← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း(၄၁)

ကုဝမ်ရု ခေါင်းမော့ကြည့်လိုက်ရာ ချီယွီ၏ တည်တင်းအေးစက်လှသော အကြည့်များနှင့် တည့်တည့်တိုးသွားသည်။ သူက သူမကို လူသေတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေခြင်းဖြစ်၏။

သူမတစ်ကိုယ်လုံး ချမ်းစိမ့်သွားရကာ သူပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားရသည်။

တကယ်လို့ အဖေနဲ့ ကုဟွားတို့ တကယ်ပဲ ကိစ္စပြီးမြောက်သွားခဲ့ကြရင်တောင် ဒီသတင်းကို ဖြန့်တဲ့သူက သူ(မ) လုံးဝမဖြစ်ရဘူး

မဟုတ်ရင် အဖေက ငါ့ကို အလွတ်မပေးမှာ သေချာတယ်...

ကျင်းခွေ့က သူမကို တွဲထူပေးလိုက်၏။ သူမတို့နှစ်ဦး ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် တံခါးပွင့်သွားသည့် အသံကို ကြားလိုက်ရသည်။

ကုဝမ်ရု ခြေလှမ်းများ မတားဆီးနိုင်ဘဲ ရပ်တန့်သွားရတော့၏။

ပန်းထိုးဖိနပ် အဖြူလေးတစ်ဖက်က တံခါးဝမှ အပြင်သို့ လှမ်းထွက်လာခဲ့သည်။ အတွင်းခံအဝတ်အစား အဖြူကိုသာ ဝတ်ဆင်ထားပြီး ခရမ်းရောင်ဝတ်ရုံကြီးကို အသာအယာ လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ဦးက ကျော့ရှင်းစွာ လှမ်းထွက်လာခဲ့၏။

ကုဝမ်ရု အံ့အားသင့် ဆွံ့အသွားခဲ့ရသည်။

အပြင်သို့ လှမ်းထွက်လာသော လူရိပ်ကို သေသေချာချာ မြင်လိုက်ရသည့်အခါ ကုဝမ်ရု၏ မျက်လုံးများက အတိုင်းထက်အလွန် ပြူးကျယ်သွားရသည်။

တကယ်ပဲ သူ ဖြစ်နေခဲ့တာပဲ...

သူမ၏ ခြေဖဝါးအောက်တွင် အမြဲတမ်း နင်းခြေခြင်း ခံခဲ့ရသော တရားမဝင် ညီမဖြစ်သူ ကုဟွားက အမျိုးသမီးများအား အလွယ်တကူ ဝင်ရောက်ခွင့်မပြုထားသော စာကြည့်ဆောင်ကြီးအတွင်းမှ ဆံပင်များ အနည်းငယ် ဖရိုဖရဲဖြစ်လျက် မျက်ဝန်းများတွင်လည်း ဆွဲဆောင်မှုများ ပြည့်နှက်နေရင်း လှမ်းထွက်လာခဲ့ခြင်း ဖြစ်သည်။

မိန်းမပျိုလေး၏ ခန္ဓာကိုယ်လေးက မောပန်းနွမ်းနယ်နေဟန်ဖြင့် မိုးမခကိုင်းလေးတစ်ခုကဲ့သို့ ယိမ်းနွဲ့ပြီး အားအင်ချည့်နဲ့စွာဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

သူမ နူးညံ့လှသော လေသံလေးဖြင့် မေးလိုက်၏။

“အစ်မ... သခင်ကြီးကို သားသမီးဝတ္တရားအရ ဂါရဝပြုဖို့ လာတာလားဟင်...”

ကုဝမ်ရုတစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ ကုဟွားက သူမ၏ ယောက္ခထီးကို ဖြားယောင်းနေသည် သို့မဟုတ် ယောက္ခထီးက ထိုအလှပဂေးလေးကို သဘောကျနေသည်ဟု သံသယရှိခဲ့လျှင်ပင် သူတို့နှစ်ဦး တကယ်ကို ဤမျှအထိ ဖြစ်ပျက်သွားကြလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိချေ။

ငါ ဘာဆက်လုပ်ရမလဲ...

ဒီအကြောင်းကို ငါ့ခင်ပွန်းကို ဘယ်လိုမျိုး ရှင်းပြရတော့မလဲ...

