အခန်း ၅၁၅
Vol. 48 Ch. 515
အခန်း (၅၁၅) - ဂျူနီယာညီမလေး... ပိုကြီးမားတဲ့ အခြေအနေကို ထည့်စဉ်းစားစမ်း
ရဲ့ရေကန်၏ မျက်နှာပြင်ထက်တွင် တစ်ကိုယ်တော် လှေငယ်တစ်စင်းသည် လျင်မြန်စွာ ဖြတ်သန်းမောင်းနှင်နေပြီး ၎င်း၏ အရှိန်မှာ အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်လှကာ ရေလှိုင်းငယ်များကို တရိပ်ရိပ် ချန်ထားရစ်ခဲ့၏။
ကျန်းယွန်းရှီသည် လှေဦးတွင် မတ်တပ်ရပ်လျက် သူမ၏ မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသည်။ သူမ၏ သေးငယ်ပြီး နုနယ်သော လက်ကလေးသည် လေထဲတွင် ဝှေ့ယမ်းနေ၏။
သူမအနေဖြင့် တစ်စုံတစ်ခုသော ထုးဆန်းသည့်လက်ဟန်ခြေဟန်ကို ပြုလုပ်နေသကဲ့သို့ပင်။
ဤထူးဆန်းသော လှုပ်ရှားမှုသည် သူမကို လေထဲသို့ မြှောက်တက်မသွားစေသော်လည်း သူမ၏ လှေကို ပို၍ပင် မြန်ဆန်စွာ အရှိန်တက်သွားစေ၏။
ရေကန်၏ ထိုအပိုင်းရှိ ဝိညာဉ်မှင်စာငါးများကို သုတ်သင်ပြီးနောက် ကျန်းယွန်းရှီသည် ရပ်တန့်မနေခဲ့ပေ။ ကျိယွမ်၏ အကြံဉာဏ်အတိုင်း သူမသည် ဝိညာဉ်မှင်စာငါးများကို တတ်နိုင်သမျှ များများ နှိမ်နင်းရန် အားသွန်ခွန်စိုက် ရှေ့သို့ ဆက်သွားရန် စီစဉ်ခဲ့သည်။
"ဝိညာဉ်မှင်စာငါးတွေက အရေအတွက် တိုးလာနေတယ်... နင် ပိုပြီးတော့ သတ်ဖို့ လိုအပ်တယ်... သူတို့ရဲ့ အသိုက်ဆီ တိုက်ရိုက် ဦးတည်ပြီးတော့ သူတို့ သတိမထားမိခင် ဖမ်းဆီးရမယ်"
ကျိယွမ် သူမကို ပြောခဲ့တဲ့ စကား ဖြစ်၏။
"ကမ္ဘာပေါ်မှာ အတော်ဆုံး စားဖိုမှူး ဖြစ်လာဖို့ဆိုတာ... ကမ္ဘာပေါ်မှာ အကောင်းဆုံး မီးဖိုချောင်သုံးဓား ရှိရုံနဲ့တင် မလုံလောက်ဘူး... နင် အဆင့်မြင့်ဆုံး ပါဝင်ပစ္စည်းတွေကိုလည်း အများကြီး လှီးဖြတ်ဖို့ လိုတယ်"
ယခုအခါ ခွန်အားများနှင့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသော ကျန်းယွန်းရှီသည် သူမ၏ လက်ကို ဆက်လက် ဝှေ့ယမ်းကာ လှေငယ်ကို ရဲ့ရေကန်၏ အနက်ပိုင်းသို့ အမြန်ဆုံးဦးတည်ခဲ့၏။
ရုတ်တရက် ကြီးမားသော သင်္ဘောကြီးတစ်စင်းသည် ရေပြင်ကို ဖြတ်သန်းကာ ပြင်းထန်စွာ ရောက်ရှိလာပြီး သူမ၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ရပ်တန့်လိုက်သည်။
သင်္ဘောပေါ်တွင် ဝတ်စုံစိမ်းကို ဝတ်ဆင်ထားသော ရှဲ့ထန်ရန်သည် မောက်မာသော အမူအရာဖြင့် မတ်တပ်ရပ်နေ၏။ သူသည် ကျန်းယွန်းရှီကို ငုံ့ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ရှေ့က နယ်မြေက ရဲ့ရေကန်ရဲ့ ကန့်သတ်နယ်မြေ ဖြစ်တယ်... ခွင့်ပြုချက်မရှိဘဲ မည်သူမျှ မဝင်ရဘူး"
ယခုအချိန်တွင် ကောင်းကင်ဂိုဏ်းသည် ရေသခင်ကို တုံ့ပြန်ရန်အတွက် အတတ်ပညာရှင်များ ညီလာခံကို စီစဉ်ခြင်းနှင့် ရေသခင် သောင်းကျန်းမှုကို ကာကွယ်ရန် အဓိက ရေပြင်များကို ပိတ်ဆို့ခြင်း အပါအဝင် ဗျူဟာအချို့ကို အကောင်အထည်ဖော်ထားသည်။
ဤကန့်သတ်ချက်သည် မကောင်းသော ရည်ရွယ်ချက်ရှိသူများ ရေကန်၏ အနက်ပိုင်းသို့ ဝင်ရောက်ကာ ရေသခင်နှင့် ပူးပေါင်း ကြံစည်ခြင်းမှ တားဆီးရန်လည်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာတွင် ပျက်စီးခြင်းကို လိုလားသော လူများ မရှားပါးသောကြောင့် ဖြစ်သည်။
ယခုလည်း သူစိမ်းတစ်ဦးကို မြင်သောအခါ ရှဲ့ထန်ရန်သည် သူမကို တားဆီးရန် ချက်ချင်း လှုပ်ရှားခဲ့သည်။
အမှန်တကယ်တော့ သူ၏ ဆင်ခြင်မဲ့သော လှုပ်ရှားမှုကြောင့် သူ၏ ကြီးမားသော သင်္ဘောသည် ကျန်းယွန်းရှီ၏ လှေငယ်ကို မှောက်လုမတတ် ဖြစ်စေခဲ့၏။
ကံကောင်းစွာဖြင့် ကျန်းယွန်းရှီသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သို့သော်လည်း သူမ၏ ဆံပင်များ ရေစိုသွားပြီး ဆံနွယ်များမှ ရေစက်များ ကျနေခဲ့၏။
"ဟေး... နင် လှေကို ဘယ်လို မောင်းနေတာလဲ... ငါသာ သာမန် တံငါသည်တစ်ယောက်ဆိုရင် နင် ငါ့ကို မှောက်ပစ်စ်လိုက်လို့ ငါ အခုလောက်ဆို ရဲ့ရေကန်ထဲမှာ ရေနစ်နေလောက်ပြီ"
ကျန်းယွန်းရှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှဲ့ထန်ရန်က သူမကို စောင်းငဲ့ကြည့်လိုက်၏။ သူမသည် စားဖိုမှူးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး ခါးတွင် ပန်းပွင့်ပုံစံ အေပရွန်ကို ချည်နှောင်ထားသည်ကို မြင်သောအခါ သူက မေးစေ့ကို ပင့်လျက် မောက်မာစွာ ပြောသည်။
"တံငါသည်ဆိုတာ ရေကူးတတ်တယ်... သူတို့ ရေမနစ်ပါဘူး... ဒါ့အပြင်... နင်လည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား"
ကျန်းယွန်းရှီ၏ ဒေါသက ပို၍ တောက်လောင်သွားရ၏။
"ငါ ဒီမှာ ဘာလုပ်နေလဲဆိုတာ နင်သာ သိရင် နင် ထိတ်လန့်သွားလိမ့်မယ်"
ကျန်းယွန်းရှီသည် သူမ၏ လက်များကို ခါးထောက်လိုက်သည်။
"ဟက်..."
