန်းမဟာဆရာကြီးသည် မဟာဆရာကြီးအဖြစ် နာမည်ကျော်ကြားရသည့် အကြီးမားဆုံး အကြောင်းရင်းမှာ သူ၏ ထူးခြားသော ပုံရိပ်ယောင်များကြောင့် ဖြစ်၏။
သို့သော် သူ၏ လျှို့ဝှက်ချက် ပေါ်သွားလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။
အကယ်၍ ဟန်ရှန်းသည် ဖုန်းထဲ့ကို ပြိုင်ဘက်အဖြစ် တကယ်သတ်မှတ်လျှင် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိထားသူကို မည်သို့ အသက်ရှင်ခွင့်ပေးမည်နည်း။
"မင်း လူမှားနေပြီ... ငါက ဟန်ရှန်းမဟာဆရာကြီး မဟုတ်ဘူး"
ထိုအချိန်တွင် ချန်ခန်းပေါင်သည် ဆက်ပြီးမပုန်းကွယ်တော့ဘဲ အကြီးအကဲအသွင်သို့ ပြောင်းလဲလိုက်ပြီး သူ၏ အက်ရှရှအသံကို ဖော်ပြလိုက်၏။
အကယ်၍ သူသာ ဆက်ပြီး ငြိမ်နေလျှင် ဖုန်းထဲ့၏ စိတ်နေသဘောထားအရ ပုတ်သင်ညိုကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ချေ။
"မင်းက ဘယ်သူလဲ... ပုံရိပ်ယောင်အတတ်ကို သိနေတယ်ပေါ့"
ဖုန်းထဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သံသယများ ဖြတ်ပြေးသွား၏။
သူ့ရှေ့ကလူသာ ဟန်ရှန်းမဟာဆရာကြီး အစစ်အမှန်ဆိုလျှင် ရဲရဲဝံ့ဝံ့ ဝန်ခံမည် ဖြစ်ပြီး ဤမျှ ပြတ်ပြတ်သားသား ငြင်းဆိုမည် မဟုတ်ချေ။
သူက ချန်ခန်းပေါင်ကိုသေချာကြည့်လိုက်၏။
"နင်နိုင်ငံမှာ မင်းလိုလူ မရှိဘူး... မိုရှန်းနိုင်ငံမှာလည်း မရှိဘူး..."
"ငါက လမ်းကြုံလို့ ဖြတ်သွားတာပါ... ငါ့ကို သွားခွင့်ပြုမလား"
ချန်ခန်းပေါင်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"အဲဒီပစ္စည်းကို ချန်ထားခဲ့ပါ"
ဖုန်းထဲ့၏ အကြည့်က သားလှီးဓားပေါ်တွင် ကျရောက်နေပြီး သူ၏ လေသံမှာ အေးစက်နေသည်။
ဤအဘိုးကြီးသည် ပုံရိပ်ယောင်များကို သုံးကာ ရှန်မိသားစုအိမ်တော်ထဲသို့ ခိုးဝင်ပြီး သားလှီးဓားတစ်လက်ကို ခိုးထုတ်လာခဲ့ခြင်းဖြစ်ရမည်။
ထို့ကြောင့် သားလှီးဓားမှာ ထူးခြားမှာ အသေအချာပင်။ဖုန်းထဲ့သည် ယင်း၏ လျှို့ဝှက်ချက်ကို စစ်ဆေးရမည် ဖြစ်သည်။
"ကောင်းပြီလေ"
ဖုန်းထဲ့ အံ့သြသွားသည်မှာ ချန်ခန်းပေါင်သည် တုံ့ဆိုင်းမှုမရှိဘဲ သားလှီးဓားကို သူ့ထံသို့ လွှင့်ပစ်လိုက်ခြင်းပင်။
သားလှီးဓားကို ပစ်ပြီးနောက် ချန်ခန်းပေါင်သည် လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
ဖုန်းထဲ့ အံ့အားသင့်သွား၏။
ဒီအတိုင်းပဲ သားလှီးဓားကို ပေးလိုက်တာလား။
ဒီလောက် ရိုးရှင်းနေတာ ထောင်ချောက် များ ရှိနေလား။
သို့သော်လည်း သူသည် လက်ကိုဆန့်ကာ သားလှီးဓားကို ချက်ချင်း ဖမ်းလိုက်သည်။
အနီးကပ် စစ်ဆေးကြည့်ပြီး သူ၏ ထက်မြတ်သောအကြည့်ဖြင့် လက်နက်သွန်းလုပ်အရည်အသွေးကို အကဲဖြတ်လိုက်၏။
"တကယ် ထက်တဲ့ သားလှီးဓားပဲ... ဓားသွားက ကမ္ဘာမြေအဆင့်လက်နက်နဲ့တောင် ယှဉ်နိုင်တယ်"
ထိုအဘိုးအိုသည် တန်ဖိုးရှိသော အရာတစ်ခုကို ခိုးယူခဲ့ပြီး အမိဖမ်းခံရသောအခါ မိမိကိုယ်ကိုယ် ကယ်တင်ရန်အတွက် ၄င်းကိုစွန့်လွှတ်ခဲ့သည်ဟု ဖုန်းထဲ့ ထင်မှတ်လိုက်သည်။
