← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း(၄၇)

သခင်မကြီးဝမ်၏ မျက်နှာက သိသိသာသာပင် ပျက်ယွင်းသွားရ၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ကိုယ်လုပ်တော်က မွေးတဲ့ တရားမဝင် သမီးပဲဖြစ်ဖြစ်... သခင်က သခင်ပါပဲ... မိသားစုရဲ့ ကျွန်တစ်ယောက် ဘယ်လိုလုပ် ဖြစ်သွားနိုင်မှာလဲ...

အကယ်၍ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက ကုမှူးမတ်အိမ်တော်၏ မျက်နှာ လုံးဝ ပျက်စီးသွားရမည်ဖြစ်ပြီး ကွယ်ရာတွင် လက်ညှိုးထိုး ကဲ့ရဲ့ရှုတ်ချခြင်းကို မလွဲဧကန် ခံရပေလိမ့်မည်။

ကုဟွား ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူမက ကျိုးကျစ်လန်ကို မှင်တက်ကာ စိုက်ကြည့်နေမိသည်။

သခင်ကြီးက သူ့အတွက် ရပ်တည်ပေးပြီး အခွင့်အရေးတောင်းဆိုပေးဖို့ အမိန့်ပေးခဲ့တာလား...

ကျိုးကျစ်လန် ခေါင်းကို လှည့်လိုက်ပြီး သူမကို ပြုံးပြကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

‘ကျွန်စာချုပ်ဆိုတာ ဘယ်သူမဆို စိတ်တိုင်းကျ အလွယ်တကူ လက်မှတ်ထိုးခိုင်းလို့ ရနိုင်တဲ့အရာမှ မဟုတ်တာ’

သခင်မကြီးဝမ်က ဤအကြောင်းကို စဉ်းစားကြည့်ပြီး သဘာဝကျစွာပင် မယုံကြည်နိုင်ချေ။ သူမ၏ မျက်နှာက ညိုမှောင်သွား၏။

“ကုဟွား... ဒါက ဘယ်လိုဖြစ်ရတာလဲ... နင်က အပြင်လူတွေကို ဒီလိုမျိုး လျှောက်တွေးခွင့် ဘယ်လိုလုပ် ပေးနိုင်ရတာလဲ...ဒီကိစ္စက နင့်တရားဝင်အစ်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်...”

ကုဟွားက မော့ကြည့်လိုက်မိ၏။

ဤကဲ့သို့သော ကိစ္စမျိုးက လူများအတွက် တကယ်ပင် ယုံကြည်ရ ခက်ခဲလှပေသည်။

ဤသည်မှာ အတိတ်ဘဝ၌ သူမက အလွန် သူရဲဘောကြောင်ပြီး မိုက်မဲခဲ့သောကြောင့်သာ ဖြစ်၏။ တရားဝင်ဇနီးသည်၏ တံဆိပ်တုံးကို မြင်လိုက်ရသောအခါ သူမက မတော်လှန်ရဲခဲ့ပေ။

ယခုမူ မိမိ၏ လွတ်လပ်သော နိုင်ငံသားအဆင့်အတန်းကို ပြန်လည်ရယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ချေသည်။ သူမ မုကျွင်းယန်၏ စီစဉ်ပေးမှုနှင့် ကျိုးကျစ်လန်၏ ကြိုးစားအားထုတ်မှုများကို သဘာဝအတိုင်း အချည်းနှီး ဖြစ်ခွင့်ပေးမည်မဟုတ်ချေ။

သူမသည် စကတ်ကို ပင့်မကာ ဒူးထောက်လိုက်ပြန်၏။

“အမေ... ဒါက အမှန်တရားပါပဲ... အဲဒါက ကိုယ်လုပ်တော်ပိုင် ယူဆောင်လာတဲ့ စာရွက်စာတမ်း ဖြစ်ပြီး အဲဒီ့ပေါ်မှာ အမေ့ရဲ့ ကိုယ်ပိုင်တံဆိပ်တုံးကို ခတ်နှိပ်ထားပါတယ်...”