ရှဲ့ထန်ရန်က လူအတစ်ယောက်ကို ကြည့်သကဲ့သို့ လှောင်ပြုံး ပြုံးလိုက်၏။
သူ၏ နှိမ်သလိုလို အမူအရာက ကျန်းယွန်းရှီ၏ သွေးကို ပွက်ပွက်ဆူစေသည်။
ယခုအချိန်တွင် သူမသည် ကမ္ဘာကြီးကို ကယ်တင်ရန် ထွက်ခွာခဲ့ကြသော်လည်း လမ်းခရီးတွင် နားလည်မှုလွဲကာ လှောင်ပြောင်ခြင်း ခံခဲ့ရသော ပုံပြင်များထဲမှ ဇာတ်လိုက်များ၏ ဒုက္ခကို နောက်ဆုံးတွင် နားလည်သွားခဲ့၏။
ဇာတ်လိုက်များသည် မိမိကိုယ်ကို ရှင်းပြရန် အခွင့်အရေးအမြဲရှိသော်လည်း များသောအားဖြင့် မရှင်းပြရန်သာ ရွေးချယ်တတ်ကြသည်။
"ဒါပေမဲ့... ငါက သူတို့နဲ့ မတူဘူး"
ကျန်းယွန်းရှီက ကြေညာလိုက်သည်။
"ဒီနေရာမှာ ဝိညာဉ်မှင်စာတွေ ပြည့်နေတယ်... ငါက သူတို့ကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ဒီကို လာတာ... ငါ့လမ်းကို မပိတ်နဲ့"
ရှဲ့ထန်ရန်သည် သူမကို နောက်တစ်ကြိမ် အကဲခတ်လိုက်ပြီး သူ၏ လှောင်ပြုံးက ပွင့်လင်းသော လှောင်ပြောင်မှုအဖြစ်သို့ ပြောင်းလဲသွား၏။
"နင်က ရွှမ်အဆင့်ကို ခြေချရုံတင် ရှိသေးတာ... ကမ္ဘာကြီးကို ကယ်တင်ဖို့ ပြောနေတာလား... ကောင်းကင်ဂိုဏ်းက ဒီနယ်မြေကို စောင့်ကြပ်နေတာ... ဒီမှာ ဝိညာဉ်မှင်စာတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
ကျန်းယွန်းရှီ၏ မျက်ခုံးများကုပ်သွားပြီး ရင်ထဲတွင် မခံချင်စိတ်များဖြင့် ပြည့်နှက်သွားရသည်။
ဒါဆို နားလည်မှုလွဲခံရတဲ့ ခံစားချက်က ဒါမျိုးပေါ့။
သူမသည် ကမ္ဘာကြီးကို ကယ်တင်ရန် ဤနေရာသို့ ရောက်ရှိနေခြင်းမှာ ထင်ရှားလှသော်လည်း ဤမောက်မာသောအကန်းက သူမ၏ လမ်းကို ပိတ်ဆို့နေသည်။
ထိုအခိုက်အတန့်တွင် ကျိယွမ်၏ အသံသည် သူမ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏။
"သူ နင့်ကို တားဖို့ ကြိုးစားရင် တစ်ချက်တည်းနဲ့ ခုတ်ပစ်လိုက်... ဒီမောက်မာတဲ့ Npc က ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတယ်"
ယခုအခါ မီးဖိုချောင်သုံးဓား၏ ပေါင်းစပ်မှုတိုးတက်နှုန်းသည် သုံးပုံနှစ်ပုံသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကျိယွမ်သည် မိမိကိုယ်ကို ကိရိယာသက်သက်အဖြစ် မခံစားရတော့ပေ။
သူ၏ အာရုံခံစားမှုများသည် ယခင်ကထက် ပို၍ စူးရှလာခဲ့ပြီ ဖြစ်သည်။
သူတို့ ဤနေရာသို့ မရောက်ရှိမီ အချိန်အတော်ကြာကတည်းက သူသည် ရှဲ့ထန်ရန် သူ၏ ဇနီးကို နှောင့်ယှက်နေသည်ကို အာရုံခံမိထားပြီး ဖြစ်၏။
---
ထိုအချိန်တွင် ဝေးလံသော သင်္ဘောတစ်စင်းပေါ်တွင် ရှန်လင်ရွှမ်းသည် သူမ၏ဝတ်စုံပြာကို ဝတ်ဆင်ကာ မတ်တပ်ရပ်နေပြီး သူမ၏ ဆိတ်ငြိမ်သော အမူအရာက အေးစက်သော အလှတရားကို ဆောင်နေ၏။
သူမ၏ ဘေးတွင် ရဲ့ကျိန်း မတ်တပ်ရပ်နေပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အဲဒီလူက... ယွန်းရှီနဲ့ တူတယ်... သူမ ဘာလို့ ဒီကို ရောက်နေတာလဲ"
သူမသည် လက်ဟန်ပြလိုက်ပြီး သူတို့၏ သင်္ဘောသည် သူမ၏ အမိန့်အောက်တွင် ရှေ့သို့ ရွေ့လျားသွားခဲ့သည်။
"ယွန်းရှီ နင်ပါလား... ဒီမှာ ဘာလုပ်နေတာလဲ"
ရဲ့ကျိန်းက သူတို့၏ သင်္ဘော ချဉ်းကပ်လာသောအခါ စူးစမ်းလိုသော အမူအရာဖြင့် လှမ်းခေါ်လိုက်၏။
ထိုစကားကို ကြားသောအခါ ရှဲ့ထန်ရန်သည် အံ့သြသွားရသည်။
"နင် သူ့ကို သိတာလား"
ကျန်းယွန်းရှီအပေါ် ထားရှိသော သူ၏ အကြည့်သည် ပြောင်းလဲသွား၏။
"ဒါဆို ဒါက နားလည်မှုလွဲတာပဲ"
ရှဲ့ထန်ရန်က ရိုသေသော လေသံကို လျင်မြန်စွာ ပြောင်းလဲလျက် ပြောလိုက်သည်။
ရဲ့ကျိန်းသည် ကောင်းကင်အတတ်ပညာခန်းမ အကြီးအကဲ၏ မြေးမဖြစ်ပြီး ထင်ရှားသော အဆင့်အတန်းရှိသူ ဖြစ်၏။
ကျန်းယွန်းရှီသည် ရှဲ့ထန်ရန်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ စိတ်ထဲတွင် ကျိတ်၍ လှောင်ပြောင်လိုက်သည်။
သူမသည် မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း နောက်ဆုံးတွင် ကျိယွမ်၏ အကြံပြုချက်အတိုင်း မလုပ်ဆောင်ခဲ့ပေ။
"အစ်မ ရဲ့ကျိန်း... ငါ ဒီကို... ငါးအချို့ သတ်ဖို့ လာတာ"
သူမသည် ရှဲ့ထန်ရန်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒါပေမဲ့ သူက ငါ့ကို တားတယ်"
ရဲ့ကျိန်းက ရယ်မောကာ ပြောလိုက်သည်။
"ကောင်းကင်ဂိုဏ်းက လူဆိုးတွေ မဝင်နိုင်အောင်နဲ့ သာမန်လူတွေ လျှောက်မသွားနိုင်အောင် ဒီမှာ ကာကွယ်ရေးတွေ ချထားတာပါ... ဒါပေမဲ့ နင်ကတော့ ခြွင်းချက်ပေါ့ ယွန်းရှီ... နင် ငါးသတ်ချင်ရင် စိတ်ကြိုက် သတ်ပါ... ဒါနဲ့ စကားမစပ် ကျန့်ရှန်းမြို့စားမင်းက ရှေ့နား ဆယ်လီအကွာမှာ ရှိနေတယ်"
ထိုစကားကို ကြားရသောအခါ ရှဲ့ထန်ရန်က မည်သည့် ငြင်းချက်မျှ မထုတ်ခဲ့ပေ။
ရဲ့ကျိန်း ပြောသောအရာက အမှန်ပင်။
သို့သော်လည်း ရှဲ့ထန်ရန်သည် သူ၏ တာဝန်များကို ပျက်ကွက်ကာ ပျင်းရိနေပြီး ပုံသေနည်းလမ်းကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။
သူ၏ စိတ်ထဲတွင် လူများကို စစ်ဆေးနေမည့်အစား လာသမျှလူတိုင်းကို ပိတ်ဆို့ထားခြင်းက ပို၍ လွယ်ကူသည်ဟု ထင်မှတ်ထား၏။
"ငါ့အဖေက ဒီနယ်မြေမှာ ရှိနေတာလား"
ကျန်းယွန်းရှီက မေးလိုက်သော်လည်း သူမ၏ရည်ရွယ်ချက်ကို မမေ့ပါ။
"အစ်မ ရဲ့ကျိန်း... ငါ စကားပြောချင်ပေမယ့် အလောတကြီး ဖြစ်နေလို့... ငါ ရှေ့ကို အရင်သွားမယ်နော်"
သူမသည် ဆက်၍ မပြောတော့ဘဲ လှေကို ကန်၏အနက်ပိုင်းသို့ ပိုမို လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
သူမ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ရှဲ့ထန်ရန်က ရေရွတ်လိုက်၏။
"သူက ကျန့်ရှန်းမြို့စားမင်းရဲ့ သမီးလား... လူတွေ ပြောကြသလိုပဲ... တကယ်ကို အစွန်းရောက်အောင် ရိုးအပြီး မိုက်မဲတာပဲ"
ရဲ့ကျိန်းက သူ့ကို စိုက်ကြည့်လိုက်သည်။
"ကျန့်ရှန်းမြို့စားမင်းက ရှေ့တင် ရှိနေတာ... နင် အဲဒီ စကားကို သူ့ဆီ တိုက်ရိုက် သွားပြောချင်လား"
