အခန်း ၄၃
Vol. 5 Ch. 43
အခန်း(၄၃)
ကုဟွား ယာယွင်ဆောင်သို့ ပြန်ရောက်သောအခါ တုန့်ဟွားနှင့် တုန့်ချင်းတို့၏ အမူအရာများက ယခင်ကထက် ပို၍ ရိုသေကိုင်းညွတ်လာကြ၏။
ကုဟွား ရေချိုးပြီး အဝတ်အစားလဲလှယ်နိုင်ရန်အတွက် သူမတို့နှစ်ဦးက သွက်လက်ချက်ချာစွာဖြင့် ပြုစုလုပ်ကျွေးကြ၏။
ရှန်လီ ဆေးရည်ပန်းကန်လုံးကို ကိုင်ဆောင်လျက် အထဲသို့ လှမ်းဝင်လာခဲ့သည်။ သူမက ပန်းကန်လုံးကို ချလိုက်ပြီးနောက် ကုဟွား၏ လက်ကောက်ဝတ်ကို တန်း၍ဆွဲကိုင်ကာ သူမ၏ သွေးခုန်နှုန်းကို သေသေချာချာ စစ်ဆေးလိုက်သည်။
သူမ မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
“နင့်ရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း မသက်သာသေးတာကို အခုကတည်းက အတင်းအကျပ် လှုပ်ရှားရုန်းကန်နေပြီပဲ... လွန်ခဲ့တဲ့ ရက်တွေက ငါပေးခဲ့တဲ့ ဆေးကောင်းတွေကို လုံးဝ အလဟဿ ဖြစ်သွားအောင် လုပ်ပစ်လိုက်တာပဲ...”
ကုဟွား၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရကာ တိုးညှင်းစွာ ပြောလိုက်သည်။
“ဒုက္ခပေးမိလို့ အားနာပါတယ်...”
“သောက်လိုက်...”
ရှန်လီက ဆေးရည်ပန်းကန်ကို သူမဘက်သို့ တွန်းပို့လိုက်၏။
ကုဟွား နာခံစွာဖြင့် ၎င်းကို ကောက်ယူကာ တစ်ငုံတည်းဖြင့် အကုန်မော့သောက်လိုက်သည်။
ရှန်လီ မျက်မှောင်ကြုတ်သွားရပြန်သည်။
“မခါးဘူးလား...”
သူမ ဆေးအရှိန်ကို တော်တော်ပြင်းပြင်း သုံးထားခဲ့ပြီး ဆေးရည်ကလည်း အလွန် ပျစ်ခဲနေခဲ့သည်။ သူမကိုယ်တိုင်ပင် ထိုဆေးနံ့ကို ရလျှင် အော့အန်ချင်စိတ် ပေါက်သွားရလောက်သည်အထိ ဖြစ်၏။
ကုဟွားက အနည်းငယ် ပြုံးပြလိုက်ရင်း ဆိုလိုက်သည်။
“ကျွန်မ ကျင့်သားရနေပါပြီ...”
ရှန်လီက သူမကို စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“နင်ကိုယ်တိုင်က ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်မငဲ့ကွက်ရင် ဘယ်သူက နင့်အတွက်လာပြီး ငဲ့ကွက်ပေးမှာလဲ...”
ပြီးနောက် ဆေးရည်ပန်းကန်အလွတ်ကို ကောက်ကိုင်ကာ ဒေါသတကြီးဖြင့် စောင့်အောင့်ထွက်ခွာသွားသည်။
ကုဟွား ရယ်မောလိုက်မိသော်လည်း သူမ ရယ်နေရင်းနှင့်ပင် မျက်ဝန်းအစုံ၌ မျက်ရည်များ ဝေ့ဝဲတက်လာခဲ့ရသည်။
ငါ့ကို အမှန်တကယ် ဂရုစိုက်ပူပန်ပေးမဲ့ လူတွေဝန်းရံနေတာကို ခံစားရတာ တကယ်ကို သိပ်ကောင်းတာပဲ...
