← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း(၄၂)

ကုဟွား၏ စကားလုံးများက တစ်လုံးချင်းစီ ထွက်ပေါ်လာခဲ့ပြီး စကားလုံးတိုင်းက သွေးစက်များ စီးကျနေသကဲ့သို့ နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ အတိတ်ဘဝက ခံစားခဲ့ရသော ဆင်းရဲဒုက္ခများက ယခုအချိန်တွင် အကုန်လုံး ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်၏။

သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း မျက်ဝန်းအစုံတွင်မူ သွေးမျက်ရည်များ ပြည့်လျှံနေခဲ့သည်။

မုကျွင်းယန်၏ ထူထဲသော မျက်ခုံးအစုံက တင်းကျပ်စွာ တွန့်ချိုးသွားရသည်။

အကယ်၍ သူ့ ဖြစ်တည်မှု အဆင့်အတန်း အမှန်တရား (ကလေးချင်း လဲလှယ်ခံခဲ့ရသည့် အမှန်တရား) ကို သိသွားခဲ့ရင် အခုထက် ပိုပြီး နှလုံးကွဲကြေကာ စိတ်ဒဏ်ရာရသွားနိုင်လောက်လား...

သူက သူမ၏ အနည်းငယ် တုန်ယင်နေသော ပခုံးလေးကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း စိတ်အေးသွားစေရန် အားပေးသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

ထို့နောက် သူ နောက်ပြန်လှည့်လိုက်ကာ သူမကို အနောက်တွင် အကာအကွယ်ပေးလျက် ကွယ်ထားလိုက်ပြီး ကုဝမ်ရုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ကုဟွားက ဒီနေ့ပဲ ကုအိမ်တော်ကို ပြန်လိမ့်မယ်... မင်းရဲ့ ပါးစပ်ကို ကောင်းကောင်း ထိန်းထားပါ... မဟုတ်ရင်တော့ မင်း ရမှာက ကွာရှင်းစာချုပ်ပဲ ဖြစ်လိမ့်မယ်”

ကုဟွား အံ့အားသင့်သွားရ၏။ သူမကို ကာကွယ်ပေးထားသည့် ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း သူမ၏ နှာခေါင်းလေးထဲတွင် သနားစရာကောင်းလောက်အောင်ပင် ချဉ်စူးသွားရသည်။

ကုဝမ်ရု၏ နှုတ်ခမ်းများက တုန်ယင်နေခဲ့ပြီး အချိန်အတော်ကြာအောင် စကားတစ်လုံးမျှ မဆိုနိုင်တော့ချေ။

သူမ ယောက္ခထီးက မြေခွေးမတစ်ကောင်ကြောင့်နှင့် သူ့ ချွေးမအရင်းကို ကွာရှင်းခိုင်းပစ်ဖို့အထိ ပြောရက်ခဲ့သည်။

