← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း(၄၄)

“ဝုန်း...”

မုကျွင်းယန်၏ လက်ဖဝါးအောက်ရှိ လက်ဖက်ရည်စားပွဲမှာ ချက်ချင်းပင် အက်ကွဲသွားခဲ့ပြီး လက်ဖက်ရည်ခွက်များနှင့် ရေနွေးအိုးများက ကြမ်းပြင်ပေါ်သို့ အစိတ်စိတ်အမွှာမွှာ လွင့်စင်ကျသွားသည်။

မုအန်း၏ မျက်ဝန်းများ တုန်ယင်သွားခဲ့သော်လည်း သူ၏လည်ပင်းကိုမူ တင်းခံထားဆဲ ဖြစ်သည်။

“အဖေ... အဲဒီတုန်းက သားကို အိမ်တော်ကို ခေါ်လာခဲ့ချိန်တုန်းက အဖေ့ရဲ့ဥစ္စာမှန်သမျှ သားရဲ့ဥစ္စာပဲလို့ ပြောခဲ့တာလေ... အခု သားက မိန်းမတစ်ယောက် လိုချင်တာကို အဖေက သားနဲ့ လာပြီး ပြိုင်လုနေတာလား...”

မုကျွင်းယန် ချက်ချင်း မတ်တပ်ရပ်လိုက်၏။ ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခဲ့ပြီး သူ မုအန်းကို လက်ညှိုးထိုးလျက် လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။

“အဲဒီတုန်းက မင်းရဲ့ဖခင် တိုက်ပွဲမှာ သူရဲကောင်းပီသစွာနဲ့ ကျဆုံးသွားခဲ့တုန်းက မင်း ဘာပြောခဲ့လဲ... မင်းက မင်းရဲ့ဖခင်လိုပဲ နောင်တရစရာမရှိဘဲ မြေဝါပေါ်မှာ ကိုယ့်ရဲ့သွေးပူတွေကို သွန်းလောင်းပြီး သဲပြင်ထဲမှာ သစ္စာရှိတဲ့ အရိုးတွေကို မြှုပ်နှံချင်တယ်လို့ ပြောခဲ့တာလေ...မင်း အဲဒါကို မေ့သွားပြီလား...”

မုအန်းက သူ၏ကျောပြင်ကို မတ်လိုက်သည်။

“ဒါပေမဲ့ အဖေကိုယ်တိုင်ပဲ ပြောခဲ့တာလေ... သားရဲ့ဖခင်က အဖေ့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့တာလို့... အဖေနဲ့ သားရဲ့ဖခင်က ညီအစ်ကိုအရင်းတွေထက်တောင် ပိုပြီး ရင်းနှီးကြတာ... အဖေက သားရဲ့ဖခင်ကို အသက်တစ်ချောင်း အကြွေးတင်နေတာလို့လေ... အဖေက အန်းမိသားစုရဲ့ မျိုးဆက် ပြတ်တောက်သွားမှာကို မလိုလားလို့ သားကို သိုင်းပညာတွေ စွန့်လွှတ်ပြီး စာပေကိုပဲ လေ့လာခိုင်းခဲ့တာ မဟုတ်ဘူးလား... ပြီးတော့ ဒီမြို့စားအိမ်တော်က အနာဂတ်မှာ သားရဲ့ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်လို့လည်း ပြောခဲ့တာပဲလေ... အခု အဖေက ကိုယ့်စကားကိုယ် ပြန်ဖျက်တော့မလို့လား...”

မုကျွင်းယန်က သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လှိုင်းတံပိုးကဲ့သို့ ပြင်းထန်နေခဲ့ပြီး အချိန်အတော်ကြာအောင် စကားတစ်လုံးမျှ မဆိုခဲ့ချေ။

တကယ်တမ်း၌ သူသည် အရာအားလုံးကို စီစဉ်ပေးထားခဲ့ပြီးသား ဖြစ်၏။

တစ်နေ့နေ့တွင် သူ တိုက်ပွဲ၌ သေဆုံးသွားခဲ့လျှင် သူ့နောက်သို့ လိုက်ပါလာသူများကို အခြေချပေးပြီးနောက် ယုံမြို့စားအိမ်တော်၏ စည်းစိမ်ချမ်းသာ အများစုကို မုအန်းထံ ချန်ရစ်ထားခဲ့ပြီး သူ့ကို အန်းအိမ်တော် ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးရန်အတွက် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု မုအန်း၏ ပျက်စီးယိုယွင်းနေသော ပုံစံကို မြင်လိုက်ရသောအခါ သူ ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်ပါတော့မည်နည်း။

