← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း(၄၅)

တံခါးစောင့်က အသိပြန်ဝင်လာပြီး အတွင်းသို့ သတင်းသွားပို့ရန်အတွက် တစ်စုံတစ်ယောက်ကို အလျင်အမြန် စေခိုင်းလိုက်၏။

မကြာမီအချိန်အတွင်း ကိုယ်လုပ်တော်ပိုင်က အပြေးအလွှား ထွက်လာ၏။ ကုဟွား၏ ခေါင်းအစခြေအဆုံး အဝတ်အစားသစ်များ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည့်အပြင် ကြီးကျယ်ခမ်းနားသော ရထားလုံးနှင့်တကွ အတူတူ ပါလာသော လူအုပ်ကို ကြည့်ကာ သူမ၏မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားရသည်။

သူမ၏ ရုအာ တရားဝင်လက်ထပ်ပြီး အိမ်ပြန်လာစဉ်က သာမန်ရထားလုံးကိုသာ စီးခွင့်ရခဲ့သည်။ ကုဟွားလိုမျိုး မိန်းမပျက်က ရုအာထက် ပိုမိုကြီးကျယ်ခမ်းနားအောင် ဘယ်လိုများ ပြုမူရဲရတာလဲ...

သူမကို ပြန်ခေါ်ပြီး သခင်လေးအတွက် ကျောက်ချွန်းဥယျာဉ်ကို တိုက်ရိုက် ပို့ဆောင်ရန် သဘောတူထားကြသည် မဟုတ်ပါလား...

ရုအာက သူနဲ့အတူတူ ဘာကြောင့် ပြန်မလာရတာလဲ...

သူမထံမှလည်း မည်သည့်သတင်းစကားမျှ မရရှိခဲ့ချေ။

တစ်စုံတစ်ရာ ပြောင်းလဲသွားတာများလား...

ယုံမြို့စားကြီးအိမ်တော်၏ လူများရှေ့တွင် ပြဿနာမရှာလိုသော်လည်း သူမ၏လေသံက ဖော်ရွေမှုမရှိစွာ မေးမြန်းလိုက်၏။

“နင့်အစ်မက ဘယ်မှာလဲ... နင်တစ်ယောက်တည်း ဘာလို့ အိမ်ပြန်လာတာလဲ...”

ကုဟွားက သူမကို တစ်ချက်လှမ်းကြည့်ပြီး လျစ်လျူရှုကာ တံခါးမကြီးဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။

မှူးမတ်အိမ်တော်၌ပင် သူမက ဤကဲ့သို့ အပြုအမူပြရဲသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင်က ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားရ၏။

သူမက ကုဟွားကို ဖမ်းဆွဲရန် ရှေ့သို့ လက်လှမ်းလိုက်သော်လည်း သူမ၏လက်ကောက်ဝတ်က ရုတ်တရက် အတင်းအကျပ် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ တစ်ဆယ့်ရှစ်နှစ်အရွယ် အစေခံမိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။

နိမ့်ကျတဲ့ အစေခံမတစ်ယောက်က မှူးမတ်အိမ်တော်ရှေ့မှာ တကယ်ပဲ ရမ်းကားရဲတာလား...

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက အေးစက်သွားရသည်။

“ဒါက မှူးမတ်အိမ်တော်ပဲ... ငါ့သမီးကိုငါ ဆုံးမတာကို နင့်လို နိမ့်ကျတဲ့အစေခံမက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရှိလို့လား...”

ကျိုးကျစ်လန်က သူမကို တွန်းဖယ်လိုက်ပြီး ကုဟွားနောက်သို့ အမှီလိုက်ရန် အလျင်အမြန် လျှောက်သွားကာ သူမ၏ လက်မောင်းကို တွဲပြီး အတွင်းသို့ ဝင်သွားခဲ့သည်။

ကိုယ်လုပ်တော်ပိုင်၏ ဒေါသက ပေါက်ကွဲထွက်သွား၏။ သူမက စကတ်ကို မကာ သူတို့နောက်သို့ လိုက်လာရင်း ရိုင်းစိုင်းသော စကားလုံးများဖြင့် ဆဲရေးတိုင်းထွာတော့သည်။

“ယုံမြို့စားကြီးအိမ်တော်က မိန်းမပျက်တွေက စည်းကမ်းမရှိကြဘူး... နင်တို့က ယုံမြို့စားကြီးအိမ်တော်ရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ...”