သူမအနေဖြင့် မည်သည့်နည်းလမ်းမျိုးနှင့်မျှ အကွာရှင်းမခံနိုင်ပါချေ။

ကုဝမ်ရုက ဒူးထောက်လျက် ရှေ့သို့ အသည်းအသန် နှစ်လှမ်းတိုးလာခဲ့၏။

“အဖေ... အဖေ့သားအတွက် ကျွန်မကို ဘာဖြစ်လို့ အိမ်ထောင်ဖက်အဖြစ် လာတောင်းခဲ့လဲဆိုတာကို မေ့သွားပြီလား... ကုအိမ်တော်မှာ ကျွန်မရဲ့ အဖေနဲ့ အမေတို့ကို ပေးခဲ့တဲ့ ကတိတွေကရော အတည်မဖြစ်တော့ဘူးလား...ကျွန်မက ကုဟွားကို ခင်ပွန်းသည်ရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ခိုင်းခဲ့တာကလည်း အဖေ့ရဲ့သားကို ပျော်ရွှင်စေချင်လို့ပဲ မဟုတ်ဘူးလား... ကျွန်မက ဘာတွေများ အမှားလုပ်ခဲ့မိလို့ ကွာရှင်းစာချုပ် အပေးခံရမှာလဲ... ကုဟွားက ကိုယ်လုပ်တော်ပိုင် သူ့အပေါ် မကောင်းခဲ့လို့ နာကျည်းနေတာကြောင့် ကျွန်မကို လာပြီး အပြစ်ပုံချနေတာပါ...သူ့လို အောက်တန်းကျတဲ့ နောက်ခံမျိုးနဲ့ဆိုရင် အကောင်းဆုံးဖြစ်မှ ဆင်းရဲတဲ့ ပညာသင်တစ်ယောက် ဒါမှမဟုတ် ကုန်သည်မိသားစုထဲကပဲ လက်ထပ်လို့ ရမှာပါ... ကျွန်မနောက်ကို လိုက်လာလို့သာ မြို့စားအိမ်တော်ရဲ့ တစ်ဦးတည်းသော သခင်လေး...အနာဂတ်ရဲ့ အမွေခံဖြစ်လာမဲ့သူရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ခွင့်ရတာပါ... အကယ်၍ နောက်နောင် ကံကောင်းခဲ့ရင် ကိုယ်လုပ်တော်အဆင့်အထိတောင် မြှင့်တင်ခံရနိုင်ပါသေးတယ်... ဒါက သူ့ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့ရင်တောင် မရနိုင်မဲ့ ကံကောင်းခြင်းမျိုးပါပဲ... ကျွန်မ သူ့ကို ဘယ်လိုမျိုး နစ်နာအောင် လုပ်ခဲ့မိလို့လဲ...ဒီအပျက်မက သိသိသာသာကြီးကို အဖေ့ဆီ တမင်တကာ လာကပ်တာပါ...အဖေ့ကို အသုံးချပြီး ကျွန်မကို ကလဲ့စားချေနေတာပါ... အဖေ... သူ့ ကောက်ကျစ်စဉ်းလဲတဲ့ ရည်ရွယ်ချက်ကို သေသေချာချာ မြင်အောင် ကြည့်ပါဦး...”

ကုဟွားက ဒေါသထွက်လွန်းသဖြင့် ရယ်သာ ရယ်လိုက်မိသည်။

ဒါဆိုရင် သူတို့တွေ ငါ့ကို နှိပ်စက်ညှင်းပန်းခဲ့ကြတာက တကယ်တော့ ငါ့ရဲ့ ကောင်းကျိုးအတွက်ပေါ့လေ...

သူမက မုကျွင်းယန်၏ ဘေးတွင် ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကုဝမ်ရုကို ငုံ့ကြည့်လိုက်၏။

“ဟုတ်တယ်... ကျွန်မက ရှင်သန်ချင်လို့ မြို့စားမင်းကြီးဆီကို တမင်တကာ လာကပ်ခဲ့တာ... အစ်မ... ကျွန်မကို တစ်ခုလောက် ပြောပြပါဦး... ကျွန်မက သိသိသာသာကြီး ကိုယ်လုပ်တော်ပိုင်ရဲ့ သမီးအရင်း ဖြစ်နေပါလျက်နဲ့ သူက ဘာဖြစ်လို့ အစ်မရဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်အသရေအတွက် ကျွန်မရဲ့ အသက်ကို လဲလှယ်ပေးဖို့အထိ လိုလိုလားလားနဲ့ ဆန္ဒရှိနေခဲ့ရတာများလဲ...”

ကုဝမ်ရု၏ ငိုသံများက ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

သူ တစ်ခုခုကို ရှာတွေ့သွားခဲ့ပြီလား...

ကုဟွားက သူမကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာပေးကို မြင်လိုက်ရသည့်အခါ ကုဝမ်ရုက အမှန်တရားကို သိရှိထားကြောင်း ကုဟွား သေချာသွားခဲ့ပြီ ဖြစ်၏။

မိခင်ဖြစ်သူက ကုဝမ်ရုကို ပုလဲတစ်လုံး၊ရတနာတစ်ပါးကဲ့သို့ ချစ်မြတ်နိုးခဲ့ပါလျက်နှင့် ကုဝမ်ရုက မိခင်ဖြစ်သူ၏ သမီးအရင်းကို နှိပ်စက်ညှင်းပန်းခဲ့သည်။

ကုဝမ်ရု၏ အသံက ချက်ချင်းပင် တိုးတိတ်သွားခဲ့သည်။

“အဲဒါ... အဲဒါက ကိုယ်လုပ်တော်ပိုင်က ငါ့ကို မျက်နှာချိုသွေးချင်လို့လေ... သူက နိမ့်ကျတဲ့ ကုန်သည်မျိုးရိုး နောက်ခံကလာတာ... ပညာလည်းမတတ်ဘူး... အမြင်လည်းကျဉ်းမြောင်းတယ်... အလုပ်လုပ်ပုံတွေကလည်း လူတောမတိုးဘူး...”