သူက သူ့ကိုယ်သူသာ နာကျည်းမိရသည်။ သူ့ သွေးသောက်ညီအစ်ကို၏ ကလေးကို ကောင်းကောင်းမမွေးမြူနိုင်ခဲ့သည့်အပြင် သူ့အတွက် ဇနီးကိုပါ အမှားကြီး မှားယွင်းကာ ရွေးချယ်ပေးခဲ့မိသည်။

မုကျွင်းယန်က မုအန်း၏ ရှေ့မှောက်သို့ တစ်လှမ်းချင်း တိုးကပ်သွားပြီး သူ့ကော်လာကို ဆွဲကိုင်ကာ အေးစက်စွာ ပြောလိုက်၏။

“မုအန်း... မင်းကို ‘အန်း’ ဆိုတဲ့ နာမည် ပေးခဲ့တာက မင်းကို အန်းမိသားစုရဲ့ နာမည်ကို ဆက်ခံစေချင်လို့... မင်းရဲ့ဖခင်က ငါ့ဖခင်ရဲ့ လက်အောက်မှာ အရဲရင့်ဆုံး စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တာ... မျိုးဆက်အဆက်ဆက် မင်းတို့အန်းမိသားစုက ယောကျာ်းသားတွေက သံမဏိအရိုးရှိပြီး သန်မာကြတဲ့ ယောကျာ်းကောင်းတွေချည်းပဲ... သူတို့ရဲ့ နာမည်တွေကို တောင်ပိုင်းနယ်စပ်က မပျက်စီးနိုင်တဲ့ ကျောက်စာတိုင်ပေါ်မှာ ထုဆစ်ထားခဲ့ကြတာ...မင်းကရော... မင်းက ဆက်ပြီးတော့ ပုပ်သိုး ပျက်စီးနေမှာလား... ဒါမှမဟုတ် မတ်တပ်ရပ်ပြီး မင်းရဲ့ အန်းမိသားစု ဂုဏ်သရေကို ထမ်းဆောင်မှာလား... အဲဒါကို မင်းဘာသာမင်း သေသေချာချာ ပြန်စဉ်းစား...”

မုအန်း၏ မျက်ဝန်းထဲတွင် ဒေါသတရားများ လောင်မြိုက်နေခဲ့သည်။

အခုမှ လာပြီး အန်းမိသားစုရဲ့ ဂုဏ်သရေကို ပြောနေတာက ဘာသဘောလဲ...

ငါ့ကို ဒီအိမ်တော်ထဲကနေ မောင်းထုတ်ဖို့ ကြံစည်နေတာလား...

ယုံမြို့စားအိမ်တော်က ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ပြောချင်နေတာလား...

ဒါဆိုရင်... သူက ယုံမြို့စားအိမ်တော်ရဲ့ အရာအားလုံးကို ငါ့ဆီ ချန်ထားပေးခဲ့ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဖူးဘူးပေါ့လေ...

မုကျွင်းယန် သူ့ကို ရုတ်တရက် လွှတ်ပေးလိုက်ရင်း အမိန့်ပေးလိုက်သည်။

“ဘိုးဘွားဆောင်ကို သွား... မင်းအဖေရဲ့ ဝိညာဉ်ကမ္ပည်းတိုင်ရှေ့မှာ ဒူးထောက်ပြီး မင်းရဲ့အမှားတွေကို ပြန်လည်သုံးသပ်နေစမ်း...”

မုအန်း ဒေါသတကြီးဖြင့် လှည့်ထွက်သွား၏။

ချီယွီ အထဲသို့ တိတ်တဆိတ် လှမ်းဝင်လာခဲ့သည်။ သခင်ကြီး၏ အလွန်အမင်း ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း အသံတစ်သံမျှပင် မထွက်ရဲချေ။

“ငါ့ကို ပြောစမ်း... ငါ တစ်ခုခု မှားယွင်းတာမျိုး လုပ်ခဲ့မိလို့လား...”