သူမ ဆံပင်ဖြီးသင်နေစဉ်တွင် ကျိုးကျစ်လန် ရောက်ရှိလာခဲ့၏။
ကုဟွားအနေဖြင့် သူမနှင့် မျက်နှာချင်းဆိုင်ရသည်ကို အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသောကြောင့် မျက်နှာလေး နီမြန်းလျက် ခေါင်းကိုငုံ့ထားမိကာ မည်သည့်စကားမျှ မဆိုရဲခဲ့ချေ။
ကျိုးကျစ်လန်က သူမ၏ အနေခက်နေမှုကို မမြင်ချင်ယောင်ဆောင်ပေးထားလိုက်သည်။ သူမသည် အဝတ်အစားဘီဒိုဆီသို့ တန်း၍လှမ်းသွားပြီး အပ်ချုပ်ဆိုင်မှ အသစ်စက်စက် ပေးပို့လာသော စိမ်းပြာရောင်နှင့် အဖြူရောင်စပ်ထားသည့် အပေါ်အင်္ကျီနှင့် စကတ်ကို ရွေးချယ်လိုက်၏။
ထို့နောက် ကောင်းကင်ပြာရောင် ဝတ်ရုံကြီးတစ်ထည်ကိုပါ ကောက်ယူလိုက်သည်။
“ဒီဝတ်စုံကို ဝတ်လိုက်... ဒါက လင်းလန်ဆောင်က ပေးပို့ထားတဲ့ ငွေသားကွတ်ထားတဲ့ ကျောက်စိမ်း ရတနာအဆင်တန်ဆာတွေနဲ့ အရမ်း လိုက်ဖက်လွန်းတယ်...”
ကုဟွား ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထောင့်လေးများက ရဲတက်နေခဲ့သည်။
“ဒါက အရမ်း တန်ဖိုးကြီးလွန်းမနေဘူးလားဟင်...”
ဤဝတ်စုံတွင် ဆန်းပြားလှသော ပန်းထိုးအနုပညာများ သို့မဟုတ် ကျောက်စီခြယ်သမှုများ အများကြီး ပါဝင်မနေပေ။ သို့သော်လည်း စကတ်၏ အနားသတ်ကိုမူ ရွှေစင်အပြားတစ်ထောင်ပေးလျှင်ပင် ဝယ်ယူရန်ခက်ခဲလှသော ရောင်စုံ ဝါဂွမ်းထည်ပိတ်စဖြင့် အတွန့်ပုံစံ ပြုလုပ်ထားခြင်း ဖြစ်၏။ ၎င်းက ငှက်မွေးတမျှ ပါးလွှာလှသည်။
သူမ ငြိမ်ငြိမ်လေး ရပ်နေသည့်အခါ ၎င်းက ကမာခွံလေးတစ်ခု၏ အရောင်အဝါမျိုးဖြင့် ဖြူစင်တောက်ပနေတတ်ပြီး သူမ လှုပ်ရှားလိုက်သည့်အခါတွင်မူ ရောင်စုံကန်ရေပြင်တစ်ခု၏ မျက်နှာပြင်ကဲ့သို့ တောက်ပသွားတတ်ကာ အလွန်အမင်း လှပလွန်းသည်။
အပေါ်အင်္ကျီကို မည်သည့်ပန်းထိုးလက်ရာမျှ ပါဝင်မနေသော ထိပ်တန်းအရည်အသွေးရှိ စိမ်းပြာရောင် ပိုးထည်အချောစားဖြင့် ချုပ်လုပ်ထားခြင်း ဖြစ်၏။ ပိုးသားပုဝါရှည်ကလည်း စကတ်၏ အသားစနှင့် လုံးဝ တစ်ထပ်တည်း ကျနေခဲ့သည်။