တုန့်ဟွားက သူမ၏ တုတ်ခိုင်သော လက်မောင်းဖြင့် ကိုယ်လုပ်တော်ပိုင်၏ ပုခုံးကို တွန်းလွှတ်လိုက်၏။

“ရိုင်းစိုင်းလိုက်တာ... အစ်မကျိုးက ယုံမြို့စားကြီးအိမ်တော်ရဲ့ အမျိုးသမီးစီမံခန့်ခွဲသူ တစ်ယောက်ပဲ... မှူးမတ်အိမ်တော်က ကိုယ်လုပ်တော်တစ်ယောက်မှာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောပိုင်ခွင့် ရှိလို့လား...”

အတွန်းခံလိုက်ရသဖြင့် ကိုယ်လုပ်တော်ပိုင်က နောက်သို့ ယိုင်လဲသွားရသည်။

“ယုံမြို့စားကြီးအိမ်တော်ရဲ့ အမျိုးသမီးစီမံခန့်ခွဲသူ” ဟူသော စကားလုံးများကို ကြားလျှင် သူမက ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။ အခြေအနေ မဟန်သည်ကို မြင်သဖြင့် သူမ နောက်မှ အလျင်အမြန် လိုက်ပါသွားခဲ့သည်။

မှူးမတ်အိမ်တော်အတွင်း၌ တရားဝင်ဇနီးသည်ဖြစ်သော သခင်မကြီးဝမ်သည် သတင်းကို ကြားလျှင် အနည်းငယ် အံ့သြသွား၏။

“မှူးမတ်အိမ်တော်က သူ့ကို တရားဝင် ပြန်ခေါ်တာလား... ငါက ဘာလို့ မသိရတာလဲ…”

အစေခံအိုကြီးဖြစ်သော အမျိုးသမီးကျိုးက သခင်မကြီးကို ပြောလိုက်သည်။

“မှူးမတ်အိမ်တော်ရဲ့ နာမည်ကို သုံးပြီး ကိုယ်လုပ်တော်ပိုင်က ပြန်ခေါ်လိုက်တာ သေချာပါတယ်...”

သခင်မကြီးဝမ်က ပျင်းရိငြီးငွေ့သကဲ့သို့ ခံစားလိုက်ရသည်။ သူမက ထိုသားအမိကြားမှ ကိစ္စများကို မပတ်သက်လိုသဖြင့် ခပ်အေးအေးပင် ပြောလိုက်၏။

“ပြန်လာရင်လည်း ပြန်လာပေါ့... ကိုယ်လုပ်တော်ပိုင်ရဲ့ အခန်းဆီကိုပဲ တိုက်ရိုက်သွားဖို့ သူမကို ပြောလိုက်...”

“ဟုတ်ကဲ့ပါ...”

အမျိုးသမီးကျိုးက လှည့်ထွက်ရန် ပြင်လိုက်၏။

ခြံဝင်းတံခါးဝသို့ ရောက်သောအခါ အဝေးမှ လူအုပ်စု ခြံရံလျက် နွဲ့နှောင်းစွာ လျှောက်လှမ်းလာသော မိန်းမလှလေးတစ်ဦးကို တွေ့မြင်လိုက်ရသည်။

သူမ အံ့ဩသွားရပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ဒုတိယသမီး ပြန်လာတာလို့ ပြောကြတယ်မဟုတ်ဘူးလား... ဘာလို့ သမီးကြီးက ပြန်လာရတာလဲ...

ရုတ်တရက် သူမက အတွေးပြောင်းသွား၏။ သမီးကြီးက ဒုတိယသမီးနှင့်အတူ ပြန်လာခြင်း ဖြစ်နိုင်ပေသည်။

သူမက ဘေးမှ အစေခံမလေးကို ဝမ်းသာအားရ ချက်ချင်း ပြောလိုက်၏။ “သခင်မကြီးကို အမြန်သွားပြောစမ်း... သမီးကြီး ပြန်လာတယ်လို့...”