"နေဦး... ဒီသားလှီးဓားရဲ့ ဓားသွားမှာ ဘာလို့ အပေါက်တစ်ခု ရှိနေတာလဲ"
သူသည် သားလှီးဓားကို ဆက်လက်စစ်ဆေးကြည့်ရာ မြင်တွေ့ရသည့်အရာကြောင့် ဇဝေဇဝါ ဖြစ်သွား၏။
ထိုအပေါက်မှာ ကျိယွမ်က သားလှီးဓားအတွက် သွန်းလုပ်ပေးထားသော ကာကွယ်ရေးအတွက် ဇစ်ဖွင့်ရန် နေရာ ဖြစ်သည်။
သူတို့ လောလောဆယ် ထွက်ခွာလာချိန်တွင် ကျိယွမ်ရော ချန်ခန်းပေါင်ပါ ထိုကဲ့သို့သော အသေးစိတ်အချက်အလက်များကို ဂရုမစိုက်မိခဲ့ကြချေ။
"လက်နက်ထဲက လက်နက်လား"
ဖုန်းထဲ့၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
အပြင်ဘက်အခွံတစ်ခုတည်းပင် ကမ္ဘာမြေအဆင့်လက်နက်နှင့် နှိုင်းယှဉ်နိုင်သည်။ အတွင်းထဲတွင် မည်သည့်ရတနာများ ရှိနေမည်နည်း။
သူသည် ဝမ်းသာအားရဖြင့် အတွင်း၌ ရှိသောအရာကို ထုတ်ယူရန် ထိုအပေါက်ကို စတင်နှိုက်ကြည့်လိုက်၏။
ထိုအချိန်တွင် စိတ်ပျက်အားလျော့နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သားလှီးဓားကို နှိုက်နေတာလား... မင်းက တကယ့်လူထူးဆန်းပဲ"
ထိုအသံ ထွက်လာသည်နှင့်အမျှ အလင်းတန်းတစ်ခု ရုတ်တရက် ကျရောက်လာ၏။
ဖုန်းထဲ့သည် အလန့်တကြားဖြင့် သူ၏ လည်ပင်းကိုအုပ်ကိုင်လိုက်စဥ်မှာပင် သွေးများ ပန်းထွက်လာသည်။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ကျယ်လောင်သောအသံနှင့်အတူ လဲကျသွား၏။
သားလှီးဓားမှာ အလွန်ထက်ရှရုံသာမက ကိုယ်ပိုင်အသိစိတ်ပါ ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
အသိဉာဏ်ရှိသောလက်နက် ဆိုသည်မှာ ဒဏ္ဍာရီလာ အရာများ ဖြစ်သည်။
သို့သော် နင်နိုင်ငံတွင် ဤကဲ့သို့သော ဒဏ္ဍာရီလာပစ္စည်း မည်သို့ ရှိနေနိုင်မည်နည်း။
မမျှော်လင့်ထားသော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖုန်းထဲ့သည် တုံ့ပြန်ရန် အခွင့်အရေးမရခင်မှာပင် ထိုနေရာ၌ သေဆုံးသွားခဲ့ရ၏။
ကျိယွမ်သည် သူ၏ မူလအသွင်သို့ ပြန်ပြောင်းကာ အရိပ်ထဲမှ ထွက်လာသည်။
"သားလှီးဓားနဲ့ သတ်တာက ငါ့ရဲ့ ကျွမ်းကျင်မှုကို နည်းနည်းပဲဖြစ်ဖြစ် တက်စေလိမ့်မယ်လို့ ထင်မထားဘူး"
သူ၏ အကြည့်က ဖုန်းထဲ့၏ အလောင်းပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။
ထိပ်တိုက်ရင်ဆိုင်မှုတွင် သူ၏ လက်ရှိ ပြန်လည်ကောင်းမွန်လာမှု အခြေအနေနှင့်ပင် ကျိယွမ်သည် ဖုန်းထဲ့ကို နှိမ်နင်းရန် ကြီးမားသော အားထုတ်မှု ပြုလုပ်ရမည် ဖြစ်သည်။
သို့သော် သားလှီးဓားအဖြစ် အသွင်ပြောင်းခြင်းဖြင့် သူသည် ရန်သူကို လုံးဝ သတိမထားမိခိုက်တွင် အလစ်ဖမ်းနိုင်ခဲ့၏။
အလွန်နီးကပ်ပြီး ကာကွယ်မှုမရှိသဖြင့် ရလဒ်မှာ လွယ်ကူသောသတ်ဖြတ်မှု ဖြစ်ခဲ့သည်။
ကျိယွမ်သည် စကားပြောရင်း အလောင်းကို စတင်ရှာဖွေလိုက်၏။
ဖုန်းထဲ့၏ ပစ္စည်းများထဲတွင် သူသည် ကမ္ဘာမြေအဆင့်လက်နက် သုံးခုကို တွေ့ရှိခဲ့သည်။
ဝတ်စုံပျော့သံချပ်ကာတစ်ခု၊ ဓားမြှောင်တစ်လက်နှင့် မီးအိမ်တစ်လုံး ဖြစ်၏။