မုကျွင်းယန်က သူ၏ မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ရင်း မေးလိုက်၏။

ချီယွီ ခဏမျှ စဉ်းစားလိုက်ပြီး ဆိုလိုက်သည်။

“သခင်လေးက ငယ်သေးလို့ပါ...”

မုကျွင်းယန်၏ အကြည့်များက နက်ရှိုင်းနေခဲ့သည်။

“သူ့အသက် တစ်ဆယ့်သုံးနှစ်ကတည်းက သူ့အဖေက ငါ့ကို စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ လမ်းပြပေးခဲ့တာ... ငါ သူ့ကို ဆရာတစ်ဦးလို... အစ်ကိုကြီးတစ်ဦးလို သတ်မှတ်ထားခဲ့တာ... သူက သတ္တိနဲ့ ပြည့်စုံပြီး ရန်သူပေါင်းများစွာကို သုတ်သင်ခဲ့တယ်... သူက ငါ့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့တာ... ငါ မုအန်းကို အကောင်းဆုံးတွေ ပေးခဲ့တာကပဲ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာလို့ ထင်ခဲ့မိတာ... ဒါပေမဲ့ မုအန်းက အခု အသက်တစ်ဆယ့်ရှစ်နှစ် ရှိနေပြီ...သူက စာပေမှာရော သိုင်းပညာမှာပါ ဘာအောင်မြင်မှုမှ မရှိဘူး... သူ့ကို ဒီလိုမျိုး မွေးမြူမိခဲ့တာ ငါ သူ့အဖေကို တကယ်ပဲ မျက်နှာပျက်စေမိပြီ...”

ချီယွီ : “တကယ်တော့ စစ်သူကြီးအန်းက...”

မုကျွင်းယန်က သူ့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ချီယွီ ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

“သခင်မလေးကလည်း အရည်အချင်း မပြည့်ဝလှပါဘူး... သူက သခင်လေးကို မထိန်းချုပ်နိုင်ဘူး...”

သူ စကားမှားသွားပြန်ပြီဖြစ်ကြောင်း သတိထားမိသွားသည့်အတွက် ချီယွီက အမြန်ပင် စကားစဖြတ်လိုက်ပြီး သခင်ကြီးကို တိတ်တဆိတ် ခိုးကြည့်လိုက်မိသည်။

ထိုစဉ်က သခင်ကြီးကိုယ်တိုင် တင်တောင်းပစ္စည်း အပြည့်တင်ထားသည့်အပြည့်တင်ထားသည့် ထမ်းစင်ကြီး တစ်ဆယ့်ရှစ်စင်ကို သုံးပြီး ကုအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကုမိသားစု၏ တရားဝင် သမီးကြီးကို သခင်လေး မုအန်းအတွက် အိမ်ထောင်ဖက်အဖြစ် သွားရောက်တောင်းရမ်းပေးခဲ့ခြင်း ဖြစ်သည်။

သူကိုယ်တိုင် ရွေးချယ်ပေးခဲ့သည့် ချွေးမဖြစ်သူက ယခုကဲ့သို့ ပုံစံမျိုး ဖြစ်နေသောကြောင့် သခင်ကြီး၏ ရင်ထဲ၌ တကယ်ကို ခံရခက်နေပေလိမ့်မည်။

မုကျွင်းယန်၏ အကြည့်များက နက်မှောင်ကာ အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။

“သက်သေအထောက်အထားတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာဖွေလိုက်တော့...”

“ဟုတ်ကဲ့ပါ...”

ချီယွီက သခင်ကြီး မည်သည်ကို ဆိုလိုကြောင်း ကောင်းစွာ နားလည်သဘောပေါက်လိုက်သည်။

ဝမ်ချန်မှူးမတ်အိမ်တော်ရှေ့၌ ယုံမြို့စားကြီး၏အိမ်တော်မှ ရထားလုံးက ရပ်တန့်သွား၏။

ရှေ့တွင် “ယုံ” ဟု ထုဆစ်ထားသည့် သစ်သားဆိုင်းဘုတ် ချိတ်ဆွဲထားသော ကြီးကျယ်ခမ်းနားလှသည့် ရထားလုံးကို မြင်လိုက်သောအခါ တံခါးစောင့် ထိတ်လန့်လွန်းသဖြင့် ထခုန်မိသွားခဲ့သည်။ သူက အမြန်ပြေးလာပြီး ရိုသေစွာ ဦးညွတ်လိုက်၏။

“အကြီးဆုံးမမလေး... အိမ်တော်ကို ပြန်လာတာပါလား...”