သူမက ကိုယ်တိုင် ကြိုဆိုရန် သွားလိုက်သည်။ နီးကပ်သွားပြီးမှ လှပလွန်းသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူမက ကြက်သေ သေသွား၏။

ဒါ... ဒါက ဒုတိယသမီးလား...

မိခင်ဖြစ်သူ၏ မင်္ဂလာခန်းဝင်တင်တောင်းပစ္စည်းများနှင့်အတူ ပါလာခဲ့သော အစေခံကို မြင်လျှင် ကုဟွားက ရိုသေစွာ ဦးညွတ်လိုက်၏။

“အမျိုးသမီးကျိုး...”

သူမက အသိပြန်ဝင်လာ၏။ မြင့်မြတ်သော အိမ်တော်များတွင် ကြာမြင့်စွာ အမှုထမ်းခဲ့သဖြင့် ရှေ့မှ မြင်ကွင်းက သာမန်မဟုတ်သည်ကို သူမ ချက်ချင်း နားလည်လိုက်သည်။

ကုဟွား ဝတ်ဆင်ထားသော အဝတ်အစားများအပြင် သူမနောက်မှ လိုက်ပါလာသော အမျိုးသားနှင့် အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုက မှူးမတ်အိမ်တော်၏ သခင်များထက်ပင် မနိမ့်ကျနေပါချေ။ သူတို့က မြင့်မားသော ရာထူးနေရာရှိသူများ၏ အရှိန်အဝါကို ဆောင်ထားကြသဖြင့် တစ်ချက်ကြည့်ရုံမျှဖြင့် ရာထူးအဆင့်အတန်းက သာမန်မဟုတ်ကြောင်း သိနိုင်သည်။

သူတို့နောက်တွင် ငယ်ရွယ်သော အမျိုးသားအစေခံတစ်ဦးနှင့် အမျိုးသမီး အစေခံနှစ်ဦးတို့ လိုက်ပါလာကြ၏။

ဤကြီးကျယ်ခမ်းနားလှသော ပြင်ဆင်မှုက တရားဝင်သမီးကြီး လက်ထပ်ပြီး အိမ်တော်ပြန်လာစဉ်ကထက်ပင် ပိုမိုခမ်းနားနေခဲ့သည်။

သူမက အလျင်အမြန်ပင် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“ဒုတိယမမလေး ပြန်လာတာကိုး... သခင်မကြီးက အခု နာမကျန်းဖြစ်နေလို့ မမလေးအနေနဲ့ ဂါရဝပြုဖို့ မလိုတော့ကြောင်း ဒီအစေခံကို အထူးတလည် မှာကြားလိုက်ပါတယ်... ကိုယ်လုပ်တော်မိခင်နဲ့ စကားပြောဖို့အတွက် အန်းရှန့်ခြံဝင်းကိုပဲ တိုက်ရိုက်သွားဖို့ကိုပဲ သူမက မှာကြားလိုက်ပါတယ်...”

သူမ၏ မွေးမိခင်ဖြစ်သူက သူမကို မတွေ့ဆုံလိုချေ။

ကုဟွား ရင်ထဲ၌ အနည်းငယ် နာကျင်သွားရ၏။

သူမက မွေးမိခင်ကို အပြစ်မတင်နိုင်ချေ။ မိခင်ဖြစ်သူက သူမ သမီးအရင်း ဤနေရာ၌ ရှိနေသည်ကို ယခုထိ မသိသေးပေ။

သို့သော် သူမ တစ်ဦးနှင့်တစ်ဦး အသိအမှတ်မပြုနိုင်ကြလျှင်ပင် မွေးမိခင်ဖြစ်သူကို အလွန်အမင်း တွေ့ဆုံချင်နေမိသည်။

ကုဟွားက အံ့သြသွားဟန်ဆောင်လိုက်၏။

“အစ်မက ပြောတယ်... ကျွန်မကို အိမ်ပြန်လာဖို့ ကုအိမ်တော်က ဖိတ်စာပို့လိုက်တယ်ဆို... အမေက ဒီအကြောင်းကို မသိဘူးလားဟင်...”