ထို့အပြင် သူ၏ သိုလှောင်ရေးလက်နက်ထဲတွင် စုစုပေါင်း ငွေတစ်သိန်း တစ်သောင်းလျန် ရှိသော ငွေစက္ကူများ ပါရှိသည်။
"ဒါက သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံး ဖြစ်ရမယ်"
"ပန်းသူခိုး ဟန်ရှန်းနဲ့ ရေးထားတဲ့ ပေးစာပြန်စာတွေတောင် ရှိတာပဲ"
သိုလှောင်ရေးလက်နက်ထဲတွင် ကျိယွမ်သည် စာဟောင်းအချို့ကို တွေ့ရှိခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးသားခဲ့သော အစောပိုင်းစာများမှာ ဟန်ရှန်းက ဖုန်းထဲ့အား လျှို့ဝှက်နယ်မြေတစ်ခုကို အတူတူ ရှာဖွေရန် ဖိတ်ခေါ်ထားသည့် စာများ ဖြစ်သည်။
"အကြွင်းမဲ့တောင်တန်းတစ်သောင်းလား"
ဤအကြွင်းမဲ့တောင်တန်းတစ်သောင်း ဟုခေါ်သော လျှို့ဝှက်နယ်မြေမှာ နင်နိုင်ငံနှင့် မိုရှန်းနိုင်ငံ နယ်စပ်ရှိ ဝေးလံခေါင်သီပြီး လူသူမနေထိုင်သော နေရာတစ်ခု ဖြစ်၏။
ထိုနေရာသည် မြင့်မားသော တောင်ထိပ်များ၊ ထူထပ်သော အဆိပ်ငွေ့များနှင့် ရေတွက်မကုန်နိုင်သော ဆိုးသွမ်းဝိညာဉ်များဖြင့် ပြည့်နှက်နေသည့် ကျယ်ပြောလှသော တောင်တန်းကြီး ဖြစ်သည်။
ကောင်းကင်အဆင့်လက်နက်သခင်များပင် အကြွင်းမဲ့တောင်တန်းတစ်သောင်းကို ဖြတ်ကျော်နိုင်ခြင်း မရှိဟု ပြောစမတ်ပြုကြ၏။
"ဟန်ရှန်းရဲ့ မှတ်တမ်းအရ သူက တောင်တန်းတွေထဲမှာ အသစ်ဆောက်ထားတဲ့ မြေအောက်နန်းတော်တစ်ခုကို ရှာတွေ့ခဲ့တာလား"
အသစ်ဆောက်ထားသော မြေအောက်နန်းတော်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
"အကြွင်းမဲ့တောင်တန်းတစ်သောင်း ဆိုတဲ့ နာမည်က ငါ့အတွက် ဘာလို့ ရင်းနှီးနေရတာလဲ"
ချန်ခန်းပေါင်က ဘေးမှနေ၍ ရေရွတ်လိုက်၏။
ကျိယွမ်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဒါက မင်းရဲ့ အပိုဂိမ်းတာဝန်အတွက် လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်တယ်"
"ဟင်"
ချန်ခန်းပေါင် ဇဝေဇဝါ ဖြစ်သွား၏။ သူ၏ "အပိုဂိမ်းတာဝန်" ဆိုသည်မှာ ဘာကို ဆိုလိုတာနည်း။
"ထုံးစံအတိုင်း ငါတို့ တစ်နေ့ကျရင် အကြွင်းမဲ့တောင်တန်းတစ်သောင်းကို သွားရမယ်"
"ဟန်ရှန်းနဲ့ ဖုန်းထဲ့က အဲဒီနေရာကို သိပ်စိတ်ဝင်စားနေကြတာ"
"သူတို့က ရှန်လင်ရွှမ်းကို ပြန်ပေးဆွဲပြီး နန်းတော်ကို အတူတူသွားဖို့၊ ပြီးတော့ ကောင်းကင်အဆင့်ကို ရောက်ဖို့ တူနှစ်ဦးကျင့်ကြံခြင်းကို လုပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ပြီး ရှာဖွေဖို့တောင် စီစဉ်ထားကြတာ"
"ဟား... သမက်တော်တစ်ယောက်ဖြစ်တဲ့ ငါ ကျိယွမ်ရဲ့ ဇနီးကို လုယူဖို့ ကြံစည်နေတာလား... ဟန်ရှန်းကတော့ သေချင်နေတာပဲ"
"သူတို့က ရှန်လင်ရွှမ်းကို ဖမ်းဆီးဖို့ အစီအစဉ်ကို အပြီးသတ်ဖို့ နောက်ငါးရက်နေရင် နတ်ဘုရားတိမ်တိုက်ဘုရားကျောင်းမှာ တွေ့ဆုံဖို့တောင် ချိန်းထားကြသေးတယ်"
"သူတို့ကတော့ ရည်မှန်းချက် အတော်ကြီးတာပဲ"
ကျိယွမ်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
...
