အခန်း ၄၆
Vol. 5 Ch. 46
အခန်း(၄၆)
ကုဟွား အခန်းတွင်းသို့ ဝင်လာပြီး သူမ၏ မွေးမိခင်ကို မနေနိုင်ဘဲ ခေါင်းမော့၍ ရှာဖွေမိသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် နေ့ညမပြတ် လွမ်းဆွတ်တမ်းတခဲ့ရသော သူမ၏ မွေးမိခင်ဖြစ်သူ သခင်မကြီးဝမ်ကို တွေ့မြင်လိုက်ရ၏။ သူမက ညိုမှောင်သော ဂါဝန်ကို ဝတ်ဆင်ကာ ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေသည်။ သူမ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး တကယ်ပင် နာမကျန်းဖြစ်နေသည့် ပုံစံရှိနေသည်။
ကုဟွား ရင်ထဲ၌ နာကျင်သွားရ၏။ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုခုကို ရိပ်မိသွားမည်စိုးသဖြင့် ကုဟွားက ခေါင်းကို ငုံ့လိုက်ပြီး ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်သွားကာ သူမရှေ့ရှိ အပြာရောင် ကျောက်ပြားကြမ်းပြင်ပေါ်တွင် တည့်တည့် ဒူးထောက်ချလိုက်သည်။
အမျိုးသမီးကျိုးနှင့် သခင်မကြီးဝမ်တို့ နှစ်ဦးလုံး မှင်တက်သွားကြ၏။
ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဂါရဝပြုမှုမျိုး ပြုလုပ်ဖို့ လိုအပ်လို့လား...
သူမသည် လက်ထပ်ပြီးသော သမီးတစ်ဦးအနေဖြင့် အိမ်တော်သို့ ပြန်လာခြင်း မဟုတ်ချေ။ တရားမဝင်သမီးတစ်ဦး၏ ပုံမှန် နေ့စဉ်ဂါရဝပြုခြင်းမျိုးသာ ဖြစ်၏။
ထို့ကြောင့် အမျိုးသမီးကျိုးသည် ဒူးထောက်ဖျာတစ်ခု ချပေးရန်ပင် မတွေးမိခဲ့ချေ။
ကုဟွား၏ စိတ်ထဲတွင် အတိတ်ဘဝ၌ မသေဆုံးမီ ကုဝမ်ရု ပြောခဲ့သော စကားလုံးများဖြင့် ပြည့်နှက်နေခဲ့သည်။
ကိုယ်လုပ်တော်ပိုင်နှင့် သူမ သမီးတို့ ပြုလုပ်ခဲ့ကြသော ရက်စက်ယုတ်မာမှုများကြောင့် မွေးမိခင်နှင့် သမီးအရင်းတို့သည် ဘဝနှစ်ခုတိုင်တိုင် တွေ့ဆုံခဲ့ပါသော်လည်း တစ်ဦးကိုတစ်ဦး မသိနိုင်ခဲ့ကြချေ။
ရုတ်တရက် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာပြီး မျက်ရည်များ ဝဲလျက် သူမက တည်ငြိမ်ပြီး စနစ်ကျလှသော ဂါရဝပြုခြင်းကို ပုံစံတကျ ပြုလုပ်လိုက်သည်။
ကျိုးကျစ်လန်က မျက်မှောင်ကြုတ်လိုက်၏။ မှူးမတ်အိမ်တော်၏ တရားဝင်ဇနီးသည်က ကုဟွားအပေါ် ထားရှိသော သဘောထားမှာ အလွန် အေးစက်သည်ကို သူမ မြင်နိုင်သည်။ ဤမျှ ကြီးကျယ်သော ဂါရဝပြုမှုကို ပြုလုပ်သည့်တိုင် သူမက မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။
“သမီး ကုဟွား အမေ့ကို ဂါရဝပြုပါတယ်... အမေ ပျော်ရွှင်ချမ်းမြေ့ပြီး အသက်ရှည်ကျန်းမာပါစေ...”