ကုဟွားက သူမကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ဝတ်ရုံအောက်မှ လက်ကို တမင်တကာ ထုတ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်တင်လိုက်သည်။

ကုဝမ်ရု သေသေချာချာ မြင်လိုက်ရသည်။ သူမ ဝတ်ဆင်ထားသည်က အမျိုးသားဝတ် အတွင်းခံအင်္ကျီ ဖြစ်နေခြင်း ဖြစ်၏။

သူမ၏ ဖြူဝင်းပြီး သွယ်လျနေသော လက်များနှင့် လည်တိုင်ပေါ်၌လည်း ရမ္မက်ပြင်းဖွယ် အချစ်အမှတ်အသားများဖြင့် ပြည့်နှက်နေခဲ့သည်။

ကုဝမ်ရု၏ ဦးနှောက်တစ်ခုလုံး လုံးဝ ဗလာဖြစ်သွားရသည်။

ကုဟွား တည်တည်ငြိမ်ငြိမ်ဖြင့် သတိပေးလိုက်၏။

“အစ်မ... မြန်မြန်ပြန်ပါတော့... အစတည်းက အစ်မက ဒီနေရာကို မလာသင့်ခဲ့ဘူး... မြင်ခဲ့တာတွေကိုလည်း ဘာမှမမြင်ခဲ့သလိုပဲ သဘောထားလိုက်ပါ... တကယ်လို့ မြို့စားအိမ်တော်ရဲ့ သခင်မလေး ရာထူးနေရာမှာ အေးအေးဆေးဆေး ဆက်နေချင်သေးတယ်ဆိုရင်တော့ ဒါကို အမြဲမှတ်ထားပါ : ကျွန်မက စာကြည့်ဆောင်ထဲမှာ သခင်ကြီးအတွက် ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေကို ကူးရေးပေးနေတာပါ... ကျွန်မက အမြဲတမ်း အစ်မရဲ့ တရားမဝင် ညီမအရင်း...ကုအိမ်တော်ရဲ့ ဒုတိယမမလေးပဲ ဖြစ်နေပါလိမ့်မယ်...

တကယ်လို့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အစ်မနဲ့ ကျင်းခွေ့တို့ရဲ့ ပါးစပ်ကနေ အပြင်ကို စကားတစ်လုံးလေးပဲဖြစ်ဖြစ် ပေါက်ကြားသွားခဲ့မယ်ဆိုရင်တော့... အစ်မက မြို့စားအိမ်တော်မှာ ဆက်နေနိုင်တော့မှာ မဟုတ်သလို... ကုအိမ်တော်ကိုလည်း ပြန်လို့ရတော့မှာ မဟုတ်မှာကို ကျွန်မ စိုးရိမ်မိတယ်... ကျင်းခွေ့အတွက်ဆိုရင်တော့ သူ့ အသက်ကလေးကို ထိန်းထားနိုင်ဖို့တောင် ခက်ခဲသွားလိမ့်မယ်ထင်တယ်...”

ကျင်းခွေ့၏ မျက်နှာတစ်ခုလုံး ကြောက်လန့်တုန်လှုပ်မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်သွားရသည်။

သူလက်ထဲက ပုရွက်ဆိတ်လေးက ရုတ်တရက် သွားများဖော်ပြီး ရန်ထောင်ရဲနေသဖြင့် ကုဝမ်ရု သတိပြန်ဝင်လာခဲ့သည်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူမ ကုဝမ်ရုကို မျက်နှာချိုသွေးပြီး ဟန်ဆောင်နေခဲ့တာ ဖြစ်သည်။ ကွယ်ကွယ်ကွယ်ဝှက်ဝှက်နှင့် သူမ ယောက္ခထီးကို နောက်ကွယ်၌ ဖြားယောင်းနေခဲ့ပြီး သူမကို ကူညီရန်အတွက် ယောက္ခထီး၏ နားထဲတွင် စကားကောင်းလေးများ တိုးတိုးသာသာ ပြောပေးပါမည် ဆိုသည်ကလည်း လိမ်ညာနေခဲ့ခြင်းဖြစ်သည်။

ဒါတွေအားလုံးက အဲဒီမိန်းမပျက်ရဲ့ အချိန်ဆွဲတဲ့ လှည့်ကွက်တွေ ဖြစ်နေခဲ့တာပဲ...