သခင်မကြီးဝမ်က ထိတ်လန့်တုန်လှုပ်သွားရပြီး အမျိုးသမီးကျိုးထံသို့ လှည့်ကြည့်လိုက်၏။

“နင် ဒီအကြောင်းကို သိလား...”

ဤကိစ္စက မှူးမတ်အိမ်တော်နှင့် သူမ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် သခင်မကြီးဝမ် ပေါ့ပေါ့တန်တန် မတွေးရဲပါချေ။ သူမ၏ အားကိုးရဆုံးသော အမျိုးသမီးအစေခံကို အလျင်အမြန် မေးမြန်းလိုက်သည်။

သူမ၏ ကိုယ်ပိုင်တံဆိပ်တုံးကို အမျိုးသမီးကျိုးက အမြဲတမ်း သိမ်းဆည်းထားခြင်း ဖြစ်၏။

အမျိုးသမီးကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီအစေခံ အဲဒီအကြောင်းကို မသိခဲ့ပါဘူး... ကိုယ်ပိုင်တံဆိပ်တုံးကို အမြဲတမ်း သော့ခတ်သိမ်းဆည်းထားတာပါ... အကယ်၍ တစ်စုံတစ်ယောက်က ယူသုံးခဲ့ရင် ဒီအစေခံ မလွဲဧကန် သိရပါလိမ့်မယ်... ကိုယ်လုပ်တော်ပိုင်ကို ခေါ်ယူမေးမြန်းကြည့်ရမလား...”

သခင်မကြီးဝမ်က ယုံမြို့စားအိမ်တော်မှ လူများကို မိမိတို့၏ ဟာကွက်ကို ပြက်ရယ်ပြုစရာအဖြစ် မမြင်စေချင်ပေ။ သူမက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။

သူမက ဒူးထောက်နေသော ကုဟွားကို လှည့်မကြည့်ဘဲ ကျိုးကျစ်လန်ကို ပြောလိုက်သည်။

“မိန်းကလေးကျိုး... ဒီကိစ္စက အထင်လွဲမှားမှုတစ်ခု ဖြစ်ရပါမယ်... မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတစ်ယောက်က အစေခံ ဘယ်လိုလုပ် ဖြစ်သွားနိုင်မှာလဲ...ငါလည်း သဘောတူမှာ မဟုတ်သလို အမတ်မင်းကလည်း ဧကန်မုချ သဘောတူမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီကိစ္စက ငါတို့ မှူးမတ်အိမ်တော်ရဲ့ အတွင်းရေးနဲ့ ပတ်သက်နေပါတယ်... ငါ သေသေချာချာ မေးမြန်းစစ်ဆေးပြီးတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားပါ့မယ်...”

ဤသည်က ယုံမြို့စားအိမ်တော်အနေဖြင့် ဝင်ရောက်မစွက်ဖက်ရန် သူမက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ကျိုးကျစ်လန်က အလွယ်တကူ မောင်းထုတ်၍ ရနိုင့်မည့်သူ မဟုတ်ပေ။

သူမက ရိုသေစွာ နောက်တစ်ကြိမ် ထပ်မံဦးညွတ်လိုက်၏။

“သေချာအောင် မေးမြန်းပေးပါ သခင်မကြီး... အကယ်၍ တစ်စုံတစ်ယောက်က သူတို့သခင်အပေါ် သစ္စာဖောက်ခဲ့ရင် မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဖို့အတွက် သခင်မကြီးအနေနဲ့ အရာအားလုံးကို စနစ်တကျ ပြန်လည်ပြင်ဆင်ပေးပါ...ဒါ့အပြင် အစေခံအဆင့်အတန်းရှိတဲ့ မမလေးကုကို ကွယ်လွန်သူ မြို့စားကတော်ကြီးရဲ့ လက်ရေးမူတွေ ကူးရေးခိုင်းတာကလည်း ကွယ်လွန်သူ သခင်မကြီးအပေါ် ရိုသေမှုမရှိရာ ရောက်ပါတယ်...”