အင်္ကျီနှင့် အရောင်တူညီလှသော စကတ်တွင် ဖဲကြိုးလေးများတွဲလွဲကျနေသည့် ငွေရောင်ခါးစည်းတစ်ခုလည်း ပါဝင်သေးသည်။
၎င်းကို အဆင့်မြင့်ပြီး ရိုးရှင်းလှသော ဒီဇိုင်းများဖြင့် ပြုလုပ်ထားသည့် ငွေသားကွတ် ကျောက်စိမ်းရတနာများနှင့် တွဲဖက်လိုက်သည့်အခါ တစ်စုံလုံးက ရိုးရှင်းအေးမြနေပြီး ထူးခြားဆန်းပြားလှသော ဂုဏ်သရေရှိမှုကို ထုတ်လွှတ်နေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရိုးရှင်းမှုဟူသည် အမြင့်မားဆုံးသော ကျော့ရှင်းမှုတစ်မျိုး ဖြစ်သည်။
ကုဟွားအနေဖြင့်လည်း ၎င်းကို သဘာဝကျစွာပင် သဘောကျမိ၏။
သူမ စကားတစ်လုံးမျှ မဆိုတော့ဘဲ ကျိုးကျစ်လန်ကိုသာ သူမ၏ အဝတ်အစားများကို လဲလှယ်ခွင့်ပြုလိုက်ပြီး ဝတ်ရုံကြီးကိုလည်း ကျစ်ကျစ်ပါအောင် ချည်နှောင်ခွင့်ပေးလိုက်ကာ မနေ့ညက ဖြစ်ပေါ်ခဲ့သော ထင်ရှားလှသည့် အမှတ်အသားများကို သေသေချာချာ ဖုံးကွယ်လိုက်သည်။
တုန့်ချင်းက ဆံပင်ဖြီးသင်ခြင်းနှင့် မိတ်ကပ်လိမ်းခြယ်ခြင်းတို့တွင် အလွန် ကျွမ်းကျင်လှသူ ဖြစ်၏။ သူမက ကုဟွားအတွက် လက်မထပ်ရသေးသော မိန်းမပျိုလေးများ ပြုလုပ်လေ့ရှိသည့် အထပ်ထပ်အခွေခွေ ဆံထုံးပုံစံလေးကို ဖြီးသင်ပေးလိုက်ပြီး ပါးပြင်ထက်တွင်လည်း ဖျော့တော့သော ပါးနီလေးကို ခြယ်သပေးလိုက်သည်။ ဤအဝတ်အစားများနှင့် တွဲဖက်လိုက်သည့်အခါ သူမသည် လူ့ပြည်လောကသို့ ဆင်းသက်လာခဲ့သည့် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလွန်းနေသည်။
ကျိုးကျစ်လန်က အံ့ဩမှင်တက်နေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်နေမိ၏။ အချိန်အတော်ကြာပြီးမှ သူမက သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ဆိုလိုက်သည်။
“ဒီလိုလုပ်တာက နင့်အတွက် ကောင်းတာလား ဆိုးတာလားဆိုတာကို ငါ တကယ် မသိတော့ပါဘူးဟာ... ငါ အခုကစပြီး နောင်တရချင်သလိုတောင် ဖြစ်လာပြီ...”
ကုဟွားက စိတ်လှုပ်ရှားသွားရကာ မျက်ဝန်းလေးများ ရဲတက်လာခဲ့ပြီး နူးညံ့စွာ ပြောလိုက်၏။
“ဒါက တကယ်ပဲ အဆင်ပြေပါတယ်...”