ကိုယ်လုပ်တော်ပိုင်သာ သူ့သမီးအရင်းက သူ့နောက်ခံကို နိမ့်ကျပါတယ်လို့ ပြောနေတာကိုသာ ကြားရင် ဘယ်လိုမျိုး ခံစားရမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ...

ကုဟွား လှောင်ပြုံးပြုံးလိုက်သည်။

“အစ်မကို မျက်နှာချိုသွေးဖို့တဲ့လား... ကျွန်မရဲ့ အသက်ကို စတေးပြီးတော့လေ... တကယ်လို့ လူတွေကသာ အမှန်တရားကို မသိကြရင် အစ်မကပဲ ကိုယ်လုပ်တော်ပိုင်ရဲ့ သမီးအရင်းလို့ ထင်နေကြဦးမယ်...”

ကုဝမ်ရုက အမှန်တရား ပေါက်ကြားသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသဖြင့် ဤအကြောင်းအရာကို ကုဟွားနှင့် ထပ်မံ၍ မဆွေးနွေးချင်တော့ချေ။

သူမ ငိုယိုကာ မုကျွင်းယန်ကို တောင်းပန်တိုးလျှိုးတော့သည်။

“အဖေ... ချွေးမက လင်မယားကွာရှင်းပြတ်စဲခြင်းဆိုင်ရာ အပြစ်ခုနစ်ပါးထဲက ဘာအပြစ်ကိုမှ မကျူးလွန်ခဲ့ဖူးပါဘူး... အဖေ ကျွန်မကို ကွာရှင်းခိုင်းလို့ မရနိုင်ပါဘူး... ကုဟွားကလည်း ကုအိမ်တော်ရဲ့ သမီးတစ်ယောက်ပဲလေ... အဖေက သူ့ကြောင့်နဲ့ ကိုယ့်ရဲ့ခမည်းခမက်တွေကို မျက်နှာပျက်အောင် လုပ်တော့မလို့လား...ကုမိသားစုက မှူးမတ်ဘွဲ့ရ အဆင့်အတန်း ပဲ ရှိနေပေမဲ့ ကျွန်မတို့မျိုးဆက်က မင်းအဆက်ဆက်ရဲ့ အမတ်ဟောင်းတွေ ဖြစ်ကြသလို နှစ်ပေါင်းရာချီ သမိုင်းကြောင်းရှိပြီး ဖြူစင်မြင့်မြတ်တဲ့ မိသားစုကြီးပါ... အဖေနဲ့သားက ကျွန်မတို့ ညီအစ်မနှစ်ယောက်လုံးကို သိမ်းပိုက်တယ်ဆိုတာမျိုးကို ကုမိသားစုဘက်က ဘယ်လိုမှ သဘောတူမှာ မဟုတ်ပါဘူး... အကယ်၍ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ကုမိသားစုရဲ့ မျက်နှာတစ်ခုလုံး ပျက်စီးသွားရုံတင်မကဘဲ အဖေ့ရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်သတင်းလည်း ပျက်ပြားသွားပါလိမ့်မယ်... ညီလာခံက အမတ်တွေကလည်း အဖေ့ကို ရာထူးကနေ ဖယ်ရှားဖို့ တင်ပြကြပါလိမ့်မယ်...အဖေ... ကျေးဇူးပြုပြီး သေသေချာချာ ပြန်လည်စဉ်းစားပေးပါဦး...”