ကုဟွား၏ အသံက မျက်ရည်များဖြင့် တုန်ယင်နေခဲ့သည်။
သူမ၏ “အမေ” ဟူသော ခေါ်ဆိုသံက သူမ ရင်ထဲမှ အစစ်အမှန် ခံစားချက်များဖြင့် ပြည့်နှက်ကာ ထွက်ပေါ်လာခြင်း ဖြစ်၏။
သခင်မကြီးဝမ် ရုတ်တရက် သူမ၏ ရင်ဘတ်ထဲ၌ စူးခနဲ နာကျင်သွားရသည်။
ဒီကလေးက တစ်စုံတစ်ခုသော မတရားမှုကို ခံစားခဲ့ရတာများလား... ဒီလောက်အထိ ငိုကြွေးနေရအောင်လေ...
သူမ၏ မျက်ဝန်းများက ချက်ချင်းပင် နူးညံ့သွားရသည်။
“လိမ္မာတဲ့ကလေးမလေး... မြန်မြန်ထပါဦး...”
ကျိုးကျစ်လန်၏ တွဲထူမှုဖြင့် ကုဟွားက ထရပ်လိုက်၏။ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သောအခါ သခင်မကြီးဝမ်၏ ကြင်နာနူးညံ့သော မျက်နှာကို မြင်တွေ့လိုက်ရသဖြင့် သူမ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရသည်။
အမေ... သမီးက အမေ့ရဲ့ သမီးအရင်းပါ...
သို့သော် သူမ၌ မည်သည့်သက်သေမျှ မရှိချေ။ သူမ ပြောလိုက်လျှင်ပင် မည်သူကမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
ကုဟွား၏ ပုံမှန်နှင့်မတူသော အမူအရာကို မြင်လျှင် သခင်မကြီးဝမ် အကြောင်းရင်းမရှိဘဲ အနည်းငယ် ဝမ်းနည်းသွားရ၏။ သူမက စိတ်ထဲမှ တွေးမိသွားသည်။
ဒီကလေးက မတရားမှုကြီး တစ်ခုခုကို ခံစားခဲ့ရတာများလား...
သူမက ကုဟွားနောက်မှ လိုက်ပါလာသော အစေခံမိန်းကလေးသုံးဦးကို လှမ်းကြည့်လိုက်သည်။ သူမကို တွဲပေးထားသော အစေခံက စီမံခန့်ခွဲသူတစ်ဦးကဲ့သို့ ထင်ရှားလှပြီး သူမ၏ ဝတ်စားဆင်ယင်မှုက မှူးမတ်အိမ်တော်မှ သမီးပျိုများထက်ပင် ပိုမိုကောင်းမွန်နေသည်။
ကုဟွား၏ ဝတ်စုံကို ထပ်မံကြည့်ရှုလျှင် ကုဝမ်ရု အိမ်တော်၌ ဝတ်ဆင်ခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေပြန်သည်။
အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေကြ၏။ သူမက သူမတို့ထဲမှ တစ်ဦးကို ယခင်က မြင်ဖူးသည်။ သူက ယုံမြို့စားအိမ်တော်မှ အိမ်တော်ထိန်းချုပ်ကြီးကျိုး ဖြစ်သည်။
အိမ်တော်ထိန်းချုပ်ကြီးကိုယ်တိုင် သူမနှင့်အတူ လိုက်ပါလာတယ်ဆိုတော့...
သူမ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားရ၏။
ငါနဲ့ အမျိုးသမီးကျိုးတို့ရဲ့ ခန့်မှန်းချက်က တကယ်ပဲ မှန်ကန်နေတာလား...
သူ သမက်တော်၏ မျက်နှာသာပေးမှုကို ရရှိထားတာများလား...
ဤကြီးကျယ်ခမ်းနားလှသော ပြင်ဆင်မှုကို ကြည့်လျှင် ဤမျက်နှာသာပေးမှုက သူမ၏ ရုအာ ရရှိသည်ထက်ပင် သာလွန်နိုင်ပေသည်။
စောနကတင် ဖြစ်ပေါ်ခဲ့သော သနားဂရုဏာစိတ် အနည်းငယ်က ချက်ချင်းပင် ကွယ်ပျောက်သွားရသည်။
သူမ၏ မျက်နှာက ပုံမှန်အတိုင်း အပြုံးမရှိသော မျက်နှာထားသို့ ပြန်လည်ရောက်ရှိသွား၏။
“နင့်အစ်မနဲ့အတူ ယုံမြို့စားအိမ်တော်မှာ နေထိုင်တဲ့အခါ နင့်ရဲ့ အပြောအဆိုနဲ့ အပြုအမူကို သတိထားရမယ်... အမှားအယွင်းတွေလုပ်ပြီး ကုအိမ်တော်ရဲ့ မျက်နှာကို အိုးမဲမသုတ်မိစေနဲ့...”