သူမ၏ အတိတ်ဘဝတုန်းကဆိုလျှင် ယခုကဲ့သို့သော နေ့ရက်မျိုးကို ရရှိပိုင်ဆိုင်နိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ပါချေ။
ယခုရရှိသည့် ပျော်ရွှင်မှုက ညဉ့်၌ပွင့်သော ပန်းလေးတစ်ပွင့်လို ခဏတာမျှသာ ဖြစ်ပါစေဦးတော့ ဒီတိုတောင်းလှတဲ့ ဆယ်ရက်ကျော်ကာလအတွင်းမှာ သူမ တကယ်ကို ပျော်ရွှင်ခဲ့ရပါသည်။
ကျိုးကျစ်လန်၏ မျက်ဝန်းများကလည်း ရဲတက်လာခဲ့သည်။ သူမတို့နှစ်ဦးလုံးက မိန်းကလေးအချင်းချင်း ဖြစ်ကြသည်မို့ ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ...
ကုဟွားက ကျိုးကျစ်လန်ကို ကြည့်ကာ လှပစွာ ပြုံးပြလိုက်၏။
ကျိုးကျစ်လန် ပြန်လည်ပြုံးပြလိုက်ရင်း သူမ၏ နားရွက်နားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“စိတ်မပူပါနဲ့... သခင်ကြီးက လူကောင်းတစ်ယောက်ပါ”
ကုဟွား၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရကာ အခန်းထဲ၌ ပစ္စည်းများ သိမ်းဆည်းနေသည့် အစေခံမိန်းကလေး နှစ်ဦးကို လှမ်း၍ တစ်ချက်ကြည့်လိုက်မိသည်။
ကျိုးကျစ်လန် သူမ၏လက်ကို ဆွဲကိုင်ကာ အပြင်သို့ လှမ်းထွက်လာရင်း ခပ်တိုးတိုး ဆိုလိုက်၏။
“စိတ်မပူပါနဲ့... ဒီမှာရှိတဲ့ အနီးကပ်ပြုစုရတဲ့ အစေခံတွေအားလုံးက ယုံကြည်စိတ်ချရတဲ့သူတွေချည်းပဲ... ပါးစပ်လည်း တအားလုံကြတယ်...သခင်မလေးဘက်ကိုလည်း နင် ဘာမှပူစရာမလိုပါဘူး... သခင်ကြီးရဲ့ အမိန့်ရှိထားတာမို့ စကားတစ်လုံးလေးတောင် အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ဘူး...”
ထိုအခါမှ ကုဟွား၏ ရင်ထဲတွင် အနည်းငယ် အေးချမ်းသွားရသည်။
သူမအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန် အချိန်လိုအပ်သေးသည်။
တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် သူမက ကျိုးကျစ်လန်၏ လက်ကို အမြန်ဆွဲကိုင်ကာ တိုးတိုးလေး ပြောလိုက်၏။
“ညီမနဲ့အတူတူ ရှန်လီကိုပါ အိမ်တော်ကို လိုက်ခဲ့စေချင်ပါတယ်... ညီမမှာ ခန္ဓာကိုယ် အရမ်းအားနည်းပြီး ဖျားနာလွယ်တဲ့ မောင်လေးတစ်ယောက် ရှိတယ်... သူ့ကို အဲဒီမောင်လေးကို သွားပြီး ကြည့်ပေးစေချင်လို့ပါ...”
ကျိုးကျစ်လန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“တုန့်ချင်း... ရှန်လီ့ကို သွားပြောလိုက်... တံခါးဝမှာ အဆင်သင့် စောင့်နေခိုင်းလိုက်ပါ...”
ကျိုးကျစ်လန်က ကုဟွားကို ပင်မတံခါးကြီးဆီသို့ တွဲခေါ်လာခဲ့၏။ အပြင်ဘက်တွင် အပြာရင့်ရောင် တောက်ပနေသော မြင်းရထားလုံးကြီးတစ်စီး ရပ်တန့်ထားသည်ကို တွေ့လိုက်ရသည်။ တံခါးဝတွင် ကျိုးချွန်းယွီက ရပ်နေပြီး အဝတ်ထုပ်ကို ကျောပိုးထားသော ရှန်လီက ဘေးတစ်ဖက်တွင် ရပ်နေခဲ့သည်။
သူတို့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ကျိုးချွန်းယွီ ပြုံးပြလိုက်ရင်း ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်၏။
“မမလေးကု... ကျေးဇူးပြုပြီး မြင်းရထားလုံးပေါ် ကို ကြွပါ...”