သခင်မကြီးဝမ်က ဒေါသကြောင့် စကား တစ်ဆို့သွားရ၏။

‘ဒါဆိုရင် နင်တို့က ကူးရေးဖို့ တခြားတစ်ယောက်ယောက်ကို ရှာလိုက်ရင် မရဘူးလား’

အခြေအနေကို ကြည့်ရသည်မှာ ယုံမြို့စားအိမ်တော်က ကုဟွားကို ရရှိနိုင်ရန် အပိုင်ကြံစည်ထားသည့်ပုံ ရှိနေသည်။

အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ခဲ့ပါလျှင် ၎င်းသည် မိသားစု၏ အရှုပ်တော်ပုံ အရှက်ကွဲစရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

မိသားစု၏ အရှက်ကွဲစရာကို အပြင်သို့ မပျံ့နှံ့စေသင့်သော်လည်း သူတို့က စောင့်ကြည့်နေကြဆဲပင်။

သူမက မတတ်သာသည့်အဆုံး အမိန့်ပေးလိုက်ရတော့သည်။

“အမျိုးသမီးကျိုး... ကိုယ်လုပ်တော်ပိုင်ကို သွားခေါ်လိုက်ပါ...”

ကုဟွား ခေါင်းကိုငုံ့ထားလျက် ဒူးထောက်နေ၏။

သခင်မကြီးဝမ်က သူမအား ထဖို့ပြောရန် မေ့လျော့နေခဲ့သည်။

ကျိုးကျစ်လန် ဤမြင်ကွင်းကို ဆက်၍မကြည့်ရက်သဖြင့် ပြောလိုက်၏။

“သခင်မကြီး... ဒုတိယ မမလေးကုက ဒီရက်ပိုင်းမှာ ကျန်းမာရေး သိပ်မကောင်းပါဘူး... သူ့ကို အရင်ထခွင့်ပြုလို့ ရမလား...”

သခင်မကြီးဝမ်က ဒူးထောက်နေသော မိန်းမပျိုလေးကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်နှာအရောင်က တကယ်ပင် မကောင်းသော်လည်း ယခင်က ဖြစ်ပေါ်ခဲ့သော သနားဂရုဏာစိတ်တို့က တော်တော်များများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

သူမက တရားမဝင်သားသမီးများကို ဘယ်သောအခါမျှ ရက်စက်စွာမဆက်ဆံခဲ့သော်လည်း ပြင်ပလူများက သူမအိမ်တော်၏ တရားမဝင်သမီးကိစ္စတွင် ဝင်ရောက်စွက်ဖက်သည်ကို မနှစ်မြို့ချေ။ ဤသည်က အိမ်ထောင်ဦးစီးအမျိုးသမီးဖြစ်သော သူမ မျက်နှာကို ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းနှင့် အလားတူပေသည်။

သို့သော် ယုံမြို့စားအိမ်တော်မှ လူများ၏ရှေ့တွင် ရုအာကို ထိခိုက်မည်စိုးသဖြင့် စကားအများကြီးပြောရန် မသင့်တော်ချေ။

သူမ၏လေသံက ခပ်အေးအေးပင် ရှိ၏။

“ထနိုင်ပြီ...”

ကုဟွားက ကျေးဇူးတင်စကားဆိုကာ ကျိုးကျစ်လန်၏တွဲထူမှုဖြင့် ထရပ်လိုက်၏။

သူမ၏ခြေထောက်များက တကယ်ပင် အားနည်းနေသည်။ ယမန်နေ့ညက ပင်ပန်းနွမ်းနယ်မှုများကြောင့် သူမ လုံးဝ အပြည့်အဝ ပြန်လည်မသက်သာသေးပေ။

ကုဟွားက တိုးညှင်းစွာ ပြောလိုက်၏။

“အမေ... အမေ့ရဲ့ မျက်နှာအရောင်အဆင်း မကောင်းတာကို သမီးမြင်ရပါတယ်... မိန်းကလေးရှန်လီက ဆေးပညာ ကျွမ်းကျင်ပါတယ်... သူ့ကို သွေးကြောစမ်းကြည့်ခွင့်ပြုပြီး စစ်ဆေးခိုင်းလို့ရလား...”