ကုဟွားက မကျေမနပ် ဖြစ်သွားရ၏။

သူမက မုကျွင်းယန်၏ နောက်ကွယ်မှနေ၍ ခေါင်းလေးကို ပြုထွက်လိုက်ပြီး ပြောလိုက်သည်။

“သခင်ကြီးရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်သတင်းဆိုတာ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း... ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတွေကို ရယူရင်းနဲ့ လောကက ပြည်သူတွေကို ကာကွယ်ပေးရင်း ရရှိလာခဲ့တာပါ... အစ်မက တကယ်ပဲ ကျွန်မတို့လို အားနွဲ့တဲ့ အမျိုးသမီးငယ် နှစ်ယောက်ကြောင့်နဲ့ သခင်ကြီးရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်း ပျက်စီးသွားနိုင်တယ်လို့ ထင်နေတာလား... အစ်မက တကယ်ကြီး အတွေးလွန်နေတာ မဟုတ်ဘူးလား...”

မုကျွင်းယန်က လက်လှမ်းလိုက်ပြီး သူမ ခေါင်းလေးကို သူ၏နောက်ကွယ်သို့ ပြန်လည်တွန်းပို့လိုက်၏။

သူ့မျက်နှာက ပိုမို၍ အေးစက်တည်တင်းသွားကာ လေသံကလည်း အေးဆေးတည်ငြိမ်နေခဲ့သည်။

“ကုဟွားက ဒီနေ့ပဲ သူကိုယ်တိုင် အိမ်တော်ကို ပြန်လိမ့်မယ်... မင်းကတော့ အခန်းထဲမှာပဲ နေပြီး မင်းရဲ့အမှားတွေကို ပြန်လည်သုံးသပ်လိုက်ပါ...”

ကုဝမ်ရု ကြောင်အမ်းသွားရသည်။

ကုဟွားက သူကိုယ်တိုင် ကုအိမ်တော်ကို ပြန်ရမယ်... ပြီးတော့ သူ(ကုဝမ်ရု) ကိုကျတော့ အကျယ်ချုပ် ချထားမယ်ပေါ့လေ...

ဒါပေမဲ့ ဝူနာရီ (နံနက် ၁၁ နာရီ) ရောက်တာနဲ့ သူ့ခင်ပွန်းက ယီချွန်း ပြည့်တန်ဆာအိမ်မှာ ကုဟွားကို စောင့်ဆိုင်းနေတယ်လေ။

အကယ်၍ သူမ ခင်ပွန်းသာ သူသဘောကျနေသည့် အမျိုးသမီးက သူ့ဖခင်နောက်ကို လိုက်သွားပြီဆိုတာကို သိသွားခဲ့လျှင် သူ သူမအပေါ်ကို ဧကန်မုချ နာကျည်းသွားပေလိမ့်မည်။

“အဖေ... ကျွန်မက သူနဲ့အတူတူ အိမ်တော်ကို ပြန်ချင်ပါတယ်...”

ကုဝမ်ရုက အော်ဟစ်လိုက်မိ၏။

မုကျွင်းယန်က လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“သူ့ကို ခေါ်ထုတ်သွားလိုက်ကြစမ်း...”

တစ်ချက်မျှပင် အသံမထွက်ရဲဘဲ နေခဲ့သော ကျင်းခွေ့က အလောတကြီးဖြင့် သူမကို တွဲထူလိုက်ကာ ဆိုလိုက်၏။

“သခင်မလေး... ကျွန်မတို့ သွားကြရအောင်ပါ...”

“မသွားဘူး... ငါ သူ့ကို အိမ်တော်ကို ပြန်ခေါ်သွားရမယ်...”

သူမအနေဖြင့် ထိုမိန်းမပျက်ကို မည်သည့်နည်းလမ်းမျိုးနှင့်မျှ အောင်မြင်မှုရရှိစေရန် ခွင့်ပြုမည် မဟုတ်ပေ။ ဤနိမ့်ကျသော မိန်းမပျက်ကို သူမ ခေါင်းပေါ်ကို တက်နင်းခွင့် မပြုနိုင်ချေ။

ချီယွီက သူ၏လက်ဖဝါးစောင်းဖြင့် ဓားကဲ့သို့ လွှဲရိုက်လိုက်ရာ ကုဝမ်ရုတစ်ယောက် ချက်ချင်းပင် ကျင်းခွေ့၏ ရင်ခွင်ထဲသို့ ပျော့ခွေလဲကျသွားရသည်။