ကုဟွား ကြောင်အမ်းသွားရသည်။
“ဒါက...သင့်တော်ပါ့မလား”
ဒါက အရမ်း ထည်ဝါလွန်းနေတာ မဟုတ်ဘူးလား...
“ဘာဖြစ်လို့ မသင့်တော်ရမှာလဲ... မမလေးက အခု ယုံမြို့စားကြီးကနေ ကွယ်လွန်သူ မြို့စားသခင်မကြီးရဲ့ စာမူတွေ ကူးရေးဖို့အတွက် အထူးတလည် ငှားရမ်းထားတဲ့ အမျိုးသမီး ပညာရှိတစ်ယောက်ပဲလေ... မမလေးရဲ့ အဆင့်အတန်းက အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်... ဒီမြင်းရထားလုံးက အရင်တုန်းက သခင်မအိုကြီး သုံးခဲ့တဲ့ ရထားလုံးပဲဥစ္စာ... လာပါ... တက်လိုက်ပါ”
ကျိုးကျစ်လန် သူမကို မြင်းရထားပေါ်သို့ တွဲတင်ပေးလိုက်၏။
နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသော တုန့်ဟွားနှင့် ရှန်လီတို့လည်း ရထားလုံးပေါ်သို့ လိုက်၍ တက်လာခဲ့ကြသည်။
ကုဟွားက ရထားလုံး၏ ပြတင်းပေါက် လိုက်ကာကို မ၍ လှမ်းကြည့်လိုက်ရာ ကျိုးချွန်းယွီက မြင်းတစ်ကောင်ပေါ်သို့ လွှားကနဲ ခုန်တက်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် မထိန်းနိုင်ဘဲ အံ့အားသင့်သွားရသည်။
“အိမ်တော်ထိန်းချုပ်ကြီးကျိုးပါ လိုက်မှာလားဟင်...”
ကျိုးကျစ်လန်က ခေါင်းညိတ်ပြလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဦးခေါင်းကို မော့ကာ ပြောလိုက်၏။
“တွေ့လား... ငါပြောသားပဲ... သခင်ကြီးက လူကောင်းတစ်ယောက်ပါလို့... နင်မျက်နှာပန်းပွင့်စေဖို့အတွက် မြို့စားအိမ်တော်က လူတစ်ယောက်ရဲ့အောက် လူသောင်းချီရဲ့ အထက်မှာ ရှိနေတဲ့ အိမ်တော်ထိန်းချုပ်ကြီးနဲ့ အမျိုးသမီးစီမံခန့်ခွဲသူတစ်ယောက်ကပါ မမလေးကုကို အိမ်တော်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပို့ဆောင်ပေးနေရတာလေ…”
ကုဟွားက သူမ၏ စကားကြောင့် ရယ်မောလိုက်မိသည်။ သူမ အံ့အားသင့်သွားရပြီး တစ်ဖက်ကလည်း ရင်ထဲတွင် ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
မုကျွင်းယန် သူမအတွက် ယခုကဲ့သို့ အနောက်မှ တောင်ပံဖြန့်ပြီး အင်တိုက်အားတိုက် အကာအကွယ်ပေးလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
…
မုကျွင်းယန်က တည်တင်းမှောင်မိုက်နေသော မျက်နှာပေးဖြင့် မုအန်းကို စိုက်ကြည့်နေခဲ့သည်။
“မင်းကို ရိုက်ခဲ့တဲ့ အပြစ်ဒဏ် ငါးချက်က နည်းလွန်းသွားလို့လား...”