ကျိုးချွန်းယွီက မြင်းပေါ်မှ ဆင်းလိုက်သည်။

“ကုအိမ်တော်က ဒုတိယမမလေး ပြန်လာတာပါ...”

တံခါးစောင့်က အံ့ဩမှင်တက်သွားရသည်။

“ဒုတိယ မမလေးလား...”

ရထားလုံးပေါ်မှ တုန့်ဟွားနှင့် ရှန်လီတို့က အရင်ဆုံး ဆင်းလာကြ၏။ ကုဟွား ထွက်လာသောအခါ ကျိုးကျစ်လန်က တွဲပေးထားသည်။ တုန့်ဟွားက ကုဟွားကို လှမ်းကိုင်ပေးပြီး ကျိုးကျစ်လန်က သူမကို ကာကွယ်ပေးရင်း ရထားလုံးပေါ်မှ ဂရုတစိုက် တွဲချပေးလာခဲ့သည်။

ကုဟွားက တံခါးအထက်ရှိ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်၏။ သက်ဝင်လှုပ်ရှားနေသော စာလုံးကြီးလေးလုံးက “ဝမ်ချန်မှူးမတ်အိမ်တော်” ဟု ဖော်ပြနေသည်။

“ဝမ်ချန်မှူးမတ်” ဟူသော ဘွဲ့ထူးသည် မျိုးဆက်ငါးဆက်တိုင်တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ဤဆိုင်းဘုတ်ကို တာ့လျန်တိုင်းပြည်ကို တည်ထောင်သူ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အပ်နှင်းခဲ့ခြင်း ဖြစ်၏။

ကုမျိုးနွယ်စုမှ အမတ်အိုကြီးသည် ဟန်လင်ကျောင်းတော်မှ ပညာရှိတစ်ဦး ဖြစ်ခဲ့ပြီး ကွယ်လွန်သူ ဧကရာဇ်၏ မင်းဆရာလည်း ဖြစ်ခဲ့ဖူးသည်။ ဆွေစဥ်မျိုးဆက်ကို အထက်သို့ ထပ်မံကြည့်ရှုလျှင် ကုမိသားစု ဘိုးဘေးများတွင် မင်းဆရာကြီးတစ်ဦး၊ လျှို့ဝှက်ကောင်စီဝန်ကြီးတစ်ဦးနှင့် ဝန်ကြီးချုပ်နှစ်ဦးတို့ ပါဝင်ခဲ့ကြ၏။

ကုမိသားစု၏ ဘိုးဘေးများသည် ကြီးမြတ်သော စာပေပညာရှင်များ ဖြစ်ကြပြီး ဖြူစင်ရိုးသားသော အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။

ကုမိသားစုသည် စနစ်ကျလှသော ကျင့်ဝတ်နှင့် စည်းကမ်းများကြောင့် အစဉ်အမြဲ ကျော်ကြားခဲ့သည်။

သို့သော် သူမ၏ ဖခင်မျိုးဆက်သို့ ရောက်သောအခါ ဖခင်ဖြစ်သူက နန်းတွင်းစာမေးပွဲတွင် တန့်ဟွာ(တစ်နိုင်ငံလုံးတွင် တတိယအဆင့်) ဖြင့် အောင်မြင်ခဲ့သည်မှလွဲ၍ အခြားဦးလေးများနှင့် ငယ်ရွယ်သူမျိုးဆက်များက မည်သည့်အောင်မြင်မှုကိုမျှ မရရှိခဲ့ကြချေ။

သူတို့အားလုံးက ဘိုးဘေးများ ချန်ရစ်ထားခဲ့သော ကောင်းချီးများကိုသာ စံစားနေကြခြင်း ဖြစ်သည်။

ကုမိသားစုဝင်များက မရှာဖွေဘဲ စည်းစိမ်များကိုသာ ထိုင်စားနေကြသောကြောင့် မူလက ဖြူစင်မြင့်မြတ်သည်ဟု ကျော်ကြားခဲ့သော မှူးမတ်အိမ်တော်ကြီးက အတွင်းပိုင်းတွင် ဟောင်းလောင်းပေါက်များဖြင့် ပြည့်နှက်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ အိမ်တော်၏ ဝင်ငွေထက် အသုံးစရိတ်က ပိုများနေခဲ့သည်။