အမျိုးသမီးကျိုးက ကုဟွားနောက်မှ လူနှစ်ဦးကို အလျင်အမြန် လှမ်းကြည့်လိုက်၏။ အကယ်၍ သမီးပျိုလေးကို အိမ်ပြန်ခေါ်သည်ကို တရားဝင်ဇနီးသည်က မသိရှိပါဟု သတင်းပေါက်ကြားသွားပါက အိမ်တော်တွင် သူမ၌ ရာထူးအဆင့်အတန်း မရှိဟု လူများက ထင်မြင်ကြပေလိမ့်မည်။

သူမက စကားကို ချက်ချင်းပင် ပြောင်းလဲလိုက်၏။

“အဲဒီလိုမျိုး မဟုတ်ပါဘူး... မမလေးကို ပြန်ခေါ်တာက သခင်မကြီးရဲ့ ခွင့်ပြုချက် ရှိပါတယ်... သခင်မကြီးက မမလေးနဲ့ ကိုယ်လုပ်တော်မိခင်တို့ကို ငဲ့ညှာလို့ပါ... မမလေးတို့ ပြောစရာ စကားတွေ အများကြီးရှိလိမ့်မယ်လို့ တွေးမိလို့ မမလေးကို အန်းရှန့်ခြံဝင်းဆီ အရင်သွားစေချင်တာပါ...”

ကုဟွားက ပြန်ပြောလိုက်၏။

“သမီးဖြစ်သူ အိမ်တော်ကို ပြန်လာတာ... ကိုယ်လုပ်တော်ကို အရင်သွားတွေ့ဖို့က ဘယ်လိုလုပ် ယုတ္တိရှိမှာလဲ... အစဥ်အလာအတိုင်း အမေ့ကို အရင်ဆုံး ဂါရဝပြုရမှာပေါ့... ဒါ့အပြင် ကျွန်မ အပြင်ကို လက်ထပ်ပြီး ထွက်သွားတဲ့ သမီးလည်း မဟုတ်ဘူးလေ... အိမ်တော်ပြန်လာတဲ့အခါ မိခင်ကို အရင်ဆုံး ဂါရဝပြုရတာက ပုံမှန်ပါပဲ...”

အမျိုးသမီးကျိုးလည်း ရွေးချယ်စရာ မရှိတော့ချေ။

“ဒါဆိုရင် မမလေး ခဏလောက် စောင့်ပါဦး... ဒီအစေခံက အတွင်းထဲဝင်ပြီး သတင်းသွားပို့လိုက်ပါမယ်...”

“အမျိုးသမီးကျိုးကို ဒုက္ခပေးမိပါပြီ...”

ကုဟွားက ယဉ်ကျေးစွာ ပြောလိုက်၏။

ကျိုးချွန်းယွီ ကုဟွားကို ပြောလိုက်သည်။

“ဒုတိယမမလေးကု... ကျွန်တော်ကတော့ အမတ်ကြီးကို သွားရောက်ဂါရဝပြုလိုက်ပါဦးမယ်...”

“ကောင်းပါပြီ...”

ကုဟွားက ခေါင်းငြိမ့်ပြလိုက်၏။

“သူက ငါ့ကို တွေ့ချင်နေတယ် ဟုတ်လား...”

သခင်မကြီးဝမ်က သူမ၏ မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။

“ငါ တကယ်ကို အရမ်း ပင်ပန်းနေတာ...သူ့ကို ပြန်သွားခိုင်းလိုက်ပါ...”

အိမ်တော်တွင် တရားမဝင်သမီး အများအပြား ရှိသော်လည်း ဤဒုတိယသမီး တစ်ဦးတည်းသာ သူရဲဘောကြောင်လှသည်။ လှပသော မျက်နှာနှင့် ကောင်းမွန်သော ခန္ဓာကိုယ်ရှိသည်မှလွဲ၍ သူမက အမြဲတမ်း နိမ့်ကျသော အစေခံတစ်ဦးကဲ့သို့ ပြုမူတတ်ပြီး ခိုင်းသမျှ ခေါင်းငြိမ့်ကာ လုံးဝ မငြင်းဆိုရဲပေ။

သူမအပေါ် ဘယ်တုန်းကမှ အမြင် ကောင်းမရှိခဲ့သဖြင့် ပုံမှန်အားဖြင့် ဂရုစိုက်ရန် ပျင်းရိနေခဲ့၏။