မုအန်းက ခေါင်းကိုသာ ငုံ့ထားပြီး စကားတစ်လုံးမျှ မဆိုရဲချေ။
“မုအန်း... မင်းရဲ့ အနောက်ဆောင်ကိစ္စတွေကို ငါက ဝင်ပြီး မစွက်ဖက်သင့်ဘူးဆိုတာ မှန်တယ်... ဒါပေမဲ့ ငါတို့ ယုံမြို့စားအိမ်တော်ကို စောင့်ကြည့်နေကြတဲ့ မျက်လုံးပေါင်း ဘယ်လောက်တောင် များလဲဆိုတာ မင်း မသိဘူးလား... မင်းကတော့ တစ်နေ့တစ်ခြား ပိုပြီးတော့ကို မိုက်မဲလာတာပဲ...”
မုအန်းက ရင်ထဲတွင် မကျေမနပ် ဖြစ်နေဆဲဖြစ်သည်။
“အဖေ... အဖေကိုယ်တိုင်ပဲ ပြောခဲ့တာလေ... ယုံမြို့စားအိမ်တော်ရဲ့ စည်းစိမ်ချမ်းသာနဲ့ အရှိန်အဝါတွေအားလုံးက သားရဲ့ဥစ္စာတွေချည်းပဲဆို... သားရဲ့ အနောက်ဆောင်မှာ မိန်းမ နည်းနည်းလောက် ပိုများလာတာက ဘာများဖြစ်လို့လဲ...”
မုကျွင်းယန်က သူ့မျက်ဝန်းထဲမှ ဒေါသများကို အစွမ်းကုန် ဖိနှိပ်ထားလိုက်ရ၏။
“ကိုယ်လုပ်တော်တစ်ယောက်ကို စနစ်တကျ သိမ်းပိုက်တာက အကြောင်းမဟုတ်ဘူး... ဒါပေမဲ့ မင်းက ပြည့်တန်ဆာအိမ်က အမျိုးသမီးတွေကိုတောင် လိုချင်နေရုံတင်မကဘူး... ကိုယ့်ဇနီးရဲ့ ညီမအရင်းကိုပါ အတင်းအဓမ္မ သိမ်းပိုက်ဖို့ ကြံစည်နေတာလေ... အဲဒါကို မင်းက ဘာဖြစ်လို့လဲလို့တောင် ပြန်မေးရဲသေးတယ်ပေါ့လေ...”
မုအန်း၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ရုတ်တရက် လျှံတက်လာခဲ့သည်။
“ကုဝမ်ရုကိုယ်တိုင်က ကုဟွားကို သားဆီ လာပေးခဲ့တာပဲ... သားက ဘာဖြစ်လို့ သူ့ကို မသိမ်းပိုက်နိုင်ရမှာလဲ... ယောင်းယောင်းက သားအပေါ်မှာ နက်နက်ရှိုင်းရှိုင်း ချစ်ခင်တွယ်တာပြီး သစ္စာရှိတာ... အခုဆို မြို့စားအိမ်တော်အတွက် မြေးလေးကိုတောင် လွယ်ထားပေးသေးတယ်... အကယ်၍ သားက သူ့ကို အိမ်တော်ထဲ ခေါ်မသွင်းရင် သားက သံယောဇဉ်မရှိ ကျေးဇူးကန်းတဲ့သူ ဖြစ်မသွားဘူးလား... အဖေ... အဖေ အခုလို ဒေါသထွက်နေတာက သားကပဲ အလွန်အကျွံ လုပ်မိလို့လား... ဒါမှမဟုတ် အဖေကိုယ်တိုင်က ကုဟွားကို လိုချင်တပ်မက်နေလို့လား... အဖေက မိန်းမတစ်ယောက်ကို ကိုယ့်သားနဲ့ ပြိုင်ပြီး လုချင်နေတာလား”