တာ့လျန်၏ ဥပဒေများအရ ဖခင်ဖြစ်သူ သို့မဟုတ် သူ၏သားသမီးမြေးမြစ်များက ကြီးမြတ်သော အောင်မြင်မှုများ မရရှိခဲ့လျှင် ဖခင်ဖြစ်သူက မှူးမတ်ဘွဲ့ကို ဆက်ခံရမည့် နောက်ဆုံးမျိုးဆက် ဖြစ်ပေမည်။

ထို့ကြောင့် ကုမိသားစု၏ ဖြူစင်မြင့်မြတ်သော ပုံစံသည် ဖခင်ဖြစ်သူ၏ မျိုးဆက်တွင် သိသိသာသာ ပြောင်းလဲခဲ့၏။

အဖွဲ့အစည်းအသီးသီးကို လာဘ်ထိုးရန် ငွေကြေးမရှိသဖြင့် ဖခင်ဖြစ်သူက ကျန်းလင်တော်ဝင်ကုန်သည် ပိုင်မိသားစုမှ သမီးဖြစ်သူကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့ပြီး မှူးမတ်အိမ်တော်တွင် ထိုကိုယ်လုပ်တော်ကို ဗိုလ်ကျစိုးမိုးခွင့် ပေးထားခဲ့သည်။

သူက မိသားစုမှ သမီးပျိုများကို အသုံးချတန်ဆာပလာများအဖြစ် သုံးစွဲပြီး မိမိ၏ရာထူးတည်မြဲရေးကို ကူညီနိုင်မည့် သြဇာကြီးမားသော မှူးမတ်မျိုးနွယ်များထံသို့ ထိမ်းမြားပေးခဲ့၏။

ကုဟွားက ကြည့်လေလေ ပို၍ သရော်စာဆန်သည်ဟု ခံစားရလေလေ ဖြစ်သည်။

တကယ်လို့ လောကကြီးက ကုမိသားစုအတွင်းက ညစ်ပတ်တဲ့အရာတွေကို သိရှိသွားကြရင် ဘယ်လိုများတွေးကြမလဲ...

လန်ယဲ့ဝမ်မိသားစုတွင် မွေးဖွားခဲ့သော သူမ၏ မွေးမိခင်က ဆုတ်ယုတ်နေသော လန်ယဲ့ဝမ်မိသားစုကို ထောက်ပံ့နိုင်ရန်နှင့် မှူးမတ်အိမ်တော်၏ တရားဝင်ဇနီးသည် ရာထူးကို ထိန်းသိမ်းနိုင်ရန်အတွက် ဖခင်ဖြစ်သူက ကိုယ်လုပ်တော်ကို မျက်နှာသာပေးသည်ကို သည်းခံခဲ့ရသည်။ သူမက ကိုယ်လုပ်တော်ပိုင် ယူဆောင်လာသော ချမ်းသာကြွယ်ဝလှသည့် မင်္ဂလာခန်းဝင် တင်တောင်းပစ္စည်းများကြောင့် အိမ်တော်တွင် အာဏာပြနေသည်ကိုလည်း အရှက်ကွဲစွာ သည်းခံခဲ့ရ၏။

တံခါးစောင့်က ကြောင်အမ်းစွာ စိုက်ကြည့်နေမိသည်။ နတ်သမီးကဲ့သို့ လှပသော ဤမျိုးရိုးမြင့် မိန်းမပျိုလေးကို ရင်းနှီးနေသကဲ့သို့ ရှိနေသည်။

သူမက တကယ်ပဲ ကုအိမ်တော်ရဲ့ အရေးမပါဆုံး ဖြစ်ခဲ့တဲ့ ဒုတိယသမီး ကုဟွား ဖြစ်နိုင်ပါ့မလား...

“မှူးမတ်အိမ်တော်က ဒုတိယမမလေးကုကို အိမ်ပြန်ခေါ်တာလေ... မင်းက ဘာလို့ သတင်းသွားမပို့သေးတာလဲ...”

ကျိုးချွန်းယွီက အေးစက်စွာ အော်ဟစ်လိုက်၏။

All Chapters