ရှဲ့ထန်ရန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။
"သူက ရဲ့ရေကန်မှာ ဝိညာဉ်မှင်စာတွေ ပြည့်နေပြီး သူက ကမ္ဘာကြီးကို ကယ်တင်ဖို့ ရောက်နေတာလို့ ပြောတယ်... ရယ်စရာပဲ"
သူက လှောင်သလိုဖြင့် ရယ်မောလိုက်သည်။
"ကောင်းကင်ဂိုဏ်းက ဒီမှာ စောင့်ကြပ်နေတာ... ဝိညာဉ်မှင်စာတွေက ဘယ်ကနေ ပေါ်လာမှာလဲ"
---
"စီနီယာအစ်ကို... တစ်ခုခု မှားနေပြီ... ရေထဲမှာ ဝိညာဉ်မှင်စာတွေကို တွေ့ရတယ်"
သူ စကားမဆုံးမီမှာပင် လူငယ်တစ်ဦးသည် ပုစဉ်းတစ်ကောင်ကဲ့သို့ ရေပြင်ကို ဖြတ်သန်းကာ လျင်မြန်စွာ ရောက်ရှိလာ၏။ သူသည် ရှဲ့ထန်ရန်၏ သင်္ဘောပေါ်သို့ တည့်တည့် ဆင်းသက်လိုက်သည်။
ရှဲ့ထန်ရန်၏ မျက်နှာသည် တောင့်တင်းသွားရ၏။
ဒီကောင် လာနောက်နေတာလား။
သို့သော်လည်း သူသည် ဤကိစ္စကို လျစ်လျူမရှုရဲပေ။
"ဘယ်လို ဝိညာဉ်မှင်စာလဲ"
သူက အလောတကြီး မေးလိုက်သည်။
ရှန်လင်ရွှမ်းနှင့် ရဲ့ကျိန်းတို့ပင် ရောက်ရှိလာသူထံသို့ အာရုံစိုက်လိုက်ကြ၏။
"ဝိညာဉ်မှင်စာငါးတွေပါ"
လူငယ်သည် သူ၏ သိုလှောင်လက်နက်ထဲမှ သေဆုံးနေသော ငါးငယ်တစ်ကောင်ကို ထုတ်ယူလိုက်သည်။
ထိုငါးသည် ငါးကြင်းတစ်ကောင်ထက် မကြီးသော်လည်း ၎င်း၏ မျက်ဝန်းများသည် မည်းနက်သော အမှောင်ထုဖြင့် တောက်ပနေ၏။
"ဒီဝိညာဉ်မှင်စာရဲ့ အငွေ့အသက်က အားနည်းနေတယ်... ဒါက အခုမှ မွေးဖွားလာတာလား"
ရဲ့ကျိန်း၏ အမူအရာ လေးနက်သွားလျက် ခန့်မှန်းလိုက်သည်။
"ဒါက အခုမှ ပေါ်လာတဲ့ ဝိညာဉ်မှင်စာ ဆိုတာ သေချာပါတယ်"
လူငယ်က အတည်ပြုလိုက်၏။
"ဒီအခြေအနေက... အရမ်း ထူးဆန်းနေတယ်"
လူတိုင်း တင်းမာသွားကြသည်။
"ဒီအကြောင်းကို ဂိုဏ်းထံ ချက်ချင်း သတင်းပို့ရမယ်... တစ်ခုခုတော့ မမှန်ဘူး"
"ဝိညာဉ်မှင်စာတွေက ဘာလို့ ဘာမှမရှိဘဲ ပေါ်လာရတာလဲ... ဒါ သွေးဆူးဂိုဏ်းရဲ့ လက်ချက် ဖြစ်မလား"
"ဒီမှာ မှင်စာသားဖောက်နယ်မြေတစ်ခု ပုန်းကွယ်နေတာလား"
"ဝိညာဉ်မှင်စာတစ်ကောင် ရှိတဲ့နေရာမှာ နောက်ထပ် ရှိနေမှာပဲ"
လူအုပ်သည် ပို၍ စိုးရိမ်ပူပန်လာကြ၏။
ရေသခင်တစ်ဦးတည်းကို ရင်ဆိုင်ရခြင်းမှာပင် ကြီးမားသော တာဝန်တစ်ခု ဖြစ်သည်။ အကယ်၍ သွေးဆူးဂိုဏ်းသာ ပါဝင်ပတ်သက်နေပါက ၎င်းသည် ကောင်းကင်ဂိုဏ်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။
ရက်ဝက်ခန့် ကြာပြီးနောက် ကြီးမားသော နဂါးလှေကြီးတစ်စင်းပေါ်တွင် ဖြစ်၏။
အင်အားကြီးမားသော ပုဂ္ဂိုလ်များ စုဝေးနေကြသည်။
လှေဦးတွင် မတ်တပ်ရပ်နေသူမှာ လေးနက်သော အမူအရာဖြင့် ရှိနေသည့် ဝမ်းနည်းလက်ဝါး ဝေကွန်း ဖြစ်၏။
"မင်းတို့အားလုံး ဒီသတင်းကို ကြားပြီးပြီထင်တယ်... ရဲ့ရေကန်မှာ ဝိညာဉ်မှင်စာငါး ရာကျော်ကို တွေ့ရှိခဲ့ရတယ်"
ဝေကွန်းသည် နင်နိုင်ငံ၏ မြေကမ္ဘာအဆင့်သတ်မှတ်ချက်များတွင် ထိပ်တန်း အယောက်နှစ်ဆယ်အတွင်း ရှိပြီး ကောင်းကင်ဂိုဏ်း၏ ထိပ်တန်း ကျွမ်းကျင်သူ သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ ခွန်အားသည် မြေကမ္ဘာအဆင့် လက်နက်သခင် နယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူသည် ဤနေရာတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်၏။
"အင်း... ငါတို့ ရေသခင်ကို မနှိမ်နင်းရသေးဘူး... အခု သွေးဆူးဂိုဏ်းရဲ့ အရိပ်အယောင်တွေ ပါဝင်လာတော့ ဒီအခြေအနေက ပိုပြီးတော့ ဆိုးရွားလာပြီ"
ထူမိသားစုခေါင်းဆောင်၏ အိုမင်းသော မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်လျက် ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။
"အတတ်ပညာရှင်များ ညီလာခံက မစရသေးဘူး... ဒါပေမဲ့ မရေမတွက်နိုင်တဲ့ မြေကမ္ဘာအဆင့် လက်နက်ပညာရှင်တွေနဲ့ ပါရမီရှင် လူငယ်အချို့က ဝေလုံရွှမ်းယွမ်ကို စစ်ဆေးပြီးပြီ... သူတို့ထဲက ဘယ်သူမှ ၎င်းကို ပြုပြင်ဖို့ နည်းလမ်းမရှိကြဘူး"
ကောင်းကင်ဂိုဏ်း၏ အကြီးအကဲ ဝမ်ချင်းယီက ပြောလိုက်၏။ သူ၏ လေသံက တိုးပွားလာသော စိုးရိမ်မှုကို ဖော်ပြနေသည်။
ညီလာခံက တရားဝင် မစတင်ရသေးသော်လည်း အလားအလာအကောင်းဆုံး အတတ်ပညာရှင်များနှင့် ထူးချွန်သော တပည့်များသည် ဝေလုံရွှမ်းယွမ်ကို စစ်ဆေးခဲ့ကြသော်လည်း စိတ်ပျက်စွာဖြင့် ခေါင်းခါခဲ့ကြရုံသာ ရှိသည်။
၎င်းက အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို ဖော်ပြနေ၏။ ကောင်းကင်ဂိုဏ်းတွင် ရေသခင်ကို ဆန့်ကျင်ရန် ထိရောက်သော တုံ့ပြန်မှု မရှိသေးပေ။
သာမန် ကောင်းကင်အဆင့် လက်နက်သခင်တစ်ဦး ရဲ့ရေကန်သို့ ပေါ်လာလျှင်ပင် သူတို့သည် ရေသခင်ကို နှိမ်နင်းနိုင်ရန် မသေချာပေ။
"ငါတို့ ရေသခင်က ရဲ့ရေကန်နဲ့ ပေါင်းစပ်ပြီး ကျီနင်စီရင်စုကို ရေလွှမ်းမိုးအောင် လုပ်တာကို ဒီအတိုင်း ကြည့်နေရမှာလား"
တစ်ဦးက မချိတင်ကဲ ရေရွတ်လိုက်၏။
အကယ်၍ ရေလွှမ်းမိုးမှု ရောက်လာပါက သေဆုံးသူ အရေအတွက်သည် သန်းချီ ရှိပေလိမ့်မည်။
"ငါတို့ အောက်ဘက်က သာမန်လူထုကို အခုကတည်းက စပြီး ရွှေ့ပြောင်းပေးသင့်လား"
ရှန်ဝမ်ရှန်းက လေးလံသော စိတ်နှလုံးဖြင့် မေးလိုက်သည်။
သူသည် အဆိုးဆုံး အခြေအနေအတွက် မိမိကိုယ်ကို ပြင်ဆင်ထားပြီး ဖြစ်၏။
"မဖြစ်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... အဲဒါက ကြီးမားတဲ့ ထိတ်လန့်မှုကို ဖြစ်စေပြီး ကျီနင်စီရင်စုနဲ့ ကျန်းကျိုးအပေါ် တိုင်းတာလို့မရတဲ့ ထိခိုက်မှုကို ဖြစ်စေလိမ့်မယ်"
တစ်ဦးက ကန့်ကွက်လိုက်သည်။
အခြားလူ အများအပြားကလည်း ထိတ်လန့်မှုကို မည်သည့်နည်းဖြင့်မဆို ရှောင်ရှားရမည်ဟူသော အချက်ကို ထောက်ခံကာ စကားပြောလာကြသည်။
သို့သော် အချို့သော အသံများကမူ ထိုသို့သော စိုးရိမ်စရာ အခြေအနေတွင် ထိတ်လန့်မှုကို စိုးရိမ်နေခြင်းက ရယ်စရာကောင်းသည်ဟု လှောင်ပြောင်ကြ၏။
ငြင်းခုံသံများက ပို၍ ကျယ်လောင်လာပြီး အပြန်အလှန် ငြင်းခုံမှုများ ဖြစ်ပွားလာတော့သည်။