ကျင်းခွေ့တစ်ကိုယ်လုံး ကြောက်လန့်တုန်ယင်နေခဲ့ပြီး သတိလစ်ကာ ပျော့ခွေသွားသော ကုဝမ်ရုကို တွဲထိန်းထားနိုင်စွမ်း လုံးဝမရှိတော့ချေ။

ချီယွီ မျက်နှာလွှဲလိုက်သည်။ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော လူနှစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး ကုဝမ်ရုကို ခုံရှည်ကြီးတစ်ခုပေါ်သို့ မတင်ကာ ဝက်တစ်ကောင်ကဲ့သို့ သယ်ဆောင်သွားကြသည်။

ကျင်းခွေ့က တုန်ယင်နေသော နှုတ်ခမ်းများဖြင့် အသည်းအသန် ထရပ်လိုက်ကာ သူတို့နောက်သို့ ယိုင်တိယိုင်တိုင်ဖြင့် ပြေးလိုက်သွားသည်။

မုကျွင်းယန်က ကုဟွားဘက်သို့ လှည့်ကြည့်လိုက်ရင်း ပြောလိုက်၏။

“ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါ... ခဏကြာရင် အိမ်တော်ကို ပြန်ရမယ်...”

ကုဟွား ကြောင်အမ်းသွားရသည်။

“ကျွန်မ...”

“မင်းနဲ့အတူ အဖော်လိုက်ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်မယ်... စိတ်မပူပါနဲ့...”

မုကျွင်းယန်က သူမကို ဝတ်ရုံကြီးနှင့် ကျစ်ကျစ်ပါအောင် ခြုံပေးလိုက်ပြီး ကော်လာကို သေသေချာချာ ပြန်လည်ပြင်ဆင်ပေးလိုက်၏။

“မင်း ပြန်လာတဲ့အခါကျရင် ကိုယ် မင်းကို မေးစရာ မေးခွန်းတချို့ ရှိတယ်...”

ကုဟွားက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ...”

ငါ့ကို သူက ဘာတွေများ မေးချင်လို့ပါလိမ့်...

ငါ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေသေးလားဆိုတာကို ထပ်ပြီး အတည်ပြုချင်လို့များလား...

ကုဟွား၏ စိတ်ထဲတွင် လုံးဝ ရှုပ်ထွေးသွားရသည်။ ခုနတုန်းက သူမ ပြောခဲ့သော ကြမ်းကြမ်းတမ်းတမ်း စကားလုံးများက သူမ၏ ဘဝနှစ်ခုလုံး၌ အပြင်းထန်ဆုံး စကားလုံးများဖြစ်ပြီး ကုဝမ်ရုကို တမင်တကာ ဒေါသထွက်စေချင်၍ ပြောခဲ့ခြင်းသာ ဖြစ်သည်။

သူမ ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ဆောင်းဦးအစ၏ အေးမြလှသော လေပြေညင်းက သူမ၏ ပါးပြင်ထက်သို့ တိုက်ခတ်လာခဲ့ပြီး ခုနက ခံစားလိုက်ရသည့် ကျေနပ်မှု အာရုံများကို လွင့်ပါးသွားစေခဲ့သည်။

သူမကို ချောက်ကမ်းပါးဆီသို့ အတင်းအဓမ္မ တွန်းပို့ခဲ့ကြပြီး အသုဘမြေပုံတောင် မရှိစေဘဲ သေဆုံးသွားအောင် ပစ်ထားခဲ့ကြသော ထိုမိသားစု...

သူမ အိမ်ကိုပြန်ပြီး သူမ မွေးမိခင်အရင်းကို သွားရောက်တွေ့ဆုံချင်သေးသည်။

သို့သော် ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် သူမ၏ ရင်ထဲတွင် နာကျင်မှုကြောင့် ဆို့နင့်သွားသကဲ့သို့ ခံစားလိုက်ရကာ စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် စိုးရိမ်ပူပန်မှုများက စုပြုံတိုးဝှေ့လာခဲ့သည်။

All Chapters