အမျိုးသမီးကျိုးက စိတ်ဒုက္ခရောက်သွားဟန် ရှိသည်။

“သခင်မကြီး... ယုံမြို့စားကြီးအိမ်တော်က လူငါးယောက် သူနဲ့အတူတူ လိုက်လာပါတယ်... အဲ့ဒီထဲက နှစ်ယောက်က ရာထူးအဆင့်အတန်း မြင့်မားတဲ့ပုံပါပဲ... ဒုတိယမမလေးက အခုထိ လက်မထပ်ရသေးပါဘူး... သူက ယုံမြို့စားအိမ်တော်ထဲမှာ တစ်လကျော်ကြာ နေထိုင်ခဲ့ပြီး အခုလို ရုတ်တရက်ကြီး ပြန်လာတာက အတွင်းရေးတစ်ခုခု ရှိနိုင်ပါတယ်... ကိုယ်လုပ်တော်ပိုင်က အမြဲတမ်း အကြံအစည်တွေနဲ့ ပြည့်နေတတ်တာမို့ သခင်မကြီး သတိထားရပါမယ်...”

သခင်မကြီးဝမ် ထိတ်လန့်သွားပြီး အမျိုးသမီးကျိုး၏ အရိပ်အမြွက်ကို ထိုးထွင်းသိမြင်လိုက်၏။

“ပြောချင်တာက... အဲ့ဒီ ကိုယ်လုပ်တော်ပိုင်က ကုဟွားကို ရုအာရဲ့ ရာထူးနေရာမှာ အစားထိုးချင်နေတာလား...”

အမျိုးသမီးကျိုးက ခေါင်းငြိမ့်လိုက်သည်။

“ဒီအစေခံ ခန့်မှန်းတာကတော့ အဲ့ဒါပါပဲ...”

သူမက အနီးသို့ တိုးကပ်သွားပြီး လေသံကို နှိမ့်လိုက်၏။

“ဒီအစေခံ ကြားတာကတော့... ကိုယ်လုပ်တော်ပိုင်က ဒုတိယသမီးကို ယုံမြို့စားအိမ်တော်ထဲ ပို့တုန်းက မကောင်းတဲ့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်... သူ့ကို သမက်တော်ရဲ့ အိပ်ရာနွေးစေမယ့်အစေခံမ ဖြစ်စေချင်ခဲ့တဲ့ပုံပါပဲ... ကိုယ်လုပ်တော်ပိုင်က ဒုတိယသမီးကို ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုးဖြစ်အောင် ဘယ်လို ပြုစုပျိုးထောင်ခဲ့လဲဆိုတာ ကြည့်ပါဦး... သူ့ ရည်မှန်းချက်က အရမ်းကြီးပါတယ်...ကိုယ်လုပ်တော်ပိုင်က သမီးကြီးအပေါ် သူ့ သစ္စာရှိမှုကို အမြဲတမ်း ပြသနေပေမဲ့ တကယ်တမ်း ဘာတွေ ကြံစည်နေလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ... ဒါပေမဲ့ သမီးကြီးက သူ့အကျိုးအတွက် တကယ်လုပ်ပေးနေတာလို့ ထင်ပြီး အမြဲတမ်း အဲဒီမိန်းမရဲ့ စကားကို နားထောင်နေတာ...

တကယ်လို့ သမီးကြီးက ကိုယ်လုပ်တော်ပိုင်ရဲ့ ထောင်ချောက်ထဲရောက်သွားပြီး သူ ထိခိုက်မိသွားရင် ဘယ်လိုလုပ်ကြမလဲ...”

မှူးမတ်အိမ်တော်၏ တစ်ဦးတည်းသော တရားဝင်သမီးဖြစ်သည့် သူမသမီးအရင်း၏ အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် သခင်မကြီးဝမ်က ချက်ချင်းပင် ပေါ့ပေါ့တန်တန် မတွေးရဲတော့ချေ။

သူမက စိတ်ကို အတင်း စုစည်းလိုက်ပြီး အမိန့်ပေးလိုက်၏။

“အဝတ်အစားလဲဖို့ ကူညီပေးပါဦး...”

All Chapters