သို့သော် အဓိကပြဿနာဖြစ်သော ရေသခင်ကို မည်သို့ တုံ့ပြန်ရမည်ဟူသော ကိစ္စသည် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုအဖြစ် တည်ရှိနေပြီး ညီညွတ်သော နည်းလမ်းကို မတွေ့ရသေးပေ။
"ကောင်းကင်ကြီး ပြိုကျရင် အရပ်ရှည်တဲ့လူတွေက ထိန်းထားလိမ့်မယ်... ကံမကောင်းစွာပဲ ငါတို့က ဒီမှာ အရပ်အရှည်ဆုံး လူတွေ ဖြစ်နေလို့ ရှောင်လွှဲလို့ မရဘူး"
"အဲဒီ သာမန်လူထု သေဆုံးတာက ပြဿနာ မဟုတ်ဘူး... တကယ့် ထိခိုက်မှုက ကောင်းကင်ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးမှုပဲ... ငါတို့ ဘယ်လောက် ဆုံးရှုံးမလဲဆိုတာ မင်းတို့ သိရဲ့လား"
"တိတ်စမ်း"
နောက်ဆုံးတွင် ဝေကွန်းသည် စိတ်ပျက်စွာဖြင့် စိတ်ဆိုးမာန်ဆိုး စာပွဲကို ရိုက်လိုက်သဖြင့် ငြင်းခုံမှုများ ရပ်တန့်သွားပြီး တိတ်ဆိတ်သွားကြ၏။
မျက်ဝန်း အားလုံးသည် ဝေကွန်းထံသို့ လှည့်လာကြသည်။
သူသည် ကျန့်ရှန်းမြို့စားမင်းထံသို့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မြို့စားမင်း... ကျေးဇူးပြုပြီး မင်းကြီးရဲ့ အတွေးကို မျှဝေပေးပါဦး"
လူအများစုက အံ့သြသွားကြ၏။ သူတို့ က ဘာလို့ ကျန့်ရှန်းမြို့စားမင်းကို တိုင်ပင်တာလဲ။
တော်ဝင်မိသားစုသည် ကောင်းကင်ဂိုဏ်းကဲ့သို့ အင်အားမကြီးမားပါ။
ဒီလိုအခြေအနေမှာ ကျန့်ရှန်းမြို့စားမင်းက ဘာလုပ်ပေးနိုင်မှာလဲ။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အလယ်ပိုင်းဒေသရဲ့ ရိုရှားနိုင်ငံက ကောင်းကင်အဆင့် လက်နက်သခင်အချို့ ဒီကို ရောက်လာကြတယ်... သူတို့ရဲ့ ခွန်အားက ထူးခြားတယ်... အကယ်၍ ငါတို့ သူတို့ရဲ့ ကူညီမှုကို ရရင် ရေသခင်က ပြဿနာ မဟုတ်တော့ဘူး"
ကျန့်ရှန်းမြို့စားမင်း၏ အသံသည် အက်ကွဲနေသော်လည်း ခိုင်မာစွာ ပြောလိုက်၏။
ထိုအကြောင်းကို ကြားရသောအခါ လူအုပ်၏ မျက်နှာသည် သိသိသာသာ လင်းလက်သွားသည်။
"ခဏစောင့်ဦး... ရိုရှားနိုင်ငံက ကောင်းကင်အဆင့် လက်နက်သခင်တွေ ဟုတ်လား"
"အလယ်ပိုင်းဒေသ... တောင်ပြာနယ်မြေရဲ့ မြင့်မြတ်နယ်မြေပေါ့... အဲဒီနေရာက ဒဏ္ဍာရီလာ ကျင့်ကြံသူတွေ နေထိုင်ရာ နေရာလို့ ပြောကြတယ်... အဲဒီကို သွားရတဲ့ ခရီးက အလွန် ခက်ခဲပေမယ့်..."
"ကောင်းကင်အဆင့် လက်နက်သခင်တွေ... သူတို့သာ လှုပ်ရှားရင် ရေသခင်က ငါးအသေးအမွှားလေး ဖြစ်သွားမှာပဲ"
"သူတို့ရဲ့ ကူညီမှုသာ ရရင် ဝေလုံရွှမ်းယွမ်ကို ပြုပြင်ဖို့တောင် လိုအပ်မှာ မဟုတ်တော့ဘူး"
ထူမိသားစုခေါင်းဆောင်သည် မတ်တပ်ရပ်ကာ မေးလိုက်သည်။
"မြို့စားမင်း... ငါတို့ သူတို့ကို ကူညီပေးဖို့ ဘယ်လို စည်းရုံးရမလဲ"
ကျန်ရှိသော အဖွဲ့သည်လည်း စူးစမ်းလိုစိတ်များဖြင့် စိတ်အားထက်သန်နေကြ၏။
ရိုရှားမှ ကောင်းကင်အဆင့် လက်နက်သခင်များသည် သာမန် ကျွမ်းကျင်သူများ မဟုတ်ကြပေ။ သူတို့သည် နင်နိုင်ငံ၏ ပေးကမ်းမှုများကြောင့် လှုပ်ရှားလိမ့်မည် မဟုတ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
"နင်နိုင်ငံမှာရှိတဲ့ ငါတို့ရဲ့ ရတနာတွေက သူတို့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး"
ကျန့်ရှန်းမြို့စားမင်းက သူသိထားသည်များကို စတင် ပြောကြားလိုက်သည်။
"ဒါပေမဲ့ ဒီလက်နက်သခင်တွေက သေးငယ်တဲ့ ကိစ္စတစ်ခုအတွက် ရောက်လာတာ မဟုတ်ဘူး... သူတို့မှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် ရှိတယ်... အကယ်၍ ငါတို့ သူတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးရင် သူတို့က ငါတို့အတွက် ခွန်အား ထုတ်ပေးဖို့ သဘောတူလိမ့်မယ်"
"သူတို့ရဲ့ ရည်မှန်းချက်က ဘာလဲ"
"သူတို့ကိုယ်တိုင်တောင် မအောင်မြင်နိုင်တဲ့အရာကို ငါတို့က အောင်မြင်အောင် လုပ်ပေးနိုင်မယ်လို့ ဘာလို့ ထင်တာလဲ"
"သူတို့ နင်နိုင်ငံကို ရောက်လာတာက နတ်ဘုရားတစ်ပါးကို ရှာဖွေဖို့ပဲ"
ကျန့်ရှန်းမြို့စားမင်း၏ လေသံက လေးနက်လှသည်။
"နတ်ဘုရားတစ်ပါး ဟုတ်လား"
ခန်းမတစ်ခုလုံး မယုံကြည်နိုင်မှုများဖြင့် ဆူညံသွားရ၏။
"နတ်ဘုရားတစ်ပါးက နင်နိုင်ငံမှာ ပေါ်လာတယ် ။ ဟုတ်ပါ့မလား"
ရောက်ရှိနေသော လက်နက်သခင်များနှင့် အတတ်ပညာရှင်များ အားလုံးသည် အသက်ရှူမှားမတတ် ဖြစ်သွားရပြီး နှလုံးခုန်သံများ မြန်လာကြသည်။
နတ်ဘုရားတစ်ပါး... ဒဏ္ဍာရီလာ အရာတစ်ခုပဲ။
ကောင်းကင်အဆင့် လက်နက်သခင်များသည်ပင် နင်နိုင်ငံတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အိမ်နီးနားချင်း နိုင်ငံများမှ ကျွမ်းကျင်သူများ တစ်ခါတစ်ရံ လာရောက်တတ်သော်လည်း နတ်ဘုရားတစ်ပါးမှာမူ လုံးဝ ကွာခြားလှသည်။ ၎င်းသည် ဒဏ္ဍာရီထဲနှင့် ကိုးကွယ်မှု နယ်ပယ်တွင်သာ တည်ရှိသောအရာ ဖြစ်၏။
ထိုအခိုက်အတန့် ငြိမ်သက်နေသော ထူစန်း၏အမူအရာသည် သူ၏ အလင်းဓားကို သတိရသွားကာ သိသိသာသာ ပြောင်းလဲသွားသည်။
"နတ်ဘုရားတစ်ပါး ဟုတ်လား"
ဒါက... သူ ဖြစ်နေမလား။
ပြီးတော့ တိမ်နီရွာမှာ ပေါ်လာခဲ့တဲ့ ထူးဆန်းတဲ့လူကော... သူက နတ်ဘုရားနဲ့ ဆက်နွှယ်နေတာလား။
ထူစန်းသည် ထိုအတွေးကြောင့် အသက်ရှူ မြန်သွားရ၏။
ဒါ အမှန်တကယ် ဖြစ်နိုင်ပါ့မလား။ အဲဒီပုံရိပ်က တကယ်ပဲ နတ်ဘုရားတစ်ပါးနဲ့ ဆက်နွှယ်နေတာလား။
"ဒီနတ်ဘုရားအကြောင်း အသေးစိတ် ရေးသားထားတဲ့ စာရွက်စာတမ်းတွေကို လူတိုင်းဆီ ယူခဲ့ပေးပါ"
ကျန့်ရှန်းမြို့စားမင်းက အမိန့်ပေးလိုက်ရာ အစေခံအုပ်စုတစ်စု ဝင်ရောက်လာပြီး အသီးသီး စာရွက်များကို စုဝေးနေသော လူအုပ်ထံသို့ ဝေငှပေးလိုက်ကြသည်။
ဤစာရွက်စာတမ်းများတွင် နတ်ဘုရားအကြောင်း သိရှိထားသော အချက်အလက်များ အားလုံး ပါဝင်၏။
တက်ရောက်လာသူများသည် ထိုပစ္စည်းများကို အာရုံစိုက်လျက် ချက်ချင်း စတင် လေ့လာကြသည်။
အသက်ရှူကြိမ် ဆယ်ဂဏန်းခန့် ကြာပြီးနောက် ကျန့်မိသားစု၏ အကြီးအကဲက စကားပြောလာ၏။