ကုဝမ်ရု အလွန်အမင်း ဒေါသထွက်သွားရသည်။ သူမ ကုဟွား၏ နှာခေါင်းတည့်တည့်ကို လက်ညှိုးထိုးရင်း ကျိန်ဆဲတော့သည်။

“အပျက်မ... အရှက်အကြောက်မရှိဘဲ ယောကျာ်းတစ်ယောက်ရဲ့ အိပ်ယာထဲကို ကိုယ့်သဘောနဲ့ကိုယ် တွယ်တက်တဲ့ ဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုးကို လုပ်ရဲတယ်ပေါ့လေ... နင် ကြိုးဆွဲချသေလိုက်တာကမှ ပိုကောင်းဦးမယ်... ဒါကို ငါက နင့်အတွက် ဖုံးကွယ်ပေးထားရဦးမှာလား...ဒီကိစ္စကို ငါ အဖေနဲ့ အမေတို့ကို မဖြစ်မနေ သတင်းပို့ရမယ်... နင် အခုချက်ချင်း ငါနဲ့အတူ အိမ်တော်ကို ပြန်လိုက်ခဲ့ပြီး အဖေနဲ့ အမေကို ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်ရမယ်...”

ကုဟွားက သူမ၏ ကျိန်ဆဲမှုများကို လျစ်လျူရှုကာ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

“အစ်မ... ကျွန်မက မှူးမတ်အိမ်တော်ကို ပြန်မပြန်ဆိုတာက မြို့စားမင်းရဲ့ သဘောထားအပေါ်မှာပဲ မူတည်ပါတယ်...”

ကုဝမ်ရု ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

“နင်... နင် ဒါကို အစကတည်းက ကြိုတင်စီစဉ်ထားခဲ့တာမလား... ငါ့ကို ဘယ်လိုတောင် လိမ်ညာရဲရတာလဲ...”

ကုဟွားက အနည်းငယ် ပြုံးလိုက်ပြီး ရိုသေမှုပြသသည့် နာမ်စားများကိုပါ လုံးဝ လွှတ်ချလိုက်တော့သည်။

“အစ်မကရော ကျွန်မအပေါ် လိမ်ညာခဲ့တာ နည်းလို့လား... ကျွန်မကို မြို့စားအိမ်တော်ထဲ ဝင်ခိုင်းတုန်းက ဘာပြောခဲ့လဲ... အစ်မရဲ့ အနားမှာ သင်ယူခိုင်းဖို့ ခေါ်တာပါတဲ့... မြို့စားအိမ်တော်ရဲ့ ဂုဏ်သရေကို သုံးပြီး ကျွန်မအတွက် ပိုကောင်းတဲ့ အိမ်ထောင်ဖက် ရှာပေးနိုင်လိမ့်မယ်ဆိုပြီးတော့လေ...တကယ်တော့ အစ်မက ကျွန်မကို ခြေနင်းတုံးတစ်ခုလိုပဲ အသုံးချချင်ခဲ့တာ... အစ်မနဲ့ သခင်လေးတို့က ကျွန်မကို နင်းခြေခဲ့ကြတယ်... အဲဒါက ကျွန်မကို အောက်တန်းကျတဲ့ ကစားစရာတစ်ခုလို ဆက်ဆံခဲ့တာ မဟုတ်ဘူးလား... ဘာလဲ... အစ်မတို့ရဲ့ လက်ထဲက ကစားစရာလေးက အမိန့်မနာခံဘဲနေလို့ မရတော့ဘူးလား... ပြန်မတော်လှန်ရတော့ဘူးလား... အစ်မရယ်... မျက်လုံးကို သေသေချာချာ ဖွင့်ပြီး ကြည့်လိုက်စမ်းပါဦး... ကျွန်မက ကစားစရာ မဟုတ်ဘူး... လူသားတစ်ယောက်... လူသားတစ်ယောက်အနေနဲ့ ကျွန်မမှာ ဘယ်လိုရှင်သန်မလဲဆိုတာကို ရွေးချယ်ပိုင်ခွင့် ရှိတယ်...”