သခင်မကြီးဝမ်က သူမနောက်တွင် ရပ်နေသော အေးစက်သည့်မျက်နှာထားနှင့် မိန်းမပျိုကို လှမ်းကြည့်လိုက်၏။

မိန်းမပျိုလေး တစ်ယောက်မှာ ဘယ်လိုလုပ် ဆေးပညာကျွမ်းကျင်မှု ရှိနိုင်မှာလဲ...

သူမက စိတ်အနှောင့်အယှက်ဖြစ်နေရသဖြင့် သူမကို ဧည့်ခံရန် စိတ်မပါချေ။

သူမက စဉ်းစားမနေဘဲ တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။

“မလိုပါဘူး... ငါ့ခန္ဓာကိုယ်ကို အိမ်တော်သမားတော်က ပြုစုစောင့်ရှောက်ထားပါတယ်...”

ကုဟွားက စကားထပ်ပြောရန် ပြင်လိုက်သော်လည်း ကိုယ်လုပ်တော်ပိုင် အပြေးအလွှား ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

ကုဟွားတစ်ယောက် ဘေးတွင် ရပ်နေသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင်၏ ရင်ထဲ၌ ဒေါသမီး တောက်လောင်သွားရ၏။

ဒီမိန်းမပျက်က ငါ့ကို ကျော်ပြီး သခင်မကြီးဝမ်ကို အရင်လာတွေ့ရဲတယ်ပေါ့လေ...

ငါ့ကို လုံးဝ မျက်လုံးထဲ မထည့်ထားတာပဲ...

သူမက သခင်မကြီးဝမ်ကို ပြီးစလွယ် ဂါရဝပြုလိုက်ပြီး သခင်မကြီးဝမ် စကားပြောသည်ကိုပင် မစောင့်ဘဲ ကုဟွားကို လှည့်၍ ဆူပူကြိမ်းမောင်းတော့၏။

“နင်က စည်းကမ်းတွေကို လုံးဝ နားမလည်တာပဲ... အိမ်တော်ကို ပြန်ရောက်တာကို ကိုယ့်ခြံဝင်းဆီမပြန်ဘဲ သခင်မကြီးရဲ့ အနားယူတာကို နှောင့်ယှက်ဖို့ ဒီကို ဘာလို့ ပြေးလာတာလဲ...”

ကိုယ်လုပ်တော်တစ်ဦးက အပြင်လူများရှေ့၌ တရားဝင်ဇနီးသည်အပေါ် ရိုသေမှုမရှိသဖြင့် သခင်မကြီးဝမ်၏ မျက်နှာက အကျည်းတန်သွားရ၏။

သူမက အေးစက်စွာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်ပိုင်... ငါ နင့်ကို မေးစရာရှိတယ်...”

ကိုယ်လုပ်တော်ပိုင်က တရားဝင်ဇနီးသည်၏ စကားကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူမ သခင်မကြီးဝမ်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ကုဟွားကိုသာ စူးစိုက်ကြည့်နေ၏။

“သခင်မကြီးက နောက်မှ မေးပါ... ဒီကိုယ်လုပ်တော် ကုဟွားနဲ့ အရေးကြီးကိစ္စ ရှိလို့ပါ... ဒီကိုယ်လုပ်တော်က ကုဟွားကို အရင်ခေါ်သွားပြီးမှ အပြစ်ပေးခံဖို့ နောက်မှ ပြန်လာခဲ့ပါ့မယ်...”