"သခင်မလေး... သခင်လေး... သူ ပျောက်သွားပါပြီ"
ကျိရွှန်းသည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လှေငယ်ပေါ်တွင် ရပ်နေပြီး ရှန်လင်ရွှမ်းထံသို့ စာတစ်စောင် ကမ်းပေးလိုက်၏။
သူမ၏ အေးစက်သော အလှတရားမှာ သူမ၏ သခင်မရှေ့တွင် လုံးဝ မှေးမှိန်သွားရသည်။ ရှန်လင်ရွှမ်းထံမှ ဖြာထွက်နေသော အအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်ပြီး ဝိညာဉ်ကို ထိုးဖောက်နိုင်၏။
"'လောကီအရသာရှိတဲ့ အစားအစာတွေကို လိုက်ရှာခြင်း' တဲ့လား"
ရှန်လင်ရွှမ်းသည် စာကို ဖတ်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။
"ချန်ခန်းပေါင်က သခင်လေးကို ခေါ်သွားတာ ထင်တယ်... ဒါပေမဲ့... ချန်ခန်းပေါင်က သူ့ကို ဘယ်လို ခေါ်ထုတ်သွားလဲဆိုတာ ငါ စဉ်းစားလို့မရဘူး"
ကျိရွှန်းက သူမ၏ ထင်မြင်ချက်ကို ပြောလိုက်၏။
"ချန်ခန်းပေါင်ရဲ့ နောက်ခံကို စုံစမ်းပါ... အကယ်၍... ကျိယွမ်ကို ရန်ပြုမယ့် ရည်ရွယ်ချက် မရှိရင် ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါ"
ရှန်လင်ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်၏။
ကျိယွမ် အန္တရာယ်မရှိသရွေ့ သူမသည် သူ၏ အဝင်အထွက်ကို ဂရုမစိုက်ချေ။
"နားလည်ပါပြီ"
ကျိရွှန်း ခေါင်းညိတ်ပြီး အမြန်ထွက်ခွာသွားဆလသည်။
စာကို ကိုင်ထားရင်း ရှန်လင်ရွှမ်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
"သူ့ဘေးမှာ... ဝိညာဉ် ရှိနေတော့ သူ ဘေးကင်းသင့်ပါတယ်"
သူမသည် ကျိယွမ်၏ အဖေနှင့်ပတ်သက်သော လျှို့ဝှက်ချက်များ အပါအဝင် လျှို့ဝှက်ချက်များစွာကို သိထားသူ ဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက ကျိယွမ်၏ အဖေသည် လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့ပြီးမှ ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ ကျိယွမ်ထံသို့ အရာတစ်ခု ပေးအပ်ပြီးနောက် သူ သေဆုံးသွားခဲ့၏။
ရှန်လင်ရွှမ်း သိထားသရွေ့ ကျိယွမ်၏ အဖေ ချန်ထားခဲ့သော အရာသည် သူ၏ အသက်ကို ကာကွယ်နိုင်စွမ်း ရှိရမည်။
"ကံကြမ္မာက နင်နဲ့ငါ ရေစက်ရှိတယ်လို့ ပြနေပေမဲ့ ဒီကံကြမ္မာက..."