သူမနှင့် သူမ မိခင်တို့က ကုဟွားကို ခြေနင်းတုံးအဖြစ် သုံးပြီး ခင်ပွန်းသည်၏ မျက်နှာသာပေးမှုကို ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှားကြီး မှားသွားခဲ့သည်။ အိမ်ထဲကို ဝံပုလွေတစ်ကောင် အမိအရ ဖမ်းသွင်းမိလိုက်လိမ့်မည်ဟု သူမတို့ မမျှော်လင့်ထားခဲ့ကြပေ။

ဒေါသ ပေါက်ကွဲသွားသော ကုဝမ်ရုက ရှေ့သို့ အဟုန်ပြင်းစွာ တိုးကပ်သွားပြီး လက်ကို မြှောက်ကာ သူမ၏ ပါးကိုရိုက်ရန် ပြင်လိုက်သည်။

အနီးအနားတွင် ပုန်းကွယ်နေသော ချီယွီက လှုပ်ရှားရန် ပြင်လိုက်စဉ်၌ပင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လူရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။

ကုဝမ်ရုအနေဖြင့် ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း သေသေချာချာ မမြင်ရသေးခင်၌ပင် “ဂျွတ်” ဟူသော အရိုးကျိုးသံကို ကြားလိုက်ရသည်။

သူမ၏ လက်ကောက်ဝတ်အရိုး ကျိုးသွားခဲ့ခြင်း ဖြစ်၏။ သူမက နာကျင်လွန်းသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်မိပြီး သူမ၏လက်မောင်းကို ဆုပ်ကိုင်ရင်း တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာခဲ့သည်။

သူမ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည့်အခါ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများဖြင့် ရပ်နေသည့် မုကျွင်းယန်နှင့် မျက်နှာချင်းဆိုင် တည့်တည့်တိုးမိသည်။

သူမ ထိတ်လန့်လွန်းသဖြင့် ငိုသံများပင် လည်ချောင်းဝတွင် တစ်ဆို့သွားရ၏။

ပြင်းထန်လှသော နာကျင်မှုကို အောင့်အည်းထားရသဖြင့် သူမ၏ မျက်နှာတစ်ခုလုံးတွင် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေခဲ့သည်။

“အ... အဖေ... အဖေတို့နှစ်ယောက်... ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ... အဖေ့ရဲ့ ချွေးမဖြစ်တဲ့ ကျွန်မ မျက်နှာကို ဘယ်နား သွားထားရတော့မှာလဲ...”

မုကျွင်းယန်က မြေပြင်ပေါ်သို့ လဲကျနေသော ကုဝမ်ရုကို ငုံ့ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းလှသော အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

“မြို့စားအိမ်တော်ထဲမှာ အာဏာကို အလွဲသုံးစားလုပ်ပြီး သူတစ်ပါးကို နှိပ်စက်တာ... အင်အားသုံးပြီး အားနွဲ့သူကို ဖိနှိပ်တာမျိုးကို လုံးဝ ခွင့်မပြုနိုင်ဘူး... မုအန်းရဲ့ တရားဝင်ဇနီးတစ်ယောက်အနေနဲ့ မင်းက ခင်ပွန်းသည်ကို စနစ်တကျ ထိန်းကျောင်းပြီး သားသမီးတွေကို ကောင်းကောင်း ပျိုးထောင်ရမှာ...အဲဒါကို မင်းက မုအန်းကို တခြားအမျိုးသမီးတွေကို နှိပ်စက်ညှင်းပန်းဖို့ ခွင့်ပြုပေးခဲ့တယ်... မင်းရဲ့ ဝမ်းဗိုက်ထဲမှာ ကလေးသာ ရှိမနေရင် ငါ အခုချက်ချင်းပဲ မင်းကို ကွာရှင်းစာချုပ် ပေးပစ်လိုက်ပြီ...”

ကုဝမ်ရု၏ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားရသည်။

သူမ၏ လက်မှ နာကျင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒူးနှစ်ဖက်လုံးဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ အပြာရောင် ကျောက်ပြားကြမ်းပြင်ကို ထုရိုက်ရင်း ငိုကြွေးလိုက်သည်။

“အဖေ... အဖေက ဒီအပျက်မရဲ့ ဖျားယောင်းမှုကို ခံလိုက်ရတာပါ... သူ ဒီအိမ်တော်ထဲကို ဝင်လာကတည်းက ကိုင်းမြင့်မြင့်မှာ ခိုလှုံပြီး ကျွန်မခင်ပွန်းရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ဖို့ကို ကြံစည်ခဲ့တာပါ... ဒါပေမဲ့ အဖေ့ကို မြင်လိုက်ရတဲ့ အခါမှာတော့ ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းကို တက်လှမ်းချင်သွားတာပေါ့... အဖေ... ကျွန်မက မုမိသားစုရဲ့ ချွေးမပါ... သဘာဝကျစွာနဲ့ ကျွန်မက မုမိသားစုရဲ့ အကျိုးစီးပွားကိုပဲ တွေးရမှာပါ... ကျွန်မ ညီမအရင်းက မုမိသားစုရဲ့ ဂုဏ်သရေကို ဖျက်ဆီးတာမျိုးကိုတော့ လုံးဝ အဖြစ်မခံနိုင်ပါဘူး...”