ထိုသို့ပြောပြီးနောက် သူမက ရှေ့သို့လှမ်းကာ ကုဟွားကို ဖမ်းဆွဲရန် ပြင်လိုက်၏။

ကျိုးကျစ်လန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ကိုယ်လုပ်တော်ပိုင်က တကယ်ပင် အလွန်ရမ်းကားလှသည်။

သူက ယုံမြို့စားအိမ်တော်က လူတွေကို အနိုင်ကျင့်ရလွယ်တဲ့သူတွေလို့ ထင်နေတာလား...

သူမက ရှေ့သို့တစ်လှမ်းတိုးကာ ကုဟွားကို ကာကွယ်လိုက်၏။

တုန့်ဟွားကလည်း စဉ်းစားမနေဘဲ တစ်ချိန်တည်းမှာပင် ရှေ့သို့ လှမ်းဝင်လိုက်သည်။ သူမတို့နှစ်ဦးသည် ဘယ်တစ်ယောက် ညာတစ်ယောက်ဖြင့် ကုဟွားကို သူမတို့နောက်တွင် ပိတ်ဆို့ကာကွယ်ထားလိုက်ကြ၏။

သခင်မကြီးဝမ်၏ မျက်နှာက ညိုမှောင်သွားရသည်။ ပုံမှန်အားဖြင့် အမတ်မင်း၏ မျက်နှာသာပေးမှုနှင့် အိမ်တော်တွင်း စီမံခန့်ခွဲနိုင်သော အာဏာကို အမှီပြု၍ ကိုယ်လုပ်တော်ပိုင်က သူမကို ဘယ်သောအခါမျှ မျက်လုံးထဲ ထည့်မထားခဲ့ချေ။

သို့သော် ယနေ့တွင် ယုံမြို့စားအိမ်တော်မှ လူများရှေ့၌ ဖြစ်နေပြီး ရုအာ၏ မျက်နှာနှင့်လည်း သက်ဆိုင်နေသဖြင့် သူမ တရားဝင်ဇနီးသည်၏ အာဏာစက်ကို မဖြစ်မနေ ပြသရပေမည်။

သူမက ပြင်းထန်စွာ အော်ဟစ်လိုက်၏။

“ရိုင်းစိုင်းလိုက်တာ... ဒူးထောက်စမ်း...”

ကိုယ်လုပ်တော်ပိုင်က မှင်တက်သွားရပြီး သခင်မကြီးဝမ်ကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်နေမိသည်။

“သခင်မကြီး... ကျွန်မကို ဒူးထောက်ခိုင်းလိုက်တာလား...”

သခင်မကြီးဝမ်က ပုံမှန်အားဖြင့် နူးညံ့ပျော့ပြောင်းသော စိတ်သဘောထားရှိပြီး သူ၏ မာနထောင်လွှားသော အပြုအမူများကို အမြဲတမ်း မျက်ကွယ်ပြုထားပေးလေ့ရှိသည်။

သူက ဒီနေ့ ဆေးမှားသောက်မိသွားတာလား...

သူမ၏ သခင်မကြီး အာဏာပြလိုက်သည်ကို မြင်လျှင် အစေခံအိုကြီး အမျိုးသမီးကျိုးသည် ချက်ချင်းပင် ရှေ့သို့လှမ်းလာကာ ကိုယ်လုပ်တော်ပိုင်၏ ပခုံးနှစ်ဖက်ကို ဖိချ၍ သူမ၏ ဒူးခေါက်ကွေးကို ပြင်းထန်စွာ ကန်ချလိုက်၏။

“ဒုန်း” ဟူသောအသံနှင့်အတူ ကိုယ်လုပ်တော်ပိုင်က ဒူးထောက်လျက်သား လဲကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။

အမျိုးသမီးကျိုးက သူမအပေါ် မကျေနပ်ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

“အဆင့်အတန်းကို လုံးဝ ရိုသေမှုမရှိတဲ့ကောင်မပဲ... သခင်မကြီးရဲ့ရှေ့မှာ နင့်ကိုယ်နင် ‘ကျွန်မ’ လို့ သုံးနှုန်းရဲရအောင် ဘယ်လောက်တောင် သတ္တိရှိနေတာလဲ...”

All Chapters