ကုဟွား၏ ရင်ထဲ၌ နာကျင်သွားရ၏။
သူမက ခံစားချက်များကို ထိန်းချုပ်ကာ အလိုက်သင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ပါ... ကျေးဇူးပြုပြီး အမေ စိတ်မပူပါနဲ့...”
ကြာပန်းဖြူလေးကဲ့သို့ စင်ကြယ်သော သူမ၏ မျက်နှာ၊ ဆွဲဆောင်မှုရှိသော မျက်ဝန်းများနှင့် ညို့ဓာတ်ပြင်းသော ခန္ဓာကိုယ်ကို ကြည့်ရင်း သခင်မကြီးဝမ် အကြောင်းရင်းမရှိဘဲ အသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရသည်။
ရုအာက အဘယ်ကြောင့် ဤကဲ့သို့သော ညီမမျိုးကို ဘေးနား၌ ခေါ်ထားရသည်ကို သူမ လုံးဝ နားမလည်နိုင်တော့ချေ။ အမျိုးသမီးကျိုး ပြောခဲ့သည့်အတိုင်းပင် ဖြစ်နိုင်သည်။
ကိုယ်လုပ်တော်ပိုင်က ရုအာကို လှည့်စားပြီး ကုဟွားကို သမက်ဖြစ်သူအား မြူဆွယ်စေကာ ယုံမြို့စားအိမ်တော်ရဲ့ သခင်မငယ် ရာထူးကို လုယူခိုင်းစေချင်နေတာလား...
ဤအကြောင်းကို တွေးမိလျှင် သူမ ချက်ချင်းပင် သတိကြီးစွာ ထားလိုက်ပြီး သူမ၏ လေသံက ပိုမိုတင်းမာသွားရသည်။
“လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမျိုး ဝတ်ဆင်တာက တကယ်ပဲ မလျော်ကန်ဘူး... နင့်ရဲ့ အပြောအဆို၊ အပြုအမူတိုင်းက မှူးမတ်အိမ်တော်အပေါ် မှာ သက်ရောက်မှုရှိတယ်ဆိုတာ မမေ့နဲ့... နင့်ကိုယ်နင် အဆင့်အတန်းချပြီး ဖြူစင်တဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားရင်တောင် နင့်တရားဝင်အစ်မရဲ့ ဂုဏ်သိက္ခာကိုတော့ ဖျက်ဆီးခွင့်မရှိဘူး... အကယ်၍ နင်က ရမ်းကားရဲရင်တော့ ငါက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး...”
ကုဟွားက ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်လိုက်မိ၏။ သူမ၏ မျက်ရည်ဝဲနေသော မျက်ဝန်းများက တွေ့ဆုံရန် မျှော်လင့်ခဲ့ရသည့် မွေးမိခင်ကို စိုက်ကြည့်နေမိသည်။
မွေးမိခင်၏ စကားလုံးများက သူမ ရင်ဘတ်ထဲသို့ မြှားတစ်သောင်းဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားရသဖြင့် အသက်ရှူရန်ပင် ခက်ခဲလောက်အောင် နာကျင်နေရသည်။
ကျိုးကျစ်လန် မျက်မှောင်ကြုတ်လိုက်၏။ သူမက ဆက်လက်၍ သည်းမခံနိုင်တော့သဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ဦးညွတ်လိုက်သည်။
“ဒီအစေခံ ကျိုးကျစ်လန်က မှူးမတ်ကတော်ကြီးကို ဂါရဝပြုပါတယ်...”
သခင်မကြီးဝမ်က သူမကို လှမ်းကြည့်လိုက်၏။ သူမ၏ ရုအာက ယုံမြို့စားအိမ်တော်၌ ရှိနေဆဲဖြစ်သဖြင့် အဆင့်အတန်းရှိသော အစေခံတစ်ဦးကို ရန်ငြိုးဖွဲ့ရန် မကောင်းချေ။ သူမ၏ လေသံက အနည်းငယ် နူးညံ့သွားသည်။
“ထနိုင်ပါပြီ... ဒီနေ့ သူ့ကို ပြန်ခေါ်လာပေးတာ နင်တို့ ပင်ပန်းသွားရပြီ...”