"အကယ်၍ ဒီလိုအစွမ်းထက် နတ်ဘုရားတစ်ပါးသာ တည်ရှိနေရင် ငါတို့ သူ့ရဲ့ တည်ရှိမှုကို သိထားပြီးသား ဖြစ်သင့်တယ် မဟုတ်ဘူးလား ၊ မဟုတ်ရင် ... သူတို့ကို ရှာဖွေဖို့က အလွန် ခက်ခဲလိမ့်မယ်"
"ပြီးတော့... ငါတို့မှာ အချိန်မရှိဘူး... ဒါ့အပြင် ဒီနတ်ဘုရားက ကျီနင်စီရင်စု ဒါမှမဟုတ် ကျန်းကျိုးမှာ ရှိနေမယ်လို့ အာမခံချက် မရှိဘူး"
"ဒါက စိုးရိမ်စရာ ကောင်းတဲ့ လောင်းကစားတစ်ခုပဲ"
တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။လူအုပ်သည် သံသယနှင့်အတူ ထင်မြင်ချက်အမျိုးမျိုးဖြင့် တိုးတိုးလေး ငြင်းခုံနေကြ၏။
ထိုအချိန်တွင် ထူစန်း၏ မျက်ဝန်းများသည် ရုတ်တရက် သဘောပေါက်သွားသလို တောက်ပလာသည်။
"စီရင်ချက်အလင်းတန်းကို ကိုင်ဆောင်ပြီး စီရင်ခြင်းနတ်ဘုရားတစ်ပါးလို ဆင်းသက်လာတာ... ဒါ သူ ဖြစ်ရမယ်... သူက ပထမဆုံး နတ်ဘုရားအဆင့်လက်နက်ဖြစ်တဲ့ နတ်ဘုရားဆင်းသက်ခြင်းကို ကိုင်ဆောင်ထားတဲ့ ဒဏ္ဍာရီလာ စီရင်ချက်နတ်ဘုရား ဖြစ်ရမယ်"
သူ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုများကြောင့် ပြင်းထန်စွာ ခုန်လှုပ်နေ၏။
သူသည် အမှန်တကယ်တော့ နတ်ဘုရားတစ်ပါးနှင့် သို့မဟုတ် အနည်းဆုံးတော့ ၎င်းနှင့် ဆက်နွှယ်နေသူတစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်းပင်။
ထိုအခိုက်အတန့်တွင် သူ၏ ဖခင်ဖြစ်သော ထူမိသားစုခေါင်းဆောင်က အနားသို့ တိုးကာ တိုးတိုးလေး မေး၏။
"ဒါက မင်းရဲ့ အလင်းဓားနဲ့ အများကြီး တူနေတယ်... အဲဒီနှစ်ခုက ဆက်နွှယ်နေတာလား"
"အဖေ... သူတို့က လုံးဝ ဆက်နွှယ်နေတာပါ"
ထူစန်းက အလောတကြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်စကားကို နားထောင်ဦး... ပြဿနာတစ်ခု ရှိတယ်..."
"ကျန့်ရှန်းမြို့စားမင်း ပြောပုံအရ အဲဒီ ကောင်းကင်အဆင့် လက်နက်သခင်တွေ အားလုံးက ဒီနတ်ဘုရားအပေါ် စေတနာကောင်း ရှိကြတာ မဟုတ်ဘူး... ပြီးတော့ နတ်ဘုရားကိုယ်တိုင်ကလည်း သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားတယ်... သူက ထွက်ပေါ်လာဖို့ မလိုလားတာ ဖြစ်ရမယ်... အကယ်၍ ကျွန်တော်တို့က ဒီဆက်နွှယ်မှုကို ဖော်ထုတ်ပြီး သူ့ကို ပြစ်မှားမိရင် သူ့ ဒေါသက ရေသခင် သောင်းကျန်းတာထက် အများကြီး ပိုဆိုးလိမ့်မယ်"
အိုမင်းသော မိသားစုခေါင်းဆောင်ကြီးမှာ တောင့်တင်းသွားလေ၏။
ရေသခင်ကို ပြစ်မှားမိပါက ရဲ့ရေကန် ရေလွှမ်းမိုး၍ ကျီနင်စီရင်စုကို နစ်မြုပ်စေကာ ခရိုင် ဆယ်ဂဏန်းခန့် ရေနစ်လိမ့်မည်။
နတ်ဘုရားတစ်ပါးကို ပြစ်မှားမိပါကမူ... နင်နိုင်ငံတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ထူစန်းသည် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိပါ။
---
ဝေကွန်းသည် ပြင်းထန်စွာ သက်ပြင်းချလိုက်၏။
"ဒါက စိုးရိမ်စရာ ကောင်းတဲ့ လောင်းကစားတစ်ခုပဲ... မသေချာတဲ့ ပင်လယ်ပြင်ကြီးထဲမှာ နတ်ဘုရားတစ်ပါးကို ရှာဖွေတာက ဘာမှ ရလာမှာ မဟုတ်ပေမယ့် ဒါက ငါတို့မှာ ကျန်ရှိတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ"
ထိုစဉ် ရှဲ့ထန်ရန်က ရှေ့သို့ လှမ်းလာခဲ့သည်။ သူ၏ အမူအရာက တည်ကြည်နေပြီး မျက်နှာတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေပုံရ၏။
"ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိပါတယ်"
သူက ကြေညာလိုက်ကာ သူ၏ အသံက တည်ငြိမ်နေသော်လည်း တုံ့ဆိုင်းမှုအချို့ ပါဝင်နေသည်။
"ဒါပေမဲ့... ဒါက အစွန်းရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်... ရက်စက်ပြီး ယုတ်မာတဲ့ ဗျူဟာတစ်ခုပေါ့... ဒါကို ဖော်ထုတ်ရင် ခင်များတို့ထဲက အချို့က ကျွန်တော့်နာမည်ကို ထာဝရ ကျိန်ဆဲကြလိမ့်မယ်... ဒါပေမဲ့ ကောင်းကင်ဂိုဏ်းအတွက်နဲ့ မရေမတွက်နိုင်တဲ့ သာမန်လူထုအတွက် ကျွန်တော် ပြောရပါမယ်"
ရှဲ့ထန်ရန်၏ စကားများက လူအုပ်ကို တုန်လှုပ်စေခဲ့ပြီး သူတို့က သူ့ကို ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ရန် အသင့်ဖြစ်နေသည့် မိမိကိုယ်ကို စွန့်လွှတ်သော သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်ကြ၏။
"စိတ်ကြိုက်ပြောပါ စီနီယာအစ်ကိုရှဲ့"
"ဘယ်သူမှ နင့်ကို အပြစ်တင်မှာ မဟုတ်ဘူး"
"ငါတို့ အားလုံးက ကောင်းကင်ဂိုဏ်းအတွက်နဲ့ ကျန်းကျိုးက လူတွေအတွက် ဒီမှာ ရှိနေကြတာပဲဟာ"
ထူစန်းသည် ဤအရာကို စောင့်ကြည့်ရင်း စိတ်ထဲတွင် ကျိတ်၍ လှောင်ပြောင်လိုက်သည်။
ရှဲ့ထန်ရန် ...အမြဲတမ်း ယုတ်မာပြီး သေးသိမ်တဲ့လူပဲ။ သူကိုယ့်သူ ပါရမီရှင် ဗျူဟာမှူးတစ်ယောက်လို့ ထင်မှတ်ထားတဲ့ အမြင်ကျဉ်းပြီး လက်စားချေတတ်တဲ့လူ။
ရှဲ့ထန်ရန်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်၏။
"ကျွန်တော်တို့ရဲ့ သာမန် ရတနာတွေက လော့ချာက ကောင်းကင်အဆင့် လက်နက်သခင်တွေကို ဆွဲဆောင်ဖို့ မလုံလောက်ပါဘူး... ဒါပေမဲ့ ရတနာက သာမန်ရတနာ မဟုတ်ရင်ကော"
"ဘယ်လို ရတနာလဲ"
တစ်ဦးက စိတ်ဝင်တစား မေးလိုက်သည်။
သို့သော် အခြားလူများမှာမူ မျက်မှောင်ကြုတ်လိုက်ကြပြီး ဤအရာက ဘယ်ကို ဦးတည်နေသည်ကို အာရုံခံမိကြသည်။
ရှဲ့ထန်ရန်သည် သူ၏ အကြည့်ကို ရှန်လင်ရွှမ်းထံသို့ လှည့်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ပြတ်သားသော စိတ်ဓာတ်များဖြင့် တောက်လောင်နေ၏။
အကယ်၍ ငါ သူမကို မရနိုင်ရင် သူမရဲ့ အသုံးမကျတဲ့ ခင်ပွန်းလည်း ရစရာ မလိုဘူး။
"ဂျူနီယာညီမလေး ရှန်လင်ရွှမ်းမှာ အတုမရှိတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ နက်နဲယင်ခန္ဓာကိုယ် ရှိပါတယ်... အကယ်၍ မြေကမ္ဘာအဆင့် လက်နက်သခင်တစ်ဦးသာ သူမနဲ့ ပေါင်းစပ်ခွင့်ရရင် သူတို့က ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ညီညွတ်မှုကို နားလည်သဘောပေါက်ပြီး ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ပါလိမ့်မယ်...