ရှန်လင်ရွှမ်း၏ အတွေးများမှာ ပို၍ ရှုပ်ထွေးလာ၏။
သူမ ကျိယွမ်နှင့် လက်ထပ်ခဲ့ခြင်းမှာ သူ၏ အဖေကြောင့်သာ မဟုတ်ဘဲ ကံကြမ္မာ၏ နက်နဲသော အင်အားစုများနှင့်လည်း ဆက်စပ်နေသည်။
ကံကြမ္မာဆိုသည်မှာ ဖမ်းဆုပ်ရန် ခက်ခဲပြီး နက်နဲဆန်းပြားလှ၏။
သူမ၏ ယခင်ဘဝတွင်ပင် ရှန်လင်ရွှမ်းသည် ယင်းကို အပြည့်အဝ နားမလည်ခဲ့ချေ။
ထိုအချိန်တွင် လှေငယ်တစ်စောင်သည် သူမရှိရာသို့ ချဉ်းကပ်လာသည်။ လှေပေါ်တွင် ရပ်နေသူမှာ ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး သူမကို ချီးကျူးသော အကြည့်ဖြင့် ကြည့်နေ၏။
"ဂျူနီယာညီမလေး... မတွေ့တာ ကြာပြီ... မင်းရဲ့ ကျင့်ကြံမှုက ပိုပြီးတော့တောင် နက်နဲလာပုံပဲ"
ရောက်လာသူမှာ ကောင်းကင်ဂိုဏ်း၏ ထိပ်တန်းစစ်မှန်တပည့်များထဲမှ တစ်ဦးဖြစ်သော ရှဲ့တန်းရန် ဖြစ်၏။ အသက်သုံးဆယ်မျှသာ ရှိသေးသော်လည်း သူသည် ကမ္ဘာမြေအဆင့်လက်နက်သခင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူသည် ရှန်လင်ရွှမ်းကို ကြည့်ရှုရင်း သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်မထားသော ချီးကျူးမှုနှင့် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေ၏။
"မိုရှန်းနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပန်းသူခိုး ဟန်ရှန်းက လက်နက်ညီလာခံကို လာနေတယ်လို့ ငါ ကြားတယ်... မင်းအတွက် ဖြစ်ဖို့များတယ်... ဒါကို သိရတော့ ငါ သိပ်စိတ်ပူသွားတာပဲ"
"ဟန်ရှန်းက ကောက်ကျစ်ပြီး အန္တရာယ်များတယ်... မင်းက လက်ရှိမှာ ရွှမ်အဆင့်ပဲ ရှိသေးတာ... အကယ်၍ မင်း သူနဲ့ မမျှော်လင့်ဘဲ ဆုံမိရင် ပြန်ပေးဆွဲမခံရခင် တုံ့ပြန်ဖို့အချိန်တောင် ရမှာ မဟုတ်ဘူး"
"တိုက်တိုက်ဆိုင်ဆိုင် ငါက ရဲ့ရှန်းရေကန်ပတ်ဝန်းကျင်ကို ကင်းလှည့်နေတာ... ညီမ... ငါနဲ့အတူ လိုက်ခဲ့ပါလား"
"ငါ့ရဲ့ စွမ်းရည်က ဟန်ရှန်းနဲ့ မယှဉ်နိုင်ပေမဲ့ သူ့ကို ခဏတော့ ထိန်းထားနိုင်ပြီး ဂိုဏ်းကနေ စစ်ကူတွေ ခေါ်ပေးနိုင်တယ်"
ရှဲ့တန်းရန်က ယဉ်ကျေးသော်လည်း ကြင်နာတတ်သော ဂရုစိုက်မှုများဖြင့် ပြောလိုက်၏။
"စီနီယာအစ်ကို... ကျွန်မမှာ ခင်ပွန်း ရှိပြီးသားပါ... အခြားအမျိုးသားတွေနဲ့ သင့်တော်တဲ့ အကွာအဝေးမှာ နေတာ အကောင်းဆုံးပါပဲ... အစ်ကို့ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပေမဲ့ ကျွန်မ ငြင်းပါရစေ"
ရှန်လင်ရွှမ်းက အေးစက်စွာ ပြန်လည်ဖြေကြားလိုက်ပြီး သူမ၏ စကားလုံးများတွင် ငြင်းပယ်မှုများ ပါဝင်နေသည်။
ရှဲ့တန်းရန်၏ မျက်နှာအမူအရာ ပျက်သွားပြီး သူ၏ မျက်လုံးအစုံတွင် ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွား၏။
"ဂျူနီယာညီမ... ငါ သီးသန့်ကျင့်ကြံနေတာ သုံးလပဲ ရှိသေးတယ်... မင်းက လက်ထပ်လိုက်ပြီ ဟုတ်လား... ငါ အရင်က လုပ်ခဲ့တဲ့ အရာတစ်ခုခုက မင်းကို စိတ်ဆိုးစေခဲ့လို့လား... မင်း ငါ့ကို စိတ်ဆိုးအောင် လုပ်ဖို့ ကျိယွမ်ကို စိတ်လိုက်မာန်ပါ လက်ထပ်လိုက်တာလား"
"..."