သူမက အမျိုးသမီးကျိုးကို လှမ်းကြည့်လိုက်၏။
“ဆုလာဘ်ပေးလိုက်...”
အမျိုးသမီးကျိုးက အနီရောင်စာအိတ်များ ယူဆောင်ရန် ပြင်လိုက်စဉ်၌ ကျိုးကျစ်လန်က သူမ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“မလိုပါဘူး... ဒီနေ့ ကျွန်မတို့ အစေခံတွေ ဒုတိယမမလေးကုနဲ့အတူ အိမ်တော်ကို ပြန်လာရတာက သခင်ကြီးက ကိစ္စတစ်ခုကို ရှင်းလင်းခိုင်းလိုက်လို့ ဖြစ်ပါတယ်...”
ကုဟွားသည် အံ့သြတုန်လှုပ်မှုဖြင့် ကျိုးကျစ်လန်ကို လှည့်ကြည့်လိုက်မိ၏။
သူမသည် မုကျွင်းယန်က ကျိုးကျစ်လန်နှင့် အခြားသူများကို မည်သည့်အရာ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်ကို လုံးဝ မသိရှိခဲ့ချေ။
သခင်မကြီးဝမ်နှင့် အမျိုးသမီးကျိုးတို့၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားကြသည်။
“ပြောပါဦး...”
သခင်မကြီးဝမ် တည်ငြိမ်စွာ ပြောလိုက်၏။
“ဒုတိယ မမလေးကုက လက်ရေးလှတာကြောင့် သခင်ကြီးက ကွယ်လွန်သူ မြို့စားကတော်ကြီးရဲ့ လက်ရေးမူတွေကို ကူးရေးပေးဖို့ မမလေးကို ယုံမြို့စားအိမ်တော်မှာ အထူးဖိတ်ကြားပြီး နေထိုင်စေခဲ့တာ ဖြစ်ပါတယ်... ဒါကြောင့် မမလေးကုက ဒီကာလအတွင်း ယုံမြို့စားအိမ်တော်မှာ နေထိုင်ဖို့ လိုအပ်ပါတယ်...”
သခင်မကြီးဝမ်နှင့် အမျိုးသမီးကျိုးတို့ အံ့သြသွားကြ၏။ သူမတို့က ဤအကြောင်းကို လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
ကျိုးကျစ်လန်က ပြုံးလိုက်ပြီး စကားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။
“မမလေးကုက စာကြည့်ခန်းထဲမှာနေပြီး သခင်ကြီးရဲ့ ဘေးနားမှာ ခဏခဏ နေရတာကြောင့် ရိုသေလေးစားရတဲ့ အရာရှိကြီးတွေ... မှူးမတ်တွေနဲ့ မကြာခဏ ဆုံတွေ့ရမှာ ဖြစ်ပါတယ်... ဒါကြောင့် ဝတ်စားဆင်ယင်မှုကို စနစ်တကျ ရှိနေဖို့ လိုအပ်ပါတယ်... ယခင်က မမလေးကုက ယုံမြို့စားအိမ်တော်မှာ အစေခံဝတ်စုံကို ဝတ်ဆင်ခဲ့ရတာက တကယ်ပဲ မလျော်ကန်ပါဘူး...အကြောင်းစုံသိတဲ့ လူတွေကတော့ မမလေးကုက စိတ်နှလုံး ကောင်းမွန်လွန်းလို့ တရားဝင်အစ်မရဲ့ အာဏာကို ငဲ့ညှာပြီး အစေခံတစ်ယောက်လို ခိုင်းစေတာကိုတောင် လိမ္မာရေးခြားရှိစွာ နာခံခဲ့တာလို့ ပြောကြပါလိမ့်မယ်... အကြောင်းစုံမသိတဲ့ လူတွေကျတော့ ကြီးကျယ်ခမ်းနားတဲ့ မင်ချန်မှူးမတ်အိမ်တော်က တရားမဝင်သမီးကို နင်းခြေနှိပ်စက်ပြီး သိက္ခာရှိတဲ့ သမီးပျိုတစ်ဦးကို အစေခံအဖြစ် အဆင့်ချထားတယ်လို့ ထင်မြင်သွားကြပါလိမ့်မယ်...ဒါကြောင့် မမလေးကု ယုံမြို့စားအိမ်တော်မှာ နေထိုင်စဉ်အတွင်း ကုန်ကျစရိတ် အားလုံးကို ယုံမြို့စားအိမ်တော်ကပဲ တာဝန်ယူပေးထားတာဖြစ်ပြီး သူ့ဝတ်စားဆင်ယင်မှုကိုလည်း ယုံမြို့စားအိမ်တော်ကပဲ စီစဉ်ပေးထားတာ ဖြစ်ပါတယ်...”