ကုဟွားက ပုံမှန်ဆိုလျှင် မိမိကိုယ်ကိုယ် အလွန် မြင့်မြတ်လှပါသည်ဟု ကြွေးကြော်နေတတ်သော ကုဝမ်ရု၏ ရူးသွပ်နေသည့် ပုံစံကို ကြည့်ရင်း သူမ၏ အတိတ်ဘဝတုန်းက ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို ပြန်လည်တွေးမိလိုက်သည်။

သူမ၏ လေယူလေသိမ်းက တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်းပင် ပြောလိုက်၏။

“အစ်မ... ကျွန်မတို့ ငယ်ငယ်ကတည်းက အစ်မက အမြဲတမ်း အမှားနဲ့ အမှန်ကို ပြောင်းပြန်လှန်ပြီး အပြစ်အားလုံးကို ကျွန်မအပေါ်ပဲ ပုံချတတ်တာ... ခွေးက အစ်မရဲ့ မှတ်ဉာဏ်တွေကို စားပစ်လိုက်လို့လား...ဒါက သိသိသာသာကြီးကို အစ်မကိုယ်တိုင် သခင်လေးရဲ့ နှလုံးသားကို မဖမ်းဆုပ်ထားနိုင်ခဲ့တာ...သခင်လေးရဲ့ အမျိုးသမီးတွေကို မထိန်းချုပ်နိုင်ခဲ့တာလေ... အဲဒါကို မြို့စားအိမ်တော်ရဲ့ သခင်မလေး ရာထူးနေရာကို မြဲချင်ဇောနဲ့... အစ်မနဲ့ ကိုယ်လုပ်တော်ပိုင်တို့က ကျွန်မကို လိမ်ညာပြီး အိမ်တော်ထဲ ခေါ်ခဲ့ကြတယ်...ကျွန်စာချုပ်မှာ အတင်းအကြပ် လက်မှတ်ထိုးခိုင်းပြီး ကျွန်မကို သခင်လေးဆီ အတင်းအဓမ္မ ပေးအပ်ဖို့ ကြိုးစားခဲ့ကြတာ မဟုတ်ဘူးလား...”

“ဒီနေ့လို အခြေအနေမျိုး ဖြစ်ပျက်လာရတာ အားလုံးက အစ်မတို့ ပြောတဲ့ အနာဂတ်ဆိုတာကြီးအတွက် ကိုယ်လုပ်တော်ပိုင် ဖန်တီးခဲ့တာတွေပဲ မဟုတ်ဘူးလား... ကျွန်မရဲ့ လက်ချောင်း ခြေချောင်းနဲ့ ခန္ဓာကိုယ်ပေါ်က အရေပြားလက်မတိုင်းက အစ်မတို့ သားအမိနှစ်ယောက်ကြောင့် အကြိမ်ပေါင်း ထောင်ချီ သောင်းချီပြီး အပ်နဲ့ အထိုးခံခဲ့ရတာ... အအေးဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြားထဲမှာ ဆီးတွေကိုသောက် မစင်တွေကို စားပြီး အသက်ဆက်ခဲ့ရတာ... အဲဒါ အစ်မတို့ ကျွန်မကို ပေးခဲ့တဲ့ ဘဝ မဟုတ်ဘူးလား... အစ်မတို့က ကျွန်မကို လူလို မဆက်ဆံခဲ့ပေမဲ့ ကျွန်မက အသက်ရှူနေတဲ့ လူသားတစ်ယောက်ပဲ... ကျွန်မက ဘာဖြစ်လို့ အစ်မတို့ စိတ်ကြိုက် သတ်ဖြတ်တာကို ငြိမ်ခံနေရမှာလဲ...”

All Chapters