ကောင်းကင်အဆင့် လက်နက်သခင်တွေတောင် သူမနဲ့ ပေါင်းစပ်ခြင်းအားဖြင့် သူတို့ရဲ့ နားလည်မှုကို ပိုမို နက်ရှိုင်းစေနိုင်ပါတယ်...
ကျွန်တော်တို့ ဘာလို့ ဂျူနီယာညီမလေး ရှန်ကို ရိုရှားက ကောင်းကင်အဆင့် လက်နက်သခင်တွေဆီ အသုံးတော်ခံအဖြစ် မပေးအပ်ရမှာလဲ... ဒီရတနာနဲ့ဆိုရင် သူတို့ ငါတို့အတွက် သေချာပေါက် လှုပ်ရှားပေးကြလိမ့်မယ်"
ရှဲ့ထန်ရန်၏ စိတ်အားထက်သန်သော စကားများသည် စုဝေးနေသော လူအုပ်ထံသို့ မိုးကြိုးတစ်ချက်ကဲ့သို့ ပဲ့တင်ထပ်သွား၏။
"ဂျူနီယာညီမလေး... ဒါက ပိုမိုကြီးမားတဲ့ အခြေအနေအတွက်ပါ"
သူက ရင်နာဟန်ဆောင်လျက် ရှန်လင်ရွှမ်းထံသို့ လှည့်ကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒေါသဖြစ်ပါနဲ့... ဒါတွေအားလုံးက ကောင်းကင်ဂိုဏ်းအတွက်နဲ့ အန္တရာယ်ရှိနေတဲ့ မရေမတွက်နိုင်တဲ့ သာမန်လူထုရဲ့ အသက်တွေအတွက်ပါ"
သူ စကားဆုံးသည်နှင့် တပြိုင်နက် ဆူညံသံများ ထွက်ပေါ်လာသည်။
ရှန်လင်ရွှမ်း၏ နက်နဲယင်ခန္ဓာကိုယ်အကြောင်းက ကြီးမားသော လျှို့ဝှက်ချက် မဟုတ်ပေ။ ဤထူးခြားသော ဖွဲ့စည်းပုံက အလွန် မက်မောစရာ ကောင်းလှသဖြင့် မရေမတွက်နိုင်သော အင်အားကြီး ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားသည်။
သို့သော်လည်း သူမသည် မြေကမ္ဘာအဆင့် လက်နက်သခင် နယ်ပယ်သို့ လုံးဝ ခြေမချရသေးသဖြင့် သူမ၏ ခန္ဓာကိုယ်၏ တကယ့် အလားအလာက မပွင့်လင်းသေးပေ။ ရှန်မိသားစုနှင့် ကောင်းကင်ဂိုဏ်း၏ ကာကွယ်မှုနှင့်အတူ ရှန်လင်ရွှမ်းသည် ယခုအချိန်အထိ ဘေးကင်းစွာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
"ရှဲ့ထန်ရန်... မင်း ဘာတွေပြောနေလဲဆိုတာ မင်းကိုယ်တိုင် သဘောပေါက်ရဲ့လား"
ရှန်မိသားစု၏ အကြီးအကဲ ရှန်ဝမ်ရှန်းက ဒေါသတကြီး အော်ဟောက်လိုက်၏။ သူ၏ မျက်ဝန်းများတွင် ဒေါသများဖြင့် တောက်လောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။
ရှဲ့ထန်ရန်သည် ရှန်ဝမ်ရှန်း၏ ဒေါသကို လျစ်လျူရှုကာ ရှန်လင်ရွှမ်းကို ဟန်ဆောင်ဝမ်းနည်းမှုဖြင့် ကြည့်လိုက်သည်။
"ဂျူနီယာညီမလေး... နင်က အမြဲတမ်း သာမန်လူထုရဲ့ အသက်ကို နှလုံးသားထဲမှာ ဆောင်ထားတတ်တာပဲ... ငါ တောင်းပန်ပါတယ်... ပိုကြီးမားတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပေးပါ... မရေမတွက်နိုင်တဲ့ အသက်တွေအတွက် ဒီစွန့်လွှတ်မှုကို သည်းခံပေးပါ...
ကောင်းကင်အဆင့် လက်နက်သခင်တစ်ဦးနဲ့ ပေါင်းစပ်တာက နင့်အသက်ကို မထိခိုက်စေပါဘူး... အလွန်ဆုံးတော့... နင့်ရဲ့ အပျိုစင်ဘဝတင်ပါပဲ... အဲဒါက နင့်ရဲ့ ခန္ဓာကိုယ်ကို အသုံးမကျတဲ့ ခင်ပွန်းဆီမှာ ဖြုန်းတီးနေတာထက် အများကြီး ပိုမကောင်းဘူးလား"
သူ၏ စကားများသည် အရှက်မရှိလှသော်လည်း ယုံကြည်မှုရှိရှိ ပြောဆိုနေသဖြင့် လူအုပ်ထဲမှ လူအနည်းငယ်က အနေခက်စွာဖြင့် ခေါင်းညိတ်ကြ၏။
"ရှဲ့ထန်ရန်... နင်ကိုယ်တိုင် ဘာလို့ မစွန့်လွှတ်တာလဲ"
ရဲ့ကျိန်းက ဆက်၍ အောင့်မထားနိုင်တော့ပေ။ သူမ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လေသံက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
ရှဲ့ထန်ရန်က မတုန်မလှုပ် မတ်တပ်ရပ်နေ၏။
"ရိုရှားက ကောင်းကင်အဆင့် လက်နက်သခင်တွေက ငါ့ကို သဘောကျရင် ငါ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကိုယ်တိုင် အသုံးတော်ခံပါ့မယ်... ပိုမိုကြီးမားတဲ့ အခြေအနေအတွက်နဲ့ သာမန်လူထုအတွက်ဆိုရင် ငါ ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲ"
သူ၏ အရှက်မရှိသော ကြေညာချက်ကို ပြဇာတ်ဆန်ဆန် စိတ်အားထက်သန်စွာဖြင့် ပြုလုပ်ခဲ့ပြီး သူ၏ မျက်ဝန်းများတွင် မိမိကိုယ်ကို စွန့်လွှတ်သော အမူအရာများဖြင့် တောက်ပနေသည်။
"နင်က တကယ်ကို ယုတ်မာတာပဲ ရှဲ့ထန်ရန်"
ရဲ့ကျိန်းက သူမ၏ စိတ်ပျက်စွာဖြင့် ပြောလိုက်၏။
လူအုပ်ထဲမှ အခြားလူများကလည်း တိုးတိုးလေး ပြောလာကြသည်။
"အင်း... နက်နဲယင်ခန္ဓာကိုယ်က အလွန် ရှားပါးတဲ့ ရတနာ ဖြစ်တာတော့ မှန်ပါတယ်..."