ကျိုးကျစ်လန်၏ စကားလုံးများကြောင့် သခင်မကြီးဝမ်၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားရ၏။
ဤသည်က ကုဟွား၏ အဝတ်အစားများနှင့် ပတ်သက်၍ သခင်မကြီးဝမ် စောနက ဆူပူကြိမ်းမောင်းခဲ့သည်ကို ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်ပြီး သခင်မကြီးဝမ်၏ မျက်နှာကို ပြောင်ကျကျပင် ဖြတ်ရိုက်လိုက်ခြင်းနှင့် အလားတူသည်။
ကုဟွား၏ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာရ၏။ သို့သော် သူမ မည်သို့ ပြောရမည်ကို မသိတော့ချေ။
သခင်မကြီးဝမ်က ကုဟွားကို စိုက်ကြည့်လိုက်ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်၏။
“ရုအာက နင့်ကို အစေခံဝတ်စုံ ဝတ်ခိုင်းတယ် ဟုတ်လား... သူ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်ရက်ရတာလဲ... နင်က ဘာလို့ အိမ်ပြန်လာပြီး ငါ့ကို သတင်းမပို့တာလဲ... နင့်ရဲ့ တရားဝင်အစ်မက သူတစ်ပါးအပေါ် အမြဲတမ်း နူးညံ့ငြင်သာတတ်တာ... တစ်စုံတစ်ယောက်က သူ့ကို သွေးထိုးလှုံ့ဆော်ခဲ့တာ အသေအချာပဲ...”
ဤစကားကို ကြားရလျှင် ကုဟွား၏ စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွား၏။ မိခင်ဖြစ်သူက ဤအကြောင်းကို မသိရှိခဲ့ခြင်း ဖြစ်ပေသည်။
ကိုယ်လုပ်တော်ပိုင်နှင့် သူမ သမီးတို့သည် မြို့စားအိမ်တော်အတွင်းရှိ အရာအားလုံးကို ဖုံးကွယ်ထားခဲ့ကြပြီး မိခင်ဖြစ်သူကလည်း ကုဝမ်ရု၏ နူးညံ့သော ဟန်ဆောင်မှုအောက်တွင် လုံးဝ လှည့်စားခြင်း ခံခဲ့ရသည်။
ကျိုးကျစ်လန်က လှောင်ပြုံးပြုံးလိုက်၏။
“ဒါတင်မကသေးပါဘူး... မမလေးကု အိမ်တော်ထဲကို စဝင်လာတုန်းက မှူးမတ်အိမ်တော်က သူ့ကို ကျွန်စာချုပ်မှာ အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့တယ်ဆိုတာကို သခင်ကြီး သိသွားပြီး သခင်ကြီးက တကယ်ပဲ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်...သခင်ကြီးက ပြောပါတယ်... မင်ချန်မှူးမတ်အိမ်တော်က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မှူးမတ်မျိုးနွယ်စု... ဖြူစင်တဲ့ မိသားစုဖြစ်ပြီး သခင်မကြီးကိုယ်တိုင်ကလည်း နိုင်ငံကျော် လန်ယဲ့ဝမ်မိသားစုက လာတာ ဖြစ်တယ်... ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို အလေးအနက်ဆုံး ထားတဲ့ မိသားစုပေါ့... အဲ့ဒီလို မိသားစုက ဒီလောက်အထိ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ တဲ့...”
“သခင်ကြီးက ဒီအစေခံကို လွှတ်ပြီး ဒီကိစ္စက တကယ်ပဲ မှန်ကန်သလားဆိုတာကို သခင်မကြီးဆီမှာ မေးမြန်းခိုင်းလိုက်တာ ဖြစ်ပါတယ်... ဒီအကြောင်းကို သခင်မကြီးနဲ့ အမတ်မင်းတို့ သိရှိကြပါသလား... ဒါမှမဟုတ် ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်ရှိတဲ့ တစ်စုံတစ်ယောက်က တမင်တကာ လုပ်ဆောင်ခဲ့တာပါလား...”