ရှန်လင်ရွှမ်း၏ ပခုံးများ အနည်းငယ် တုန်ရင်သွား၏။
"စီနီယာအစ်ကို... အစ်ကိုကတော့ လျှောက်ပြောနေပြီပဲ... ကျွန်မ ခင်ပွန်းနဲ့ လက်ထပ်တာက ကံကြမ္မာအရဖြစ်ပြီး အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး"
သူမ၏ လေသံမှာ အလှမ်းကွာဝေးလှပြီး ကင်းကွာမှုများ ပြည့်နှက်နေသည်။
"ကျေးဇူးပြုပြီး ထွက်သွားပေးပါ စီနီယာအစ်ကို... ကျွန်မ ခင်ပွန်း အထင်လွဲမှာကို မလိုလားဘူး"
"ဟန်ရှန်းက မင်းကို ပြန်ပေးဆွဲသွားမှာကို မစိုးရိမ်ဘူးလား"
ရှဲ့တန်းရန်သည် ယခုအခါ စိတ်လှုပ်ရှားလာပြီး ဒေါသတကြီး မေးလိုက်၏။
"မင်း အဖမ်းခံရရင် ဘာဖြစ်မလဲဆိုတာ သိလား... မင်းရဲ့ အသုံးမကျတဲ့ လင်ယောက်ျားက မင်းကို ဘယ်လိုမှ မကာကွယ်နိုင်ဘူး"
"သူ့ကို နှင်ထုတ်လိုက်"
ရှန်လင်ရွှမ်းက သူမ၏ ဝတ်ရုံစကို ခါလိုက်ရာ ရှဲ့တန်းရန်၏ လှေသည် ရုတ်တရက် နောက်သို့ လွင့်ထွက်သွားသည်။
နောက်ဆုတ်သွားသော လှေပေါ်တွင် ရပ်ရင်း ရှဲ့တန်းရန်သည် လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသများ တောက်လောင်လာ၏။
"နက်နဲယင်ခန္ဓာကိုယ်... အဲဒီလို ရတနာမျိုးကို အဲဒီအသုံးမကျတဲ့လူမိုက်ရဲ့ လက်ထဲကို အကျခံလို့မဖြစ်ဘူး"
........
နတ်ဘုရားတိမ်တိုက်ဘုရားကျောင်းသည် တုံနန်တောင်ပေါ်တွင် တည်ရှိပြီး ပျက်စီးကာ စွန့်ပစ်ထားသော ဘုရားကျောင်းတစ်ခု ဖြစ်၏။
ဘုရားကျောင်းအပြင်ဘက်တွင် စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားသော ပျက်စီးနေသည့် စံအိမ်တစ်ခု ရှိသည်။
ထိုအချိန်တွင် တောင်စောင်းထက်၌ မိုးဖွဲဖွဲရွာသွန်းနေ၏။ ဝတ်ရုံပြာကို ဝတ်ဆင်ထားသော ရှန်လင်ရွှမ်းသည် စံအိမ်အပြင်ဘက်တွင် ထိုင်ကာ မိုးရွာသည်ကို တွေးတောငေးမောရင်း ကြည့်နေသည်။
ရွာကျနေသော မိုးစက်များထဲတွင် ထက်မြက်သော ဓားအသိစိတ်တစ်ခု ပုန်းကွယ်နေပုံရ၏။
မိုးတိတ်သွားသောအခါ ဤဓားအသိစိတ်သည် ယင်း၏ အပြင်းထန်ဆုံး ပုံသဏ္ဌာန်ဖြင့် ပေါ်လာပြီး ပြတ်သားသော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်မည် ဖြစ်သည်။
စံအိမ်တွင် ထိုင်နေသော ရှန်လင်ရွှမ်းသည် အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး သူမ၏ တည်ရှိမှုမှာ ပတ်ဝန်းကျင်ကမ္ဘာနှင့် တစ်သားတည်း ဖြစ်နေ၏။
ဖြတ်သွားဖြတ်လာ မည်သူမျှ သူမ၏ တည်ရှိမှုကို သတိထားမိမည် မဟုတ်ချေ။
ထိုအချိန်တွင် သူမ၏ ကျင့်ကြံမှုမှာ ရွှမ်အဆင့်လက်နက်သခင်၏ အရှိန်အဝါကို မထုတ်လွှတ်တော့ဘဲ ကမ္ဘာမြေအဆင့်တွင် ရှိနေသည်မှာ ထင်ရှားလှသည်။
မိုးထဲမှ လူနှစ်ယောက် ထွက်လာရာ အကြီးအကဲတစ်ဦးနှင့် လူငယ်တစ်ဦး ဖြစ်၏။ လူငယ်က ဆီစိမ်စက္ကူထီးတစ်ချောင်းကို ကိုင်ထားပြီး သူ၏ ခြေလှမ်းတိုင်းက ရေများကို စင်ထွက်စေသည်။
"သူလား"
ထိုလူငယ်ကို မြင်သောအခါ ရှန်လင်ရွှမ်း၏ မျက်လုံးများ အနည်းငယ် ကျယ်သွား၏။