"ဒါက ရိုရှားက ကောင်းကင်အဆင့် လက်နက်သခင်တွေကိုတောင် သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်... ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ"
"ဒီအစီအစဉ်က ရက်စက်ပေမယ့် ဒါက ငါတို့မှာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေမလား..."
ရှန်ဝမ်ရှန်း၏ လက်သီးများ တင်းတင်းဆုပ်သွားရ၏။ သူ၏ အသံက စုဝေးနေသော လူအုပ်ထံသို့ မိုးကြိုးကဲ့သို့ ပဲ့တင်ထပ်သွားသည်။
"ရှဲ့ထန်ရန်... မင်း ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို နောက်တစ်ကြိမ် ထပ်ပြောရဲရင် ငါ ကိုယ်တိုင် မင်းရဲ့ လျှာကို ဖြတ်ပစ်မယ်"
သို့သော်လည်း ရှန်ဝမ်ရှန်း၏ ဒေါသရှိသော်လည်း ရောက်ရှိနေသူ အချို့က ရှဲ့ထန်ရန်၏ စကားများကြောင့် စိတ်လှုပ်ရှားသွားပုံရသည်။
"ကျွန်တော် ဒီအဆိုပြုချက်ကို ကန့်ကွက်ပါတယ်"
ပထမဆုံး အသံတစ်ခု ထွက်ပေါ်လာ၏။
မျက်ဝန်း အားလုံးသည် ထူမိသားစုခေါင်းဆောင် ထူကျုန်းထံသို့ လှည့်လာကြ၏။ သူက အရှိန်အဝါဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။
"ငြိမ်းချမ်းမှု ရဖို့အတွက် အပြစ်မဲ့တဲ့ မိန်းကလေးငယ်တစ်ယောက်ကို စွန့်လွှတ်ရမယ် ဟုတ်လား... ငါတို့က ဒီလို ရိုင်းစိုင်းတဲ့ နည်းလမ်းတွေကို သုံးရအောင် ကောင်းကင်ဂိုဏ်းက ဘာဂိုဏ်းမို့လို့လဲ"
ထူကျုန်းက ကြေညာလိုက်သည်။ သူ၏ အသံက လေးနက်လှသဖြင့် တိုးတိုးတိတ်တိတ်ငြင်းခုံသံများကို ငြိမ်သက်သွားစေ၏။
ရှန်ဝမ်ရှန်းက ထူကျုန်းထံသို့ ကျေးဇူးတင်သော အကြည့်တစ်ချက် ပေးလိုက်သော်လည်း စိတ်ထဲတွင်မူ ရှုပ်ထွေးသွားရသည်။ ရှန်မိသားစုနှင့် ထူမိသားစုသည် အမြဲတမ်း ပြိုင်ဘက်များ ဖြစ်ခဲ့ကြ၏။ ထူကျုန်းက အခု ဘာလို့ သူတို့ဘက်ကနေ မတ်တပ်ရပ်ပေးတာလဲ။
အမှန်တရားမှာမူ လွန်ခဲ့သော အခိုက်အတန့်က သူ့၏ ဝတ်စုံစကို ဆွဲကိုင်ခဲ့သော သားဖြစ်သူ ထူစန်းကြောင့် ဖြစ်၏။
"အဖေ... ရှဲ့ထန်ရန်ရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို အောင်မြင်ခွင့်မပြုပါနဲ့"
ထူစန်းက တိုးတိုးလေး အလောတကြီး ပြောခဲ့သည်။
"ကျွန်တော့်ကို ယုံကြည်ပါ... အကြောင်းပြချက်တွေက ရှုပ်ထွေးပေမယ့် ဒီလိုအရာမျိုး ဖြစ်ပျက်ခဲ့ရင် ကျွန်တော်တို့ နင်နိုင်ငံတစ်ခုလုံး တိုင်းတာလို့မရတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်"
ထူကျုန်းသည် သားဖြစ်သူ၏စကားများထဲမှ လေးနက်မှူကို ချက်ချင်း သဘောပေါက်လိုက်သည်။
"မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ဖို့ အသက်တစ်ချောင်းကို စွန့်လွှတ်တာလား"
ရှဲ့ထန်ရန်က ဟန်ဆောင်ကန့်ကွက်လျက် မေးလိုက်သည်။
"ကျုပ်သာ ကူညီနိုင်ရင် ကျုပ်အသက်ကိုတောင် လမ်းခွဲဖို့ အသင့်ပါပဲ... ရှန်လင်ရွှမ်း... ကျေးဇူးပြုပြီး ပိုမိုကြီးမားတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပေးပါ"
"ကောင်းတယ်"
ထူကျုန်းက ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်၏။
"ဒါဆိုရင် မင်းကိုယ်တိုင် အရင်ဆုံး စွန့်လွှတ်လိုက်ပါလား ရှဲ့ထန်ရန်... ငါ မင်းကို မတားပါဘူး... မင်းအသက်က သာမန်လူထုနဲ့ ယှဉ်ရင် အရေးမကြီးဘူးလို့ ပြောတယ် မဟုတ်လား... သက်သေပြလိုက်လေ"
ရှဲ့ထန်ရန်၏ မျက်နှာသည် ဖြူလျော်သွားရသည်။
"ကျူပ်.."
"ဘာဖြစ်လို့လဲ... သေမှာ ကြောက်လို့လား"
ထူကျုန်း၏ လေသံက စူးရှသွားပြီး သူ၏ စကားလုံးများသည် ဓားသွားတစ်ခုကဲ့သို့ အခန်းကို ဖြတ်သန်းသွား၏။
"မင်းက ပိုမိုကြီးမားတဲ့ အခြေအနေအတွက် အသက်တစ်ချောင်းကို စွန့်လွှတ်ဖို့ ပြောနေပြီး မင်းကိုယ်တိုင် စွန့်လွှတ်ဖို့ ပြောတဲ့အခါကျတော့ တုန်လှုပ်နေတယ်... တကယ်ပဲ ဒီလောက် သူရဲဘောကြောင်တာလား... ဒါမှမဟုတ် ဒါတွေအားလုံးက မင်းရဲ့ သေးသိမ်တဲ့ အစီအစဉ်တွေကို မြှင့်တင်ဖို့ ဟန်ဆောင်နေတာတင်ပဲလား"
ထူကျုန်း၏ လေသံထဲတွင်ရှိသော နှိမ်ချမှုက ထင်ရှားလှသဖြင့် လူအုပ်ထဲမှ လှောင်ပြုံးများနှင့် ရယ်မောသံများ ထွက်ပေါ်လာလေသည်။
"မှန်တယ် ..စီနီယာအစ်ကိုရှဲ့... မင်ကိုယ်တိုင် အရင်ဆုံး 'စွန့်လွှတ်' ဖို့ ကြိုးစားသင့်တယ်"
တစ်ဦးက လှောင်ပြောင်လိုက်၏။
"ဟုတ်တယ်... စံပြအနေနဲ့ လမ်းပြလိုက်လေ... အဲဒါ တကယ့် သူရဲကောင်းတွေ လုပ်တဲ့အလုပ် မဟုတ်ဘူးလား"
နောက်တစ်ဦးကလလည်း လှောင်ပြောင်လိုက်ပြန်သည်။
ဖိအားများက တိုးပွားလာ၏။ ရှဲ့ထန်ရန်၏ မျက်နှာသည် အရှက်ရခြင်းနှင့် စိတ်ပျက်ခြင်းတို့ကြောင့် နီမြန်းသွားရသည်။
နောက်ဆုံးတွင် ဝေကွန်းက လက်တစ်ဖက်ကို မြှောက်ကာ အမိန့်ကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
"တော်လောက်ပြီ... ဒီကိစ္စကို အခုလောလောဆယ် ဆိုင်းငံ့ထားမယ်"
သူ၏ လေသံက အရှိန်အဝါ ရှိသော်လည်း သူ၏ အကြည့်သည် ရှဲ့ထန်ရန်ထံသို့ ခဏတာ ရောက်ရှိသွားပြီး ဖုံးကွယ်ထားသော နှိမ့်ချမှုများဖြင့် ပြည့်နှက်နေ၏။
ဆူညံသံများ ငြိမ်သက်သွားစဉ် ပုံရိပ်နှစ်ခု ခန်းမထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။
"မြို့စားမင်း...သတင်းဆိုးပါ"
၎င်းတို့မှာ ကျန့်ရှန်းမြို့စားမင်း၏ ယုံကြည်ရသော အစေခံများ ဖြစ်ကြသည့် ယွန်းလီနှင့် ယွန်းဟူတို့ ဖြစ်ကြ၏။
"ဘာကိစ္စလဲ"
ကျန့်ရှန်းမြို့စားမင်းက သူ၏ အမူအရာ တင်းမာလျက် မေးလိုက်သည်။
"သခင်မလေး ယွန်းရှီ... သူ..."
ကျန့်ရှန်းမြို့စားမင်း၏ နှလုံးခုန်သံ မြန်သွားရ၏။
"ယွန်းရှီ ဘာဖြစ်လို့လဲ"
"သခင်မလေး ယွန်းရှီ... သူမ ငါးတွေ အများကြီး သတ်လိုက်ပါတယ်"
ယွန်းလီက အသက်ရှူ လုမတတ် အော်ဟစ်လိုက်သည်။
"..."
ကျန့်ရှန်းမြို့စားမင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်၏။
ငါးသတ်တာ သတင်းဆိုးလား။
"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် စကားမှားသွားလို့ပါ"
ယွန်းလီက လျင်မြန်စွာ ပြန်လည် ပြင်ဆင်လိုက်သည်။
"သူမ ငါးတွေ အများကြီးကို လျှပ်စီးနဲ့ပစ်သက်ပြီး ရဲ့ရေကန်ရဲ့ အနက်ပိုင်းထဲကို ပျောက်ကွယ်သွားပါတယ်"
ကျန့်ရှန်းမြို့စားမင်းသည် သူ၏ လက်ဖြင့် မျက်နှာကို အုပ်လိုက်မိ၏။
"...ဒီမိုက်မဲတဲ့ သမီးလေး"
---
ရဲ့ရေကန်၏ အနက်ပိုင်းတွင် ဖြစ်၏။
သစ်သား လှေငယ်လေးတစ်စင်းသည် ရေပြင်ထက်တွင် ဖြတ်သန်းမောင်းနှင်နေသည်။
ကျန်းယွန်းရှီသည် လှေဦးတွင် မတ်တပ်ရပ်လျက် ဓားကို ကိုင်ဆောင်ကာ ပြင်းထန်သော စွမ်းအားဖြင့် လှီးဖြတ်ခုတ်ထစ်နေ၏။
"ဂျိန်း... ဂျိန်း" ခ
ရမ်းရောင် မိုးကြိုးလျှပ်စီးများ ရေပြင်ထက်တွင် ဖြာထွက်သွားသည်။ ရာနှင့်ချီ ၊ ထောင်နှင့်ချီသော ဝိညာဉ်မှင်စာငါးများ သူမ၏ လမ်းကြောင်းတွင် ပျက်စီးသွားကြ၏။
"နင် ဝိညာဉ်မှင်စာငါးတစ်ကောင်ကို သတ်လိုက်ပြီ... နင့်ရဲ့ အတွေ့အကြုံက အနည်းငယ် တိုးလာတယ်"
ယွန်းရှီ၏ တိုက်ခိုက်မှုများသည် မလျော့သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေ၏။
"ဓားအိုကြီး... ဒီငါးတွေက အရမ်းအားနည်းတယ်... ငါ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့တောင် မတန်ဘူး"
"ဟုတ်တယ်... ဒီနည်းလမ်းက အရမ်းနှေးတယ်... သူတို့ရဲ့ အသိုက်ဆီ သွားပြီး တစ်ခါတည်းနဲ့ အားလုံးကို သုတ်သင်ပစ်ရအောင်"
ကျိယွမ်၏ အသံသည် ဓားထဲမှ တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။
ယခုအခါ တိုးတက်နှုန်းက ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကျိယွမ်၏ ဓားအပေါ် ထိန်းချုပ်မှုသည် သိသိသာသာ ပို၍ အင်အားကြီးမားလာခဲ့သည်။
သူ၏ ခန့်မှန်းချက်အရ ဝိညာဉ်မှင်စာငါးများကို သုတ်သင်ခြင်း သို့မဟုတ် အတုမရှိသော အရသာရှိလှသည့် ဟင်းလျာတစ်ခုကို ချက်ပြုတ်ခြင်းက သူ၏ တိုးတက်နှုန်းကို တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိစေကာ ဆုလာဘ်အသစ်များကို ရရှိစေပြီး နောက်ထပ် ဇာတ်ကောင်အခန်းကဏ္ဍကို ပွင့်လင်းစေလိမ့်မည် ဖြစ်၏။
နောက်ထပ် အဆင့်သစ်တစ်ခုသည် သူ့ကို မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေသည်။
လက်ရှိတွင် ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ ယင်နတ်ဘုရားလမ်းစဥ်အပေါ် နားလည်မှုသည်လည်း ပို၍ ပို၍ နက်ရှိုင်းလာခဲ့လေပြီ။
မည်သည်ကိုမဆို ဖန်တီးရန်အတွက် အရင်ဆုံး အရာအားလုံးကို နားလည်ရမည်။
သက်ရှိများကို ပုံဖော်ရန်အတွက် ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော သက်ရှိများကို နားလည်ရမည်။
ဖန်တီးနိုင်မှု မရှိဘဲ မိမိကိုယ်ကို နတ်ဘုရားတစ်ပါးဟု မည်သို့ ခေါ်ဆိုရဲမည်နည်း။
"လုံးဝ သုတ်သင်ပစ်မယ် ဟုတ်လား... အဲဒါက ရေသခင်ကို တိုက်ရိုက် ရင်ဆိုင်ရမှာ မဟုတ်ဘူးလား"
ယွန်းရှီ၏ မျက်နှာသည် ဖြူလျော်သွားပြီး သူမ၏ သတ္တိများ လျော့နည်းသွားရ၏။
"နင် ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ"
ကျိယွမ်က မေးလိုက်သည်။
"ငါ... ငါ့မှာ ဘာယုံကြည်မှုမှ မရှိဘူး"
ယွန်းရှီက ထစ်ထစ်ငေါ့ငေါ့ ပြန်ပြော၏။
"အဲဒါက နင့်မှာ ကိုးဆယ့်ကိုးရာခိုင်နှုန်း ယုံကြည်မှု ရှိတာလို့ ဆိုလိုတာပေါ့"
ကျိယွမ်က ကြေညာလိုက်သည်။
"မဆိုးပါဘူး... ငါ ရွေးချယ်ထားတဲ့ စားဖိုမှူးပီသပါပေတယ်... သွားရအောင်... ငါတို့ အတူတူ ရေသခင်ကို နှိမ်နင်းကြမယ်"
"ခဏစောင့်ပါဦး... ဘယ်လိုကြီးလဲ"
ယွန်းရှီသည် မျက်နှာနီမြန်းသွားရပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
သူမ ရှင်းပြခွင့်မရမီမှာပင် ကျိယွမ်က လှုပ်ရှားလိုက်သည်။
ရုတ်တရက် လှုပ်ရှားမှုတစ်ခုနှင့်အတူ လှေသည် မှောက်သွားပြီး ယွန်းရှီကို ရေကန်ထဲသို့ ပစ်ချလိုက်၏။
"ယုံကြည်မှုရှိစမ်း ယွန်းရှီ... နင့်ရဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်စမ်း... ကမ္ဘာကြီးက နင့်ကို အားကိုးနေတယ် ၊ နင်က ကြောက်နေရင် ကမ္ဘာကြီးပျက်စီးသွားလိမ့်မယ်"
ကျိယွမ်၏ အသံသည် စိတ်ဓာတ်မြှင့်တင်ပေးသော သီချင်းတစ်ပုဒ်ကဲ့သို့ ပဲ့တင်ထပ်သွားသည်။
ယွန်းရှီသည် ရေထဲတွင် ကူးခတ်နေရင်း ဓားကို တင်းတင်းဆုပ်ကိုင်ထား၏။
"ခဏစောင့်ဦး ဓားအိုကြီး... ငါတို့ ဒါကို တကယ် လုပ်မှာလား"
"ဝိညာဉ်မှင်စာတွေဆိုတာ ကြီးမားတဲ့ ပါဝင်ပစ္စည်းတွေတင်ပါပဲ... သူတို့ကို လှီးဖြတ်ပြီး အဘိုးကြီးကျန့်ရှန်းအတွက် ပေါက်စီတွေအဖြစ် ပြောင်းလဲပစ်ရအောင်"
ကျိယွမ်၏ လေသံက တည်ငြိမ်ပြီး ကမ္ဘာတုန်လောက်သောတိုက်ပွဲကြီးအတွက် သူရဲကောင်းကို အားပေးနေသကဲ့သို့ပင်။
ကျန်းယွန်းရှီသည် သွားကို တင်းတင်းကြိတ်လိုက်ပြီး လက်ထဲမှ ဓားအားငုံ့ကြည့်သည်။
"ကောင်းပြီ... ငါ လုပ်မယ်"
-------