ဤလူသည် ကွန်းလင်ကူးတို့ဆိပ်အနီးတွင် သူမ ဆုံခဲ့ဖူးပြီး သရဲဈေးတွင်လည်း ထပ်မံဆုံခဲ့ဖူးသော လူ ဖြစ်သည်။
ယခုအခါ သူက သူမထံသို့ လျှောက်လာနေ၏။
သူမ၏ မျက်နှာအမူအရာမှာ နှင်းခဲရိုက်ထားသော ဓားသွားကဲ့သို့ ပို၍ အေးစက်လာသည်။
လက်ရှိ အခြေအနေအရ နတ်ဘုရားတိမ်တိုက်ဘုရားကျောင်းသို့ ဦးတည်နေသူတိုင်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ပန်းသူခိုး ဟန်ရှန်းမဟာဆရာကြီးနှင့် ပူးပေါင်းထားသူများ မဟုတ်ပါလော။
ထိုရာဇဝတ်ကောင်များ ဘာကြံစည်နေသည်ကို သူမ ကောင်းကောင်းသိ၏။
သူမ အံ့သြသွားသည်မှာ ဤလူငယ်သည်လည်း သူတို့ထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။
လူငယ်က ခေတ္တရပ်ကာ စံအိမ်ကို လှမ်းကြည့်လိုက်၏။
"တိုက်ဆိုင်လိုက်တာ အလှပန်းလေး... ငါတို့ ပြန်ဆုံကြပြန်ပြီ... ငါ မိုးခိုဖို့ အတွင်းထဲကို ဝင်လာလို့ရမလား"
ရှန်လင်ရွှမ်း၏ အေးစက်သော မျက်လုံးများထဲတွင် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွား၏။
သူ ငါ့ကို မြင်နိုင်တာလား။
ယခုအချိန်တွင် ရှန်လင်ရွှမ်းသည် သဘာဝတရားနှင့် တစ်သားတည်းဖြစ်ခြင်းကို အောင်မြင်ပြီး ဖြစ်သည်။
သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကောင်းကင်အဆင့်လက်နက်သခင်ကို မယှဉ်နိုင်သေးသော်လည်း သူမ၏ နားလည်မှုအဆင့်မှာ ကောင်းကင်အဆင့်ပညာရှင်အများစုထက် သာလွန်နေ၏။
ဤတစ်သားတည်းဖြစ်ခြင်း အခြေအနေတွင် စံအိမ်အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေပါက သာမန်လူတစ်ဦးမျှ သူမ၏ တည်ရှိမှုကို မသိရှိနိုင်သင့်ချေ။
သို့သော် ဤလူငယ်က သူမကို ရှာတွေ့ခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပေါ်လာ၏။
"ဒီနေရာက ငါ့ပိုင်နက် မဟုတ်ပါဘူး... မိုးခိုချင်ရင်လည်း ဝင်လာပါ"
ရှန်လင်ရွှမ်းက အေးစက်စွာ ပြန်ပြောလိုက်၏။
ကျိယွမ်သည် စံအိမ်ထဲသို့ လှမ်းဝင်လိုက်ပြီး သူ၏ တည်ငြိမ်သော အကြည့်က သူမ၏ လှပသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
"အလှပန်းလေး... ငါ အရင်က ပြောခဲ့တဲ့အရာကို ပြန်စဉ်းစားပြီးပြီလား... ငါ့ရဲ့ စီးတော်ယာဉ် ဖြစ်လာဖို့လေ"
"အား... အေးလိုက်တာ"
ချန်ခန်းပေါင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ရှင်းပြမရသော အအေးဓာတ်ကြောင့် တုန်လှုပ်သွား၏။
"ရှင်က နတ်ဘုရားတိမ်တိုက်ကျောင်းထဲက လူတွေနဲ့ အတူတူပဲလား"
ရှန်လင်ရွှမ်းက ထုံးစံအတိုင်း အေးစက်သော လေသံဖြင့် မေးလိုက်၏။
သူမ၏ မူလအစီအစဉ်မှာ အချိန်ဆွဲရန် ဖြစ်ပြီး ဘုရားကျောင်းအတွင်း ပုန်းအောင်းနေသော လူဆိုးများကို နှိမ်နင်းရန် ပြတ်သားသော ဓားချက်တစ်ချက် ထုတ်လွှတ်နိုင်လောက်သည့် အင်အားကို စုဆောင်းရန် ဖြစ်သည်။
သို့သော် ယခုအခါ သူမ အာရုံခံမိသွားသဖြင့် သူမ၏ အစီအစဉ်မှာ ပျက်စီးသွားရပြီ ဖြစ်၏။
သူမ၏ စိတ်ထဲတွင် သတိထားမှုများ ပိုမိုမြင့်မားလာသည်။
သူမသည် ဤလူကို ထိုးဖောက်မမြင်နိုင်ချေ။
သူမ၏ ယခင်ဘဝက အင်အားကို အပြည့်အဝ ပြန်လည်ရရှိပြီး ကောင်းကင်နှင့် တစ်သားတည်းဖြစ်ခြင်းကို အောင်မြင်မှသာ သူ၏ စစ်မှန်သော သဘောသဘာဝကို ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။
"ငါ မင်းကို ဘုရားကျောင်းထဲက လူတွေကို ရှင်းပစ်ဖို့ ကူညီပေးရင်ကော... မင်း ငါ့ရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ စဉ်းစားမလား"
ကျိယွမ်က သူ စိတ်ဝင်စားသောအရာကို လက်မလွှတ်ဘဲ ထပ်မံကမ်းလှမ်းလိုက်ပြန်သည်။
ရှန်လင်ရွှမ်း၏ အေးစက်သော အကြည့်ထဲတွင် သံသယများ ဖြတ်ပြေးသွား၏။
"ရှင်က သူတို့ထဲက တစ်ယောက် မဟုတ်ဘူးလား"
"ငါ့လို ရုပ်ရည်မျိုးနဲ့ အဲဒီလို အရုပ်ဆိုးတဲ့လူတွေနဲ့ ပေါင်းလိမ့်မယ်လို့ မင်းထင်လို့လား"
ကျိယွမ်က ပြန်ပြောလိုက်၏။
"ဒါပေမဲ့ သခင်လေး... ကျွန်တော်လည်း ရုပ်ဆိုးတာပဲလေ"
ချန်ခန်းပေါင်က ကြားဖြတ်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား"
ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ဟောက်လိုက်၏။ ချန်ခန်းပေါင်က ဘာလို့ အမြဲတမ်း ဝင်ဝင်ပြောနေရသနည်း။
ပြောလိုက်ရင်လည်း အလွဲတွေ။
ရှန်လင်ရွှမ်းက ခေါင်းခါလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ငါက ဘယ်သူ့ရဲ့ စီးတော်ယာဉ်မှ ဖြစ်လာမှာ မဟုတ်ဘူး"
"နှမြောစရာပဲ"
ကျိယွမ်က သိသိသာသာ စိတ်ပျက်သွားကာ သက်ပြင်းချလိုက်၏။
ထို့နောက် သူက သူမအားကြည့်သည်။
"မင်းရဲ့ ဓားသိုင်းအရှိန်အဝါက အတော်လေး ကောင်းတာပဲ... ငါ့ကို ခဏလောက် ချေးလို့ရမလား"
ရှန်လင်ရွှမ်း၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာ၏။
ဤလူက သူမ၏ ဓားအသိစိတ်ကိုပင် အာရုံခံနိုင်နေတာလား။
အကယ်၍ သူက သူမကို သတ်ချင်လျှင် သူမ အချိန်မီ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟု ထင်မိသည်။
"ယူပါ"
သူမက အခြေအနေအရကြည့်ပြောလိုက်၏။
"သေချာကြည့်ထား"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ဖြူဖျော့သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထုကို ဖမ်းဆုပ်လိုက်သည်။
မိုးစက်များမှာ လေထဲတွင် ရပ်တန့်သွားပုံရ၏။
မိုးပေါက်များသည် ထိုနေရာတွင်ပင် အေးခဲသွားပြီး ပုလဲကုံးများကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။
မိုးထဲမှ ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာပြီး အေးစက်ကာ သေစေနိုင်သောအရှိန်အဝါ ရှိ၏။
ရေဖြင့်သွန်းလုပ်ထားသောဓားသွားကို ကိုင်ဆောင်ကာ ကျိယွမ်သည် ရှေ့သို့ ထိုးနှက်လိုက်သည်။
တစ်ခဏချင်းတွင် မိုးသည် လုံးဝ တိတ်သွား၏။
မြေပြင်မှာ လှုပ်ခါသွားပြီး တောင်တန်းကြီးပင် တုန်ယင်သွားသည်။
---------